ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီ

ခင်မောင်ဝင်း

ယခုအချိန်မှာ ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့စည်းမှာမဆို လူမျိုး (ethnicity)၊ ဘာသာစကား (language)၊ ကိုးကွယ်ရာ ဘာသာ (religion) စတဲ့ လူမျိုးရေး ဝိသေသလက္ခဏာတွေမှာ မတူကွဲပြားတဲ့ လူမျိုးတွေစုပေါင်း နေထိုင်ကြပါတယ်။ အဲဒါမျိုး လူ့အဖွဲ့အစည်းတွေကို နိုင်ငံရေးသိပ္ပံပညာရှင်တွေက ဗဟုဝုဒ်လူ့အဖွဲ့အစည်း (plural Society) လို့ခေါ်တယ်။ အဲဒီလိုနိုင်ငံ တွေကို လူမျိုးပေါင်းစုံနေထိုင်တဲ့နိုင်ငံ (Multination State) လို့လည်းခေါ်တယ်။
ရောနှောတဲ့ မတူကွဲပြားတဲ့ လူမျိုးတွေရဲ့ လူဦးရေအရွယ်အစားတွေ မတိမ်းမယိမ်းရှိတဲ့ ဗဟုဝုဒ်လူ့အဖွဲ့အစည်းတွေ လည်းရှိပါတယ်။ လူမျိုးလေးမျိုးစုပေါင်းနေထိုင်တဲ့ ဆွစ်ဇာလန်နိုင်ငံမှာ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးအရွယ်အစားဟာ မတိမ်း မယိမ်းပါ။ အချို့လူ့အဖွဲ့အစည်း၊ နိုင်ငံတွေကျတော့ လူမျိုးတစ်မျိုးကလူများစု (majority)ဖြစ်နေပြီး၊ ကျန်တာတွေက လူ နည်းစု (majority) ဖြစ်နေတဲ့ ဗဟုဝုဒ်လူ့အဖွဲ့အစည်းတွေလည်းရှိပါတယ်။ ယခင်ဆိုဗီယက်ပြည်ထောင်စုမှာ ရုရှား က လူများ စုဖြစ်ပြီး၊ ကျန်လူမျိုးတွေက လူနည်းစုတွေဖြစ်ပါတယ်။ ယခင် ယူဂိုဆလားဗီးယားမှာလည်း ဆာ့ဗ်(Serb) လူမျိုးက အများ စုဖြစ်ပြီး ကျန်တာတွေက လူနည်းစုတွေဖြစ်ပါတယ်။ မြန်မာ၊ အိန္ဒိယနိုင်ငံတွေဟာလည်း လူမျိုးတစ်မျိုးက လူများစုဖြစ် နေပြီး၊ ကျန်တိုင်းရင်းသားလူမျိုးတွေက လူနည်းစုဖြစ်နေပါတယ်။
ဗဟုဝုဒ် လူ့အဖွဲ့အစည်းအတွင်းက မတူကွဲပြားတဲ့ လူမျိုးတွေ သင့်မြတ်အောင်နေနိုင်မယ့် နိုင်ငံရေးစနစ်တစ်ရပ်ကို ဖော်ဆောင် ကျင့်သုံးနိုင်ရေးဟာ အဲဒီလူ့အဖွဲ့အစည်း အရှည်သဖြင့် အေးချမ်းသာယာဝပြောရေးနဲ့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး (peaceful coexistence) အတွက် မဖြစ်မနေလိုအပ်ပါတယ်။
ဗဟုဝုဒ် လူ့အဖွဲ့အစည်းတွေအတွက် သင့်တော်တဲ့ နိုင်ငံရေးစနစ်တစ်မျိုးကတော့ ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီ (consociation democracy)ဆိုတာပါ။ ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီဟာ ဗဟုဝုဒ်လူ့အဖွဲ့အစည်းထဲမှာ နေထိုင်နေကြတဲ့ မတူကွဲပြားတဲ့ လူမျိုးတွေအချင်းချင်း လက်ဝါးကြီးအုပ်မှုကို အတတ်နိုင်ဆုံးကာကွယ်ပြီး၊ လူများစု၊ လူနည်းစု မခွဲခြားဘဲ နိုင်ငံ ရေးကိစ္စတွေမှာ မျှမျှတတပါဝင်ခွင့်ရအောင် အထူးစီမံထားတဲ့ စနစ်တစ်မျိုးပါ။ ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီကို ဥရောပနိုင်ငံ တချို့မှာ အောင်အောင်မြင်မြင် ကျင့်သုံးနေတာကို တွေ့နိုင်ပါတယ်။ ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီလို့ ခေါ်ချင်မှ ခေါ်မယ်။ ဒါပေမဲ့ အနှစ်သာရကတော့ အောက်မှာဆက်လက်ဖော်ပြမဲ့ ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီရဲ့ ဝိသေသတွေနဲ့ ထပ်တူသော် လည်းကောင်း၊ အနီးစပ်ဆုံးသော်လည်းကောင်း ဖြစ်နေတာတွေ့နိုင်ပါတယ်။

ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီ ဆရာကြီး
ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီသီအိုရီကို ထုတ်ဖော်ခဲ့သူလို့ အများအသိအမှတ် ပြုခံရတဲ့ နိုင်ငံရေးသိပ္ပံပညာရှင် ကတော့ ဒတ်(ခ်ျ) လူမျိုး အာရန်းလစ်ဖာ့ Arend Lijphart (၁၉၃၆-) ဖြစ်ပါတယ်။ အာရန်းလိုက်ဖာ့ရေးသားပြီး Yale University က ၁၉၇၇ ခုနှစ်မှာ ထုတ်ဝေတဲ့ Democracy in Plural Societies: A Comparative Exploration စာအုပ်ဟာ ဒတ်ခ်ျ နိုင်ငံရေးစနစ်ကိုအခြေခံပြီး ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီကို သရုပ်ဖော်ထားတဲ့ ထင်ရှားတဲ့ စာအုပ်ဖြစ်ပါတယ်။ တချို့ ပညာရှင်တွေက သူနဲ့အနည်းငယ်ခြားနားတဲ့ သဘောထားတချို့ကိုတင်ပြခဲ့တာရှိပေမဲ့ ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီလို့ပြော ရင် ဘာလဲဟလို့သိချင်သူတွေက အာရန်းလစ်ဖာ့ရဲ့သီအိုရီကိုပဲ ရည်ညွန်းတာများပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ အာရန်းလစ်ဖာ့ ဖော်ထုတ်တင်ပြထားတဲ့ ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီရဲ့ ဝိသေသတွေကို အခြေခံပြီးတင်ပြပါမယ်။ အဲဒီ ဝိသေသတွေဟာ ဗဟုဝုဒ် လူ့အဖွဲ့အစည်းတစ်ခုအတွင်းက မတူကွဲပြားတဲ့ လူမျိုးတွေအချင်းချင်းလက်ဝါးကြီးအုပ်မှုကိုအတတ် နိုင်ဆုံးကာကွယ်ပြီး လူများစု၊ လူနည်းစု မခွဲခြားဘဲ နိုင်ငံရေးရာကိစ္စတွေမှာ မျှမျှတတပါဝင်ခွင့်ရအောင် အထူးစီမံ ထားတဲ့ နိုင်ငံရေးစနစ်တစ်ရပ်ကို ဖော်ထုတ်ထားတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီရဲ့ ဝိသေသများ
ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီမှာ အဓိကဝိသေသကြီး လေးရပ်ပါဝင်တယ်။ အဲဒါတွေကတော့ မဟာညွန့်ပေါင်းအစိုးရ (Grand Coalition)၊ တန်းတူရည်တူဗီတို (Mutual Veto)၊ အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation PR)၊ လူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ရေး (Segmental Autonomy) ဆိုတာတွေဖြစ်ပါတယ်။ အဲဒီဝိသေသလေးခုဟာ တစ်ခုကိုတစ်ခု အပြန်အလှန် အမှီသဟဲပြုပြီး၊ အပြန်အလှန် အထောက်အကူပြုပါနေပါတယ်။ ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီရဲ့ လေးချောင်း ထောက်ဖြစ်ပါတယ်။ တစ်ချက်ချင်းစီကို အတိုချုပ်ရှင်းလင်းတင်ပြသွားပါ့မယ်။
