ဆုံးမခံပြီး တောင်းပန်ရသည့်နောက်မှာ ပြည်သူက ဘယ်သူ့ ကို အားကိုးရမှာလဲ

နောင်ကျော်
ယနေ့ခေတ်မဂ္ဂဇင်း ၊ ဇူလိုင်လ ၊ ၂၀၁၇ ထုတ်မှ
(၁)
‘ညီညာတော့ ပြည်သာသည်’ ဆိုသော စကားကို အားလုံးကြားဖူးပြီးသားဖြစ်သည်။ ဤစကား၏အဆက်ကလည်း ‘မညီညာတော့ ပြည်နာမည်’ ဆိုသည်ကို အတွေ့အကြုံဖြင့် သိခဲ့ကြပြီးသားပင်။ အတွေ့အကြုံဟုဆိုခြင်းကြောင့်

လက်ရှိမျိုးဆက်တွေသာမက ရှေ့က မျိုးဆက်ဖြစ်သော မိဘဘိုးဘွားများအထိကို ညွှန်းခြင်းဖြစ်သည်။ ထင်ရှားသောလူပုဂ္ဂိုလ်များ ၏ နာမည်ဖြင့်ပြောရလျှင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာဒဂုန်တာရာ စသည့်မျိုးဆက် များမှစ၍ ဗကသရဲဘော်ဟောင်း မဖြိုးဖြိုးအောင်တို့ မျိုးဆက်အထိ အကျုံးဝင်သည်။ မညီ ညာတော့ ပြည်နာခဲ့ရသည့်အကြောင်းကို ကောင်းကောင်းကြီးသိခဲ့ကြသောမျိုးဆက်များ။
ပြည်သာဖို့ဆိုလျှင် ညီညာကြမှဖြစ်မည်။ ညီညာကြဖို့ဆိုလျှင် ဤတိုင်းပြည်တွင် ဒီမို ကရေစီရေး၊ ငြိမ်းချမ်းရေး၊ တန်းတူသွေးစည်းညီညွတ်ရေး ရှိမှဖြစ်မည်။ ဤ ၃ချက်စလုံး ညီမှ၊ ရှိလာဖြစ်လာမှသာ ညီညာသော၊ ညီညွတ်သော၊ စည်းလုံးသောတိုင်းပြည်ဖြစ်မည်။ ဤသို့သော စကားမျိုးကို ကြားဖူးမှတ်ဖူးသူတွေက နည်းလှမည်မထင်ပါ။ သို့သော် လက် တွေ့လောကတွင်လည်း ရှိလာဖြစ်လာတာကို မတွေ့ရသေးပါ။ အားထုတ်ကြိုးပမ်းနေကြ သည်ကိုတော့ မြင်နေကြားနေရသည်။ ဤအခြေအနေ မှာပဲ ရှေ့သို့မရောက်လာဘဲ အနောက်ဆီသို့ ခြေဦး လှည့်မည့် အရိပ်လက္ခဏာ၊ အရင်လိုပါပဲဟု ပြောရ မည့် သဘောထားပုံတို့ကို မြင်ရကြားရပြန်သည်။
ကြီးမားသော ပြောင်းလဲမှုဖြစ်စဉ်တိုင်းတွင် အတက်ထဲ၌ တန့်နေတာမျိုး၊ ယာယီ နောက်ဆုတ်ခြင်း မျိုးတွေ ရှိနေတတ်သည်။ သို့သော် တန့်နေခြင်းနှင့် နောက်သို့ဆုတ်ယုတ်သွားခြင်းမျိုးတွေက ဆက်တိုက် လိုလို ဖြစ်လာ၊ ရှိလာသည်ဆိုလျှင်တော့ ပြောင်းလဲ မှုဟု ပြောရခက်လာတတ်သည်။ ပြော၍မရနိုင်ဘဲ ရှိလာတတ်သည်။ အဟောင်းကို ဖက်တွယ်ထားသူ တွေက အားကောင်းမောင်းသံဖြစ်နေပြီး အသစ် အတွက်ရုန်းကန်သူတွေက အားနည်းနေချိန်မျိုး (သို့တည်းမဟုတ်) အဟောင်းသမားတွေက အပေါ်စီး မှနေရာယူထားပြီး အသစ်သမားတွေက ကြောက်လန့် စိုးရွံ့နေသော အခြေအနေမျိုးတွင် တန့်နေခြင်းနှင့် တဖြည်းဖြည်းနောက်သို့ ဆုတ်ယုတ်လာခြင်းမျိုးက တကယ့်ကို ရှိလာ ဖြစ်လာတတ်သည်။ ‘ကြောက်ရင် လွဲ၊ ရဲမင်းဖြစ်’ ဆိုသောစကားကိုပင် ကိုးကားရတော့ မည်ထင်သည်။
