ဒီမိုကရေစီအပြောင်းအလဲအား မည်သူစီမံခန့်ခွဲပိုင်ခွင့်ရှိနေသလဲ

 

၂၀၀၈ ခြေဥကို အမြန်ဆုံးပြင်ပစ်ရန် သို့မဟုတ် အသစ်ရေးဆွဲနိုင်ရန် မည်သည့် ကြိုးပမ်းမူမျိုးကိုမဆို မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်ဖြင့် ရာနှုန်းပြည့်တည် ဆောက်နိုင်ရေးအတွက် အရေးကြီးဆုံး  နိုင်ငံရေးလုပ်ငန်းစဉ်အဖြစ် ဒီမိုကရေစီကို လိုလားသူ တိုင်းထောက်ခံကြမည်သာဖြစ်သည်။ အမျိုးမျိုးသော ကြိုးပမ်းမှုများရှိနေကြသော်လည်း လက်တွေ့အခြေအနေ များအရ ၂၀၂၀မတိုင်မီ ပြင်နိုင်စရာအကြောင်းတော့လည်း မမြင်ပါ။ မည်သည့်အချိန်တွင် ပြင်နိုင်မည်ဟုလည်း မှန်းဆမရပါ။

အခြေအနေအရပ်ရပ်အရ ၂၀၀၈ အခြေခံဥပဒေအောက်မှပင် ရွေးကောက်ပွဲ ၀င်ရန်ဆုံးဖြတ်ခဲ့ပြီး ရသလောက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ကြိုးပမ်းရန်ရည်သန်သည်ဟု ပြည်သူလူထုက ယုံကြည်သဖြင့်  NLD ပါတီကို တစ်ခဲနက်မဲ ပေးရွေးချယ်ခဲ့ကြသည်။ လက်ရှိအခြေအနေအရ နိုင်ငံရေးအာဏာ ရယူထားနိုင်သော NLD ပါတီသည် လက်ကျန်သက်တမ်း အချိန်အတွင်း မိမိတို့ရွေးချယ်ခဲ့သော ၂၀၀၈ ခြေဥအောက်မှပင် ဒီမိုကရေစီအလေ့အကျင့်များကို ပျိုးထောင်ခွင့်များ ရှိသလောက်ရှိနေသည်ကို အသုံးပြုကြရန် တိုက်တွန်းလိုပါသည်။ အထူးသဖြင့် အုပ်ချုပ်ရေးအာဏာ ကျင့်သုံးခွင့်အတွင်းတွင် ဖြစ်သည်။

ဥပဒေပြုရေးအာဏာအတွင်းတွင် ၂၅ ရာခိုင်နှုန်းသောအာဏာကို တပ်မတော်က အခြေခံဥပဒေအရ အတိအကျ ရယူထား သော်လည်း အုပ်ချုပ်ရေးအာဏာအတွင်းတွင်မူ ထိုသို့အတိအကျရယူထားခြင်းမျိုး မတွေ့ရပါ။ လက်ရှိခြေဥပုဒ်မ ၂၀၂ အရ အုပ်ချုပ်ရေးအကြီးအကဲဖြစ်သူ သမ်္မတ၏လုပ်ပိုင်ခွင့် များစွာရှိပါသည်။ ပြည်ထောင် စုဝန်ကြီးဌာနများကို လိုသလို သတ်မှတ်နိုင်သလို ပြင်ဆင်သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ပုဒ်မ ၂၂၇အရ ပြည်ထောင်စုဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလိုဖွဲ့စည်းနိုင်သလို လုပ် ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်များသတ်မှတ်ပေးနိုင်သည်။ လိုအပ်သောဝန်ထမ်းများလည်း ခန့်ထားနိုင်သည်။ ထိုအခွင့်အာဏာ များကိုအသုံးပြုပြီး ဒီမိုကရေစီအုပ်ချုပ်ရေး ပြုပြင်ပြောင်း လဲမှုမျိုးကို မလုပ်နိုင်စရာမရှိ ဟု မြင်ပါသည်။

