ဆုံမှတ်ပျောက်နေဆဲအခြေခံဥပဒေပြင်ဆင်ရေး

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြင်ဆင်ရေးနှင့်ဆက်စပ်သော ဆွေးနွေးငြင်းခုံသံတို့သည် လွှတ်တော်တွင်းသာမက၊ လွှတ်တော်ပြင်ပတွင်လည်း ဆူညံပွက်လောရိုက်လျက်ရှိသည်။ အဆုံးအဖြတ်ပြုနိုင်မည့် ပုဂ္ဂိုလ်များအကြားဆုံမှတ်ပျောက် နေသရွေ့ ပြုပြင်ပြောင်းလဲရေးခြေလှမ်းတိုင်းသည် အားယုတ်နေဦးမည်ဖြစ်သည်။ အရပ်ဖက်နှင့်စစ်ဖက်ခေါင်းဆောင်များ အကြား ဘုံသဘောတူညီချက်များရယူနိုင်ပြီး၊ ဆုံမှတ်ကိုပုံဖော်နိုင်မှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအ၀င် စပ်ကူးမတ်ကူး အကျပ်အတည်းပေါင်းစုံကျော်လွှားနိုင်ရေးသည် ပို၍ခရီးပေါက်မည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆုံမှတ် ပျောက်နေဦးမည်ဆိုပါက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုရွှေပြည်ကြီးကလည်း မျှော်တိုင်းဝေးနေဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးခရီးရှည်ကြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအ ကျပ်အတည်း၊ ပြည်တွင်းငြိမ်းချမ်းရေးအကျပ်အတည်း၊ ဒီမိုကရေစီပြုရေးအကျပ်အတည်း၊ တရားဥပဒေစိုးမိုးရေးအကျပ်အ တည်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအကျပ်အတည်းတို့သည် သော့ချက်ကျပြီး၊ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီနေသည့်အ လျောက် ပြိုင်တူတွန်းမှရွေ့နိုင်မည့်သဘောဟုသုံးသပ်မိသည်။ အကျပ်အတည်းတစ်ရပ်တည်းကို သီးခြားခွဲသုံးသပ်၊ ချဉ်း ကပ်သည်ထက် သော့ချက်အကျပ်အတည်းများအားလုံးကို ထိထိရောက်ရောက် ဆန်းစစ်၊ အဖြေရှာနိုင်ရေး ဦးတည်သည့် ဗျူဟာ၊ နည်းနာကသာ အနာနှင့်ဆေးတွေ့စေမည်ဖြစ်ပြီး၊ ကုရာနတ္ထိဆေးမရှိဖြစ်နေဆဲအခင်းအကျင်းက လွန်မြောက်နိုင်ဖို့ လမ်းပြနိုင်မည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ဆက်စပ်သည့်လတ်တလောခြေလှမ်းများကို ဆန်းစစ်ကြည့်မည်ဆိုလျှင် အများစု နှင့် အနည်းစုအကြား အမြင်သဘောထားကွဲလွဲမှုက နက်သထက်နက်လာနေသည်။ အများစုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ခံအရပ်သားလွှတ်တော်ကိုယ်စားလှယ်များ နှင့် အနည်းစု ဖြစ်သော ခန့်အပ်ခံတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအကြား ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ဆက်စပ် သည့် ပွတ်တိုက်မှုများက မြင့်မားသထက်၊ မြင့်မားလာနေသည်။ အရပ်ဖက် နှင့် စစ်ဖက်အကြားအားပြိုင်မှု စိပ်သထက်စိပ် လာမည်ဆိုလျှင် ယုံကြည်မှုတည်ဆောက်ရေးကို အကျပ်ရိုက်စေမည်ဖြစ်ပြီး၊ ပြန်လည်သင့်မြတ်ရေးကလည်း အခက်ကြုံရ ဖွယ်ရှိသည်။ အရပ်ဖက်နှင့်စစ်ဖက်ဆက်ဆံရေးကောင်းမွန်ဖို့သည် အာဏာရှင်မှဒီမိုကရေစီသို့စပ်ကူးမတ်ကူးတွင် သော့ ချက်ကျပြီး၊ ထိလွယ်ရှလွယ်လွန်းသည်ကို မျက်ခြေမပြတ်သင့်ပေ။ ရေရှည်အမြင်နှင့်အမြော်အမြင်ရှိရှိ ပရိယာယ်၊ ဗျူဟာ ကြွယ်ကြွယ် တည့်မတ်ထိန်းကျောင်းနိုင်ဖို့ ပဓာနကျမည်ဖြစ်သည်။

အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်အများစုပါဝင်သည့် ပြင်ဆင်ရေးပူးပေါင်းကော် မတီကတင်သွင်းသည့်ဥပဒေကြမ်းများ၌ ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေးကဏ္ဍတွင် တပ်မတော်၏ပါဝင်ထမ်းဆောင်မှုကိုလျော့ ချနိုင်ရေးဦးတည်ပြီး၊ တပ်မတော်ကတင်သွင်းသည့်ဥပဒေကြမ်းများတွင် တပ်မတော်၏အခန်းကဏ္ဍကို ပိုမိုအားကောင်းရေး ဦးတည်သည့်ပြင်ဆင်ချက်များ ပါဝင်နေသည်။ ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံအရပ်သားလွှတ်တော်ကိုယ်စား လှယ်များ နှင့် ခန့်အပ်ခံတပ်မတော်သားကိုယ်စားလှယ်များအကြား မျက်နှာစုံညီဆွေးနွေးမှုများသည် အကြိတ်အနယ်ဖြစ် လာပြီး၊ ထိပ်တိုက်တွေ့မှုများကို ရှောင်လွှဲနိုင်ဖို့ခဲယဉ်းလိမ့်မည်ဟု သုံးသပ်မှုများလည်းရှိနေသည်။ လတ်တလောအခင်းအ ကျင်းကိုကြည့်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ အရပ်ဖက်နှင့်တပ်ကိုယ်စားလှယ်များအကြား ဆုံမှတ် ပျောက်ဆုံးနေပြီး၊ ကိုယ့်လမ်းကိုယ်လျှောက်နေသည်မှာ လယ်ပြင်မှာဆင်သွားသကဲ့သို့ ထင်ရှားလျက်ရှိသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်(၃၅၁)ဦးက လက်မှတ်ရေးထိုးပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီက တင်သွင်းခဲ့သည့် ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းနှစ်ရပ်တွင် ပုဒ်မ ၄၃၆(က)အ ရ တပ်မတော်နှင့်သက်ဆိုင်သောပြဋ္ဌာန်းချက်များပါဝင်သည့် ပုဒ်မ ၃၀ရပ်၊ ပုဒ်မ ၄၃၆(ခ)အရ တပ်မတော်နှင့်သက်ဆိုင် သော ပြဋ္ဌာန်းချက်များပါဝင်သည့် ပုဒ်မ ၁၃ ရပ်၊ စုစုပေါင်း ပုဒ်မ ၄၃ ရပ်ကို ပြင်ဆင်၊ အစားထိုး၊ ပယ်ဖျက်ရန် အဆိုပြုထား သည်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံမှသာ တပ်မတော်နှင့်သက်ဆိုင်သောပြဋ္ဌာန်းချက်များ ကို ပြင်ဆင်၊ အစားထိုး၊ ပယ်ဖျက်နိုင်ရေး ခရီးဆက်နိုင်မည်ဖြစ်သည်။ တပ်မတော်အနေဖြင့် သူ၏အခန်းကဏ္ဍကိုလျော့ချ မည့်ပြင်ဆင်ချက်များကို ထောက်ခံပါ့မလား၊ ထောက်ခံသဘောတူလာဖို့ မည်သို့မည်ပုံဆောင်ရွက်မည်ဆိုသည့်ကိစ္စမှာစိတ် ၀င်စားဖွယ်ရာ၊ စိတ်လှုပ်ရှားဖွယ်ရာပင်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် ကနဦးတင်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကိုဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း(၅)ရပ်အနက် ဥပဒေကြမ်း(၂)ရပ်ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက လက် မှတ်ရေးထိုးတင်သွင်းထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ တပ်မတော်၏သဘောထားကိုထင်ဟပ် သည့်အချက်များဟုဆိုနိုင်သည်။ ဥပဒေကြမ်းများတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို မူလအတိုင်းဖွဲ့ စည်း၍ နိုင်ငံတော်သမ္မတကို လွှတ်တော်များအား ဖျက်သိမ်းသင့်၊ မသင့်အကြံပေးရန် အပါအ၀င် ကောင်စီ၏တာဝန်များကို ဖြည့်စွက်ပြင်ဆင်ရန် နှင့် ပုဒ်မ ၅၉(စ)ပါပြဋ္ဌာန်းချက်ကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ ၏အရည်အချင်းသတ်မှတ်ချက်အဖြစ် ဖြည့်စွက်ရန် အဆိုပြုထားသည်။ ဥပဒေကြမ်းအားလုံးကို လေ့လာကြည့်မည်ဆိုလျှင် အရပ်ဖက် နှင့် စစ်ဖက်အကြား ကွာဟမှုမြင့်မားပြီး၊ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေသည်မှာ သိသာမြင်သာသည်။

အဓိကပြဿနာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အကျပ်အတည်းနှင့်စပ်လျဉ်း၍ ဆုံမှတ်ပျောက်နေသော ကိစ္စပင်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်တွင် ၅၈ ရာခိုင်နှုန်းကျော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်များ နှင့် ၂၅ ရာခိုင်နှုန်းတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအကြား ဆုံမှတ်ဖြစ်ပေါ်နိုင်သည့် ပြဋ္ဌာန်းချက်များသာ ပြင်ဆင်နိုင်ဖို့ အလားအလာများမည်ဖြစ်သည်။ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေမည်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဖြစ် နေမည်ဆိုလျှင် ၂၀၂၀ ပြည့်နှစ်လယ်ခန့် ထွက်ပေါ်လာမည့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးရလဒ်သည် သုညတဖြစ် သွားနိုင်ခြေကလည်း ဖြစ်နိုင်ခြေတစ်ခုပင်ဖြစ်သည်။ ဆုံမှတ်ကိုရရှိနိုင်ဖို့ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ်များ နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအကြား ပွင့်ပွင့်လင်းလင်း မျက်နှာစုံညီ အကြိတ်အ နယ်ညှိနှိုင်း၊ ဆွေးနွေး၊ အဖြေရှာနိုင်ရန် ပဓာနကျမည်ဖြစ်သည်။

တိုင်းရင်းသားပြည်သူလူထုအများစုကြီးသည် တပ်မတော်ကို နိုင်ငံရေးမှထွက်ခွာ၍ စစ်တန်းလျားသို့ပြန်ပြီး၊ ကာ ကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကိုသာ ထမ်းဆောင်စေလိုသည့်ဆန္ဒသဘောထားရှိကြသည်။ နိုင်ငံရေးကင်းစင်သည့် ပရော် ဖက်ရှင်နယ်အင်စတီကျူးရှင်းအဖြစ် အစောတလျင်ပြောင်းလဲစေလိုပြီး၊ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော် အနေဖြင့် ပါဝင်ထမ်းဆောင်ခြင်းမပြုသည်က ဒီမိုကရေစီအနှစ်သာရကို ပိုမိုလေးနက်စေလိမ့်မည်ဟုသုံးသပ်ကြသည်။ တပ် မတော်အနေဖြင့် နိုင်ငံရေးမှထွက်ခွာ၍စစ်တန်းလျားပြန်ဖို့ သေချာသည့် ကနဦးခြေလှမ်းများကို လှမ်းပြလိုက်မည်ဆိုလျှင် ပြည်သူလူထုအများစုကြီးက အူလှိုက်သည်းလှိုက်လက်ကမ်းကြိုဆိုကြမည်မှာ ဧကန်မုချပင်ဖြစ်သည်။ တပ်မတော်သည် ပြည်တွင်းငြိမ်းချမ်းရေးရမှ နိုင်ငံရေးမှထွက်ခွာ၍ စစ်တန်းလျားပြန်ဖို့ စဉ်းစားသည်ထက် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် ဟန်ချက်ညီညီ နိုင်ငံရေးမှတစ်ဆင့်ချင်းထွက်ခွာမည့်အစီအစဉ်ကို ညှိနှိုင်းလက်ခံနိုင်မည်ဆိုလျှင် ပိုမိုအဓိပ္ပါယ်ရှိမည်ဖြစ် သည်။

မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို ဗလောင်းဗလဲမဖြစ်ဖို့ဆိုလျှင် အကျပ်အတည်းပေါင်းစုံနှင့်ဆက်စပ်၍ ဆုံမှတ်များ ကို ဖော်ထုတ်၊ အသက်သွင်းနိုင်ရန် အရေးကြီးမည်ဖြစ်သည်။ အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသားအကြားဆုံမှတ်များက အရေးကြီးဆုံးပင်ဖြစ်ပြီး၊ လွတ်လပ်ရေးရပြီးကတည်းက နယ်ပယ်ပေါင်းစုံတွင် ဆုံမှတ်များပျောက်ခြင်းမလှပျောက်လာခဲ့ သည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်သည်။ ဝေဝါးထွေပြားသောဆုံမှတ်များသည် ကောင်းမွန်မှန်ကန်သောလမ်းကိုပြနိုင်မည်မ ဟုတ်ပေ။ ဆုံမှတ်များပျောက်ဆုံးနေ၊ ဝေဝါးထွေပြားနေသရွေ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်း ကြောင်းသည် ညီညာဖြောင့်ဖြူးနိုင်ခြေနည်းလိမ့်မည်ဖြစ်သည်။ ပစ္စုပ္ပန် နှင့် အနာဂတ်ဆုံမှတ်များ အသက်ဝင်ဖို့ဆိုလျှင် တိုင်းရင်းသားများအပါအ၀င် အရပ်ဖက်နှင့်စစ်ဖက်ခေါင်းဆောင်များအကြား ညှိနှိုင်းဆွေးနွေး၊ ယုံကြည်မှုရယူ၊ ပေါင်းစပ်ချဉ်း ကပ်အဖြေရှာနိုင်ရန် အရေးကြီးမည်ဖြစ်သည်။

အချုပ်ဆိုရသော် နှစ်ပေါင်း(၇၀)ကျော် ဆုံမှတ်ပျောက်ဆုံးနေဆဲ၊ ဆုံမှတ်များကို ဗျူဟာမြောက်ရှာဖွေဖို့ ပျက်ကွက် နေဆဲ၊ ဆုံမှတ်များကို နားလည်သဘောပေါက်မှုအားနည်းနေဆဲ စသည့်အခင်းအကျင်းများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အကျပ်အတည်းမှဖောက်ထွက်နိုင်ဖို့ အားစိုက်ကြရမည်ဖြစ်သည်။ အာဏာရှင်နွံအိုင်ထဲတွင် လှည်းဘီးကျွံနေ ဆဲ ဒီမိုကရေစီလှည်းကြီးကို မသူကမ၊ တွန်းသူကတွန်းနှင့် ပျားပန်းခပ် အလုပ်များနေဆဲပင်ဖြစ်သည်။ ပြိုင်တူတွန်းကြရမည် ဟု အားလုံးကနားလည်ကြလင့်ကစား ဟန်ချက်ညီညီ ယုံကြည်မှုရှိရှိ ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်နိုင်မှသာ အနှစ် သာရပြည့်ဝပြီး၊ အဓိပ္ပါယ်လေးနက်သည့်အခင်းအကျင်းကို ရုပ်လုံးပေါ်စေမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ငါ့နိုင်ငံတော်နှင့် ငါ့နိုင်ငံသားတို့အကျိုးကိုရှေးရှုလျက် ပျောက်ဆုံးနေဆဲဆုံမှတ်များကို စားပွဲဝိုင်းဆွေးနွေးပွဲများတွင် အသက်သွင်းနိုင်ပြီး၊ ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စုအား အပြောသက်သက်မဟုတ်၊ စကားလုံးသက်သက်မဟုတ်၊ ဟန်ပြသက်သက်မဟုတ်၊ ပ ရိယာယ်သက်သက်မဟုတ် ထုနှင့်ထည်နှင့် ဖော်ဆောင်နိုင်ရေး ဝိုင်းကြ၊ ၀န်းကြဖို့ တိုက်တွန်းဆော်သြလိုက်ရပါသည်။

 

ဒေါက်တာရန်မျိုးသိမ်း