တစ်ဖက်ပိတ်နှလုံးသားဖြင့် ပြည်ထောင်စုစစ်စစ် တည်ဆောက်ချင်သူများ

စစ်မှန်ခြင်းကိုလိုလျှင် မိမိကိုယ်တိုင်က စစ်မှန်ခြင်းကို ပြသရလိမ့်မည်ဆိုသော စကားသည် လူမှုနယ်ပယ်တွင် အလွန်တရာမှ အသုံးများသော စကားဖြစ်သည်။ တကယ်တမ်းလည်း မှန်ကန်နေသောအရာဖြစ်သည်။ သို့သော် ပြောသ လောက် ကျင့်သုံးနိုင်ဖို့က စိတ်စေတနာက အရေးကြီးနေပြန်သည်။

ကျွန်တော်ငယ်ငယ်တုန်းက ဘာသာရေးစာ စောင်တစ်ခုတွင် ဖတ်မိခဲ့တာတစ်ခုကို သတိရသည်။ တစ်ချိန်သော ကာလက တရုတ်ပြည်တွင် သစ်ပင်ပေါ်၌ သီတင်းသုံး နေထိုင်လေ့ရှိသော ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါး ရှိခဲ့ဖူးသည်။ ဆွမ်းခံသည့် အချိန်မှာ ဆွမ်းခံထွက်သည်။ ပြန်လာလျှင် သူကိုယ်တိုင် ဖန်တီးထားသောသစ်ပင်ပေါ်မှ ကျောင်းနေရာလေးမှာ သီတင်းသုံးပြီး သူ့ဆီသို့တရားနာရန် လာရောက်သူများကိုလည်း ယင်းသစ်ပင်ပေါ်မှနေ တရားဟောလေ့ရှိသည်ဟုဆိုသည်။ လူအများကတော့ အဆိုပါရဟန်းကို ငှက်သိုက်ရဟန်း (The Nest Monk) ဟု ခေါ်ကြပြီး သူ၏ထိရောက်သော တရားများ ကြောင့်လည်း နာမည်ကြီးနေသည်။

ယင်းကဲ့သို့ တရားတော်များကြောင့် နာမည်ကြီးနေသည့်အတွက် တစ်နေ့တွင် ငှက်သိုက်ရဟန်း ဆီသို့ သူဌေးကြီး တစ်ဦးရောက်လာခဲ့သည်။ ငှက်သိုက်ရဟန်းကလည်း သူဌေးကြီးတောင်းဆိုသည့်အတိုင်း တရားဟောလိုက်သည်။ သို့သော် တရားက တိုတောင်းပြီး စိတ်ဝင်စားဖွယ်မဟုတ်သည့်အတွက် သူဌေးကြီးက ငှက်သိုက်ရဟန်းအား “ကျွန်တော်မျိုးက အသင် ရဟန်းတော်၏တရားတော်များမှာ စိတ်ဝင်စားစရာ၊ ဗဟုသုတဖြစ်စရာများ ပါလေမလားဆိုပြီးလာခဲ့တာပါ။ ခုလိုမျိုးဟော လိုက်တာကိုတော့ ကျွန်တော်မျိုး၏ သားငယ်သုံးနှစ်အရွယ်ကလေးတောင် ပြောတတ်ပါပေရဲ့”ဆိုပြီး ပြန်လျှောက် ထားသည် ဟုဆိုသည်။ သူဌေးကြီး၏ ယင်းကဲ့သို့ပြောသည်ကို ငှက်သိုက်ရဟန်းက “သင်ပြောသလို ငါဟောတဲ့တရားကို သင့်သား သုံးနှစ်သားလေးတောင်ပြောနိုင်တာက မှန်ပါလိမ့်မယ်။ သို့သော်လည်း သင့်ဖခင်အသက် ၈၀အရွယ်ကတောင် ကျင့်နိုင်မှာ မဟုတ်သေးဘူး”လို့ ပြန်ပြောလိုက်သည်ဟုဆိုပါသည်။ ငှက်သိုက်ရဟန်းက သူဌေးကြီးကို ဟောလိုက်သည့် တရားကတော့ “မကောင်းမှုကိုရှောင်၊ စိတ်ကိုဖြူစင် အောင်ထား၊ သူတစ်ပါးကို မနာလိုစိတ်မပွား နဲ့”ဆိုတဲ့ တရားတော်ဖြစ်သည်။

