စာကြည့်တိုက်များအတွက် ဥပဒေအကာအကွယ်

မြန်မာနိုင်ငံရှိ စာကြည့်တိုက် အမျိုးအစားများကို ခွဲခြားလျှင် အကြမ်းအားဖြင့် အမျိုးသားစာကြည့်တိုက်၊ တက္ကသိုလ် ကောလိပ်နှင့် ကျောင်းများစာကြည့်တိုက်၊ ပြည်သူ့စာကြည့်တိုက်၊ အထူးစာကြည့်တိုက်နှင့် နယ်လှည့်စာကြည့် တိုက်ဟူ၍ တွေ့ရှိနိုင်သည်။ ယင်းစာကြည့်တိုက်အမျိုးအစားများအနက် အမျိုးသားစာကြည့်တိုက်၊ ကျောင်းစာကြည့်တိုက်၊ ပြည်သူ့ စာကြည့်တိုက်နှင့် နယ်လှည့်စာကြည့်တိုက်များသည် ပြည်သူလူထုနှင့် အနီးစပ်ဆုံး စာကြည့်တိုက်များဖြစ်သည်။ သို့သော် ယင်းစာကြည့်တိုက်များ  ရေရှည်ဖွံ့ဖြိုးမှုအတွက် ဥပဒေအရအကာအကွယ်ပေးမှုများ ယနေ့အချိန်ထိလုံလောက်စွာ မရှိသေး ပေ။ တည်ဆဲဥပဒေမှာ ၁၉၆၄ခုနှစ်က ပြဋ္ဌာန်းခဲ့သော ”စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲများကြီးကြပ်အုပ်ချုပ်ရေးဥပဒေ” ဖြစ်သည်။ ယင်းဥပဒေမှာ စာကြည့်တိုက်နှင့် ပြတိုက်များ ဖွံ့ဖြိုးတိုးတက်ရေးထက် ထိန်းချုပ်ရေးအပိုင်းကို ဦးတည်ရေးဆွဲထား ခြင်းဖြစ်ရာ ပြောင်းလဲလာသည့် ခေတ်ကာလအနေအထားနှင့် လျှော်ကန်မှု မရှိတော့ပေ။

အမျိုးသားစာကြည့်တိုက်

မြန်မာနိုင်ငံ အမျိုးသားစာကြည့်တိုက်၏ မူလအစမှာ အထက်မြန်မာပြည်ကို  အင်္ဂလိပ်တို့ မသိမ်းပိုက်မီ ၁၈၈၃ ခုနှစ်တွင် အောက်မြန်မာပြည်ဝန်ရှင်တော်မင်းကြီး ဘားနဒ် (sir charles bernard) တည်ထောင်ခဲ့သော” ဘားနဒ်စာကြည့် တိုက်”ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ”ပြည်ထောင်စု မြန်မာနိုင်ငံ ပိဋကတ်တိုက်”ဟု နာမည်ပြောင်းခဲ့ပြီး ၁၉၅၂ခုနှစ် တွင် အစိုးရထံလွှဲပြောင်းကာ ဂျူဗလီဟောသို့ ရွှေ့ခဲ့ကြောင်းသိရသည်။ မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ်အဆက် ဆက်တွင်လည်း အမျိုးသားစာကြည့်တိုက်သည် နေရာပေါင်းစုံသို့ အကြိမ်ပေါင်းများစွာ ရွှေ့ပြောင်းခဲ့ရ သည့်အတွက် လေလွင့်ဆုံးရှုံးမှုအချို့ရှိခဲ့သည်။ လက်ရှိတွင် အမျိုးသားစာကြည့်တိုက်ကို နေပြည်တော်၌ ဖွင့်လှစ်ထားသော်လည်း လာရောက်ဖတ်ရှုသူ နည်းပါးပြီး ရန်ကုန်မြို့ရှိ ယခင်သစ်တောရေးရာ ဝန်ကြီးဌာနရုံး အဆောက်အဦဟောင်း၌ ဖွင့်လှစ်ထား သည့် ရန်ကုန် အမျိုးသားစာကြည့်တိုက်ခွဲတွင်လည်း လာရောက်ဖတ်ရှုလေ့လာသူ မရှိသလောက်ဖြစ်နေကြောင်း သိရ သည်။

