တီကျစ်ဒေသခံတွေရဲ့ အသံကို နားထောင်ပါ

photo: Aung Kyaw Moe

photo: Aung Kyaw Moe

#TeeKyit

#opinion

 

“ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ကျတာ၊ အာလူးခင်းတွေ ပုပ်တာ၊ ကျောက်မီးသွေးမိုင်း ခွဲရာက ထွက်ပေါ်လာတဲ့ တုန်ခါမှုကြောင့် လူနေအိမ်တွေ အက်ကွဲတာ၊ ဖုန်တွေ အမှုန်တွေကြောင့် အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါတွေ နောက်ဆက်တွဲ ဖြစ်ပွားလာတွေ ရှိလာပါတယ်”

 

စွမ်းအင်ရင်းမြစ်တွေ ကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ ရေအား၊ လေအား၊ ဘူမိအပူ၊ နေရောင်ခြည်စွမ်းအင်တွေ သုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ပါတယ်။ အထူးသဖြင့် Renewable Energy လို့ခေါ်တဲ့ ပြန်ပြည့်မြဲစွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူတာ အကောင်းဆုံးပါပဲ။ ကျောက်မီးသွေးကို သုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူတာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေလို့ ကမ္ဘာ‌ပေါ်မှာ သိပ်ပြီး  မသုံးကြတော့သလို တချို့နိုင်ငံတွေမှာ ပိတ်သိမ်းတာတွေလည်း လုပ်ဆောင်နေပါပြီ။

ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူမှုကို အားပေးကြသူ တွေက Clean Technology (သန့်ရှင်းတဲ့ က‌ကျောက်မီးသွေး နည်း ပညာ) ကို  သုံးပြီး ထုတ်ယူနိုင်တယ်လို့ စောဒက တက်ကြပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ မဆိုထားနဲ့ အမေရိကန်နဲ့ ဂျပန်လိုနိုင်ငံတွေ မှာတောင် Clean Coal Technology ကို အသုံးပြုနိုင်ခြင်း မရှိသေးပါ ဘူး။ အဲဒီတော့.. ဘယ်နိုင်ငံတွေမှာ ကျောက်မီးသွေးရဲ့ ဆိုးကျိုးတွေကို ခံစားခဲ့ရသလဲ ဆိုတာ လေ့လာ ကြည့်ကြရအောင်ပါ။

အင်ဒိုနီးရှားနိုင်ငံက “အရှေ့ကာလင်မန်တာ” ဒေသမှာ ကျောက်မီးသွေး အများအပြားထွက်ရှိပြီး တစ်နိုင်ငံလုံးရဲ့ ၇၀ ရာခိုင်နှုန်းအထိ ထုတ်ပေးနိုင် ခဲ့ပါတယ်။ ဒီဒေသရဲ့ မြို့တော် “ဆာမာရင်ဒါ” မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ တွေ့ကြုံခဲ့ရသလို ၂၀၀၈ ခုနှစ် ၁ နှစ်တည်းမှာပဲ ရေကြီးမှု ၄ ကြိမ်တွေ့ကြုံခဲ့ရတာပါ။

ဘာကြောင့် အခုလို ဖြစ်ရသလဲ ဆိုတဲ့ အကြောင်းရင်းကို ဆန်းစစ်ကြည့် တဲ့အခါ ကျောက်မီးသွေး ထုတ်လုပ်မှုရဲ့ အကျိုးဆက် ဖြစ်တယ်ဆိုတာ တွေ့လာရပါတယ်။ တောင်သူလယ်သမားတွေဟာ စွန့်ပစ်ရေတွေကြောင့် ရေထုညစ်ညမ်းပြီး သီးနှံစိုက်ပျိုးမှု အပေါ်မှာပါ ထိခိုက်လာစေပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ စားနပ်ရိက္ခာ ဖူလုံမှုအတွက် စိုးရိမ်နေရ သလို ဒေသခံတွေရဲ့ ကျန်းမာရေး ချို့တဲ့မှုတွေပါ ရှိလာခဲ့ပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း အကောင်အထည်ဖော်ဖို့ စီစဉ်ထားတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စီမံကိန်းတွေကို ဒေသခံတွေ က သဘောမတူကန့်ကွက်နေကြတာပါ။ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှာ တည်ဆောက်မယ့် စက်ရုံတွေကို တည် ဆောက်ခြင်း မပြုသေးတာ တွေ့ရပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ် တောင် ပိုင်း ပင်လောင်းမြို့နယ်ထဲက “တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အား ပေးစက်ရုံ” နဲ့ ကျောက်မီးသွေးမိုင်းကတော့ လက်ရှိ NLD အစိုးရ လက်ထက်မှာ ပြန်လည် လည်ပတ်လုပ်ဆောင်နေတာ တွေ့ရပါတယ်။

