တရုတ်လည်း ရေကာတာနဲ့ ရေအားလျှပ်စစ်၊ ‘၀’လည်း ရေကာတာနဲ့ ရေအားလျှပ်စစ်

ကိုစိုင်း(ရှမ်းမောမြေ)

(၁) မြင်တွေ့ကြားသိသမျှ ရေအားလျှပ်စစ် သတင်းတွေ
ဒီရက်ပိုင်းအတွင်းမှာ စိတ်ရှုပ်စရာ သတင်းတွေနဲ့အတူ ရေကာတာနဲ့ လျှပ်စစ်ဓာတ်အားစီမံကိန်း သတင်းတွေလည်း ပြန်လည်သင်းပျံ့လာပါတယ်။
ပထမဆုံးတွေ့ရတဲ့သတင်းက ထုံးစံအတိုင်း ဧရာဝတီမြစ်ဆုံစီမံကိန်းအကြောင်း သတင်းပဲဖြစ်ပါတယ်။
ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံမြစ်ညာဒေသမှာတည်ဆောက်ဖို့ရည်ရွယ်ထားတဲ့ ဧရာဝတီစီမံကိန်းတွေနဲ့ ပတ် သက်လို့ တရုတ်ရဲ့သဘောထားက မပြောင်းမလဲရှိနေတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။
ရေအားလျှပ်စစ်ထုတ်ယူဖို့အတွက် တရုတ်ရဲ့ရပ်တည်ချက်က မပြောင်းလဲဘူး။ နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးရှိစေဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားရေးအတွက် တရုတ်ဘက်က အမြဲလိုလားတဲ့အကြောင်းကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ဟွာချူရင်ကပြောတယ်ဆိုပြီး နိုင်ငံတကာမီဒီယာအချို့မှာ ဖော်ပြနေကြပါတယ်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဟာ နှစ်နိုင်ငံအကြား သဘောတူထားနှင့်ကြပြီးဖြစ်တယ်။ စီမံကိန်းအတွက်ခွင့်ပြု တယ်ဆိုတဲ့ လုပ်ငန်းစဉ်အဆင့်ကိုလည်းကျော်နေပြီလို့ ဟွာချူရင်က လွန်ခဲ့တဲ့ ရက်သတ္တပတ်ကပဲ ပြောဆိုခဲ့တာဖြစ်ပါတယ်။
နောက် ရေအားလျှပ်စစ်သတင်း တစ်ပုဒ်ကတော့ လွှတ်တော်ထဲကလာတာပါ။ ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ် ကာမိစေဖို့အတွက် သင့်တင့်မျှတတဲ့ ဓာတ်အားခနှုန်းထားသစ်ကို အမြန်ဆုံးပြင်ဆင် သတ်မှတ်ပေးဖို့ ထုတ်လုပ်စရိတ်မြင့်တဲ့ သဘာဝဓာတ်ငွေ့အပေါ်မှီခိုမှုလျှော့ချပြီး ရေအားလျှပ်စစ်နဲ့ အခြားစွမ်းအင်အရင်းအမြစ်တွေကတစ်ဆင့် ဓာတ်အားပိုမိုထုတ် လုပ်ဖို့ စီစဉ်ဆောင်ရွက်မယ်ဆိုပြီး လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းခိုင်က လွှတ်တော်မှာပြော သွားတဲ့ သတင်းပဲဖြစ်ပါတယ်။
နောက် ရေအားလျှပ်စစ်သတင်းတစ်ပုဒ်ကတော့ စိတ်ဝင်စားစရာပါ။ လင်းခေးခရိုင်အတွင်းမှာ လျှပ်စစ်ဓာတ်အား အများအပြား ထုတ်လုပ်ပေးနိုင်တဲ့ ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းရှိပေမဲ့ အဲဒီမြို့နယ်တွေက ကျေးရွာတွေ လျှပ်စစ် မီးမရတဲ့ သတင်းပဲဖြစ်ပါတယ်။