အမျိုးသားစာကြည့်တိုက်ဟူသည်  တစ်မျိုးသားလုံးအတွက် အမြင့်မားဆုံး စာကြည့်တိုက်ဖြစ်ပြီး နိုင်ငံအတော်များ များတွင်လည်း ဥပဒေတစ်ရပ်ရပ်ဖြင့် အကာအကွယ်ပေးလေ့ရှိသည်။ အာဆီယံနိုင်ငံများအနက် မြေပေါ်,မြေအောက် သဘာဝသယံဇာတထွက်ရှိမှု မရှိသည့်အပြင် သောက်သုံးရေကိုပင်  မလေးရှားနိုင်ငံမှ နေ့စဉ်ဝယ်သုံးနေရသည့် စင်ကာပူ နိုင်ငံသည် စာသင်ကျောင်းတိုင်း၊ မြို့နယ်တိုင်းတွင် ခေတ်မှီ စာကြည့်တိုက်များ ဖွင့်လှစ်ထားသည်။ စာအုပ်ရေ သန်းနှင့်ချီ စုဆောင်းထားရှိသည့် အမျိုးသားစာကြည့်တိုက်ကိုလည်း ခန့်ငြားထယ်ဝါစွာ တည်ထောင်ထားသည်။ ကျန်ရှိသည့် အာဆီယံ နိုင်ငံများသည်လည်း သူ့အတိုင်းအတာနှင့်သူ ခေတ်မီစာကြည့်တိုက်များ တည်ထောင်ကာ ပညာရေးတွင် ရင်းနှီးမြှုပ်နှံထား သည်ကို တွေ့ရသည်။ သို့ရာတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံတွင် နိုင်ငံ့ပုံရိပ်ကို မြှင့် တင်ပေးမည့် အမျိုးသားစာကြည့်တိုက်အား ဥပဒေဖြင့် အကာအကွယ်ပေးထားခြင်း မရှိရုံမျှမက အများပြည်သူတို့ လွယ်လင့်တကူ လာရောက် ဖတ်ရှုနိုင်သည့်နေရာမျိုးတွင် ရှိမနေခြင်းက ဝမ်းနည်းဖွယ်ရာဖြစ်သည်။  ပထမအကြိမ် လွှတ်တော်သက်တမ်းတွင်  အမျိုးသားစာကြည့်တိုက် ဥပဒေမူကြမ်းတစ် ခုပြဋ္ဌာန်းနိုင်ရေးအတွက် စာကြည့်တိုက် ကျွမ်းကျင်ပညာရှင်အချို့က ရေးဆွဲတင် ပြခဲ့သည်။ လက်ရှိသက်တမ်းတွင်လည်း”အမျိုး သားစာ ကြည့်တိုက်ဥပဒေ” ရေးဆွဲ ပြဋ္ဌာန်း သင့်ကြောင်းကိုလည်း ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင်က တင်ပြထားသည်။ သို့ရာတွင် ယင်းဥပဒေမှာ ယနေ့ထိ တိုင် ဥပဒေကြမ်းအဖြစ် ပေါ်ပေါက်လာခြင်း မရှိသေးပေ။ အမျိုးသားစာကြည့်တိုက်ဟူသည် နိုင်ငံ့ပုံရိပ်အတွက် အမှန်တကယ် လိုအပ်ကြောင်း မည်သူမှအငြင်းမပွားနိုင်သော်လည်း လက်တွေ့တွင် မေ့လျှော့ခံနေရသည့် အခြေအနေမျိုး ဖြစ်ပေါ်လျက်ရှိ ရာ အမျိုးသားစာကြည့်တိုက် ဖွံ့ဖြိုးရေး၊ နိုင်ငံတော်၏ ရည်ညွှန်းစာကြည့်တိုက်အဖြစ် ဂုဏ်သရေရှိစွာဖြင့် ရပ်တည်နိုင်ရေး၊ နိုင်ငံ့ပုံရိပ်တင့်တယ်ရေး၊ လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးရေး၊ စာပေဗဟုသုတ ရှာမှီးသူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင် ရေးနှင့် ခေတ်မီစာကြည့် တိုက်အဖြစ် ခန့်ငြားထယ်ဝါစွာ ရပ်တည်ရေးတို့အတွက် အစိုးရအနေနှင့် အမျိုးသား စာကြည့်တိုက် အား ဥပဒေတစ်ရပ်ဖြင့် အကာအကွယ်ပေးရန် လိုအပ်နေသည်။

