တွတ်ပီကံကောင်းနေပြီလား

ရဲခေါင်မဲမောင်

ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းလောက်က သူငယ်ချင်းဖြစ်သူ ‘ဆွေမင်း (ဓနုဖြူ)’ အကြောင်းကလေးကို စာတစ်ပုဒ်လောက်ရေးဦးမည်ဟု ကျွန်တော်အတွေးဝင်သည်။ ၁၁.၁၁.၂ဝ၁၇ ရက် နေ့ကဆိုလျှင် ၁၂နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။

သို့သော် ၁.၁၁.၁၇ ရက်နေ့ညမှာ ဧရာဝတီစာပေပွဲတော် တက်ရောက်ဆွေးနွေးရန်အတွက် မန္တလေးသို့ ကျွန်တော် ပါသွားသည်။ ၆.၁၁.၁၇ ရက်နေ့ညပြန်ရောက်ပြီး ၇.၁၁.၁၇ ရက်နေ့မှာ နာရေးကူညီမှုအသင်း (ရန်ကုန်)က ဖွင့်လှစ်သင် ကြားပေးနေသော ‘သုခအလင်းပညာဒါန’ ကျောင်းတွင် ကျောင်းအုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ရသည်။ ထို့ကြောင့် ဆွေမင်း(ဓနုဖြူ)အကြောင်းကို သူကွယ်လွန်သည့် ၁၁.၁၁.၂ဝဝ၅ ခုနှစ်နှင့် အံကိုက်မရေးဖြစ်လိုက်တော့ပဲ ယခုကဲ့သို့ရက် ကျော်မှသာရေးဖြစ် ပါတော့သည်။

ရခိုင်ပြည်နယ် ကျိန္တလီကျေးရွာ၌ ၂၃.၁.၂ဝဝ၆ ခုနှစ် ညတွင် ဟောပြောကြရမည့် စာပေဟောပြောပွဲသို့ ကျွန်တော် ဖိတ်ကြားခြင်းခံရသည်။ ကျွန်တော်နှင့်အတူ အခြားဖိတ်ကြားခံရသည့် စာရေးဆရာ ကဗျာဆရာများမှာ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာအဏ္ဏဝါစိုးမိုး၊ ဆရာအောင်ဝေးတို့ဖြစ်သည်။ အမှန်တကယ် ခရီးထွက်ကြသောအခါ ဆရာမောင်ပေါ် ထွန်းနှင့် ဆရာခင်ဇော် မောင်တို့လည်း ဧည့်သည်တော်အဖြစ် လိုက်ပါကြသည်။

စင်စစ်အဆိုပါခရီးစဉ်သည် စာပေဟောပြောပွဲခရီးစဉ်သက် သက်မဟုတ်မှန်း ကျိန္တလီကျေးရွာသို့ရောက်ရှိမှ ကျွန်တော်တို့သိကြရသည်။ ကျိန္တလီကျေးရွာ၌ စာပေကိုချစ်မြတ်နိုးသော လူငယ်များရှိကြသည်။ ထိုလူငယ်များကို ကျော်စိုး လင်း (ယခုကဗျာဆရာ သုလင်းဝေ)က ဦးဆောင်သည်။ သူတို့သည် သူတို့ချစ်ခင်လေးစားကြသည့် စာရေးဆရာ၊ ကဗျာ ဆရာ၊ ကာတွန်းဆရာများကို စိစစ်ရွေးချယ်ပြီး ကျိန္တလီကျေးရွာသို့ စာပေဟောပြောရန်အတွက် ဖိတ်ခေါ်လေ့ရှိကြသည်။ ကျိန္တလီကျေးရွာသို့လာရောက်ဟောပြောဖူးကြသည့် စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာများ ကွယ်လွန်ခဲ့ကြလျှင် ထိုကွယ်လွန်သည့်ဆရာ၏ အမှတ်တရကျောက်တိုင်ကို ဘင်္ဂလားပင်လယ်အော်ကမ်းခြေရှိ အရိပ်အာဝါသကောင်းမွန် အေးမြလှသော ရမ္မာကျွန်းကလေးအပေါ်တွင် စိုက်ထူဂုဏ်ပြုကြမည်ဟုဆုံးဖြတ်ထားကြသည်။ ဆုံးဖြတ်ချက်အတိုင်းလည်း ကျိန္တလီကျေးရွာသို့ စာပေဟောပြောပွဲသွားရောက် ဟောပြောခဲ့ပြီးနောက် ကွယ်လွန်ခဲ့ရှာသည့် ဆရာလင်းယုန်မောင်မောင်၏ အမှတ်တရကျောက်စာတိုင်ကို ရမ္မာကျွန်းကလေးပေါ်တွင် စိုက်ထူထားပြီး ဖြစ်လေသည်။

