စပ်မိစပ်ရာ တရုတ်မြန်မာနှီးနွှယ်ရာ(အပိုင်း၁) အိမ်နီးချင်း ဒီပလိုမေစီနဲ့ အလွှာဆုံဆက်ဆံရေး

တရုတ်ပြည်မှာ ဟူကျင်းတောင်သမ္မတကာလကစပြီး နိုင်ငံခြားရေးမူဝါဒ မဟာဗျူဟာပြောင်းခဲ့တယ်။ အရင်ကလို အားကောင်းတဲ့ သံခင်းတမံခင်းမဟာဗျူဟာ (strategy of Big Power Diplomacy) ကိုမကျင့်သုံးတော့ဘဲ Neighbourhood Diplomacy ကျင့်သုံးခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။ ဒါကလည်း အာဆီယံအသိုက်အဝန်းနဲ့ ဆွေးနွေး ဖက်နိုင်ငံအဖြစ် ချဉ်းကပ်ရတာပိုလို့ အဆင်ပြေဟန်ပါပဲ။ သူတို့ရဲ့အိမ်နီးချင်း ဒီပလိုမေစီဟာ မိတ်ဆွေနိုင်ငံဆိုတာထက် ပိုနီးကပ်တဲ့ သဘောကိုဆောင်လိုဟန်ပါ။ ဒါကသူ့တို့ရဲ့ သံခင်းတမံခင်း နည်းဗျူဟာတစ်ရပ်ပါ။ ဒီဗျူဟာနဲ့ပဲ ‘ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့’ကို ရုရှား၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်စတန်၊ ဥဇဘက်ကစီတန်တို့နဲ့ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒီနည်းနဲ့ပဲ အာဆီယံကို ချဉ်းကပ်ပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုကအစ သြဇာလွှမ်းနိုင်ဖို့ လုပ်ဆောင်ခဲ့ တာပါပဲ။

အိမ်နီးချင်းဆိုတာကို ပထဝီဝင်သဘောအရပြောရင် မြန်မာနိုင်ငံဟာ နယ်နမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတစ်ခု။ နိုင်ငံရေး ပထဝီအရ ပြောပြော ပထဝီဝင်နိုင်ငံရေးအရပဲပြောမလား လူမှုရေးပထဝီအရဖြစ်ဖြစ် အဆက်အစပ်ကြီးလွန်းတယ်။ တရုတ် နိုင်ငံနဲ့ဆိုရင် နယ်မြေထိ စပ်မှု(၁၃၈၄)မိုင်ထိရှည်လျားစွာထိစပ်နေတယ်။ မြန်မာနဲ့ လာအိုကုန်းမြေနယ်နိမိတ်ထိစပ်မှု ၁၄၆ မိုင်။ ထိုင်းနိုင်ငံနဲ့ ၁၃ဝ၄မိုင်ရှိပါတယ်။ မြန်မာ့ ပင်လယ်နယ်နိမိတ်ဟာ ၁၃၈၅ မိုင်ထိ ရှည်လျားတယ်။ နိုင်ငံရေးပထဝီဝင် ပညာရှင် မဟန်းကတော့ ‘နိုင်ငံရဲ့ အင်အားဟာ ကမ်းရိုးတန်း အလျားအရှည်နဲ့ ဆိပ်ကမ်းကောင်း တည်ရှိမှုအပေါ်လည်း မူတည်တယ်’လို့ဆိုတယ်။ ဗမာပြည်လွတ်လပ်ရေးရပြီးနှစ်ပေါင်း ၇ဝ အထိ ဒီလိုဆိပ်ကမ်းကောင်းတွေ ရှည်လျားတဲ့ ကမ်းရိုး တန်းတွေရှိနေပါလျက် စီးပွားရေးနိုင်ငံရေးအင်အားမပြည့်မှီတာ နိုင်ငံကိုတာဝန်ယူခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ အရည်အချင်း ပေါ် မူတည်နေတယ်လို့ အချို့သော ဝေဖန်သူတွေကသုံးသပ်ခဲ့ကြပါတယ်။