မဟာညွန့်ပေါင်းအစိုးရ- ဒီနေရာမှာ ညွန့်ပေါင်းအစိုးရဆိုတာကို အရင်ရှင်းဖို့လို့ပါတယ်။ နိုင်ငံရေးပါတီတစ်ခုက လွှတ် တော်မှာ အမတ်နေရာထက်ဝက်ကျော်အနိုင်မရလို့ အခြားပါတီ တစ်ခုသို့မဟုတ်တစ်ခုထက်ပိုတဲ့ပါတီတွေနဲ့ မဟာမိတ် လုပ်ပြီး အစိုးရဖွဲ့တာကို ညွန့်ပေါင်းအစိုးရ (coalition government) လို့ခေါ်တယ်။ အဲဒီညွန့်ပေါင်းအစိုးရမှာ အမတ်နေရာ အများဆုံးရထားတဲ့ ပါတီက ပါတီငယ်တွေကိုဖိတ်ခေါ်ရာမှာ လွှတ်တော်မှာအမတ်နေရာ ထက်ဝက်ကျော်ဖြစ်ဖို့ လိုအပ်တဲ့ အမတ်အရေအတွက်လောက်ပဲ ဖိတ်ခေါ်ပါတယ်။ သဘောက အမတ်အများဆုံး အနိုင်ရထားတဲ့ ပါတီကအစိုးရနေရာ အများစုကို ထိမ်းချုပ်ထားပြီး၊ ညွန့်ပေါင်းမဟာမိတ်ပါတီ(တွေ)ကိုတော့ အနည်းအကျဉ်းလောက်နေရာပေးပါတယ်။ ဒါကြောင့် အဲဒီနည်းနဲ့ဖွဲ့စည်းတဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ပါတီကြီးတစ်ခုက အစိုးရကိုလက်ဝါးကြီးအုပ် ထိန်းချုပ်ထားတာ တွေ့ရပါလိမ့် မယ်။ ဒါက သာမန်ညွန့်ပေါင်းအစိုးရတွေမှာတွေ့ရတဲ့ ပါတီကြီး-ပါတီငယ်ဆက်ဆံမှုအခြေအနေပါ။
မဟာညွန့်ပေါင်းဆိုတာက ဗဟုဝုဒ်လူ့အဖွဲ့အစည်းထဲက အဓိကကျတဲ့ နိုင်ငံရေးအင်အားစုတွေထဲက ဘယ်သူတစ်ဦး တစ်ယောက်ကမှ လက်ဝါးကြီးအုပ်ထိန်းချုပ်ထားတဲ့ အခြေအနေမျိုးမဟုတ်ဘဲ အင်အားသူမသာကိုယ်မသာ အနေအထား မျိုးနဲ့ပါဝင်တဲ့ အစိုးရဖွဲ့စည်းမှုပါ။ လူမျိုးတစ်မျိုး၊ နိုင်ငံရေးအင်အားစုတစ်စုက အုပ်ချုပ်ရေးအာဏာကို ထိန်းချုပ်တာမျိုးမဖြစ် အောင် တားမြစ်ဖို့လိုအပ်လို့ မဟာညွန့်ပေါင်းအစိုးရဆိုတာကိုကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီရဲ့ ဝိသေသတစ်ရပ်အနေနဲ့ ဖော်ထုတ်ကျင့်သုံးရခြင်းဖြစ်ပါတယ်။
တန်းတူရည်တူဗီတို- ဒီနေရာမှာ ဗီတို (veto)ရဲ့သဘောကို အရင်ဆွေးနွေးဖို့လိုလို့ပါတယ်။ ဒီမိုကရေစီဆိုတာ အများစုဆန္ဒအရ အုပ်ချုပ်ရေး (majority rule) ဖြစ်ပါတယ်။ အများစုဆိုရာမှာ ၅၁ ရာခိုင်နှုန်းကိုရည်ညွှန်းပါတယ်။ သဘော က ၄၉ ရာနှုန်းရဲ့သဘောထားကို ၅၁ ရာခိုင်နှုန်းအနိုင်ရတားတဲ့ အုပ်ချုပ်တဲ့သူတွေဘက်က လိုက်နာစရာမလိုတဲ့သဘောပါ။ ၅၁ ရာခိုင်နှုန်းသဘောထားနဲ့ ဆောင်ရွက်နေတာတွေကို ၄၉ ရာခိုင်နှုန်းက ဘာမှတားဆီးလို့မရတဲ့သဘောပါ။ ဒါပေမဲ့ ၄၉ ရာခိုင်နှုန်းထက်တောင်နည်းသေးတဲ့ ရာခိုင်နှုန်းတစ်ခုကို သူ့ထက်အများကြီးများတဲ့ ရာခိုင်နှုန်းနဲ့ လုပ်ဆောင်တာတွေကို