ကျီးကန်းတွေအကျင့်ပြောင်းပြီလား

ကျွန်တော် ကျီးကန်းတွေကို စောင့်ကြည့်နေတာကြာပြီ။ အရင်လိုမဟုတ်တော့ဘူး။ ကျီးကန်းဆိုရင် ခိုးဆိုးလုနှိုက်လုပ်တဲ့ အကောင်လို့မြင်ကြတာ။ စာတွေထဲမှာလည်း ကျီးကန်းက အသားထုပ်ကြီး အလစ် သုတ်သွားတာတို့၊ ကြက်ကလေးတွေ  ငှက်ကလေးတွေကို အလစ်သုတ်တာတို့ ဖတ်ဖူးတာကိုး။ အပြင်မှာတော့ ကျီးကန်းတွေ အဲဒီလိုသုတ်တာ မမြင်ဖူးဘူး။ သူတို့ကို ဖမ်းတဲ့လူတွေကို လိုက်ဆိပ်တာတော့ မြင်ဖူးတယ်။

အခုဆို အိမ်နောက်ဘက်မှာ ကျီးကန်းတွေ မနက်တစ်ခေါက် ညနေတစ်ခေါက်လာတယ်။ အာ့…အာ့… အာ့..နဲ့ အော်ပြီးတော့ အစာလာတောင်းတာ။ အစာချကျွေးရင်စားတယ်။ မကျွေးရင်ပျံသွားတယ်။ အခြား အိမ်သွားတောင်းတယ်။ အိမ်မှာဆို အမြဲအသားတွေ၊ ငါးတွေလှန်းတယ်။ ဒါပေမယ့် ကျီးကန်းတွေ တစ်ခါမှ လာမသုတ်ဘူးရယ်။ ခြောက်စရာမလိုဘူး။

ရွာမှာဆိုရင်တော့ တစ်ခုခုလှန်းထားရင် ကျီးကိုကြောက်ရတယ်။ မြို့မှာက အံ့တောင်သြတယ်။ သူတို့ ကို ကျွေးတဲ့အစာကို စားတယ်။ မကျွေးတဲ့အစာကို မစားရဘူးဆိုတာများ သိနေသလား….။

ကျီးပြိုတာကိုတော့ မြန်မာတွေက မကောင်းတဲ့နိမိတ်လို့ ယူဆတယ်။ တော်တော်လည်းဆူတာကိုး။ ကျီးတစ်ကောင်ကောင် ဒုက္ခတွေ့နေလို့ ဝိုင်းအော်ကြတာ။ အခြားနိုင်ငံတွေမှာလည်း ဒီလိုပါပဲ။ ကျီးကန်းကို ကံမကောင်းစေတဲ့ငှက်လို့ ထင်ကြတယ်။ မြန်မာမှာတော့ ကျီးကန်းဘယ်လိုအော်လဲဆိုတာကိုပဲ ကြည့်ကြ တယ်။

ကျီးအာတာတော့ တော်တော်များများ သိကြပေမယ့်…။ ကျီးသာတဲ့ အသံကိုတော့ လူအနည်းငယ်ပဲ ကြားဖူးကြတယ်။ ကျီးကလည်း သာခဲတာကိုး။ ရွာမှာဆိုရင်တော့ ကျီးသာသံကို တစ်ခါတလေ ကြားရတယ်။ အဲဒါဆို အိမ်ကို ဧည့်ကောင်းဆောင်ကောင်းလာ တတ်တယ်ပေါ့။