တကယ်တမ်း လူတွေရဲ့ရွေ့လျားနေတဲ့ သက်တမ်းမှာ ကြုံတွေ့ရတဲ့အတွေ့အကြုံအရဆိုလျှင် ဤတရား သုံးခွန်း ထက်ပိုပြီး မြားမြောင်လှသောတရားဓမ်္မများ၊ ဘ၀အမြင်များ၊ ဗဟုသုတများကို ကြားနာမှတ်ဖူးသော်ငြားလည်း စိတ်ပိုင်း ဆိုင်ရာအဆောက်အအုံတွင် မကောင်းမှုကို လုံးလုံးရှောင်နိုင်ဖို့ မိမိ၏ စိတ်နှလုံးကို ဖြူစင်အောင်ထားနိုင်ဖို့၊ သူတစ်ဖက် သားအပေါ်မှာ မနာလိုစိတ်မထားဘဲ မုဒိတာပွားနိုင်ဖို့ ဆိုသည့်စိတ်များကို ပကတိထားနိုင်ဖို့က ခဲယဉ်းလှပါသည်။ အထူး အားဖြင့် လူဆိုသည်မှာ မိမိနှင့်မတူသော အသွင်ကွဲပြားသော လူပုဂ်္ဂိုလ်များ၊ အသင်းအပင်းများနှင့် ဆက်သွယ်ကြရသည့် အတွက် စိတ်ထားရှင်းရှင်းနှင့် မှန်ကန်သော စေတနာထားနိုင်ဖို့၊ အဂတိကင်းကင်းနှင့် မေတ္တာထားနိုင်ဖို့ ဘက်မလိုက်ဘဲ စာနာပေးနိုင်ဖို့ ကိစ္စက ပိုလို့ပင်ဖြစ်ခဲပါလိမ့်မည် တကယ့် လက်တွေ့နယ်ပယ်တွင်လည်း ကြုံနေမြင်နေရဆဲပင် ဖြစ်သည်။

ခေါင်းစီးပါအတိုင်း ပြည်ထောင်စုစိတ် ဓာတ်ဘက်ကို ပြန်လှည့်လိုက်လျှင် ဤနိုင်ငံတွင် ပြည်တွင်းစစ် ဘာကြောင့် ရှည်ကြာရ သနည်း။ ပဋိပက်္ခများ ဘာကြောင့်ပိုပြီးဖြစ်ပွားလာကြသနည်းဆိုလျှင် အထက်တွင် ဖော်ပြခဲ့သလို အပြောလွယ် သလောက် မှန်ကန်သော စေတနာများ မထားနိုင်ခဲ့ ကြသော နိုင်ငံရေးလောဘများကြောင့် ဖြစ်သည်ဟု ဆိုချင်သည်။

သူ့လူသေလျှင် ၀မ်းသာ၊ ကိုယ့်လူသေလျှင် ၀မ်းနည်းဆိုသည့်အဆင့်ကို ရပ်ကွက်အဆင့် ကျေးရွာအဆင့် နိုင်ငံရေး ခေါင်းဆောင်ငယ်များတင်မကတော့ဘဲ ကြီးလေးသော တာဝန်များကို ထမ်းဆောင်နေကြသော ပညာရှင်များ၊ အရာရှိကြီးများ ကိုယ်တိုင် တစ်ဖက်ပိတ်သဘောထားဖြင့် စာနာပြသောအကျင့်များ၊ မိမိတို့အုပ်စုဝင်မှ အသက်ရှိသော၊ တန်ဖိုးရှိသောသူများ ဖြစ်ပြီး ပြည်သူများသေလျှင်၊ ဒုက်္ခရောက်လျှင်တော့ လှည့်ကြည့်ဖော်မရသော စိတ်ဓာတ်များကို စိတ်မကောင်းခြင်းကြီးစွာဖြင့် မြင် တွေ့နေရသည့်အခါ ဤနိုင်ငံ၏ ပြည်တွင်း စစ်တာရှည်မှုကိုလည်း အံ့သြတကြီးမဖြစ်မိတော့ပါ။

