ကိုဗစ်တိုက်ပွဲနဲ့ အမေရိကန် တရုတ်ဆက်ဆံရေး

တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးဟာ Cold War 2.0 လို့ ခေါ်တဲ့ စစ်အေးခေတ်ကို တကျော့ပြန် ဦးတည်နေပြီဆိုပြီး ဇူလိုင်လ နောက်ဆုံးပတ်အစမှာပဲ ဂျာမနီခေါင်းဆောင်တွေက သတိပေးလိုက်ပါတယ်။ အင်အားကြီး နှစ်နိုင်ငံ သွင်းကုန်တွေ အပြန်အလှန် အခွန်စည်းကြပ်ရေး အငြင်းပွားမှုတွေကြား ကမ္ဘာ့ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့နှစ် ၂ နှစ်လောက်ကတည်း က အထိ နာနေခဲ့တာပါ။ အခုတခါ ထပ်ပြီး ဟောင်ကောင် အမျိုးသားလုံခြုံရေး ဥပဒေကိစ္စ၊ အပြန်အလှန် သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့၊ တောင်တရုတ်ပင်လယ်အရေးကိစ္စတွေကြောင့် ကိုဗစ်-19 ရောဂါတွေနဲ့ ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ ကမ္ဘာကုန်သွယ်ရေးကို ထပ်ပြီး ထိခိုက်မှာ နိုင်ငံတကာခေါင်းဆောင်တွေ စိုးရိမ်နေကြပါတယ်။ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပျက်ဆီးတာဟာ စီးပွားရေး ကိစ္စတခုတည်းတင်မဟုတ်ဘဲ ကမ္ဘာ့လုံခြုံရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ လုံခြုံမှုတွေအပေါ်မှာလည်း ထိခိုက်နိုင်တယ်ဆိုပြီး ဝေဖန်ထောက်ပြနေကြပါတယ်။

ဘာပဲဖြစ်ဖြစ် နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ ဒီဆယ်စုနှစ်တွေအတွင်း အဆိုးဆုံးအခြေအနေကို ရောက်သွားခဲ့ တယ်ဆိုတာကို လတ်တလော Houston မြို့က တရုတ်ကောင်စစ်ဝန်ရုံးနဲ့ Chengdu မြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံး ပိတ်လိုက်ရတဲ့ အခြေအနေတွေက သက်သေပြနေပါတယ်။ တရုတ်အစိုးရနဲ့ နှစ်ပေါင်း ၅၀ နီးပါး ထိတွေ့ ဆက်ဆံလာခဲ့တဲ့ အမေရိကန်ရဲ့မူဝါဒတွေ အလုပ်မဖြစ်တော့ဘူးလို့ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး Mike Pompeo က ဂျုလိုင်လ ၂၃ ရက်နေ့ က သမ္မတဟောင်း Richard Nixon ဖောင်ဒေးရှင်းမှာ သတိပေးသွားပါတယ်။ တရုတ်နဲ့ ဆက်ဆံရေးဟာ ယုံယုံကြည်ကြည် လက်ခံလိုက်တာမျိုး မဖြစ်သင့်ဘဲ၊ မှန်မမှန် အတည်ပြုတဲ့ အခြေခံမှုပေါ်မှာပဲ ဆက်ဆံရေးကို ထူထောင်ရလိမ့်လို့ ဝန်ကြီး Mike Pompeo က ပြောလိုက်တာပါ။ သမ္မတဟောင်း Richard Nixon လက်ထက်က စခဲ့တဲ့ ထိတွေ့ဆက်ဆံရေးမူဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကိုပဲ ထိခိုက်စေခဲ့တယ်လို့ ပြောဆိုပြီး ရာစုနှစ် တဝက်ကျော် ဆက်ဆံရေး ကျဆုံးနေပြီလို့ ဝန်ကြီး Pompeo ဝေဖန်သွားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ တရုတ်နိုင်ငံအပေါ် ချဉ်းကပ်မှု ပုံစံပြောင်းလဲဖို့ နိုင်ငံခြားရေးဝန်ကြီး Pompeo ပြောသွား တဲ့အချိန်ဟာ Texas ပြည်နယ် Houston မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကိုပိတ်ဖို့ အမေရိကန်အစိုးရက ညွှန်ကြားထားတဲ့ အချိန်ဖြစ်ပါတယ်။ တရုတ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဖုံးကွယ်ထားသလို၊ အမေရိကန်ကုမ္ပဏီတွေဆီကနေ ဉာဏပစ္စည်း မူပိုင်ခွင့်တွေကို ခိုးယူနေတယ် အမေရိကန်က စွပ်စွဲထားပါတယ်။ ဒါကို တုံ့ပြန် အရေးယူတဲ့အနေနဲ့ ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ ညွှန်ကြားလိုက်တယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။ တချိန်တည်းမှာ တရုတ်စစ်တပ်အရာရှိ လေးယောက်ဟာ သူတို့ နောက်ကြောင်းရာဇဝင်တွေကို ဖုံးကွယ်ပြီး အမေရိကန်ပြည်ထောင်စုအတွင်း သူလျှိုလုပ်ဖို့ လိမ်ညာဝင်ရောက်ခဲ့တာကြောင့် အရေးယူလိုက်တဲ့ အကြောင်း အမေရိကန် တရားရေးဌာနက ကြေညာပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံ ဘက်ကလည်း တရုတ်နိုင်ငံ Chengdu မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို ဂျုလိုင်လ ၂၇ရက်နေ့ တနင်္လာနေ့ နောက်ဆုံးထားပိတ်ဖို့ တရုတ်အစိုးရက ညွှန်ကြားလိုက်ပါတယ်။ ထောက်လှမ်းရေး လုပ်ငန်း အတွေ့ အကြုံရှိသူ တချို့ကတော့ သံတမန်အဖွဲ့အစည်းတွေရဲ့ ရုံးတွေ ဖွင့်ထားတာကိုက ထောက်လှမ်းရေးကိစ္စ တွေကို အတိုင်းအတာ တခုအထိလုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေရှိကြပြီး ဒါကို နှစ်နိုင်ငံစလုံးက သိပြီးသား၊ နားလည်ပြီးသားလို့ ပြောပါတယ်။ ကောင်စစ်ဝန်ရုံးတွေကတဆင့် လျို့ဝှက်သတင်း အချက်အလက်တွေ ရယူခဲ့တာကို နှစ်နိုင်ငံစလုံးရဲ့ အကျိုးစီးပွားကို မထိခိုက်သမျှ အတိုင်းအတာ တခုအထိ မသိချင်ယောင်ဆောင်ခဲ့ကြတယ်လို့ နိုင်ငံတကာ ထောက်လှမ်းရေး အကြောင်းအရာတွေနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို ကျွမ်းကျင်သူ Buckingham တက္ကသိုလ် နိုင်ငံရေးပါမောက္ခ Anthony Glees က ABC ရုပ်မြင် သံကြားဌာနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။

Texas ပြည်နယ် Houston မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးဟာ ကိုရိုနာဗိုင်းရပ်စ် ကုသဆေးနဲ့ပတ်သက်တဲ့ သုတေသနအချက်အလက်တွေအပါအဝင် လျို့ဝှက်သတင်းအချက် အလက်တွေကို အဓိက ထောက်လှမ်းတဲ့ ဌာနချုပ်ဖြစ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတွေက စွပ်စွဲထားပါတယ်။ ဒီကောင်စစ်ဝန်ရုံးမှာ အာကသ လေကြောင်းဆိုင်ရာနဲ့ ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အတွက် အမေရိကန်ပြည်ထောင်စု ဘက်က အဓိက အာရုံစိုက် ပစ်မှတ်ထားခဲ့တာလို့ ပါမောက္ခ Anthony Glees က မြင်ပါတယ်။