လုပ် ဆောင်ခွင့်မရအောင် တားမြစ်ခွင့်ပေးလိုက်ရင် အဲဒါဟာ အများစုဆန္ဒကို အနည်းစုက ချေဖျက်နိုင်တဲ့ အာဏာ၊ တစ်နည်း ဗီတို အာဏာဖြစ်လာပါတယ်။ အကောင်းဆုံးဥပမာကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာရှိတဲ့ အမြဲတမ်းအဖွဲ့ဝင် ငါးဦးရဲ့ အာဏာပါ။ လေးဦး (၈ဝ %)က သဘောတူပေမဲ့ တစ်ဦးတည်း (၂ဝ%)က သဘောမတူပယ်ချရုံနဲ့ ကျန်လေးဦးရဲ့ သဘော ထားတွေကို တားဆီးပိတ်ဆို့ထားနိုင်တာပါ။ တစ်နည်းလေးဦးရဲ့ သဘောဆန္ဒနဲ့တစ်ဦးရဲ့ သဘောဆန္ဒကို တန်းတူရည် တူအဖြစ် သတ်မှတ်လိုက်တာပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေ ကျင့်သုံးခွင့်ရနေတဲ့ ဗီတိုအာဏာဟာ တန်းတူရည်တူဗီတို (mutual veto) ဖြစ်ပါတယ်။
အလားတူပဲ မဟာညွန့်ပေါင်းအစိုးရမှာ ပါဝင်နေတဲ့ နိုင်ငံရေးအင်အားစုတွေထဲမှာ အများကသဘောတူထားတဲ့ ကိစ္စဖြစ်သော်ငြားလည်း အင်အားစုတစ်ခုက သဘောမတူရင် ဆက်လုပ်ခွင့်မရှိ အများသဘောနဲ့ တစ်ယောက်အာဏာကို တန်းတူရည်တူဖြစ်အောင် လုပ်ထားပါတယ်။ သာမန်အားဖြင့် ဒါဟာ အများစုဆန္ဒအရ အုပ်ချုပ်ရေးဆိုတဲ့ ဒီမိုကရေစီမူနဲ့ ဆန့်ကျင်တယ်လို့ပြောလို့ရတယ်။ အများစုဆန္ဒအရ အုပ်ချုပ်ရေးဆိုတဲ့ ဒီမိုကရေစီမူဟာ အမြဲတမ်းအမှန်တရားနဲ့ တွဲနေတယ် လို့ သေချာပေါက် အာမခံလို့မရပါ။ အများညီ ‘ဤ’ကျွဲဖတ်ဆိုတာ များတိုင်းမှန်တာမဟုတ်ဘူးဆိုတာကို သတိပေးနေတဲ့ စကားပုံပါ။ ဒါကြောင့် ဗဟုဝုဒ်လူ့အဖွဲ့အစည်းတစ်ခုမှာ အများစုဆန္ဒဆိုပြီး အနည်းစုက အမြဲတမ်းအရှုံးပေးနေရတာမျိုးမဖြစ် အောင် ကာကွယ်ဖို့လိုအပ်လို့ တန်းတူရည်တူ ဗီတိုကိုကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီရဲ့ ဝိသေသတစ်ရပ်အနေနဲ့ ဖော်ထုတ် ကျင့်သုံးတာပါ။
အချိုးကျ ကိုယ်စားပြုစနစ်- ဥပဒေပြုလွတ်တော်အတွက်ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ မဲများသူနိုင်စတမ်း winner takes all စနစ်ဟာ နှာတဖျားအသာရသူက ကိုယ်စားပြုခွင့် သို့မဟုတ် နိုင်ငံရေးအာဏာ အကုန်ယူခွင့်ရသွားတဲ့ စနစ်ဖြစ်ပါ တယ်။ ၅၁ ရာခိုင်နှုန်း အနိုင်ရသူက ကျန် ၄၉ ရာခိုင်နှုန်းရဲ့ သဘောထားဆန္ဒတွေကို ဥပေက္ခာပြုနိုင်တဲ့ စနစ်ပါ။ အဲဒီစနစ်မှာ ရှုံးနိမ်တဲ့ ၄၉ ရာခိုင်နှုန်းဘက်က သဘောထားတွေ နစ်နာမှုဖြစ်ရပါတယ်။ တစ်နည်းအားဖြင့် လွှတ်တော်မှာ နိုင်ငံရေး ကိုယ်စားပြုခွင့် အလုံးစုံဆုံးရှုံးရပါတယ်။ အဲဒါမျိုး ဗဟုဝုဒ်လူ့အဖွဲ့အစည်းထဲမှာ ထပ်ခါထပ်ခါဖြစ်လာရင် နှာတဖျားနဲ့ အရှုံးပေးရ သူတွေအတွက် ရေရှည်မှာ နစ်နာမှုတွေပိုဖြစ် စေတယ်။ အဲဒါကိုကုစားဖို့ နည်းလမ်းတစ်ခုအနေနဲ့ လွှတ်တော် ရွေးကောက်ပွဲ တွေမှာ အချိုးကျကိုယ်စားပြုစနစ် (proportional representation, PR) တစ်မျိုးမျိုးကို ကျင့်သုံးခြင်းအားဖြင့် တစ်နိုင်ငံလုံး ဆန္ဒမဲထောက်ခံမှု အချိုးအစားအရ လူမျိုးစုအားလုံးရဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ကိုယ်စားပြုခွင့်ရတဲ့အတွက် နစ်နာမှုမရှိတော့ပါဘူး။
