တရားရေးမဏ္ဍိုင် ပြန်တည့်မတ်နိုင်ပါ့မလား

မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး အခြေအနေနဲ့ပတ်သက်ပြီး ထောက်ပြမှုတွေ၊ ဝေဖန်မှုတွေ ယခင် ကတည်းကရှိခဲ့ပါတယ်။

ဒါပေမဲ့ တရားစီရင်ရေး အခြေအနေနဲ့ပတ်သက်ပြီး မထိရဲ၊ မပြောရဲလောက်အောင် ယခင်အာဏာပိုင်တွေလက်ထက်က တည်းကလုပ်ထားခဲ့တာ ယခုအစိုးရလက် ထက်အထိတောင်ပါပဲ။ ဒါဟာ နိုင်ငံတကာက ထောက်ပြမှသိတာမဟုတ်ဘဲ  မဆလခေတ်၊ စစ်အစိုးရခေတ်နဲ့ အရပ်သားတစ်ပိုင်း အစိုးရလက် ထက်တွေအထိ ဖြတ်သန်းနေထိုင်ခဲ့တဲ့သူတိုင်း သိပြီးသားကိစ္စတွေပါပဲ။ ဒါပေမဲ့ ဒီကိစ္စကို အာဏာပိုင်တွေက မ သိသလိုနေကြတာ၊ လျစ်လျူရှုထားကြတာ ကြာနေပါပြီ။

မကြာခင်ကတော့ ဒီကိစ္စဟာမပါဝင်ရင်မရတော့တဲ့ အခြေအနေရောက်လာပါတယ်။ ဘယ်လောက်ထိ တောင် တရားဥပဒေစိုးမိုးရေးက ပြိုလဲမှုဖြစ်လာခဲ့သလဲဆိုရင် လူသတ်မှုတရားခံလို့ သံသယရှိတဲ့သူကို ပြန် လွှတ်ပေးခဲ့တဲ့အထိဖြစ်လာတဲ့အခါ အများပြည်သူအတွက် သည်းမခံနိုင်စရာဖြစ်လာခဲ့ပါတယ်။ ဒါဟာ မြန်မာ ပြည်တရားစီရင်ရေးရဲ့ ကျဆုံးခန်းလို့ထင်မှတ်စရာပါပဲ။ ပိုဆိုးတာက အရပ်သားအစိုးရလက်ထက် ပြည်သူတွေ တင်မြှောက်တဲ့ အစိုးရလက်ထက်မှာ ဖြစ်ခဲ့တဲ့အတွက် လက်မခံနိုင်စရာ ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီကိစ္စက ယခုနှစ် နယူးရီးယားညမှာ ဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ဇန်နဝါရီ ၁ ရက် (New Year) နံနက်အစောပိုင်းကသုဝဏ္ဏရှိ The One Entertainment Park မှာ ပြုလုပ်တဲ့ The Space ပါတီပွဲမှာ ဖေ့စ်ဘွတ်ပေါ် ဟာသဗီဒီယိုကလစ်တွေတင်ရင်း လူသိများလာတဲ့အောင်ရဲ ထွေးကို အုပ်စုဖွဲ့ဝိုင်းဝန်းရိုက်နှက်ခဲ့လို့ ဒဏ်ရာအပြင်းအထန်ရရှိပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကုသနေစဉ် ဇန်နဝါရီ ၂ ရက်မှာသေဆုံးခဲ့ပါတယ်။ အဆိုပါ လူသတ်မှုဖြစ်စဉ်က အွန်လိုင်းမှာပျံ့နှံ့ခဲ့ပြီး နောက်လူ သတ်မှု မှာပါဝင်တဲ့ သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုးအောင်(ခ)အောင်လေးနဲ့ ကျော်ဇောဟန်(ခ)ကျော်ဇော ကို ၄င်းတို့ရဲ့မိဘတွေက ရက်ပိုင်းအတွင်း ရဲစခန်းကို ကိုယ်တိုင်လာရောက် အပ်နှံခဲ့ပါတယ်။ အဆိုပါအမှုကို ခြောက်လခန့်စစ်ဆေးပြီးမှာတော့ တရားလိုတင်သွင်းထားတဲ့ လိုပြသက်သေ ၂၂ ဦးအနက် ၁၄ဦးစစ်ဆေး ပြီးချိန် ဇူလိုင် ၂၅ ရက်က ရုံးထုတ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးကအမှု ရုပ်သိမ်းခွင့်ပြုတဲ့စာနဲ့ အမှုကိုရုပ်သိမ်းကာ ဖမ်းဆီးထားသူသုံးဦးကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