ခေါင်းဆောင်ရဲ့ အရည်အချင်းဆိုရာမှာ နိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်အနေအထားပေါ်မူတည်ပြီး မူဝါဒချမှတ်ခြင်းက လည်းအရေးပါတဲ့ အနေအထားမှာရှိပါတယ်။ ‘နိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်’ဆိုတာကိုတော့ ပထဝီဝင်နိုင်ငံရေးအဖြစ် ဖွင့်ဆို ကြပါတယ်။ ဒါကြောင့် ပထဝီဝင် နီုင်ငံရေးပညာဟာ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးမူဝါဒလမ်းညွှန်မှုကို မီးမောင်းထိုးပေးလေ့ရှိ တယ်လို့ဆိုပါတယ်။ ဆိုလိုတာက နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားရေးအဆောက်အအုံ စီးပွားရေးအဆောက်အအုံနဲ့ နိုင်ငံခြား ဆက်သွယ်ရေးတို့ကို ပထဝီဝင်နိုင်ငံရေးပညာက ပြဋ္ဌာန်းလေ့ရှိတယ်လို့ပြောတာပါ။ ဒီလိုဆိုပေမဲ့ အဲ့ဒီပြဋ္ဌာန်းချက်ဟာ တရားသေဆုပ်ကိုင်ဖို့တော့မဟုတ်ပေဘူး။ ပထဝီဝင်နိုင်ငံရေး ပညာရပ်ဟာလည်း အခြေအနေအလိုက် ပြောင်းလဲတတ်တဲ့ သဘောရှိပါတယ်။ အဲ့လိုပြောင်းလဲခြင်းနဲ့ သဟဇာတဖြစ်အောင်ညှိယူပြီး မူဝါဒတွေချမှတ်ကြရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ကိုလေ့လာကြည့်ရင် တည်နေရာအနေအထားအရဧရိယာ ၂၆၁၂၂၈ စတုရန်း မိုင်ရှိပြီး အနောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယပြည်ရှိတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ကုန်းမြေနယ်နိမိတ် ၁၆၉မိုင်။ အိန္ဒိယနဲ့ ၉ဝ၃မိုင် ထိစပ်နေတယ်။ အရှေ့ဘက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ လာအို၊ ထိုင်းနိုင်ငံတို့နယ်နိမိတ်ထိစပ်နေတယ်။ တရုတ်နဲ့ကုန်းမြေနယ်နိမိတ် ၁၃၈၄မိုင်။ လာအို နိုင်ငံနဲ့ ၁၄၆မိုင်။ ထိုင်းနိုင်ငံနဲ့က ၁၃ဝ၄မိုင်ထိစပ်နေတယ်။ စုစုပေါင်း အိမ်နီး ချင်းနိုင်ငံတွေနဲ့ နယ်နိမိတ်(၃၉ဝ၆)မိုင်ထိစပ်နေတယ်။ အိန္ဒိယနဲ့တရုတ်တို့လို အင်အားကြီး နှစ်နိုင်ငံကြားမှာရှိသလို ဘင်္ဂလား ဒေ့ရှ်လို လူဦးရေထူထပ်တဲ့နိုင်ငံတွေရဲ့ကြားမှာရှိနေခဲ့တာပါ။ ဒီလိုရှိနေတဲ့တည်နေရာအနေအထားဟာ သုံးတတ်ရင်ဆေးဖြစ် သလို မသုံးတတ်ရင်ဘေးဖြစ်စေတတ်တာကြောင့် လမ်းညွှန်မူချမှတ်ရာမှာအထူး သတိထားရမယ့် အချက်တစ်ခုပါပဲ။