ကျောင်းစာကြည့်တိုက်

စာဖတ်ခြင်း၏အရသာ စွဲထင်ကျန်ရစ် စေရေးအတွက် လေ့ကျင့်ရေးကွင်းမှာ အခြေခံပညာကျောင်းများပင် ဖြစ်ရာ ကလေးများ၏ ဘဝအစတွင် အသိဥာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်လိုစိတ်မြှင့်တင်ပေးရေးအတွက် အရေးကြီးဆုံးမှာ ကျောင်း စာကြည့်တိုက်နှင့် ယဉ်ပါးမှုရှိရေးဖြစ်သည်။ တစ်နည်းအားဖြင့် ကျောင်းစာကြည့်တိုက်များသည် ကျောင်းသူ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများအားလုံး၏ ဥာဏ်အလုပ် ရုံဖြစ်သည်။  ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် မြန်မာ တစ်နိုင်ငံလုံး၌ အခြေခံပညာ ကျောင်း ၄၇ဝဝဝကျော် ရှိသော်လည်း စာ ကြည့်တိုက်ရှိသည့် ကျောင်းများမှာ၂၆ဝဝဝ ကျော်ခန့် သာရှိသည်။ သို့ရာတွင် ယင်းစာကြည့်တိုက် အများစုပင်လျှင် ကျောင်းသား ကျောင်းသူများ လွယ်လင့်တကူသွား ရောက် ဖတ်ရှုနိုင်သည့် အနေအထားမျိုး မရှိသေးပေ။

အခြေခံပညာရေးတွင် အလွတ်ကျက် ဖြေဆိုရသည့်စနစ် ကျင့်သုံးနေခြင်းက ကျောင်းသားများ ပြင်ပစာပေ ဗဟုသုတများကို လေ့လာအားထုတ်ရန် အတားအဆီး သဖွယ်ဖြစ်နေသည်။ ကျောင်းတက်ချိန် သာမက ကျောင်းချိန်ပြင်တွင် လည်း ကျူရှင်နှင့် စာကျက်ဝိုင်းများ၌ ကျင်လည်နေရသည့် ကျောင်းသူ,ကျောင်းသားများမှာ ပြင်ပဗဟုသုတနှင့် ဆက်စပ်ပေး မည့် စာဖတ်ချိန်နည်းပါးလာပြီး စာကြည့်တိုက်နှင့် တဖြည်းဖြည်း ဝေးကွာလာသည်ဖြစ်ရာ  စာဖတ်ဝါသနာ ဖွံဖြိုးရေးအတွက် အရေးကြီးသည့်အချက်မှာ ကျောင်းစာကြည့်တိုက်များ သက်ဝင်လှုပ်ရှားလာရေးဖြစ်သည်။

ကျောင်းစာကြည့်တိုက် တစ်ခုသည် ကျောင်းအဆောက်အအုံအတွင်း၌ တည်ရှိနေသော်လည်း ဆရာများနှင့်  ကျောင်းသားများအတွက်ထိရောက်စွာ အကျိုးပြုနိုင်မှသာ ကျောင်းစာကြည့်တိုက်ဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။ သို့သော် လက်ရှိတွင် ကျောင်းစာကြည့်တိုက်များ အနေနှင့် စိန်ခေါ်မှုမျိုးစုံဖြင့် ရင်ဆိုင်နေရသည်။ ကျောင်းစာကြည့်တိုက်များ ရံပုံငွေ အခက်အခဲရှိခြင်း၊ ရှိပြီးစာအုပ်စာတမ်းများသည် ကျောင်းသားများအတွက် တိုက်ရိုက်အထောက်အကူပြုသည့် စာအုပ်များ နည်းပါးခြင်း၊ အသက်အရွယ်အလိုက်ဖတ်ရှုနိုင်သည့် စာအုပ်စာတမ်းများ မရှိခြင်း၊ ထိန်းသိမ်းမှုအားနည်းသဖြင့် ပျက်စီးမှုများ ဖြစ်ပေါ်နေခြင်း၊  စာကြည့်တိုက်သွားရန် သီးသန့်အချိန်မသတ်မှတ်ထားခြင်း၊ စာကြည့်တိုက်၏ အခင်းအကျင်းသည် ကလေး များအားဆွဲဆောင်နိုင်သည့် ပတ်ဝန်းကျင်မရှိခြင်း၊ စာကြည့်တိုက်မှူးသီးသန့် မရှိခြင်းနှင့် စာကြည့်တိုက်ရှိစာအုပ်များကို အသုံးပြု၍ လက်တွေ့အသုံးချ လုပ်ဆောင်စေသည့် အလေ့အကျင့်မရှိခြင်းများက ကျောင်းစာကြည့်တိုက်များ မရှင်သန်နိုင် ခြင်း၏ အဓိကချက်များ ဖြစ်နေသည်။