(၂)
ဤဆောင်းပါးတွင် ရေးသားမည့်အကြောင်းအရာနှင့်ပတ်သက်၍ ဖြစ်စဉ်တစ်ခုလုံးကို အသေးစိတ်ဖော်ပြတော့မည်မဟုတ်ဘဲ အဓိကကျမည့်ဖြစ်ရပ်များကိုသာ တင်ပြပြီး ကျွန်တော့်သဘောထားကို ပြောဖို့ရည်ရွယ်ထားပါသည်။ ရေးမည့်အကြောင်းအရာကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ပရိုတိုကော (Protocol)နှင့်စသော စကားအတွက် တောင်းပန် ခြင်းနှင့်ဆက်စပ်ပါသည်။
ဤဇာတ်လမ်း၏အစမှာ ၂ဝ၁၇၊ ဇူလိုင် ၉ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် တွင် USAID
နှင့် ပူးပေါင်းလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ် အကိုင် ဖန်တီးပေးရေး အလုပ်ရုံဆွေးနွေးပွဲ၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောခဲ့သော စကားနှင့်ပတ်သက်ပြီး နောက်ဆက်တွဲဖြစ် လာသော ပြဿနာလည်းဖြစ်သည်။ (ဤနေ ရာတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ပြော စကားကို အသေးစိတ်ဖော်ပြမည်မဟုတ်ပါ။နောက်ပိုင်းတွင် သီးခြားဖော်ပြပေးပါ မည်။)
ဝန်ကြီးချုပ်ပြောစကားနှင့် ပတ်သက်၍ အင်တာနက်လိုင်း ဖေ့စ်ဘုတ်ပေါ်တွင် အ ကြီးအကျယ် ပွက်လောရိုက်ခဲ့သည်။ ဤ ရက်ပိုင်းတွင် တပ်မတော်ဘက်မှ ထုတ်ပြန် သော သဘောထားက မပြင်းထန်လှသေး သော်လည်း လော်ဘီတွေ လေသံကပြင်းထန် သည်။ နဂိုက ဟိုဘက်လိုလို ဒီဘက်လိုလို ကစားနေသူများကလည်း ဤအချိန်တွင် ဝန်ကြီးချုပ်ပြောစကားကို သူတို့သိနားလည် သလောက်လေးဖြင့် ဝင်ရောက်တိုက်ခိုက် သည်။ တစ်လျှောက်လုံးတွင် NLD အစိုးရ ၏လုပ်ရပ်များကို ဝေဖန်နေသူအများစုက ဘာမှမပြောဘဲ စောင့်ကြည့်အကဲခတ်နေကြ ချိန်တွင် အန်အယ်ဒီဆန့်ကျင်ရေးသမားတွေ က အသံကျယ်ကျယ်လောင်လောင်ဖြစ် အောင်ရေးလာကြသည်။
ဇူလိုင် ၁၂ရက်တွင် ဖတ်ရသော သတင်းတွင် အန်အယ်ဒီမှ ဦးဉာဏ်ဝင်းက ‘… ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ပြော စကားဟာ မမှားဘူး’ဆိုသည်ကိုတွေ့ရ သည်။ ဦးဝင်းထိန်ကတော့ ‘သူ ဘာမှ မသိ ဘူး’ဆိုသောစကားဖြင့် သူ့သဘောထားကို မပြောဘဲ ရှောင်ထွက်သွားသည်ကိုလည်း ဖတ်ရသည်။
ထိုနေ့ (ဇူလိုင် ၁၂)တွင်ပင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်း ထုတ်ပြန်ချက်ကို ဖတ်ရသည်။ ယင်းထုတ်ပြန် ချက်တွင် ဖြစ်စဉ်ကိုရေးပြထားပြီး အရေး ကြီးသော သဘောထားများထဲမှ တချို့ကို ထုတ်နုတ်ပြခြင်ပါသည်။