တရုတ်နိုင်ငံ Chengdu မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို တရုတ်ဘက်က ပိတ်ပစ်လိုက်တာနဲ့ပတ်သက်လို့တော့ ဒီကောင်စစ်ဝန်ရုံးဟာ တိဘက်နဲ့ပတ်သက်တဲ့ကိစ္စ၊ ဒေသတွင်းမှာ တရုတ်ရဲ့ မဟာဗျုဟာကျတဲ့ လက်နက်သစ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က စုံစမ်းတဲ့နေရာလို့ တရုတ်က သတ်မှတ်ထားတဲ့အကြောင်း Shanghai တက္ကသိုလ် အမေရိကန်ရေးရာ လေ့လာကျွမ်ကျင်သူ ပါမောက္ခ Wu Xinbo ပြောတာကိုလည်း ABC သတင်းမှာ ရေးပါတယ်။ ထောက်လှမ်းရေးအချက်အလက်တွေ ရယူနေတယ်ဆိုပြီး တနိုင်ငံနဲ့ တနိုင်ငံသံတမန်တွေကို နှင်ထုတ်တာမျိုးတွေ အရင်ကလည်း ကမ္ဘာ့ နိုင်ငံတွေမှာ ရှိခဲ့ဘူးပေမဲ့ ကောင်စစ်ဝန်ရုံးတွေ ပိတ်ပစ်တဲ့အထိ တင်းမာမှုမျိုးကတော့ ရှားတဲ့အကြောင်း သမိုင်းလေ့လာသူ တွေက ပြောနေကြပါတယ်။

၂၀၁၈ ခုနှစ်က ဗြိတိန်နိုင်ငံမှာ အရင် နှစ်ဖက် သူလျှိုလုပ်ပေးခဲ့တဲ့ ရုရှားထောက်လှမ်းရေး Sergei Skripal နဲ့ သမီးကို အဆိပ်ခတ်သတ်ဖို့ ကြိုးစားမှုနဲ့ ရုရှား သံအရာရှိ ၁၅၃ ယောက်ကို ဗြိတိန်က နှင်ထုတ်ခဲ့ဖူးပါတယ်။ ရုရှားဘက်ကလည်း စိန့်ပီတာစဘတ်မြို့မှာရှိတဲ့ ယူကေ ကောင်စစ်ဝန်ရုံးနဲ့ မော်စကိုက British Council ရုံးတွေကို ပိတ်ပစ်ခဲ့ပါတယ်။ စစ်အေးခေတ်ကာလက ရုရှား သံအရာရှိ ၂၅ ယောက်ကို ဗြိတိန်က နှင်ထုတ်ခဲ့ဖူးသလို ၁၉၅၄ ခုနှစ်က သြစတေးလျ နိုင်ငံမှာရှိတဲ့ Canberra မြို့မှာရှိတဲ့ ဆိုဗီယက် သံရုံးကို သြစတေးလျအစိုးရက ပိတ်ပစ်ခဲ့ဖူးပါတယ်။ သြစတေးလျ နိုင်ငံအတွင်း ရုရှားထောက်လှမ်းရေးတွေရဲ့ လျို့ဝှက်သတင်းရယူဖို့ ကြိုးစားတာတွေကို တုံ့ပြန်တဲ့အနေနဲ့ ပိတ်ပစ်ခဲ့တာလို့ သြစတေးလျဘက်က အကြောင်းပြပါတယ်။ ၁၉၅၉ မှာမှ ပြန်ဖွင့်ပါတယ်။ ဒါပေမဲ့လည်း စစ်ဖြစ်နေတဲ့ကလမဟုတ်ရင် ကောင်စစ်ဝန်ရုံးတွေ၊ သံရုံးတွေ ပိတ်ပစ်တဲ့ အနေအထားဟာ ရှားရှားပါးပါး ဖြစ်လာတဲ့ တင်းမာမှု အခြေအနေ ဖြစ်တယ်လို့ သမိုင်းပညာရှင်တွေက သုံးသပ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbing ကတော့ Chengdu မြို့ အမေရိကန် ကောင်စစ်ဝန်ရုံးက ဝန်ထမ်းတချို့ဟာ သူတိုတာဝန်နဲ့ မကိုက်ညီတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲ ပြောဆိုပါတယ်။ ဘယ်လို လှုပ်ရှားမှုတွေဆိုတာ အသေးစိတ်မပြောပေမဲ့၊ အဲဒီလှုပ်ရှားမှုတွေက တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်ပြီး တရုတ် နိုင်ငံရဲ့လုံခြုံရေးကိုလည်း ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် လတ်တလော အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာမှု အနေအထားက နှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာ ထူထောင်လာခဲ့တဲ့ လူမှုရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ဖျက်ဆီးလိုက်ပြီး