တရားမျှတသော ပြေလည်ကျေအေးမှုဖြစ်မှသာငြိမ်းချမ်းရး

နောင်ကျော်
ယနေ့ခေတ် ၊ ဇွန်လ ၊ ၂၀၁၇ ထုတ်မှ
(၁)
၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့ကြသည်မှာ ယခုဆိုလျှင်

၂နှစ် ပြည့်တော့မည်။ လက်မှတ်ရေးထိုးကြချိန်တုန်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယ သမ္မတ ၂ ဦး၊ သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အစိုးရဘက်မှ ၉ ဦးပါပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ လက်မှတ်ရေးထိုးသည့်အဖွဲ့ ၈ ဖွဲ့၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်တွေပါဝင်သည်။ နိုင်ငံတကာအသိသက်သေများစာရင်းတွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်နိုင်ငံတို့မှ ကိုယ်စားလှယ်တွေပါဝင်ခဲ့သည်။
၂ဝ၁၅ အောက်တိုဘာ ၁၆ နှင့် ၁၇ ရက်များတွင် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee- JMC) နှင့် ပြည်ထောင် စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (Union Peace Dialogue Joint Committee- UPDJC) များကို ဖွဲ့စည်းခဲ့ကြသည်။
အစိုးရသစ်NLD အစိုးရလက်ထက်တွင် NCA စာချုပ်ကို ဆက်ခံအကောင်အထည် ဖော်လျှက်ရှိပြီး ယခုဆိုလျှင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကိုပင် ၂ဝ၁၇ မေလကုန်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ဤကာလများအတွင်းတွင် ငြိမ်းချမ်းရေးကိုစိတ်ဝင်စားသူတွေ၊ စောင့်ကြည့်နေ သူတွေ အနေဖြင့် ထင်မှန်ထားသောအဖြစ်အပျက်များ၊ မထင်မှတ်ထားသော အဖြစ်အပျက်များ ဖြစ်လာ၊ ပေါ်လာသည်ကိုတွေ့ရကြားရသည်။ ဤအခါမျိုးတွင် ပြည်သူလူထုကြီးတစ်ရပ်လုံး က မျှော်လင့်စောင့်စားပြီး ရလိုရှိလိုချင်သည့် ပြည်တွင်းငြိမ်းချမ်းရေးကြီးက အဆင်ပြေ ချောမွေ့ပါ့မလားဟူသော အတွေးတွေ၊ စိုးရိမ်ပူပန်မှုတွေက ပေါ်ထွက်လာပါတော့သည်။
(၂)
ငြိမ်းချမ်းရေးလုပ်ခြင်းဆိုသည်မှာ တရားမျှတ သော ပြေလည်ကျေအေးမှုကို ရလာအောင် လုပ် ခြင်းဖြစ်သည်။ မတရားမှု၊ မမျှတမှုများရှိခဲ့ခြင်းကြောင့် စစ်ပွဲတွေဖြစ်လာခဲ့ရခြင်းကိုတော့ ငြိမ်းချမ်းရေးကို စိတ်ဝင်စားသူတွေအနေဖြင့် သိနားလည်ထားပြီး သားဖြစ်၍ အကျယ်ချဲ့ပြောစရာမလိုအပ်တော့ပါ။ မတရားမှု၊ မမျှတမှုများကို နိုင်ငံရေးအရတောင်းဆိုပြီး ညှိနှိုင်းဖြေရှင်းဖို့ လမ်းစရှာမရသည့်အဆုံးတွင် မတရားမှု၊ မမျှတမှုများကို တရားမျှတစွာမဖြေရှင်း သည့်အပြင် အာဏာလက်နက်ဖြင့် ထပ်မံ ဖိနှိပ်လာ သည့်အဆုံးတွင် နိုင်ငံရေးအရခုခံသည့်အနေဖြင့် လက်နက်စွဲကိုင်ပြီး တော်လှန်ရေးလုပ်ခဲ့ကြရခြင်းဖြစ် သည်။