”…..တပ်မတော်အကြီးအကဲနှင့် တပ်မတော်ပုံရိပ်ကို ကျဆင်းစေရန် တပ်မ တော်အား တိုက်ရိုက်ထိပါးစော်ကားခြင်းဟု တပ်မတော်က ယူဆသည်။”
”…..စဉ်ဆက်မပြတ် တည် ဆောက်သွားရမည်ဖြစ်သော ရေရှည်ဆက် ဆံရေးလုပ်ငန်းစဉ်များအတွက်လည်း အခက်အခဲဖြစ်လာစေနိုင်သူ ဖြစ်ကြောင်း သုံးသပ်ရပါသည်။”
”ထို့ကြောင့် တပ်မတော်အနေနှင့် အပြုသဘောဖြင့် ရေရှည်ဆက်ဆံရန်မသင့် လျော်သောကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြစ်သူ ဦးဖြိုးမင်း သိန်းအား လိုအပ်သလို စိစစ်အရေးယူပေး နိုင်ရန် နိုင်ငံတော်အစိုးရထံ တင်ပြခဲ့ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါ သည်။”
(သတင်းထုတ်ပြန်ချက် အပြည့်အစုံကို သိလိုလျှင် အထက်တွင်ဖော်ပြခဲ့သော လိပ် စာ၌ ဝင်ရောက်ဖတ်ရှုရန်ဖြစ်ပါသည်။)
ဤကောက်နုတ်ချက်များသည် တပ်မ တော်တာဝန်ရှိသူများ၏ သဘောထားများ ဖြစ်သလို စွဲချက်များလည်း ဖြစ်သည်ဟု ပြော၍ရသည်။ ဖြစ်စဉ်တစ်ဆက်တစ်စပ် တည်းမှာပင် သမ္မတရုံး ညွှန်ကြားရေးမှူး ချုပ်ဦးဇော်ဌေး၏ ပြောစကားကိုလည်း ဖတ်ရသည်။
”ဒီလိုပြောကြားချက်တွေဟာ နိုင်ငံ တော် အစိုးရနဲ့ တပ်မတော်ကြားမှာ အထင် အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ နောက်ဆုံးတော့ သက်ဆိုင်ရာရန်ကုန်တိုင်း ဝန်ကြီးချုပ်အနေနဲ့ တာဝန်ရှိတဲ့အလျောက် သူဆောင်ရွက်ရမယ့်ဟာတွေကို ဆောင်ရွက် ဖို့ ညွှန်ကြားထားပါတယ်။”
ဤပြောစကား၏ နောက်ပိုင်းတွင် ဦး ဉာဏ်ဝင်း (NLD)၏ ပြောစကားတစ်ခုတွင် ‘ရုံးတွင်းအမိန့်စာထုတ်ပြီး ဆုံးမသတိပေး ထားသော’ ဆိုသည်ကို ဖတ်ရသည်။ ၂ဝ၁၇၊ ဇူလိုင်လ ၁၄ရက်နေ့က ထုတ်ပြန်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်း အမိန့် -ဝ၁/ဝ၇/၂ဝ၁၇တွင် ဤသို့ ရေး သားထားသည်။
”၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လ ၉ရက်နေ့၌ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် USAID နှင့် ပူးပေါင်းပြုလုပ်ခဲ့သည့် နိုင်ငံရေး အကျဉ်း သားများအတွက် အလုပ်အကိုင်ဖန်တီး ပေးရေး အရပ်ဘက်အဖွဲ့အစည်းနှင့်မီဒီယာ စီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြား ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဦးဖြိုးမင်းသိန်း အား သတိပေးဆုံးမလိုက်သည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်”