နောက်ပြန်ဆုတ်လို့ မရနိုင်တဲ့ အခြေအနေလို့ လေ့လာသူတချို့က သုံးသပ်ပါတယ်။ ဒီသုံးသပ်ချက်က လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ သမ္မတ Donald Trump ရှုံးပြီး ဒီမိုကရက်တစ်ပါတီဘက်က သမ္မတတက်လာခဲ့ရင်လည်း တရုတ်ဘက်က ဆက်ဆံရေးဟာ အပြန်အလှန် အပေးအယူ၊ ရောင်းသူဝယ်သူ အသံတူဆိုတဲ့ တုံ့ပြန်မှုမျိုးပဲ ဖြစ်လာလိမ့်မယ်လို့ တွက်ဆရပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံပြီး ကုန်သွယ်ရေးပေါ်ကနေ အကျိုးအမြတ်တွေရယူနေသလို၊ နည်းပညာတွေကို အဓိကထားနေရတဲ့ တရုတ်နိုင်ငံအနေနဲ့ သူ့ဘက်က စပြီး ကျုးကျော် ထိပါးတဲ့ လုပ်ရပ်တွေကိုတော့ လုပ်မှာ မဟုတ်ဘူးလို့ အကဲခတ်တွေက ခန့်မှန်းထားတာပါ။ ဘာပဲဖြစ်ဖြစ် COVID-19 ရောဂါကူးစက်မှုတွေနဲ့ ဒီရောဂါရဲ့ ရိုက်ခတ်မှုအဖြစ် ကမ္ဘာတဝှမ်း စီးပွားရေးလုပ်ငန်းတွေ အကြီးအကျယ် အရှုံးရင်ဆိုင်ရနေချိန်မှာ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး တင်းမာမှုက ကမ္ဘာ့နိုင်ငံတွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က သတင်းတွေ ထိန်ချန်ခဲ့တာကြောင့် ကမ္ဘာတဝှမ်း ဒီရောဂါဒဏ်ကို အလူးအလဲခံခဲ့ရတာဆိုပြီး အမေရိကန် အရာရှိတွေက ပြောဆိုထားပါတယ်။ အခုလည်း COVID-19 ရောဂါ ကုဆေး ထုတ်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေချိန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေလက်ထဲ ဘယ်လောက်မြန်မြန်ဆန်ဆန် ရောက်မလဲ စိုးရိမ်မှုတွေ အင်အားကြီး နိုင်ငံကြီးနှစ်ခုရဲ့ တင်းမာမှုကြောင့် ပိုပြီး တိုးလာစေပါတယ်။ အထူးသဖြင့် အမေရိကန် ဘက်က စွပ်စွဲချက်တွေထဲမှာ COVID-19 ကုသရေး သုတေသနလုပ်ထားတဲ့ အချက်တွေကို တရုတ်နဲ့ ရုရှားဘက်က ခိုးယူဖို့ ကြိုးစားခဲ့ တယ်ဆိုတဲ့ အချက်ပါပါတယ်။ ဒါကြောင့် ဒီရောဂါ ကုသနိုင်တဲ့ ဆေးကို လက်ဝါးကြီး အုပ်ဖို့ ကြိုးစားပြီး အင်အားကြီးနိုင်ငံတွေ မဟာဗျုဟာမြောက် စစ်ပွဲတခု ဆင်နေပြီလား စဉ်းစားစရာပါ။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin ကတော့ လက်ရှိ တရုတ် အမေရိကန် ဆက်ဆံရေး အခြေအနေဟာ တရုတ်ဘက်က လိုလားတဲ့ အခြေအနေ မဟုတ်ဘူးလို့ ဂျုလိုင်လ ၂၄ ရက်နေ့က ပြောဆိုသွားပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ပြန်ပြင်ပြီး နှစ်နိုင်ငံဆက်ဆံရေး လမ်းမှန်ပေါ်ပြန်ရောက် အောင် လိုအပ်တာတွေ လုပ်ဆောင်ပါဆိုပြီး တိုက်တွန်း သွားပါတယ်။