ကျီးကန်းတွေအကြောင်းကို ရှာဖတ်ကြည့်တော့လည်း… ကျီးကန်းတွေဟာ ဉာဏ်ရည်မြင့်မားသတဲ့…။ ဒါကြောင့်မို့… အခြားငှက်တွေထက်ပိုပြီး လန့်တတ်ကြတာ။ အန္တရာယ်အရိပ်အယောင်ကို ကြိုမြင်တာ ဖြစ်မှာပေါ့လေ။ မှတ်ဉာဏ်ကလည်း အရမ်းကောင်းသတဲ့….။ လူတစ်ယောက်မျက်နှာကို မြင်ဖူးပြီးသွားရင် တစ်သက်လုံး မှတ်မိရောတဲ့။ ဒါကြောင့်မို့ သူတို့ကို ပစ်တဲ့လူ၊ ဖမ်းတဲ့လူဆိုရင်လိုက်ပြီး ဆိတ်တာနေမယ်။ အဲဒီလူ နောက်နေ့မှ အပြင်ထွက်လည်း မှတ်မိတာပဲ။ ပြီးတော့ ကျီးကန်းတွေဟာ စည်းလုံးတယ်။ တစ်ကောင်ကို ထိရင် ကျန်တဲ့အကောင်တွေက ငြိမ်နေဘူး၊ ကာကွယ်တယ်၊ ဝိုင်းအော်တယ်။

ပေါင်းရသင်းရခက်တဲ့ ငှက်နေမယ်။ သူနဲ့တည့်တာလည်း ဘုတ်ပဲရှိသလားမသိ။ ဘုတ်ကလည်း ကျီးနဲ့ခပ်ဆင်ဆင်။ သန်လျင်မှာဆို အိမ်နောက်ဘက်မှာတွေ့တဲ့ ကျီးကန်းက လှပါတယ်ဆိုပြီး ထင်နေတာ။ နောက်မှ ဘုတ်မှန်းသိတယ်။ ကျီးနဲ့ဘုတ်နဲ့ ရောနေတယ်ထင်တာပဲ။

ကျီးဘုတ်မြှောက်၊ ဘုတ်ကျီးမြှောက်ဆိုတာလည်း အဲဒါကြောင့် ပေါ်လာတာနေမယ်။ အရောင်နဲ့ အကောင်က တူနေတာကိုး။

နောက်တစ်ခုက ဒေါင်းယောင်ဆောင်သော ကျီးတဲ့…။ ကျီးကန်းကဘာလို့ ဒေါင်းယောင်ဆောင်ရမှာလဲ၊ စဉ်းစားမရဘူး။ ကျီးတွေဟာမလှလို့ …၊ ဒေါင်းကလှလို့… ဒေါင်းယောင်ဆောင်တာတဲ့ …။ လှတာဘာလုပ်ရ မှာလဲ။

လှတော့အဖမ်းခံရတယ်။ ရုံသွင်းပြထားတယ်။ လွတ်လပ်မှုမရှိဘူး။ ဒေါင်းတွေဟာဘုရားရှင်လက်ထက် ကတည်းက အဖမ်းခံရတယ်။ ကျော့ကွင်းမိတယ်။ ဒေါင်းမနဲ့ အမျှားခံရတဲ့ ဘုရားလောင်း ဒေါင်းမင်းတောင် ရှိသေးတယ်။

ရာဇဝင်ထဲမှာတော့ အမတ်ကြီးတစ်ပါးအပေါ်ကို ကျီးကန်းတစ်ကောင်က အီးပါချလိုက်တယ်။ အဲ့ဒါကို အမတ်ကြီးက ကျီးကန်းတွေကို ငြိုး။ ဘုရင်ရောဂါဖြစ်တော့ ကျီးဆီနဲ့ကုမှ ပျောက်မယ်ပြော။ အဲတော့ ကျီးကန်း တွေအသတ်ခံရတယ်။ အမတ် ယုတ်ကြောင့်တော့… ကျီးကန်းတွေ ဒုက္ခရောက်ခဲ့ဖူးတယ်။

ဟိုရက်ကလည်း သတင်းတစ်ခုတက်လာတယ်။

ရန်ကုန်စည်ပင်က ကျီးကန်းဖမ်းတဲ့ ဌာနအကြောင်းပေါ့။ ကျီးကန်းတွေကို ရှင်းလင်းရတဲ့အကြောင်း…။ ဘယ်လိုဘယ်ပုံ ဖမ်းတဲ့အကြောင်းပေါ့လေ။