လွတ်မြောက်ခဲ့သူသုံးဦးထဲက တစ်ဦးဖြစ်တဲ့ သားကြီးဆိုသူက ၄င်း၏ဖေ့စ်ဘွတ် မှာပရိုဖိုင်းပုံအဖြစ် မျက်နှာ ဖုံးစွပ်ထားသော ပုံကိုတင်ထားခဲ့တာက ဒီဖြစ်ရပ်အပေါ် သဘောမတွေ့သူတွေကို နာလိုခံခက်ဖြစ်စေခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာ့လူ့ဘောင်က ဒီလိုပဲလူတစ်ယောက်ကို ကြက်ကလေး၊ ငှက်ကလေးသတ်သလိုသတ်ပြီး တရားလိုဘက်က အမှုရုပ်သိမ်းလို့ လွှတ်ပေးလို့ရသလိုသာဆိုရင် လက်ရှိတရားစီရင်ရေးနယ်ပယ်မှာ အများ ပြည်သူစောင့်ကြည့်နေတဲ့ ဦးကိုနီ လုပ်ကြံခံရမှုအပါအဝင် အခြားသောအထင် ကရလူသတ်မှုတွေမှာ ဒီလိုပဲ တရား လိုဘက်က အကြောင်းတရားအမျိုးမျိုးကြောင့် ကျေအေးပေးခဲ့ရရင် အမှုကနေလွတ်တဲ့ ထုံးစံ ဖြစ်လာ မလားဆိုတာတွေးစရာဖြစ်လာခဲ့ပါတယ်။ ဒီအခြေအနေက အရပ်သားအစိုးရ လက်ထက်မှာ တိုးတက်ခေတ်မီပြီး သမာသမတ်ကျတဲ့ တရားစီရင်ရေးဖြစ်လာအောင် တည်ဆောက်နိုင်မယ်လို့ ယုံကြည်နေသူတွေကို အလဲထိုး ရိုက်ချလိုက် လိုပါပဲ။

အများမကျေနပ်တဲ့ ကျေအေးလို့ ပြန်လွှတ်ပေးတဲ့ ဒီလူသတ်မှုပြဿနာဟာလက် ရှိတရားစီရင်ရေးမှာ ချို့ ယွင်းချက်တွေ လိုအပ်ချက်တွေ များစွာရှိနေတာကို ကွက်ကွက်ကင်းကင်းထောက်ပြသလို ဖြစ်ခဲ့ပါတယ်။ မြန်မာ နိုင်ငံရဲ့ တရားစီရင်ရေးနဲ့တရားဥပဒေစိုးမိုးမှုကို ကွက်ကွက်ကွင်းကွင်း ဖော်ပြခဲ့တဲ့ အဆိုပါအမှုအပေါ် အများစု ကကျေနပ်မှုမရှိခဲ့သလိုပဲ သမ္မတဦးဝင်းမြင့်ကလည်း ဇူလိုင် ၂၉ ရက်ကပြုလုပ်တဲ့ ရန်ကုန်တိုင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်သုံးရပ် တွေ့ဆုံပွဲမှာဒီအမှုကို ရည်ညွှန်းပြီး ”ကျွန်တော်တို့ တစ်သက်လုံး ဥပဒေပညာနဲ့ ရှေ့နေဘဝမှာ နှစ်ပေါင်းများစွာ လုပ်ခဲ့ကိုင်ခဲ့တယ်။ မကြားဖူးတာတွေ ယနေ့ကြားနေရတယ်။ လုံးဝပဲ။ လုံးဝမှလုံးဝဆိုတာမျိုးပဲ။ တရားစီရင်ရေးမဏ္ဍိုင်မှာ ပြည်သူအချင်းချင်းဖြစ်ပွားသောအမှုတွေ ကျေအေး နိုင်တယ်။ ကျွန်တော်တို့နားလည်တယ်။ ပြည်သူအချင်းချင်းဖြစ်တဲ့ ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှုပ ပျောက်စေ ဆိုတာမှန်တယ်။ ဒါပေမဲ့ တချို့အမှုကြီးတွေ။ ပြည်သူအချင်း ချင်းဖြစ်တာမဟုတ်ဘူး။ အဲဒီလိုအမှုကြီးတွေမှာ တစ်ဖက်ကတရားလိုသည် နိုင်ငံတော်။ အဲဒါကိုသတိချပ်စေချင်တယ်။ ဒါ ပြည်သူအချင်းချင်း မဟုတ်တော့ဘူး။ အမှုကြီးတွေမှာ တစ်ဖက်ကတရားလိုသည်နိုင်ငံတော်။ အဲဒီလိုအမှုမျိုးကို ကျေအေးတယ်လို့၊ ရုပ်သိမ်းခွင့်ပြု တယ်ဆိုတာကတော့ ပြည်သူအချင်းချင်း ကျေအေးလို့မရဘူး။ ဒါတရားဥပဒေစိုးမိုး ရေးနဲ့ဆိုင်သွားပြီ။ ဒါတရား ဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ တစ်ဆက်တည်းပြောတာ”လို့ ထောက်ပြပြောဆိုခဲ့ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

