ကိုဗစ်ကာလ အခြေခံလူတန်းစားများနှင့် အသေးစားချေးငွေလုပ်ငန်းများ

photo: Mu Se fb
ပုံစာ- ကွမ်းခြံကုန်းရွာ

 

“အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ထုတ်ပြန်ချက်မှာ မေ ၁၅ ရက်အထိသာဖြစ်ပြီး ယင်းထုတ်ပြန်ချက်ကို သက်တမ်းတိုးထုတ်ပြန်ထားခြင်းလည်းမရှိပေ။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မည်သို့ဆက် လက်ဆောင်ရွက်မည်ကို ငွေရေးကြေးရေးကြီးကြပ် စစ်ဆေး ရေး ဦးစီးဌာနထံ ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားမည့်သူ မရှိပေ။”

 

မြန်မာနိုင်ငံအတွင်းရှိ အခြေခံလူတန်းစား ၄ ဒဿမ ၆သန်းကျော်မှာ အသေးစားငွေရေးကြေးရေး လုပ်ငန်းများနှင့် ပတ်သက်ဆက်နွယ်မှုများ ရှိနေကြသည်။ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော် မတီက ခွင့်ပြုထားသည့် အသေးစားငွေရေး ကြေးရေးအဖွဲ့အ စည်းပေါင်း ၁၉၃ ဖွဲရှိပြီး တစ်နိုင်ငံလုံးရှိ မြို့နယ် (၂၅၂) မြို့နယ်၊ ရပ်ကွက် (၂,၄၅၉) ရပ်ကွက်နှင့်ကျေးရွာ (၃၀,၁၁၆) ရွာတွင် အသင်းသားဦးရေ ၄ဒဿမ ၆ သန်းခန့်အား ငွေကြေးဝန်ဆောင်မှုပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ အသေးစားချေးငွေလုပ်ငန်းများကို အဓိက ပတ်သက်ဆက်နွယ် နေသူများမှာ တစ်နေ့လုပ်၊ တစ်နေ့စား လက်လုပ်လက်စားများပင် ဖြစ်ကြသည်။ ကုန်ဈေးနှုန်းမြင့်မားလာမှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာမှုနှင့်အတူ လက်လုပ်လက်စား အခြေခံ လူတန်း စားများ အနေဖြင့် စားဝတ်နေရေးအတွက်ကျပ်တည်းနေချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဝင်ငွေရရှိမှု ထပ်မံနည်းပါးလာခဲ့ရသည်။ ထို့ကြောင့် ကိုဗစ်ကာလအတွင်း အသေးစားချေးငွေရယူထား သူများအနဖြင့် အတိုး များပြန်လည်ပေးဆပ်ရန်မှာ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ခဲ့ ကြရသည်။

“ကျွန်မတို့ ငွေစထုတ်တာကတော့ နာဂစ်ပြီးကတည်းကပါ။ အခုဆိုရင် ဆယ်နှစ်ကျော်ပါပြီ ။ အခုကိုဗစ်ကာလမှာ တော့ ပြန်ဆပ်ဖို့ အဆင်မပြေ ကြဘူး။ အခက်အခဲတွေက တအားကြုံ တွေ့နေရတယ်။ ချေးငွေယူတဲ့ သူတွေက အခုကာလမှာ အဆင်မပြေတာများတယ်။ ကျွန်မတို့ဆို လက်တွေ့ပေါ့။ ကလေးတွေကလည်း လုပ်ငန်းတွေပိတ် တယ်။ အခုဆို ဈေးရောင်းပြီးစားရတယ်။ အဲ့တော့ စားဖို့တောင် မနည်း ရုန်းကန်နေရ တာဆိုတော့ ဒီငွေသွင်းဖို့က အရမ်းကိုအခက်အခဲဖြစ်တယ်” ဟု ဧရာဝတီ တိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရှိ အသေးစားငွေရေးကြေးရေး လုပ်ငန်း မှ ချေးငွေရယူထားသူတစ်ဦးက ပြောပြသည်။

အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ဖူးလုပ်ငန်းရွင်တစ်ဦးက လည်း “ကိုဗစ်ကာလမှာ ထိခိုက်ရင် အားအနည်းဆုံးနဲ့ အသေးဆုံးလုပ် ငန်းတွေက အရင်ဆုံးထိခိုက်တာပဲလေ ။ အဲ့တော့ Microfinance က အားအနည်းဆုံးနဲ့ အသေးဆုံးကို ငွေချေးတဲ့လုပ်ငန်းဖြစ်တဲ့အတွက် ကိုဗစ်က ဒီအားနည်းတဲ့ စီးပွားရေးလုပ် ငန်းတွေ သေးတဲ့စီးပွားရေးလုပ် ငန်းတွေကို ဒုက္ခပေးမယ့်ကိစ္စဖြစ်နေတော့ Microfinance တွေအနေနဲ့ လည်း ဘယ်လိုမှ အခြေနေမကောင်းနိုင် ဘူး” ဟု မှတ်ချက်ပေးသည်။

ကိုဗစ်ကာလအတွင်း အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအနေ ဖြင့် လူစုလူဝေးဖြင့် ချေးငွေထုတ်ချေးခြင်း၊ ချေးငွေပြန်လည်ကောက်ခံ ခြင်း၊ စုဆောင်းငွေလက်ခံခြင်း၊ အသင်းဝင်လက်ခံခြင်းနှင့် ငွေကြေးအသိ ပညာ ပေးခြင်းလုပ်ငန်းများအားလုံးကိုခေတ္တဆိုင်းငံ့ထားရန် အသေးစား ငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ က ဧပြီ ၆ ရက်ကထုတ်ပြန် ခဲ့သည်။

ထို့အပြင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုအကျိုးဆက်ကြောင့် အသင်းဝင်များ ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းလည်ပတ် မှုများကျဆင်းနိုင်သည့်ကာလအတွင်း အသင်းဝင်များထံမှ ချေးငွေနှင့်အ တိုးများ အတင်းအကျပ်ပြန်လည်တောင်းခံခြင်းမပြုဘဲ ပေးဆပ်ရမည့် အချိန်ကို အသင်းသားများနှင့်ညှိနှိုင်း ကောက်ခံရန် ထုတ်ပြန်ခဲ့သည်။

“အတင်းအကျပ် ပြန်လည်ကောက်ခံခြင်းမပြုပဲ ညှိနှိုင်းပြီးမှကောက်ရန် ဆိုတော့သူတို့က သူတို့စိတ်တိုင်းကျပဲ ကောက်ဖို့ပြောနေတာလေ။ အခုဆို တစ်လဆိုင်ပိတ်ရတယ်။ ပါဆယ်ပဲ ရောင်းရလို့ ၀င်ငွေအရမ်းနည်းတယ် အဲ့ဒါကို ဆပ်ဖို့အဆင်မပြေဘူးဖြစ်နေတယ်။ ကျွန်တော်မှမဟုတ်ဘူး တခြားသူတွေလည်း ဒီအတိုင်းပဲ ပုံမှန်ဝင်ငွေ မရှိတော့ ဘယ်လိုပြန်ဆပ် ရမလဲ ။ လက်ရှိလုပ်ငန်းက ပုံမှန်ပြန်လည်ပတ်ရင်တောင် ဆပ်နိုင်ဖို့ အတော်ကြိုး စားရမယ် ။ နောက်ဆုတ်ပေးထားတဲ့လတွေပါ ပေါင်းဆပ်ရ မယ်ဆိုရင်တော့ စဉ်းစားသာကြည့်တော့ ” ဟု လှိုင်သာ ယာမြို့နယ်မှ အသေး စား ချေးငွေရယူထားသူတစ်ဦးက ယင်းထုတ်ပြန်ချက်အပေါ် မှတ်ချက်ပေးသည်။