အခြားလိုအပ်နေသော ဒီမိုကရေစီကို ဦးတည်သည့် ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်နိုင်နေပါသည်။ အခြေခံ ဥပဒေကို ကာကွယ်မည်ဟုဆိုထားသော တပ်မတော်မှလည်း ထိုသို့ဆောင်ရွက်ခြင်းအပေါ် တစ်စုံတစ်ရာကန့်ကွက် ဟန့်တား ခြင်းပြုနိုင်မည်မဟုတ်ပါ။ နိုင်ငံတော်တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ် နေရာကို ရရှိထားသော သမ္မတသည် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲဖြစ်ရာ အစိုးရအဖွဲ့ကိုဦးဆောင်ပြီး ဥပဒေအရပြဋ္ဌာန်းထားသော အခွင့် အာဏာများအရ အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်၊ ညွှန်ကြားနိုင်ပါသည်။ ပုဒ်မ ၂၃၂(ခ) (၂)အရ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးခန့်ထားနိုင်ရန် ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်ဟုဆိုသော်လည်း အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးပြီး ပါက ထိုသူတို့သည်သမ္မတ၏ညွှန်ကြားချက်များကိုသာ မလွဲမသွေ အကောင်အထည်ဖော်ရမည်ဖြစ်ပါသည်။ ကာကွယ်ရေး ဦးစီးချုပ်မှ အမည်စာရင်းပေးပြီးနောက်ပိုင်းတွင် ထိုပုဂ်္ဂိုလ်တို့သည် တပ်မတော်မှ အငြိမ်းစားယူရန်မလိုဟု ၂၃၂ (ည) (၂) အရပြဋ္ဌာန်းချက်ရှိသဖြင့် ကာကွယ်ရေးဦးစီးချုပ်အမိန့်ကိုလည်း နာခံနေရနိုင်သည်ဟု အငြင်းပွားစရာ အခြေအနေရှိနေသော် လည်း (ထိုအချက်သည် တပ်မတော်၏ အမိန့်နာခံမှုသည် သက်ရောက်မှုများမည်သို့ရှိနေသည်ကို မသိနိုင်သဖြင့် ခြေဥ၏ မရှင်းလင်းဆုံးအချက်ထဲတွင်တော့ ပါနေသော်လည်း) ပြည်ထောင်စုဝန်ကြီးအနေဖြင့် လုပ်ငန်းဆောင်ရွက်နေချိန်တွင်တော့ အခြေခံဥပဒေအရ သမ္မတ၏ အုပ်ချုပ်ညွှန်ကြားမှုများကိုသာ တစ်သဝေမတိမ်းနာခံလျက် သမ္မတကို တာဝန်ခံရမည်ဖြစ် ကြောင်း ၂၀၀၈ ခြေဥအရ ရှင်းလင်းစွာသဘော ပေါက်နိုင်ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် အခြေခံဥပ ဒေအရ သမ်္မတကိုသာ တာဝန်ခံရမည်ဖြစ်ရာ အခြားသောနေရာများ၊ လူပုဂိ္ဂုလ်များမှ လျှို့ဝှက်ညွှန်ကြားချက်များ၊ ထိန်းချုပ်မှုများ ရှိမနေနိုင်ဟု ယူဆပါသည်။ အကယ်၍ ထိုသို့သော အခြေအနေများ ရှိနေမည်ဆိုပါကလည်း အခြေခံဥပဒေအရ လုံးဝတရားမ၀င်သလို ထိုကိစ်္စများကို သမ္မတ၏ဦးဆောင်မှု အောက်တွင်ရှိနေ သော ပြည်ထောင်စုဝန် ကြီးဌာနများတွင် လာရောက် အကောင်အ ထည်ဖော်ခြင်းများ လုံးဝလုပ်ပိုင်ခွင့်ရှိမနေပါ။

ပုဒ်မ ၂၃၅ (ဂ) (၁) အရ ပေးအပ်သော တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီးကို ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သလို ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုပါက တာဝန်မှရပ်စဲနိုင်သည်။ ရှင်းရှင်းဆို ရလျှင် သမ္မတညွှန်ကြားသည့်အတိုင်း မလုပ်ပါက ပြည်ထောင်စုဝန်ကြီး တစ်ဦးဦးကို တာဝန်မှ ရပ်စဲပစ်နိုင်သည်။ ပုဒ်မ ၂၃၅ (ဂ) (၂)အရ ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန် မှရပ်စဲခံရမည့် တပ်မတော်သားပြည်ထောင်စုဝန်ကြီးနှင့်ပတ်သက် လျှင် ကာချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဟု ဖော်ပြသည်။ ထိုဖော်ပြချက်အရ ညှိနှိုင်းဆောင်ရွက်ရမည်ဆိုသည်မှာ မူလ အမည်စာရင်းတင်သွင်းသူနှင့် အဆင်မပြေကြောင်း၊ မည်ကဲ့သို့သော တာဝန်ကျေပွန်မှုများမရှိသဖြင့် တာဝန်မှရပ်စဲရ ကြောင်း လုပ်ထုံးလုပ်နည်းများဖြင့် သဘောပေါက်အောင် ညှိနှိုင်းရန်သာ ဖြစ်သည်ဟု နားလည်သည်။ အထောက်အထား ခိုင်လုံ စွာဖြင့် သမ္မတ၏ညွှန်ကြားချက်ကို ကျေပွန်စွာ မဆောင်ရွက်ကြောင်းပြသနိုင်ပါက ကာကွယ်ရေးဦးစီးချုပ်သည်လည်း ငြင်းခွင့် ရှိမည်ဟုမယူဆပါ။ လူအစားထိုးအမည်စာ ရင်းထပ်ပေးရန်သာ ရှိသည်ဟု နားလည်ပါသည်။

