တပ်မတော်အပေါ် ပြည်သူလူထုရဲ့ထောက်ခံမှု ဘယ်လို လိုအပ်သလဲ

ယခုနှစ်ပိုင်းအတွင်းမှာ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြုလုပ်တဲ့ တပ်မတော်ထောက်ခံဆန္ဒပြပွဲတွေဟာ ခပ်စိပ်စိပ်ဆိုသလိုပဲ ရှိလာခဲ့ပါတယ်။

ဆန္ဒပြခြင်းဆိုတာ ဒီမိုကရေစီရဲ့ စံနူန်းတစ်ခု၊ အလေ့အထတစ်ခုလို့ ဆိုနိုင်ပါတယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ခွင့်၊ လွတ်လပ်စွာရေးသားခွင့်ဆိုတာတွေက လူသားတို့ ရပိုင်ခွင့်ရှိတဲ့ အခြေခံလူ့အခွင့်အရေးတွေလည်း ဖြစ်ပါတယ်။ ဒီမိုက ရေစီစံနှုန်းတွေကို အခြေခံပြီး နိုင်ငံရေးစနစ်တွေကို တည်ဆောက်ထားကြတဲ့ နိုင်ငံတွေမှာ လွတ်လပ်စွာဆန္ဒပြခွင့်ဆိုတာ ကို အသိအမှတ်ပြုထားလေ့ရှိကြပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံသားများရဲ့ လွတ်လပ်စွာဆန္ဒပြခွင့်အတွက် ဥပဒေ တွေပြဋ္ဌာန်းပြီး အကာအကွယ်ပေးထားကြရပါတယ်။ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအပေါ်မူတည်ပြီး တာဝန်ရှိသူတွေက ဘယ်လိုကိုင်တွယ်ဆောင်ရွက်သလဲ၊ ဘယ်လိုဖြေရှင်းကြသလဲဆိုတာက နိုင်ငံရဲ့ဒီမိုကရေစီ စံနှုန်းအပေါ်မှာ များစွာ အကျိုး သက်ရောက်မှု ရှိစေနိုင်မှပါ။

မြန်မာနိုင်ငံမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ အပြီးနောက်ပိုင်း ဒီမိုကရေစီ၊ အသွင်းကူးပြောင်းမှု စတင်လုပ်ဆောင်လာ ခဲ့တဲ့ အချိန်ကစလို့ ပြည်သူလူထုရဲ့ မကျေနပ်ချက်တွေကို ထုတ်ဖော်တဲ့ဆန္ဒပြပွဲတွေ၊ နစ်နာချက်တွေအတွက် တောင်းဆို ကြတဲ့ ဆန္ဒပြတာတွေစသဖြင့် မျိုးစုံသော ဆန္ဒပြပွဲတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။ အစိုးရသက်တမ်းတစ်ခုစာ ရှည်ကြာခဲ့ တဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအပေါ် ဆန့်ကျင်တဲ့ဆန္ဒပြပွဲ၊ ပညာရေးဥပဒေပြောင်းလဲရေးအတွက်ကျောင်းသား ပြည်သူတွေတောင်းဆိုကြတဲ့ ဆန္ဒပြပွဲဟာ ထင်ထင်ရှားရှားရှိခဲ့သလို အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေ လည်း ဖြစ်ပါတယ်။