ကျိန္တလီကျေးရွာသို့ စာပေဟောပြောပွဲ သွားရောက်ခဲ့ပြီးနောက် ဒုတိယကွယ်လွန်သူမှာ ဆွေမင်း(ဓနုဖြူ)ဖြစ်သည်။ ထို့ကြောင့် ဆွေမင်း(ဓနုဖြူ)၏ အမှတ်တရကျောက်တိုင်ကိုလည်း ကျိန္တလီရှိ စာပေချစ်မြတ်နိုးသော လူငယ်များက ရမ္မာကျွန်း ကလေးအပေါ်တွင် စိုက်ထူလိုက်ကြပြီဖြစ်သည်။ ယခုကျွန်တော်တို့၏ စာပေဟောပြောပွဲခရီးစဉ်အတွင်း ဆွေမင်း(ဓနုဖြူ)၏ အမှတ်တရ ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ကြမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့၏ ခရီးစဉ်သည် စာပေဟောပြောပွဲခရီးစဉ် သက်သက်မဟုတ်ဟု ဆိုလိုက်ရခြင်း ဖြစ်ပေသည်။

၂၃.၁.၂ဝဝ၆ ရက်နေ့ညတွင် ကျိန္တလီကျေးရွာ၌ ဟောပြောကြပြီးနောက် ၂၄.၁.၂ဝဝ၆ ရက်နေ့ နံနက်တွင်ရမ္မာ ကျောက်တုံးများကြားတွင် ဆရာလင်းယုန်မောင်မောင်၏ အမှတ်တရကျောက်တိုင်ကို ကျွန်တော်တို့တွေ့ကြရပြီး ထို ကျောက်တိုင်၏နံဘေးတွင် ဆွေမင်း(ဓနုဖြူ)၏ အမှတ်တရကျောက်တိုင်ကို မြင်ကြရသည်။ ကျောက်တိုင်၏ အပေါ်ဘက်တွင် ဆွေမင်း (ဓနုဖြူ)၏ ဓာတ်ပုံကလေးကိုကပ်၍ထားပြီး ဓာတ်ပုံ၏အောက်တည့်တည့်တွင် …

 

‘သေခြင်းသည်မဆန်း၊

ပန်းတစ်ပွင့်ကြွေ

လေတစ်ဝှေ့တိုက်၊ နှင်းတစ်ပြိုက်ကျ

တစ်ဘဝလျှင်၊ ခဏပင်တည့်

အသင်ထာဝရ၊ လူ့လောကမှ

လုံးဝပျောက်ဆုံးသွားခြင်းမဟုတ်ပါ။

ဒေါင်းနွယ်ဆွေ

(မဆန်းသောသေခြင်းမှ ထာဝရမ ပျောက်ဆုံးသူကဗျာမှ)

 

အမည်ရင်း ဦးခင်မောင်မြင့်ဖြစ်သည်။ ကာတွန်းဆွေမင်း (ဓနုဖြူ)ကို ၂၂.၁ဝ.၅၇ ရက် အင်္ဂါနေ့တွင် ဓနုဖြူ၌မွေးဖွား ခဲ့ပြီး (၁၁.၁၁.ဝ၅) နေ့၊ည(၉းဝဝ)နာရီတွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ သည်။ မြိုင်ရာဇာ တွတ်ပီကာတွန်းဖြင့် နိုင်ငံကျော်ခဲ့ သည်။

ဦးဆွေကြီးကိုချစ်တဲ့ ကျိန္တလီစာပေ ဝါသနာရှင်လူငယ်များက ဦးဆွေအလွန်နှစ်သက်တဲ့ ဒီနေရာလေးမှာ အမှတ်တရ ကျောက်စာ တိုင်ကို (၁၁.၁.ဝ၆)ရက်နေ့ မှာစိုက်ထူပါသည်။