ပိုစိတ်ဝင်စားစရာကောင်းတဲ့ ရေအားလျှပ်စစ်နဲ့ဆိုင်တဲ့ သတင်းတစ်ပုဒ်ကတော့ ‘ဝ’ကလည်း သံလွင်မြစ်အနီးက မြစ်လက် တက်ပေါ်မှာ ရေအားလျှပ်စစ်စက်ရုံတည် ဆောက်ဖို့ တောင်းဆိုလာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့အပတ်အတွင်းက ‘ဝ’ တပ်ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်တွေ ‘ဝ’ ဌာနချုပ်ပန်ဆန်းမှာ တွေ့ဆုံတုန်းတောင်းဆိုခဲ့တဲ့ သတင်းပဲ ဖြစ်ပါ တယ်။

(၂) ဝ ဒေသနဲ့ ရှမ်းပြည်နယ်အတွင်းက အငြင်းပွားဖွယ် ရေအားလျှပ်စစ်စီမံကိန်း တွေအကြောင်း တစေ့တစောင်း
ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၄ ခုနစ် အောက်တိုဘာလက အစိုးရနဲ့ ဝ UWSA၊ မိုင်းလား NDAAစတဲ့ အဖွဲ့တွေတွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ အစိုးရဘက်ကတော့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ်ဦးသိန်းဇော် ကဦးဆောင်ခဲ့သလို ဦးခင်မောင်စိုး၊ ဦးဝင်းမြင့်စတဲ့ ဦးသိန်းစိန်အစိုးရရဲ့ ဝန်ကြီးတွေ၊ တပ်မတော်ဘက်က အရာရှိတွေ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း စဝ်အောင်မြတ်စတဲ့ ပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ပါတယ်။ ‘ဝ’နဲ့ မိုင်းလားအဖွဲ့တွေဘက်က တော့ ‘ဝ’ရဲ့ လက်ရှိမှာ အာဏာအရှိဆုံးလို့ဆိုနိုင်တဲ့ ဦးရှောက်မီလျှံ ကိုယ်တိုင်တက်ရောက်ခဲ့သလို (ဦးပေါက်ယူချန်းက ကျန်းမာရေးအခြေနေအရ ကိစ္စတော်တော်များများမှာ ပါဝင်ဆောင်ရွက်မှုမရှိနိုင်တော့) မိုင်းလား NDAAအဖွဲ့ဘက်ကတော့ ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းလင်းကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။
တစ်ဖွဲ့ချင်းစီအလိုက် တင်ပြချက်တွေထဲမှာ စိတ်ဝင်စားစရာ အချက်အနေနဲ့ UWSA’ဝ’ တပ်ဖွဲ့ကနေ သံလွင်မြစ်လက် တက်ပေါ်မှာ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့နဲ့ သီပေါမြို့နယ်က ဒုဌဝတီမြစ်ပေါ်မှာ ရေအားလျှပ်စစ် ဓာတ် အားပေးစက်ရုံတည်ဆောက်ဖို့ဆိုတဲ့ ကိစ္စ တွေပဲဖြစ်ပါတယ်။
သီပေါမြို့နယ်မှာ ‘ဝ’ တပ်ဖွဲ့က လျှပ် စစ်ဓာတ်အားစီမံကိန်းတည်ဆောက်ဖို့ ကိစ္စမှာဆိုရင် ကွင်းဆင်းလေ့လာဆောင် ရွက်ဖို့ရှိနေပေမဲ့ ဦးယွက်စစ်ရဲ့ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ကတားဆီးမှုတွေပြုလုပ်တာကြောင့် ကွင်း ဆင်းလေ့လာမှုတွေ ဆောင်ရွက်နိုင်တာမရှိသေးဘူး။ ဒါကြောင့် အဲဒီကိစ္စအကောင်အထည်ဖော်နိုင်ဖို့ တောင်းဆိုတယ်လို့ ‘ဝ’ တပ်ဖွဲ့ တာဝန်ရှိသူတွေက တင်ပြခဲ့ပါတယ်။