အချို့သောအသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသည် ညွှန်ကြား ချက်ကို တိကျစွာ လိုက်နာ မှုမရှိသည့် အပြင် ဒေသန္တရအမိန့်များကို ဖောက်ဖျက်၍ အသင်းဝင်များ၏နေအိမ်သို့ သွားရောက်ပြီး ချေးငွေပြန် လည်ကောက်ခံမှုများကို ဆောင်ရွက်ခြင်းနှင့် ညွှန်ကြားချက်နှင့်အညီ အသင်းဝင်များနှင့် ပေါင်းစပ်ညှိ နှိုင်းခြင်းမရှိဘဲ ချေးငွေပြန် လည်ပေးဆပ် ရေးအတွက် အသင်းဝင်များအား ဖိအားပေးခြင်းများ ဆောင်ရွက်နေ ကြောင်း စိစစ်တွေ့ရှိခဲ့ရသည် ဟုအသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ဆိုသည်။

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် ညွှန်ကြားချက်များ ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပါ စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီ လိုင်စင်ရုပ်သိမ်းသည် အထိ အရေးယူဆောင်ရွက်သွားမည်ဟု အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီက ဧပြီ ၁၄ ရက်တွင် ထပ်မံထုတ်ပြန်ခဲ့ရသည်။

“အစိုးရကတော့ မေလ ၁၅ ရက်အထိ မတောင်းရဘူး ဘာမှမလုပ်ရဘူး လို့ ပြောထားပေမယ့် တစ်ချို့ကတော့ လိုက် တောင်းတယ်ပေါ့။ အဲ့တော့ အစိုးရဘက်ကတော့ ပြင်းပြင်းထန်ထန် စည်းကမ်းထုတ်တယ်လို့ကြား တယ်။ အတင်းလုပ်မယ်ဆိုရင် လိုင်စင်ပြန်သိမ်းမယ်ဆိုတာမျိုးတွေလုပ် တယ်။ ဒါပေမယ့်တောင်းတဲ့သူကတောင်းတယ်” ဟု Microfinance လုပ်ငန်းများနှင့်ပတ်သက်ပြီးသုတေသနပြုလုပ်နေသူ မမေဖူးမောင်မောင် က ပြောသည်။

အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ထုတ်ပြန် ချက်မှာ မေ ၁၅ ရက်အထိသာဖြစ်ပြီး ယင်းထုတ်ပြန်ချက်ကို သက်တမ်း တိုးထုတ်ပြန်ထားခြင်းလည်းမရှိပေ။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မည်သို့ ဆက် လက်ဆောင်ရွက်မည်ကို ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနထံ ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားမည့်သူမရှိပေ။

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် အသင်းဝင်များ ထံမှ ငွေကြေးကောက်ခံခြင်း များကို ယခုနောက်ပိုင်းတွင် ဆက်လက်ပြု လုပ်ခဲ့ကြသည်။ သို့ရာတွင် လုပ်ငန်းတော်တော်များများ ရပ်နားထားကြ သည်ဖြစ်သောကြောင့် တစ်နေ့တစ်နေ့ စားဖို့ပင် အနိုင်နိုင် ဖြစ်နေကြ သည့် အခြေခံလူတန်းများအတွက် ပြန်လည်ပေးဆပ်နိုင်ရန် အခက်အခဲ များဖြင့်ကြုံနေကြရသည်။