စာကြည့်တိုက်ဟူသည် စာအုပ်၊ အဆောက်အဦ၊ ရံပုံငွေ၊ စီမံခန့်ခွဲမှုစနစ်ဟူ သောအင်္ဂါရပ်များပြည့်စုံ၍ စာဖတ် ပရိသတ်အတွက် အဆင်ပြေချောမွေ့စွာ ဖတ်ရှုလေ့လာနိုင်ခွင့်ရှိသည့်နေရာ၊ ဌာနဖြစ်ရာ ယင်းအချက်များနှင့် ပြည့်စုံမှုမရှိပါက ကျောင်းစာကြည့်တိုက်များ အောင်မြင်မှုရရန် လွယ်ကူမည်မဟုတ်ပေ။ ထို့ပြင်ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများအပါအဝင် ဆရာ၊ ဆရာမအများစုကလည်း ကျောင်းစာကြည့်တိုက်အပေါ် စိတ်ဝင်စားမှုရှိရန်လိုအပ်သည်။ အခြေခံပညာကျောင်း တိုင်း၌ စာကြည့်တိုက်ယဉ်ကျေးမှု ပြန်လည်ထွန်းကားလာရန်မှာ သင်ယူမှုရလာဒ်ကိုဦးတည်သော စာကြည့်တိုက်မူဝါဒများ ဖော် ထုတ်ခြင်း၊ ပညာရေးတက္ကသိုလ်နှင့် ပညာရေးကော်လိပ်များတွင် စာကြည့်တိုက်ပညာကို ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်း သင်ကြားပေးခြင်း၊ စာသင်ချိန်ဇယား၌ စာကြည့်တိုက်အတွက် သီးသန့်အချိန်များ ထည့်သွင်းရေးဆွဲပေးခြင်း၊ အရည်အချင်း ရှိသည့် စာကြည့်တိုက်မှူးများခန့်အပ်ခြင်းနှင့် ကျောင်းစာကြည့်တိုက်များ ပုံမှန်လည်ပတ်နိုင်ရေးအတွက် သီးခြားရံပုံငွေတစ် ရပ်ရရှိစေရန် ဥပဒေတစ်ရပ်ရပ်၌ ထည့်သွင်း ပြဋ္ဌာန်းပေးခြင်းများကို အကောင်အထည်ဖော်နိုင်ပါမှ  ကျောင်းစာကြည့်တိုက် များ ပြန်လည်အသက်ဝင်လာမည် ဖြစ်သည်။

