ညာသံပြင်းတယ်လေး

ခုလိုဒီဇင်ဘာလဆန်းညဟာ လွမ်းစရာကောင်းလှတယ်။ ချောက်ချားစရာလည်းကောင်းတယ်။ လမင်းဟာ တို့ပြည် မှာဆိုရင် နတ်တော်လပြည့်ဖို့ အဖိတ်နေ့ညဖြစ်တယ်လို့ ပြောပြနေတယ်။ ကျွန်မနေတဲ့ လေးထပ်ကျောင်းဆောင်ရဲ့ အမိုးနဲ့ နံရံနဲ့ကပ်လျက် ပြတင်းပေါက်ကျယ်ကျယ်ကနေ လှမ်းမြင်နေရတဲ့ မြေပြင်ပေါ်မှာ နှင်းထုဟာ လရောင်အောက်မှာ ဖွေးလို့ လက်လို့ပဲ။ ပြတင်းပေါက်ဘောင်(ပေါင်)က မှန်ထူထူကြီးတွေကို ဖွင့်လိုက်ရင် အပြင်ကို ဒီလိုငေးကြည့်နိုင်တော့မှာ မဟုတ် ဘူး။ လေအေးတွေဝင်လာမှာ။ တကယ်တော့ဆောင်းဆိုရင် ညနေ၃နာရီလောက်ကတည်းက မှောင်နေတတ်တဲ့ စကင်ဒီနေး ဗီးယားဆောင်းရဲ့ ည၀တ်လွှာအောက်မှာ ၀က်သစ်ချပင်အရိပ်တွေဟာ လေယူရာကို ယိုင်ထိုးလို့။ လရောင်တံလျှပ်တွေ ဖွေးဖွေးလက်နေတဲ့နှင်းထုပေါ်မှာ အရိပ်တွေဟာ မကောင်းဆိုးရွားတွေလို ယိမ်းကနေတယ်။ ဆောင်းဦးလွန်ပြီမို့ အရွက်တွေ ပင်လုံးကျွတ်မရှိတော့တဲ့ ကျောင်းဝင်းထဲက အပင်တွေအားလုံးဟာ အရိုးပြိုင်းပြိုင်းထလို့။ ဆောင်းတွင်းကုန်ချင်လှပြီ။ ဆောင်း ဟာ ဒီဘက်ကမ္ဘာမှာ ရှည်လျားလွန်းလို့ လူတွေဟာ ဒီရာသီဆို စိတ်ဓာတ်ကျတတ်ကြတယ်ဆိုတယ်။ ခုနက မေးတင်ပြီးငေး နေတဲ့ ပြတင်းပေါက်ကို ခန်းဆီးချလို့ အိပ်တော့မယ်တွေးတယ်။ ဆောင်းညတွေမှာ အတွေးကလည်းရှည်နေသေးတယ်။ မျက်လုံးကလည်းငိုက်ပေမယ့် လရောင်ကြောင့် အိပ်မရဘူးထင်ပါရဲ့။ ခုတင်ပေါ်ကနေ မြေပြင်ကိုမြင်ရအောင် ခန်းဆီးကို နည်းနည်း ဟထားလိုက်မယ်။ မီးမှိတ်ထားတဲ့အခန်းထဲကို အဲဒီကနေ လရောင်တိုးဝင်လာလိမ့်မယ်။ မအိပ်သေးမယ့်အတူတူ လရောင်ကိုငေးရတာ ပိုကောင်းပါတယ်။

ကျွန်မရဲ့ ကျောင်းဆောင်မှာ ကျောင်းသားရှစ်ယောက် မြေညီထပ်မှာနေတယ်။ လေးထပ်ကျောင်းဆောင်ရဲ့ မြေညီ ထပ်ကို ၀င်ဝင်ချင်း လက်ဝဲဘက်ကိုကွေ့ရင် ပထမဆုံးအခန်းက စက်ဘီးတွေထားတဲ့အခန်း၊ အဲဒါပြီးတော့ ရေချိုးခန်းနဲ့ အိမ်သာ။ ပြီးတော့ ကျောင်းသားလေးယောက်ရဲ့ အခန်းတွေတန်းစီပြီးရှိကြတယ်။ ကျွန်မအခန်းကို ရောက်ဖို့ဆိုရင် ကျန်တဲ့ အခန်းတွေကိုကျော်ပြီး အဆောင်ရဲ့တစ်ဖက်စွန်းထိ ရောက်အောင်လျှောက်ရမှာ။ ဒါပေမယ့် ကျွန်မအခန်းရဲ့ဘေးမှာလည်း အပြင်ထွက်ဖို့ အရံ တံခါးပေါက်တစ်ခုရှိသေးတယ်။ အခန်းအားလုံးကိုဖြတ်ကျော်ရာ စင်္ကြံရဲ့အဆုံးမှာပေါ့။ အခုတော့ စင်္ကြံ တစ်ခုလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်လို့နေတယ်။ သောကြာနေ့မရောက်မချင်း ကျောင်းသားတွေမှာ စာတွေ ပိနေကြတာပဲ။ ကိုယ်စီအခန်းအောင်းပြီး စာကြည့်နေကြမယ်ထင်ပါရဲ့။ မှန်ချပ်ထူထူကာထားတဲ့ ပြတင်း ဘောင် (ပေါင်)ကို အိပ်ရာပေါ်က မေးတင်ပြီးငေးနေတဲ့ ကျွန်မဟာ ငိုက်မျဉ်းလာပြီ။မနက် အတန်းရှိသေးတယ်။ ၁၁ခွဲပြီ။ အေးနေပြီ လားဆိုတော့ ရှေ့တစ်ပတ်ဆိုရင် အနုတ် ၁၂ဒီဂရီ ဖြစ်တော့မယ်လို့ ဆိုတယ်။ အခုကတော့ ညဘက်ဆို အနှုတ် ၄နဲ့၅၊ ဒီလောက်ပဲ ရှိသေးတယ်။ ခဏအကြာမှာ အိပ်ရာပေါ်က စောင်ပုံအောက်ကို လူက ရောက်နေပေမယ့်အတွေးက အိမ်ပြန် ရောက်လို့နေတယ်။ လရောင်မျှင်တန်းတွေက အတွေးကို မြှူနေလို့ပဲ။ မနက်ဖြန်အတန်းအတွက် ကြိုဖတ်ရမယ့် စာတွေလည်း ပြီးပြီပဲ။ အိမ်ကိုလွမ်းလို့သာ မျက်ရည်စို့ချင်တာပဲ။ အေးတဲ့ဆောင်းညတွေတာရှည်တဲ့ ဒေသက အိမ်တွေဟာ အိမ်ခန်းတွေကို အလှဆင်ဖို့ ငွေပိုသုံးကြတာပဲ။ တို့များပြည်မှာတော့ နေရောင်ကာကို အဆင်တန်ဆာပေါ့။ နေရောင် အောက်မှာတော့ အကုန်လှတာပဲ။ ဒီအခန်းထဲမှာတော့ ဆောင်းဆို ပိုမှောင်လို့ နေပျော်အောင် ပန်းကလေးတစ်ပင်ကို သူ ငယ်ချင်းများက လက်ဆောင်ပေးထားကြသေးတယ်။