သီပေါဆိုတာ အစဉ်အဆက် ရှမ်းစော်ဘွားတွေနေရာစိုက်ခဲ့တဲ့ ဒေသလည်းဖြစ်ပါတယ်။ ဒေသတွင်းအရေးလေ့လာ သူတွေကတော့ သီပေါမြို့နယ်က ဒုဋ္ဌဝတီမြစ်ပေါ်မှာဆောက်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းဟာ ‘ဝ’ ရဲ့ စီမံကိန်းလို့လည်းဆို နေကြပါတယ်။ ၂ဝ၁၆ ခုနစ် စက်တင်ဘာလ ၂၆ ရက်နေ့ကပဲ သီပေါမြို့နယ်တာလုံ ကျေးရွာကဒေသခံရှမ်းရွာသား ၅ဝဝ လောက်ဟာ နမ္မတူမြစ် (ခ) မြစ်ငယ် (ခ) ဒုဋ္ဌဝတီမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ အထက်ရဲရွာ ရေကာတာနဲ့ ဝ တပ်ဖွဲ့က ဆောက်လုပ်နေတဲ့ သီပေါမြို့နယ်က လျှပ်စစ်ဓာတ်အားစီမံကိန်းအပါအဝင် စီမံကိန်းအားလုံးရပ်တန့်ပေးဖို့အတွက် ဆန္ဒပြခဲ့ ကြပါတယ်။
သူတို့နေထိုင်တဲ့ တာလုံကျေးရွာဟာ မြစ်ငယ်မြစ်ပေါ်က လျှပ်စစ်ဓာတ်အား စီမံကိန်းကြောင့် ရေနစ်မြုပ်ရမဲ့ ကျေးရွာ ဖြစ်ပါတယ်။ သူတို့ရပ်တန့်ခိုင်းတဲ့ စီမံကိန်းဟာ တရုတ်ကုမ္ပဏီတွေက တည်ဆောက်နေပြီး တိုင်းတာမှုတွေပြုလုပ်တဲ့ ကုမ္ပဏီ တွေထဲမှာ ဆွစ်ဇာလန်၊ ဂျာမနီစတဲ့ကုမ္ပဏီအချို့လည်းပါဝင်ပါတယ်။ မြစ်ငယ်မြစ် (ခေါ်) ဒုဋ္ဌဝတီမြစ်ပေါ်မှာ တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်းကတော့ လေး၊ ငါးခုရှိနေပြီး အများစုက ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ‘ဝ’ တပ်ဖွဲ့နဲ့သက်ဆိုင်တယ် ဆိုတဲ့ အထက်မှာဖော်ပြခဲ့တဲ့ စီမံကိန်းတွေထဲမှာ သီပေါမြို့နယ်ထဲက ဒုဋ္ဌဝတီမြစ်ပေါ်က စီမံကိန်းလည်းပါဝင်ပါတယ်။ အခု အဲဒီစီမံ ကိန်းကို ၂ဝ၂ဝ – ၂ဝ၂၁ ဘဏ္ဍာနှစ်မှာ အပြီးတည်ဆောက်မယ်လို့ ၂ဝ၁၆ ခုနစ် စက်တင်ဘာလထုတ် နိုင်ငံပိုင် သတင်းစာမှာလည်း ဖော်ပြလာတာသတိထားမိပါတယ်။
၂ဝ၁၅ ခုနစ် ဒီဇင်ဘာလမှာတော့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့တဲ့ RCSS/SSA ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီတပ်ဖွဲ့တွေဟာ တရုတ်နယ်စပ်နမ့်ခမ်းမှာ ပြန်လည်အခြေချဖို့ကြိုးစားရင် တအာင်း ပလောင် TNLA/PSLF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ကာ ၂ဝ၁၆ ခုနှစ်အကုန်လောက်အထိပါပဲ။ တစ်ချိန်က ရှမ်း မြောက်မှာ RCSS/SSA တပ်တွေအနည်းငယ်သာရှိပေမဲ့ အင်န်စီအေလက်မှတ်ရေးထိုးပြီးချိန်ကစလို့ အလုံးအရင်းနဲ့ ရောက်ရှိ လာပါတယ်။ တချို့ကလည်း အင်န်စီအေ လက်မှတ်ထိုးထားတဲ့ အားသာချက်အသုံးပြုပြီး စစ်တပ်ခွင့်ပြုချက်နဲ့ ရောက်လာ တာလို့ စွပ်စွဲကြတယ်။
