စည်းနှောင်အားကောင်းဖို့လိုတဲ့ အခြေခံပညာရေးဥပဒေ

မောင်ဒိုး(ကံပေါက်)

အခြေခံပညာရေးကဏ္ဍရဲ့ တည်ဆဲဥပဒေဟာ ၁၉၇၃ ခုနှစ်ကတည်းကပြဋ္ဌာန်းခဲ့တဲ့ အခြေခံပညာရေး ဥပဒေပါ။ ဒီဥပဒေဟာ တစ်ပါတီအာဏာရှင်စနစ်ရဲ့ ဦးဆောင်မှုအောက်မှာ ရေးဆွဲထားတာဖြစ်တဲ့အတွက် ဗဟို ချုပ်ကိုင်မှုလွန်လွန်ကဲကဲဖြစ်နေတယ်ဆိုတာကတော့ အထူးပြောစရာတောင်မလိုတော့ပါဘူး။ ဒါပေမဲ့ မြန်မာနိုင် ငံမှာ ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့ကိုက်ညီမယ့် ပညာရေးစနစ်လိုအပ်နေတာကြောင့် အစိုးရကလည်း သက် ဆိုင်ရာကဏ္ဍအလိုက် ပညာရေးဥပဒေတွေ ထွက်ပေါ်လာဖို့ကြိုးပမ်းနေတာ တွေ့ရပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ အမျိုးသားပညာရေးဥပဒေကို ပြဋ္ဌာန်းပြီးနောက်ပိုင်းမှာ နောက်ဆက်တွဲဥပဒေတွေဖြစ်တဲ့ အခြေခံပညာရေးဥပ ဒေ၊ ပုဂ္ဂလိကပညာရေးဥပဒေ၊ နည်းပညာနှင့်သက်မွေးပညာဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ ဥပဒေမူကြမ်းတွေကိုလည်း အများပြည်သူတွေ လေ့လာအကြံပြုနိုင်အောင် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပြီးဖြစ်ပါတယ်။

 

ပညာရေးမူဝါဒအပြောင်းအလဲ

အစိုးရသစ်လက်ထက် ပညာရေးကဏ္ဍမှာ မူဝါဒတွေကိုပြောင်းလဲဖို့ ကြိုးပမ်းနေတာကိုတော့ အားလုံးက လက်ခံရမယ့်ကိစ္စပါ။ အထူးသဖြင့်အစိုးရဟာ ရွေးကောက်ပွဲကတိအတိုင်း မူလတန်းအရွယ်ကလေးတိုင်း ကျောင်းတွင်းမူလတန်းပညာရေးကို ပြီးဆုံးအောင်မြင်စေရေး၊ ဆရာနဲ့ကျောင်းသားအချိုးမျှတစေရေး၊ ဖွံ့ဖြိုးမှု အားနည်းတဲ့ဒေသတွေနဲ့ကျောင်းလိုအပ်ချက်အပေါ် ဦးစားပေးတိုးမြှင့်ဖွင့်လှစ်ရေးတွေကို အကောင်အထည် ဖော်နေတာတွေ့ရပါတယ်။ ပြီးတော့ ကျောင်းသားတွေအပေါ်ဆန်းစစ် အကဲဖြတ်ချက်တွေကိုလည်းတော်၊ သင့်၊ ညံ့အလိုက် A အဆင့်၊ B အဆင့်၊ C အဆင့်၊ D အဆင့်တွေ သတ်မှတ်ပြီး ကေဂျီ အတန်းကို ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှာစပြီး ကျင့်သုံးခဲ့တယ်။ စာမေးပွဲစစ်ဆေးမှုထက်ဝက်လျှော့ချပြီး တစ်နှစ်ကိုလေးကြိမ်သာ စစ် ဆေးဖို့ စီစဉ်ဆောင်ရွက်နေတာတွေကိုလည်းတွေ့ရပါတယ်။ ပညာရေးဘတ်ဂျက်တွေကိုလည်း တစ်နှစ်ထက် တစ်နှစ်တိုးမြှင့်သုံးနေပြီး စာသင်ကျောင်းအသစ်တွေဖွင့်လှစ်တာ၊ ဥပဓိရုပ်မကောင်းတဲ့ကျောင်းတွေကို အသစ် ပြန်ဆောက်တာတွေလည်းရှိပါတယ်။ ဒါတွေက ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေအတွက် ကြိုးပမ်းအား ထုတ် မှုလို့ဆိုရမှာဖြစ်ပြီး အနှစ်သာရပိုင်းဆိုင်ရာအပြောင်းအလဲကတော့ ခေတ်စနစ်နဲ့လိုက်လျောညီထွေရှိတဲ့ ပညာ ရေးဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းရေးပါ။