ဂွမ်းစောင်ပေါ် စွေစောင်းစောင်းကျ နေတဲ့လဟာ ရုတ်တရက်ကွယ်သွားတယ်။ ပြတင်းဘောင်(ပေါင်)ပေါ်က ပန်းအိုး က ပွင့်တူရွက်တူ အနီမှာ အဖြူကွက်ကျား ဖောက်က လေးဟာဖျတ်ခနဲ လှုပ်သွားသလိုပဲ။ လှုပ်သွားတာမဟုတ်ပါဘူး၊ စိတ်က ထင်နေတာပါ။ အို…ချက်ချင်းဘာလို့ မှောင်သွားတာလဲ။ တစ်ထွာလောက်ဟသွားတဲ့ ခန်းဆီးကြားက လရောင်အစား မည်းမှောင်တဲ့ အရာတစ်ခုထိုးဆင်းလာတယ်။ အမယ်လေး။ လန့်လိုက်တာ။ တလှုပ်လှုပ်နဲ့ ပြတင်းဘေးမှာ ဘာပါလိမ့်။ အရိပ် ဟာ ရွေ့လျားနေတယ်။ အအေးလုံတဲ့ မှန်ချပ်တွေဟာ ထူလွန်းတယ်။ ခုချိန်မှာငါအော်ရင် ဘယ်သူမှ ကြားမှာမဟုတ်ဘူး။           ဟော…မှန်ချပ်တွေက သစ်ကိုင်း ခြောက်နဲ့ပွတ်တိုက်မိသလို တဂျစ်ဂျစ်အသံမြည်လာပြီ။ အသံဟာ ကျွန်မခန္ဓာ ကိုယ်ကို ပြတင်းနား ဆွဲခေါ်သွားတယ်။ အို…ခန္ဓာကိုယ်ဟာ ခန်းဆီးကို အပြည့်ဖွင့်ပြီး ပြတင်းကို ဖွင့်မကြည့်ခင်မှာ ကြက်သီး ထလို့ ဆတ်ခနဲ တုန်သွားတယ်။

အို…အမည်းကြားကအဖြူရောင်၊ မဟုတ်ဘူး ဒါဟာ မျက်လုံးနှစ်လုံးပဲ။ ပြီးတော့ ရယ်ပြနေတဲ့ သွားဖွေးဖွေးတွေရယ်။

လန့်လိုက်တာဟယ်။ သောက်ကမြင်းမ။ သေတော့မှာပဲ။ အန်းရယ်လေ။ ပြတင်းပေါက်မှာရပ်လို့။ ဘယ်သူရှိမလဲ။ အန်း အစုတ်ပလုတ်ပေါ့။ ဆဲတယ်။ စိတ်ထဲကနေ ပက်ပက်စက်စက်ကို ဆဲတယ်။ တကယ့်အပြင်မှာကတော့ ကမန်းကတန်း ပြေးပြီး ကိုယ့်အခန်းတံခါးနဲ့ အဆောင်တံခါးမကို ဖွင့်တဲ့သော့ကိုပြေးယူတယ်။ သူ့ခမျာ ညသန်းခေါင်ကြီး ဘာလိုလို့ ရောက် လာသလဲ မသိဘူး၊ အရေးအကြောင်းတစ်ခုခုရှိလို့သာ ဖြစ်မှာဆိုပြီး အအေးမမိခင်သူ့ကို အဆောင်ထဲ ဆွဲသွင်းလိုက်တော့ စပ်ဖြဲဖြဲနဲ့ ဟိုမိန်းမ။ သူ့မျက်နှာက အနက်၊ သူ့ဖက်ရှင်က ကုတ်အင်္ကျီအရှည်အနက်။ အသားကပ် ခြေအိတ်တစ်ခုကပဲ ခရမ်းနဲ့ အနီဖောက်။ ညအခါမှာတော့ သူ့မျက်လုံးထဲက မျက်သားနဲ့ သူ့သွားကသာ အဖြူရောင်။

“ဟဲဟဲ ငါ မနက်အတွက် ဖတ်ရမယ့် ပေပါတစ်စောင်လိုနေလို့၊ အဲဒါ နင်ဖတ်ပြီး မယ့်အချိန်ဖြစ်လောက်ပြီလို့ တွေးပြီး လာ ယူတာ”တဲ့။ သူ့အဆောင်နဲ့ ကျွန်မအဆောင် ကြားမှာ စာသင်ဆောင်သုံးလေးဆောင်နဲ့ စာကြည့်တိုက်ကြီးတစ်ခုလုံးခြား တယ်။ အန်းဆိုတာ အဲသလိုလူမျိုး။ နေ့မှန်းညမှန်း မသိ၊ သူများကိုလည်း အားနာချင်မှနာတာ။ တကယ်လို့ ကျွန်မအိပ် နေရင်လည်း သူရအောင်နှိုးမှာပဲ။ တစ်နေ့ကပဲ ကျွန်မနဲ့ သူနဲ့ စိတ်ကောက်ကြသေးတယ်။ ပြဿနာက တစ်ခါတစ်လေမှာ အစဉ်အလာ အစွဲမကျွတ်တဲ့ ကျွန်မနဲ့သူ့ရဲ့ ဇွတ်တရွတ်အမူအရာ တွေကစတာပဲ။ တစ်နေ့က ကျွန်မအခန်းမှာ သူအတူလာပြီး စာကြည့်မယ်ဆိုပြီး ရောက် လာတယ်။ ပြီးတော့ ကျွန်မခုတင်ခေါင်းရင်းကို ခြေထောက်ပစ်တင်ထားတယ်။ ဒီ လောက်နဲ့တော့ မပြောသေးဘူး ကြည့်နေ သေးတယ်။ ကျွေးတဲ့မုန့်လည်း ကုန်ရော…။ “ငါစာလုပ်တော့မယ်။ အာရုံကို စိုက်လို့မရဘူး။ နင်ဖွင့်ထားတဲ့ သီချင်းကို ပိတ်တော့မှ ငါအာရုံစိုက်လို့ရမှာ။ သီချင်းပိတ်လိုက်ပါ”တဲ့။ “ဒါနင့်အခန်းလား၊ ငါ့ အခန်းလားဆို တော့ စိတ်ကောက်ပြီး ပြန်သွားတယ်။