RCSS/SSA အဖွဲ့အနေနဲ့ ၂ဝဝ၉ ခုနစ်ကလည်း အရှေ့တောင်အာရှအကြီးဆုံးရေကာတာ ဖြစ်လာဖွယ်ရှိနေတဲ့ သံလွင်မြစ်ပေါ်က မိုင်းတုံတာဆန်းလျှံစီမံကိန်း (လျှပ်စစ်ကို တရုတ်နဲ့ ထိုင်းကို ရာခိုင်နှုန်း ၉ဝပေးပို့ဖို့သဘောတူထား) တိုင်းတာမှုတွေ ပြုလုပ်ဖို့လာတဲ့ တရုတ်အင်ဂျင်နီယာတွေကို ဖမ်းဆီးခဲ့ပါသေးတယ်။ (နောက်ပိုင်းမှာပြန်လွှတ်ပေးခဲ့) RCSS/SSA အဖွဲ့နဲ့ UWSA ‘ဝ’တပ်ဖွဲ့အကြား လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝအတွင်း ဆယ်စုနှစ်တစ်စုကျော်အကြာ နှစ်ဖွဲ့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် တရုတ်နဲ့ ‘ဝ’ရဲ့ စီမံကိန်းတွေရှိနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မြစ် ငယ်မြစ်တစ်လျှောက် ဧရိယာတွေမှာ RCSS/SSA ရှမ်းတောင်တပ်ဖွဲ့က အပြည့်အဝနေရာဝင်ယူဖို့ ကြိုးစားသလားဆိုတာ လည်း မေးခွန်းထုတ်စရာရှိနေပါတယ်။ ‘ဝ’ နဲ့ တအာင်းပလောင်TNLA တပ်ဖွဲ့တို့ဟာ မြောက်ပိုင်း FPNCC အဖွဲ့ဝင် မဟာမိတ် တွေလည်းဖြစ်ပါတယ်။

(၃) လတ်တလော ဝ တောင်းလာတဲ့ မန်တွန်း
လတ်တလောမှာ ဝ တောင်းလာတဲ့ မန်တွန်းရေကာတာဟာ လားရှိုးမြို့ရဲ့ အရှေ့ဘက်တည့်တည့် သံလွင်မြစ်အရှေ့ ဘက်ခြမ်းမှာ တည်ရှိတာဖြစ်ပါတယ်။
မန်တွန်းဆိုတာ ‘ဝ’ရဲ့ အုပ်ချုပ်မှုအရ မိုင်းမောဒေသအတွင်းမှာ ကျရောက်နေတဲ့ ဒေသဖြစ်ပြီး သံလွင်မြစ်နဲ့ ၁ဝ မိုင်တောင် မဝေးပါဘူး။ ‘ဝ’တပ်ဖွဲ့ရဲ့ တင်ပြမှုတွေထဲမှာ တော့ ‘ဝ’ဒေသ ဖွံ့ဖြိုးလာတာနဲ့အမျှ စွမ်းအင်လိုအပ်လာတဲ့အတွက် ကီလိုဝပ် ၆သောင်းထုတ်နိုင်တဲ့ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့ ခွင့်ပြုပေးရန်ဆိုပြီး အစိုးရဘက်ကို တင်ပြခဲ့တာဖြစ်ပါတယ်။
ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ပေါ်မှာ သံလွင်ရေကာတာတွေ တည်ဆောက်ဖို့လျာထားတာ ၄ ခုရှိပြီး ကွန်လုံ၊ နောင်ဖ၊ မဂ္ဂဝပ် ၂ဝဝ ထွက်မယ့် မန်တွန်းနဲ့ တာဆန်း (မိုင်းတုံ)တို့ဖြစ်ပါတယ်။ နောင်ဖစီမံကိန်း ရပ်တန့်ဖို့နဲ့ မိုင်းတုံ(တာဆန်း) စီမံကိန်းရပ်တန့်ဖို့ ဆန္ဒပြပွဲတွေက မကြာခဏဖြစ်ပွားနေတာကိုလည်း