တော်လှန်ရေးတပ်ဖွဲ့များရှိသည့် လူ့အဖွဲ့ အစည်းတိုင်းတွင် မတရားမှု၊ မမျှတမှုများက ပေါ် ပေါ်ထင်ထင် ရှိနေတတ်သည်။ တော်လှန်ရေးများဖြစ် လာရသည့်အကြောင်းရင်းခံကို ရှာကြည့်သောအခါ တိုင်းတွင် (များသောအားဖြင့်) နယ်ချဲ့ကျူးကျော်မှုနှင့် ဒီမိုကရေစီကို တန်ဖိုးမထားသောအစိုးရတို့ က တရားခံနေရာတွင်ရှိနေတတ်လေ့ရှိသည် ကိုပါ တွေ့ကြရပါလိမ့်မည်။ တန်းတူမှုနှင့် တရားမျှတမှုတို့ မရှိသော၊ ဖိနှိပ်အနိုင်ကျင့် မှုနှင့်ခွဲခြားဆက်ဆံမှုတို့ မင်းမူသော၊ မတရားမှုကို ဥပဒေဖြင့် အကာအကွယ်ယူ ကာ ဗိုလ်ကျစိုးမိုးသော လူ့အဖွဲ့အစည်း တိုင်းတွင် တော်လှန်ရေးစရိုက်လက္ခဏာတို့ က ပေါ်ထွက်လာလေ့ရှိသည်။ လတ်တ လောတွင် မပေါ်လာသေးဟု ဆိုလျှင်တောင် မှ သိပ်မကြာသောကာလ အဆင့်တစ်ခုတွင် တော်လှန်ရေးစရိုက်လက္ခဏာတို့ ပေါ် ပေါက်လာတတ်သည်မှာ သေချာသော လူ သားဆန်သည့် တုံ့ပြန်မှုပင်ဖြစ်သည်မဟုတ် ပါလော။
(၃)
ဤတိုင်းပြည်တွင် ပြည်တွင်းစစ်ဖြစ်ခဲ့ သည်မှာ (၁၉၄၈၊ မတ်လမှစတွက်လျှင်) နှစ်ပေါင်း ၇ဝ ပြည့်တော့မည်ဖြစ်သည်။ ပြည်တွင်းစစ်ဖြစ်စေခဲ့မှုတွင် တာဝန်ရှိခဲ့ သည့် ဖဆပလအစိုးရသည်ပင်လျှင် စစ်၏ ဝါးမျိုခံရမှုအကျိုးဆက်ကြောင့် အာဏာ သိမ်းခံလိုက်ရသည့် သမိုင်းရှိသည်။ ဆိုလို သည်မှာ ပြည်တွင်းစစ်ရှည်ကြာလာသော အခါ အစိုးရက စစ်တပ်ကိုအားကိုးလာရ သည့် အခြေအနေသို့ရောက်လာပြီး စစ်တပ် ခေါင်းဆောင်က အစိုးရလည်မျိုကို ညှစ်လာ နိုင်ခွင့်ရှိသည့်အဆင့်တွင် တိုင်းပြည် အာဏာကို သိမ်းလိုက်ခြင်းပင်ဖြစ်သည်။ စစ်မီးကိုမွှေးခဲ့သည့်၊ စစ်မီးကိုအဆုံး မသတ် နိုင်သည့် အရပ်သားအစိုးရတိုင်းအတွက် သင်ခန်းစာယူစရာ၊ ဆင်ခြင်စရာ သမိုင်း လည်းဖြစ်သည်။
ဗမာပြည်၏ ပြည်တွင်းစစ်အစပိုင်းတွင် စစ်တပ်က အရပ်သားအစိုးရ၏ လက် အောက်ခံနေရာမှာရှိခဲ့သော်လည်း ၁၉၅၈ အာဏာသိမ်းမှုတွင် အစိုးရက နောက်ဆုတ် သောခြေလှမ်းဖြင့် စစ်တပ်က အစိုးရကို ပခုံးချင်းယှဉ်ပြလိုက်သည်။ ၁၉၅၈ ခုနှစ် သည် ပြည်တွင်းစစ် ၁ဝနှစ် သက်တမ်း ကာလတွင်ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် စစ် တပ်က အာဏာသိမ်းလိုက်သောအခါ ဗမာ့ သမိုင်းတွင် တိုင်းပြည်၏ ကံကြမ္မာအပေါ် စစ်တပ်လွှမ်းမိုးထားရေး အစဉ်အလာကို ပန္နက်ရိုက်လိုက်တော့သည်။ ၁၉၆၂ စစ် အာဏာသိမ်းမှု၏ နောက်ဆက်တွဲဖြစ်လာ သော ၁၉၇၄ ဖွဲ့စည်းပုံသည် တကယ့် လက်တွေ့ဘဝတွင် စစ်တပ်ကလွှမ်းမိုးချုပ် ကိုင်ထားခွင့်ကို ရယူထားခဲ့သော ဖွဲ့စည်းပုံ သာ ဖြစ်ခဲ့ကြောင်းကို သမိုင်းဖြစ်ရပ်များက သက်သေပြခဲ့သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဦးဆောင်ခွင့်ကိုရယူထား သော ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် အာဏာသိမ်းဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ စစ်ဗိုလ်လူထွက်များ၊ စစ်ဗိုလ် များအတွက် လုပ်ချင်ရာလုပ်ခွင့်ရှိအောင် ထောက်ခံပြဋ္ဌာန်းပေးထားသော ဖွဲ့စည်းပုံ သာဖြစ်ခဲ့သည်။
လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အ စည်းများနှင့် ငြိမ်းချမ်းရေးစကားပြောခဲ့ သည့် မှတ်တမ်းတချို့ကို ပြန်ဖတ်မိသော အချိန်တွင် မဆလ စစ်အစိုးရက ငြိမ်းချမ်း ရေးဆွေးနွေးဖက်များကို ၁၉၇၄ ဖွဲ့စည်းပုံ အောက်သို့ ခေါင်းလျှိုဝင်ခိုင်းခဲ့သဖြင့် ဆွေး နွေးပွဲများ ပျက်သွားခဲ့ရကြောင်းကို တွေ့ရ ပြန်သည်။
ဗမာပြည်တွင် စစ်အာဏာရှင်စနစ်ကို စတင်ကျင့်သုံးခဲ့သည့် ၁၉၆၂မှစ၍ စစ်တပ် ၏ ထိပ်ပိုင်းခေါင်းဆောင်အဆက်ဆက် သည် ကာလ၏ခေတ်စားသော နိုင်ငံရေး တိမ်းညွတ်မှုပေါ်မူတည်ပြီး သူတို့အလိုကျ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မရ,ရအောင် ပြဋ္ဌာန်းကျင့်သုံးခဲ့ကြောင်းကိုပါ သတိပြုမိ သည်။ ၁၉၆၂ ဝန်းကျင်က ပြည်သူလူထုစိတ် တွင် ဆိုရှယ်လစ်ဝါဒ တိမ်းညွတ်မှုအား ကောင်းသောအခါ ၁၉၇၄ ဖွဲ့စည်းပုံသည် မဆလ ဆိုရှယ်လစ်စနစ်ကို ဒေါက်တိုင်ပြုခဲ့ သည်။ ၁၉၈၈ လွန်နှစ်ကာလများတွင် ဒီမိုကရေစီရေးတိမ်းညွတ်မှုက ပြည်သူလူထု စိတ်ခံစားမှုဖြစ်လာသောအခါ ၂ဝဝ၈ ဖွဲ့ စည်းပုံသည် ‘စစ်မှန်၍ စည်းကမ်းပြည့်ဝ သောပါတီစုံ ဒီမိုကရေစီစနစ်’ကို ကျော ထောက်နောက်ခံပြုထားလိုက်သည်။ ၁၉၇၄ ရော၊ ၂ဝဝ၈ ဖွဲ့စည်းပုံပါ ဥပဒေ၂ခုစလုံး သည် အနှစ်သာရအားဖြင့် စစ်တပ်က နိုင်ငံရေးအာဏာကို လွှမ်းမိုးချုပ်ကိုင်ထား ရေးသာဖြစ်သည်။ သမိုင်းအတွေ့အကြုံရှိ သူတိုင်းက ဤမှတ်ချက်ကို ငြင်းကြမည် မဟုတ်။