ဆန္ဒပြခြင်းဆိုတာမှာ ဒီမိုကရေစီရဲ့ အလေ့အထတစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ ရှိနေပေ မယ့် ဒီမိုကရေစီရဲ့ အနှစ်အသားဖြစ်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကလည်း လိုအပ်ပါတယ်။  တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုတာမှာ ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူလူထုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေနဲ့ သက်ဆိုင်ရုံတင်မကဘဲ တရားဥပဒေအောက်မှာ တန်းတူညီမျှစွာ ဆောင်ရွက်ရမယ့် အစိုးရများရဲ့အခန်းကဏ္ဍလည်း ပါဝင် ပါတယ်။ ဆိုလိုချင်တာကတော့ ဆန္ဒပြပွဲတွေဟာ အခွင့်အရေးနစ်နာမှုတွေကို တောင်းဆိုတာလား၊ ဒါမှမဟုတ် လူ့အဖွဲ့ အစည်းအတွင်းက အကဲဆတ်တဲ့ နိုင်ငံရေး, လူမျိုးရေး, ဘာသာရေး, အမုန်းတရားတွေကို လှုံ့ဆော်နေသလား၊ လူမျိုးရေး, ဘာသာရေးကို အခြေခံပြီး နိုင်ငံရေးပဋိပက္ခနဲ့ အကျပ်အတည်းတွေကို ဖန်တီးနေတာလားစသဖြင့် ဆန္ဒပြပွဲတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုလိုအပ်သလိုပဲ၊ အာဏာပိုင်အစိုးရများအနေနဲ့ အစိုးရကိုထောက်ခံသူတွေ ဦးဆောင်ပါဝင်တဲ့ ဆန္ဒပြ ပွဲတွေအပေါ်မှာ ပြုမူပုံနဲ့ အစိုးရကို ဝေဖန်ထောက်ပြနေသူတွေပါဝင်တဲ့ ဆန္ဒပြပွဲတွေအပေါ် အရေးယူဆောင်ရွက်ပုံတွေ ဟာ တန်းတူညီမျှဖြစ်နေဖို့ လိုအပ်တာမျိုးဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန္ဒပြပွဲတွေကို ကြည့်လိုက်မယ်ဆိုရင်တော့ နိုင်ငံရေးလိုအပ်ချက်တွေကို တောင်းဆိုတာ၊ တရား ဥပဒေဆိုင်ရာ အားနည်းချက်တွေကို ပြင်ဆင်ဖို့တောင်းဆိုတာ၊ အလုပ်သမား လယ်သမားတွေရဲ့ နစ်နာမှုတွေကို ဖြေရှင်း ပေးဖို့ တောင်းဆို ဆန္ဒပြတာ စသဖြင့် အုပ်ချုပ်ရေး အစိုးရ၊ လွှတ်တော်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေကို တောင်းဆိုကြတာရှိ သလိုပဲ။ တစ်ဖက်မှာလည်း အမျိုးသားရေးအင်အားစုလို့ အမည် ခံထားသူတွေရဲ့ ၂ဝဝ၈ အခြေခံဥပဒေကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ၊ တပ်မတော်ကို ထောက်ခံကြောင်းပြသတဲ့ ဆန္ဒပြပွဲတွေနဲ့ လူ့အခွင့်အရေးကို ငြင်းပယ်ပြီး ပြည်ပအင် အားစု တွေကို ဆန့်ကျင်ကြောင်းပြသကြတဲ့ ဆန္ဒပြပွဲတွေလည်းရှိခဲ့ပါတယ်။ ဆန္ဒပြပွဲတွေရဲ့ လိုလားချက်တောင်းဆိုမှုနဲ့  ပါဝင်သူ တွေအပေါ် မူတည်ပြီး အရေးယူဆောင်ရွက်မှုတွေကတော့ ကွာခြားနေတာကိုလည်း တွေ့ရနိုင်ပါတယ်။ ထင်ထင်ရှားရှား ဥပမာပေးရမယ်ဆိုရင်တော့ အခုနှစ်(၂ဝ၁၈ခုနှစ်) မေလအတွင်းက တာမွေမြို့နယ်အတွင်းမှာ  စစ်ပွဲတွေရပ်ဖို့ တောင်းဆို ဆန္ဒပြတဲ့ ဆန္ဒပြပွဲဟာ ပိတ်ပင်တားဆီခံခဲ့ရပြီး အရပ်ဝတ်တွေရဲ့ ဖြိုခွဲဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။တခြားတစ်ဖက်မှာတော့ အစိုးရကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ၊ တပ်မတော်ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေဟာ အခွင့်ထူးခံ အခြေအနေကို ရရှိခဲ့ပါ တယ်။ ဥပမာပေးပြောရရင် ”နိုင်ငံတော်နဲ့ တပ်မတော်အပေါ် ဖိအားပေးစွက်ဖက်နေတဲ့ ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်း တွေကို ဆန့်ကျင်ရှုတ်ချပွဲ”ဆိုတဲ့ ဆန္ဒပြပွဲကတော့ ဘယ်လိုဥပဒေနဲ့မှ တားဆီးပိတ်ပင်ခံရတာမျိုး မရှိခဲ့ပါဘူး။

ယေဘုယျအားဖြင့်တော့ ဒီမိုကရေစီ နိုင်ငံတွေရဲ့ ဆန္ဒပြပွဲတွေဟာ ပြည်သူလူထု အနေနဲ့ လိုလားချက်၊ နစ်နာ ချက်တွေကို အစိုးရအာဏာပိုင်တွေ၊ နိုင်ငံရေးသမားတွေ ထံ တောင်းဆိုဆန္ဒပြကြတာ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ ဆန္ဒပြပွဲ အလေ့အထတွေထဲမှာတော့ အစိုးရကို ထောက်ခံကြောင်းပြသ တာ၊ တိုင်းပြည်အတွင်းမှာရှိတဲ့ တပ်မတော် လို အင်စတီ ကျူးရှင်းကို ထောက်ခံကြောင်းပြသတာစတဲ့ ဆန္ဒပြခြင်းတွေလည်း ရှိနေပါ တယ်။