ကဗျာဆုံးသွားသောအခါ နားထောင်နေကြသူအားလုံးအတွေးကိုယ်စီဖြင့် ငြိမ်သက်သွားကြသည်။ ဆရာအီကြာကွေး သည် စာရေးဆရာသက်သက်မဟုတ်။ ‘ဓနုဖြူကျော်ထွန်း’အမည်ဖြင့် ကဗျာများရေးသားနေသူ ကဗျာဆရာတစ်ယောက် လည်းဖြစ်သည်။ ထို့ကြောင့် ဆရာ၌ကဗျာဝိညာဉ်သည် ကိန်းအောင်းလျက်ရှိလေသည်။ ကဗျာအတွေးအခေါ်သည် လတ် ဆတ်လျက်ရှိသည်။ ဆွေမင်း (ဓနုဖြူ)အတွက် ဆရာအီကြာကွေးရေးသားပေးပို့လိုက်သောကဗျာသည် ဆရာအီကြာကွေးနှင့် ဆွေမင်း(ဓနုဖြူ)တို့၏သံယောဇဉ်ကို ထင်ရှားစေသည်။ ဆွေမင်း(ဓနုဖြူ)၏ ဘဝဖြတ်သန်းမှုလည်းဖြစ်နေသည်။ သင်္ခါရ တရားကိုလည်းသတိရစေပါသည်။ ဆရာမောင်ပေါ်ထွန်း ကဗျာဖတ်ပြီးသွားလျှင် ဆရာအဏ္ဏဝါအဝအလှည့်ဖြစ်သည်။ ဆရာကလည်း ဆွေမင်း(ဓနုဖြူ)အတွက် ကဗျာတစ်ပုဒ်စပ်လာခဲ့ပြန်ပါသည်။

 

‘တွတ်ပီယနေ့ကံကောင်းပါပြီ’

တွတ်ပီဆိုတာ ဆွေမင်း

ဆွေမင်းဆိုတာ ကာတွန်းဆရာ။

ကာတွန်းဆရာတွေကို သေမင်းလုယူလို့

ဆွေမင်း(ဓနုဖြူ)လည်း ပါသွားခဲ့ပြီ။

 

တွတ်ပီဆိုတာ ဆရာဖန်တီးတဲ့ဇာတ်ကောင်

ဆရာ့ရုပ်ပြောင်ကပြောတဲ့စကားမို့

ဆရာ့စကားလို့ဆိုရမည် …

(တွတ်ပီယနေ့ကံမကောင်းပါ)ဟုဖြစ်ပါသည်။

 

ပညတ်သွားရာ ဓာတ်သက်ပါမို့

ဆရာဆွေမင်း ရေတိမ်တွင်းမှာ

အော်ရင်းအော်ရင်းဟစ်ခဲ့သည်

လှော်ရင်းလှော်ရင်း နစ်ခဲ့သည်

တွတ်ပီကံမကောင်းတာသေချာသည်။

 

မြိုင်ရာဇာအိမ်သစ်ကြီးမှာ

ဇိမ်ယစ်ပြီး မခံစားလိုက်ရလို့

ဆရာကံဆိုးသည်

တွတ်ပီကံမကောင်းတာသေချာသည်။

 

ဇနီးမယား သမီးသားနှင့်

စီးပွားဥစ္စာ များစွာထားရစ် ခရီးဆက်ပြီ

တွတ်ပီကံမကောင်းတာသေချာသည်။

 

ဇနီးမယားက မလည်မဝယ်

သမီးသားတွေက ငယ်ငယ်မို့

သေတာတောင် စိတ်မချလို့

ပိတ်မရတဲ့မျက်စိနဲ့

မျက်လုံးဖွင့်ပြီးသေတဲ့ဆရာ

တွတ်ပီကံမကောင်းတာသေချာသည်။

 

ဒါပေမဲ့ဆရာ

ဆရာရဲ့ ထူးချွန်တဲ့အနုပညာ

ယောက်ျားပီသတဲ့ ရုပ်လက္ခဏာ

ဟန်ဆောင်မှုမပါတဲ့အပြုံး ဟု

မှတ်တမ်းရေးထိုးထားသည်ကိုတွေ့ရသည်။

 

ထို့နောက် ကျွန်တော်နှင့် ကိုအောင်ဝေးတို့နှစ်ယောက်က ငွေဖလားထဲမှ သပြေခက်များဖြင့် ကျောက်တိုင်ကိုရေ စင်များပက်ဖျန်းကာ ဖွင့်လှစ်ပေးလိုက်သည်။ ဆွေမင်း(ဓနုဖြူ)၏ အမှတ်တရ ကျောက်တိုင်ဖွင့်လှစ် ပြီးသွားသောအခါ ကျောက်တိုင်ဖွင့်ပွဲအတွက် ရန်ကုန်မြို့မှ ဆရာအီကြာကွေးရေးသားပေးပို့လိုက်သောကဗျာကို ဆရာမောင်ပေါ်ထွန်းက မျက်ရည်ရွဲဖြင့်ဖတ်လေသည်။