ဒီလို သမ္မတထောက်ပြပြောဆိုမှုကြောင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ရန်ကုန်တိုင်းဥပဒေချုပ်ကို အောင်ရဲ ထွေးအမှုနဲ့ပတ်သက်ပြီး အရှေ့ပိုင်းခရိုင်တရားရုံးကချမှတ်ခဲ့တဲ့အမိန့်ကိုပယ်ဖျက်ပြီး အမှုကိုဆက်လက် စစ်ဆေး ဖို့ညွှန်ကြားခဲ့တာကိုတွေ့ရပါတယ်။ ဒါ့အပြင် အမှုနဲ့ဆက်စပ်ပြီး သမ္မတကတရားသူကြီးချုပ်၊ ရှေ့နေချုပ်နဲ့အဂတိ တရားလိုက်စားမှုတိုက်ဖျက်ရေးဥက္ကဋ္ဌကိုပါ ခေါ်တွေ့ခဲ့တာကိုတွေ့ခဲ့ရပါတယ်။ ဒီအမှုရဲ့ အခြေအနေက ဒီ လောက်ထိနက်ရှိုင်းကျယ်ပြန့်လာတဲ့အတွက် ဒါဟာအများ ပြည်သူအတွက် စဉ်းစားစရာတွေးတောစရာတွေဖြစ် လာခဲ့ပါတယ်။

လူတွေရင်ထဲမှာ ငွေများတရားနိုင်ဆိုတဲ့ခေတ်က ဒီခေတ်မှာတောင် ဖြစ်နေဆဲလားဆိုတဲ့ သံသယပါပဲ။ လူ သိများတဲ့ အောင်ရဲထွေးနေရာမှာ တခြားသာမန်ပြည်သူတစ်ယောက်သာဆိုရင် ဒီအမှုအတွက် တရားမျှတမှုက ရပါ့မလား။ ဒီလိုဖြစ်ခဲ့တဲ့အမှုတွေ ဘယ်လောက်တောင်များခဲ့ပြီလဲ အရင်ကတရားစီရင်မှုတွေမှာ ရာခိုင်နှုန်းဘယ် လောက်ထိ မှန်ကန်မှုရှိပါ့မလဲဆိုတဲ့ နောက်ကြောင်းပြန်တွေးတောမှုကိုပါဖြစ်စေတဲ့အထိ မြန်မာ ပြည်တရားစီရင် မှုကို အောင်ရဲထွေးအသတ်ခံရမှုဖြစ်စဉ်က ယုံကြည်မှုကင်းမဲ့စေခဲ့ပါတယ်။ လူတိုင်းမှာစိတ်မလုံခြုံမှုကိုပါဖြစ်စေ ခဲ့ပါတယ်။