တပ်မတော်အပေါ် ထောက်ခံကြောင်း ပြသတဲ့ ဆန္ဒပြပွဲတွေကို တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်က လည်း သဘောတူလက်ခံကြောင်း ပြသခဲ့ပါတယ်။ တပ်မတော်ထောက်ခံကြောင်း ဆန္ဒပြပွဲတွေ မှာ ပါဝင်သူတွေဟာ အမျိုးသားရေးနဲ့ မျိုးချစ်စိတ်ဓာတ် ထက်သန်သူတွေလို့ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ချီးကျူးပြော ဆိုပြီး လက်ခံ ကြောင်းပြသခဲ့တာပါ။ တစ်နည်းအားဖြင့်တော့ ဒါဟာ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် တစ်ယောက်အနေနဲ့ ပြည်သူ လူထုတွေထဲမှာ သူ့ကိုထောက်ခံမယ့်သူတွေ လိုအပ်တယ်လို့ ဆိုလိုလိုက်တဲ့ သဘောကိုလည်း သက်ရောက်စေပါ တယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲ တွေကို လိုလားကြောင်း မီးစိမ်းပြပြီးတဲ့ နောက်မှာပဲ တပ်မတော်ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေဟာ ပိုလို့ ထင်ထင်ရှားရှား ဖြစ်လာခဲ့ပါတယ်။

ယေဘုယျအားဖြင့်တော့ ပြည်သူလူထုရဲ့ ထောက်ခံမှုကို လိုအပ်သူတွေဆိုတာက နိုင်ငံရေးသမားတွေဖြစ် ကြပါ တယ်။ ပါတီနိုင်ငံရေးသမားတွေဟာ ရွေးကောက်ပွဲတွေကတစ်ဆင့် ပြည်သူလူထုရဲ့ ထောက်ခံမှုကိုရရှိဖို့အတွက် ရွေး ကောက်ပွဲကတိတွေပေးတာ၊ ရွေးကောက်ပွဲကတိတွေကို တည်အောင်လုပ်ဆောင်တာ စသဖြင့် ပြည်သူလူထုထောက်ခံ အောင် လုပ်ဆောင်ခြင်းကို နိုင်ငံရေးလုပ်ဆောင်ခြင်း တစ်ခုအနေနဲ့ လုပ်ဆောင်လေ့ရှိကြပါတယ်။

ပြည်သူလူထုတွေအနေနဲ့ နိုင်ငံရေးသမားတွေကို ထောက်ခံမယ်ဆိုရင် အထူးတလည် ဆန္ဒပြနေတာထက် ရွေးကောက်ပွဲမှာ မဲပေးခြင်း နည်းလမ်းနဲ့ ပြသလေ့ရှိကြပါတယ်။ ဆိုရရင်တော့ တိုင်းပြည်အရေးအရာ တွေကို စီမံဆောင် ရွက်ဖို့ ရွေးကောက်ပွဲက တစ်ဆင့် တိုင်းပြည်အာဏာကို အပ်နှင်းပေးခြင်းပါပဲ။ ရွေးကောက်ပွဲကနေတစ်ဆင့် မဲ ပေးရွေး ချယ်ပြီး တာဝန်ပေးခံလိုက်ရတဲ့ နိုင်ငံရေးသမားတွေဟာ ရွေးကောက်ပွဲကတိတွေကို အကောင်အထည်မဖော်တာ၊ ပြည် သူလူထုအပေါ် တရားမျှတမှု ယူဆောင်မပေးနိုင်တာ၊ စီမံခန့်ခွဲမှုအားနည်းတာတွေဖြစ်လာခဲ့မယ်ဆိုရင်တော့ ပြည်သူလူ ထုအနေနဲ့ ဆန္ဒပြပြီး ထောက်ပြတာ၊ နောက် ရွေးကောက်ပွဲမှာ မဲမပေးတာ စသဖြင့် လုပ်ဆောင်နိုင်ကြပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ဒီမိုကရေစီနည်းကျ ပြည်သူလူထုကိုယ်စား စီမံခန့်ခွဲခွင့်ရလိုတဲ့ နိုင်ငံရေးအင်အားစု တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုကြားက  ဒီမိုကရေစီမူ ဘောင်တွေနဲ့ ထောက်ခံခြင်း၊ ဆန့်ကျင်ခြင်း ပါပဲ။