တရုတ်နိုင်ငံက သွင်းကုန်ပစ္စည်းတွေအပေါ် သမ္မတ Donald Trump လက်ထက် အခွန်တွေ စည်းကြပ်လိုက်ပေမယ့် အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံအတွက် အကြီးမားဆုံး ပြည်ပပို့ကုန် ဈေးကွက်ဖြစ်သလို တရုတ်နိုင်ငံကလည်း အမေရိကန် ပို့ကုန်လုပ်ငန်းအတွက် တတိယအကြီးဆုံး ဈေးကွက်ဖြစ်ပါတယ်။ အမေရိကန် ကုမ္ပဏီတွေဖြစ်တဲ့ General Motors ကုမ္ပဏီကနေ Burger King လို့ အလွယ်စားလို့ရတဲ့ အစားအသောက်ရောင်း ကုမ္ပဏီတွေအထိ တရုတ်နိုင်ငံမှာ ဝန်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်ငန်းတွေ လုပ်ကိုင်နေတာပါ။ သွင်းကုန် အခွန်စည်းကြပ်မှုတွေနဲ့ အငြင်းပွားမှုတွေကြား အမေရိကန် လယ်ယာထွက်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းတွေနဲ့ အထွေထွေထုတ်ကုန် တရုတ်ဘက်က ဝယ်ယူမှု ပြီးခဲ့တဲ့ နှစ်ထဲမှာ ၁၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ အမေရိကန် တရုတ် စီးပွားရေး ကောင်စီရဲ့ မှတ်တမ်းတွေမှာ ဖေါ်ပြပါတယ်။ ဒါပေမဲ့လည်း ဝယ်ယူတဲ့ပမာဏဟာ ဒေါ်လာ ဘီလျံ တရာကျော်ဖိုး ရှိပါတယ်။ အိုင်အိုဝါပြည်နယ်နဲ့ တခြား စိုက်ပျိုးကုန်ထုတ်တဲ့ အမေရိကန် ပြည်နယ်တွေက လယ်ယာထွက်ကုန်တွေမှာယူတာကို တရုတ်ဘက်က ရပ်ဆိုင်းလိုက်တာ၊ ဝက်သားနဲ့ တခြား ကုန်ပစ္စည်းတွေအပေါ် အခွန်တွေ တိုးကောက်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာ အရောင်း အဝယ်တွေ ထိခိုက်ခဲ့ရပါတယ်။ အလားတူပဲ အမေရိကန်ပြည်ထောင်စုကို ကုန်ပစ္စည်းတွေ တင်ပို့နေတဲ့ တရုတ်စီးပွားရေး ကုမ္ပဏီတွေအပြင်၊ ဒီကုမ္ပဏီတွေကို ကုန်ကြမ်းနဲ့ ဝန်ဆောင်မှုပေးနေတဲ့ အာရှစီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်ခဲ့ရ ပါတယ်။ တကမ္ဘာလုံးကို ဆက်နွယ်ထားတဲ့ ကုန်သွယ်ရေးဖြစ်တာကြောင့် အင်အားကြီး နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုတွေမှာ အမေရိကန်ပြည်ထောင်စုရဲ့ အဓိက မဟာမိတ်နိုင်ငံတွေကိုယ်တိုင် တရုတ်ကို ပြတ်ပြတ်သားသား မဆန့်ကျင်ကြပါဘူး၊ အတတ်နိုင်ဆုံး သိမ်သိမ်မွ့မွေ့ ကြားဝင်နေပြီး ဘယ်ဘက်ကမှ မလိုက်တာ တွေ့ရပါတယ်။ နိုင်ငံတကာအရေး ကျွမ်းကျင်သူတွေ ကတော့ နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှုဟာ ကုန်သွယ်ရေးတင်မဟုတ်မဘဲ ကမ္ဘာ့လုံခြုံရေးကိုပါ ထိခိုက်လာစေလိမ့် မယ်လို့ သတိပေးပါတယ်။

ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲနီးလာတာနဲ့အမျှ တရုတ်ဆန့်ကျင်ရေးအကြောင်းအရာက အတိုင်းအတာတခုအထိ လွှမ်းမိုးနေနိုင်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံနဲ့ အမေရိကန်အကြား တင်းမာမှုဟာ သမ္မတ Trump အတွက် နိုဝင်ဘာ ရွေးကောက်ပွဲ ထောက်ခံမဲတွေရဖို့ ဝှက်ဖဲတချပ် ဖြစ်နိုင်သလား အမေရိကန် နိုင်ငံရေး လေ့လာသူတွေကြားမှာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ အထူးသဖြင့် ကိုဗစ်-19 ကပ်ရောဂါ ကူးစက်မှုတွေ လူလေးသန်း