ဒါတွေက ပြန်စဉ်းစားကြည့်ရင် သိသာလွန်းလှပါတယ်။ အာဏာရှင်အလိုကျ တရားစီရင်ရတဲ့ အနေအထား ကနေ ကိုယ်ကျိုးအလိုကျတရားစီရင်တဲ့ အခြေအနေကိုပြောင်းလဲမှန်းမသိပြောင်းလဲသွားခဲ့တာကို ကျွန်တော်တို့ သတိမထားမိခဲ့ကြတာပါ။ လက်ရှိတရားစီရင်ရေးကဏ္ဍမှာဘယ်လောက်တောင် ကိုယ်ကျိုးအတ္တရှာနေသူတွေ များနေပြီလဲဆိုတာ တွေးတောစရာဖြစ်လာခဲ့သလို ပြင်လို့လွယ်နိုင်ပါဦးမလားဆိုတာကိုပါ စိုးရိမ် ကြောင့်ကြစရာ ဖြစ်လာခဲ့ပါတယ်။ ဒီထဲမှာ လူကောင်းတချို့တလေရှိနေ နိုင်ပေမဲ့ ရာခိုင်နှုန်းနည်းပါးလွန်းတဲ့အတွက် ယိုင်လဲနေ တဲ့ တရားစီရင်ရေး ကိုပြန်တည့်မတ်ဖို့ရာ မဖြစ်နိုင်ခဲ့ပါဘူး။

သမ္မတဦးဝင်းမြင့်တက်လာတဲ့အခါ  ဥပဒေသမားတစ်ဦးဖြစ်တဲ့အပြင် ပြည်သူ့လွှတ်တော်မှာ တရားရေးနဲ့ ပတ်သက်ပြီးတင်တဲ့ အဆိုတစ်ခုမှာပြော ခဲ့တဲ့စကားတွေကြောင့် ပြိုလဲနေတဲ့တရားစီရင်ရေးအတွက် အများကြီး မျှော်လင့်ထားခဲ့ကြပါတယ်။ ယခုအမှုဟာလည်းအွန်လိုင်းလူမှုကွန်ရက်မှာပွထလာမှ ယခုလိုသမ္မတညွှန်ကြား ချက်နဲ့ ပြန်စစ်ဖို့ဖြစ်လာခဲ့တဲ့အတွက် တရားစီရင်ရေးကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုလာနေပြီဆိုတာကို ဒီဖြစ် စဉ်က မီးမောင်းထိုးပြသလိုဖြစ်ခဲ့ပါတယ်။

အရပ်သားသမ္မတဦးဝင်းမြင့်အနေနဲ့ တရားစီရင်ရေးကိုပြုပြင်ပြောင်းလဲရေးလုပ်ရာမှာ ဘယ်လောက်ထိ လုပ် နိုင်မလဲဆိုတာ အဓိကမေးရမယ့်မေးခွန်းဖြစ်လာခဲ့ပါတယ်။ အာဏာပိုင်တွေအနေနဲ့ လူသိထင်ရှားတဲ့အမှုတွေ မှာ တရားမျှတမှုရှိမရှိကို အွန်လိုင်းကွန်ရက်တွေကြောင့်သိနိုင်လို့ ထိန်းကျောင်းတည့်မတ်နိုင်၊ ကုစားပေးနိုင်ပေမဲ့ အများပြည်သူမသိနိုင်တဲ့ သာမန်အမှုအခင်းတွေမှာဖြစ်ပေါ်နေတဲ့ ဖြစ်ပေါ်နေဆဲနစ်နာမှုတွေကို ဘယ်လိုစောင့် ကြည့်ထိန်းကျောင်းမှုတွေလုပ်နိုင်မလဲဆိုတာ ထည့်တွေးဖို့ လိုလာခဲ့ပါတယ်။