သတိထားမိပါတယ်။ တကယ်တော့ မန်တွန်းက ‘ဝ’ နယ်ထဲရောက်နေပေမဲ့ သံလွင်နဲ့ အလွန်နီးတဲ့ အတွက် မြစ်ဆုံမြစ်ညာဒေသ မေခ မလိခ မြစ်ဒေသကဆည်တွေနဲ့ စီမံကိန်း လိုပဲ မန်တွန်းမှာ ဆည်ဆောက်လိုက်ရင် သံလွင် အတွက် သေချာပေါက် အကျိုးသက်ရောက်မှုတော့ရှိမှာဖြစ်ပါတယ်။ ပိုဆိုး တာက သံလွင်အရှေ့ဘက်က ‘ဝ’ နယ်တွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေလည်း ကျန်တိုင်းရင်းသားဒေသတွေလိုရှိတာ မဟုတ်ပါဘူး။ ‘ဝ’ က တောင်းဆိုထားတဲ့ မန်တွန်းကိုလည်း သံလွင်စီမံကိန်းအဖြစ်သာ လေ့လာသူတွေနဲ့ သဘာဝပတ်ဝန်း ကျင်ရေးရာကျွမ်းကျင်သူတွေက သတ်မှတ်ထားတာပါ။
ရှမ်းပြည်နယ်အတွင်းက သံလွင်စီမံကိန်းအားလုံးရဲ့နီးပါး ရင်းနှီးမြှုပ်နှံသူဟာ အခု ‘ဝ’ တောင်းတဲ့ မန်တွန်းမှအပ ထုံးစံအတိုင်း တရုတ်ဖြစ်ပြီး ထွက်ရှိတဲ့ လျှပ်စစ်အားလုံးနီးပါးဟာ တရုတ်နဲ့ ထိုင်းနိုင်ငံကိုရောက်ရှိဦးမှာပါ။ နောင်ဖ စီမံကိန်း ဟာ လားရှိုးနဲ့ ဟိုပန်မြို့နယ်အကြား သံလွင်မြစ်ပေါ်မှာတည်ရှိပြီး ၂ဝဝ၉ ခုနစ်က စစ်အစိုးရနဲ့ တရုတ်အစိုးရအကြား နား လည်မှု စာချွန်လွှာ ရေးထိုးခဲ့တာပါ။ နောင်ဖ စီမံကိန်းအရှေ့ဘက်မှာတော့ ‘ဝ’ ဒေသရှိပြီး၊ သံလွင်မြစ် အနောက်ဘက်ကမ်း ကတော့ ရှမ်းနဲ့ တအာင်းပလောင် လက်နက်ကိုင်တွေ လှုပ်ရှားရာဒေသ ဖြစ်ပါတယ်။ မဂ္ဂါဝပ် ၁၂ဝဝ ထွက်ရှိမယ့် လျှပ်စစ် ဓာတ်အားတွေကို တရုတ်နိုင်ငံက ရာခိုင်နှုန်း ၉ဝရရှိမှာပါ။
မြန်မာပြည်က ဖြစ်ရပ်တွေနဲ့ဆန့်ကျင်ဘက်အနေနဲ့ တရုတ်နိုင်ငံမှာတော့ သံလွင်မြစ်ပေါ်မှာ ဆည်တွေတည်ဆောက် ဖို့ရည်ရွယ်ခဲ့ပေမဲ့ ဒေသခံတွေရဲ့ အကြီးအကျယ် ကန့်ကွက်မှုတွေကြောင့် ဆောက်လက်စဆည်တွေဆောက်ပြီးသွားတဲ့ ဆည်တွေပါ ပြန်ဖျက်ခဲ့ရပါတယ်။
တဖက်မှာလည်း သံလွင်မြစ်တစ်လျှောက်မှာ အလွန်ရှားပါးတဲ့ မျိုးစိတ်တွေ၊ ပန်းမန်တွေရှိတဲ့အပြင် မတူကွဲပြား ရှေးကျတဲ့ မျိုးနွယ်စုတွေ မှီတင်းနေထိုင်ကြတာကြောင့် သံလွင်ကို UNESCOရဲ့ ထိန်းသိမ်းဧရိယာအဖြစ် တရုတ်နိုင်ငံမှာ သတ်မှတ်ထားခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံမှာ ဆောက်ခွင့်မရှိတော့တဲ့အတွက် မြန်မာနိုင်ငံကနေထုတ်ယူဖို့ စဉ်းစား တာလားဆိုတာ သံသယဝင်စရာရှိပါတယ်။ မြစ်အနေအထားပြောင်းသွားရင် သံလွင်အထက်ပိုင်းက တရုတ်ပြည်တွင်းမှာ ဆက်ဆောက်ဖို့ အလားအလာရှိသွားနိုင်မလားဆိုတာကလည်း စဉ်းစားစရာဖြစ်ပါတယ်။ ထူးခြားချက်အဖြစ်ရှိနေတာက ရှမ်းပြည်နယ်အတွင်းက သံလွင်စီမံကိန်းတွေထဲက သုံးခုလောက်ဟာ ‘ဝ’ တပ်ဖွဲ့ UWSA ရဲ့နယ်မြေတွေနဲ့ ဆက်စပ်တဲ့ နယ်မြေတွေနားမှာ တည်ရှိနေတာဖြစ်ပါတယ်။
