တရုတ်ပြည်က ရွှေ့ပြောင်းအလုပ်သမားများ၏ ကြေမွသွားသော အိပ်မက်များ

အသက်၂၀ကျော်အရွယ် ကိုယော်လန်းသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်နေထိုင်သူတစ်ဦးဖြစ်သည်။ မြစ်ကြီးနားမြို့တွင် အလုပ်အကိုင်ရှားပါးမှုကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အလုပ်သွား လုပ်ရန် ဆွေမျိုးများ၏ ဆက်သွယ်မှုဖြင့် လွန်ခဲ့သည့် ၂၀၁၈ခုနှစ် ဇွန်လ၌ သူနေထိုင်ရာ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်မှ တစ်ဆင့်ဗန်းမော်မြို့နယ်ခွဲ လွယ်ဂျယ်နယ်စပ်ဂိတ်မှ ဖြတ်ကျော်ကာ တရုတ်ပြည်တွင် သွား ရောက်လုပ်ကိုင်လေသည်။

ယူနန်ပြည်နယ် ယင်ကျန်းမြို့တို့ရောက်လျှင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် နှစ်ပတ်ကျော်ကြာ လုပ်ကိုင်ပြီး လုပ်အားခနည်းသဖြင့် တခြား ဆောက်လုပ်ရေး ကုမ္ပဏီသို့ ပြောင်းရွှေ့လုပ်ကိုင်လေသည်။ ထိုလုပ်ငန်း၌လည်း လုပ်အား ခမရခဲ့ပေ။ ထိုကုမ္ပဏီသို့ဝင်လိုက်သည့် နေ့မှစ၍ ကိုယော်လန်းအတွက် ကံဆိုးမိုးမှောင်ကျခဲ့လေသည်။ အလုပ်ရှင်က လုပ်အားခမပေးခြင်း စသည့်လုပ်ရပ်များဖြင့် သူတို့ကို ခေါင်းပုံဖြတ်လာကြသည်။ ကိုယော်လန်းက သူတရုတ်ပြည်မှာ သူ့လုပ် အားခ မရလိုက် ခံစားချက်က ၀မ်းနည်းမျှော်လင့်ချက်မဲ့နေကြောင်း မျက်ဝန်းဆီက တွေ့နေရသည်။

“သူဌေးကလည်း သူပိုက်ဆံရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ကိုလုပ်အားခမရှင်းပေးဘူး။ ကျွန်တော့်လုပ်အားခငွေ ဆိုရင် ယွမ်၂၀၀၀ကျော် လောက်ရှိတယ်။ သူဌေးကမပေါ်လာဘူး။ ကျွန်တော်တို့ကို တမင်သက်သက် ရှောင်နေတယ်။ ကျွန်တော်လုပ်ထားတဲ့ လုပ်အားခငွေသူတို့ဆီက ယူဖို့စောင့်တာ တကယ်ရူးတောင်ရူးချင်လာတယ်”ဟု ကိုယော်လန်းက ပြောသည်။

အခြားသူများလည်း လုပ်အားခ ယွမ်ငွေ တစ်သောင်းကျော် ထိုသူဌေးထံ၌ရရန်ရှိလေသည်။ ထိုဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အလုပ်သမားများသည် သူတို့လုပ်ထား သမျှငွေမရသဖြင့် တစ်ခါတစ်ရံ တစ်ပတ် နှစ်ပတ်ခန့်အလုပ်မဆင်းဘဲ အလုပ်ရှင်များကို ဆန္ဒပြကြသည်။ ထိုသို့ လုပ်ရပ်မျိုးဖြင့် ဆန့်ကျင်လျှင်လည်း မရရှိကြပေ။ အလုပ်ရှင်များက အချိုသတ်ပြီး နည်းမျိုးစုံဖြင့် လိမ်လည်ကာ ခေါင်းပုံဖြတ်ကြလေသည်။

“ကျွန်တော်တို့ကို ပေးမယ်ပေးမယ်ဆိုပြီး တစ်လရွှေ့ နှစ်လရွှေ့လုပ်ပြီး အချိန်ဆွဲကြတယ်”ဟု ကိုယော်လန်း က ဆိုသည်။