ပြီးခဲ့သည့် ပြည်ခိုင်ဖြိုးအစိုးရလက် ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် သမ္မတဦးသိန်းစိန်က စီစဉ် ပြင်ဆင်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဗိုလ်ချုပ် ကြီးနေဝင်းဦးဆောင်သော တော်လှန်ရေး ကောင်စီအစိုးရက လက်နက်ကိုင်တော်လှန် ရေးအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ များ ပြုလုပ်ခဲ့သည့် သမိုင်းကိုပြန်သတိရစရာ ဖြစ်သည်။ အဲဒီ ၁၉၆၃ ကာလတုန်းက ငြိမ်း ချမ်းရေးဆွေးနွေးပွဲများအပေါ် ယခုခေတ် လို နိုင်ငံတကာ၏ အာရုံစိုက်မှုက သိပ်မကြီး ခဲ့ဟုထင်သည်။ ဆွေးနွေးပွဲအရှိန်တက်လာ ပြီး အခြေအနေကောင်းတွေဖြစ်လာတော့ မည့် အခြေအနေတွင် အစိုးရဘက်မှ ဆွေးနွေးပွဲကို ရပ်ဆိုင်းပစ်ခဲ့သည်။ လက် ရှိကာလ၏ ဆွေးနွေးပွဲတွေကတော့ နိုင်ငံ တကာ၏ အာရုံစူးစိုက်မှုတွေ၊ တွန်းအားပေး မှုတွေကြောင့် အချိန်ယူပြီး ဆွေးနွေးညှိနှိုင်း မှုတွေရှိခဲ့ ဖြစ်ခဲ့သည်။ အပေးအယူ၊ အလျှော့အတင်းတွေကို နှစ်ဖက်စလုံးက ပြုလုပ်ခဲ့ကြပြီး နောက်ဆုံးအခြေအနေတွင် ‘တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း)’ကိုရရှိခဲ့သည်။ ဤစာချုပ်သည် အစိုးရနှင့်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ ပြည်တွင်းငြိမ်း ချမ်းရေးအတွက် ဆွေးနွေးမှု သမိုင်းတွင် သဘောတူညီချက် အများဆုံးရခဲ့သော စာ ချုပ်ဖြစ်သည်။ ဤနေရာတွင် ‘သဘော တူညီချက် အများဆုံးရခဲ့သောစာချုပ်’ သုံး နှုန်းထားခြင်းသည် ‘အကောင်းဆုံးသော စာချုပ်’ဟု ဆိုလိုခြင်းမဟုတ်ကြောင်းကိုပါ သတိပြုနိုင်ဖို့ဖြစ်သည်။ သဘောတူညီချက် အများဆုံးရခဲ့သော စာချုပ်ကိုလက်တွေ့ အကောင်အထည်ဖော်ရေးတွင် ချောမွေ့နိုင် ပါ့မလားဟု တွေးမိခဲ့ဖူးသည်။ တွေးမိသည့် အတိုင်း စိုးရိမ်ပူပန်စရာအခြေအနေက တရားဝင်လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းချိန်တွင် စတင်ဖြစ်ပေါ်ခဲ့သည်။ အားလုံးပါဝင်ရေး (All Inclusive) ကိစ္စတွင် အထစ်အငေါ့ စဖြစ်လာပြီး NCA စာချုပ်ဖြစ်ပေါ်လာ အောင် ညှိနှိုင်းရေးဆွဲခဲ့ကြသော လက်နက် ကိုင်တော်လှန်ရေးအဖွဲ့အတော်များများက လက်မှတ်ရေးထိုးချိန်တွင် ပါဝင်မလာနိုင် သည့်အဆင့်သို့ ရောက်သွားခဲ့သည်။
၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် NCA စာချုပ်ကို လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၈ဖွဲ့နှင့်သာ အစိုးရ (သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့)တို့ လက် မှတ် ရေးထိုးရတော့သည့် အခြေအနေဖြစ် သွားတော့သည်။ စာချုပ်နာမည်က ‘တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်’ ဖြစ်သော်လည်း တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်မသွား ခဲ့။ ပြင်းထန်သော တိုက်ပွဲတွေက ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်ထဲတွင် အတော မသတ်နိုင်ဘဲ တရစပ်ဆက်ဖြစ်လာခဲ့ သည်။