သံလွင်မြစ်ဝှမ်းတစ်လျှောက်မှာ တစ်နေရာမရ တစ်နေရာဆောက်ဖို့ စီစဉ်နေကြသလားဆိုတာလည်း စဉ်းစားစရာဖြစ် လာပါတယ်။
ရှမ်းလူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ၂ဝ၁၆ ခုနစ် စက်တင်ဘာလ ၂၈ ရက်နေ့ကဖြန့်ဝေတဲ့ သံလွင်ရေကာတာနဲ့ပတ်သက်တဲ့ အချက်အလက်မှာကြည့်မယ်ဆိုရင် ဒေသခံလူထုကို ထိခိုက်စေသည့်တိုင် UWSAအား တရုတ်၏ ဖိအားပေးမှုကို ဝေဖန်သင့်သည်ဆိုပြီး ဖော်ပြထားပါတယ်။
UWSA ‘ဝ’ တပ်ဖွဲ့အနေနဲ့ အဲဒီသဘောအတိုင်းသာ ဆက်လက်ရပ်တည်မယ်ဆိုရင် သံလွင်ရေကာတာကို ဆန့်ကျင် တဲ့ အခြားမျိုးနွယ်စုတွေရဲ့ သဘောဆန္ဒနဲ့ဆန့်ကျင်နေတယ်။ တိုင်းရင်းသားတွေအကြား သွေးကွဲပြီး ငြိမ်းချမ်းရေးရစေမှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။

(၄) သံလွင်စီမံကိန်း ဆက်လုပ်မယ်ဆိုရင် ရင်ကြားစေ့ရေး ထိခိုက်နိုင်တယ်ဆိုတဲ့ ဦးခွန်ထွန်းဦး
တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒတွေမပါဘဲ သံလွင်မြစ်ပေါ်မှာ ဆည်စီမံကိန်းတွေ ဆက်လက်ဆောင်ရွက်မယ် ဆိုရင် အမျိုးသားရင်ကြားစေ့ရေးထိ ခိုက်နိုင်မယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ၂ဝ၁၆ခုနစ် စက်တင်ဘာလ ၂၈ ရက်က ပြောပါတယ်။
သူပြောခဲ့တာက ‘တိုင်းရင်းသားအား လုံးနယ်မြေတွေမှာ ပစ္စည်းထုတ်တယ်။ တိုင်းရင်းသားတွေအတွက် ဘာမှလည်း ခံစားခွင့်မရှိဘူး။ ဒုတိယတာဝန်ဖြစ်တဲ့ တန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တည်ဆောက်မယ်ဆိုရင် ဘယ်လိုလုပ် ရှောရှော ရှူရှူသွားလို့ရမလဲဆိုတာ မေးခွန်းထုတ် စရာဖြစ်လာပြီ၊ သံလွင်ကို ဆည်တွေဆောက်ရမယ်။ ကျွန်တော်တို့ ခံစားခွင့်အရ သက်ဆိုင်ရာ တိုင်းရင်းသားတွေရဲ့ ဆန္ဒမပါဘဲ ဆက်သွားဖို့ဆိုရင် အမျိုးသားရင်ကြားစေ့ရေးဆိုတာ ကြာသထက်ကြာသွားဦး မယ်။ ကံဆိုးရင်လည်း ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်။’လို့ ဦးခွန်ထွန်းဦးက ၂ဝ၁၆ ခုနစ် စက်တင်ဘာလ ၂၈ ရက်က သံလွင်ဆည်ကြောင့် ကျွန်းတစ်ထောက်ကွယ်ပျောက်တော့မယ်ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ပြသတဲ့ အခမ်းအနားမှာပြောပါတယ်။
