ဒီတစ်ခါ ငဆိုက်အလှည့်

စိုပြေ

တကယ်တော့ စိုပြေမပြောချင်ဘူး။ ဘာလို့ မပြောချင်တာလဲဆိုတော့ အဆဲခံရမှာစိုးလို့။ ဒါပေမယ့် မပြောလို့လည်း မဖြစ်တော့ ပြောရဦးမယ်။ အခုတော့ YUPT ဆိုတဲ့ ကုမ္ပဏီတစ်ခုအကြောင်းပေါ့။

ရန်ကုန်တိုင်းဝန်ကြီးချုပ်က ကမကထပြုပြီး ဖွဲ့ထားတဲ့ကုမ္ပဏီ။ YBS ဆိုတဲ့ ရန်ကုန်ဘတ်စ်ကားတွေ ပြေးဆွဲတယ်။ ကုမ္ပဏီမှာ အစိုးရကလည်း ရှယ်ယာပါတယ်။ အပြင်က လူတွေကလည်း ရှယ်ယာပါတယ်။ အပြင် ရှယ်ယာရှင်တွေဆိုတာ မထသခေတ်တုန်းက အုံနာတွေကတော့ အများဆုံး။ အဲ့ အုံနာတွေဟာ သူတို့လိုင်းကား တွေရောင်းပြီး ထည့်ကြတယ်။ ဟိုးချေးဒီငှားနဲ့ ထည့်ကြတယ်။ ဘာလို့လဲဆိုတော့ မထသတုန်းက အမြတ်တွေ ကို သူတို့သိတာကိုး။ ဒါပေမဲ့ လက်တွေ့မှာတော့ အထင်နဲ့အမြင်တလွဲ။

အခုဆို YBS ကလည်း ၃နှစ်ကျော်ပြီ။ ရှယ်ယာရှင်တွေဟာ အစတုန်းကတော့ အမြတ်ဝေစုလေး ရလိုက်သေးတယ်။ သိန်း ၁၀၀- ၁၈၀ ထည့်ထားတဲ့လူက ၆သိန်းဆိုလား ရလိုက်တယ်တဲ့။ နောက်ပိုင်း ၃နှစ် ကတော့ မရတော့ဘူး။ ဘာကြောင့်မရလဲ ဆိုတာတော့ စိုပြေလည်းမသိ။ မြတ်ရင်တော့ ရှယ်ယာရှင်တွေကို အမြတ်ငွေတွေပေးမယ်ထင်တာပဲ။ အခုလိုမပေးတော့ ရှုံးနေလို့များလား။ အမြတ်အရှုံးကလည်း သေချာမေးမရ။ မြတ်သလား၊ ရှုံးသလားလည်းမသိ။

အဲဒါကြောင့်လည်း အရင်တစ်ပတ်က ရှယ်ယာရှင်တွေ တွေ့ဆုံပွဲမှာ ပြဿနာတွေတက်ကြတယ်။ ရန်ကုန်ဝန်ကြီးချုပ်ဖွဲ့ပေးထားတဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေ နုတ်ထွက်ဖို့၊ အကျိုးအမြတ်ရအောင်လုပ်ဖို့၊ ခွဲဝေပေး ဖို့၊ ဒါရိုက်တာအဖွဲ့ဝင်တွေပဲ လခတွေမယူကြဖို့။ အားရပါးရကို ရန်တွေဖြစ်ကြတာ။ ဒါရိုက်တာအဖွဲ့ အသုံးမကျ ဘူးဆိုပြီး လုပ်တာနဲ့ ပွဲပါပျက်ရော ဒါရိုက်တာအဖွဲ့ဝင်တွေခမြာ လှုပ်တောင်မလှုပ်နိုင်။

အခုတော့ ကားအုံနာတွေခမြာ YBS မှာ ပြေးဆွဲဖို့ YUPT နဲ့ ပူးပေါင်းမှပဲ လုံးပါး ပါးတော့တယ်။ အစကတည်းကသာ အုံနာလေးနဲ့ မောင်းနေရင် အဲ့လိုဘယ်ဖြစ်မလဲနော်။ အရင်ကဆို အုံနာခက တစ်ရက် လေး,ငါးသောင်းရတယ်။ အချို့လည်း ခုနစ်သောင်းလောက်အထိ ရကြတယ်။ ဘာမှလုပ်စရာမလိုဘူး။ အချိန် တန်ရင် ဒရိုင်ဘာဆီက ပိုက်ဆံလေးသိမ်းလိုက်ရုံပဲ။ ပိုတာ ဘာညာကတော့ ဒရိုင်ဘာနဲ့ စပယ်ယာခွဲယူကြ။ ပြင်တာ ဘာညာကုန်တာလည်း ရှိမှာပေါ့လေ။ အဲ့တုန်းကတော့ အေးဆေးပဲ။ အခုတော့ ကားအုံနာတွေခမြာ ၀န်ကြီးချုပ်ကိုယုံ၊ အပြောင်းအလဲကိုယုံ၊ အကုန်လုံးကို ယုံလိုက်တာ။ အုံနာခတွေတောင်မရတော့ ဘူးရယ်။