ဒီကအဆောင်တွေမှာ ဒရ၀မ်မရှိဘူး။ ကျွန်မအခန်းကိုလာရင် ကျွန်မထဖွင့်မပေးဘဲ သူဝင်လာလို့မရဘူး။ သူ့အဆောင်သွား ရင်လည်း ဒီအတိုင်းပဲ။ ခုတော့ စိတ်ကောက် ပြေသွားပြီထင်ပါရဲ့၊ ပေါ်လာတော်မူတယ်။ ““ဗိုက်ဆာတယ်။ မုန့်မရှိဘူးလား”တဲ့။ အနွေး ဓာတ်တွေလွှတ်ထားတဲ့ မီးဖိုထဲက ဆိုဖာမှာ နှစ်ယောက်သားထိုင်ပြီး တစ်နေ့က စူပါမား ကက်ထဲက ၀ယ်လာတဲ့ ကြက်သားပတ်ဖ်တွေ အတူစားကြတယ်။ တကယ်တော့ အဲဒီနေ့က ကျွန်မက ခပ်အအမို့ မသိတာပါ။ တကယ်တော့ သူကျွန်မဆီကိုလာတာ မဟုတ်သလို သူဖတ်ချင်တဲ့ ကျောင်းစာကို လာငှားတာလည်း မဟုတ်ဘူး။ ဒါကိုနောက်တော့မှ ကျွန်မရိပ်မိခဲ့တာ။

တစ်တန်းတည်းပေမယ့် အသက်နှစ် နှစ်ငယ်တဲ့သူ့ကို ကျွန်မက အလိုလိုက်တာများတယ်။ ဒီမှာဖွံ့ဖြိုးဆဲ မချမ်းသာ မျက်နှာငယ်ရတဲ့ နိုင်ငံကလာတာဆိုလို့ သူရယ်ကျွန်မရယ်ပဲရှိတာ။ အဲဒီတော့ တစ်ခုခုဆို ကျွန်မတို့က တစ်ယောက်အခြေ အနေကို  တစ်ယောက်က နားလည်ဖို့လွယ်တယ်။ အတန်းမှာ ဥရောပရှေ့နောက် တောင်မြောက်တစ်လွှားက ကျောင်းသား တွေနဲ့ အမြင်မတူတာတွေရှိရင် ကျွန်မတို့နှစ်ယောက် တိတ်တိတ်ကျိတ်ပြောနေကျ စကားရှိတယ်။ ငါတို့ကို သူတို့မသိ သေးပါဘူးဆိုတာပဲ။ သိလည်းမသိနိုင်ပါဘူး။ငါတို့လို ရေမရှိ မီးမရှိကြီးလာရတာမှမဟုတ်ဘဲ ဆိုလို့။ တစ်ခါတစ်ခါ နှစ်ယောက် သားပေါင်းပြီး ဖွံ့ဖြိုးပြီး ကမ္ဘာကို ကျိတ်ဆဲကြသေးတယ်။ ပြီးတော့ ဖွံ့ဖြိုးပြီး ကမ္ဘာကပေးတဲ့ ပညာသင်စရိတ်ကို မျှော်ပြီး ကျောင်းမတက်ရတဲ့သူတွေလည်းမဟုတ်။ သူက ပိုဆိုးသေးတယ်။ တကယ်တော့ မဟာတန်းကိုတက်ဖို့ ကျောင်းဖွင့်တဲ့အခါ သူကကျောင်းဝင်ခွင့်ပဲရခဲ့တာ။ ပညာသင်ဆုကို ရတဲ့သူမဟုတ်ဘူး။

သူက အာဖရိကအရှေ့ဘက် နိုင်ငံတစ်ခုကနေလာတယ်။ လောက်လောက်လားလား လက်ထဲမှာငွေမပါဘဲ ကျောင်းဝင်ခွင့်စာတစ်စောင်နဲ့ ဥရောပကိုလာရဲတာ နည်းနည်းနောနော သတ်္တိတော့ မဟုတ်ဘူး။ သူ့ကိုဒီရောက်တော့မှ ကျောင်းကို ဂျီကျတာနဲ့ ကျောင်းက စိတ်ကောင်းရှိသူများက အမြင်မတော်လို့ မ,စထားတဲ့ မလွယ်တဲ့ လမ်းကြောင်းကရ ထားတဲ့ မလောက်မင စတိုင်ပင်ကလေးနဲ့နေတယ်။ ငွေပေါတဲ့ နိုင်ငံမို့သာ ဒီလိုပေးနိုင်တာပဲ။ သူ့အစား ကျွန်မဖြင့် ရင်တ မမရယ်။ ဒီတစ်နှစ်ပြီးရင် ကျောင်းစရိတ်လခမရဘဲ ဘယ်လိုစား သောက်နေထိုင်မလဲ၊ စာအုပ်ဝယ်ဖတ်ဖို့ ငွေမရှိပဲ ကျောင်း ဘယ်လို ဆက်တက်မလဲဆိုတာ ကျွန်မကတော့ တွေးလို့ကိုမရဘူး။ သတိ္တကောင်းလိုက်တဲ့ မိန်းကလေးလို့သာ တွေးတယ်။ သူ့လခကနည်းတာမို့ သူမီးဖိုထဲ လာစားသောက်ရင်ဖြင့် ကျွန်မ၀န်မတိုဘဲနေတယ်။ အပြင်မှာစားရင် ဒီနိုင်ငံက ပိုဈေးကြီး တယ်မဟုတ်လား။ မီးဖိုထဲ ကျွန်မမှာ အာလူးရှိရင်သူလည်း အာလူးစားရမှာပဲ။ ကြက်ဥရှိရင် ကြက်ဥစားရမှာပဲ။ တစ်ခါ တစ်လေတော့ ကျောင်းပိတ်ရက်မှာ ကျွန်မတို့နှစ်ယောက် ဈေးအရောင်းစင်တာတွေ တန်းစီရှိတဲ့ မြို့လယ်ကောင် ဈေး လမ်းမကို မျက်စိအစာကျွေးဖို့ လမ်းလျှောက်ကြတယ်။ အ၀ယ်ခွန်သိပ်ဈေးကြီးတာမို့ ကျွန်မတို့နှစ်ယောက်ဟာ အင်္ကျီ အသစ်ဝယ်ဖို့ကို အင်မ တန်စဉ်းစားကြလေ့ရှိတယ်။