ရှမ်းအင်အားစုတွေကတော့ အစိုးရသစ်က သံလွင်စီမံကိန်းတွေ အကုန်လုံးကိုဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်ရင်လည်း ဒေသခံပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဆက်လက်ဆန့် ကျင်သွားမယ်လို့ဆိုပါတယ်။
တစ်ချိန်က အင်န်အယ်လ်ဒီရဲ့ ကာလရှည်မဟာမိတ်ဟောင်း ရှမ်းအင်အားစုတွေနဲ့ သံလွင်ရေကာတာ ကိစ္စတွေမှာ အင်န်အယ်လ်ဒီအစိုးရ အခန့်မသင့် ထိပ်တိုက်တွေ့နိုင်တဲ့အခြေအနေလို့ဆိုရမှာပါ။
ရှမ်းမှာရှိတဲ့ လျှပ်စစ်စီမံကိန်းတွေအတော်များများကို ရှမ်းအင်အားစုတွေအပါ အဝင်ဒေသခံတွေ ကန့်ကွက်နေတာ သိပ်တော့မဆန်းပါဘူး။ အများစုဟာ နှစ်ပေါင်းများစွာစီမံကိန်းကြောင့် နေရပ်စွန့်ခွာပေးရတဲ့ ဒဏ်လျော်ကြေး ကုစားမှုတွေ မရတဲ့ ဒဏ်ကိုယ့်ဒေသကထွက်ရှိတဲ့ လျှပ်စစ်၊ ဥပမာ လောပိတလျှပ်စစ်ဆိုရင် ဘီလူးချောင်းက ရှမ်းပြည်နယ်ကနေ လောပိတအတွက် ရေကာတာဖြစ်တဲ့ မိုးဗြဲရေကာတာက ရှမ်းပြည်နယ်အတွင်းမှာရှိပေမဲ့ ဒေသခံတွေ လျှပ်စစ်မရတာတွေရှိ ခဲ့တာ၊ ကျိုင်းတောင်းရေအား လျှပ်စစ်စီမံကိန်းဆိုရင်လည်း ရှမ်းမှာပဲရှိပေမဲ့ အနီးနားကရွာတွေ လျှပ်စစ်မရစတဲ့ ကိစ္စရပ် ပေါင်းမြောက်မြားစွာ ကြုံဖူးတာကြောင့်ဖြစ်ပါတယ်။
ပြီးတော့ စီမံကိန်းအကြောင်းပြစစ်ဆင်ရေးထိုးတာ၊ စီမံကိန်းနယ်မြေကနေအထက်စီးယူပြီး အခိုင်အမာစခန်းတွေ တည်ဆောက်ပြီး ပစ်ခတ်တာ စတဲ့ကိစ္စရပ်တွေကို နှစ်ပေါင်းများစွာကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။ အခုသံလွင်စီမံကိန်း ကြောင့် ဖယ်ပေးရမယ့် ကွန်ဟိန်းဒေသဆိုရင် စစ်အစိုးရလက်ထက် ၁၉၉၆ နဲ့ ၉၈ ခုနစ် ဝန်းကျင်တွေတုန်းက တပ်မတော်ရဲ့ ဖြတ်လေးဖြတ် စီမံချက်ဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ဒေသလည်းဖြစ်ပါတယ်။
အခုထိလည်း EIA၊ SIA လုပ်နေတာတွေက ပွင့်လင်းမြင်သာမှုမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ် အတွင်းမှာ ထိုင်းတာဝန်ရှိသူအချို့က မိုင်းတုံရေကာတာ တည်ဆောက်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ဖွယ်ရှိတယ်လို့ ထိုင်း အစိုးရနဲ့ နီးစပ်သူအချို့ကဆိုပါတယ်။
ဦးခွန်ထွန်းဦးပြောစကားအရဆိုရင် ရှမ်းမှာရှိတဲ့ အင်အားစုတော်တော်များများက စီမံကိန်းတွေကို ကန့်ကွက်မယ့် သဘောရှိပါတယ်။
( ၅) ရေကာတာစီမံကိန်း အသံပျောက် ‘ဝ’နဲ့ စဉ်းစားစရာတွေ
