စက်မှုဇုန်ဥပဒေ အသက်ဝင်ပါစေ

photo: wartsila.com

လွန်ခဲ့တဲ့နှစ်က လွှတ်တော်ကို တင်သွင်းခဲ့တဲ့ စက်မှုဇုန်ဥပဒေကြမ်းဟာ လွှတ်တော်အသီးသီးမှာ တစ်နှစ် လောက်ကြာပြီးတဲ့နောက် မေလ (၂၆ ) ရက်နေ့မှာတော့  ဥပဒေတစ်ရပ်အဖြစ် အသက်ဝင်ခဲ့ပါပြီ ။ ဒီဥပဒေဟာ မြန်မာနိုင်ငံမှာ မရှိသေးတဲ့ ဥပဒေတစ်ရပ်ဖြစ်ပြီး အခုချိန်ထိ ကသောင်းကနင်းဖြစ်နေတဲ့ စက်မှုဇုန်တွေကို ပြန် လည် နလံထစေနိုင်တဲ့ အချက်တွေ ၊ ထပ်ပြီးပေါ်ပေါက်လာနိုင်တဲ့ စက်မှုဇုန်တွေကို အသွင်သစ်အမြင်သစ်နဲ့ တွေ့ရမယ့် ပြဋ္ဌာန်းချက်တွေ ပါဝင်လာတဲ့အတွက် ယေဘုယျအားဖြင့်တော့ ကြိုဆိုရမယ့်ဥပဒေတစ်ရပ်လို့ ဆို နိုင်ပါတယ် ။ ဒါပေမဲ့ ဒီနိုင်ငံမှာ ဖြစ်နေကျအတိုင်း ဥပဒေတွေတစ်ခုပြီးတစ် ထွက်လာနေပေမယ့် ပြဋ္ဌာန်းလိုက် တဲ့ဥပဒေတစ်ရပ်ဟာ လက်တွေ့နဲ့ အံဝင်ဂွင်ကျဖြစ်ပါ့မလား ၊ ဥပဒေထွက်သွားပေမယ့် အဲဒီဥပဒေကို လက် တွေ့အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့ နည်းပဒေ သတ်မှတ်ချိန်အတိုင်း မပြဋ္ဌာန်းနိုင်တဲ့အတွက် အချို့ ဥပဒေတွေလိုပဲ ဇတ်မျောကြီး ဖြစ်နေမလား ဆိုတာတွေကတော့ စောင့်ကြည့်ရဦးမယ့် အနေအထားမျိုးပါ ။

ယိုင်နဲ့နဲ့ စက်မှုဇုန်များ

မြန်မာနိုင်ငံမှာ၁၉၉၀ ပြည့်လွန်ကာလတွေက  မြို့ကြီးအတော်များများမှာ စက်မှုဇုန်တွေ တည်ထောင်ခဲ့ပါ   တယ် ။ စက်မှုကဏ္ဍဖွံဖြိုးစေဖို့ ၊ ပြည်ပပို့ကုန်တွေ ပိုမိုတင်ပို့နိုင်ဖို့ ၊ ပြည်တွင်းအစားထိုးသွင်း ကုန်လုပ်ငန်းတွေ ထုတ်လုပ်နိုင်ဖို့ နဲ့ အလုပ်အကိုင်အခွင့်အလန်းတွေ ဖန်တီးနိုင်ဖို့ ဆိုတဲ့ စကားလုံးလှလှလေးတွေသုံးပြီး ရည်ရွယ် ခဲ့ကြတာပါ ။  ဒါပေမဲ့ အဲဒီတုန်းက တည်ထောင်ခဲ့တဲ့ စက်မှုဇုန်တွေဟာ စနစ်တကျကြိုတင်ပြင်ဆင်ပြီး လုပ်ခဲ့ကြ တာမျိုး မဟုတ်ပါဘူး ။ မူလပိုင် ရှင်တွေဆီက မြေယာတွေ အတင်းအဓမ္မသိမ်းယူပြီး အကွက်ရိုက် နေရာချထား ပေးခဲ့တာပါ ။ ဒါကို မြို့ပြနဲ့အိုးအိမ်ဦးစီးဌာနက တာဝန်ယူပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့  ကိုယ်ထူကိုယ်ထ စိုက် ထုတ်မှုနဲ့ လုပ်ခဲ့ကြရတာဖြစ်ပါတယ် ။

