ကမ္ဘာကစောင့်ကြည့်နေတဲ့ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC)  အစည်းအဝေး

အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ စုံညီအစည်း အဝေး

နှစ်စဉ်ကျင်းပနေကျ ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ တတိယအကြိမ် စုံညီအစည်း အဝေးကို မေလ ၂၂ ရက် နေ့မှာ ကျင်းပသွားမှာဖြစ် ကြောင်း တရုတ်နိုင်ငံ အမျိုးသားလွှတ်တော်အမြဲတမ်း ကော်မတီကနေ တရားဝင်ထုတ်ဖော်ကြေညာခဲ့ပြီဖြစ်ပါတယ်။  အမှန်ကတော့ နိုင်ငံရဲ့ အမျိုးသားပြည်သူ့ ကွန်ဂရက်အစည်းအဝေးကို နှစ်စဉ်မတ်လအတွင်းမှာ ကျင်းပ နေကျဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလကုန် လောက်က တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားလာခဲ့တဲ့ အတွက် နှစ်စဉ်ကျင်းပနေကျ အမျိုးသားပြည်သူ့ကွန်ဂရက်ဆွေးနွေးပွဲ ကိုရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံရဲ့ အမျိုးသားပြည်သူ့ကွန်ဂရက်အစည်းအဝေးကျင်းပဖို့ ရက်သတ်မှတ်လိုက်တာဟာ တရုတ်နိုင်ငံအနေနဲ့ ဗိုင်းရပ်စ်ကူးစက်ရောဂါကို အကောင်းဆုံး ထိန်းချုပ်နိုင်ပြီဆိုတဲ့ သုံးသပ်မှုတွေ ထွက်ပေါ် လာတာကိုလည်းတွေ့ကြရပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တရုတ်နိုင်ငံဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားလာခဲ့တယ်။ ဝူဟန်မြို့မှာ ကူးစက်ရောဂါဖြစ်ပွားအပြီး ၃ လနီးပါးအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးအနှံ့ ကူးစက်လာခဲ့တာကိုတွေ့ခဲ့ကြရတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း ( WHO ) ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကို ကမ္ဘာလုံးဆိုင် ရာကပ်ရောဂါ        (global pandemic ) အဖြစ်ထုတ်ဖော်ကြေညာခဲ့တယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို နောက်ပိုင်းမှာ COVID – 19 ကူးစက်ရောဂါအဖြစ်သတ်မှတ် ခေါ်ဝေါ်ခဲ့တယ်။  COVID – 19 စတင်ဖြစ်ပွားစဉ် အချိန်ကတည်းက တရုတ်အာဏာပိုင်တွေဟာ လော့ခ်ဒေါင်းအစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပြီး ကူးစက်ရောဂါထိန်းချုပ်နိုင်ရေးကို ကြိုးပမ်းအားထုတ်ခဲ့တယ်။ ဟူဘေး ပြည်နယ် တစ်ဝန်းမှာ လော့ခ်ဒေါင်းအစီအစဉ်တင်းကျပ်စွာ ဆောင်ရွက်ခဲ့တဲ့အတွက် ကူးစက်ရောဂါ ထိန်းချုပ်မှု များဟာ အလျင်အမြန်တိုးတက်လာခဲ့တယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပအပြင် ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ ကူးစက်ရောဂါပျံ့နှံ့မှု ကတော့ တစ်နေ့တခြား ပိုမိုဆိုးရွားမြဲ ဆိုးရွားနေခဲ့တယ်။ တကယ်တော့ COVID – 19 ဟာလူကနေ လူကို အလျင်အမြန်ကူးစက်နိုင်တဲ့ရောဂါပိုးဖြစ်ပြီး ထိန်းချုပ်ဖို့အလွန်ခက်ခဲတယ်။ အဓိကတော့ လူတိုင်းတစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ဖို့နဲ့ အိမ်ထဲမှာသာနေခြင်းကသာ ရောဂါကူးစက်ပျံ့နှံ့ခြင်းကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်း ကောင်းဖြစ်ပြီး ရောဂါပိုးကို ထိန်းချုပ်နိုင်တဲ့ ဆေးဝါးတွေထွက်ပေါ်လာရေးအတွက်ကတော့ ကြိုးပမ်းရှာဖွေနေရ ဆဲရှိပါတယ်။