ကချင်မှာဆိုရင်လည်း ဧရာဝတီမြစ်ဆုံစီမံကိန်းကို အစောဆုံးကန့်ကွက်ခဲ့တာ ကချင်လွတ်မြောက်ရေး တပ်မတော် ကေ အိုင်အေဖြစ်ပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ စည်းရေးကိစ္စမပေါ်ပေါက်ခင် ၂ဝဝ၇ ခုနစ်လောက်ကတည်းက ဒီစီမံကိန်း တွေမလုပ်ဖို့ ကေအိုင်အေဥက္ကဋ္ဌဦးဇောင်းဟရားက စစ်အစိုးရဆီ မေတ္တာရပ်ခံခဲ့တာပါ။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဆိုရင်လည်း နောင်ဖရေကာတာ စီမံကိန်းတွေကို အပြင်းအထန်ကန့်ကွက် ခဲ့ဖူးပြီး ၂ဝ၁၃ ခုနစ်က အဲဒီစီမံကိန်းနယ်မြေတွေနားမှာ အစိုးရတပ်နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီတပ်တွေအကြား တိုက်ပွဲ တွေအပြင်းအထန်ဖြစ်ခဲ့ပြီး ဒေသခံတွေ ထောင်နဲ့ချီနေရပ်စွန့်ခွာ ထွက်ပြေးမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။
ကရင်ဒေသမှာဆိုရင်လည်း သံလွင်စီမံ ကိန်းကိစ္စကို ကရင်လူမှုအဖွဲ့အစည်းတွေက ကန့်ကွက်နေတာပါ။
မြန်မာပြည်က တိုင်းရင်းသားအင်အားစုတော်တော်များများကတော့ အငြင်းပွားဖွယ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ သဘာဝ အရင်းအမြစ်အခြေပြု စီမံကိန်းတွေကို နိုင်ငံရေးသဘောတူညီချက်တွေ မရမချင်း ရပ်ထားဖို့ တောင်းဆိုနေတာကို မကြာခဏ သတင်းတွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ တိုင်းရင်းသားအင်အားစုတွေထဲမှာ အဲဒီလို အငြင်းပွားဖွယ် စီမံကိန်းတွေနဲ့ပတ်သက်လို့ အသံပျောက်နေ တာက ‘ဝ’ UWSAဦးဆောင်တဲ့ အုပ်စုတွေပဲဖြစ်ပါ တယ်။ သေချာကြည့်မယ်ဆိုရင် သံလွင်စီမံကိန်းရပ်တန့်ရေး လှုပ်ရှားမှု တွေမှာ ကိုးကန့် MNDAAအပါအဝင်၊ ‘ဝ’ အဖွဲ့အစည်းတွေ အသံတိတ်နေတာတွေ့နေရပါတယ်။
တစ်နည်းအားဖြင့်ဆိုရရင် သံလွင်ဟာ ပြည်ထောင်စုမြစ်လို့တောင်ဆိုနိုင်ပါတယ်။ ပြန်ကြည့်မယ်ဆိုရင် ရှမ်းပြည်နယ် အတွင်း အင်အားအကြီးဆုံးဖြစ်တဲ့ UWSA’ဝ’ တပ်ဖွဲ့ဟာ အငြင်းပွားဖွယ် တရုတ်စီမံကိန်းတွေ လူထုကဆန့်ကျင်နေတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့တည်ဆောက်တဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ လိုလားသယောင် သံယောင်လိုက်နေတဲ့ကိစ္စက တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးအတွက် ပြဿနာရှိရုံမက ပထဝီနိုင်ငံရေးအရပါ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။
ကိုစိုင်း(ရှမ်းမောမြေ)