ချမှတ်လိုက်တဲ့ နိုင်ငံရဲ့အမျိုးသားအဆောက်အအုံ၊ စီးပွားရေးအဆောက်အအုံ၊ နိုင်ငံခြားဆက်ဆံရေးလမ်းညွှန်မူ တစ်ခုခု တိမ်းချော်သွားရင် အချိန်မရွေးနိုင်ငံတော်ဟာယိုယွင်း နိုင်ငံတော်တစ်ခုဖြစ်သွားစေနိုင်တယ်။ လွတ်လပ်ရေးရပြီးစမှာ ဖွံ့ဖြိုး တိုးတက်စည်ပင်ခဲ့တာမှန်ပေမဲ့ တစ်ဆယ့်လေးနှစ်အကြာမှာတော့ နိုင်ငံတော်လမ်းညွှန်မူချမှုမှားယွင်းခဲ့တာကြောင့် ဒီနေ့အထိ အိမ်နီးချင်းနိုင်ငံများထဲမှာတိုး တက်မှုနိမ့်ကျနေဆဲ အနေအထားမှာရှိနေဆဲပါ။ မှန်ကန်တဲ့ မူဝါဒတစ်ရပ်ချမှတ်နိုင်ဖို့ဆိုရင် ဦးစွာပထမနိုင်ငံရဲ့ပကတိအရှိတရားကို လက်ခံသိရှိနားလည်ဖို့ လိုပါမယ်။ မြန်မာနိုင်ငံဟာ တည်နေရာအနေအထားအရ အားသာချက်တွေရှိနေတယ်။ ဒါနဲ့ပတ်သက်ပြီး ပထဝီဝင်ပညာရှင်လည်းဖြစ်၊ ပါမောက္ခချုပ်တစ်ဦးလည်းဖြစ်တဲ့ ဆရာ ဦးလှထွန်းအောင်က ‘မြန်မာနိုင်ငံ၏တည်နေရာသည်။

(၁) ကမ္ဘာတွင် လူဦးရေအများဆုံးရှိသည့် တရုတ်နှင့်အိန္ဒိယအကြား အာရှကုန်းမြေ၏ အင်အားကြီးနှစ်နိုင်ငံ၏ အကြားတွင် သပ် ပုံသဏ္ဌာန် ထိုးဝင်နယ်မြေရှိနေခြင်း။

(၂) ၁၃၈၅ မိုင်ရှည်လျားသော ကမ်းရိုးတန်းတစ်လျှောက်မှ အိန္ဒိယသမုဒ္ဒရာသို့လွယ်ကူစွာဝင်ထွက်နိုင်ခြင်း။

(၃) မြန်မာနိုင်ငံ၏တောင်ဘက်အစွန်း ကော့သောင်းမှ မလက္ကာရေလက်ကြား မြောက်ဘက်အစွန်းထိ မြောက်ဘက်အစွန်း အထိ မိုင် ၃ဝဝ ခန့်သာကွာဝေးခြင်း။

(၄) အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်ပိုင်းပင်လယ်များရှိ မြန်မာကျွန်းများ၏တည်နေရာသည် တန်ဖိုးရှိသောအခြေ စိုက်စခန်းများအဖြစ် တည်ရှိနေခြင်း။

(၅) အိမ်နီးချင်းနိုင်ငံများနှင့် ကုန်းလမ်းကြောင်းများဆက်သွယ်ထားခြင်း။

(၆) ရေ၊ မြေ၊ သစ်တော၊ တွင်းထွက်၊ အဏ္ဏဝါ အရင်းအမြစ်များအထိုက်အလျောက်တည်ရှိခြင်း။

(၇) အရည်အသွေးအရ အထိုက်အလျောက်ဖွံ့ဖြိုးသော လူသားအရင်းအမြစ်အတော်အသင့်ရှိခြင်း စသည်တို့ကြောင့် မြန်မာ နိုင်ငံသည် မဟာဗျူဟာကျသောနေရာတွင်တည်ရှိသည်။ ဤမဟာဗျူဟာ တည်နေရာနှင့် သဘာဝအရင်းအမြစ်တို့ ကြောင့် နိုင်ငံတိုင်းပြည်များ စွာသည် မြန်မာနိုင်ငံကို မက်မက်မောမော ကြည့်ရှုကြသည်။’လို့ ဖော်ပြထားပါတယ်။

အဲ့ဒီအားသာချက်တွေကို လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရအုပ်ချုပ်စဉ်က အသုံးချသင့်သလောက်အသုံးချပြီး ကောင်းမွန်တဲ့ လမ်းညွှန်မုချလုပ်ဆောင်နိုင်ခဲ့လို့လည်း အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံးနိုင်ငံအဖြစ် သိက္ခာရှိရှိ ကမ္ဘာ့အလယ်မှာ ရပ်တည်နိုင်ခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေဟာ တာရှည်မခံခဲ့ပါဘူး။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းယူချိန်ကစပြီး အခုချိန်ထိ မြန်မာနိုင်ငံရဲ့ သဘာဝပေးထားချက်အားသာမှုတွေကို အသုံးမချနိုင် ဘဲ အာဏာငန်းဖမ်းနေတာနဲ့ပဲ အချိန်ကုန်ပြီး နိုင်ငံ အခွင့်အရေးအားလုံး ဆုံးရှုံးခဲ့ရပါတော့တယ်။ သာဓက အနေနဲ့ကြည့်ရင် ၁၃၈၉ မိုင်ရှည်လျားပြီး အိန္ဒိယသမုဒ္ဒရာကို ဝင်နိုင်ထွက်နိုင်တဲ့ ကမ်းရိုးတန်းအချို့ကို တရုတ်နိုင်ငံရဲ့ OBOR အသုံးချခံနယ်ဖြစ် သွားခဲ့ရတယ်။ လုံခြုံရေးကင်းစခန်းတစ်ခုဖြစ်သွားတယ်။ တစ်မျိုးသားလုံးအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့တဲ့ သာဓကပါပဲ။

