ကိုဗစ်အလွန် မြန်မာ့စီးပွားရေး အလုပ်လက်မဲ့ ပြဿနာနှင့် ဖြေဆေး

၁။ ပြည်တွင်း SMEs တွေတိုးတက်လာအောင် ဘယ်လိုနည်း ဘယ်လိုပုံစံနဲ့ မြှင့်တင်ပေးမယ်ဆိုတာ နည်းလမ်းကြိုတင် ရှာထားရပါမယ်။

၂။ ရှိပြီးသားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်တည်ရှိဖို့နဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအသစ် တွေ ဝင်ရောက်လာရေးအတွက် ရင်းနှီးမြှုပ်နှံမှုဥပဒေမှာ လိုအပ်တာတွေရှိနေရင် ပြင်ဆင် ဖြည့်စွက်ရပါမယ်။

၃။ မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းကျော် ရှိတဲ့ အလုပ်သမား လယ်သမားတွေအတွက် အလုပ်အကိုင်သစ်များဘယ်လို ဖန်တီးပေးမယ်ဆိုတဲ့ နည်းလမ်းရှာရပါမယ်။

(ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါအလွန် ကမ္ဘာ့စီးပွားပျက်ကပ်ကြုံလာရနိုင်ပါတယ်။ ကမ္ဘာ့စီးပွားပျက်ကပ်၊ ကမ္ဘာ့အလုပ်သမား အလုပ်လက်မဲ့ပြဿနာ ရိုက်ခတ်မှုတွေနဲ့အတူ ကျွန်တော်တို့မြန်မာနိုင်ငံငယ်လေးတွေဟာလည်း စီးပွားပျက်မှု၊ စီးပွားရေးကျ ဆင်းမှု၊ အလုပ်လက်မဲ့ပြဿနာ၊ စားဝတ်နေရေး ကျပ်တည်းမှုပြဿနာတွေနဲ့ အခြားသော နောက်ဆက်တွဲဆိုးကျိုး ပြဿနာတွေ ကြုံတွေ့လာရနိုင်ပါတယ်။ ၁၉၁၈ ကမ္ဘာ့စီးပွား ပျက်ကပ်ကြောင့် နောက်ပိုင်းအကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံထိ လာရောက်ရိုက်ခတ်ပြီး ဆရာစံလယ်သမားအရေးတော်ပုံ ဖြစ်ခဲ့ရတယ်ဆိုတဲ့ သုတေသီတွေရဲ့ ကောက်ချက်တွေ၊ သမိုင်းသာဓကတွေကို ကျွန်တော်တို့ မမေ့သင့်ပါ။

၄။ နိုင်ငံရဲ့ ဘဏ္ဍာရေးလိုအပ်ချက်နဲ့ ငွေကြေးစီးဆင်းမှု ချောမွေ့စေရေးအတွက် နိုင်ငံခြား ငွေကြေးအကူအညီ (ADB, World Bank and etc) ဘယ်လိုရယူမလဲ၊ ပြည်တွင်း သုံးစွဲငွေ  (local currency) လိုအပ်ချက်ရှိလာရင် ငွေစက္ကူသစ်များ ရိုက်နှိပ်ရန် လို,မလိုကို ငွေကြေး ဆိုင်ရာ ကျွမ်းကျင်သူ Expert များ၊ စီးပွားရေးပညာရှင်များနဲ့ ဆွေးနွေးအကြံပြုချက်များ ကြိုတင်ရ ယူထားရပါမယ်။

၅။ ထုတ်ကုန်သွင်းကုန်အခွန်၊ ရောင်းခွန်ဝယ်ခွန်၊ ဝင်ငွေခွန်အစရှိသဖြင့်အခွန်အမျိုးမျိုး taxation law ကိုလည်း လျှော့ချသင့်တဲ့ အခွန်လျှော့ချတာမျိုး၊ ဆိုင်းငံ့ ကာလ သတ်မှတ်ပေးတာမျိုး၊ ကာလတစ်ခုအကန့်အသတ်နဲ့ အခွန်ကင်းလွတ်ခွင့် ပြုတာမျိုးတွေကိုလည်း လုပ်ရပါမယ်။