တကယ်တော့ မှန်ကန်တဲ့ပညာရေးမူဝါဒဆိုတာ လက်ရှိကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်နဲ့လိုက် လျောညီ ထွေရှိစေမယ့်မူဝါဒဖြစ်ပြီး  ဒီမိုကရေစီနည်းကျစီမံအုပ်ချုပ်ရေး၊ လူ့အခွင့်အရေးကိုလေးစားတဲ့ ပညာရေး၊ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့်အဖြေရှာတဲ့ပညာရေး၊ မတူကွဲပြားမှုတွေကိုလက်ခံပြီး အတူယှဉ်တွဲနေထိုင်ခြင်းဆိုင်ရာ ပညာ ရေး၊ အလွတ်ကျက်မှတ်ခြင်းထက်ဝေဖန်ပိုင်းခြားမှုကို အလေးထားတဲ့ ပညာရေး၊ သုတေသနလုပ်ငန်းကို အခြေ ခံတဲ့ပညာရေးမူဝါဒ၊ ကျောင်းဗဟိုပြုပညာရေး၊ ဘဝတစ်သက်တာ ပညာသင်ယူမှုကို အခြေပြုတဲ့ပညာရေး၊ ရေတိုအကျိုးရလဒ်ထက်ရေရှည်အကျိုးရလဒ်ကိုမျှော်မှန်းပြီး ရင်းနှီးမြှုပ်နှံတဲ့ ပညာရေးစတဲ့ အခြေခံအချက်တွေ ပါဝင်ဖို့လိုပါတယ်။

လက်ရှိအခြေခံပညာရေးမှာ အစိုးရအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုက ကျောင်းထွက်နှုန်းမြင့်နေတဲ့ ကိစ္စပါ။ ပညာရေးဝန်ကြီးဌာနအနေနဲ့ အခမဲ့အခြေခံပညာရေးကို အကောင်အထည်ဖော်နေပေမဲ့ မူလတန်းမှ အလယ်တန်း၊ အလယ်တန်းမှ အထက်တန်းသို့ အကူးအပြောင်းတွေမှာ ကျောင်းထွက်နှုန်းမြင့် နေပါသေးတယ်။ ၂ဝ၁၆ အတွက်ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂအစီရင်ခံစာ တစ်စောင်ကလည်း မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးရဲ့ ကျောင်းထွက်မှု အများဆုံးနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနဲ့ပူးတွဲရပ်တည်နေတယ်လို့ဆိုထားတဲ့အတွက် ကလေး တွေကျောင်းထွက်နှုန်းမြင့်နေသေးတဲ့ အခြေခံအကြောင်းရင်းတွေကို ရှာဖွေဖော်ထုတ်ပြီး ပြုပြင်ဆောင်ရွက် သွားဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ပညာရေးမူဝါဒအပြောင်း အလဲမှာ အခြေခံပညာရေးအတွက် စနစ်ကျပြီး စည်းနှောင်အားကောင်းတဲ့ ဥပဒေတစ်ရပ် လိုအပ်လာပါတယ်။ အဲဒီဥပဒေက ‘အခြေခံပညာရေး ဥပဒေ’ပါ။

 

အခြေခံပညာရေးဥပဒေမူကြမ်း

အခြေခံပညာရေးဥပဒေမူကြမ်းကို လက်ရှိကျင်းပနေတဲ့ လွှတ်တော်အစည်း အဝေးတွေမှာ စတင်ဆွေး နွေးတော့မှာ ဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းကို အရင်အစိုးရ လက်ထက်ကထုတ်ပြန်ခဲ့ဖူးပေမဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့အဆင့်ထိ ရောက်မလာဘဲ လက်ရှိအစိုးရလက်ထက်မှာ ပြင်ဆင်မွမ်းမံပြီး ထပ်မံထုတ်ပြန်ခဲ့တာပါ။ အခန်း ၁၂ ခန်းနဲ့ပုဒ်မ ၅၆ ခုပါတဲ့ ဒီဥပဒေကြမ်းဟာ အရင်မူကြမ်းနဲ့နှိုင်းယှဉ်ရင် သိသိသာသာ ကွဲပြားခြားနားတဲ့ အနေအထားမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခြေခံပညာကဏ္ဍမှာ နှစ်ပေါင်းများစွာကတည်းက လွှမ်းမိုးနေတဲ့ အမိန့်၊ ညွှန်ကြားချက်တွေနဲ့သာလုပ်ဆောင်တဲ့ အလေ့အထကို ဥပဒေတစ်ရပ်နဲ့ ခိုင်ခိုင်မာမာရပ် တည်အစားထိုး အကောင်အထည်ဖော်နိုင်တော့မယ့် အခြေ အနေတစ်ခုကိုရောက်လာမှာဖြစ်လို့  ကြိုဆိုရမယ့်ကိစ္စဖြစ်ပါတယ်။