ဖြစ်လာမှကုသတဲ့စနစ်က မြန်မာပြည်မှာ အသားကျနေတာ ကြာနေပါပြီ။ ယခုလည်းဒီလိုပါပဲ။ ကြိုတင်ပြင် ဆင်မှုတွေထဲမှာပါတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာကို ယခုလိုအရပ်သားလက်ထက်မှာ မလုပ်ထားခဲ့ရင်၊ထုံး တမ်းဓလေ့တစ်ခုလို မလုပ်ထားခဲ့ရင် ဒီလိုဖြစ်လာတိုင်း ငါနဲ့မဆိုင်ဘူးဆိုတဲ့ တာဝန်မဲ့စိတ်တွေနဲ့ အများပြည်သူ တွေ၊ မရှိဆင်းရဲသားတွေမှာအမှုအခင်း ဖြစ်တိုင်း မှန်တဲ့ဘက်မှာရှိနေသည့်တိုင် ကိုယ်ကျိုးရှာတဲ့သူအချို့ကြောင့် ငွေများတရားနိုင်ဆိုတဲ့အဖြစ်ကို ကြုံနေဦးမှာပဲဖြစ်ပါတယ်။

ဒါဟာ အာဏာရှင်တွေကို မကြောက်မရွံ့တော်လှန်ပြီး ဒီမိုဘက်တော်သားတွေကို မဲပေးရွေးချယ်ခဲ့တဲ့ အ များပြည်သူတွေ လိုချင်တဲ့အဖြေမဟုတ်ပါဘူး။ လိုချင်တဲ့ ရလဒ်လည်းမဟုတ်ပါဘူး။ နေရာတကာ ရင်ကြားစေ့ဖို့ ကြိုးစားနေတာနဲ့ ပြည်သူ တွေရင်ကွဲမတတ်ခံစားရတာကို မေ့လျော့ နေတာမျိုးက ဖြစ်သင့်တဲ့ကိစ္စမဟုတ်ပါဘူး။ လူကြီးချင်း အခင်မင်ပျက်မှာစိုးလို့  ဟိုဘက်ကနှိပ်စက်သမျှ ကြိတ်မှိတ်ခံစားမျိုသိပ်ပေး ဖို့သင့်တဲ့ ကာလလည်း မဟုတ်ပါဘူး။

စနစ်တစ်ခုစဖို့ ပြည်သူတွေက မဲပေးရွေးချယ်ခဲ့တာပါ။ မတရားမှုတွေလုပ်ဆောင်နေသူတွေရဲ့ အကျိုးစီးပွား ကို ကာကွယ်ပေးဖို့ ရွေးခဲ့တာမဟုတ်ပါဘူး။အောင်ရဲထွေး အမှုကနေ တရားစီရင်ရေးမှာ ရီဗော်လူးရှင်း တွေဖြစ်လာမလား၊ ရီနိုဗေးရှင်းတွေ ဖြစ်လာမလားဆိုပြီး အကောင်းဘက်ကနေ အများပြည်သူတွေက စောင့် ကြည့်နေပါတယ်။ ဖြစ်လာခဲ့ရင် မြန်မာသမ္မတတွေထဲ အပြောနဲ့အလုပ်နဲ့ညီတဲ့ သမ္မတဦးဝင်းမြင့်ကို ချီးကျူးရမှာ ဖြစ်ပြီး ဒီလိုမဟုတ်ဘဲ အောင်ရဲထွေးအမှုလောက်မှာပဲ ရပ်တန့်ခဲ့မယ်ဆိုရင် လှိုင်းကိုမကျော်နိုင်တဲ့ သူတွေကို မာ လိန်မှူးခန့်မိတဲ့သူတွေလိုပဲ ကိုယ့်ကိုယ်ကိုယ်အပြစ် တင်ရမှာပါ။

မြန်မာပြည်တရားစီရင်ရေးဟာ အရပ်သားလက်ထက်မှာတောင် မတည့်မတ်နိုင်ခဲ့ရင် နောင်တည့်မတ်နိုင် ဖို့ဆိုတာ မမြင်နိုင်တော့ပါဘူး။ ကျွန်တော်တို့လက်ထက် လုပ်နိုင်မလား၊ မလုပ်နိုင်လား မကြာခင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဂျီအောင်ဘန်း