 

‘သွားနှင့်ပေဦးတော့’

 

ဆယ့်ခုနစ်နှစ်အရွယ်

ငယ်ငယ်ကတည်းက

သိခဲ့ရတဲ့ …မင်း

ကဗျာရေးချင် စာရေးချင်တယ်ဆိုလို့

ကိုယ့်မြို့သားချင်း ဖြစ်ထွန်းပါစေ

စေတနာနဲ့ ငါနေရာပေးခဲ့တယ်။

 

သည်လိုနဲ့

မောင်မောင်ဆွေမင်း(ဓနုဖြူ)ဆိုတဲ့

နာမည်ကလေးတစ်လုံး ပုန်းလျှိုးကွယ်လျှိုးနဲ့

စာပေနယ်ထဲတိုးဝင်ခဲ့တယ်။

 

သည်ကနေ

ပန်းချီရေးချင်ပြန်တယ်ဆိုလို့

ပန်းချီလှိုင်းဘွားနဲ့ငါ

ပန်းချီကျောင်းသို့ မင်းကိုပို့ခဲ့တယ်။

 

ပန်းချီဆရာဖြစ် ကာတွန်းဆရာဖြစ်

မြိုင်ရာဇာတွတ်ပီဖြစ်

အအောင်မြင်ဆုံး တစ်

ထိပ်ဆုံးနေရာ မင်းရောက်သွားတယ်။

 

ကြီးပွားရေး စီးပွားရေး

နာမည် အနုပညာ

အောင်မြင်တကာ့ အောင်မြင်နေတုန်း အချိန်မှာ …

 

မင်းလည်းမထင် ငါလည်းမထင်

ဘယ်သူမှလည်းမထင်တဲ့ သေခြင်းတရားက

မင်းကိုဆွဲခေါ်သွားတယ်။

 

လေးဆယ့်ကိုးနှစ်တဲ့

ငယ်လွန်း ပါသေးတယ်

အများကြီးနေနိုင်ပါသေးတယ်။

 

ဆယ့်ခုနစ်နှစ်သားမှာသိ

လေးဆယ့်ကိုးနှစ်မှာခွဲ

နှစ်သုံးဆယ်ကျော်ခင်ခဲ့ရတဲ့မင်းကို

ငါ နှုတ်ဆက်လိုက်တယ်

သွားနှင့်ပေဦးတော့ချစ်တပည့်။ ။

 

ဖုံးကွယ်မထားတဲ့ ရိုးသားမှု

မဆုတ်မနစ်တဲ့ ကြိုးစားမှုတွေကို

ဂုဏ်ပြုတဲ့အနေနဲ့

ရမ္မာမြေကျွန်းရဲ့ မြသေလာထက်မှာ

ကျောက်ထက်အက္ခရာတင်လိုက်ပါပြီ

ရောက်ရာဘုံဘဝမှာ

ဂုဏ်ယူပါဆရာ

ဒီနေ့ကစလို့ ဘဝတိုင်းမှာ

ကံကောင်းပါပြီ ဆရာခင်ဗျား။ ။

 

လူတိုင်းခံစားတတ် နာကျင်တတ်သည် မှန်သော်လည်း ဟာသသမား၏ အလွမ်းမှာ ပန်းတွေအားလုံး ကြွေကုန်လောက်သည် ဟု ကျွန်တော်ထင်ပါသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၆ နိုင်ငံကိုသင်္ဘော မျိုးစုံဖြင့်လှည့်လည်ခဲ့ပြီး အတွေ့အကြုံနှင့် ဗဟုသုတများ စွာရှိသော ကုန်သင်္ဘောသား စာရေးဆရာကြီးပင်လျှင် ဆွေမင်း(ဓနုဖြူ)အတွက် အမှတ်တရ ကဗျာရွတ်ဖတ်ရာ၌ ခြေတုန် လက်တုန်အသံ တုန်နှင့်ပါတကား ထို့နောက်တော့ ကျောက်တိုင်ဖွင့်ပွဲသို့တက်ရောက်လာကြသူတစ်ဦးချင်း ဆွေမင်း (ဓနုဖြူ) အတွက် ကြေကွဲဝမ်းနည်းစကားများပြောကြသည်။ ဆရာမောင်ပေါ်ထွန်း ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ကိုအောင်ဝေး၊ ကိုခင်ဇော်မောင်နှင့် ကျိန္တလီကျေးရွာမှ စာပေချစ်မြတ်နိုးသူ လူငယ်များဖြစ်ကြသည်။ ကိုအောင်ဝေးက …