ထိုကဲ့သို့ ငွေပြန်လည်ပေးဆပ်ရန် ကောက်ခံခြင်းနှင့်ပတ်သက်ပြီး လှိုင် သာယာမြို့နယ်မှ အသေးစားချေးငွေရယူ ထားသူတစ်ဦးက “ ဖုန်းဆက် ပြီး ငွေပြန်သွင်းဖို့တော့ပြောတယ်။ ဒါပေမယ့်အခုလောလောဆယ်မှာ ဘာအလုပ်မှ လည်းမရှိတော့ စားဖို့တောင်အနိုင်နိုင်ဖြစ်နေတာ။ ငွေပြန် ဆပ်ဖို့တော့ တော်တော်အခက်အခဲဖြစ်တယ်လို့ပဲ ပြန် ပြောလိုက်တယ်။ နောက်ထပ် ဆက်ပြီးတောင်းတာမရှိသေးဘူး။ ထပ်တောင်းရင်လည်း ပေးဖို့ကတော့ တော်တော် ခက်တယ်” ဟု ပြောပြသည်။

“အခု ဒီမေ ၁၅ရက်ကျော် သွားတဲ့နောက်ပိုင်းမှာလည်း လူတွေက ပိုက်ဆံ ပေးဖို့ အခက်အခဲရှိတယ်။ အရှေ့မှာ လည်း သူတို့က အလုပ်မလုပ်ခဲ့ရ တော့ ပိုက်ဆံမရှိဘူးဆိုတော့ Microfinance တွေက ဘယ်လိုလုပ်ကြလဲ ဆိုတော့ တချို့က ပိုက်ဆံပေးဖို့ရက်ကို ပြန်ချိန်းတယ်။ တစ်ချို့ကတော့ ပိုက်ဆံပေးနိုင်တဲ့သူတွေဆီက တော့ ယူတယ်ပေါ့။ တတ်နိုင်သမျှညှိနှိုင်း လုပ်တာလည်းရှိတယ်လို့ကြားတယ်။ အတင်းအဓမ္မပြန်တောင်းတာမျိုးက တော့ တောင်း လည်း မပေးနိုင်တဲ့သူက မပေးနိုင် ဖြစ်နေမှာပဲ” ဟု မမေဖူးမောင်မောင်က ပြောသည်။

ထို့အူတူ ကွမ်းခြံကုန်းမြို့နယ် ၊ ကညင်ကုန်းကျေးရွာတွင်လည်း ပက် မြန်မာ အသေးစားငွေရေးကြေးရေး ဝန် ဆောင်မှု ရန်ပုံငွေလုပ်ငန်း အဖွဲ့ အစည်းက ငွေးကြေးပြန်လည်တောင်းခံရာတွင် ငွေပြန်လည်မဆပ်နိုင် သူများထံမှ ဆန်များယူဆောင်ခြင်းနှင့် နားကပ်များချွတ်ယူရန် ပြင်ဆင် ခြင်းများရှိခဲ့ကြောင်း ဒေသခံများက သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ် တော်အမတ်ထံသို့ တင်ပြသည့်စာတွင် ဖော်ပြချက်အရ သိရသည်။