အဲဒီတုန်းက စက်မှုဇုန်ဆိုင်ရာဥပဒေတစ်ရပ် သီးသန့်မပြဋ္ဌာန်းဘဲ စက်မှုဇုန်တွေကို စီမံခန့်ခွဲနိုင်အောင်  ၁/၉၇ အမိန့်ညွှန်ကြားချက် တစ်စောင်ထုတ်ပြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ၊ ဗဟိုအဆင့်နဲ့ ပြည်နယ်အဆင့် စက် မှုဇုန် ကြီးကြပ်ရေးကော်မတီ တွေကို ဖွဲ့စည်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ် ။ အခုချိန်မှာတော့ ဒီလုပ်ငန်းတွေကို သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ ဦးဆောင်တဲ့  ဗဟိုစက်မှုလက်မှု တိုးတက်ရေး ကော် မတီ၊ ခရိုင်အထွေထွေအတွင်းရေးမှူး ဦး ဆောင်တဲ့ ကြီးကြပ်မှုကော်မတီနဲ့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီတွေ က ကြီးကြပ်နေတာဖြစ်ပါတယ် ။

အဲဒီတုန်းက တည်ထောင်ခဲ့တဲ့ စက်မှုဇုန်တွေဟာ အခုဆိုရင် နှစ်ပေါင်း(၃၀)နီးပါးရှိနေပါပြီ ။ အခုချိန်ထိဆိုရင်  တည်ထောင်ပြီး စက်မှုဇုန်ပေါင်း (၆၀) လောက်ရှိပါတယ် ။ ရန်ကုန်တိုင်းဒေသကြီး တစ်ခုထဲမှာ ရန်ကုန်မြို့တစ်ခု တည်းမှာ စက်မှုဇုန် ၂၉ ဇုန်ရှိပြီး အဲဒီထဲမှာ တိုးချဲ့ တည်ဆောက်ဆဲစက်မှုဇုန် (၆) ခုနဲ့  အထူးစီးပွားရေးဇုန် (၃) ခုလည်းပါဝင်ပါတယ် ။ အထူးစီးပွားရေးဇုန် (၃) ခုဆိုတာကတော့  ရန်ကုန်တိုင်း ဒေသကြီးမှာရှိတဲ့ သီလဝါ အထူးစက်မှုဇုန် ၊ ရခိုင်ပြည်နယ်က ကျောက်ဖြူစက်မှုဇုန် နဲ့ တနင်္သာရီတိုင်း ဒေသကြီးမှာရှိတဲ့ ထားဝယ်စက်မှု ဇုန် ဖြစ်ပါတယ် ။ ဒါပေမဲ့ ဆယ်စုနှစ်သုံးစုလောက် သက်တမ်းရှိနေပြီဖြစ်တဲ့ အဲဒီစက်မှုဇုန်တွေဟာ သီလဝါစက်မှု ဇုန်ကလွဲပြီး ကျန်တဲ့ဇုန်တွေအားလုံးနီးပါးဟာ အခုချိန်ထိ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတုန်းပဲဆိုတာကို မီဒီယာအသီးသီးမှာ ဖော်ပြနေကြတဲ့ သတင်းတွေ ၊ လွှတ်တော်တွင်း မေးမြန်းဆွေးနွေးချက်တွေ ၊ အစီရင်ခံစာ တွေ ၊ စစ်တမ်းတွေကို ကြည့်ရုံနဲ့ သိနိုင်ပါတယ် ။

“စက်မှုဇုန်အားလုံးနီးပါးဟာ လျှပ်စစ်မီးပုံမှန်မရလို့ စက်ရုံတွေအနေနဲ့ ကိုယ်ထူကိုယ်ထလျှပ်စစ် ဓာတ်အားရအောင် လုပ်ဆောင်ကြရပါတယ် ။ ရေသန့် မရရှိနိုင်သေးတဲ့အပြင် ဇုန်အတွင်းမှာရှိတဲ့ လမ်းတွေ ၊ ရေနုတ်မြောင်းတွေ အလွန်အမင်းပျက်စီးနေပြီး စည်းကမ်းမဲ့ ကျုးကျော် နေထိုင်သူတွေကြောင့်         ရေစီးရေလာ ပျက်ယွင်းနေတာတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်”

