ဒီမိုကရေစီ ပြောင်းပြန်ဇီးရိုးဆမ်

ခင်မောင်ဝင်း
ယနေ့ခေတ်မဂ္ဂဇင်း ၊ ဇူလိုင်လ ၊ ၂၀၁၇ ထုတ်မှ

ဇီးရိုးဆမ် (zero sum) ကစားနည်း ဟာ ဘက်တစ်ဖက်က အနိုင်ရဖို့အတွက် တခြားတစ်ဖက်က အရှုံးပေးရတဲ့ ကစားနည်းပါ။ တစ်ဖက်ရဲ့အနိုင်ရမှုဟာ

တခြားတစ်ဖက်ရဲ့ အရှုံးပေါ်မှာ တိုက်ရိုက် မူတည်နေပါတယ်။ တစ်ရာရာနှုန်း အနိုင်နဲ့ တစ်ရာ ရာနှုန်းအရှုံး ဖြစ်ပါတယ်။ ကြားအဆင့် မရှိပါဘူး။ ကိုယ်က အနိုင်ရတဲ့ဘက်မှာ ရှိနေမယ်ဆိုရင် မက်လောက်စရာ ကစားနည်း ဖြစ်ပေမယ့် ကိုယ်က ရှုံးနိမ့်ရမယ့် အခြေအနေမျိုးဆိုရင်တော့ ဇီးရိုးဆမ်ကလွဲလို့ တခြားကစားနည်း မရှိတော့ဘူးလား တွေး စရာဖြစ်လာပါတယ်။
ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့အတွက် ဇီးရိုးဆမ် မဟုတ်တဲ့ ရွေးချယ်စရာ ကစား နည်းတွေအများအပြားရှိပါတယ်။ ဇီးရိုးဆမ် မဟုတ်တဲ့ ကစားနည်းတွေ (non-zero sum games)မှာ ပြိုင်ဘက်တွေ၊ မတူကွဲပြားတဲ့ အုပ်စုတွေဟာ တစ်ရာရာနှုန်း အနိုင်မရ တတ်သလို တစ်ရာရာနှုန်းပြည့် ရှုံးတာမျိုး လည်းမဟုတ်ပါ။ ဒီအခြေအနေကို အကြမ်း ဖျင်း နှစ်ဖက်စလုံးကျေနပ်တဲ့ အနိုင်ရမှုမျိုး (win-win)လို့ ပြောပါတယ်။ ဒီနေရာမှာ နှစ်ဖက်စလုံးကျေနပ်တဲ့ အနိုင်ရမှုအတွက် နှစ်ဖက်စလုံးက အတိုင်းအတာတစ်ခုအထိ အလျှော့ပေး (အရှုံးပေး) ထားရတာကိုသတိ ပြုသင့်တယ်။
ကစားနည်းသီအိုရီ
ကစားနည်းသီအိုရီ (game theory)ဟာ အစပိုင်းမှာ သင်္ချာဘာသာရပ် ခွဲအနေနဲ့ ပေါ်လာပြီး ၁၉၆ဝ ပြည့်နှစ် နောက်ပိုင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ် ရေး၊ ဒသနိကဗေဒ၊ စိတ်ပညာ၊ နိုင်ငံတကာ ရေးရာ နယ်ပယ်တွေမှာ နေရာယူလာပြီး မဟာဗျူဟာ ချမှတ်သူတွေ တွင်တွင် ကျယ် ကျယ် အသုံးချလာတာကို တွေ့ရတယ်။ ထင်ရှားတဲ့ ကစားနည်းသီအိုရီတွေကို ဖော် ထုတ်ခဲ့တဲ့ ပညာရှင်တွေထဲမှာ ဟန်ဂေရီ လူမျိုး ဂျွန်နျူမန်း (John von Neumann, 1903-1957)နဲ့ ဂျာမန်ဖွား သြစတြီးယန်း လူမျိုး အော်စကာ (Oskar Morgenstern, 1902-1977)တို့ ပါဝင်တယ်။ သူတို့ နှစ်ယောက်ရဲ့ Theory of Games and Economic Behavior, 1944 စာအုပ်ဟာ ပညာရှင်လောကမှာလူသိများတဲ့စာအုပ် ဖြစ်ပါတယ်။