၎င်းတို့အနေဖြင့် ချေးငွေကိုပြန်လည်မပေးဆပ်လို၍မဟုတ်ဘဲ လတ်တ လောအခက်အခဲဖြစ်နေသောကြောင့် မပေးဆပ်နိုင်ခြင်းသာဖြစ်ကြောင်း ကွမ်းခြံကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနထံသို့ တင်ပြအကူညီတောင်းခံသည့်စာတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်းက “ အဲ့ကိစ္စ နဲ့ပတ်သက်ပြီး သူတို့လာရောက်ဖြေရှင်းတယ်။ ပက်မြန်မာက တာဝန်ခံ လည်း ကျွန်တော့်ဆီလာတယ်။ ဒီကိစ္စကနားလည်မှုလွဲတယ်ပေါ့။ ချေးငွေ ပြန်ဆပ်ရမယ့်နေ့မှာ သူတို့ကသွားတောင်းတော့ ကာယကံရှင်က ကျွန်မ အနေနဲ့ဆပ်စရာတော့မရှိဘူး။ နားကပ်ကိုဖြုတ်ပြီးပေါင်းပြီးဆပ်ပါမယ်လို့ ပြော တယ်တဲ့။ အဲ့တော့ နားကပ်က ရွာမှာဖြစ်နေတော့ ဘယ်သူကိုမှ ပေါင်လို့မရဘူးပေါ့။ အဲ့ဒီမှာဒီဘက်က ကလေးမလေးက မြို့ ပေါ်မှာတော့ အပေါင်ဆိုင်တွေရှိပါတယ်လို့ ပြောလိုက်တဲ့ဥစ္စာပေါ်မှာမူတည်ပြီး ဖြစ် သွားတဲ့ပြဿနာပါ။ အဲ့လိုပြ ဿနာလေးတော့ဖြစ်သွားတာပေါ့။ အဲ့ဒီ အပေါ်မှာ ဒေသခံတာဝန်ခံတွေကိုယ်တိုင် ကျေးရွာတွေကို ဆင်းပြီး ညှိနှိုင်း ဆောင်ရွက်ပေးတယ်လို့ပြောတယ်။ လက်ရှိအချိန်ထိတော့ ပြည်သူတွေက လည်း ကျွန်တော်တို့ဆီကို ထပ်ပြီး ကွန်ပလိမ်းမတက်သေးဘူး။ လော လောဆယ်မှာတော့ ပြဿနာထပ်တက်တာမကြားသေးဘူး” ဟု ပြော သည်။

“လတ်တလောညွန်ကြားချက်တွေထဲမှာတော့ မေ ၁၅ရက်နောက်ပိုင်း ထပ်ညွန် ကြားတာမရှိတော့ သူတို့ပြန် ကောက်လို့ရပြီလို့ ပြောတယ်။ အဲ့လိုမျိုးတွေပေါ့။ ဒါပေမယ့် ရွာတွေကတော့ အခက်အခဲဖြစ်နေတဲ့အခါ ကျတော့ ညှိနှိုင်းဆောင်ရွက်ကြဖို့ ကျွန်တော်တို့ဘက်ကတော့ ပြောထား တယ်” ဟု ဦးအောင်မင်းမင်းက ပြောသည်။

ကိုဗစ်ကပ်ရောဂါခံစားနေရသည့် ကာလအတွင်း Microfinance လုပ်ကိုင် သော ကုမ္ပဏီများထံမှ ငွေချေး ယူထား သော ပြည်သူများပေးဆောင် ရမည့် အတိုးနှုန်းများကို ကိုဗစ်တွန်းလှန်နေရသည့် ကာလတစ်ခုအထိ လုံးဝကင်း လွတ်ခွင့်ပေးရေးနှင့် ကိုဗစ်ကပ်ရောဂါအပြီး ပြန်လည်ထူ ထောင်ရေးကာလတွင်မှု အတိုးနှုန်းကို ၅၀ ရာခိုင် နှုန်း အထိ လျှော့ချရေး ကို မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်း က မေ ၂၇ ရက်တွင် ပြည်သူ့လွှတ်တော်သို့ အရေး ကြီးအဆိုတင်သွင်းမှုမှာ တင်ခွင့်မရခဲ့ပေ။

ကိုဗစ်ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် စက်ရုံ၊ အလုပ်ရုံများနှင့် အသေးစားအလတ်စားစီးပွား ရေးလုပ်ငန်း များမှာ ယာယီပိတ် သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်းခြင်းနှင့် အလုပ်သမားလျှော့ချခြင်းတို့ ဖြစ်ပေါ်ခဲ့ခြင်း ကြောင့် ယခုတင်ပြချက်သည် အဆိုပါနစ်နာမှုများကို ကုစားရန်ရည်ရွယ် ကြောင်း ဒေါက်တာမောင်သင်း၏ အဆိုတွင် ဖော်ပြထားသည်။

သို့သော်လည်း ယင်းအဆိုမှာ လွှတ်တော်အတွင်း ဆွေးနွေးရလောက် သည့် အရေးကြီးအကြောင်းအရာမဟုတ်ဟု ဆိုကာ ပယ်ချခံခဲ့ရခြင်းဖြစ် သည်။