အထူးသဖြင့် စက်မှုဇုန်အားလုံးနီးပါးဟာ လျှပ်စစ်မီးပုံမှန်မရလို့ စက်ရုံတွေအနေနဲ့ ကိုယ်ထူကိုယ်ထလျှပ်စစ် ဓာတ်အားရအောင် လုပ်ဆောင်ကြရပါတယ် ။ ရေသန့် မရရှိနိုင်သေးတဲ့အပြင် ဇုန်အတွင်းမှာရှိတဲ့ လမ်းတွေ ၊ ရေနုတ်မြောင်းတွေ အလွန်အမင်းပျက်စီးနေပြီး စည်းကမ်းမဲ့ ကျုးကျော် နေထိုင်သူတွေကြောင့် ရေစီးရေလာ ပျက်ယွင်းနေတာတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ် ။ ပြီးတော့ ကျုးကျော်သူအချို့က စက်ရုံရှေ့ တဲထိုးပိတ် ဆို့ပြီး မင်းမဲ့စရိုက်ဆန်ဆန် ပြုမူနေတာတွေကိုလည်း မကြာခဏကြားရတတ်ပါတယ် ။

ဝိသမလောဘသား တွေက ဇုန်တွေအတွင်း အမှန်တကယ် စက်ရုံမဆောက်ဘဲ မြေဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ ၀ယ်လှောင်ထားတဲ့ မြေကွက်လပ်တွေ အများအပြား တွေ့နေရဆဲပါ ။ ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ စက်မှုဇုန် အများစုဟာ မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့ပါဘူး ။ ကုန်ထုတ်လုပ်မှုကျဆင်းပြီး ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတဲ့ အခြေအနေနဲ့ အခုလိုနှစ်ပေါင်းများစွာ ရပ်တည်နေရတာဖြစ်ပါတယ်။

စက်မှုဇုန်ဥပဒေ

စက်မှုဇုန်ဥပဒေကြမ်းကို အများပြည်သူတွေ သိရှိလေ့လာပြီး ပြည်ထောင်စုလွှတ်တော်ရုံးသို့ အကြံပြုနိုင်ဖို့ဆိုပြီး မနှစ် မေလဆန်းမှာ နိုင်ငံပိုင်သတင်းစာတွေကတဆင့် ဖော်ပြခဲ့တာဖြစ်တဲ့အတွက် တစ်နှစ်တင်းတင်း ပြည့်တဲ့ အချိန်မှာ ဥပဒေဖြစ်လာတာပါ ။ ဒီဥပဒေမှာ အခန်းပေါင်း(၂၀) ၊ ပုဒ်မပေါင်း (၇၅)ခုပါရှိပြီး အဓိကအနေနဲ့ စက်မှု လုပ်ငန်းနဲ့ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ ဒေသဆိုင်ရာကော်မတီ ၊ စီမံခန့်ခွဲရေးကော်မတီ  ဖွဲ့ စည်း ခြင်း ၊ စက်မှုဇုန်သတ်မှတ်ကြေညာခြင်း၊ တည်ထောင်ခြင်း၊ ရင်းနှီးတည်ဆောက်သူ၊ ရင်းနှီးမြှုပ်နှံသူတို့၏ တာဝန် နှင့် လုပ်ပိုင်ခွင့်၊ကင်းလွတ်ခွင့်များ၊ မြေအသုံးပြုခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံဆောင်ရွက်ခြင်း ၊ ၀င်ငွေခွန် ကောက်ခံခြင်း ၊ စက်မှုဇုန်လုပ်ငန်းများအား အခွင့်အရေး ခံစားခွင့်ပြုခြင်း ၊ စက်မှုဇုန်များအောင်မြင်စွာ လည်ပတ် လုပ်ကိုင်နိုင်ရန် စီမံဆောင်ရွက်ခြင်း ၊ စီမံခန့်ခွဲမှုဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း ၊ စီမံခန့်ခွဲရေး ဆိုင်ရာ ပြစ် ဒဏ်ချမှတ်ခြင်းနှင့်အယူခံခြင်း ၊ တားမြစ်ချက်များ နှင့် ပြစ်ဒဏ်များ စတဲ့ကဏ္ဍတွေပါဝင်တဲ့အတွက် အတော်လေးပြည့်စုံတဲ့ ဥပဒေတစ်ရပ်လို့ဆိုနိုင်ပါတယ် ။