ပြည်သူ့စာကြည့်တိုက်

မြန်မာနိုင်ငံတွင် စာကြည့်တိုက် အမျိုးအစားအလိုက် ကွဲပြားခြားနားစွာ တည်ရှိနေသော်လည်း ပြည်သူ့စာကြည့် တိုက်နှင့် ရွေ့လျားစာကြည့်တိုက်များမှာ ပြည်သူလူထုနှင့်အနီးစပ်ဆုံး စာကြည့်တိုက်များဖြစ်ရာ ကျေးလက်လူနေမှုဘဝ တွင် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။  ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သက်ဆိုင်ရာ စည်ပင်သာယာအဖွဲ့ အစည်း၊ ဒေသန္တရအဖွဲ့အစည်းများက ပြည်သူလူထုထံမှာ ကောက်ခံသည့်အခွန်များအနက် ရာခိုင်နှုန်းတစ်ခုသတ်မှတ်၍ မြို့ရွာ အတွင်းရှိ ပြည်သူ့စာကြည့်တိုက်များသို့ ထောက်ပံ့ကြသည်။ အများပြည်သူတို့အနေနှင့်လည်း အယုတ်အလတ်အမြတ်မရွေး စာကြည့်တိုက်များမှ ခမဲ့ဖတ်ရှုငှားရမ်းခွင့်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များ၊ တစ်နိုင် တစ်ပိုင်စာကြည့် တိုက်များနေရာအနှံ့အပြား တည်ထောင်ထားရှိသော်လည်း သက်ဆိုင်ရာမှ ထောက်ပံ့မှုများ မရှိသလောက် နည်းပါးသဖြင့် ပုံမှန်လည်ပတ်နိုင်ရန် လှုပ်ရှားရုန်းကန်နေရဆဲဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြတိုက်နှင့် စာကြည့်တိုက်များနှင့်ပတ်သက်သည့် ဥပဒေများအား  ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက ဥပဒေပြုပိုင်ခွင့်ရှိသော် လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့၌ ပြဋ္ဌာန်းထားသည့် စာကြည့်တိုက်ဥပဒေများမှာ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ် ဆန်းဆိုသလိုဖြစ်နေသည်။ ကိုယ့်အားကိုယ်ကိုး ပြည်သူ့စာကြည့်တိုက်များသည် စာပေနှင့်နီးစပ်သည့် သူများနှင့်သာ အနစ်နာခံလုပ်ကိုင်နိုင်သည့် အခြေ အနေမျိုးဖြစ်ရာ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အဆင့်ဆင့်တွင် စာပေဝါသနာရှင်များကိုသာ ဦးစား ရွေးချယ် တာဝန်ပေးသင့်ပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေးအပိုင်း၏ ပါဝင်မှုတတ်နိုင်သမျှ လျှော့ချဖွဲ့စည်းခြင်း၊ အကန့်အသတ် အတား အဆီးများကို ဖြေလျှော့ပေးခြင်းဖြင့်သာ ပြည်သူ့စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုစေမည်ဖြစ်သည်။

အထူးသဖြင့် ဒေသအချို့တွင်စာကြည့် တိုက်တည်ထောင်ရန် ကိုယ်ပိုင်မြေမရှိခြင်း၊ ရှိသော်လည်း သက်ဆိုင်ရာ ရပ်ကွက်နှင့် အုပ်ချုပ်ရေးမှူးရုံးများ ဖွင့်ထားခြင်း၊ တချို့နေရာများတွင် စာကြည့်တိုက်မြေနေရာကို လုပ်ပိုင်ခွင့်ရှိသူများနှင့် ပူးပေါင်းကာ အထူး ဂရမ်လျှောက်ထားမှုကို ခွင့်ပြုထားခြင်းများ လည်းရှိခဲ့သည်။ သို့ဖြစ်၍ ခေတ်မှီ ပြည်သူ့စာကြည့် တိုက်များ ပေါ်ပေါက်လာရေး အတွက် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရေးဆွဲပြဋ္ဌာန်းသည့် ပြည်သူ့စာကြည့်တိုက်ဥပဒေများတွင် စာအုပ်စာတမ်းများ ပံ့ပိုးမှုအပြင် သတင်း အချက်အလက်ဆိုင်ရာ နည်းပညာများ ပံ့ ပိုးပေးခြင်း၊  ပြည်သူ့စာကြည့်တိုက်များ ရေရှည်တံ့ရေးအတွက် အခွန်ထမ်းများ၏ ဝင်ငွေမှ အချိုးအစားတစ်ခုကို သီးခြားဘတ် ဂျက်အဖြစ် သတ်မှတ်ပေးခြင်းများကိုလည်း ထည့်သွင်းရေးဆွဲရန်လိုအပ်သည်။ ပြည်သူ့ စာကြည့်တိုက်များသည် တစ်နိုင်ငံ လုံးအတိုင်းအတာနှင့် တည်ရှိနေသည်ဖြစ်ရာ ပြည်ထောင်စုအဆင့်ကလည်း နိုင်ငံတော်၏မူဝါဒနှင့် လိုက်လျှောညီထွေရှိစေ မည့် ပြည် သူ့စာကြည့်တိုက် ဥပဒေတစ်ရပ်ဖြင့် အကာအကွယ်ပေးရန် လိုအပ်နေသည်။