၂၀၀၄ ခုနှစ် ကတည်းက တီကျစ်ဓာတ်အားပေး စက်ရုံကို စတင်လည် ပတ်ခဲ့တာ ဖြစ်လို့ တီကျစ်ဒေသမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်ပေါ်နေခဲ့တာလည်း ဆယ်စုနှစ်နဲ့ချီ ကြာခဲ့ပါပြီ။ ၂၀၁၄ ခုနှစ် နိုဝင်ဘာ လထဲမှာ ကျွန်မကိုယ်တိုင် တီကျစ်ကို ရောက်ခဲ့စဉ်က စက်ရုံလည်ပတ်မှု ရပ်နားထားတာတောင် ဒေသခံတွေဟာ ကျောက်မီးသွေးရဲ့ ဆိုးကျိုးတွေ ကို ထိခိုက်ခံစားနေရတာ ကိုယ်တိုင်တွေ့မြင်ခဲ့ရပါတယ်။ ကျောက်မီးသွေး တူးဖော်မှုကို “ဧဒင်” ကုမ္ပဏီက လုပ်ဆောင်နေတာ ဖြစ်ပြီး စွန့်ပစ်ပစ္စည်း တွေ မို့မောက်နေတာလည်း တွေ့ရပါတယ်။

NLD အစိုးရ တက်မလာခင် ယခင်သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် မှာ တရုတ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Wuxi Huagaung Electric Power Engineering နဲ့ စာချုပ် ချုပ်ဆိုခဲ့တာလို့ သိရပါတယ်။ NLD အစိုးရတက် လာပြီးတဲ့ နောက် စက်ရုံကို စမ်းသပ်လည်ပတ်ခဲ့ရာမှာ ဒေသခံတွေက လက်မခံနိုင်လို့ အကြိမ်ကြိမ်ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ စက်ရုံဟာ ဆက်လက်လည်ပတ်နေသလို ကျောက်မီးသွေး တူးဖော်မှုတွေ လည်း ဆက်လက် ပြုလုပ်နေဆဲပါ။

သိပ်မကြာသေးခင်က တီကျစ်ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မေးမြန်းခဲ့တာရှိပေမဲ့ လျှပ်စစ်နှင့် စွမ်းအင် ဒုဝန်ကြီးက နိုင်ငံတော်အတွက် အကျိုးရှိတယ် လို့ ဖြေကြားခဲ့တာက အံ့သြစရာပါ။ တကယ့်လက်တွေ့ အနေအထားမှာတော့ ဒေသခံတွေရဲ့ လူနေမှုဘဝနဲ့ ကျန်းမာရေး ထိခိုက် မှုတွေ၊ ရေအရင်းမြစ်တွေ ဆုံးရှုံးရပြီး လူတွေ အတွက်သာမက တိရစ္ဆာန် သောက်သုံးရေတွေပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြီးတော့.. ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ကျတာ၊ အာလူးခင်းတွေ ပုပ်တာ၊ ကျောက်မီးသွေးမိုင်း ခွဲရာက ထွက်ပေါ်လာတဲ့ တုန်ခါမှုကြောင့် လူနေအိမ်တွေ အက်ကွဲတာ၊ ဖုန်တွေ အမှုန်တွေကြောင့် အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါတွေ နောက်ဆက်တွဲ ဖြစ်ပွားလာ တွေ ရှိလာပါတယ်။