လက်ရှိတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းများအနေဖြင့် အတိုးပေး ရမည့်ရက်များကို ပြန်လည်သတ်မှတ်ခြင်း၊ ငွေကြေးပြန်ဆပ်ရမည့်ရက် များကို ညှိနှိုင်းမှုများပြုလုပ်နေရကြရသည်။

ကိုဗစ်ကာလတွင် ချေးငွေရယူသည့် အခြေခံလူတန်းစားများနည်းတူ အသေးစားငွေရေးကြေးရေးလုပ်ငန်းအဖွဲ့ အစည်းများမှာလည်း အခက် အခဲဖြစ်ခဲ့ကြရသည်။ “Microfinance ကုမ္ပဏီ တွေကရှေ့ကနေသာ ပိုက်ဆံတွေထုတ်ချေးပေးနေတာ သူတို့ကလည်းနောက်မှာ အကြွေး တွေ ပြန်ဆပ်ရအုံးမှာ။ သူတို့မှာလည်း အကြွေးတွေနဲ့ အဲ့ဒါကြောင့် သူတို့တွေ လည်း ပိုက်ဆံချေး နိုင်သလောက် ချေးပြီး ပိုက်ဆံရှာကြတယ်ပေါ့။ အထူးသဖြင့် နိုင်ငံခြားကနေ ပိုက်ဆံတွေချေးတယ်။ ရှယ်ယာ ရှင်တွေ ဆီကနေ ပိုက်ဆံတွေရတယ်ပေါ့။ အဲ့ဒီအတွက် သူတို့လည်း ရုန်းကန်ရ တယ်ပြောတယ်” ဟု မမေဖူးမောင်မောင်က ပြောသည်။

ပြီးခဲ့သည့်နှစ်ကလည်း Microfinance ကုမ္ပဏီအများစုမှာ အရှုံးပေါ်ခဲ့ကြ ကြောင်း Microfinance လုပ်ငန်းများနှင့် ပတ်သက်ပြီး သုတေသနပြု လုပ်နေသူ မမေဖူးမောင်မောင်က ဆိုသည်။

“အဲ့ဒါကြောင့် အစိုးရက သူတို့ကို အတိုးနှုန်းတွေ လျှော့ဖို့ ပြောလိုက်တဲ့ မူထွက်လာတုန်းကအဆိုရင် အဲ့ဒီတုန်းက ဆို သူတို့တော်တော်များများ ဒုက္ခရောက်တယ် ပြော တယ်။ သူတို့မှာ နဂိုကတည်းက ရုန်းကန်နေရ တဲ့ကြားထဲက အတိုးနှုန်းတွေ လျှော့လိုက်တဲ့အတွက်ပေါ့”ဟု မမေဖူး မောင်မောင်က ပြောသည်။

မြန်မာနိုင်ငံတွင် Microfinance လုပ်ငန်းလုပ်ကိုင်သူများ များပြား လာခြင်းနှင့်အတူ ချေးငွေရယူသူများ အနေဖြင့် လည်း အဖွဲ့အစည်း သုံးလေးခုထံမှ ချေးငွေရယူခြင်းများရှိလာပြီး ပြန်လည်ပေးဆပ်ရာတွင် အခက်အခဲ များရှိ လာကြသည်။ လက်ရှိ Microfinance လုပ်ငန်းများ အပေါ် သုတေသနတွေ့ရှိချက်များအရ အောင်မြင်မှုမရှိသည့် လုပ်ငန်းများ ဖြစ်သည် ဟု Microfinance နှင့်ပတ်သက်ပြီး လေ့လာသူများက သုံးသပ်ထားသည်။