သို့သော် ပို၍အံ့သြစရာဖြစ်စေသော အချက်များကတော့ ယင်းကဲ့သို့ပုဂ်္ဂိုလ်များကိုယ်တိုင်က ပြည်ထောင်စုစိတ်ရှိ ခြင်း၊ တခြား လူမျိုးများ၏ နစ်နာမှုကိုတန်းတူ သဘောထားခြင်းဆိုသော မဲဆွယ်အကြို နိဒါန်းတေးသံများပင် ဖြစ်သည်။

ပါတီများကို ကြည့်လိုက်လျှင်လည်း တိုင်းပြည်ကို ကောင်းကျိုးပေးမည့်ပါတီများဟုတော့ သိရသည်။ သို့သော် တိုင်းပြည်က ပါတီမျိုးစုံကိုထိတွေ့ခဲ့၊ ထိတွေ့ဆဲ ကြုံခဲ့ရသော်လည်း ကောင်းလာသည်ကို မတွေ့မိသေးပေ။ လက်နက်ကိုင် အင်အားစုမျိုးစုံကလည်း တိုင်းပြည်ကိုချစ်သည်ဟုတော့ပြောခဲ့ကြသည်၊ ပြောနေကြသည်။ သို့သော် သူတို့၏ တိုက်ပွဲများ ကြောင့် သူတို့ချစ်လှပါသောပြည်သူများ မြေစာပင်ဖြစ်ကြရ၊ ဒုက္ခရောက်ကြရသည်ကို ထဲထဲဝင်ဝင်စဉ်းစားပေးကြသည်ကို လည်း ထင်ထင်ရှားရှား မတွေ့ရပေ။ ဟိုဘက် ဒီဘက်တိုက်ပွဲဖြစ်လျှင်တော့ သူတို့ဘက်ကိုမပါကောင်းရလားဆိုသော သံသယဖြင့် ဖမ်းဆီးတတ်သည်မှာလည်း သူတို့ကောင်းကျိုးပေးစေချင်သော၊ တည်ငြိမ်စေချင်ပါသည်ဆိုသော ပြည်သူ များသာ ဖြစ်နေသည်။ ယင်းကဲ့သို့ မိမိတို့ တပ်တည်မြဲရေး၊ မိမိတို့ပါတီ တည်မြဲရေးကို ဦးစားပေးနေသမျှလည်း ပြည်သူ့ ဗဟိုပြု အကျိုးပြုလုပ်ငန်းများ၊ ပြည်သူ့ကောင်းကျိုးအတွက် စဉ်းစားပေးချက်များမှာ လျော့နည်းသွားဖွယ်ရှိလာသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်ဖွဲ့စည်းထားသည့်အတွက် ဒေသတိုင်းတွင် သူတို့၏ ဓလေ့များ၊ သူတို့၏ ဟီးရိုးများ ရှိနှင့်ကြပြီးဖြစ်သည်။ ဥပမာဆောင်ရလျှင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်နေသော မင်းသားတစ်ပါး သည် နယ်လှည့် ဇာတ်သဘင်ကလေးတစ်ခုတွင် သွားရောက် ဖျော်ဖြေမည်ဆိုလျှင် သူ့အပေါ်မှာ အားပေးသည်ဆိုသော် ငြားလည်း ဒေသကိုမပိုင်သည့်အတွက်၊ ဒေသခံများ၏ ဟီးရိုးမဖြစ်သည့်အတွက် သူ့ဂုဏ်ရည်က တက်လာစရာမရှိဘဲ ကျသွားဖွယ်ရာရှိပါသည်။ နောက်ထပ် ဥပမာတစ်ခုအနေဖြင့် သမိုင်းပါမောက်္ခတစ်ဦးသည် သမိုင်းကြောင်းဆိုင်ရာ အချက် အလက်များကို လေ့လာစုံစမ်းပြီး မိမိ၏လုပ်ငန်းကို စဉ်ဆက်မပြတ် လုပ်နေသည်က ဂုဏ်သရေရှိနေခိုက် နယ်မြို့လေး တစ်မြို့မှာ ပညာဒါန မဟုတ်ဘဲတခြား ကျူရှင်ဆရာများနည်းတူ ၀င်ငွေကိုလိုက်ရှာနေသည့် အလုပ်ကိုသွားလုပ် မိလျှင် ၎င်းင်း၏ ဂုဏ်ပိုင်းဆိုင်ရာမှာ ပိုတက်လာစရာမရှိဘဲ ကျဆင်းသွားဖွယ်သာရှိပါသည်။ မသကာ ပြိုင်ဘက်ဝိုင်းများ၏ ဒဏ် ကိုလည်း ပါမောက္ခနဲ့ မလျော်စွာခံရဦးမည် ဖြစ်သည်။ ဆိုလိုသည်မှာ အလုပ်သဘောကို ဂုဏ်ငယ်သည်ဟု မဆိုလိုပါ။ သင်္ချာစကားတစ်ခုဖြစ်သော နေရာလိုက်တန်ဖိုးကိုဆိုလိုပါသည်။ သူ့နေရာနှင့်သူရှိနေသော တန်ဖိုးတစ်ခုကို မလျော်သော နေရာမှာ အသုံးချလိုက်ခြင်းအားဖြင့် ရှိရင်းစွဲတန်ဖိုးကျသွားတတ်ပါသည်။ ယင်းကဲ့သို့ ဖြစ်စဉ်မျိုးကိုလည်း မြန်မာနိုင်ငံတွင် ခပ်စိပ်စိပ်တွေ့လာခဲ့ရသည်မှာ ငါးနှစ်နီးပါးရှိပါပြီ။