COVID – 19 ကူးစက်ရောဂါဟာ လူသားတွေရဲ့ ကျန်းမာရေးကို အကျပ်အတည်း ဖြစ်စေရုံသာမကဘဲ စီးပွားရေးနဲ့ လူမှုရေးဘဝတွေကိုပါ အကျပ်ဆိုက်စေခဲ့တာကိုလည်း တွေ့ကြုံရပါတယ်။ အထူးသဖြင့် ကူး စက်ရောဂါ ဖြစ်ပွားမှုကြောင့် လော့ခ်ဒေါင်းပြုလုပ်ခြင်း၊ လူတိုင်းအိမ်မှာသာနေကြရခြင်း ( Stay at home )၊ စာသင်ကျောင်းတွေ၊ စက်ရုံအလုပ်ရုံတွေနဲ့ လုပ်ငန်းကုမ္ပဏီတွေကို ပိတ်ထားရခြင်းတို့အပြင် တစ်နိုင်ငံနဲ့ တစ် နိုင်ငံ ကူးလူးဆက်ဆံမှုတွေ ရပ်ဆိုင်းခဲ့ရခြင်းနဲ့ ကုန်သည် သယ်ယူပို့ဆောင်ခြင်းတွေ ရပ်တန့်ခဲ့ရခြင်းတို့က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကို လုံးဝဥဿုံတုံ့ဆိုင်းနှေးကွေးသွားစေတဲ့ ရလဒ်တွေကို ထွက်ပေါ် စေခဲ့ပါတယ်။

” COVID – 19 ဟာလူကနေ လူကို အလျင်အမြန်ကူးစက်နိုင်တဲ့ရောဂါပိုးဖြစ်ပြီး ထိန်းချုပ်ဖို့အလွန်ခက်ခဲတယ်။ အဓိကတော့ လူတိုင်းတစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ဖို့နဲ့ အိမ်ထဲမှာသာနေခြင်းကသာ ရောဂါကူးစက်ပျံ့နှံ့ခြင်းကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်း ကောင်းဖြစ်ပြီး ရောဂါပိုးကို ထိန်းချုပ်နိုင်တဲ့ ဆေးဝါးတွေထွက်ပေါ်လာရေးအတွက်ကတော့                 ကြိုးပမ်းရှာဖွေနေရ ဆဲရှိပါတယ်။ “

တရုတ်နိုင်ငံဆိုရင် COVID – 19 ကူးစက်ရောဂါစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း အားလုံး ကို ရပ်ဆိုင်းထားခဲ့ရတာဖြစ်တယ်။ အထူးသဖြင့် တရုတ်နိုင်ငံဟာ ကမ္ဘာ့ဒုတိယမြောက် အင်အားအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တယ်။ တစ်ကမ္ဘာလုံးနဲ့ကုန်သွယ်မှုပြုနေတဲ့နိုင်ငံလည်းဖြစ်တယ်။ တစ်ကမ္ဘာလုံးကို ကုန်စည် တင်ပို့နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းအားလုံး ရပ်ဆိုင်းလိုက်ရတဲ့အတွက် နိုင်ငံရဲ့ စီးပွားရေးမှာ များစွာ ထိခိုက်နစ်နာမှုတွေ ရှိလာခဲ့ပါတယ်။