နောက်ထပ် စိုးရိမ်စရာကောင်းတဲ့ အချက်ကတော့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါ ရီလက သြစတေးလျှ အခြေစိုက် Hydrology Consulting ရဲ့ ထုတ်ပြန် ချက်မှာ ‘တီကျစ်ဒေသမှာ နေထိုင်ကြတဲ့ ကလေးတွေရဲ့ ဆံပင်မှာ “ကက်ဒ မီယံဓာတ်” ပါဝင်မှု များပြားနေတယ်’ လို့ ပါရှိတာပါပဲ။ ကက်ဒမီယံ ဓာတ် ဟာ ထိတွေ့မှုများရင် များသလို ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေး တိုး ရောဂါတွေ ဖြစ်ပွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။

ကျောက်မီးသွေးကို သုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်တယ် ဆိုပေမဲ့ လည်း ကျောက်မီးသွေး လောင်ကျွမ်း ရာက ထွက်ပေါ်လာတဲ့ ဓာတ်ငွေ့ တွေရဲ့ ‘ဆိုးကျိုး’ ကလည်း ကြောက်စရာပါ။ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်ဓာတ်ငွေ့၊ ပြဒါးအငွေ့၊ အာဆင်း နစ်၊ ခဲ၊ ကက်ဒမီယံ၊ မီးခိုးခေါင်းတိုင်ပြာ တွေ ထွက်ရှိပါတယ်။ ဆာလဖာ ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို ရှူမိရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ အဆုတ်ကင်ဆာရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ နိုက်ထရိုဂျင် ဓာတ်ငွေ့ပါတဲ့ လေကို ရှူရှိုက်မိရင် အသက်ရှူ ကျပ်တာ၊ ခေါင်းကိုက်တာ၊ သွေးလည်ပတ်မှုကို ထိခိုက်တာတွေ ခံစားရစေနိုင်ပါတယ်။ ပြဒါးငွေ့ ပါတဲ့ လေကို ရှူမိရင်လည်း အဆုတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ လေဖြတ် ရောဂါတွေ ဖြစ်စေနိုင်သလို ရေနေသတ္တဝါတွေကို ပါ အဆိပ်သင့်စေနိုင်ပါ တယ်။

ဒီလိုဆိုးကျိုးတွေ ဖြစ်နေရတာကြောင့် တီကျစ်ဒေသခံတွေက တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနဲ့ ကျောက်မီးသွေးတူးဖော် မိုင်းကို ကန့်ကွက်နေကြတာဖြစ်ပါတယ်။ ပြည်သူက ရွေးကောက်တင် မြှောက်ထားတဲ့ အစိုးရလက်ထက်မှာမှ ဆက်လက်ဖြစ်ပေါ်နေရတာက ဝမ်းနည်းစရာပါ။ ‌ဒေသခံတွေက ကန့်ကွက်ဆန္ဒပြပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမဲ့လည်း စက်ရုံနဲ့ ကျောက်မီးသွေးမိုင်း တူးဖော်မှုတွေ ဆက် လက်လည်ပတ် လုပ်ကိုင် နေဆဲ ဖြစ်ပါတယ်။ စွန့်ပစ်မြေစာတွေကို စွန့်ပစ်ရာမှာလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီမှုလည်း မရှိပါဘူး။ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က တီကျစ် ကျောက်မီးသွေး စွန့်ပစ်မြေစာပုံကြောင့် ဖြစ်ပေါ်လာတဲ့ ရေကန်အတွင်း အမျိုးသမီးငယ် တစ်ဦး ရေနစ်ပျောက်ဆုံးမှုလည်း ဖြစ်ခဲ့ရပါတယ်။