တချို့ အလုပ်သမားများက နှစ်ပတ်ခန့်လုပ်ပြီး ပိုက်ဆံမရနိုင်မှန်းသိနေသောကြောင့် အလုပ်ထွက်ကာ တခြား လုပ်ငန်းသို့ပြန်လည် လုပ်ကိုင်သွားခဲ့သည်။ သူတို့ မရလိုက်သည့် လုပ်အားခမှာ ယွမ်ငွေ၄၀၀ ကျော်လောက်ရှိသည်။ မိမိတို့၏ လုပ်အားခ ယွမ်ငွေ ၁၀၀၀ကျော်သွားလျှင်လည်း သူဌေးက ပေးမည်ဟု နည်းမျိုးစုံပြောနေ သောကြောင့် ဆက်လုပ် နေသူများနှင့် ၁၀၀၀ကျော်ကို အဆုံးရှုံးမခံနိုင်သောကြောင့် ဆက်လက်လုပ်ကိုင်သူများထဲတွင် ကိုယော်လန်းတစ်ဦးအပါ အ၀င် ဖြစ်လေသည်။ နှစ်လကျော်လာသော်လည်း ပိုက်ဆံမရသဖြင့် ကိုယော်လန်းတို့အဖွဲ့သည် အလုပ်ရှင်များကို ဆန္ဒပြ ကြသည်။

“ကျွန်တော်တို့ သုံးပတ်လောက် အလုပ်မဆင်းဘဲ ဆန်္ဒပြကြတယ်။ သူတို့က ထမင်းစရိတ် ရိက္ခာအတွက် တစ်နေ့ကို ယွမ်၂၀ဖြက်ပေးတယ်။ အဲ့လို ဖြက်ပေးတော့ ကျွန်တော်တို့အတွက် စိုးရိမ်လာတယ်။ ကျွန်တော်တို့ လုပ်အားခထဲက ဖြက်ပေးတယ်ဆိုတော့ မကောင်းဘူးဆိုပြီး အလုပ်ပြန်လုပ်ကြတယ်”ဟု ကိုယော်လန်းက ပြောသည်။

ယူနန်ပြည်နယ်တွင် မြန်မာနိုင်ငံမှ စစ်ကိုင်းတိုင် ရခိုင်ပြည်နယ် ကချင်ပြည်နယ် မန္တလေးတိုင်တို့မှ နိုင်ငံသားများ ပိုမို ပြီး ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ရွှေလီ, ယင်ကျန်း, ထိန်ချုံး, မန်ရှီ မြို့များတွင် လုပ်ကိုင်ကြသည်။ ထိုဒေသမှ တရုတ် ပြည်တွင် လာရောက်လုပ်ကိုင်သူများသည် လမ်းစရိတ် တစ်သိန်းကျော်ကုန်ကျကြောင်း သိရသည်။ ကချင်ပြည်နယ်မှ သွား ရောက်လုပ်ကိုင်သူများသည် ၅၀၀၀၀ကျော် တစ်သိန်းနီးပါးခန့် ကုန်သွားသူများလည်း ရှိသည်။ တချို့ အလုပ်သမားများသည် လမ်းစရိတ်ပင်မရရှိဘဲ အိမ်ပြန်သွား သူများလည်းရှိသည်။ လမ်းစရိတ်ခ ချေးယူမှု တောင်အကြွေးမကျေဘဲ ဒုက်္ခရောက်သူ များလည်းရှိသည်။

“တချို့တွေက မကြုံသေးတော့ တရုတ်ပြည်ကို အလုပ်အရမ်းသွားလုပ်ချင်ကြတယ်။ ကြုံဖူးမှသိမှာပါ”ဟု ကိုယော် လန်းက ရှင်းပြသည်။