“ကျွန်မတို့ရဲ့ သုတေသနတွေ့ရှိချက်အတိုင်း ပြောရမယ်ဆိုရင် မအောင် မြင်ဘူးပေါ့ ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ က နောက်မှာပိုက်ဆံတွေပြန် ဆပ်ရမှာဆိုတော့ ရှေ့မှာ ပိုက်ဆံတွေချေးနိုင်သမျှချေးတယ်။ အတိုးရနိုင် သမျှရှာကြ တယ်ပေါ့။ လူတွေတော်တော်များများကလည်း ရသမျှယူ တယ်။ Microfinance ကုမ္ပဏီပေါင်းကလည်း အရမ်း များတယ်။ သူတို့ ကလည်း တစ်နေရာမှာ Microfinance ကုမ္ပဏီတစ်ခုပဲ ရှိရမယ်လို့လဲ သတ်မှတ်လို့မရဘူး။ ဘာလို့လဲဆိုတော့ Open Market ဖြစ်နေတဲ့ အတွက်ကြောင့် တားလို့မရဘူး။ Microfinance ကုမ္ပဏီတွေကလည်း ချေးလို့ရရင်ချေးမှာပဲ လူတွေကလည်း ရရင်ယူကြမှာပဲဆိုတော့ လူတစ် ယောက်က အနည်းဆုံး ကုမ္ပဏီ ပေါင်း သုံးလေးခုကနေ ယူတဲ့သူတွေက လည်း အရမ်းများတယ်။ တကယ်တမ်းပြန် ဆပ်ဆိုတဲ့အခါ ကျတော့ မဆပ်နိုင်ကြတော့ဘူး။ Microfinance ကုမ္ပဏီတွေကလည်း အရှုံးပေါ် တယ်။ လူတွေကလည်း အကြွေးထဲမှာ နစ်ကြတယ်ပေါ့။ အဲ့အတွက် နည်းလမ်းက ဘယ်လိုမှ လုပ်မရဘူးဖြစ်နေတယ်”ဟု မမေဖူးမောင်မောင် က ပြောသည်။

ထို့အတူ Microfinance လုပ်ငန်းများနှင်ပတ်သက်ပြီး အစိုးရပိုင်းမှ တင်းကျပ်မှုများအလွန်များခြင်းကြောင့် လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲများရှိခဲ့ရကြောင်း Microfinanceလုပ်ငန်း လုပ်ကိုင်ခြင်းမှ ရပ်နားထားသူ ဦးဖုန်းဝင်းက ယခုကဲ့သို့ ပြောပြသည်။

“ကျွန်တော် Microfinance မလုပ်တာ တစ်နှစ်လောက်ရှိပြီ။ ဘာလို့လဲ ဆိုတော့ အစိုးရက စည်းကမ်းတွေ ခဏ ခဏ ပြောင်းတော့ ညှိလို့မရတာ နဲ့ လုံးဝရပ်လိုက်တာ။ အခုအကြွေးပဲပြန်ကောက်တော့တယ်။ ထပ်ပြီး မချေး တော့ ဘူး။ ကိုဗစ်ကတော့ပြဿနာတစ်မျိုးပေါ့။ သူတို့က Microfinance တွေကို မသင်ကာဘူး။ သူတို့ စိတ်ထဲမှာ ကျွန်တော်တို့ က ငွေပေးပြီးတော့ နိုင်ငံရေးအတွက်လှုပ်ရှားတယ်လို့ ယူဆတာကိုး။ ကျွန်တော်တို့က အဲ့လိုမဟုတ် ဘူးလေ။ အဲ့ဒါကိုသူတို့ကို ရှင်းပြလည်းမရ ဘူး။ မရတာနဲ့စိတ်ပျက်ပြီး မလုပ်တော့ဘူး”ဟု ဦးဖုန်းဝင်းကဆိုသည်။