စက်မှုဇုန်တွေအားလုံးကို ကြီးကြပ်ကွပ်ကဲမယ့် စက်မှုလုပ်ငန်းနဲ့ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ပြည်ထောင်စုဝန်ကြီးတစ်ဦးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူမှာဖြစ်ပြီး အဖွဲ့ဝင်(၁၅) ဦးထက်မပိုတဲ့ ဗဟိုကော်မတီက ဒေသဆိုင်ရာကော်မတီကို ဖွဲ့စည်းမှာဖြစ်ပါတယ် ။ ပြည်နယ်နဲ့တိုင်းဒေသကြီးက ၀န်ကြီးတစ်ဦးဦးက ဥက္ကဋ္ဌ အဖြစ်တာဝန်ယူတဲ့   ဒေသဆိုင်ရာကော်မတီက သူတို့နယ်မြေအတွင်းမှာရှိတဲ့ စက်မှုဇုန်တွေကို ဖော်ဆောင်ကြီး ကြပ်ကြမှာဖြစ်ပါတယ် ။ စက်မှုဇုန်အလိုက် စီမံခန့်ခွဲရေးကော်မတီတွေ ရှိမှာဖြစ်ပြီး ဗဟို ၊ ဒေသဆိုင်ရာ ကော်မ တီ နဲ့ ဇုန်စီမံခန့်ခွဲရေးကော်မတီတွေရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်ကိုလည်း ဒီဥပဒေမှာ သတ်မှတ်ပေးထားပါတယ် ။

စက်မှုဇုန်မြေအသုံးချမှု

စက်မှုဇုန်တွေနဲ့ ပတ်သက်လာရင် အကြီးမားဆုံးပြဿနာက မြေအသုံးချမှုကိစ္စပါ ။ အထူးသဖြင့် စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ အနီးပတ်ဝန်းကျင်က စက်မှုဇုန်မြေကွက်တွေဟာ မြေဈေးကစားနေသူတွေရဲ့ လက် ထဲမှာစုပုံလို့  ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာ ဒီကနေ့အထိပါပဲ ။ တိုင်းဒေသကြီးအစိုးရက  စက်မှုဇုန် တွေမှာရှိတဲ့ မြေကွက်လွတ်တွေကို ခြောက်လအတွင်း လုပ်ငန်းလုပ်ဆောင်ခြင်း မရှိဘူးဆိုရင် အဲဒီ မြေကွက် တွေကို ပြန်လည်သိမ်းယူမယ်လို့ အရင်က စီစဉ်တာတွေရှိပေမယ့် ဘယ်လိုမှ အကောင်အထည် မဖော်နိုင်ခဲ့ ပါဘူး ။ ဒါကြောင့် စက်မှုဇုန်မြေကွက်ဈေးနှုန်းတွေ ခေါင်ခိုက်နေတဲ့ကိစ္စဟာ  ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူ တွေအတွက် အတားအဆီးတစ်ရပ် ၊ ပြီးတော့ စက်မှုဇုန်တွေ မဖွံ့ဖြိုးရခြင်းရဲ့ အခြေခံကျတဲ့အကြောင်းတရား တစ်ရပ် ဖြစ်ပါတယ် ။

ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ ပြဋ္ဌာန်းချက်အဖြစ် စက်မှုဇုန် ၊တည်ထောင်ပြီး စက်မှုဇုန်အတွင်း လုပ်ငန်း လုပ်ကိုင်ခြင်းမရှိတဲ့ မြေကွက်တွေကို စက်မှုဇုန်အဖြစ် သတ်မှတ်ကြေညာတဲ့နေ့မှစပြီး ခြောက်လအတွင်း ပြီးစီး အောင် မလုပ်ကိုင်နိုင်ဘူးဆိုရင် မြေကာလတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမှာဖြစ်ပါ တယ် ။ ဒဏ်ကြေးမပေးဆောင်နိုင်ဘူးဆိုရင် မြေအသုံးပြုခွင့်ပါမစ် ဒါမှမဟုတ် ဂရန်ကို ရုပ်သိမ်းခံရမှာဖြစ်ပါ တယ် ။ ဆက်ပြီးနေထိုင်အသုံးပြုနေမယ်ဆိုရင် ခြောက်လထက်မပိုတဲ့ ထောင်ဒဏ်ကို ချမှတ်ခံရမှာဖြစ်ပြီး ငွေဒဏ်လည်း ချမှတ်ခံရမှာဖြစ်ပါတယ် ။ ဒီပြဋ္ဌာန်းချက်ကြောင့် စက်မှုဇုန်တွေမှာ မြေ၀ယ်ပြီး ဈေးကစားနေတဲ့ ကိစ္စတွေကို ရပ်တန့်သွားနိုင်ပါတယ် ။

ဒါ့ပြင် ရင်းနှီးမြှုပ်နှံသူ ဒါမှမဟုတ် ရင်းနှီးတည်ဆောက်သူတွေဟာ မိမိတို့အသုံးပြုခွင့်ရထားတဲ့မြေကို သတ်မှတ် ထားတဲ့ စည်းကမ်းတွေနဲ့အညီ အသုံးပြုရမှာဖြစ်ပါတယ် ။ မြေရဲ့သဘာဝမျက်နှာပြင်ကို အနိမ်အမြင့်ကို သက် ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီရဲ့ ခွင့်ပြုချက်မရဘဲ သိသာထင်ရှားအောင် ပြုပြင်ပြောင်းလဲလို့ မရပါဘူး။ အခြားတစ်ယောက်ယောက်ကို မြေငှားရမ်းတာ ၊ လက်လွှဲရောင်းချတာ ၊ လဲလှယ်တာ ၊ ပေးကမ်းတာတွေ ကို လည်း သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှတစ်ဆင့် ဒေသဆိုင်ရာကော်မတီကိုတင်ပြပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ရမှာဖြစ်ပါတယ် ။ ဒါတွေကို ဖောက်ဖျက်တယ်ဆိုရင်တော့ အနည်း ဆုံး ငွေဒဏ် ၅၀ မှ အများဆုံး သိန်း ၁၀၀ အထိပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ် ။

စက်မှုဇုန်တွေထဲမှာ မကြာခဏဖြစ်နေတဲ့ ကျူးကျော်တွေကိစ္စကိုလည်း ဒီဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းထားပါ တယ် ။ ဘယ်သူမဆို စက်မှုဇုန်အတွင်း ကျူးကျော်နေထိုင်တာ ၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦဆောက်တာ ၊ လမ်းဖောက်တာတွေကို ကျူးလွန်ရင် သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ကိုချမှတ်ခံရမှာဖြစ်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ် ။ စက်မှုဇုန်အတွင်း မြေငှားရမ်းမှုတွေကို ကနဦးမှာ နှစ် ၅၀ ၊ တဆက်တည်း ၁၀ နှစ်သက် တမ်း နှစ်ကြိမ်အထိ သက်တမ်းတိုးနိုင်တဲ့ အခွင့်အရေးတွေ ရရှိမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ စွန့်ပစ်ပစ္စည်းနဲ့ ဘေးအန္တရာယ်ရှိစေနိုင်တဲ့ ပစ္စည်းတွေ  စနစ်တကျစွန့်ပစ်ရမယ့် အစီအစဉ်တွေလည်း ပါဝင်ပါ တယ် ။