ရွှေ့ပြောင်းအလုပ်သမားတို့၏ အခက်အခဲတစ်ခုမှာ တရုတ်ပြည်တွင်နေထိုင်ခွင့် လက်မှတ်မရှိသူများကို ပိုပြီး အလုပ် ရှင်များက ခေါင်းပုံဖြတ်ကြသည်။ အဆိုပါနေထိုင်ခွင့် လက်မှတ်ကိုင်ဆောင်သူသည် တစ်နှစ်သာ နေထိုင်ခွင့်ပြု ချက်ရှိပြီး သက်တမ်းကုန်ဆုံးပါကပြန်လည် လျှောက်ထားယူရသည်ဟု သိရသည်။ နေထိုင်ခွင့်စာအုပ် လျှောက်ထားစဉ် ကုန်ကျစရိတ် မှာ ယွမ်ငွေ ၇၀၀ထိရှိပြီး ကိုယ်သွားရောက်လုပ်ကိုင်နေသော လုပ်ငန်းရှင်က အာမခံပေးပြီး လုပ်ပေးလျှင် ယွမ်ငွေ၃၀၀သာ ကုန်ကျကြောင်းသိရသည်။ ပွဲစားမှတစ်ဆင့်လုပ်ခိုင်းလျှင် ထိုထက်ပိုကုန်ကျကြောင်း ရွှေ့ပြောင်း အလုပ်သမားများထံမှ သိရသည်။

“တရုတ်သူဌေးတွေက သူတို့ဆောက် လုပ်ရေးလုပ်ငန်း ပြီးခါးနီအချိန်ဆိုရင် လုပ်အားခရှင်းမပေးဘဲ နေထိုင်ခွင့်လက် မှတ်မရှိတဲ့အလုပ်သမားတွေကို ရဲလက်အပ် လိုက်ကြတယ်”ဟု ကိုယော်လန်းက ပြောသည်။

တရုတ်ပြည်နယ်စပ်မြို့များတွင် နေထိုင်ခွင့်လက်မှတ် ပြုလုပ်နေထိုင်မှု အမျိုးအစားကွဲပြားမှုရှိသည်။ ယူနန်ပြည်နယ် ရွှေလီမြို့တွင် နေထိုင်သူဖြစ်လျှင် ထိုနေရာရှိသက်ဆိုင်ရာ အာဏာပိုင်များထံ နေထိုင်ခွင့်လက်မှက် လျှောက်ထားရယူပြီး မြန်မာ ပြည်သူများ နေထိုင်ကြသည်။

“ယင်ကျန်းမှာ နေထိုင်ခွင့်လက်မှတ်လုပ်တယ်ဆိုရင် အဲ့ဒီယင်ကျန်းမှာပဲသွားလာနေထိုင်ရတယ်။ တခြားမြို့ကို သွား လာလုပ်ကိုင်ရင် တရုတ်ရဲတွေက ဖမ်းဆီးတာခံရတတ်တယ်”ဟု ယင်ကျန်းမြို့တွင်နေထိုင် သူရွှေ့ပြောင်းအလုပ် သမား ဒေါ်အင်အင်က ဆိုသည်။

ယူနန်ပြည်နယ်တွင် အများဆုံးသွား ရောက်လုပ်ကိုင်သည့်နေရာမှာ ဆောင်လုပ်ရေးလုပ်ငန်း၌ဖြစ်ပြီး အခြားအလုပ် များမှာ ပန်းသီးဖာလုပ်သည့် ကုမ္ပဏီ၊ သန်ရှင်းရေး ၀န်ထမ်းလုပ်ခြင်း၊ သံတိုသံစရောင်းဝယ်သည့် လုပ်ငန်း၊ ကြံရိတ်သိမ်း သည့် လုပ်ငန်းများ၌ လုပ်ကိုင်ကြသည်။ ၀င်ငွေအများဆုံးရသည့် လုပ်ငန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းဖြစ်သည်။ ပန်းရံ အလုပ်ဆင်းရာတွင် အလုပ်သမားတို့အတွက် အကာအကွယ်များလည်း ၀ယ်ပေးထားခြင်းမရှိကြောင်း သိရသည်။ မြန်မာ နိုင်ငံမှ ပြည်သူများသည် တစ်ဖက်နိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်စဉ် ခေါင်းပုံဖြတ်ခံရမှုများကိုမည်သို့ ဆောင်ရွက် သင့်ကြောင်းကို မူဝါဒချမှ သင့်ပေသည်။