လတ်တလော နိုင်ငံရေးအခြေအနေတွေအရ မဲများသူနိုင်စတမ်းစနစ်ကို ကျင့်သုံးဖို့ ခိုင်ခိုင်မာမာပြောနေသူတွေက အချိုးကျ ကိုယ်စားပြုစနစ်ကို ပယ်ချနိုင်ပါတယ်။ မဲများသူနိုင်စတမ်းစနစ်လား၊ အချိုးကျ ကိုယ်စားပြုစနစ်လား ငြင်းခုံပွဲကြီး မြန်မာနိုင်ငံမှာ ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင်က အပြင်းအထန်ဖြစ်ခဲ့တာ အားလုံးအသိပါ။ လတ်တလော မြန်မာ့နိုင်ငံရေး အခြေအနေမှာ စစ်တပ်လွှမ်းမိုးမှုကို လျှော့ချနိုင်ဖို့၊ NLD အပြတ်အသတ် အနိုင်ရဖို့အတွက် မဲများသူနိုင်စတမ်းစနစ်ကို ကျင့်သုံးဖို့ အများကသဘောတူခဲ့ကြတယ်။ လတ်တလော နိုင်ငံရေးလိုအပ်ချက်က အရေးကြီးသလို ရေရှည်မှာလူများစု- လူနည်းစု ပြဿနာ သိသိသာသာကြီးဖြစ်နေတဲ့ မြန်မာ့ ဗဟုဝုဒ်လူ့အဖွဲ့အစည်းထဲက လူမျိုးစုတွေသဟဇာတဖြစ်အောင်နေ နိုင်ရေးကိုလည်း မျက်ခြည်မပြတ်သင့်ပါ။ အချိုးကျကိုယ်စားပြုစနစ်ဟာ မတူတဲ့လူမျိုးစုတွေ နိုင်ငံရေးမှာမျှတစွာ ကိုယ်စား ပြုခွင့်ရအောင် စီမံထားတဲ့ ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီရဲ့ အရေးကြီးဝိသေသတစ်ခုပါ။
လူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ရေး- မိမိအုပ်စုနဲ့သာဆိုင်တဲ့ အရာကိစ္စတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခြင်းအားဖြင့် နိုင်ငံ တော်အစိုးရရဲ့ ဗဟိုဦးစီးချုပ်ကိုင်မှု (centralization)ကို လျှော့ချပေးဖို့ လိုအပ်ပါတယ်။ ဗဟုဝုဒ်လူ့အဖွဲ့အစည်းရှိတဲ့ နိုင်ငံတွေ မှာတွေ့ရတဲ့ နိုင်ငံရေးပြဿနာတစ်ချို့ဟာ ဗဟိုအစိုးရချုပ်ကိုင်မှုများလို့ ဖြစ်လာရတာတွေပါ။ ဗဟိုချုပ်ကိုင်မှုများတဲ့ အုပ်ချုပ် ရေးစနစ်ဟာ အာဏာရှင်ပုံစံ တစ်မျိုးမျိုးကိုဦးတည်တယ်။ ဒီမိုကရေစီ အခြေခံသဘောတရားတစ်ခုက နိုင်ငံရေးအာဏာကို အောက်ခြေအထိ ဖြန့်ကြက်ထားရေးဖြစ်တယ်။ အုပ်စုလိုက် ကိုယ်ပိုင်အုပ်ချုပ်ရေးဟာ ဒီမိုကရေစီ သဘောတရားအတိုင်း အာဏာ ဖြန့်ကျက်ခြင်းအားဖြင့် ဗဟိုချုပ်ကိုင်မှုများလို့ဖြစ်ရတဲ့ နိုင်ငံရေးပြဿနာတွေကို ရှောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။