တကယ်တော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ မဖြစ်ပွားခင်အချိန်ကတည်းက တရုတ်နိုင်ငံဟာ အမေရိကန် ပြည်ထောင်စုနဲ့ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး ပဋိပက္ခကြောင့် နိုင်ငံရဲ့ စီးပွားရေးဟာ ကျဆင်းမှုနဲ့ ကြုံတွေ့နေ ခဲ့ရတာဖြစ်တယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားပြီးတဲ့ နောက်ပိုင်း ၂၀၂၀ ခုနှစ် ပထမသုံးလပတ် အတွက် တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့နှစ်ကထက် နှိုင်းစာရင် ၆.၈ ရာခိုင်နှုန်းအထိ   သောကျုံ့သွားခဲ့ တာကို တွေ့ကြရပါတယ်။ ဒါအပြင် တရုတ်နိုင်ငံရဲ့ ပြည်ပပို့ကုန်တင်ပို့မှုဟာ ပထမသုံးလပတ် အတွင်း ၆.၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာဖြစ်တယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ အဘက်ဘက်က ကျဆင်းသွားခဲ့တာဖြစ်ပြီး ထင်ထားတာထက်ကို ပိုမိုဆိုးရွားတဲ့ အနေအထားကို ရောက်နေတာဖြစ်တယ်။ စက်ရုံအလုပ်ရုံတွေ ပိတ်ထားရတဲ့အတွက် ကုန်ထုတ်လုပ် မှု ပမာဏ အကြီးအကျယ် ကျဆင်းခဲ့သလို အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်းကလည်း ထင်မှတ်မထားလောက်အောင် တိုးပွား လာခဲ့တာကို တွေ့ကြရမှာဖြစ်တယ်။ COVID – 19  ကူးစက်ရောဂါအကျပ် အတည်းက တရုတ်နိုင်ငံတစ်နိုင်ငံ တည်း သာမကဘဲ တစ်ကမ္ဘာလုံးအနှံ့ ထိခိုက်နစ်နာမှုတွေရှိနေတာဖြစ်တယ်။ ဒီအနေအထားဟာ တရုတ်နိုင်ငံ မှာလာရောက်ရင်းနှီးမြှုပ်နှံမှု ပြုနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေပိုပါ ထိခိုက်ခံစားနေရတာဖြစ်တယ်။ ဆိုရရင် လက်ရှိ ဖြစ်ပေါ်နေတဲ့ စီးပွားရေးအကျပ်အတည်းက စီးပွားရေးတုံ့ဆိုင်းနှေးကွေးမှုတွေကို ဖြစ်ပေါ်လာစေရုံသာမက ငွေ ကြေးအကျပ်အတည်းကိုပါ ပေါ်ပေါက်လာစေမှာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး IMF အကြီးအကဲ ခရစ်တယ်လာဂျော်ဂျီဗာက လက်ရှိကြုံတွေ့ရမယ့် ငွေကြေးအကျပ်အတည်းဟာ ၂၀၀၈ ငွေကြေးအကျပ် အတည်း ပြဿနာထက်တောင် ပိုမိုဆိုးရွားသွားနိုင်တယ်ဆိုပြီး သတိပေးပြောကြား ထားပါသေးတယ်။

နောက်တစ်ခုကတော့ တရုတ်နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမှုပြုနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေဟာ တရုတ် နိုင်ငံကနေ ထွက်ခွာဖို့ စဉ်းစားလာကြတဲ့ အချက်ဖြစ်ပါတယ်။ ကြီးမားတဲ့ဈေးကွက်ရှိနေမှုနဲ့ ကုန်ကျစရိတ်သက် သာမှုတို့ က တရုတ်နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ရွေးချယ်ခဲ့ကြတာဖြစ်ပေမဲ့ COVID – 19 ဂယက်ရိုက်ခတ် မှုဖြစ်ပွားပြီး နောက်ပိုင်း နိုင်ငံခြားကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုနေရာ ပြောင်းရွှေ့ဖို့ စဉ်းစားလာတာဟာ တရုတ် အတွက် ထိုးနှက်ချက်တစ်ရပ်လိုဖြစ်နေပါတယ်။

“နောက်တစ်ချက်က ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် နာလန်ထူနိုင်ဖို့ ရုန်းကန်နေရတဲ့ တရုတ်စီးပွားရေး ကုမ္ပဏီ တွေ ငွေကြေးအကျပ် အတည်း အခက်အခဲကနေ သက်သာလျော့ပါးရေးအတွက်   အစိုးရအနေနဲ့ ကူညီပံ့ပိုးပေးရမယ့် အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။ “