ပါတီခေါင်းဆောင်က ကြိုက်လေမလား ဆိုသောစိတ်နှင့် ဒေသခံများ၏အသံ၊ ခံစားချက်၊ သူတို့ထားရှိသော ဟီးရိုး များကို မလေ့လာဘဲ၊ နားမထောင်ဘဲ တစ်တိုင်းပြည်လုံးက ဟီးရိုးအဖြစ် သတ်မှတ်ထားသော ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တု ကို တခြားဒေသများတွင်ထုလုပ်ခြင်းဖြင့် ပြည်သူများနှင့် အလှမ်းကွာသလိုဖြစ်ရပ်များ ဖြစ်ခဲ့သည်။ ဤမျှလောက် တန်ဖိုး ထားအပ်သော၊ လွပ်လပ်ရေးဖခင်ဟုလည်း ခေါ်ဆိုကြသော ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုကို ရန်ကုန်တွင်လည်း ထုလုပ် ထားပြီးဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဗိုလ်ချုပ်နေအိမ်တို့ကို ပြတိုက်အဖြစ်ထားရှိလျက် သူ့ဂုဏ်ကိုတည် ဆောက်ခဲ့ ကြသော်လည်း တခြားပြဿနာ မရှိခဲ့ပေ။ ပြည်နယ်အသီးသီးကလည်း လွတ်လပ်ရေး မီးရှူးတန်ဆောင်ဟုလည်း သတ်မှတ် မှုက လူများစုဖြစ်နေကြဆဲပင်။ သို့သော် ဗိုလ်ချုပ်၏ရုပ်ထုကို ထုခြင်းအား ကန့်ကွက်ခံရခြင်း၊ ပြဿနာဖြစ်ရခြင်းသည် ဗိုလ်ချုပ်အပေါ်မှာ ဒေသခံများသဘောထားပြောင်းသည်မဟုတ်ဘဲ ဗိုလ်ချုပ်၏တန်ဖိုးကို နေရာလိုက်တန်ဖိုး မသတ်မှတ် သူတို့၏ အမြော်အမြင်နှင့်သာ ဆိုင်သည်ဟု သတ်မှတ်ပါသည်။

စစ်ဘေးစစ်ဒဏ်ကြောင့် မွမွကြေနေသော ပြည်နယ်တို့၏စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့ကို မြှင့်တင်ပေးသည့် ကိစ္စထက် ရုပ်တုထုရေးက ပိုပြီးအရေးကြီး ပြကြသောအခါ ရှိရင်းစွဲဗိုလ်ချုပ်အောင်ဆန်း၏တန်ဖိုးသည်လည်း အမွှမ်းတင် လွန်းသူများ၏အလိုကြီးမှုကြောင့် လျော့သွားသလိုသာ ဖြစ်သည်။ သို့သော် ပြုလုပ်သူများကတော့ ၎င်းင်းတို့ကိုယ်တိုင် ပြည်ထောင်စုစိတ်ဓာတ် စစ်စစ်ရှိသူများဟု ယူဆကြပါလိမ့်မည်။