အဲ…ခရစ်ယာန်သာသနာအသိုင်း အ၀ိုင်းတွေက စေတနာရှင်တွေဖွင့်ထားတဲ့ ငွေလေးတစ်မူးတစ်ပဲပေးပြီး ကိုယ် လိုချင်တာလေးတွေ ကောက်ယူလို့ရတဲ့အဟောင်းဆိုင်ကိုတော့ မကြာခဏရောက်ကြတာပဲ။ တစ်ခါတလေ ချစ်စရာကော်ဖီ ပန်းကန်လေးတွေ၊ ဦးထုပ်လှလှလေးတွေ အသစ်နီးပါးရတဲ့အခါ၊ စာအုပ်စင်ကလေးတွေရလိုက်တဲ့အခါ အပြန်လမ်းမှာ ကျွန်မနဲ့သူနဲ့ ပါးစပ်ကို မစေ့တော့ဘူး။ အဟောင်းဆိုင်ကပဲဖြစ်စေဦးတော့ သူ့ကို အင်္ကျီတစ်ထည်လောက် လက်ဆောင် ပေးရင်ကို သိပ်ပျော်တာ။ အလှလည်း ကြိုက်တယ်။ ကလေးနည်းနည်း ဆန်တာကတော့ အိမ်မှာသူက ညီအစ်မနှစ် ယောက်မှာ သူကအငယ်။ သူ့အစ်မက ဘဏ်တစ်ခုမှာ အလုပ်လုပ်တယ်။ ဘာရာထူးအဆင့်လဲလို့ ကျွန်မမမေးဘူး။ သူ တို့နှစ်ယောက် သိပ်မတွယ်တာတာတော့ သိတယ်။ သူပြောပြသမျှသူ့အကြောင်းကတော့ သူကသူ့နိုင်ငံမှာ မနေချင်ဘူး။ အင်္ဂလန်ကို ကာလတို သင်တန်းတစ်ခုသွားတက်ဖူးတယ်။ အင်္ဂလန်မှာ သူ့အမျိုးတွေ တစ်ရွာလုံးနီးပါးရှိတယ်ဆိုတာ သူ့ဆိုရှယ်မီဒီယာကနေသိရတာပဲ။ ကျွန်မကတော့ ငါက အိမ်ပြန်မှာလို့ ကြွေးကြော်တတ်သူပီပီ သူအိမ်မပြန်ချင်တာ ကိုနားမလည်ဘူး။ ငါ့အတွက်တော့ ကြမ်းခုနစ်ချောင်းပဲရှိလည်း အိမ်ဟာအိမ်ပဲ။ သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့် ငါ့မြေမှာနီဝါတင့် ရမှာပေါ့လို့ ငွေတာရီလို ကြုံးဝါးနေတဲ့ အချိန်မို့ ငါက ငါ့နိုင်ငံပဲ ပြန်မှာလို့ ပြောတယ်။

အဲဒီတော့ သူက ပြန်မေးတာက “ငါ့ နိုင်ငံကို ဘာလို့ပြန်ဖို့ စိတ်မကူးသလဲ ဟုတ်လား။ နင်မသိပါဘူး။ နင်ဖြစ်ချင်တဲ့အ ပြောင်းအလဲအတွက် နင်ဟာဘာမှ လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားမရှိဘူးလို့ နင်နားလည်ပြီးနောက်တော့ နင်ပြန်ချင်တော့ မှာမဟုတ်ဘူး။ ငါ့နိုင်ငံရဲ့ ဒုက္ခတွေထဲမှာ ငါနေလာရတာ မွေးကတည်းကပဲ”တဲ့။ ပြီးတော့ “ငါပြန်ပြီး အလုပ်လုပ်လို့လည်း ပိုကောင်းလာမှာ မဟုတ်ဘူး”တဲ့။ “အစိုးရဆိုတာလည်းကောင်းတဲ့ အစိုးရငါမမြင်ဖူးဘူး”တဲ့။ “ငါတို့ ၀န်ကြီးချုပ်ရဲ့ သမီးက ဂျက်လေယာဉ် စင်းလုံးငှားပြီး ဂျာမနီမှာ ကလေးသွားမွေး တာသိလား”တဲ့။ “အဲဒီပျက်စီးနေတဲ့ အစိုးရက မလုပ် တာတွေကို လုပ်ဖို့ ငါက ငါ့ဘ၀ကို ပေးရမှာလား”တဲ့။ “အဲဒါက စိတ်ဓာတ်ကျ စရာမကောင်းဘူးလား”တဲ့။ ဘာပဲပြောပြော သူ့ဖိနပ်ထဲ ၀င်မစီးကြည့်သရွေ့တော့ သူ့ခြေထောက်အနေအထားကို သိဖို့ ခက်သားပဲ။

“အဲဒီတော့ နင်ကကျောင်းပြီးရင် ဒီမှာပဲ အလုပ်ရှာမှာပေါ့ဟုတ်လား အန်း”ဆိုတော့ “ငါ့အဆောင်က ကောင်လေး တွေက အချိန်ပိုင်းအလုပ်လုပ်တယ်။ အဲဒါ ကျောင်း တက်နေတုန်းမှာကို အလုပ်လုပ်ဖို့ ငါသူတို့ အကူအညီနဲ့ အလုပ်ရှာ နေတယ်”တဲ့။ တစ်နေ့တော့ ကျွန်မကို သူ့အလုပ်ပွဲစားရှိတဲ့ နေရာကို အဖော်ခေါ်သွားတယ်။ ဒီနိုင်ငံမှာ ဟိုတယ်သန့်ရှင်းရေး ဆိုတာမျိုး လုပ်ရင်တောင် တစ်နာရီကို ဒေါ်လာအစိတ်လောက်တော့ရတယ်။ ကျောင်းသားတွေမှာ အချိန် အကန့်အသတ်နဲ့ အလုပ်လုပ်ခွင့်ရှိတယ်။ သူကပိုက်ဆံစုပြီး နွေဦးကျရင် ဥရောပတောင်ပိုင်းကိုသွားလည်မှာလို့ပြောတော့ ကျွန်မက သူ့ကို မျက်စောင်းထိုးပြီး ကြိမ်းသလိုလိုပြောတယ်။ “နောက်နှစ်စကောလားရှစ် စာချုပ်လက်မှတ်ထိုးပြီးတဲ့ ငါတောင် တုတ်တုတ်မျှ မလှုပ်ဝံ့ဘဲ နင်က ကျောင်းလခပေးစရာဘယ်ကမှမရသေးဘဲ ရှိတဲ့ ပိုက်ဆံတော့စုဖို့ စိတ်မကူးဘူးလား”လို့ ဆူတော့ သူကစပ်ဖြဲဖြဲရယ်။ “နင်သိလား ငါအခု ကောင်လေးရနေပြီ”တဲ့။ သူနဲ့သွားမှာဆို တော့ “ဟယ်ဟုတ်လား”ဆိုပြီး သူအဖော် ရလာတာကို ကျွန်မ၀မ်းသာသွားတယ်။ “ကောင်းတယ် နင်ဘယ်လိုတွေ့တာတုန်း”ဆိုတော့ ဟိဟိနင့်အခန်းရှေ့က ကောင် လေးလေ”တဲ့။