ထိုလုပ်ပိုင်ခွင့်များအရ ဒီမိုကရေစီကို ဦးတည်သည့် ပြုပြင်ပြောင်းလဲမူများကို သမ္မတက ပြည်ထောင်စုဝန်ကြီး ဌာနများ အားလုံးတွင် အခြေခံဥပဒေပါလုပ်ပိုင်ခွင့် အာဏာများကို ကျင့်သုံးလျက်ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်သလို ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနများတွင်လည်း လက်တွေ့ အခြေအနေနှင့် သင့်တော်မည့် နည်းလမ်းများကို လိမ္မာပါးနပ်စွာသုံးပြီး ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ရေးဆွဲညွှန် ကြားကာ အကောင်အထည် ဖော်စေနိုင်နေပါသည်။

ယခုလတ်တလောတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေး ၀န်ကြီးဌာနအောက်မှ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန အောက်သို့ ရွှေ့ပြောင်း ခဲ့ခြင်းသည် ကြိုဆိုရမည့် အပြောင်းအလဲဖြစ်ပါသည်။ သို့သော် အပြောင်း အလဲကို စီမံခန့်ခွဲမှုတွင်တော့ အားမရလှပါ။ တစ်ထီးတစ်နန်း ဗျူရိုကရက်ဉာဉ်ဖြင့် အုပ်လိုက်မည်၊ ချုပ်လိုက်မည်ဆိုသည့် Mindset များလျော့နည်းသည်ထက် လျော့နည်းလာစေရန် လိုအပ်သည့်အပြောင်းအလဲ စီမံခန့်ခွဲမှု အစီအမံများကို တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်နေပါသည်။ ထွေ/အုပ်ဌာနကိုယ်ပိုင် သင်တန်းကျောင်းများကို ဒီမိုကရေစီမှုပြုပြီး ထွေ/အုပ်ဝန်ထမ်း များ အပါအ၀င်မည်သည့် ၀န်ထမ်းမဆို ပြည်သူကိုဝန်ဆောင်မှုပေးနေရသည့် သူများဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် အမှန် အတိုင်းနားလည်ရန် သင်ရိုးများကို ချက်ချင်းပြုပြင်ရန်လိုအပ်ပါသည်။ ထို့ပြင် ပြည်သူလူထုကိုနိစ္စဓူဝ ထိတွေ့ ၀န်ဆောင် မှုပေးနေရသော စည်ပင်သာယာရေး အဖွဲ့အစည်းများ၊ ကျေးလက်ဖွံ့ဖြိုးရေးဌာနများ စသည်တို့တွင်လည်း ဒီမိုကရက်တစ် ပရင်စီပယ်များကို ဌာနတွင်း လုပ်ထုံးလုပ်နည်းများအတွင်း အခိုင်အမာထည့်သွင်းသည့် ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်ခွင့် များ ရှိနေပါသည်။

ဒီမိုကရေစီနည်းမကျစွာ ရယူထားသော စစ်ဘက်အာဏာကြောင့် အကန့်အသတ်ရှိနေသည်များ ရှိသော်လည်းမိမိတို့ ကြိုးစားထိုးဖောက် ပြောင်းလဲနိုင်စွမ်းရှိလျှင်ရှိသလို စစ်ဘက် အာဏာမှလည်း စွက်ဖက်ခွင့်မရှိသော ဒီမိုကရေစီအခြေခံများ ကို ပျိုးထောင်ခွင့်များစွာ ရှိနေပါသည်။ ဥပဒေပြုရေး အာဏာပိုင်နက်တွင်တော့ အတိအကျရယူထားသော စစ်ဘက် အာဏာ ရှိနေသဖြင့် ခြေဥပြင်ဆင်ရေးကဲ့သို့သော ကြီးမားသည့် အပြောင်းအလဲများလုပ်နိုင်ရန် အမှန်တကယ်ပင် အခက်အခဲရှိနေ ပါသည်။ သို့သော် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများတွင်မူ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ထိုးဖောက်ကြိုး စားလျှင် ကြိုးစားနိုင်သလောက် လုပ်ပိုင်ခွင့်များရှိနေပါသည်။ ထိုလုပ်ပိုင်ခွင့်များကို အသုံးပြုပြီး အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ၊ တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ကြိုးစားဆောင်ရွက်ထားခြင်း ဖြင့် အခြေခံဥပဒေပြောင်းလဲ ရေးအတွက် အထောက်အကူဖြစ်မည်ဖြစ်သလို နောင်တစ်ချိန် အခြေခံဥပဒေပြောင်းလဲခွင့်ရလာ ချိန်တွင်လည်း ပြည်သူပြည် သားတို့၏ ဒီမိုကရေစီအလေ့အကျင့်များ အထိုက်အလျောက် ရင့်ကျက်ပြီး ဖြစ်နေမည်ဖြစ်ရာ ခိုင်မာသော ဒီမိုကရေစီ စနစ်အခြေခံမှသည် အာဏာခွဲဝေကျင့်သုံးသော ဒီမိုကရေစီဖက်ဒရယ်စနစ်ကို ချောမွေ့စွာကူးပြောင်းနိုင်မည်ဖြစ်ပါသည်။

 

မိုးသန်