ဗုဒ္ဓတရားတော်တစ်ခုတွင် ဒေသထက် ကျော်လွန်သောအကျင့်ကို မကျင့်နှင့်ဟု ဟောပြောဖူးတာ တစ်ခုရှိပါသည်။ ဥပမာ- စုန်း၊ နတ်တို့ကို ဦးစားပေးကိုးကွယ်သော ဒေသတစ်ခုတွင် ယင်းကဲ့သို့ ကိုးကွယ်မှုသည်မှားပြီး သာသနာကိုသာ ကိုးကွယ်ရမည်ဟု ရောက်ရောက်ချင်းစပြောလျှင် ဒေသခံလူထုနှင့်ထိပ်တိုက်တွေ့ပြီး မိမိတို့၏ စည်းရုံးသိမ်းသွင်းရေး ကိစ္စမှာလည်း အဆင်မပြေ ဖြစ်သွားနိုင်သည်။ ဒေသခံတို့နှင့် လိုက်လျောညီထွေစွာ အရင်နေပြီးမှ မိမိတို့၏အယူအဆများကို တစ်စတစ်စ ချဉ်းကပ်ခြင်းကသာ သင့်လျော်သည်ဟု ယင်း တရားတော်အရ ယူဆရဖွယ်ရှိပါသည်။ မိမိတို့အားသာနေတုန်း လုပ်ချင်တာလုပ် မည်ဆိုလျှင် မိမိတို့အားသာအောင် ပြည်သူ့အားနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ကိုလည်း သတိချပ်သင့် ပါသည်။ ပြည်သူအားကိုးဖြင့် အောင်မြင်လာပြီးမှ မိမိတို့လုပ် ချင်တာကို လုပ်မည်ဆိုလျှင်လည်း ပြည်သူကို အလေး မထားသူ တို့သွားရသည့် လမ်းစဉ်အတိုင်းသာ လိုက်သွားကြရဖွယ်ရှိသည်။

ကမ္ဘာပေါ်တွင် မည်မျှအားကြီးသော ပါတီဖြစ်စေ၊ မည်မျှအားကြီးသော တပ်မ တော်ဖြစ်စေ ပြည်သူ့ဆန်္ဒနှင့် ကင်းကွာ သွားလျှင် မိမိတို့လုပ်တာသည်မှန်သည်ဟု ယူဆပြီး ပြည်သူကိုစော်ကားဖန်များလျှင် ပြည်သူ့ဒဏ်ခတ်ခြင်းကို ခံကြရစမြဲပင် ဖြစ်သည်။

မွန်ပြည်နယ်တွင် မွန်တို့ဘာသာထား ရှိပြီးဖြစ်သော ကိုယ်ပိုင်ဟီးရိုး၊ ရှမ်းပြည်တွင် ရှမ်းတို့ဘာသာထားရှိပြီး ဖြစ်သော ကိုယ်ပိုင်ဟီးရိုး၊ ကရင်ပြည်တွင် ကရင်တို့ထားရှိသော ကရင်ဟီးရိုး၊ ရခိုင်တွင် ရခိုင်တို့ဘာသာထားရှိအပ်သော ကိုယ်ပိုင် ဟီးရိုးများ ကိုယ်စီရှိနှင့်ကြပြီးဖြစ်သည်။ ယင်း ဒေသယင်းဓလေ့ဖြင့် မိမိတို့ဘာသာထားရှိအပ်သော၊ တန်ဖိုးထားအပ်သော အရာများကို တန်ဖိုးတက်အောင် လုပ်မပေးနိုင်လျှင်တောင်မှ ဥပေက္ခာပြုသော ဂရုဓမ္မပြု စရာမလိုသော သဘောမျိုးထား လျှင် ပြည်ထောင်စုစိတ်ဓာတ်ဟု မခေါ်ဆိုနိုင်ပေ။