ဒီနေရာမှာ လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ရေးကို အများဆုံးပေးနိုင်တဲ့စနစ်ဟာ ဘာလဲမေးရင်၊ အဲဒါ ဖက်ဒရယ်စနစ် (federalism) ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်မှာ ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုအဖွဲ့ဝင် (ပြည်နယ် (State)၊ ကန်တွန် (canton)၊ ခရိုင် (Province) စတာတွေ)အကြားမှာ အာဏာခွဲဝေကျင့်သုံးရေးစနစ်ဖြစ်ပြီး ပြည်ထောင်စုအဖွဲ့ဝင်တွေ ကျင့်သုံး ခွင့်ရှိတယ်လို့ သတ်မှတ်ထားတဲ့ အာဏာတွေကို ဗဟို(ပြည်ထောင်စုအစိုးရ)ရဲ့ စွက်ဖက်မှုကင်းပြီး လွတ်လပ်စွာအုပ်ချုပ်ခွင့် ရတယ်။ အဲဒါကို ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတွေမှာ ပြည်ထောင်စုအဖွဲ့ဝင်တွေ ကျင့်သုံးခွင့်ရတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး (autonomy) လို့ခေါ်တယ်။ မြန်မာနိုင်ငံမှာက ပြည်ထောင်စုအဖွဲ့ဝင်တွေ ကျင့်သုံးခွင့်ရှိမယ့် အခွင့်အရေးကို ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် (self-determination)လို့ သတ်မှတ်သူတွေရှိတယ်။ တကယ်တော့ အောင်မြင်နေတဲ့ ကမ္ဘာ့ဖက်ဒရယ်နိုင်ငံကြီးတွေမှာ ပြည်ထောင်စုအဖွဲ့ဝင်တွေရဲ့ အခွင့်အရေးကို ကိုယ်ပိုင်အုပ်ချုပ်ရေးလို့ပဲ သတ်မှတ်တယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့ မသတ်မှတ် ဘူး။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဥပဒေရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးရှုထောင့်အဖုံဖုံက အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြပြီး အငြင်းပွား ဖွယ်ရာတွေလည်းပါနေတာကို ထောက်ပြကြတယ်။ အထင်ရှားဆုံး အငြင်းပွားဖွယ် ကိစ္စကတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တွဲနေ တဲ့ ခွဲထွက်ခွင့် (the right to session)ဖြစ်တယ်။ ကမ္ဘာ့ဖက်ဒရယ်နိုင်ငံကြီးတွေမှာ ပြည်နယ်တွေရဲ့ အခွင့်အရေးဟာ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ပါလို့ သတ်မှတ်ခြင်းမရှိသလို အခြေခံဥပဒေမှာ ခွဲထွက်ခွင့်ရှိတယ်လို့ ဖော်ပြတာမျိုးလည်းမရှိပါ။ ခွဲထွက် ခွင့်အထိ အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံနှစ်ခုကတော့ ပြိုကွဲသွားပြီဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုနဲ့ ၁၉၄၇ အခြေခံဥပဒေအရ ပြည်ထောင်စု မြန်မာနိုင်ငံပဲဖြစ်တယ်။
လူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတာ ဖက်ဒရယ်လို့ ဝေါဟာရအရ မရည်ညွှန်းပေမဲ့ အာဏာခွဲဝေကျင့်သုံးရေးရှိတဲ့ စနစ်ကို ပြောတာဖြစ်ပါတယ်။ လူမျိုးစုတွေကို ပြည်ထောင်စုအဖွဲ့ဝင် အဆင့်တစ်မျိုးမျိုးသတ်မှတ်ပြီး၊ မိမိတို့နဲ့သာသက် ဆိုင်တဲ့ ကိစ္စတွေမှာ ဗဟိုအစိုးရရဲ့ စွက်ဖက်မှုကင်းစွာ အုပ်ချုပ်ခွင့်ပေးရေးဖြစ်ပါတယ်။