ဇီးရိုးဆမ် မဟုတ်တဲ့ ကစားနည်း တွေအများအပြားရှိပါတယ်။ အဲဒါတွေထဲက ထင်ရှားတဲ့ အကျဉ်းသား အကျပ်အတည်း (prisoner’s dilemma) ကစားနည်းကို ဥပမာအနေနဲ့ တင်ပြလိုက်ပါတယ်။
လက်နက်ကိုင်ဆောင်ပြီး ဘဏ် ဖောက်ထွင်းဖို့ လုပ်ခါနီးဆဲဆဲမှာ လူ နှစ် ယောက်ကိုဖမ်းမိသွားပြီး ရုံးတင် တရားစွဲဖို့ ရှိပါတယ်။ အခြားသက်သေအထောက်အထားမရှိတဲ့အတွက် အကျဉ်းသား တစ်ဦးဦး ရဲ့ ဝန်ခံချက်ဟာ ပြစ်မှုထင်ရှားကြောင်း သက်သေပြဖို့အတွက် အရေးကြီးပါတယ်။ အစိုးရရှေ့နေက ဖမ်းမိထားတဲ့ အကျဉ်းသား တစ်ဦးဦးစီက ဝန်ခံချက်ရအောင် ကြိုးစား တဲ့အနေနဲ့ အကျဉ်းသားနှစ်ယောက်ကို သီးသန့်စီတွေ့ဆုံပြီး အခုလို ပြောပါတယ်။
”ခင်ဗျားက ငြင်းနေပြီး အခြား အကျဉ်းသားက ဘဏ်ဖောက်ထွင်းမယ့် အကြောင်း ဝန်ခံရင် ခင်ဗျားကို အမြင့်ဆုံး ထောင်ဒဏ် ၁၂ လချမယ်။ အခြား အကျဉ်း သား ငြင်းဆိုပြီး ခင်ဗျားဝန်ခံရင် ခင်ဗျားကို လွှတ်ပေးမယ်။ နှစ်ယောက်စလုံးဝန်ခံတယ် ဆိုရင်တော့ ထောင်ခြောက်လစီ ကျမှာဖြစ် ပါတယ်။ နှစ်ယောက်စလုံးငြင်းနေရင်တော့ (ဘဏ်ဖောက်ထွင်းမှုအတွက် ဘာ သက် သေမှ မရှိလို့) လက်နက်ပိုင်ဆိုင်ကာ ပိုင် နက်ကျူးကျော်မှုနဲ့ ခင်ဗျားတို့ နှစ်ယောက် စလုံးကို ထောင်နှစ်လစီချမယ်”
အကျဉ်းသားနှစ်ယောက်ကို အစိုး ရရှေ့နေက သီးခြားစီတွေ့ဆုံကာ အဲဒီစကား တွေ ပြောတာပါ။ တိုင်ပင်ဖို့ အခွင့်အရေးရတဲ့ အကျဉ်းသားနှစ်ယောက်ဟာ ဝန်ခံရင် ကောင်းမလား၊ ငြင်းရင်ကောင်းမလား ဆို တာကို သီးခြားစီ စဉ်းစားတွက်ချက်ရတဲ့ ကစားနည်း ဖြစ်ပါတယ်။ အဲဒီ ကစားနည်းကို အကျဉ်းသားရဲ့အကျပ်အတည်း (prisoner’s dilemma)ကစားနည်းလို့ လူသိများပါ တယ်။ ကစားနည်းမှာ ပါဝင်ကစားသူ အကျဉ်းသား နှစ်ယောက်ရဲ့ ရွေးချယ်စရာ တွေကို ဇယားနဲ့အခုလိုချကြည့်လို့ရတယ်။
ငြင်းဆို ၀န်ခံ
ငြင်းဆို -၂ ၊ -၂ – ၁၂ ၊ ဝ
ဝန်ခံ ၀ ၊ – ၁၂ – ၆ ၊ – ၆