ဤထုတ်ပြန်ချက်ကိုကြည့်လျှင် သာမန် စာတစ်စောင်ဟု ထင်စရာရှိသော်လည်း ‘သတိပေးဆုံးမ’ဟူသောစကားတွင် ရန်ကုန် တိုင်းဝန်ကြီးချုပ်လို လူမျိုးအား ‘ဆုံးမ’ဟူ၍ သုံးစွဲလိုက်ခြင်းက အတော့်ကိုပြင်းထန် သည်။ မဲပေးရွေးချယ်ထားသော ပြည်သူလူ ထုအမြင်တွင် ‘ဆုံးမ’ခံနေရသေးသော သူ ငယ်နှပ်စားဘဝသို့ ရောက်သွားသည်အထိ အဆင့်နှိမ့်ချပစ်ခြင်းကို ခံလိုက်ရသူ နေရာ သို့ ပြောင်းသွားတော့သည်။ ဘာကြောင့် ဝန်ကြီးချုပ်ဘဝမှ သူငယ်နှပ်စားဘဝသို့ ရောက်အောင် ဤစကားလုံးမျိုးကိုမှ ရွေး ချယ်သုံးခဲ့ရပါသည်။ စဉ်းစားစရာကောင်း သည်။ အဖြေအတိအကျကတော့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တွေသာ ပြောပြနိုင်ပေ လိမ့်မည်။
ထိုသတင်း၏ နောက်ဆက်တွဲသတင်း ကတော့ ဇူလိုင် ၁၃ရက် နေ့စွဲဖြင့် ရန်ကုန် တိုင်းဝန်ကြီးချုပ်၏ တောင်းပန်စာကို လက် ခံရရှိကြောင်း တပ်မတော်က သတင်းထုတ် ပြန်သည်ဆိုတာကို RFAနှင့် BBC မှာဖတ် ရခြင်းဖြစ်သည်။
BBC၏ သတင်းတွင် ဤသို့ဖော်ပြထား သည်။
”ကာချုပ်ကို ရန်ကုန်ဝန်ကြီးချုပ် တောင်းပန်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရာထူးအဆင့်အတန်းဟာ ဒီမိုကရေစီနိုင်ငံ တစ်ခုမှာ ပရိုတိုကော ဝါစဉ်အရ ညွှန်ကြား ရေးမှူးချုပ် အဆင့်သာရှိတယ်လို့ အခမ်းအ နားတစ်ခုမှာ ပြောခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းရဲ့ တရားဝင်တောင်းပန် စာကို လက်ခံရရှိတယ်လို့ တပ်မတော်ဘက် က သတင်းထုတ်ပြန်ပါတယ်။
ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုမှုအပေါ် လို အပ်သလို အရေးယူပေးဖို့ တပ်မတော်ဘက် က အစိုးရကို တင်ပြတောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။”
ဖော်ပြခဲ့သော သတင်းများသည် ဤ ဇာတ်လမ်းဖြစ်စဉ်ကြီးကို ခြုံငုံမိအောင်ကွင်း ဆက်သဘောဖြစ်လာအောင် ရေးပြလိုက် ခြင်းဖြစ်သည်။ ဤဖြစ်စဉ်နောက်မှ စဉ်းစား ပုံ၊ သဘောထားပုံ၊ ပြုမူတုံ့ပြန်ပုံတွေကတော့ နိုင်ငံရေးလောကအတွက် သိပ်မထူးဆန်းလှ သောလည်း စိတ်ဝင်စားစရာကောင်းလိမ့် မည်ထင်သည်။ အထူးသဖြင့် မာန်နှင့် သိမ် ငယ်သေးကျုံ့မှုကို တွေ့လိုက်ရသော ဖြစ် စဉ်ဟုလည်း ပြောရပေလိမ့်မည်။
(၃)