တိုက်ပွဲတွေ ဆက်ဖြစ်လာရခြင်းမှာ NCA စာချုပ်ကို လက်မှတ်မထိုးခြင်းကြောင့် လား။ လက်မှတ်ထိုးထားလျှင်ရော ဤသို့ ပဲဆက်ဖြစ်နေမှာလား။ စစ်ဆက်ဖြစ်နေဖို့ အတွက် လက်မှတ်မထိုးနိုင်အောင် ကန့် သတ်လိုက်ခြင်းကြောင့်လား။ ထိုးစစ်တွေ ကြောင့် တိုက်ပွဲတွေတရစပ်ဖြစ်နေရခြင်းကို ကြည့်ပြီး ငြိမ်းချမ်းရေးမလိုချင်သူတွေက အပေါ်စီးမှာ ရောက်နေခြင်းကြောင့်ဟု မှတ်ချက်ချရတော့မည်လား။ စစ်ပွဲနှင့် အကျိုးစီးပွားတွေ၏ အဆက်အစပ်က တိုက်ပွဲတွေကို တရစပ်ဖြစ်လာစေခဲ့သည် လား။ စိုးရိမ်စရာ၊ စဉ်းစားစရာတွေ အများ ကြီးပေါ်လာစေသည့် လက်ရှိအခင်းအကျင်း က ငြိမ်းချမ်းရေးပန်းခင်းထဲမှာ သွေးချောင်း စီးခြင်းလေပဲလား။
(၄)
လတ်တလော ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှ ကြီးမားသော အဖုအထစ်တချို့ကို ပြော ကြည့်ချင်သည်။ သိပ်မဝေးလှသော ကာလ (တစ်နည်းအားဖြင့်) ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ၊ ၂၁ ရာစုပင်လုံ ပထမအစည်း အဝေးပြီးသွားခဲ့သည့် နောက်ပိုင်းကာလနှင့် ဒုတိယအစည်းအဝေးကာလထဲမှာ ဖြစ်ခဲ့ သည့်အဖြစ်အပျက် ၂ခုအကြောင်းသာဖြစ် သည်။ ပထမတစ်ခုက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် သက်ဆိုင်သည်။
အန်စီအေ စာချုပ်၏ အခန်း၅၊ နိုင်ငံ ရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ ခေါင်းစဉ်အောက်တွင် နိုင်ငံရေးလမ်းပြမြေ ပုံချမှတ်ခြင်းဟူသော ခေါင်းစဉ်ငယ် (အပိုဒ် -၂ဝ)ပါရှိသည်။ ထိုအပိုဒ် ၂ဝ(ဂ) တွင်
”ထိုမူဘောင်ကို အခြေခံ၍ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေး နွေးခြင်းနှင့် နှစ်ဖက်သဘောတူညီသောကြို တင်ဆောင်ရွက်ဖွယ်များကို လုပ်ဆောင် ခြင်း။”
ဟူ၍ဖော်ပြထားသည်။ အန်စီအေစာ ချုပ်ပါ သဘောတူညီချက်လည်းဖြစ်သည်။ သို့သော် ၂၁ရာစုပင်လုံ ဒုတိယအစည်း အဝေးနီးကပ်လာသည့် အချိန်အထိတိုင် အောင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (CNF, ALP, RCSS) တို့တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်မရခဲ့ကြပါ။ ထိုအခြေအနေတွင် (CNF) ချင်းအမျိုးသားတပ်ဦးခေါင်းဆောင်များနှင့် ချင်း ပြည်နယ်မှ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးအတွက် ညှိနှိုင်းဖွဲ့စည်းထားသော နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများကော်မတီတို့က သတင်းစာရှင်းပွဲပြုလုပ်ခြင်း၊ ကန့်ကွက်စာများထုတ်ပြန်ခြင်းတို့ကြောင့် ညှိနှိုင်းမှုဖြစ် လာပြီး ချင်းပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရခဲ့သည်။ သို့သော် ရခိုင်ပြည်နယ် (ALP)နှင့် ရှမ်းပြည်နယ် (RCSS) တို့ကတော့ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးကျင်းပသည့်အချိန်အထိတိုင်အောင် ကျင်းပခွင့် မရခဲ့ ကြပါ။ ထို့ကြောင့်လည်း သူတို့ပြည်နယ်နှင့် အမျိုးသားများ၏ သဘောဆန္ဒကို ဒုတိယအစည်း အဝေး တွင် တင်ပြခွင့်မရခဲ့ကြတော့ပါ။
ဤသည်မှာ အန်စီအေစာချုပ်ကို လက်တွေ့ အကောင်အထည်ဖော်ဆောင် ရာတွင် လတ်တလော ကြုံတွေ့လိုက်ရသော အဖုအထစ်တစ်ခု ဖြစ်သည်သာမက သဘောတူညီချက်ကို ချိုးဖောက်ခံလိုက်ရ သော ဖြစ်ရပ်လည်းဖြစ်သည်ဟု ဆိုရမည်။ ရှေ့ဆက်၍လည်း မည်သည့်အဆင့်တွင် မည်သို့သော သွေဖည်မှုများ၊ ချိုးဖောက်မှု များကို ဆက်ကြုံရဦးမည်လဲဟု တွေးစရာ ဖြစ်သည်။
နောက်ထပ်ဖြစ်ရပ်ကတော့ ၂၁ရာစု ပင်လုံ၊ ဒုတိယအစည်းအဝေးကာလတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူး တွဲကော်မတီ (UPDJC) ထဲမှာဖြစ်ခဲ့ပြီး ဆွေးနွေးညှိနှိုင်း၍ မရသဖြင့် ရွှေ့ဆိုင်း လိုက်ရသော အကြောင်းအရာလည်း ဖြစ် သည်။
ဤအစည်းအဝေး မတိုင်ခင်ကာလက သတင်းစာမျက်နှာများတွင် ပြည်နယ် အလိုက် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ ပြဋ္ဌာန်းပိုင်ခွင့်အတွက် သဘောတူညီချက် ရရှိပြီးဖြစ်ကြောင်း ရေးသားထားတာကိုဖတ် ရသည်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်ရာတွင် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ပြည်ထောင်စုဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် မဆန့်ကျင်စေဘဲ လွတ် လပ်စွာရေးဆွဲပြဋ္ဌာန်းခွင့်ရှိရေးသည် အရေး ကြီးသောအချက်လည်းဖြစ်သည်။ အန်စီ အေ လက်မှတ်ရေးထိုးထားသော တိုင်းရင်း သားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အ စည်းများ၏ နိုင်ငံရေးကဏ္ဍဆိုင်ရာလုပ်ငန်း ကော်မတီ၏ အမျိုးသားအဆင့်နိုင်ငံရေး ကဏ္ဍဆွေးနွေးပွဲတွင် ဆွေးနွေးရန်တင်ပြ သော စာတမ်းထဲတွင်လည်း ပါဝင်သော အချက်ဖြစ်သည်။ (ပြည်ထောင်စုဖွဲ့စည်းပုံ သည် ၂ဝဝ၈ ဖွဲ့စည်းပုံကိုရည်ညွှန်းခြင်း မဟုတ်ပါ။)