၆။ အခြေခံအကျဆုံးနဲ့ စီးပွားရေးဖွံဖြိုး တိုးတက်မှုအတွက်အဓိကလို အပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးပြည့်ဝစွာရရှိရေး အတွက် နည်းလမ်းအမြန်ရှာဖို့ လိုပါတယ်။ ဘယ်လို စီမံကြမလဲဆိုတဲ့အချက်ဟာ အလွန်အရေးကြီးပါတယ်။ စက်ရုံအလုပ်ရုံတွေကိုတော့ ဦးစားပေးပြီး လျှပ်စစ်ပြည့်ဝစွာပေးနိုင်အောင် စီစဉ်မယ်၊ သာမန်လူနေရပ်ကွက် ဒေသတွေကိုတော့ အလှည့်ကျခွဲတမ်း သဘောမျိုးနဲ့ လျှပ်စစ်ပေးမယ်ဆိုရင်လည်း လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။

အချို့ စီးပွားရေးသုံးသပ်သူအချို့နဲ့ စီးပွားရေးပညာရှင်အချို့ မြန်မာ့စီးပွားရေးအတွက် သုံးသပ်ကြရာမှာ မြန်မာပြည်ရဲ့ လျှပ်စစ်ကဏ္ဍကို ထည့်တွက်ဖို့မေ့နေတတ်ကြပါတယ်။

အထက်ပါအချက်များအားလုံးဟာ အစိုးရဦးဆောင်လုပ်ရမယ့် အချက်များဖြစ်ပါတယ်။ အစိုးရကသာလုပ်ပိုင်ခွင့်ရှိပြီး လုပ်နိုင်တဲ့ အချက်များ ဖြစ်ပါတယ်။ အချက်တစ်ချက်ချင်းစီကို ရေးသားဆွေးနွေးဖို့ အင်မတန်ကျယ်ဝန်းပါတယ်။ အစိုးရအနေ နဲ့ မြန်မာနိုင်ငံရဲ့ ပထဝီစီးပွားရေး အခြေအနေ၊ လူနေမှုသဘောသဘာဝဓလေ့စရိုက်များ၊ သဘာဝအရင်းအမြစ်အခြေခံများ စသည်များကို ကျွမ်းကျင်နှံစပ်တဲ့ပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်၊ အကြံပြုချက်များကို ရယူပြီး လက်တွေ့ကျကျဆောင်ရွက်သင့်ပါတယ်။

နိုင်ငံရေးသမားဆိုတာ ပညာတစ်ခု (သို့မဟုတ်) နယ်ပယ်တစ်ခုကို ကျွမ်းကျင်သူဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ပညာရပ်ဆိုင်ရာ အကုန်လုံးကို ကျွမ်းကျင်သူမဟုတ်ပါ။ သက်ဆိုင်ရာပညာ ရပ် အလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ အတွေ့အကြုံ ဗဟုသုတရှိသူများကို တာဝန်ပေးပြီး၊ တာဝန်ယူစေဖို့၊ (ခပ်ရိုင်းရိုင်းပြောရရင် ကျွမ်းကျင်သူ၊ ပညာရှင်၊ အတွေ့အကြုံ ဗဟုသုတရှိ သူတွေကို ခိုင်းတတ်ဖို့၊ ဦးနှောက်ဖောက်စားတတ်ဖို့ လိုပါတယ်) လက်တွေ့ကျကျ စီမံတတ်မှ နိုင်ငံရေးသမားကောင်း(ဝါ) နိုင်ငံရေးလုပ်တတ်သူလို့ ကျွန်တော်ကတော့ အဓိပ္ပာယ်ဖွင့်ပါတယ်။

ကြုံလို့တစ်ခုလည်းပြောချင်ပါတယ်။ နိုင်ငံနဲ့ ပြည်သူ့အကျိုးကို ပထမဦးစားပေးတဲ့ နိုင်ငံရေး သမားကောင်းဆိုရင် နိုင်ငံနဲ့ ပြည်သူ့အကျိုးစီးပွားအတွက် ပုဂ္ဂလိကခံစားချက်ကို ရှေ့တန်းမတင် ကြဖို့လိုပါမယ်။ မြန်မာ့နိုင်ငံရေး သမိုင်းစဉ် တစ်လျှောက်မှာ ပုဂ္ဂလိကခံစားချက်ကို ရှေ့တန်းတင် လို့ မှားခဲ့ကြတဲ့ အဖြစ်အပျက်တွေရှိခဲ့ပါတယ်။ ခေတ်လူတွေ သင်ခန်းစာယူကြဖို့ပါ။

ကိုကိုအောင်