တပ်မတော်လို အင်စတီကျူးရှင်းအနေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုရှိနေတယ်ဆိုတာကို ပြသခံရဖို့  ဘယ်လို အခန်းကဏ္ဍကနေ လိုအပ်သလဲဆိုတာမှာတော့ အနည်းငယ် စဉ်းစားဖို့လိုအပ်ပါတယ်။ တပ်မတော်ကို ပြည်သူလူထုက ထောက်ခံတယ်ဆိုတာဟာ ကောင်းမွန်တဲ့ အခင်းအကျင်းတစ်ရပ်ဖြစ်ပေမယ့် အဲဒီလိုထောက်ခံမှုတွေကို အ ထူးတလည် ပြသဖို့ လိုအပ်ရဲ့လား၊ ထောက်ခံမှုတွေဟာ ပြည်သူလူထုအားလုံးကို ဘယ်လောက်ထိ ကိုယ်စားပြုနေသလဲဆိုတာကို လည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

ဒီမိုကရေစီအခြေခံတဲ့ နိုင်ငံရေးစနစ်မှာတော့ ပြည်သူလူထုကရွေးချယ်လို့ အစိုးရ တာဝန်ကိုယူလာရသူတွေဟာ ပြည်သူလူထုကို ဥပဒေနဲ့အညီ အုပ်ချုပ်တဲ့နေရာမှာ ကိုယ့်ကိုထောက်ခံသူဖြစ်ဖြစ်၊ မထောက်ခံသူဖြစ်ဖြစ် တန်းတူညီမျှစွာ တရားဥပဒေအကာအကွယ်ကို ပေးရပါတယ်။

အလားတူပဲ တပ်မတော်ကို ထောက်ခံတဲ့ ဆန္ဒပြပွဲဖြစ်ဖြစ်၊ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲဖြစ်ဖြစ်၊ စစ်ပွဲကို ဆန့်ကျင့်တဲ့ ဆန္ဒပြပွဲဖြစ်ဖြစ်၊ စစ်ပွဲကို ထောက်ခံတဲ့ ဆန္ဒပြပွဲဖြစ်ဖြစ် အားလုံးကို တန်းတူညီမျှတဲ့ ဥပဒေနဲ့ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်ပါ တယ်။

တပ်မတော်အနဲ့ ထောက်ခံဆန္ဒပြပွဲတွေနဲ့ တပ်မတော်ကို ထောက်ခံကြောင်း ပြသတာကို လိုအပ်တယ်လက်ခံ ထားရင် တစ်ဖက်မှာလည်း တပ်မတော်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေအပေါ် ဒီမိုကရေစီရဲ့ တန်ဖိုးစံနှုန်းဖြစ်တဲ့ လွတ်လပ်စွာရေးသားပြောဆိုမှုတွေအပေါ် သဘောထားကြီးကြီးနဲ့ နားလည်လက်ခံပေးဖို့၊ နားထောင်ပေးဖို့ လိုအပ်ပါတယ်။

တပ်မတော်ကို ထောက်ခံခြင်းဆိုတဲ့ နေရာမှာလည်း ဆန္ဒပြပွဲတွေကတစ်ဆင့် ထောက်ခံခြင်းထက် တစ်တိုင်း ပြည်လုံးက ပြည်သူလူထုရဲ့ ထောက်ခံခြင်းကို တန်ဖိုးထားဖို့ လိုအပ်ပါတယ်။ ဆိုလိုချင်တာကတော့ ရွေးကောက်ခံကိုယ် စားလှယ်တွေက တစ်ဆင့် ပြည်သူလူထုက ရွေးချယ်ပေးလိုက်တဲ့ နိုင်ငံတော်သမ္မတရဲ့ စီမံခန့်ခွဲမှုတွေအတိုင်း တပ်ပိုင်း ဆိုင်ရာတွေမှာ အကောင်ထည်ဖော်ဆောင်ရွက်ခြင်းက ပြည်သူလူထုရဲ့ ထောက်ခံမှုကို တန်ဖိုးထားခြင်းပါပဲ။ တပ်မတော်ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေဟာ တပ်မတော်နဲ့ပြည်သူတစ်သားတည်းရှိတယ်ဆိုတဲ့ ပြယုဂ်ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့ပါတယ်။ တပ်မတော်နဲ့ပြည်သူ တစ်သားတည်းဖြစ်နေဖို့ ကာကွယ်ဦးစီးချုပ်က ဆန္ဒရှိနေတယ်ဆိုတာ ကြိုဆိုချင်စရာပါ။ ဒါပေမယ့် တစ်ဖက်မှာတော့ တပ်မတော်နဲ့ တစ်နိုင်ငံလုံးက ပြည်သူလူထုတစ်ရပ် လုံးနဲ့ တစ်သားတည်း ဖြစ်ခြင်းဆိုတာမှာ တစ်နိုင်ငံလုံးက ပြည်သူတွေ ရွေးချယ်အာဏာပေးလိုက်တဲ့ ပြည်သူ့ အစိုးရနဲ့ မူဝါဒပိုင်းဆိုင်ရာ ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်ခြင်း ဆိုင်ရာတွေမှာ နိုင်ငံတော်သမ္မတရဲ့ ဦးဆောင်မှုအောက်က နေ တစ်သားတည်းရှိနေခြင်းကသာ ပိုမိုပြည့်စုံမှာ ဖြစ်ပါတယ်။