ပြည်ထောင်စုကို ချစ်သည်ဆိုသော စကားမှာ ဒေသအသီးသီး၏ ခံစားချက်ကို နားလည်သည်ဆိုသော သဘောသာ ဖြစ်ပါသည်။ အခမ်းအနားများတွင် သူတို့၏ရိုးရာ အင်္ကျီဝတ်ပြီးတက်ရုံနှင့် သူတို့၏ခံစားချက်ကို ပီပြင်အောင်နားလည် သည်ဟု ယူဆ၍ မရပေ။ မိမိတို့၏သင်္ကေတကိုလည်း ထိန်းသိမ်းရင်း၊ ဒေသအလိုက် လူထု၏ခံစား ချက်ကိုလည်း နားလည် ရင်း တည်ဆောက်ကာမှ ပြည်ထောင်စုစိတ်ဓာတ်ဟု ခေါ်ဆိုနိုင်ပါလိမ့်မည်။

ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသော ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့တာနှင့်ပတ်သက်ပြီး ၁၉၄၇ တိုင်းပြုပြည်ပြု လွှတ်တော်ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက “ကျွန်တော်တို့ ဗမာအများစုဖြစ်တဲ့ လူတွေဟာ ခင်ဗျားတို့ကို အတင်းအား ဖြင့် ကျွန်တော်တို့ ပြည်ထောင်စုထဲမှာ မသိမ်းသွင်းပါဘူး။ သဘောမတူတဲ့ မနေနိုင်တဲ့အခြေအနေမျိုးကို လက်တစ်လုံးခြား လိမ်တဲ့နည်းနဲ့လည်း ကျွန်တော်တို့မလုပ်ပါဘူးဆိုတာကို အတိအလင်းနားလည်စေချင်ပါတယ်”ဆိုပြီး ပြောခဲ့ဖူးပါသည်။ ဤသိုသဘောထားမျိုးရှိ  သည့်သူက သူ့ရုပ်တုကြောင့် ဒေသခံများနှင့် အငြင်းပွားမည်ကို လိုလားသူဖြစ်မလား ဆိုတာကို စဉ်းစားကြည့်ကြစေချင်ပါသည်။

ဆောင်းပါးကိုချုပ်ရလျှင် တစ်နိုင်ငံလုံး၏ ဒေသထက်ဝက်ကျော်လောက်မှာ စစ်ပွဲများ ကြိုးကြားကြိုးကြားဖြစ်လိုက် ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်လိုက်၊ စားဝတ်နေရေးအတွက် ဒုက္ခရောက်လိုက်၊ မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းကြောင့် သေလိုက်ဖြစ်နေကြသော်လည်း တချို့တာဝန်ရှိသူများမှာ ဒုက္ခသည်များ၏အရေး၊ စစ်ဒဏ်ကြောင့် အပြစ်မဲ့ပြည်သူများ၏ အရေးကို ရေငုံနှုတ်ပိတ်နေခဲ့ကြသည်။ နေနေကြသည်ကို တွေ့မြင်ရပါသည်။

သို့သော်လည်း သူတို့၏ကရုဏာ တရားများက ဘယ်အချိန်မှာ  ပေါ်လာပါ သလဲဆိုလျှင် မိမိတို့ ပါတီဝင်များသေဆုံး လျှင်တော့ အထူးတလည်ဝမ်းနည်းကြသည်ကို တွေ့ရပါသည်။ သို့ဆိုလျှင် ပါတီဝင်ဖြစ်စေ၊ တပ်ဖွဲ့ဝင်ဖွဲ့စေ၊ ပြည်သူဖြစ်စေ၊ ဤနိုင်ငံသားများသာ မဟုတ်ပေဘူးလား။ တန်းတူညီမျှ ၀ါဒဖြူစင်တဲ့မြေဆိုသော စာသားနှင့် ညီအောင်တန်းတူစိတ်သောက ရောက်သည်မျိုးမဟုတ်ဘဲ ကွက်ပြီးပူပင်နေကြသည်ကတော့ ၎င်းတို့၏ပြည်ထောင်စုစိတ်ဓာတ်ကို မေးခွန်းထုတ်စရာဖြစ် သည်။ မည်သို့ပင်ဆိုစေ မျှတသောနှလုံးသားများဖြင့် ပြည်ထောင်စုစစ်စစ်ကို လိုလားသူများသာ ဖြစ်ကြစေဖို့ ဆန္ဒပြုလိုက်ပါ သည်။

 

ကျော်လင်း(ရောင်စုံ)