နိဂုံး

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးဖို့ဆိုရင် စက်မှုကဏ္ဍတိုးတက်ရေးက မဖြစ်မနေလိုအပ်ချက် တစ်ရပ်ပါ ။ နိုင်ငံတချို့ဖွံ့ဖြိုးမှု လမ်းကြောင်းပေါ်ကို ရောက်လာတာကို ကြည့်ရင် သူတို့နိုင်ငံအနေနဲ့ စက်မှုကဏ္ဍ ၊ အိုင်တီနည်းပညာကဏ္ဍ စတဲ့ သမရိုးကျလမ်းကြောင်းပေါ်ကခွဲထွက်ပြီး အခြေခံအဆောက်အအုံတွေကို နိုင်နိုင်နင်းနင်းနဲ့ အခြေချလာကြ လို့သာ ဒီအနေအထားကို ရောက်လာကြတာပါ ။ ဒီလိုဖြစ်ဖို့ဆိုရင်လည်း မူဝါဒတွေ ၊ လုပ်ထုံးလုပ်နည်းတွေ ပြောင်းလွယ်ပြင်လွယ်ဖြစ်ဖို့ လိုအပ်သလို စက်မှုဇုန်တွေ အားကောင်းမောင်းသန် ဖြစ်နေဖို့လည်း လိုအပ်ပါ သေးတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ စက်မှုဇုန်တွေကို နိုင်ငံတ်ာရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင် တွေနဲ့အညီ စနစ်တကျ စီမံလုပ်ကိုင်နိုင်မယ်ဆိုရင် ဈေးကွက်အရ ယှဉ်ပြိုင်နိုင်တဲ့ စက်မှုလုပ်ငန်းတွေ ဖြစ်လာပြီး ရေရှည်ဖွံ့ဖြိုးမှုအတွက်လည်း အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ် ။

အရေးကြီးဆုံးကတော့ စက်မှုဇုန်ဥပဒေဟာ မြန်မာနိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေ ရေရှည်ဖွံ့ဖြိုးစေဖို့အတွက် ရေခံ မြေခံကောင်း ဖြစ်လာနိုင်လာပေမယ့်လည်း  ဒီဥပဒေကို အမြန်ဆုံးအသက်ဝင်အောင် ဘယ်လိုပုံဖော်ကြမလဲ ဆိုတဲ့အချက်ပါ ။

လွှတ်တော်ကပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေ ဘယ်လိုပဲ ကောင်းကောင်း ဥပဒေကို အကောင် အထည်ဖော်ဖို့တာဝန်ရှိတဲ့ အင်စတီကျူးရှင်းတွေ အလုပ်မလုပ်ဘူးဆိုရင် ဒါမှမဟုတ် စွမ်းဆောင်ရည် မပြည့်ဝ ဘူးဆိုရင် ဒါမှမဟုတ် အဂတိတရားတွေ မကင်းဘူးဆိုရင် ဒီဥပဒေဟာ အဟောသိကံ ဖြစ်နေဦးမှာပါပဲ ။  မူဘောင်အရ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေတစ်ရပ်ကို နိုင်ငံတော်သမ္မတ လက်မှတ် ထိုးထုတ်ပြန် ပြဋ္ဌာန်းပြီး ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေရေးဆွဲ ထုတ်ပြန်ရမှာဖြစ်ပါတယ် ။ နည်း ဥပဒေရှိ လာပြီဆိုရင် ဒီဥပဒေကို အသက်သွင်းနိုင်ပါပြီ ။ တည်ထောင်ပြီးတဲ့စက်မှုဇုန်တွေကို စက်မှုဇုန်အဖြစ် သတ်မှတ် ကြေညာပြီး မူဘောင်နဲ့ လုပ်ကိုင်နိုင်ပါပြီ ။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ စက်မှုဇုန်ဥပဒေ အမြန်ဆုံးသက် ၀င်လာအောင် ကြိုးပမ်းအားထုတ်သင့်ပါတယ် ။ ဒီလိုမှမဟုတ်ဘဲ နည်းဥပဒေထွက်ဖို့ နေ့ရွှေ့ညရွှေ့လုပ် နေမယ် ၊ နှောင့်နှေးနေဦးမယ် ဆိုရင်တော့ အမိန့်ညွှန်ကြားချက်တွေနဲ့ စခန်းသွားနေရတဲ့ ဒုံရင်းအခြေအနေကို တစ်ပတ် လည်သွားနိုင်ပါတယ် ။     ။

မောင်ဒိုး (ကံပေါက်)