ဤအချက်ကို အစိုးရနှင့် သဘောတူ ညီချက်ရလိုက်ပြီဟု သတင်းစာမျက်နှာတွင် ဖတ်ရသောအခါ ပြဿနာတစ်ခုကိုကျော် လွှားနိုင်လိုက်ပြီဟု ထင်ထားလိုက်မိသည်။ သို့သော် တကယ့်ဆွေးနွေးပွဲ(UPDJC) တွင် ‘နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှ သည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမ ထွက်ရ’ဟူသော ကတိတဝတ်ကိုပေးရမည် ဟူ၍ ထပ်မံပြီးတင်လာသောအခါ တိုင်းရင်း သားအဖွဲ့အစည်းများနှင့် အငြင်းအခုံဖြစ် လာရတော့သည်။ တကယ်တော့ ဤ သဘောမျိုးသည် အန်စီအေ စာချုပ်ထဲတွင် ပါခဲ့ပြီးသားဖြစ်သော်လည်း ယခုလို အစည်း အဝေးထဲတွင် ခွဲမထွက်ရနှင့် ပြည်နယ်ဖွဲ့ စည်းပုံပြဋ္ဌာန်းရေးကို တွဲပြီး ကန့်သတ် ချည်နှောင်လိုက်သောအခါ ညှိနှိုင်းဆွေးနွေး ၍ မပြေလည်နိုင်သော အကြောင်းအရာ တစ်ခုဖြစ်လာတော့သည်။ အန်စီအေစာချုပ် ၏ အခန်း(၁)၊ အခြေခံမှုများ၊ အပိုဒ် (၁-က)တွင်
”ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ် ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့် အရေးများ၊ အာမခံချက်များအပြည့်အဝရှိ သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက် သွားရန်။”
ဟူ၍ သဘောတူလက်မှတ်ရေးထိုးခဲ့ ကြပြီးဖြစ်သည်။ စစ်တပ်ဘက်မှ တစ် လျှောက်လုံးကိုင်စွဲထားသည့် တို့တာဝန် အရေး (၃)ပါးလည်း ပါဝင်ခဲ့ပြီး ဖြစ်သည်။ ဤအထဲတွင် ခွဲမထွက်ရဟူသော သဘော ကလည်း ပါဝင်ခဲ့ပြီးသားဖြစ်သည်။ ဤ သဘောထားသည် အန်စီအေစာချုပ်မူ ကြမ်းမှ အချောအထိရေးဆွဲရာတွင် ပါဝင်ခဲ့ ကြသော တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေး အဖွဲ့အစည်းများအားလုံးတို့က လက်ခံထားပြီးသော အချက်လည်း ဖြစ် သည်။ သို့သော် စာချုပ်ပါသဘောတူညီထား ချက်ကို ဥပေက္ခာပြု၍ အစည်းအဝေးတွင် အကျပ်ကိုင်လာသည့်သဘောဖြစ်လာသော အခါ၊ ပြည်နယ်ဖွဲ့စည်းပုံကိစ္စနှင့် တွဲဖက် ချည်နှောင်သောအခါ လက်မခံနိုင်သည့်အ ဆင့်သို့ရောက်လာပြီး အဖုအထစ်၊ အကျိတ် အခဲဘဝတွင် နောက်အစည်းအဝေးမှာ ထပ်ဆွေးနွေးရမည့် ခေါင်းစဉ်တစ်ခုအဖြစ် သို့ ရွှေ့ပြောင်းလိုက်ရတော့သည်။ ပြောဆို ဆွေးနွေးညှိနှိုင်းပြီး ပြေလည်မှုရယူဖို့ ကြိုး စားနေကြချိန်တွင် မပြေလည်နိုင်စရာ ပြဿနာကိုဖော်ထုတ်လာသူတွေမှာ တာဝန် ရှိသည်။ ဤဖြစ်ရပ်က ငြိမ်းချမ်းရေး လမ်း ခရီးအတွက် ဆူးငြောင့်ခလုတ်ကြီးဖြစ်လာ စေမည်ဆိုလျှင် အနာဂတ်အတွက်ဆက်ပြီး ရင်လေးနေရပေဦးမည်။
(၅)