တကယ်တော့ ကားအုံနာတွေညံ့ တာပါ။ အစကတည်းကသာ YBS မှာမထည့်ဘဲ ဆိုက်ကားတွေဝယ်။ ဆိုက်ကားအုံနာလုပ်ရင် ဒီ့ထက်တောင်မယ်။ အပျက်အစီးလည်း စိတ်သိပ်မပူရ။ လိုင်စင်လည်းမလို။ ဖမ်းမှာ လည်း မပူရ။ ဆိုက်ကားတစ်စီး ၂သိန်းနဲ့ထောင်။ အုံနာခက တစ်ရက်ကို ၁၅၀၀။ ၁၀စီးမှ သိန်း၂၀။ ဒါဆို တစ်ရက်ကို တစ်သောင်းခွဲပုံမှန်ဝင်မယ်။ သိန်းတစ်ရာလောက်ရင်းပြီး ဆိုက်ကား အစီးငါးဆယ်လောက်ထောင်။ ဒါဆို တစ်ရက်ကို ၇၅၀၀၀၀င်မယ်။ ဆိုက်ကား အဲ့လောက်များရင်တော့ ဒီအတိုင်းပဲ မရဘူး။ လူမိုက်တစ် ယောက်လောက်ပါ ငှားရဦးမယ်။ နို့မို့ဆိုအုံနာခတွေမရဘဲ နေဦးမယ်။

အဲ့လိုမှ မဟုတ်လည်း လိုက်ထရပ်ကားလေးတစ်စီးဝယ်။ တာမွေမှာဂိတ်ထိုး။ တောင်ဒဂုံတို့၊ သန်လျင် တို့ကို အောက်ဆိုက်ကားဆွဲ။ သီရိမင်္ဂလာဈေးသစ်မှာ ဂိတ်ထိုး။ လှိုင်သာယာဘက်ကိုပြေး။ ဘယ်ကိုပဲဆွဲဆွဲ အေးဆေး။ ဒါပေမယ့် ကားသမားတွေ၊ စပယ်ယာတွေကို ထိန်းသိမ်းဖို့အတွက်ကတော့ လူမိုက်များများလိုတာ ပေါ့လေ။

YBS တွေက ငွေမရှာတတ်တာလားတော့ မသိ။ ညဘက်ဆိုကားတွေ မပြေးတော့ဘူး။ ဒါကလည်း အောက်ဆိုက်ကားတွေအတွက် အခွင့်အလမ်းပေးတာလည်း ဖြစ်နိုင်တာပဲလေ။ အဲ့တော့ အခု အမြတ်မရလို့ စိတ်ဆိုးနေတဲ့ ရှယ်ယာရှင်တွေအနေနဲ့ အမြန်ဆုံးပဲ ရှယ်ယာတွေ ပြန်ရောင်း။ အမြတ်တွေကို စိတ်ဝင်စားမနေနဲ့။ မြတ်ဖို့ကလည်း သိပ်မသေချာဘူး။

သာဓကတွေလည်းရှိတယ်လေ။ အစိုးရကိုယ်တိုင် စီးပွားရေးဝင်လုပ်နေရင် မြတ်တယ်ဆိုတာ မရှိ သလောက်ပဲ။ အခုဆို နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေ ပြုတ်သွားတာပဲကြည့်။ အဲ့တော့ အစိုးရကိုယ်တိုင် ၀င်လုပ်နေတဲ့ စီးပွားရေး။ ၀င်လုပ်နေတဲ့ လူတွေကလည်း သူတို့စီးပွားရေးမဟုတ်တော့ အေးဆေးပဲနေမှာပဲ။ ဒီတော့ ရှယ်ယာတွေ အမြန်ဆုံးပြန်ထုတ်။ ပြီးရင်ဆိုက်ကားတွေဝယ်ပြီး ဆိုက်ကားအုံနာလုပ်မလား။ ဒါမှမဟုတ် လိုက်ထရပ်တွေဝယ်ပြီး အောက်ဆိုက်ကားပြေးကြပေတော့။ အဲဒါက ငွေမြန်မြန်ရဖို့ သေချာတယ်။ ငွေမြန်မြန်ရ တယ်ဆိုပြီး အစိုးရပါက ဆိုက်ကားတွေထောင်။ YBS အောက်ဆိုက်တွေ ပြေးနေရင်တော့ ဒုက္ခပါပဲ။

 

စိုပြေ