အဲ့ဒီလိုလမ်းညွှန်မူချပြီး အသုံးမချရသေးတဲ့ မဟာဗျူဟာကျတဲ့ အရိုင်းနယ်ပေါင်းမြောက်မြားစွာရှိနေပါသေးတယ်။ ဒီအရိုင်းနယ်တွေ ထပ်မံဆုံးရှုံးပြီး တစ်မျိုးသားလုံးအခွင့်အလမ်းမနစ်နာရအောင်ကာကွယ်ဖို့က ပြည်သူတွေကပဲသတိပြုစောင့် ကြည့်ရမှာပါ။ တကယ်တမ်း မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ကို ကောင်းကောင်းသိပြီး ပိုင်ပိုင်နိုင်နိုင် အသုံးချသွား နိုင်ခဲ့တာက တရုတ်ပါပဲ။ ဗီတိုနှစ်ကြိမ်သုံးပေးရုံနဲ့ မြန်မာသဘာဝပတ်ဝန်းကျင်တွေ အိန္ဒိယသမုဒ္ဒရာပြင်ထွက်ပေါက်ကအစ အောက်ကြေးနှိုက်လို့ရသမျှစီးပွားဖြစ်ခဲ့ပါတယ်။ ဒါဟာအနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုကြောင့်ဆိုတဲ့  မသမာ သူတွေရဲ့အကြောင်းပြချက်အတိုင်းလက်မခံသင့်ဘူးလို့ထင်ပါတယ်။ တကယ့် တာဝန်ရှိသူက အာဏာငန်းဖမ်းနေတဲ့ မသမာ သူလူတစ်စုသာဖြစ်တယ်။ သူတို့သာအပြစ်ရှိသူတွေလို့ မြန်မာပြည်သူအားလုံးခံယူထားရမှာပါ။

အမေရိကန်ဖြစ်စေ တရုတ်ဖြစ်စေ ကိုယ့်နိုင်ငံအကျိုးစီးပွား ဖြစ်ရာဖြစ်ကြောင်းအတွက်တော့ ကျားကုတ်ကျားခဲလုပ်ကြ မှာပဲ။ သူတို့ကို အပြစ်တင်စရာမရှိပါဘူး။ အာဏာအတွက်ကိုယ့်နိုင်ငံကို အောက်ကြေးနဲ့ ရောင်းစားခဲ့တဲ့သူတွေကိုပဲ စွပ်စွဲ အပြစ်ယူကြရမှာပါ။ အခုလည်း တရုတ်က နည်းပရိယာယ်အမျိုးနဲ့ချဉ်းကပ်နေတာကို တွေ့မြင်ကြမှာပါ။ သာဓကအနေနဲ့ပြော ရရင် တရုတ်- မြန်မာဆက်ဆံရေးကို စောင့် ကြည့်လေ့လာတဲ့ပညာရှင်တွေက ‘တရုတ်ရဲ့ အလွှာစုံဆက်ဆံရေးမဟာဗျူဟာ’ ကိုဖော် ထုတ်ဆွေးနွေးတာတွေကို တွေ့မြင်လာရတယ်။ သူတို့ဆွေးနွေးချက်တွေလေ့လာပြီး တစ်ခုခုပြောချင်လာတယ်။