သူတို့စဉ်းစားပုံက စ၍ ပြောဖို့လိုမည် ထင်သည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်က လက်ရှိ တိုင်းပြည်၏ အခြေအနေကို ဒီမိုကရေစီ မရသေးသော ရှုထောင့်မှကြည့်ပြီးစဉ်းစား သည်။ အရပ်ဘက် (အစိုးရ)နှင့် စစ်ဘက် ၏ ဆက်ဆံရေးအခြေအနေကို ဒီမိုကရေစီ (ရပြီး) နိုင်ငံ၏ အခြေအနေနှင့် နှိုင်းယှဉ်ပြီး ထိုနိုင်ငံများတွင် အစိုးရ၏ လက်အောက်ခံ နေရာ၊ ကာကွယ်ရေးဝန်ကြီး၏ တာဝန်ခံ မှုအောက်မှာ ကာကွယ်ရေးဦးစီးချုပ်၏ နေရာရှိနေတတ်ကြောင်းဖြင့် စဉ်းစားသည်။
တပ်မတော်ဘက်မှ စဉ်းစားပုံက လက် ရှိ ၂ဝဝ၈ အဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၆၂၊ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ကာလများမှစ၍ ရှိခဲ့သော အခြေခံဖြစ်စဉ် ပေါ်မှစဉ်းစားသည်။ ဦးနေဝင်း၏ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင် ပါတီ နှင့် ကောင်စီ၏ထိပ်ပိုင်းခေါင်းဆောင် များမှာ စစ်ဗိုလ်လူထွက် (အရပ်ဘက်ပြောင်း ထားသူ) များဖြစ်ခဲ့သည်။ ၁၉၈၈ နောက် ပိုင်းမှ ၂ဝဝ၈ ဖွဲ့စည်းပုံအရ စစ်ဗိုလ်ချုပ် ကြီးဟောင်း ဦးသိန်းစိန်အစိုးရခေတ်အထိ တိုင်အောင်လည်း စစ်ဗိုလ်ချုပ်များနှင့် စစ် ဗိုလ်ဟောင်းများက ထိပ်တန်းနေရာများကို ရယူထားခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်သည် အမြင့်ဆုံးအာဏာပိုင်ဖြစ်ခဲ့သည်။ ထို့ ကြောင့်လည်း ဝန်ကြီးချုပ်ပြောသော ပရိုတို ကောအရ ကာချုပ်သည် ညွှန်ချုပ်နှင့်ရာထူး အဆင့်တန်းတူဖြစ်ကြောင်း ဆိုသော စကား ကို ခါးခါးသီးသီး ငြင်းဆန်ဆန့်ကျင်ခြင်းဖြစ် သည်။ ဤသို့သော စဉ်းစားပုံအခြေခံမှနေ ၍ သဘောထားပုံ၊ တုံ့ပြန်ပုံတွေဖြစ်လာခဲ့ တော့သည်။
(၄)
ဤဖြစ်စဉ်ထဲတွင် စဉ်းစားပုံအခြေခံ ကွဲလွဲမှုမှနေ၍ တုံ့ပြန်မှုတွေက ပြင်းထန် သည်။ ၁၉၆၂မှ ၁၉၈၈ထိ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ နာမည်ဖြင့် ထိပ်ပိုင်းနေ ရာများတွင် နေရာယူထားခဲ့သော၊ ၁၉၈၈မှ ၂ဝ၁ဝ အထိ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ် ခဲ့သော တပ်မတော်ထဲမှ အရာရှိများ၏အမြင်တွင် ကာကွယ်ရေးဦးစီးချုပ်ကို ညွှန်း ကြားရေးမှူးချုပ်အဆင့်သို့ တန်းညှိပြောဆို မှုအပေါ် မည်သို့မျှ လက်မခံနိုင်ကြပါ။
ဝန်ကြီးချုပ်၏ ဖွဲ့စည်းပုံသဘောတွင် ဝန်ကြီး၊ ဒုတိယဝန်ကြီးအောက်တွင် ညွှန် ကြားရေးမှူးချုပ်ရှိသည်။ ကာကွယ်ရေးဝန် ကြီးအောက်တွင် ကာကွယ်ရေးဦးစီးချုပ်ရှိ သည်။ သို့သော် မြန်မာနိုင်ငံ၏ တပ်မတော် ဖြတ်သန်းခဲ့ရသော သမိုင်းနောက်ခံကား၊ အထူးသဖြင့် ၁၉၈၈နောက်ပိုင်းကာလတစ် လျှောက်လုံးတွင် ကာကွယ်ရေးဦးစီးချုပ် သည် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအထက် တွင်သာရှိခဲ့သည်။ ဤသမိုင်းနောက်ခံကား ဖြင့် စဉ်းစားသောအခါ ဝန်ကြီး၏အောက် ဆင့် ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးချုပ်၏ အထက်မှာ ရှိခဲ့သော ကာကွယ်ရေးဦးစီးချုပ် ကို တစ်တန်းတည်းမှာ သတ်မှတ်ခြင်းအပေါ် ခါးသီးပြင်းထန်စွာ တုံ့ပြန်၍ စွဲချက်တင်ခြင်း တွေ ဖြစ်လာတော့သည်။
”တပ်မတော်အကြီးအကဲနှင့် တပ်မ တော်ပုံရိပ်ကို ကျဆင်းစေရန် တပ်မတော် အား တိုက်ရိုက်ထိပါးစော်ကားခြင်းဟု တပ်မတော်က ယူဆသည်”ဟူသောသဘော ထားမျိုးဖြင့် ဖော်ပြလာသည်။
”…စဉ်ဆက်မပြတ် တည်ဆောက် သွားရမည်ဖြစ်သော ရေရှည်ဆက်ဆံရေး လုပ်ငန်းစဉ်များအတွက်လည်း အခက်အခဲ ဖြစ်လာစေနိုင်သူ ဖြစ်ကြောင်းသုံးသပ်ရပါ သည်။”ဟူသော သုံးသပ်ချက်နှင့်အတူ စွဲ ချက်လည်း ပါလာပါတော့သည်။ တစ်ဆက် တည်းမှာပင် ဆုံးဖြတ်ချက် သဘောထား ကိုပါ နိုင်ငံတော်အစိုးရထံသို့ တင်ပြလိုက် သည်။
”…တပ်မတော်အနေနှင့် အပြု သဘောဖြင့် ရေရှည်ဆက်ဆံရန် မသင့် လျော်သောကြောင့် …လိုအပ်သလိုစိစစ် အရေးယူပေးနိုင်ရန် …”ဟူသောအသုံး အနှုန်းသည် ပွင့်ပွင့်လင်းလင်းပြောရလျှင် ‘ဖြုတ်ပစ်လိုက်တော့’ဟု သွယ်ဝိုက်ပြောဆို လိုက်ခြင်းဖြစ်သည်။ ‘ရေရှည်ဆက်ဆံရန် မသင့်လျော်သောကြောင့်’ ဟူသော မှတ် ချက်ကပင်လျှင် ဆုံးဖြတ်ချက်သဘောထား ပင်ဖြစ်သည်မဟုတ်ပါလား။
(၅)
အရှေ့ပိုင်းတွင် ဖြစ်စဉ်ကို ရေးခဲ့ပြီးဖြစ် သဖြင့် ထပ်ပြောစရာမလိုအပ်တော့ပါ။ ရွေးကောက်ပွဲဖြင့် တက်လာသောအစိုးရ အဖွဲ့မှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန် ကြီးချုပ်ကို ဤသို့သတ်မှတ်ဆုံးဖြတ်ချက် ပေးနိုင်သော အာဏာ၏ အရင်းအမြစ်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ကြောင်း ကိုလည်း ထပ်ပြောစရာမလိုအပ်တော့ဟု ယူဆပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဖို့ ပြောင်းဖို့ ပြောခဲ့ကြသူတွေ များလွန်းလှသ ဖြင့် လေသံထောင်းလမောင်းထခဲ့ပြီးပါပြီ။ ယခုအချိန်အထိ ဘက်အသီးသီးလည်း ပြောနေဆိုနေကြတုန်းဖြစ်ပါသည်။
ပြောခဲ့ဖူးပေါင်းများလှသော ကိုးကား ချက်တစ်ခုကို ဖော်ပြချင်သည်။ ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ၏ အခန်း(၁)နိုင်ငံ တော်အခြေခံမူများ၊ ပုဒ်မ ၆(စ)တွင်