ထုတ်ပြန်ထားတဲ့ အခြေခံပညာရေး ဥပဒေမူကြမ်းမှာအခြေခံပညာအဆင့်များ၊ အတန်းများနှင့် ကျောင်း အမျိုးအစားသတ်မှတ်ခြင်း၊ အခြေခံပညာရေးကောင်စီဖွဲ့စည်းခြင်း၊ သင်ရိုးညွှန်းတမ်းနှင့်ကျောင်းသုံးစာအုပ် ကော်မတီဖွဲ့စည်းခြင်း၊ ကျောင်းသုံးစာအုပ်များပြဋ္ဌာန်းခြင်း၊ အရည်အသွေးအကဲဖြတ်ခြင်း၊ အခြေခံပညာရေး စီမံခန့်ခွဲမှု၊ အခြေခံပညာဆရာများ၊ ကျောင်းသား၊ မိဘနှင့် ပြည်သူလူထု၏ အခြေခံပညာရေးဆိုင်ရာ အခွင့်အ ရေးနှင့်တာဝန်များ၊ ဘဏ္ဍာရေးကိစ္စများစတဲ့အခန်းတွေပါရှိပါတယ်။  ပြီးတော့ နိုင်ငံသားတွေရဲ့မွေးရာပါ အ ခွင့်အရေးဖြစ်တဲ့ ပညာသင်ယူခွင့်နှင့်အညီ အခြေခံပညာကို နိုင်ငံသားတိုင်းသင်ယူတတ်မြောက်ရေး၊ အခမဲ့မ သင်မနေရ မူလတန်းပညာရေးကို ဦးတည်အကောင်အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ဆောင်ရွက်ရေး၊ ပညာ လေ့လာသင်ယူရာမှာသင်ယူသူရဲ့ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာ၊ မသန်စွမ်းမှု အပါအဝင် မည်သည့်ခွဲခြားမှုမျှ မရှိရေး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များနှင့်ပူးပေါင်း၍ ဗဟိုချုပ်ကိုင်မှုလျှော့ချတဲ့ အခြေခံပညာရေးစနစ်ကို ကျင့်သုံးရေး စတာတွေကိုလည်း အခြေခံပညာရေး ဆိုင်ရာ အခြေခံမူတွေအဖြစ် ထည့်သွင်းရေးဆွဲထားပါတယ်။

ဒီဥပဒေကြမ်းမှာ အထူးခြားဆုံးလို့ ပြောနိုင်တာကတော့ အခြေခံပညာရေးကို သူငယ်တန်းပညာရေး ပြီးတဲ့နောက် ပညာသင်နှစ်စုစုပေါင်း ကာလ ၁၂ နှစ်ကို ဦးတည်ပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ ပထမတန်းမှ ပဉ္စမတန်းအထိ မူလတန်း အဆင့်ပညာရေး၊ ဆဋ္ဌမတန်းမှ နဝမတန်းအထိ အလယ်တန်း အဆင့်ပညာရေး၊ ဒသမတန်း၊ ဧကာဒသမတန်း၊ ဒွါဒသမတန်း တို့ပါဝင်တဲ့ အထက်တန်းအဆင့်ပညာရေး ဖြစ်ကြောင်း ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်။

 

ဗဟိုချုပ်ကိုင်မှုများနေသလား

ဒီဥပဒေမူကြမ်းကို အခြေခံပညာရေးမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပညာရှင်တွေ၊ တာဝန်ထမ်းဆောင်ဆဲ ကျွမ်းကျင်ဆရာဆရာမတွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းပြီးရေးဆွဲထားတာဖြစ် တယ် လို့ဆိုပေမဲ့ မူကြမ်းတစ်လုံးကိုခြုံပြောရရင် အနာဂတ်မှာတည်ဆောက်မည့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည် ထောင်စုကို မျှော်မှန်းပြီးရေးဆွဲထားတဲ့ဥပဒေလို့မဆိုနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖက်ဒရယ် ပညာရေးစနစ် ကို အခြေခံတဲ့ဒေသအလိုက်၊ ကျောင်းအလိုက် လွတ်လပ်တဲ့ ပညာရေးစီမံခန့်ခွဲမှုကိုခွင့်မပြုထားလို့ပဲ ဖြစ်ပါ တယ်။ တစ်ခွန်းတည်းနဲ့ ပြောပါဆိုရင်တော့ ဗဟိုချုပ်ကိုင်တွေများနေသေးတယ်လို့ မှတ်ချက်ပြုရမှာဖြစ်ပါတယ်။