တကယ်တော့ တရုတ်ရဲ့ အလွှာစုံဆက်ဆံရေးဆိုတာ အခုမှလုပ်ဆောင်ခဲ့တာမဟုတ်ပါဘူး။ တရုတ်ကသူအကျိုးရှိမယ် ထင်ရင် ဒီလိုဆက်ဆံရေးမျိုး လုပ်လေ့လုပ်ထရှိပါတယ်။ ဒီလိုအလွှာစုံဆက်ဆံရေးမျိုးကို  တရုတ်နီမှမဟုတ်ဘူး။ တရုတ်ဖြူ လည်းလုပ်လေ့ရှိခဲ့ဖူးတယ်။ တရုတ်နီဆိုတာ ပြည်မ CCP တရုတ်ကိုခေါ်တာ။ တရုတ်ဖြူကတော့ ထိုင်ဝမ်တရုတ် (ချန်ကေ ရှိတ်တရုတ်)ကို ဒုတိယကမ္ဘာစစ်ပြီးစကခေါ်ခဲ့တာ။ လက်ဝဲ တရုတ်ပဲဖြစ်ဖြစ် လင်္ကျာတရုတ်ပဲဖြစ် သူတို့အကျိုးစီးပွားအတွက် ဆိုရင် အလွှာစုံဆက်ဆံရေးဗျူဟာကို ခင်းကျင်းလေ့ရှိပါတယ်။ ဒါဟာ သူတို့ရဲ့ဇာတိစိတ်၊ ပဋိသန္ဓေစိတ်လို့ပြောရင်ရ မယ်ထင်တယ်။ အရင်က ဆက်ဆံရေးအကြောင်း အနည်းငယ်ပြောချင်တယ်။

ကိုလိုနီကာလ ချန်ကေရှိတ်ရဲ့ အလွှာစုံဆက်ဆံရေး

၁၉၃၇ ခုက တရုတ်ဟာ ဂျပန်ရဲ့ကျူးကျော်စစ်နဲ့ ရှန်ဟိုင်းသင်္ဘောဆိပ်ကမ်းကိုသိမ်းလိုက်တယ်။ ဒါ့အပြင် တရုတ်ရဲ့ ပင်လယ်ထွက်ပေါက် မှန်သမျှကို ဂျပန်ကပိတ်ပင်တော့မှာဖြစ်တဲ့အတွက် ကူမင်တန်ချန်ကေရှိတ်အစိုးရဟာ ကုန်ပစ္စည်းတင် သွင်းဖို့ ခက်ခဲလာတယ်။ ဒီအတွက် ယူနန်ကနေတစ်ဆင့် မြန်မာပြည်ကနေ ထွက်ပေါက်ရရှိရေး အတွက်လုပ်ဆောင်ဖို့ ပြင်လာတဲ့အနေနဲ့ ကမ္ဘာကျော် တရုတ်-မြန်မာလမ်းကြီးကို ယူနန်ဘက်ကနေ စတင်ဖောက်လုပ်လိုက်တယ်။ ၁၉၃၇ ဒီဇင်ဘာလမှာစတင်ဖောက်တာ ၁၉၃၈ မေလထဲရောက်တော့ မြန်မာနယ်စပ် နန်းခမ်းအနီး ဝမ်တိန်အထိ ဖောက်ပြီးသွားပြီ။ ယူနန်မြို့တော် ကူမင်းကနေ လားရှိုးအထိ ၇၅ဝမိုင်သွားလို့ရပြီ။

တရုတ်-မြန်မာလမ်းမကြီးကိုတော့ ၁၉၃၉ခု ဇန်နဝါရီ ၁ဝရက်နေ့မှာ တရားဝင်ဖွင့်လှစ်ခဲ့တယ်။ ဒီလမ်းမကြီးဖောက် လိုက်တာကိုဂျပန် ကလုံးဝမကျေလည်ခဲ့ဘူး။ ဒီအကြောင်းချက်ဟာ နောက်ပိုင်းဂျပန်က ဗမာပြည်ကိုသိမ်းယူဖို့ အကြောင်း ခံဖြစ်လာတယ်။ တရုတ်ကတော့ သူ့ထွက်ပေါက်အတွက် အင်္ဂလိပ်ကိုကျေးဇူးတင်တဲ့အနေနဲ့ အင်္ဂလိပ်အစိုးရနဲ့ ညှိနှိုင်း သဘောတူညီမှုပြုလုပ်ပြီး မြန်မာနိုင်ငံမှ ထင်ရှားသူတစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေဖိတ်ကြားပြီး တရုတ်နဲ့ဗမာပြည် အစိုးရကြားဆက်ဆံရေး မြှင့်တင်ဖို့လုပ်ဆောင်ခဲ့တယ်။ ဒီလိုဖိတ်ကြားရာမှာ ချန်ကေရှိတ်ကူမင်တန်အစိုးရအဖွဲ့ စုံအလွှာစုံပါ အောင်ဖိတ်ကြားခဲ့တယ်။ ကျောင်းဆရာအဝန်းအဝိုင်း၊ အစိုးရဌာန ဆိုင်ရာမှပုဂ္ဂိုလ်များ၊ သတင်းဂျာနယ်မှထင်ပေါ်ကျော်ကြား သူများ၊ အောက်လွှတ်တော်အမတ်၊ တို့ဗမာအစည်အရုံးစသဖြင့် အလွှာစုံဖိတ်ကြားခဲ့ပါတယ်။