(စာလုံးအစောင်း က အကျဉ်းသား တစ်ရဲ့ ရွေးချယ်စရာတွေနဲ့ ရရှိမယ့် ထောင် ဒဏ်ဖြစ်ပြီး၊ ပုံမှန်စာလုံးကတော့ အကျဉ်း သားနှစ်ရဲ့ ရွေးချယ်စရာတွေနဲ့ ရမယ့် ထောင်ဒဏ်ဖြစ်ပါတယ်။ အနုတ် လက္ခဏာ က ရှုံးတဲ့ရလဒ်ကို ရည်ညွှန်းတာ ဖြစ်ပါ တယ်။ အနုတ်နောက်က နံပါတ် ကြီးလေ လေ အရှုံးများလေလေ ဆိုတဲ့သဘောပါ။)
ဒါကြောင့် အကျဉ်းသားနှစ် ယောက် အချင်းချင်းတိုင်ပင်ခွင့်မရဘဲ ဒီ ကစားနည်းမှာ ကစားရပြီဆိုရင် ပြစ်မှု ဝန်ခံ ရေးကိုပဲ ရွေးချယ်ကြလိမ့်မယ်။ ဘာကြောင့် လဲဆိုတော့ ငြင်းဆိုရင် အများဆုံးထောင် ဒဏ် ၁၂ လ၊ အနည်းဆုံးထောင်ဒဏ် ၂လ တစ်မျိုးမျိုးဖြစ်မယ်၊ ဝန်ခံရင် အများဆုံးမှ ထောင်၆လပဲ ဖြစ်ပြီး အနည်းဆုံးက ကွင်းလုံးကျွတ်ဖြစ်မယ်။ ခြုံကြည့်ရင် ဝန်ခံ တာက ပိုအမြတ်ရဖို့ရှိတယ်။ မိမိကိုယ်ကိုယ် အကျဉ်းသားနေရာမှာ ထားလိုက်ရင် ဒီလိုပဲ စဉ်းစားနိုင်တယ်။ သို့သော် ဘေးလူ အနေနဲ့ ကြည့်လိုက်ရင် ထောင်ခြောက်လ ကျမယ့် ကိစ္စ ဘာကြောင့်ဝန်ခံရတာလဲ၊ ငြင်းပါလား ထောင်နှစ်လပဲကျမယ်လို့ ဝေဖန်နိုင်တယ်။ ကစားကွင်းထဲမှာ တကယ်တမ်း ဝင်ရောက် ကစားနေရသူနဲ့ ပွဲကြည့်ပရိသတ်အကြားမှာ ကစားနည်းကပေးလာတဲ့ ရွေးချယ်စရာတွေ၊ ရွေးချယ်ခြင်းနဲ့ ပတ်သက်လို့ အမြင်မတူတတ် ဘူးဆိုတာ ဒီဥပမာအရကို သိနိုင်တယ်။
မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုထဲက ဇီးရိုးဆမ်
မြန်မာနိုင်ငံမှာ နိုင်ငံရေးပဋိပက္ခတွေ ဖြေရှင်းဖို့ ကစားနည်းရွေးချယ်ရာမှာ အရှုံးနဲ့အနိုင် (winner-loser)ကိုသာ အဖြေထုတ်ပေးတဲ့ ဇီးရိုးဆမ်ကစားနည်းကို ဦးစားပေးတာတွေ့ရတယ်။ ဒါဟာ ရာစုနှစ် တစ်ဝက်ကျော် ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး ယဉ်ကျေးမှု (political culture)နဲ့ တိုက် ရိုက် ဆက်စပ်နေတယ်။ ၁၉၆၂ ခုနှစ် စစ် အာဏာသိမ်းပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို တည်ထောင်သူတွေက ပြိုင်ဘက် ဖြစ်လာမယ့် သဘောထားကွဲလွဲသူတွေကို သုတ်သင်ရှင်းလင်းရေးလုပ်ခဲ့တယ်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အနိုင်ရဖို့အတွက် အခြားနိုင်ငံရေးပါတီနဲ့ အယူဝါဒအားလုံး အရှုံးပေးခံခဲ့ရတယ်။ ဒါဟာ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီက ဇီးရိုးဆမ် ကစား နည်းကို မြန်မာ့နိုင်ငံရေးထဲမှာ အစပျိုးခဲ့ တာပါ။