အလုပ်သမားများသည် အခက်အခဲဖြစ်လျှင် တိုင်စရာနေရာ ရုံးအဖွဲ့အစည်းမရှိသဖြင့် ပိုပြီးဒုက္ခရောက်ကြရကြောင်း သိရသည်။ သူတို့အတွက် ထိုဒေသများတွင် အစိုးရက ဖြေရှင်းပေးနိုင်မည့် စင်တာများ ဖွင့်လှစ်ထားရှိပေးရန် မျှော်လင့်နေကြ သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဆောင်ရွက်ချက်ကိုတော့ ယခုအတိုင်း ဆောင်ရွက်နေပါကြောင်း ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။ သို့သော်လည်း မြေပြင်တွင် အဆင်မပြေမှုများကို ကျော်လွှား နိုင်ဖို့အခက်တွေ့နေရကြောင်းသိရသည်။

၂၀၁၉ခုနှစ်မှစ၍ အဓမ်္မခိုင်းစေမှုတိုင် ကြားချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု ဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaints Mechanism-NCM) ထူထောင်ရေး ဆောင်ရွက်လျက်ရှိရာ အဆိုပါ ယန္တရား ထူထောင်ဆဲ ကြားကာလတွင် အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အပါအ၀င် သက်ဆိုင်သည့် ၀န်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင် ဖွဲ့စည်းထားသော အလုပ် သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group-HLWG) မှ ကိုင်တွယ်ဖြေရှင်း ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အဓမ်္မခိုင်းစေမှု တိုင်ကြားချက်များကိုအောက်ဖော်ပြပါ ဖုန်းနံပါတ်နှင့် Email လိပ်စာများသို့ ဆက်သွယ် တိုင်ကြား နိုင်ပါကြောင်းသိရသည်။

067-3430184, 067-3430229, 067-3430274 [email protected],[email protected] research. [email protected] com

ခေါင်းပုံဖြတ်ခံရသော လုပ်အားခမရသော သူများကို ကူညီပေးဖို့ အဖွဲ့အစည်းများ ထိုင်းနိုင်ငံတွင် ရှိသော်လည်း ယူနန်ပြည်နယ်ထဲတွင် မရှိကြောင်းသိရသည်။ ယူနန်အစိုးရမှလည်း ကိုင်တွယ်ဖြေရှင်းမှုမရှိကြောင်း မျက်ကွယ်ပြုကြောင်း သိရသည်။ ထိုသို့ မတရားမှုများကိုသာ လက်ပိုက်ကြည့်နေရလေတော့သည်။ ထိုသို့သော် အလုပ်သမားများနှင့် သက်ဆိုင် သော ရုံးများ အဖွဲ့အစည်းများ မရှိသဖြင့် အိမ်သို့ ပြန်လာသောအခါ မျှော်လင့်ချက်မဲ့စွာဖြင့် ပြန်လာရသည်။ သူတို့သွားစဉ်က အိပ်မက်များသည် ပြတ်ပျယ်သွားခဲ့ရလေသည်။ တချို့က အိမ်မှာ မီတာဘောက်စ်တပ်ဆင်ဖို့ တချို့က အိမ်ဆောင်ဖို့၊ တချို့က ကိုယ့်ချစ်သူကို တောင်းရမ်းဖို့၊ ကွမ်းဖိုးစရိတ်များ၊ တချို့က ဆိုင်ကယ်ဝယ်စီးဖို့ အမျိုးမျိုးသော အိပ်မက် ကိုယ်စီတို့ သည် လေထဲပျောက် သွားခဲ့လေသည်။ မိသားစု မျှော်လင့်ချက် ဇနီးသည်၏ မျှော်လင့်ချက်မိဘများ၏ မျှော်လင့်ချက်လည်း သူတို့ ထမ်းမလာနိုင်ခဲ့ တော့ပါဘူး။

“ကျွန်တော်ကတော့ အခုချိန်ထိလုပ် အားခရဖို့မျှော်လင့်နေတယ်။ wechat အကောင့်ကနေ လွှဲပေးမယ်လို့တော့ ပြော နေတယ်”ဟု ကိုယော်လန်းပြောသည်။

 

ဆိုင်းဗျူ