ပြီးတော့ ဒီဥပဒေကြမ်းမှာပညာရေးအရည်အသွေးကိုမြှင့်တင်ရာမှာ ကျေးလက်နဲ့မြို့ပြကွာဟမှု လျော့ ကျမသွားစေရေးအတွက် အွန်လိုင်းပညာရေးအသုံးပြုနိုင်ရေးနဲ့ ပတ်သက်တဲ့အချက်တွေ၊ အခြေခံ ပညာရေး ကဏ္ဍရှိ ဆရာ၊ ဆရာမသုံးသိန်းကျော်ကိုကိုယ်စားပြုတဲ့ ဆရာများကိုယ်စားလှယ်ဖွဲ့စည်းမှုနဲ့ ပတ်သက်တဲ့ အချက်တွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို စည်းမျဉ်းခံကျောင်းတွေသဖွယ် စီမံခန့်ခွဲမှုရှိနေ မှုအပေါ် လျှော့ချရေးနှင့် ပတ်သက်တဲ့ပြဋ္ဌာန်းချက်တွေကို ထည့်သွင်းရေးဆွဲထားခြင်း မရှိတာတွေက ဒီဥပဒေ မူကြမ်းရဲ့ အားနည်းချက်လို့ဆိုနိုင်ပါတယ်။

 

နိဂုံး

ပညာရေးဟာလူတိုင်းအသက် ရှင်ရပ်တည်နိုင်ရန်အတွက် အဓိကကျတဲ့လိုအပ်ချက်ဖြစ်ပါတယ်။ ပညာ ရည်မြင့်မားလေစွမ်းဆောင်ရည်၊ ဗဟုသုတနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးပွားလာပြီး ဆင်းရဲနွမ်းပါးမှု ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ တစ်ဦးချင်းစီအလိုက် ဆင်းရဲနွမ်းပါးမှုလျှော့ချ ခြင်းဖြင့် တစ်ဦးချင်းဝင်ငွေမြင့် မားလာပြီး လူ့စွမ်းအားရင်းမြစ်ကိုလည်း ဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်။ မြန်မာ့ပညာရေးစနစ်မှာ ရင်ဆိုင်နေရတဲ့ အဓိကစိန်ခေါ်မှု နယ်ပယ်ကိုးခုထဲမှာ မူကြိုနဲ့သူငယ်တန်းပညာရေး၊ အခြေခံပညာရေး၊ သင်ရိုးညွှန်းတမ်း၊ စာမေး ပွဲကျင်းပတဲ့ နယ်ပယ်တွေလည်းပါနေတယ်လို့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂ဝ၁၆-၂ဝ၂၁ စာတမ်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါကြောင့် ပညာရေးကဏ္ဍအတွက် ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ နိုင်ငံ တကာစံနှုန်းတွေနဲ့ ညီညွတ်ဖို့လိုသလို ကာလံဒေသံနဲ့ လိုက်လျောညီထွေဖြစ်ဖို့လိုပါတယ်။

ဥပဒေတစ်ရပ်ဟာ တစ်ကြိမ်ရေးဆွဲရုံနဲ့ ပြီးပြည့်စုံပြီလို့ မဆိုနိုင်ပါဘူး။ ဥပဒေမူကြမ်းအဆင့်ကတည်းက သက်ဆိုင်ရာနယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေရဲ့ အသံကိုနားထောင်ဖို့နဲ့ အကြိမ်ကြိမ်အခါခါ ညှိ နှိုင်းဆွေးနွေးဖို့လိုပါတယ်။ ဒါကြောင့် လွှတ်တော်မှာရောက်နေတဲ့ အခြေခံပညာရေးဥပဒေမူကြမ်းဟာ အားနည်း ချက်တွေရှိနေဦးမှာဖြစ်ပေမဲ့ ဆက်လက်ညှိနှိုင်းအဖြေရှာကြမယ်ဆိုရင်တော့ စည်းနှောင်အားကောင်းတဲ့ အခြေခံ ပညာရေးဥပဒေတစ်ရပ်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။