နိဂုံး

စာကြည့်တိုက်ဟူသည် ပညာရေး၊ ယဉ်ကျေးမှုနှင့် သတင်းအချက်အလက်များ အတွက် အစဉ်ရှင်သန်နေသော အင်အားကြီး တစ်ခုဖြစ်သကဲ့သို့ထိုလူသား၊ ယောင်္ကျား,မိန်းမတို့၏ စိတ်ဓာတ်အတွင်း၌ ငြိမ်းချမ်းရေးနှင့် စိတ်ဓာတ်တိုးတက် ရေးတို့ ဖြစ်ထွန်းစေရန်အတွက်လည်း ပဓနအကြောင်းတရား တစ်ခုဖြစ်ကြောင်း ယူနက်စကိုအဖွဲ့ ကြီးက အဓိပ္ပာယ်ဖွင့်ဆို ထားရာ စာကြည့်တိုက်များ သည် ဒေသအတွင်းရှိ အသိပညာတံခါး ပေါက်တစ်ခုဖြစ်သည်။

သို့ရာတွင် The Asia Foundation ၏ ၂ဝ၁၄ခုနှစ် ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်သော စစ်တမ်းတစ်ခုက မြန်မာ တစ်နိုင်ငံလုံးတွင် စာကြည့်တိုက်ပေါင်း ၅၅၇၅၅ ခုရှိသော်လည်း ၄၈၆၈ခုသာ အသုံးပြုနိုင်ကာ ပြည်သူ ၉၇ ရာခိုင်နှုန်းမှာ စာကြည့်တိုက်များ အကျိုးရှိပုံကို သိသော်လည်း အသုံးပြုမှု နည်းပါးကြောင်း ဆိုထားသည်။ စာကြည့်တိုက် အတော်များများ တံခါးပိတ်ထားရခြင်း၏ အကြောင်းရင်းကို လေ့လာကြည့်ပါက စာဖတ်သူနည်းပါးခြင်း၊ စာကြည့်တိုက် ပုံမှန်လည်ပတ်ရန် လိုအပ်သည့် ငွေကြေးလိုအပ်ချက်ရှိခြင်း၊  စာဖတ်လိုစိတ်ရှိလာစေရန် ဆွဲဆောင်မှု အားနည်းခြင်းနှင့် စာကြည့်တိုက်မှူးများ၏ စွမ်းဆောင် ရည်မရှိခြင်းဟူသည့် အဓိက အချက်များကို တွေ့ရှိနိုင်သည်။

ကျောင်းစာကြည့်တိုက်များသာမက ဒေသအသီးသီးရှိ ပြည်သူ့စာကြည့်တိုက်များ ရှင်သန်ရေးအတွက်  စိန်ခေါ်မှုများ စွာရှိနေသေးရာ  Budject၊ Building၊ Brain၊ Book ဟူသည့် “B” လေးလုံးနှင့် ပြည့်စုံရေးကအရေးကြီးသည့် အချက်ဖြစ် သည်။ သို့ဖြစ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် အစိုးရတစ်ခုတည်း၏ အင်အားဖြင့် မလုံလောက်နိုင်သော်လည်း အစိုးရက စာကြည့်တိုက်များအား ဥပဒေတစ်ရပ်ရပ်ဖြင့် အကာအကွယ်ပေးခြင်း၊  စာကြည့် တိုက်ဆိုင်ရာ ဖောင်ဒေးရှင်းများ၊ အသင်းအဖွဲ့များ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီပံ့ပိုးခြင်း များဖြင့်သာ စာကြည့်တိုက်များ ရေရှည်တည်တံ့ နိုင်မည်ဖြစ်သည်။

မောင်ဒိုး(ကံပေါက်)