ကျီးကန်းတွေ သူ့ဘာသာသူနေတာကို ဘာလို့ ဖမ်းရတာတုန်း၊ နားမလည်ဘူး။ တကယ်တမ်းက ခိုတွေကို ဖမ်းရမှာ။ ငှက်တွေထဲမှာ ခိုတွေကို အမုန်းဆုံးပဲ။ လဒ(လင်းတ)ထက်မုန်းတယ်။ ဘာမှ ကောင်း ကျိုးမပေး။ လမ်းလယ်အီးပါ။ အိမ်မျက်နှာကြက်ထဲ အီးပါ။ အမြဲတမ်းညည်းနေတဲ့ အကောင်။ ပြီးတော့ လူတွေ နားလည်း ကပ်သေးတော့ ရောဂါတွေကလည်း ခိုတွေဆီက ပိုကူးမှာ။

မြို့ထဲသွားရင် ခိုက ကိုယ့်အနားရောက်မှ ထပျံ။ ဖုန်တွေ၊ သဲတွေလွင့်…။ စိတ်ပျက်စရာ။ ခိုစာကျွေး သူတွေကိုလည်း ကြည့်မရဘူး။ တော်တော်Óဏ်နည်းသူတွေလို့ပဲ မြင်တယ်။ အရင်ကလည်း ခိုတွေအကြောင်း ရေးခဲ့ဖူးတယ်။ ခိုဟာ ငပျင်းကောင်တွေ။ အစာကို ရှာမစားဘူး။ သူများကျွေးတာကို စောင့်ပြီး အုပ်လိုက်ကြီးစား ကြတယ်။ မရှက်ကြဘူးလားမသိဘူး။

ရွာကတက်လာတုန်းကဆို ခိုတွေကိုမြင်ပြီး ရန်ကုန်မှာတော့ ဟင်းစားတော်တော် ပေါတာပဲ….ခိုတွေ တစ်ရက်နှစ်ကောင် သတ်စားရင်တောင် တစ်သက်လုံး စားလို့ရလောက်တယ်လို့ တွေးခဲ့ဖူးတယ်။

ပြောသာပြောရတယ်။ ကျီးကန်းတွေဟာ တော်တော်တော့ လူမုန်းများတယ်။ ကျီးကန်းကို ချစ်သူရှား တယ်။ အနားလည်း သိပ်မကပ်တော့ တော်တော်ရုပ်ဆိုးတယ် ထင်ကြတာကိုး။ ကျီးကန်းတွေနဲ့ နီးနီးကပ်ကပ် နေမှ ကျီးကန်းတွေဟာ လှမှန်းသိတယ်။ အိမ်နောက်က ကျီးကန်းတွေကိုဆိုရင် ဘယ်အကောင်က ဘယ်သူဆို တာ မှတ်မိနေပြီ။ မျက်နှာရှည်တဲ့အကောင်…။ မျက်နှာချွန် တဲ့အကောင်…။ အကောင်ပေါက်လား၊ ကျီးအိုလား … စသည်ဖြင့်ပေါ့လေ။

ရှော့ရှန့်ထောင်ထဲမှာလည်း ဘရွတ်ဆိုတဲ့ အဘိုးကြီးက ကျီးကန်းမွေးဖူးတယ်။

အင်းစိန်ထောင်ထဲမှာလည်း ဦးဝင်းတင်ဆိုတဲ့ အဘိုးကြီးက ကျီးကန်းမွေးဖူးတယ်။ ကျီးကန်းက သူတို့ကိုထားပြီး ထွက်မသွားတာကို အံ့သြမိတယ်။ လှောင်အိမ်နဲ့မွေးတာ မဟုတ်ဘဲနဲ့ကိုပေါ့။

ကျီးကန်းတော့ မွေးကြည့်ချင်ပါတယ်။ ဒါပေမယ့် ကျီးတွေကိုတော့ ပုံမှန်အစာမကျွေးချင်ဘူး။ ဘာလို့လဲ ဆိုတော့ ကျီးတွေ အကျင့်ပျက်သွားမှာစိုးတယ်။ သူများကျွေးတဲ့ အစာပဲစားပြီး ခိုတွေလို ငပျင်းတွေ၊ ငဖျင်းတွေ ဖြစ်သွားမှာ စိုးရိမ်လို့…။

 

စိုပြေ