လေးသိန်းကျော်လာပြီး သေဆုံးသူ တသိန်းခွဲကျော်လာတဲ့ အချိန် ဒီရောဂါပိုး အစပျိုးခဲ့တဲ့ တရုတ်နိုင်ငံအပေါ် သတင်းထိန်ချန်တယ်ဆိုတဲ့ ဝေဖန်စွပ်စွဲချက်တွေလည်း တိုးလာပါတယ်။ အမေရိကန်ပြည်သူတွေရဲ့ တရုတ်နိုင်ငံအပေါ် မကျေနပ်စိတ်တွေဟာ ရွေးကောက်ပွဲမှာ ကန့်ကွက်မဲတွေ၊ ထောက်ခံမဲတွေ ဖြစ်လာနိုင်တယ်ဆိုတာကို နိုင်ငံရေးခေါင်းဆောင်တွေ တွက်ကြမှာ သေချာပါတယ်။ အထူးသဖြင့် ကိုဗစ်-19 ရောဂါကူးစက်မှုတွေကို ကိုင်တွယ်တာနဲ့ ပတ်သက်လို့ ပြည်တွင်းမှာ ဖယ်ဒရယ်အစိုးရ အပေါ် ဝေဖန်တာတွေ အကြီးအကျယ်ခံနေရတဲ့အချိန် သမ္မတ Donald Trump အတွက် တရုတ်နဲ့ ဆက်ဆံရေးကိစ္စကို ပိုပြီး အာရုံစိုက်စရာဖြစ်လာပုံရပါတယ်။

သမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီဘက်က သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လာမယ်လို့ လက်ခံထားတဲ့ ဒုသမ္မတဟောင်း Joe Biden တို့အကြား တရုတ်နဲ့ပတ်သက်လို့ ဘယ်သူက ရပ်တည်ချက်ပိုပြီး ပြတ်သားတယ်ဆိုတာမျိုး အပြန်အလှန်ပြောနေကြတာကြောင့် တရုတ်နဲ့ ဆက်ဆံရေးက ဘယ်သူပဲ သမ္မတဖြစ်လာဖြစ်လာ နေ့ချင်းညချင်း ပြန်ပြေလည် မယ့် အခြေအနေမျိုးတော့ မရှိပါဘူး။ Biden ဟာ ဒုတိယသမ္မတ တာဝန်ယူခဲ့တဲ့အချိန်က တရုတ်သွင်းကုန်တွေအပေါ် အခွန် စည်းကျပ်ဖို့ ကိစ္စကို ဆန့်ကျင်ခဲ့တယ်။ တရုတ်ဘက်က ရပ်တည်ပေးသလို တရုတ်နဲ့ဆက်ဆံရေး အနှောက်အယှက်ဖြစ်မှာ ကိုလည်း သူက မလိုလားခဲ့ဘူးလို့ သမ္မတ Trump က ဝေဖန်နေပါတယ်။

ဒါပေမဲ့လည်း သမ္မတ Donald Trump ဟာ တရုတ်သမ္မတ ရှီကျင်းပင့်နဲ့ သူ့အကြား ဆက်ဆံရေးကောင်းမွန်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ တိုးတက်မှုတွေ ရှိတဲ့အကြောင်း အရင်က ပြောခဲ့ဘူးပါတယ်။ ဒါကြောင့်လည်း သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ Trump ပြန်အနိုင်ရခဲ့မယ်ဆိုရင် သူဟာ တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ မိတ်ဆွေရင်းကြီး ပြန်ဖြစ်သွားပါလိမ့်မယ်၊ ရွေးကောက်ပွဲ အလားအလာပေါ်မူတည်ပြီး သမ္မတ Trump ရဲ့ သဘောထား အတက်အကျ ရှိပါတယ်လို့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိဟောင်း John Bolton က ပြောပါတယ်။ လောလောဆယ် သမ္မတ Trump ရဲ့ တရုတ်နိုင်ငံအပေါ် တင်းမာမှု တွေဟာ ရွေးကောက်ပွဲနဲ့ လုံးလုံးလျှားလျှား ပတ်သက်နေတယ်လို့ John Bolton က ပြောဆိုတာပါ။ ဘာပဲဖြစ်ဖြစ် ထိပ်တိုက် ရင်ဆိုင်တဲ့ တင်းမာမှုတွေဟာ နှစ်နိုင်ငံစလုံးအတွက်၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားကို ထိခိုက်စေလိမ့်မယ်ဆိုပြီး သံတမန်ရေးအရ ချဉ်းကပ်မှုကိုသာ အားပေးတဲ့ ပညာရှင်တွေက သတိပေးနေကြပါတယ်။

ကိုဖိုးထိုက်