နောက်တစ်ချက်က ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် နာလန်ထူနိုင်ဖို့ ရုန်းကန်နေရတဲ့ တရုတ်စီးပွားရေး ကုမ္ပဏီ တွေ ငွေကြေးအကျပ် အတည်း အခက်အခဲကနေ သက်သာလျော့ပါးရေးအတွက် အစိုးရအနေနဲ့ ကူညီပံ့ပိုးပေး ရမယ့် အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။ နောက်တစ်ခုက အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံခြား ကုမ္ပဏီတွေရဲ့ အချက်အချာကျတဲ့ ကုန်ထုတ်လုပ်ငန်းတွေဟာ တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းအစိတ်အပိုင်းတွေ ဖြည့်ဆည်းပေးပို့မှုအပေါ် မှီခိုအားထားနေရတဲ့ အချက်ပဲဖြစ်တယ်။ ဆိုရရင် နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ သူတို့ ရဲ့ အဓိကကုန်ထုတ်လုပ်ငန်းက တရုတ်နိုင်ငံအပေါ် မှီခိုလွန်းနေရတဲ့ အချက်ဟာ လက်ရှိရင်ဆိုင်နေရတဲ့ COVID -19 အကျပ်အတည်း ပြဿနာကနေ ဆိုးကျိုးတွေကို တွေ့မြင်လာရတယ်လိုဆိုရမှာပါ။ ဒီအချက်ဟာ နိုင်ငံခြားကုမ္ပဏီတွေ အနေနဲ့ သူတို့ ရဲ့ ကုန်ထုတ်လုပ်ငန်းက တရုတ်နိုင်ငံအပေါ် မှီခိုလွန်းနေရတာနဲ့ ပတ် သက်ပြီး အပြောင်းအလဲပြုဖို့ စဉ်းစားလာမယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ကုန်သွယ်ရေးပဋိပက္ခဟာ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းနောက်ပိုင်းပိုမိုပြင်းထန်လာဖွယ်ရှိသလို ပြိုင်ဆိုင်မှုကလည်း ပိုမိုကြီးမားလာမယ့်အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ လက်ရှိကပ်ရောဂါနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအပေါ်ပစ်မှတ်ထားလာပြီး သူ့ရဲ့ သမ္မတသက်တမ်းကို ထပ်မံတိုးမြှင့်ဖို့ ကြိုးပမ်းလာမယ့်အရေးကိစ္စ တွေဟာ တရုတ်နိုင်ငံအတွက် မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့် အချက်တွေပဲဖြစ်ပါတယ်။

ဆိုရရင် မေလ ၂၂ ရက်နေ့မှာ ကျင်းပပမယ့် အမျိုးသားပြည်သူ့ကွန်ဂရက်အစည်းအဝေးမှာ တက်ရောက်လာ မယ့် ကိုယ်စားလှယ်တွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း ပြဿနာကို သာမက တရုတ်နိုင်ငံရဲ့ စီးပွား ရေး ရည်မှန်းချက်နဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်အကောင်အထည်ဖော်နိုင်ရေးကိုပါ ဆွေးနွေး သွားကြရမှာဖြစ်တယ်။ ဒါအပြင် တရုတ်နိုင်ငံစီးပွားရေး ဖြစ်ထွန်းတိုးတက်မှုပုံမှန်အတိုင်း ပြန်လည်ဖြစ်ပေါ်ရေး အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်တည်မြဲရေးအတွက် ဘယ်လိုမူဝါဒတွေ ချမှတ်ပြီး ဆက်လက်စည်း ရုံးဆွဲဆောင်သွားရေးတွေအပြင် တရုတ်နိုင်ငံသားတို့ရဲ့လူမှုဘဝ တည်ငြိမ်ရေးနဲ့ အနာဂတ်အတွက် ပြင်ဆင် ဆောင်ရွက်ရမယ့် ကျန်းမာရေးစနစ်အရေးကိစ္စတွေကို  မကြာမီမှာကျင်းပတော့မယ့် တရုတ်နိုင်ငံရဲ့ အမျိုးသား ပြည်သူ့ကွန်ဂရက်အစည်းအဝေးကနေ ရလဒ်တစ်စုံတစ်ရာ ထွက်ပေါ်လာအောင် အလေးအထားဆွေးနွေးရ မယ့် အကြောင်းအချက်တွေ ဖြစ်လာနိုင်သလို ဒီအချက်တွေက ကမ္ဘာကုန်သွယ်ရေးနဲ့ ကျန်းမာရေး၊ စီးပွားရေး နဲ့ တခြားသော ကဏ္ဍတွေမှာ ဘယ်လောက်ထိ သက်ရောက်လာနိုင်မလဲဆိုတာ ကမ္ဘာက စောင့်ကြည့်နေ ရတော့မယ်အခြေအနေရှိနေကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

 နေစိုးဦး