မေလကုန်ခါနီးတွင် ပြီးသွားခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးနောက် ပိုင်းတွင် ကချင်ပြည်နယ်တွင်း၌ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်သည်ဟု ဖတ်ရသည်။ NCA လက်မှတ်ထိုးထားသည့် RCSS နှင့် တိုက်ပွဲတွေဖြစ်သည်ဟု ဖတ်ရသည်။ UNFC နှင့် ပြေလည်ရေးအတွက် အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ ညှိနှိုင်းနေသော သတင်း၊ UNFC မှ ကေအိုင်အို နုတ်ထွက် သွားသောသတင်း၊ မြောက်ပိုင်းမဟာမိတ် အဖွဲ့နှင့် အစိုးရတို့ ညှိနှိုင်းမည်ဆိုသော သတင်းတွေဖတ်ရသည်။
အန်စီအေ စာချုပ်လက်မှတ်ရေးထိုး ထားသော အဖွဲ့များ၏ အစည်းအဝေးတွင် ဆက်ဆံရေးရုံးတွေ၏ အဆင်မပြေမှု၊ စိန် ခေါ်မှု အခက်အခဲတွေ၊ ဖိအားပေးမှုတွေ ကြုံတွေ့နေရကြောင်းဖြင့် အဖွဲ့ခေါင်း ဆောင်တချို့၏ ပြောစကားကို ဖတ်ရ သည်။
အန်စီအေ စာချုပ်ကိုလက်မှတ်မထိုး ဖြစ်ခဲ့ကြသော UNFC အဖွဲ့၏တောင်းဆို ချက်တွေကို ဖတ်ရသောအခါ အန်စီအေစာ ချုပ်အတွက် အာမခံချက်ပိုမိုခိုင်မာမှုရှိရေး အတွက် တောင်းဆိုချက်များအဖြစ် ရှုမြင်မိ သည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ နောက်ဆုံးသဘောထားများအရ ငြိမ်းချမ်း ရေးမလိုချင်တာမဟုတ်ဘဲ စစ်ရေး၊ နိုင်ငံရေး အရ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ကိစ္စတွင် တန်းတူခွင့်နှင့် စနစ်တကျအာမခံ ချက်ရှိရေးဘက်၌ အလေးကဲထားသည်ကို သတိပြုမိသည်။ တိုင်းရင်းသားခေါင်းဆောင် တစ်ယောက်၏ အင်တာဗျူးတွင် ”ကျွန် တော်တို့က ခဏခဏအလိမ်ခံခဲ့ရတာ”ဟူ ၍ ပြောခဲ့တာကိုလည်း သမိုင်းနှင့်ချီ၍ ဆင် ခြင်သုံးသပ်ပြီး အနာဂတ်ငြိမ်းချမ်းရေး ဆိုင် ရာတိကျသော အာမခံချက်များအတွက် ဘယ်လိုမူချမှတ်မလဲ ဆိုသည်ကိုပါ စဉ်း စားဖို့ အထောက်အကူဖြစ်မည်ထင်သည်။
ကျွန်တော်ကတော့ ငြိမ်းချမ်းရေးရ အောင်လုပ်ခြင်းကို တရားမျှတသော ပြေ လည်ကျေအေးမှုရလာ၊ ရှိလာ၊ ဖြစ်လာ အောင်လုပ်ခြင်းဟု သတ်မှတ်သည်။ ဤသို့ ဖြစ်လာအောင်ဆိုလျှင် ပြည်တွင်းစစ်အနှစ် ၇ဝ ကာလကို ခါးသီးနာကြည်းစရာအတိတ် ဆိုးအဖြစ် သဘောထားပြီး အနာဂတ် ကောင်းရအောင်လုပ်မည်ဟူသော ပိုင်း ဖြတ်ချက်နှင့် အပြန်အလှန်ယုံကြည်မှုရ သည်ထက်ရအောင် အားထုတ်ရင်း တရား မျှတသော ပြေလည်ကျေအေးမှုရှိလာ အောင် စိတ်ကောင်းစေတနာကောင်းဖြင့် ရလဒ်ကောင်းတွေ ထွက်လာအောင် လုပ် နိုင်မှဖြစ်မည်။
အနှစ် ၇ဝပြည်တွင်းစစ်ကို အတိတ်ဆိုး ဟုသဘောမထားနိုင်သူတွေက အားကောင်း နေလျှင်တော့ ငြိမ်းချမ်းရေးအတွက် ပြဿ နာရှိမှာသေချာသည်။

နောင်ကျော်