ဖိတ်ကြားရာမှာ မြို့မကျောင်းအုပ်ဆရာကြီး ဦးဘလွင်၊ ဒေါ်မြစိန် (ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဦးမေအောင်ရဲ့ သမီး)တို့ခေါင်းဆောင်တဲ့အဖွဲ့က ကိုးဦး။ သူရိယသတင်းစာတိုက်အုပ် ဦးဘကလေးခေါင်း ဆောင်တဲ့အဖွဲ့က ခုနစ်ဦးတို့ကို ချစ်ကြည်ရေးကိုယ်စားလှယ်အဖြစ် နှစ်ဖွဲ့ခွဲပြီး အလွှာစုံအောင်ဖိတ်ကြားခဲ့တယ်။ မြို့မကျောင်းအုပ်ကြီး ဦးဘလွင်ခေါင်း ဆောင်တဲ့ အဖွဲ့မှာ (၁)ဦးဘလွင် (၂)ဒေါ်မြစိန်(မြန်မာအမျိုးသမီးအဖွဲ့) (၃)မစ္စတာဂန်ဂါဆင် (အောက်လွှတ်တော်အမတ်) (၄)ဦးဘချို (ဒီးဒုတ်ဂျာနယ်အယ်ဒီတာ) (၅)သခင်နု (တို့ဗမာအစည်းအရုံး) (၆)တိတ်လျောင် (ဝတ်လုံတော်ရ) (၇)ဦးဘ (ဆရာဖြစ်သင်ကောလိပ်) (၈)ဝီလျံကျန် (၉)မစ္စတာလျူးတို့ပါပဲ။ အလွှာစုံအောင်ဖိတ်ခဲ့တာပါ။ သတင်းစာဆရာအဖွဲ့မှာလည်း သူရိယတိုက်အုပ် ဦးဘကလေး(အဖွဲ့ခေါင်းဆောင်)၊ တိုးတက်ရေးသတင်းစာက ဦးထွန်းသန်း၊ ရိုက်တာသ တင်းထောက်ဦး မစ္စတာချာတာဂျီ၊ ဘတ်တာချာဂျီ၊ ဝီလျံစိန်၊ ဦးပုကလေးနဲ့ ဦးဘသန်း (နောင်ယူပီအိုင်)တို့ပါပဲ။

တရုတ်တို့ဘက်ကလည်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးကိုယ်စားလှယ်အဖြစ် ၁၉၃၉ ထဲမှာပဲ တရုတ်ဗုဒ္ဓဘာသာ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ထိုင်ဆူးဆရာတော်ကြွရောက်ခဲ့သလို ၁၉၄ဝ-၄၁ တို့မှာလည်း ဗိုလ်ချုပ်ကြီး ဝူတေချန်ခေါင်း ဆောင်တဲ့ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ရောက်လာပြန်တယ်။ ဒီအချိန် ဒုတိယကမ္ဘာစစ်ကလည်း ဖြစ်နေပြီ။ ၁၉၄၁ ဒီဇင်ဘာထဲရောက်တော့ ဗြိတိသျှတို့ ရဲ့အိန္ဒိယအင်ပါယာ စစ်သေနာပတိဂျင်နရယ်ဝေဘယ်နဲ့ ချန်ကေရှိတ်တို့ ပီကင်းမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်။ မြန်မာနိုင်ငံတွင်းရောက်နေတဲ့ တရုတ်လက်နက်တွေကို မြန်မာနိုင်ငံကာကွယ်ရေးအတွက် အသုံးပြု ဖို့ဆိုတာလည်းပါတယ်။ ဒါ့အပြင် ချန်ကေရှိတ်က အမှတ်(၅)နဲ့ အမှတ် (၆) တပ်မကြီးကိုလည်း မြန်မာပြည်တွင်းလွှတ် ကာကွယ်ဖို့ အသုံးပြုခွင့်ပေးခဲ့တယ်။