ဆောင်းပါးအစမှာ ပြောခဲ့သလိုပဲ ဆန္ဒပြခြင်းဆိုတာက ဒီမိုကရေစီအလေ့အထ တစ်ခုဖြစ်တာကြောင့် ထောက်ခံ ခြင်း၊ ကန့်ကွက်ခြင်းဆိုတာ လူတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့်အခွင့်အရေးကို လုပ်ဆောင်ခြင်းဖြစ်တာကြောင့် အခွင့်အရေး တွေကို အလေးထားပေးရမှာပါ။ ဆန္ဒပြပွဲတွေက တစ်ဆင့် လူ့အဖွဲ့အစည်းအတွင်းမှာ လူမျိုးရေး, ဘာသာရေး အမုန်းတရား တွေ ပြန့်ပွားအောင် လုပ်ဆောင်လာတာ၊လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တွန်းအားပေးနေတာ ရှိလာရင်လည်း ဒီအပေါ် မှာ တရားမျှတတဲ့ ဥပဒေအတိုင်း အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

တပ်မတော်ကို ပြည်သူက ထောက်ခံနေဖို့ ဘယ်လိုအခြေအနေမျိုးနဲ့ လိုအပ်သလဲဆိုတာကို စဉ်းစားတဲ့အခါမှာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ချိန်ထိုးပြီး စဉ်းစားဖို့လိုအပ်ပါတယ်။ တကယ်တော့ ကမ္ဘာပေါ်မှာရှိတဲ့တပ်မတော်အဖွဲ့အစည်း အသီးသီးဟာ နိုင်ငံရေးအဖွဲ့အစည်းတွေ မဟုတ်ကြပါဘူး။ တိုင်းပြည်အတွင်းမှာရှိတဲ့ အင်စတီကျူးရှင်းတစ်ခု၊ တိုင်းပြည်ကို ဝန်ဆောင်မှုပေးရတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဆိုရရင်တော့ တပ်မတော်ဟာလူထုရဲ့ ထောက်ခံမှုကိုလိုအပ်နေ သလား၊ ဒါမှမဟုတ် လူထုထောက်ခံတဲ့ နိုင်ငံရေးစနစ်နဲ့ စံနှုန်းတွေကို တပ်မတော်က ကျောထောက်နောက်ခံပြုပေးဖို့, အကောင်အထည်ဖော်ပေးဖို့ လိုအပ်သလားဆိုတာ ထည့်သွင်းစဉ်းစားရမယ့် အရာတစ်ခုဖြစ်ပါတယ်။ မြန်မာ့တပ်မတော် အနေနဲ့လည်း ပြည်ထောင်စုတပ်မတော်အဖြစ်ပဲ အသွင်ပြောင်းပြောင်း၊ တပ်မတော်ကို ဘယ်လိုပဲဖွဲ့စည်းစည်း တပ်မတော် ဆိုတာ နိုင်ငံရေးပါတီလို ရွေးကောက်ပွဲတွေနဲ့ အတက်အကျ အပြောင်းအလဲ ရှိနိုင်တာမျိုးမဟုတ်ဘူး။ စံနှုန်းတစ်ခုနဲ့ တည်ရှိနေရမယ့် အဖွဲ့အစည်းဖြစ်ပါတယ်။ တပ်မတော်ခေါင်းဆောင်ပိုင်းနဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာကလည်း ပရော်ဖက်ရှင်နယ်ကျကျရှိနေဖို့ လိုအပ်ပါတယ်။

မှူးသစ်