‘ဆရာနဲ့ ကျွန်တော်မျက်လုံးချင်းဝေးခဲ့ကြသော်လည်း နှလုံးသားချင်းနီးပါတယ်ဆရာ။ ဆရာကွယ်လွန်သွားပြီလို့ သိလိုက်ရတဲ့အခါ ကျွန်တော် အလွန့်အလွန်အထင် ကြီးလေးစားတန်ဖိုးထားတဲ့ ကြယ်တစ်ပွင့် ကြွေလွင့်သွားပြီလို့ ခံစားခဲ့ရပါတယ်ဆရာ ခင်ဗျား’ဟုပြောလေသည်။

ဤကဗျာဆရာ၏ ဆွေမင်း(ဓနုဖြူ)အပေါ် နှမြောတသ ဝမ်းနည်းကြေကွဲခြင်းသည် သူရေးသားဖွဲ့သီသော ကဗျာများ ထက်ပင် လွမ်းဖို့ကောင်းသေးတော့သည်ဟု ကျွန်တော်တွေးထင်လိုက်ပေသည်။ အောင်မြင်သောအနုပညာရှင်များကို ကြယ်ပွင့်ကလေးများဟု ကျွန်တော်တို့တင်စားတတ်ကြသည်။ ဆွေမင်း(ဓနုဖြူ)၏ မြိုင်ရာဇာတွတ်ပီသည် မြန်မာပြည် တစ်နံ တစ်လျားရှိ လူကြီးနှင့်ကလေးများ၏ အသည်းနှလုံးထဲမှာ နေရာယူနိုင်ခဲ့သည်။ သို့ဆိုလျှင် ဆွေမင်း(ဓနုဖြူ)သည် မြန်မာ ပြည်၏ကောင်းကင်၌ လင်းလက်တောက်ပခဲ့သည့် ကြယ်ကလေးတစ်လုံးပဲပေါ့။ ယခုထို ကြယ်ကလေးသည် သင်္ခါရကို တည်ငြိမ်စွာရင်ဆိုင်တွေ့ကြုံသွားသည့် ကြယ်ကလေးဖြစ်လို့နေပြန်ပြီ ကျွန်တော်သည် တရားမနာပါဘဲနှင့် တရားရ၍ နေပါသည်။

ဆရာတင်မိုး၏ ‘ငါ့ကိုပြန်ပို့ကြပါလေ’ ဆိုသည့်အချိန်မှာ ကျွန်တော်တို့လူစု ရမ္မာကျွန်းကလေးမှ ပြန်လည်ထွက်ခွာ လာခဲ့သည်။ ကျွန်တော်တို့ လူစုလိုက်ပါလာသည့် လှေကလေးသည် ဘင်္ဂလားပင်လယ်အော်ကြီး၏ လှိုင်းဘက်မှာကျန်ရစ် သော ရမ္မာကျွန်းကလေးဆီသို့ လှမ်းမျှော်ကြည့်လိုက်မိလေသည်။ ထိုသို့ကြည့်လိုက်မိရာတွင် ပင်လယ်ရေလှိုင်းတို့ တဖျပ်ဖျပ် ရိုက်ပုတ်နေသည့် ရမ္မာကျွန်းကလေး၏ ကမ်းစပ်အေးမြသော သစ်ပင်ရိပ်ကြီးများအောက်မှာ ကျောက်တိုင်ဖြူကလေးနှစ်ခုကို ဝိုးတဝါး လှမ်း၍မြင် လိုက်ရသည်။

ကျောက်တိုင်ကလေးတစ်ခုအထက်မှာ လင်းယုန်ငှက်ကြီးတစ် ကောင်နားလျက်။

နောက်ကျောက်တိုင်ကလေးတစ်ခု ဘေးမှာက မြိုင်ရာဇာ တွတ်ပီကြီးက နှစ်လုံးပြူးသေနတ်ကိုင်ကာ ရပ်လျက်။

သော် …

နှစ်ပေါင်း ၁၂ နှစ် စွန်းစွန်းကြာခဲ့ပါပြီကော …။