ထို့အတူ Microfinance လုပ်ငန်းများအခြေအေနေမကောင်းရခြင်းနှင့် ပတ်သက်၍လည်း ဦးဖုန်းဝင်းက “ကျွန် တော်ရဲ့အမြင် ကတော့ Microfinance ရဲ့အခြေအနေက မကောင်းဘူး။ ဘာလို့လဲဆိုတော့ အစိုးရဌာနရဲ့ဝင်ရောက် စွက်ဖက်မှုက တအားများတယ်။ နှစ်အချက်က တော့ မြန်မာပြည်မှာတရားဥပဒေအရ တိတိကျကျ ဆောင်ရွက် မယ်ဆို ရင် ဆောင်ရွက်လို့ရလောက်တဲ့ စနစ်မရှိဘူး။ နောက်တစ်ချက်ကတော့ ဒီအစိုးရဘက်ကနေပြီးတော့ ဥပဒေ အရ မဟုတ်သော်လည်းပဲ အစိုးရဌာန ရဲ့အယူအဆပေါ့နော် ။ အစိုးရဌာနဆိုတာ ဌာနတွေလည်း ပါတယ် အရာရှိ တွေလည်းပါတယ် ပြီးတော့နိုင်ငံရေးဘက်မှာ ဩဇာအာဏာရှိနေတဲ့သူ တွေရဲ့ အယူအဆက Microfinance ကို အသေးစားစီးပွားရေးလုပ်ငန်း တွေ တိုးတက်မှုအတွက် အသုံးပြုရမယ့် စနစ်တစ်ခုလို့ မမြင်ဘဲနဲ့ နိုင်ငံ ရေး ဩဇာ အတွက်သော်လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ရောက်ရဲ့ ဩဇာအတွက်သော်လည်းကောင်း အဲ့လိုအ သုံးပြုတဲ့ စနစ်တစ်ခုလို့မြင် နေတယ်” ဟု သုံးသပ်ပြောကြားသည်။

ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ရည်ရွယ်လုပ်ဆောင်နေသည့် အသေး စားငွေရေးကြေးရေးလုပ်ငန်းများမှာ အမှန်တကယ်အောင်မြင်မှုရရှိရန် အတွက်အလှမ်းဝေးနေဆဲဖြစ်သလို ဆင်းရဲသားပြည်သူများအတွက်လည်း အကြွေးနွံနစ်စေသည့် လုပ်ငန်းတစ်ခုဖြစ်လာကြောင်း အသေးစားငွေရေး ကြေးရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး သုတေသနပြုလုပ်နေသူ မမေဖူး မောင်မောင်က သုံးသပ်သည်။

“ပြောရမယ်ဆိုရင် ဆင်းရဲမှုကိုလျှော့ချသလားဆိုရင် မလျှော့ချဘူး။ ပိုတောင်အကြွေးနစ်သွားတယ်ပေါ့”ဟု မမေဖူးမောင်မောင်က ဆိုသည်။

လက်ရှိကိုဗစ်ကာလတွင် အစိုးရအနေဖြင့် ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူ များထံသို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကြေးတိုက်ရိုက် ထောက်ပံ့ သည့် အစီအစဉ်ဖြင့်လည်း ကိုဗစ်ကြောင့် ထိခိုက်ခံစားရသည့် ပြည်သူများ ၏ လူမှု စီးပွားကို ပြန်လည်ကုစားရေး ဆောင်ရွက်ရန် စီစဉ်ဆောက်ရွက် နေသည်ကို တွေ့ရသည်။

ထို့အတူ မြန်မာနိုင်ငံအတွင်းရှိ အခြေခံလူတန်းစား ၄ ဒဿမ ၆သန်း ကျော်နှင့် ပတ်သက်ဆက်နွယ်နေသည့် အသေးစား ငွေရေးကြေးရေးလုပ် ငန်းများနှင့် ပတ်သက်၍လည်း အတိုင်းအတာတစ်ခုအထိ တာဝန်ယူ ဆောင်ရွက် ရမည့်အချိန် ဖြစ်သည်။

SMA