ကျွန်မနှုတ်ခမ်းနှစ်ခုဟာ အကျယ်ကြီး ဟသွားတာ အကြာကြီးပဲ။ “အာဟို… ဒိန်းကလေးလား”ဆိုတော့။ “အဲဒါသူက ဒိန်းမဟုတ်ဘူး နင်သိလား”တဲ့။ “သူတို့လူမျိုးစုက သတ်သတ်ရှိတာ။ စကော့တလန်နဲ့ နော်ဝေကြားက ဒိန်းမတ်ဘုရင့်နိုင်ငံ ထဲမှာပါတဲ့ ကျွန်းတစ်ခုမှာ သတ်သတ်နေတဲ့ မျိုးနွယ်စုတွေ”တဲ့။ “သူတို့ကို ဒိန်းလို့ခေါ်ရင် သူတို့က စိတ်ဆိုးတာ”တဲ့။ ဘာသာစကားလည်း သတ်သတ်ရှိသတဲ့။ အဲဒါကြောင့်မို့ အဲဒီကောင်ကလေးဟာ သူ့အရွယ်တူတွေ ထက်စာရင် အသက် နှစ်နှစ်လောက်ကြီးပြီးမှ ကောလိပ်ရောက်ရတာတဲ့။ သူတို့ဘာသာ စကားကနေ ဒိန်းမတ်စကားကိုပြန်ပြောင်း ပြီး စာသင်ရလို့ ပိုကြာနေတာတဲ့။

ကောင်ကလေးလို့သာ ခေါ်တာပါ။ ဖီးလစ်လို့ခေါ်တဲ့ အဲဒီကျောင်းသားကလေးကဖြင့် အရပ်ကဖြင့် ခြောက်ပေ ကျော်မယ်ထင်တာပဲ။ အတော်ချောတာ။ အင်္ဂလိပ်လိုပြောတဲ့အခါ စကားကလေးမပီချင်တာတစ်ခုပဲ။ တောင့်တောင့်ဖြောင့် ဖြောင့်။ ဟိုး ရေခဲပြင်တွေများတဲ့အရပ်က လူတွေအတိုင်း ဆွတ်ဆွတ်ဖြူကလေးပေါ့။ စိတ်ထဲကတော့ အန်းရယ်တွေ့မှ တွေ့တတ်ပလေလို့ တွေးတယ်။ အန်းကဖြင့် ကျွန်မထက်တောင် ပုသေးတယ်။ ဒေါက်ဖိနပ်အမြင့်ကြီး ဘယ်လိုပဲစီးစီး၊ သူ့ရဲ့ အာဖရိကက ဆံပင်ခေါင်းစွပ်တွေ ဘယ်လိုပြောင်းတပ်တပ် ကောင်ကလေး ပခုံးတောင် သူမမီတာ အမှန်ပဲ။

စိတ်ထဲမှာတော့ အန်းကို ဆက်ပြီးဆဲ လိုက်သေးတယ်။ ခွေးမကလေး အဲဒါကြောင့် ငါ့အခန်းကို တစ်ချိန်လုံး ဘူတာ ဆိုက်နေတာကိုး။ ငါကိုက အ,တာပါလို့တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် သူပျော်ရင် ကျေနပ်ပါတယ်။ အချစ်ကလူကို ပြုံးပျော်စေတာပဲ မဟုတ်လား။ ညီမလေးလိုတွယ်တာမိတော့လည်း သူအဖော်လေးရှိလာတော့ သူမလာ ရင်လည်း ပျော်နေ ရင်ပြီးတာပဲလို့ တွေးမိတယ်။ ဒါပေမယ့် အချစ်ဟာ စိတ်ညစ်ရတာတွေ မပါဘဲနဲ့တော့ ဘယ်သူ့ဆီကိုမဆို ရောက်လာ လေ့မရှိဘူး။

ဒီနှစ်ဟာ ဆယ်နှစ်အတွင်းမှာ အပြင်းဆုံး ဆောင်းလို့ပြောတာပဲ။ လမ်းတွေပေါ်မှာ ရေတွေခဲနေတာ သုံးလကျော်ပြီ။ နှင်းတွေဆိုတာ ကျွန်မတို့လို နေရောင်အောက်က ဘ၀တွေထဲက လာသူတွေကတော့ တစ်ရက်နှစ်ရက်သုံးလေးရက်မြင် ရရင် ပျော်စရာထင်တာပဲ။ လချီကြာလာရင်တော့ နှင်းကို မမြင်ချင်တော့ဘူး။ နှင်းရည်တွေနဲ့မွနေတဲ့ မြေကြီးထဲက တိုးထွက် လာမယ့် နွေဦး ပန်းပွင့်တွေကိုသာ အမျှော်ကြီး မျှော်တော့တာပဲ။ ဒယ်ဖိုဒေးပန်းဝါ၀ါတွေ ရောက်မလာခင် တစ်မနက်မှာ အတူတူဈေးသွားကြဖို့ အန်းနဲ့ ကျွန်မဈေးသွားဖို့ ချိန်းကြတယ်။ စားစရာကုန်နေပြီ။ ဒါပေမယ့် အပြင်မထွက် နိုင်တာကြာပြီ။ တကယ်ဆို ကျွန်မအဆောင်က မြို့ထဲနဲ့ပိုနီးတာ။ သူကကျွန်မဆီကို ၀င်ခေါ်ရမယ်။ သူပေါ်မလာတာကြာတာနဲ့စိတ် မရှည် တော့ဘဲ ကျွန်မသူ့အဆောင်ဘက်ကို ထွက်လာခဲ့တယ်။ အမိုးအကာအောက်က ထွက်ကမှပဲ နှင်းတွေ နှင်းတွေ လမ်းပေါ်မှာ တဝေါဝေါ ကျလာလိုက်တာ။ ရာသီဥတု မကောင်းတဲ့နေ့ပဲ။ ဒေါက်တာဇီဗားဂိုးကားထဲကလို ဒူးအောက်ရောက်တဲ့ ကုတ်အင်္ကျီ အရှည်နဲ့မှ အံကျတဲ့ဆောင်းပဲ။ သူ့အဆောင် တံခါးကိုရောက်တော့ ကျွန်မသူ့ကိုဖုန်းခေါ်တယ်။ “ဟဲလိုအန်း”ဆိုတော့ ပြန်ထူးတဲ့ အသံက အိပ်ချင်မူးတူးလို့ ထင်လိုက်တယ်။ ငါဆင်းလာခဲ့မယ်လို့ ပြောတာလား။ သူ့ဝရန်တာကနေ သော့ပစ်ချ လိုက်မယ်လို့ ပြောတာလားမသဲကွဲဘူး။ ဒါပေမယ့် ကျွန်မရောက်နေကြောင်းကိုတော့ သူသိရင်ရပြီပေါ့။ ဒီလိုပဲတွေးရင်း စောင့်လိုက်တယ်။ အဆောင်အပြင်မှာနေရတာ သိပ်အေးတာပဲ။ နှင်းတွေကြားမှာ ခေါင်းတို့နားရွက်တို့က လုံအောင်ထားလို့ ရပေမယ့် မျက်နှာတစ်ခုကိုတော့ ဘယ်နားမှ ဖွက်ထားလို့မရဘူး။ ပါးစပ်ဟလိုက်ရင်တော့ သွားကြားထဲက မီးခိုး ငွေ့တန်းက တလူလူဆိုသလိုမျိုးပဲ။ ဒီလောက်အေးတဲ့ နှင်းတွေကြားထဲမှာ ၁၅မိနစ်လည်းပေါ်မလာ၊ မိနစ်နှစ်ဆယ်လည်း ဆင်းမလာ ဆိုတော့ စောင့်နေသူဟာ တော်တော်တင်းလာတဲ့ အခြေအနေကိုရောက်ပြီ။ တကယ်ဆို သူအင်္ကျီလဲရမှာပျင်းတယ်ဆို ရင်လည်း သော့ပစ်ချရင်ချ၊ မဟုတ်ရင်လည်း ဈေးသွားမယ်,မသွားဘူး သူ့ပထမထပ် ပြတင်းပေါက်ကနေ လှမ်းပြောချင်ပြော လို့ရတယ်။ အဲဒါမှမဟုတ်ဖုန်းဆက်ချင် ဆက်ပေါ့လို့ ငြိုငြင်စပြုလာပြီ။ တော်တော်ကလေးကြာမှ ဖုန်းမြည်လာခဲ့တယ်။ “ငါမ လာနိုင်တော့ဘူး၊ နောက်မှတွေ့ရအောင်”တဲ့။

