တိုက်ပွဲများနဲ့ကျောင်းဖွင့်ရာသီဘယ်လိုစခန်းသွားကြမလဲ

 

                

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်ပွဲများရဲ့အရှိန်ဟာ တစ်နေ့ထက်တစ်နေ့မြင့်တက်လာနေပါတယ်။ စစ်တိုင်းကြီး ငါးခုမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရစစ်တပ်ရဲ့အပစ်ရပ်ကာလ ပထမလေးလမှာမပါဝင်ခဲ့တဲ့ ရခိုင်ဒေသ ဟာ ဒုတိယတစ်ဖြတ်နှစ်လထပ်တိုးရာမှာလည်း ပါဝင်လာခြင်းမရှိပါဘူး။ တိုက်ပွဲတွေ နေစဉ်ရက်ဆက်ဆိုသလို ဖြစ်လာမှုနဲ့ အတူ နေရပ်စွန့််ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ရခိုင်တိုင်းရင်းသားဦးရေဟာလည်း တစ်နေ့ထက်တစ်နေ့ တိုးတက် များပြားလာနေပါတယ်။ တိုက်ပွဲဖြစ်ပွားရာဒေသက ကျေးရွာများမှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက် ပြေးတိမ်းရှောင်နေရတဲ့အတွက် မိသားစုတွေနဲ့အတူ စစ်ဘေးစစ်ဒဏ်ကလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရမှုမှာ ကျောင်း နေအရွယ်ကလေးတွေလည်း ပါဝင်နေတာပါ။ ဒါအပြင့်တိုက်ပွဲများကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့အထဲမှာ ကျောင်းနေအရွယ် ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။

၂၀၁၉ ဇန်န၀ါရီလ(၂၆)ရက် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာက ပထမတန်းကျောင်းသား မောင်နိုင်စိုး လက် နက်ကြီးကျည်ဆန်ထိမှန်သေဆုံးခဲ့မှု၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်နေ ဒသမတန်း ကျောင်းသား မောင်ဇော်နိုင်ဌေး ရိုက်နှက်စစ်ဆေးခံရမှု၊ ဧပြီ (၂၈) ရက်နေ့ ရသေ့တောင်မြို့နယ် ခရုချောင်းကျေးရွာက အဋ္ဌမ တန်းကျောင်းသား မောင်အောင်မျိုးလှိုင် ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးခဲ့ရမှုတွေဟာ တိုက်ပွဲရဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် ကျောင်းသားအရွယ် ကလေးငယ်တွေ ဘယ်လောက်ထိသေခဲ့ပြီးပြီလဲ။

နိုင်ငံရေးနည်းနဲ့ အဖြေရှာမရနိုင်တဲ့ပြဿနာတွေကြောင့် အနာဂတ်မျိုးဆက်သစ်လူငယ်တွေကို ဆုံးရှုံးလိုက်ရတာ တန်ပါရဲ့လား။ စစ်ဆိုတာ အားကြီးသူနိုင်စမြဲဆိုပေမယ့် နှစ်ဖက်တိုက်ကြရာမှာ ကြားထဲကပြည်သူတွေဟာ မြေဇာပင်ဖြစ်ကြရ တာပါပဲ။

အခုအချိန်မှာ ရခိုင်ပြည်နယ်ရဲ့ တိုက်ပွဲဖြစ်ပွားရာဒေသကကျောင်းတွေဟာ ပြန်ဖွင့်နိုင်ဖို့အခြေအနေနဲ့ အလှမ်း ဝေးနေရပါပြီ။ ဇွန်လရဲ့မိုးစက်တွေနဲ့အတူ ကျောင်းဖွင့်ရာသီဟာ မကြာခင်ရောက်လာတော့မှာဖြစ်ပါတယ်။ ပညာရေးဌာနအ နေနဲ့လည်း မေ ၂၅ရက်နေ့ကိုကျောင်းအပ်နှံရေးနေ့အဖြစ် မြန်နိုင်ငံနေရာအနှံအပြားမှာ ကျင်းပပြီး ကျောင်းသား/သူတွေကို လက်ခံတော့မှာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကျောင်းသား/သူတွေဟာ ပညာသင်နှစ်တစ်နှစ်ရဲ့အစကို ရင်ခုန်စိတ်လှုပ်ရှားစွာ နဲ့ တက်ကြွလန်းဆန်းလာတော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လက်ရှိအချိန်ထိ တိုက်ပွဲတွေအဆက်မပြတ်ဖြစ်နေတဲ့ ရခိုင်ပြည် နယ်ရဲ့ဒေသအချို့မှာတော့ ကျောင်းတွေပုံမှန်ပြန်ဖွင့်နိုင်ဖို့အရေးက မလွယ်လှပါဘူး။ ဌာနဆိုင်ရာ ညွှန်ကြားချက်တွေနဲ့ တိုက်ပွဲဖြစ်ရာဒေသတွေမှာ ကျောင်းတွေပုံမှန်အတိုင်းဖွင့်ဖို့ ဖြစ်နိုင်ပါ့မလား။ စစ်ဘေးစစ်ဒဏ်က ထွက်ပြေးတိမ်းရှောင်နေ ရတဲ့ ကျောင်းသားမိဘတွေအနေနဲ့လည်း မိမိတို့သားသမီးတွေရဲ့ပညာရေးကို တွေးပူရုံကလွဲပြီး ဘာတွေများလုပ်ပေး နိုင်မှာ လည်း။

သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က စစ်ဘေးရှောင်ကျောင်းသား/သူ တွေရဲ့စာရင်းကို ကယ်ဆယ်ရေးစခန်း တာဝန်ခံတွေကတစ်ဆင့် ကောက်ယူမှုတွေရှိနေတယ်လို့ စစ်ဘေးရှောင်ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။ ဒါပေမယ့် မိမိတို့ သားသမီးတွေရဲ့ပညာရေးအတွက်တော့ စိတ်မအေးနိုင်ဖြစ်နေတယ်လို့လည်းဆိုပြန်ပါတယ်။ “ကျွန်တော်မှာသားက ဒီနှစ်ဆယ်တန်းတက်မှာပါ ဒါပေမယ့် ကျွန်တော်တို့မိသားစုအနေနဲ့ မိုးရာသီကိုဘယ်လို ဖြတ်သန်းရမလဲဆိုတာတောင် ကျွန် တော်စဉ်းစားလို့မရပါဘူး  အလုပ်အကိုင်လည်းလုပ်လို့မရတော့ သားသမီးတွေရဲ့ပညာရေးကိုတော့ တွေးမိတိုင်းစိတ်မ ကောင်းဖြစ်ရတယ်။ ကျွန်တော်ကလယ်လုပ်ပါတယ် ဒါပေမယ့် ကျွန်တော်တို့ ဒီနှစ်လယ်လုပ်ဖို့လည်း မစဉ်းစားရဲ့ပါဘူး။ ကျွန်တော်တို့ဒေသမှာ တိုက်ပွဲတွေက မကြာခဏဆိုသလိုဖြစ်နေတော့ ကျွန်တော်တို့ရွာပြင်ကိုထွက်ပြီး လုပ်ကိုင်စား သောက်ဖို့ကမလွယ်ပါဘူး။” လို့ရသေ့တောင်မြို့နယ်က ကျေးရွာသားတစ်ဦးကဆိုပါတယ်။ သူတို့ဟာ နေရပ်စွန့်ခွာပြီး ကယ်ဆယ်ရေးစခန်းမှာရောက်နေသူတွေ မဟုတ်သေးပါဘူး။ ဒါပေမယ့်အသွားအလာဆင်ခြင်ပြီးနေရတဲ့အတွက် လုပ်ကိုင် စားသောက်ဖို့မလွယ်တာကြောင့် သားသမီးပညာရေးကို ထောက်ပံ့ပေးနိုင်ဖို့ခက်ခဲတယ်လို့ဆိုပါတယ်။

ဒါကြောင့်ရခိုင်ပြည်နယ်ရဲ့တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ စစ်ပွဲတွေဆက်ရှိနေမယ်ဆိုရင် ကျောင်းသား/သူတွေ အနေနဲ့တော့ ပညာရေးနောက်ကျရဖို့ရှိနေပါတယ်။ IDP Camp တွေမှာ ရှိနေမယ့်ကလေးတွေအတွက် ပညာသင် ကြား နိုင်မယ့် အခွင့်အလမ်းတွေကို အစိုးရဖက်က ပြည့်ပြည့်၀၀ထောက့်ပံ့ပေးနိုင်မယ်ဆိုရင်တော့ ကလေးတွေ ပညာရေးအတွက် မိဘတွေနည်းနည်းတော့စိတ်အေးကြရမှာပါ။ ဒါပေမယ့် IDP Camp တွေဆီလည်းမရောက်ပဲ နီးစပ်ရာဆွေးမျိုးသားချင်းတွေ ဆီမှာမှီခိုနေသူတွေ၊ မိမိတို့ကျေးရွာတွေမှာပဲ အခြေအနေကြည့်ပြီးနေသူတွေအတွက်တော့ ငွေကြေးတက်နိုင်ရင် ပြဿနာ မရှိနိုင်ပေမယ့် ငွေကြေးမပြည့်စုံသူတွေအတွက်ကတော့ သက်ပြင်းသာ အခါခါချနေရအုန်းမယ့်အဖြစ်ပါ။ ဒီလိုသာတိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ကျောင်းတက်ခေါင်းလောင်းထိုးသံကို လွမ်းဆွတ်နေကြမယ့်ကျောင်းသား/သူတွေဟာ စစ်ပွဲတွေ မြန်မြန်ရပ်ဖို့ပဲ ဆုတောင်းနေကြ ရအုန်းမှာပါ။

                                                                                               ပန်းသီကြိုး(ရသေ့တောင်)