”(စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော် က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ် တစိုက် ဦးတည်သည်။”ဟူ၍ ပြဋ္ဌာန်းထား သည်။ လိုအပ်လျှင် လိုအပ်သလို ဆွဲဆန့် ထုတ်၍ ရနိုင်သော သားရေကွင်း ပြဋ္ဌာန်း ချက်များဖြစ်သည်။ အခြေခံမူလည်းဖြစ် သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအရ တပ်မတော်က အထက်စီးနေရာ၊ အပေါ်ဆုံးနေရာများရှိ သည်ဆိုတာကိုလည်း စာဖတ်သူကိုယ်တိုင် သိထားပြီးသား၊ သဘောပေါက်ပြီးသား ပင်။
အရပ်ပြောစကားနှင့် ပြောရလျှင် နိုင် ကွက်ရထားသော၊ အသာစီးရထားသော ၂ဝဝ၈ ဖွဲ့စည်းပုံအောက်မှ အစိုးရနှင့် ပါတီ ၏ အနာဂတ်လှုပ်ရှားနိုင်မည့် အကွက်အ ကွင်းတွေက မည်သို့ရှိမည်နည်း။ ပါတီ ထောင်ခဲ့ကြသော၊ ရွေးကောက်ပွဲဝင်ခဲ့ကြ သော အတိတ်ကို မည်သို့မျှပြောဖို့သဘော ထားမရှိပါ။ ကောင်းမည်ထင်၍ လုပ်ခဲ့ကြ ခြင်းဟုပင်မှတ်ယူထားပါသည်။ ရွေးကောက် ပွဲဝင်၊ အစိုးရဖွဲ့၊ ဖွဲ့စည်းပုံပြင်၊ ငြိမ်းချမ်းရေး ရအောင်ကြိုးပမ်း၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်။ စိတ်ကူးကဖြောင့်နေသည်။ တကယ်လည်း ကြိုးပမ်းအားထုတ်နေသည်။ ဤကာလတွင် အခြေအနေဟောင်း၊ လူ ဟောင်းတွေ၏ အတားအဆီး၊ အနှောင့် အယှက်များကို ရင်ဆိုင်နေရမှန်း သိသင့် သလောက်သိသည်။ သဘောပေါက်သင့် သလောက်လည်း ပေါက်သည်။ ရုန်းကန် ကျော်လွှားရမည့် အတားအဆီးက ကြီးမား ကျယ်ပြန့်သည်ကိုလည်းခန့်မှန်း၍ရသည်။
ဤအခြေအနေအောက်တွင် တိုင်းဝန် ကြီးချုပ်တစ်ယောက်ကို သူ့ပါတီက သတိ ပေးဆုံးမရခြင်း၊ ဝန်ကြီးချုပ်ကိုယ်တိုင်က တောင်းပန်စာပို့ရခြင်းစသည့် သတင်းတွေ ကို ဖတ်ရလောက်သည်အထိ အခြေအနေ က ဖြစ်လာသည်။ ၂ဝဝ၈ အရိပ်အောက်မှာ ခိုမိသည့် အကျိုးဆက်တွေဟု အပြစ်တင် စကားမဆိုရက်ပါ။ ကောင်းမည်ထင်သည့် လမ်းကိုရွေး၍ ကောင်းတာတွေဖြစ်လာ အောင် လုပ်ဖို့အားထုတ်နေသည်ကို အသိ အမှတ်ပြုပါသည်။ သို့သော် ပါတီတာဝန် ရှိသူတစ်ဦးကို ‘ဟန့်’ပြီးနောက်ပိုင်းတွင် တိုင်းဝန်ကြီးချုပ်ကို ‘နင်း’လိုက်ခြင်းဖြစ်သည် ဆိုတာကတော့ ပကတိအခြေအနေပဲဖြစ်ပါ သည်။ ဤအခြေအနေက ဘာသတင်းစကား ကို ပေးလိုက်သည်ဟု ထင်ပါသနည်း။
‘မင်းတို့ဘာသာ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်ကြ။ ငါတို့ကိုလာထိရင်တော့ ချမယ်ဆိုတာ ဒါက နမူနာပဲဟေ့’ဟု ပြော လိုက်သလိုဖြစ်သည်ဟုပင် ထင်မှတ်မိ သည်။
ပြည်သာဖို့အရေးကတော့ ‘ရွှေပြည် တော် မျှော်တိုင်းဝေး’နေတုန်းပဲလား။

နောင်ကျော်