“အေးတွေ့မယ်။ နင်နဲ့ ငါတွေ့ကိုတွေ့မယ်၊ အချိုးကိုမပြေဘူး”လို့ဆိုရင်း မြေကြီးပေါ်ကနှင်းခဲကိုပဲမဲနိုင်တာမို့ စီးထား တဲ့ သားရေဖိနပ်ရှည်နဲ့ ဆောင့်ကန်လို့ အဆောင်ကို ပြန်ခဲ့တယ်။ ငါ့ကို တဝေါဝေါကျနေတဲ့ နှင်းထဲမှာ မိနစ်နှစ်ဆယ်လောက် ပစ်ထားတာ၊ အကျိုးနည်းလောက်အောင် လူလိုနားမလည်လို့လားဆိုပြီး စိတ်အကြီးအကျယ်ဆိုးတယ်။ အဲဒီနေ့က မီးဖိုထဲမှာ ကြက်ဥတောင်မကျန်တော့လို့ ထိုင်းဆိုင်က ၀ယ်ထားတဲ့ နောက်ဆုံးလက်ကျန် ခေါက်ဆွဲတစ်ထုပ်နဲ့ နှစ်ပါးသွား လိုက်ရ တယ်။

နောက်တော့ ကျွန်မစိတ်ပြေလောက်ချိန်မှာ အဲဒီနေ့က အကြောင်းစုံကို သူပြောပြတယ်။ သူ့နှုတ်ကပြောလို့ အဆင် ပြေလောက်ရုံပဲပြောပြပေမယ့် နင့်ဘာသာဆက် တွေးယူနော်လို့ ရင်ဖွင့်တဲ့အပြောမျိုးပဲ။ သူဟာ ရှိုက်ငင်ပင်ပန်းနေ တယ်။ သူ့ကိုသနားမိတယ်။ ချစ်ခြင်းနဲ့တွေ့ပြီးတဲ့ လူဟာ အရင်အတိုင်း ရှင်းလင်းလှတဲ့ စိတ်အခြေအနေကို ဘယ်တော့မှ ပြန်မရောက်ဘူး။  မိန်းမတွေဟာ ဘယ်စံဘယ်နှုန်းနဲ့ ထိန်းသိမ်းရမယ်၊ ဘယ်လိုမျိုးမှ မိန်းမပီသမယ်ဆိုတဲ့ လူမှုထုံးစံတွေ များပြားလှတဲ့ ပတ်ဝန်းကျင်မှာ  ကျွန်မတို့ နှစ်ယောက်စလုံးကြီးပြင်းခဲ့ကြတာ။ သူကအာရှနဲ့ အဝေးကြီး အာဖရိက နိုင်ငံတစ်ခု မှာ။ ကျွန်မကတော့ မြန်မာနိုင်ငံ တစ်နေရာမှာ။ ဒါပေမယ့် ယောက်ျားတစ်ယောက်နဲ့ ရင်းနှီးကျွမ်းဝင်ခြင်းဟာ ဘ၀ရဲ့ အလွန် အရေးကြီးတဲ့ အလှည့်အပြောင်းလို့ လက်ခံကြတဲ့ နေရာတွေကလာကြတာ။ ကျွန်မကတော့ သူ့စိတ်ထဲဖြစ်နေတဲ့ မှား သွားပြီလား၊ ရှေ့တိုးဖို့ဖြစ်နိုင်ပါ့မလားဆိုတဲ့ ဒွိဟတွေကို မသိချင်ယောင်ဆောင်လိုက်တယ်။ ဘာမှမဟုတ်တဲ့ ထမင်းစားရေ သောက် ကိစ်္စတစ်ခုလို။ ဟုတ်တယ်၊ ချစ်ခြင်းဟာ ကိုယ်က ပေးလိုက်ရတာလည်းမဟုတ်ဘူး။ ရယူလိုက်တာလည်းမဟုတ် ဘူး။ ချစ်တာကို ချစ်တာလို့ ချစ်တဲ့အချိန်မှာ သိနေလိုက်ဖို့ပဲ မဟုတ်လား။ လွတ်လပ်တဲ့လူနှစ်ယောက်ကြားမှာ ဒီပျော်ရွှင်မှု ကို ရသင့် သလား,မရသင့်သလားဆိုတာ ဘယ်သူက ၀င်ဆုံးဖြတ်သင့်တာမျိုးမို့လဲ။ ပျော်,မပျော်ဆိုတာ ဒီနှစ်ယောက်နဲ့သာ ဆိုင်တာမျိုးပဲ။ ထင်တဲ့အတိုင်းပဲ နောက်တော့ သူပျော်လာတယ်။ အချစ်နဲ့အသားကျလို့ ပိုတည်ငြိမ်လာတယ်။ သူ့မျက်လုံး လှလှလေးတွေက သူ့ကိုယ်သူ ပိုယုံကြည်လာတယ်။