တရုတ်-ဗမာ လမ်းမကြီးအရေးပါပုံကို ဂျပန်တို့သတိပြုမိလာတယ်။ ဂျပန်စစ်ဌာနချုပ်မှတ်တမ်းအရဆိုရင် တရုတ်-ဗမာ လမ်းမကြီးက ၁၉၄၁ ခုနှစ် ဇွန်လထဲမှာပဲ ပစ္စည်းတန်ချိန်တစ်သောင်းကျော် ယူန်နန်ကိုတင်ပို့တာကို တွေ့ရတယ်လို့ဆို တယ်။ ဒါကြောင့် ဂျပန်တို့ကလည်း ဒီလမ်းကြောင်းကိုပိတ်ဆို့ဖို့ တစ်ခုသောလမ်းကတော့ ဗမာပြည်သိမ်းပိုက်ရေးပဲလို့ ယူဆ လာတယ်။ တရုတ်တို့အတွက်ကတော့ ဗမာပြည်လမ်းကြောင်းဟာ ပင်လယ်ထွက်ပေါက်ဖြစ်သလို ဂျပန်တို့ ယူနန်ရောက် မလာရေးအတွက် ကြားခံနယ်တစ်ခုအဖြစ်သတ်မှတ်ပြီး ဗြိတိသျှတို့ကိုအကူညီပေးခဲ့တာပါ။ ဒါချန်ကေရှိတ်ရဲ့ သူ့ခေတ်သူ့ အခါက တရုတ်အကျိုးစီးပွားအတွက်ချမှတ်ခဲ့တဲ့ အလွှာစုံဆက်ဆံရေး မဟာဗျူဟာပါပဲ။

အခုတင်ပြခဲ့တာတွေက တရုတ်ဟာသူ့ အကျိုးစီးပွားအတွက်လိုအပ်လာရင် နိုင်ငံခြားရေးမူကို အလွယ်တ ကူ အပြောင်းအလဲလုပ်ပြီး ဒီပလိုမေစီကိုချမှတ်လေ့ရှိတယ်။ ဒါကိုသိထားရင်ကိုယ့်ဘက်က ဘယ်လိုပြန်လည်ပြီး နိုင်ငံအတွက် ခုခံကာကွယ်မလဲ။ အကျိုးအမြတ်ရအောင် ဘယ်လိုပြန်လည်လုပ်ဆောင်မလဲဆိုတဲ့ အစီအစဉ်ရှိနေဖို့လိုပါမယ်။ တရုတ် နိုင်ငံရဲ့အလွှာစုံဆက်ဆံ ရေးတစ်ခုလုပ်တိုင်း သူ့အကျိုးစီးပွားတစ်ခုခုအတွက် ပေါ်လစီချဖို့ရှိနေတတ်ပါတယ်။ ချန်ကေရှိတ်ရဲ့ လက်ထက်သာမက တရုတ်နီကာလမှာလည်း ဖဆပလ အစိုးရနဲ့ ဒီလိုအလွှာစုံဆက်ဆံရေးချမှတ်လုပ်ခဲ့ဖူးတဲ့ သာဓက တွေရှိခဲ့ဖူးပါတယ်။ စစ်တပ်က အာဏာသိမ်းထားခဲ့တဲ့ကာလ နဝတ၊ နအဖ လက်ထက်မှာလည်း အလွှာစုံဆက်ဆံရေးလုပ် ခဲ့တာရှိပါတယ်။ ဒါတွေကိုတော့ သူ့အခန်းကဏ္ဍနဲ့သူ ဆက်လက်တင်ပြဖို့ရည် ရွယ်ပါတယ်။