အထက်က တင်ပြခဲ့တဲ့ ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီရဲ့ ဝိသေသကြီးလေးရပ်ဟာ အပြန်အလှန် အမှီသဟဲပြု၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံအတွက် မစဉ်းစားသင့်ဘူးလား
နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာ လန် အပါအဝင် ဥရောပနိုင်ငံတချို့မှာ ကွန်ဆိုဆီရေးရှင်း ဒီမိုကရေစီကို အောင် အောင်မြင်မြင် ကျင့်သုံးနေကြပါတယ်။
လတ်တလောနိုင်ငံရေး အခြေအနေကို ဦးစားပေးစဉ်းစားရာမှာ စစ်တပ်နိုင်ငံရေးစွက်ဖက်မှု လျှော့ချရေး၊ NLD အပြတ်အသတ် အနိုင်ရရေးဆိုတာတွေအပြင်၊ နက်ရှိုင်းတဲ့ နိုင်ငံရေးပြဿနာတွေရှိနေလစ်လျုရှုလို့မရပါ။ လွတ်လပ်ရေးနဲ့ အတူမွေးဖွားလာတဲ့ ပြည်တွင်းစစ်ကြီးဟာ မြန်မာ့ ဗဟုဝုဒ်လူ့အဖွဲ့အစည်းထဲမှာ လူနည်းစု- လူများစု သဟဇာတဖြစ်အောင် နေနိုင်မယ့် စနစ်မဖော်ဆောင်နိုင်လို့ဖြစ်ရတဲ့ စစ်ပွဲကြီးပါ။ ၂၁ ရာစုပင်လုံညီလာခံကြီးဆိုတာ ပြည်တွင်းစစ်ပွဲကြီးကို အဆုံး သတ်ပြီး၊ ငြိမ်းချမ်းရေးဖော်ဆောင်၊ အနာဂတ်မှာ မြန်မာ့ ဗဟုဝုဒ်လူ့အဖွဲ့အစည်းအတွင်းက လူမျိုးစုတွေ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေနိုင်မယ့် နိုင်ငံရေးစနစ်တရပ်အတွက် အဖြေရှာနေတဲ့ မဟာလုပ်ငန်းစဉ်ကြီးလို့ ဆိုချင်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲခဲ့တာ အရင်ကလည်း တွေ့ခဲ့ဘူးပါတယ်။ ဒါပေမဲ့ ရေရှည်ခံတဲ့ တကယ့် ငြိမ်းချမ်းရေး မဖြစ်လာခဲ့ပါဘူး။ အရင်က ကြုံခဲ့တဲ့ ငြိမ်းချမ်းရေးတွေက တဖက်ဖက်က လူလည်ကျလိုတဲ့ အစီအမံတွေ ပါနေလို့ ပြန်ပျက်ခဲ့ရတာပါ။ ဦးသိန်းစိန်အစိုးရလက်ထက်ကစတင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လက်ရှိ NLD အစိုးရ က နောက်တစ်ဆင့်တက် အရှိန်မြှင့်လုပ်ဆောင်နေတာ အတိုင်းအတာတစ်ခုအထိ ခရီးရောက်နေပြီလို့ ယုံကြည်သူတွေ ရှိပါ တယ်။ သို့သော် ပန်းတိုင်ရောက်ဖို့ အလှမ်းဝေးပါသေးတယ်။ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတာ မခက်ပါဘူး။ အားလုံးလည်း ခြေကုန်လက်ပန်းကျနေကြပါပြီ။ သို့သော် အဲဒီငြိမ်းချမ်းရေး ရေရှည်ခံမလားဆိုတာက မြန်မာ့ ဗဟုဝုဒ်လူ့အဖွဲ့အစည်းနဲ့ ကိုက်ညီမယ့် နိုင်ငံရေးစနစ်တစ်ရပ်ကို အများသဘောတူ consensus နည်းနဲ့ ဖော်ထုတ် နိုင်မလား ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
မြန်မာ့ဗဟုဝုဒ် လူ့အဖွဲ့အစည်းအတွက် သင့်တော်မယ့် နိုင်ငံရေးစနစ်ကိုစဉ်းစားရာမှာ ကွန်ဆိုဆီးရေးရှင်း ဒီမိုကရေစီ ဟာလည်း စဉ်းစားသင့်တဲ့ စနစ်ပါ။
ခင်မောင်ဝင်း