အတန်းထဲအဖော်တွေက ဥရောပသူတွေသာ များတယ်။ အဲဒီထဲမှာ ပါးစပ်စည်း မရှိတဲ့ ကောင်မကလေးတွေလည်း  ပါတာပဲ။ တစ်နေ့လူစုံတဲ့ ပါတီတစ်ခုကို အန်းက သူ့ရည်းစားကလေးနဲ့လာတယ်။ ကောင်ကလေးက နိုင်ငံတကာ ဆက်ဆံ ရေးပညာ မဟာဘွဲ့ကိုတက်နေတာ။ အဲဒီတော့ ကျွန်မတို့ဘက်ကလူတွေကို သူမသိဘူး။ သူသိတာရယ်ဆိုလို့ ကျွန်မနဲ့ အန်းနဲ့ ရင်းနှီးသူအချို့လောက်ပဲရှိတာ။ သူတစ်ပါးအနေခက် အောင်ပြောတတ်တဲ့ အုပ်စုတွေထဲမှာတော့ ဆွစ်ဇာလန် နယ်စပ်နားက အီတလီနယ်မြို့ တစ်မြို့ကလာတဲ့ အယ်လီနာ။ သူက သူများ အနေခက်တာမျိုးကို အင်မတန်ရွေး ပြောတတ် တာမျိုးပဲ။ အန်းဟာ သူ့ကောင်လေးကိုဘာလို့များ သူတို့အုပ်စုနဲ့ သွားမိတ်ဆက်ပေးသလဲမသိဘူး။ သူတို့ဟာ အန်းလို အာဖရိကန်ကောင်မလေးက အဖြူကလေးနဲ့ တွဲနိုင်သလားဆိုတာကို အားမနာလျှာ မကျိုး အံ့သြပြကြတယ်။ ပြီးတော့ အချိန်မီသတိနဲ့ ထိန်းလိုက်ဖို့ကောင်းတဲ့ အရိုးမပါတဲ့ လျှာတစ်ချောင်းနဲ့ လူကိုဒုက္ခပေးတယ်။ သြော်တွေ့ရတာဝမ်းသာ ပါတယ်။ ဒါက နင့်ရဲ့ ဥရောပတိုက် နေထိုင်ခွင့်လက်မှတ်ကလေး European passport ကလေးပေါ့ လေတဲ့။ အန်းက ကျိတ်ဆဲ မဆဲတော့မသိဘူး။ ကျွန်မတော့ ဆဲမိတာပဲ။ သူတို့ဆိုချင်တာကတော့ “အန်းရယ် မင်းက ဥရောပမှာ ဆက်ပြီး အခြေအနေ ကောင်းကောင်းနဲ့ မင်းရဲ့ ဆင်းရဲတဲ့ မိခင်နိုင်ငံကိုမပြန်ဘဲ ကုပ်ကပ်ဖက်တွယ်ပြီးနေနိုင်ဖို့ လမ်းကြောင်းရှာရင်း ဒီကောင် ကလေးနဲ့ တွေ့တာပေါ့ ဟုတ်သလား” လို့ စွပ်စွဲလိုတာမျိုးမို့ပဲ။ အင်မတန် စော်ကားတဲ့ အသုံးအနှုန်းမျိုးပဲ။

ဥရောပတိုက်ကို ရောက်လာတဲ့ အခြားပိုပြီးဆင်းရဲတဲ့ နိုင်ငံတွေကလူတွေကို မကြိုဆိုကြောင်းပြတာမျိုးကို ပြတတ်ကြတဲ့ အထဲ အယ်လီနာပါတယ်လို့တော့ မထင်ပါဘူး။ အခုတလော ဥရောပရွေးကောက်ပွဲတွေမှာ အခြားနိုင်ငံက ပြောင်းလာပြီး အခြေချနေထိုင်သူတွေကို ရမယ်ရှာပြီး နိုင်ငံရေးကစားတဲ့ပါတီတွေ တိုးတိုးလာနေတယ်။ သူတို့အကြောင်းကို နိုင်ငံရေး သဘောတရား အပြောင်းအလဲတွေနဲ့ပတ်သက်လို့ စာထဲတောင်ထည့်သင်လာရပြီ။ တစ်ချို့ပါတီတွေရဲ့ မဲဆွယ်ပွဲတွေဟာ ရန်လိုတာသက်သက်ပဲ။ ဒါပေမယ့် သူတို့ကို လူကြိုက်များလာတာက လူ့အဖွဲ့အစည်း မငြိမ်းချမ်းမယ့်ဆီကို ဦးတည်နေ တယ်။ တကယ်ဆို အယ်လီနာက အဲဒီလောက်ထိတော့ အတွေးနက်သူမဟုတ်ဘူး။ မျက်လုံးကိုကာခြယ်ဆွဲပြီး ပါးကိုဆေးနီ ချယ်ပြီး ခပ်ပေါ့ပေါ့နေတတ်တဲ့ ချစ်စရာကောင်မလေးပဲ။ သူက ရုပ်ကလေးလှသလောက် စိတ်ကလည်း သိပ်ဆိုးရှာတာတော့ မဟုတ်ဘူး။ မွေးကတည်းက ဘာမှ အပူအပင် မရှိသူပီပီ ကိုယ့်စကားကြောင့် သူများ ဘာဖြစ်သွားမလဲ မပူတတ်တော့ ပြောတဲ့စကားဘယ်ရောက်မှန်းမသိ၊ ပက်ခနဲပြောလိုက်တာသာရှိတာ။ တကယ်စိတ်ပုပ်တာက ကျွန်မအဆောင်က လူဝီဆာ ဆိုတဲ့ ကောင်မလေးပဲ။

လူဝီဆာဆိုတဲ့ အဲဒီမိန်းကလေးက တော်တော်ဝတယ်။ ၀ဆို သူမနက်တိုင်းစားတဲ့ ထောပတ်နဲ့ မီးဖိုပေါ်လှိမ့်တဲ့ ၀က်ပေါင် ခြောက်ကဖြင့် မနည်းဘဲကိုး။ တစ်နေ့က သူပါတီသွားဖို့ အလှပြင်နေတုန်း မီးဖိုထဲမှာ ညစာချက်နေတဲ့ ကျွန်မဆီရောက်လာ တယ်။ ကြိုးတွေပါတဲ့ သူ့ဂါဝန်ကိုနောက်က ခါးဆို ခါး၊တင်ဆိုတင် ပေါ်လွင်အောင်ကျပ်ကျပ် ချည်ပေးဖို့ပဲ။ အဆီခေါက်တွေ ကိုဖုံးဖို့ကြိုး စားပေမယ့် မဖြစ်နိုင်မှန်းသိသော်လည်း ခါတိုင်းထက်စာရင်တော့ လှနေတာမို့ “လှတယ် လူဝီဆာ၊ လှတယ်”လို့ စိတ်ကောင်း အောင်ပြောပေးလိုက်တယ်။ ဒါပေမယ့် သူ ကတော့ စိတ်မကောင်းရှာပါဘူး။