ဒီမှာမေးစရာတစ်ခုဖြစ်လာတာက ‘ဒါဆိုရင် အလွှာစုံဆက်ဆံရေးကို လက်မခံရဘူးလား’လို့ပေါ့။ နယ်မြေတစ်ဆက် တစပ်တည်းရှိနေတဲ့ အိမ်နီးချင်းတိုင်းပြည်နဲ့နှစ် နိုင်ငံဆက်ဆံရေးကောင်းလေ အကျိုးရှိလေပါပဲ။ ဒါပေမဲ့ တရုတ်ရဲ့အလွှာစုံ ဆက်ဆံရေးဟာ အထူးသတိပြုသင့်တာက တရုတ်သြဇာဘယ်အထိ အလွှမ်းမိုးခံမလဲ။ ဖဆပလခေတ်တစ်လျှောက်လုံး မြန်မာနိုင်ငံဟာ ကြားနေ ရေးမူဝါဒကိုကျင့်သုံးပြီး တရုတ်သြဇာလွှမ်းမိုးမှုကို ရှောင်ရှားနိုင်ခဲ့တယ်။ ဗိုလ်နေဝင်းရဲ့ မဆလ ခေတ်မှာလည်း ဘက်မလိုက်မူဝါဒနဲ့ တရုတ်သြဇာလွှမ်းမိုးမှုကို ဖယ်ကျင်နိုင်ခဲ့တာတွေ့နိုင်ပါတယ်။ နဝတ၊ နအဖစစ်အာဏာ သိမ်းတို့ရဲ့ လက်ထဲမှာတော့ တရုတ်ရဲ့ အစောင့်ရှောက်ခံနိုင်ငံတစ်ခု ဖြစ်လုနီးပါးအခြေရောက်ခဲ့ရတယ်လို့ လေ့လာအကဲ ခတ်သူတွေကသုံးသပ်ခဲ့ကြပါတယ်။

လေ့လာအကဲခတ်သူ ဒေါ်ခင်ခင်ကျော်ကြီးကတော့ ‘၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော အခြေအနေများက ပြည်တွင်းရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာ၏ပုံရိပ်အား အပြောင်းအလဲများစွာဖြစ်စေခဲ့သည်။ ကနဦးတွင် မြန်မာ့နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုများက မြန်မာအပေါ်တရုတ်၏သြဇာသက် ရောက်မှုကို အထိုက်အလျောက် လျှော့ချနိုင်ခဲ့သည်။ ထိုအပြောင်းအလဲကို တရုတ်ကတုံ့ပြန်ရန် တရုတ်ကအလွှာစုံ ဆက်ဆံရေးဖြင့် မြန်မာနှင့်ပြန်လည် နီးကပ်စေရန်ကျိုးစားခဲ့သည်။’လို့ သူ့ရဲ့’တရုတ်၏အလွှာစုံ ဆက်ဆံရေးမဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ပကတိအခြေနေ’မှာ သုံးသပ်ထားပါတယ်။

လက်ရှိ NLD အစိုးရလက်ထက်မှာရော အတိတ်ဖြစ်ရပ်တွေအပေါ် အသေအချာလေ့လာသုံးသပ်ပြီး တရုတ် မြန်မာတို့ရဲ့ မျှတတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက် အကောင်ထည်ဖော်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာတစ်ခုဖြစ်လို့ နေပြန်ပါတယ်။ နောက်ဆုတ်လို့ မရနိုင်လောက်အောင် ကျွံဝင်နေတဲ့ အရင်အစိုးရလက်ထက်က အဆင်ခြင်မဲ့ချုပ်ဆိုခဲ့မှုတွေ၊ ငြိမ်းချမ်းရေးဆိုင်ရာ အခင်းအကျင်းတွေ၊ အမျိုးသားရေးအစွန်းရောက်တို့ရဲ့ တရားမဲ့နိုင်မှုတွေစတာတွေကို အမှီအခိုကင်း ကင်း သြဇာလွတ်ဖြေရှင်းနိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာပါ။ တရုတ်နဲ့ အနောက်အုပ်စုကြားက မျှခြေရှိတဲ့ သံခင်းတမံ ခင်းတစ်ခုကို ဘယ်လိုတည်ဆောက်သွားနိုင်မလဲဆိုတာ ပဟေဠိတစ်ပုဒ်ပင်ဖြစ်နေပါတော့တယ်။

ထွန်းဇော်ဋ္ဌေး