အခုလို ဒေသခံတွေ ထိခိုက်ခံရရုံတင် မကသေးပါဘူး..၊ ကန့်ကွက်နေတဲ့ ကြားက တီကျစ်ကျောက်မီးသွေးမိုင်း ဧရိယာတိုးချဲ့ဖို့ အတွက် ပင်လောင်း မြို့နယ်ထဲက လယ်‌ဧက ၂၀၀ နီးပါးကိုလည်း ဖယ်ရှားခိုင်းတာတွေလည်း ရှိလာပါတယ်။ မြေဧရိယာ တိုးချဲ့သတ်မှတ်ပြီး ဖြစ်တဲ့အတွက် တောင်သူ တွေကို နောက်ထပ် သီးနှံစိုက်ပျိုးခြင်း မပြုဖို့လည်း မေလ ၉ ရက်နေ့က အကြောင်းကြားခဲ့တယ် လို့ သိရပါတယ်။ အဲဒီတိုးချဲ့သတ်မှတ်လိုက်တဲ့ ဧက ၂၀၀ နီးပါးဟာ တီကျစ်ကျေးရွာအုပ်စုက လယ်သမား ၃၅ ဦးတို့ရဲ့ လယ်ယာမြေတွေလည်း ဖြစ်ပါတယ်။

မေ ၁၉ ရက်နေ့မှာ ရှမ်းပြည်နယ် မိုင်းရှူးမဲဆန္ဒနယ် လွှတ်တော်ကိုယ် စားလှယ်က ‘တီကျစ်စက်ရုံ လည်ပတ်ခွင့် သက်တမ်းတိုးပေးတာကို ပြန်လည်သုံးသပ်ပေးဖို့’ တင်ပြခဲ့ပေမဲ့ အစိုးရဘက်က တစ်စုံတရာ တုံ့ပြန်မှု မရှိခဲ့ပါဘူး။ လွှတ်တော်မှာ မေးမြန်းပြီး နောက်ပိုင်း မေ ၂၈ ရက်နေ့မှာတော့ ဒေသခံတောင်သူတွေကို အငြင်းပွား လယ်ယာမြေနဲ့ ပတ်သက်ပြီး လျော်ကြေးငွေ ပေးအပ်ခဲ့တယ် လို့လည်း ဆိုပါတယ်။

ပင်လောင်းမြို့နယ်က ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်ရဲ့ ပြောကြားချက် အရ ၁ ဧကကို ကျပ် သိန်း ၅၀၊ ပံ့ပိုးငွေ ၅ သိန်း၊ စုစုပေါင်း ၁ ဧက အတွက် ၅၅ သိန်းနှုန်းနဲ့ မြေဧက ၁၂ ဒသမ ၃၅၃ အတွက် လျော်ကြေးပေးခဲ့တာပါ။

ကမ္ဘာတဝှမ်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူများ အတွက် ရေရှည်မှာရော ရေတိုကာလမှာပါ ဆိုးကျိုးတွေ ဖြစ်စေခဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေ ပိတ်သိမ်းနေကြတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ တော့ အခုလို ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက စက်ရုံကို လည် ပတ်ခွင့်ပြုတဲ့ အပြင် မြေဧကပါ တိုးချဲ့ပေးလိုက်တာမျိုးဟာ မဖြစ်သင့်တဲ့ ကိစ္စပါ။

အထက်မှာ တင်ပြခဲ့သလို လျှပ်စစ်နှင့် စွမ်းအင် ဒုဝန်ကြီးက ‘နိုင်ငံတော် အတွက် အကျိုးရှိတယ်’ လို့ ဖြေကြားခဲ့တာက တီကျစ်ဒေသခံ ပြည်သူ တွေရဲ့ လိုလားဆန္ဒကို မျက်ကွယ်ပြုရာ ရောက်တဲ့ အပြင် ‘ပြည်သူ့အသံ’ ကို အလေးမထားရာလည်း ရောက်ပါတယ်။ တီကျစ်က ဒေသခံတွေ နှစ်ချီခံစားခဲ့ရတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေး ထိခိုက်မှုတွေကို အလေးအနက်ထား စဉ်းစားပေးသင့်ပါပြီ။ တီကျစ်ဒေသခံပြည်သူတွေရဲ့ အသံကို နားထောင်ပြီး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

သွေး (စစ်ကိုင်း)