ကျွန်မက သူတို့ဘာသာစကားကို မဖတ်တတ်ဘူး။ အဲဒီနေ့ အခွန်ရုံးကနေ ကျွန်မနာမည်နဲ့လာတဲ့ စာတစ်စောင်ကို ကျွန်မနားမလည်ဘူး။ ရုံးပြင်ကနားကလာတဲ့စာမို့ နားမလည်လို့လည်းမဖြစ်ဘူး။ အဲဒီတုန်းက ဂူဂဲဘာသာပြန်က ဒီလောက်မ ကောင်းသေးဘူး။ ညစာစားရင် ဒီက ဌာနေသူငယ်ချင်းတစ်ယောက်ယောက်တော့ တွေ့မှာပဲ၊ သူတို့ကိုဘာသာပြန်ပေးဖို့ အကူ အညီတောင်းရမှာပဲလို့ တွေးနေတုန်းမှာ သူက ရောက်လာတာ။ အဲဒီတော့ သူ့ကိုပဲအကူ အညီတောင်းရမှာပဲ။  သူကလည်း ကိုယ့်ကို အင်္ကျီကြိုးချည်ဖို့ အကူအညီတောင်းထားတာ မဟုတ်လား။  စာလည်းဆုံးရော သူ့ မျက်နှာက ရှုံ့မဲ့သွား လိုက်တာ။ “နင်က တို့အစိုးရရဲ့ ပညာသင်ဆုနဲ့ ကျောင်းတက်နေတာပေါ့ ဟုတ်လား”တဲ့။ “နင့်ကို ပညာသင် ဆုရတဲ့ငွေထဲက အခွန်ဆောင်စရာမလိုဘူးလို့ အကြောင်းကြားတဲ့စာ”တဲ့။ “ပုံမှန်ဆိုရင်တော့ အခွန်ဆောင်ရမှာ”တဲ့။ “နင်ကဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံကလာလို့ ဆောင်စရာ မလိုဘူးတဲ့။

လစာထဲက ငွေမလျော့တော့ဘူး ရယ် လို့ ၀မ်းသာမယ်ကြံကာရှိသေး။ လူဝီဆာ ပါးစပ်ကထွက်တဲ့ စကားကြောင့် ရင်ထဲ အောင့်သွားရတယ်။ “ငါတို့ အစိုးရကနင်တို့ လိုကျောင်းသားတွေကို ပေးစရာအကြောင်း ကိမရှိဘူး”တဲ့။ “ငါတို့ကဖြင့် အခွန် တွေနင့်နေအောင်ဆောင်ရတာ”တဲ့။ “အလကား သူများမြေမှာ ဆန်ကုန်မြေလေးတွေ အချိန်တန် အိမ်ပြန်ကြမှာ”ဆိုတဲ့ မျက်လုံးမျိုးနဲ့ သူ့ကိုယ်လုံးကြီးလှိမ့်ပြီး ထွက်သွားတော့ ကျွန်မမှာ လက်ယာစွန်းကအမုန်းကို စပြီး ခံစားမိတာပဲ။ လက်ယာ စွန်းတွေဆိုတာက ကျောင်းစာမျက်နှာပေါ်မှာချည်း ရှိတာမဟုတ်ဘူးဟ။ ငါ့အဆောင်ထဲမှာလည်း ရှိနေတာပဲလို့ ခုမှပဲ တွေးမိတော့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူတပါးမြေမှာ သူတစ်ပါးအကူအညီနဲ့ သဒ်္ဓါသလောက်ရတဲ့ ပညာသင်နှစ်တွေဒီလိုနဲ့ပဲ ကုန်ဆုံးလာခဲ့ တယ်။ အန်းကတော့ ကျွန်မကို သိပ်မကပ်တော့ဘဲ ကျွန်မအဆောင် မီးဖိုထဲမှာ သူ့ကောင်လေးနဲ့ တတွဲတွဲချက်ပြုတ်နေ ကြပြန်တယ်။ သူတို့ဆူရှီလိပ်တဲ့ အခါမျိုးကျရင်တော့ ကျွန်မကို လာခေါ်ကြလေ့ရှိတယ်။ အဲဒီအခါမျိုးမှာ ကျွန်မက စပျစ်သီး တွေ၊ ဖျော်ရည်တွေ ယူသွားပေးတာမျိုးပေါ့။ တလောကတော့ သူ့ဆီကစာလာတယ်။ ငါနဲ့ ဖီးလစ်ပြတ်သွားပြီတဲ့။ တွဲလာတာ ခုနစ်နှစ်ကျော်လောက်ရှိပေမယ့် အံ့တော့မအံ့သြပါဘူး။ “သူတို့ကျွန်းကိုငါလိုက်သွားတော့ သူတို့ အစ်မတွေက ခဏပဲကြည် ဖြူကြတာ။ နောက်ကျတော့ အဆင်မပြေတော့ဘူး”တဲ့။ “တစ်ယောက်ကိစ္စ တစ်ယောက်ဝင်မစွက်တဲ့ ယဉ်ကျေးမှုရှိပေမယ့် သူတို့မောင်ဟာ ငါ့ရဲ့ ယူရိုပီယံ ပတ်စ်ပို့ကလေးဖြစ်မှာသာ စိုးနေ ကြတာ”တဲ့။

အန်းရေ ကျောင်းပြီးတော့ အဲဒီမှာဆက်ဖို့ သံန်္နိဋ္ဌာန်အတိုင်းနည်းအသွယ်သွယ်နဲ့ ဆက်ပြီးနေဖြစ်တဲ့ နင့်အားနဲ့မာန်ကို လည်း ငါလေးစားပါတယ်။ အမည်းမကလေးဆိုပြီး အမြင်ကျဉ်းတဲ့ လက်ယာအစွန်းကသူတွေနဲ့ လည်းဝေးပါစေ။ ရွှေ့ပြောင်း အခြေချတာကို ကြည်သာတဲ့ကမ္ဘာမှာ ကောင်းမွန်စွာနေသားတကျရှိပါစေ။ ဌာနေတွေရဲ့ အလုပ်ကို တစိမ်းကလုယူနေ ကြတယ်လို့ မြင်တဲ့ နေရာမျိုးကို ရောက်နေရင်တောင်မှ ဘေးကင်း ပြီး အစစအောင်မြင်ပါစေ။ ငါ အာရှကနေ အနမ်းတွေပို့လို့ ဆုတောင်းနေပါတယ်။ နင့်မွေးနေ့မှာတော့ ငါ Que Sera Sera သီချင်းကိုပဲ ထပ်ကာထပ်ကာ ဖွင့်ဖြစ်နေတယ်။ အလုပ်ကိုထွက် လို့ ဥရောပမှာပဲ ဘာဖြစ်ဖြစ်နေတော့မယ်လို့ မျက်နှာထား တင်းတင်းကလေးနဲ့ ရောက်လာတဲ့ ချစ်စရာ ကောင်မလေးကို ဒီသီချင်းလေးက မြင်ယောင်စေတယ်။

ကေး

“Que Sera, Sera

Whatever will be, will be

The future’s not ours to see

Que Sera, Sera

What will be, will be”