ဆိုရှယ်လစ်၊ ကွန်မြူနစ်လူ့ဘောင်တည်ဆောက်ရေးအတွက် အရင်းရှင်စနစ်ကို လုံးဝသုတ်သင် ရှင်းလင်းရမယ်လို့ မာက့်စ်-လီနင် ကွန်မြူနစ်ဝါဒ (Marx-Lenin communisim) ကဆိုတယ်။ ဆိုရှယ် လစ်၊ ကွန်မြူနစ်စနစ် အောင်မြင်မှုအတွက် အရင်းရှင်စနစ်လုံးဝကျဆုံးမှ ဖြစ်မယ် ဆို တာပါ။ ဒါဟာ ကွန်မြူနစ်ဝါဒက ပြဋ္ဌာန်းတဲ့ ဇီးရိုးဆမ် ကစားနည်းပါ။ မြန်မာနိုင်ငံက လက်ဝဲတော်လှန်ရေးသမား တွေထဲမှာ မာက့်စ်-လီနင် ကွန်မြူနစ်ဝါဒလွှမ်းမိုးခဲ့သလို တွဲဖက်နေတဲ့ ဇီးရိုးဆမ်ကစားနည်းဟာ လည်း လက်ဝဲတော်လှန်ရေးသမားတွေရဲ့ ရွေးချယ်စရာ ကစားနည်းဖြစ်ခဲ့တယ်။
၁၉၈၈ ခုနှစ် နောက်ပိုင်း ပေါ် ပေါက်လာပြီး လက်နက်ကိုင်လမ်းစဉ်ကို အဓိကကိုင်စွဲတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (All Burma Students’ Democratic Front-ABSDF) ရဲ့ လမ်းစဉ်ကလည်း ဒီမို ကရေစီစနစ် တည်ထောင်နိုင်ဖို့ စစ် အာဏာရှင်စနစ်ကို လက်နက်ကိုင် တော် လှန်ရေးနဲ့ အမြစ်ပြတ် ဖယ်ရှားပစ်ရမယ်လို့ ဆိုတယ်။ ဒါဟာ လက်နက်ကိုင်လမ်းစဉ်က ပြဋ္ဌာန်းပေးတဲ့ ဇီးရိုးဆမ် ကစားနည်းပါ။
တော်လှန်ရေး (revolution)သက်သက်နဲ့ နိုင်ငံရေးစနစ်ပြောင်းလဲတဲ့ နည်းဟာ ပြိုင်ဘက်အုပ်စုနှစ်ခုကြားမှာ အရှုံးနဲ့အနိုင်ကိုသာ ရွေးချယ်စေတဲ့ ဇီးရိုး ဆမ်ကစားနည်းဖြစ်တယ်။ ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကတည်းက မြန်မာနိုင်ငံမှာ အစိုးရဘက်ရော တော်လှန်ရေးအင်အားစု နှစ်ဖက်စလုံးမှာ လွှမ်းမိုးလာခဲ့တဲ့ နိုင်ငံရေးယဉ်ကျေးမှုအရ အရှုံးအနိုင် ရလဒ်သာရှိတဲ့ ဇီးရိုးဆမ် ကစားနည်းကိုသာ နိုင်ငံရေးပြဿနာဖြေရှင်းရေးတွေမှာ အဓိကထား ခဲ့ကြတယ်။ အတိုက်အခံ သို့မဟုတ် ပြိုင်ဘက်နိုင်ငံရေးအုပ်စုကို အပြတ်ရှင်းရေးကိုပြဋ္ဌာန်းတဲ့ ဇီးရိုးဆမ် ကစားနည်းဖြစ်တယ်။
အတိုက်အခံအားကောင်းမှ ဒီမိုကရေစီအားကောင်းတယ်
ဒီမိုကရေစီစနစ်မှာ အတိုက်အခံ ပါတီတွေ၊ ပြိုင်ဘက်နိုင်ငံရေးအင်အားစု တွေကို စနစ်တကျ အားပေးထောက်ခံထား ဖို့လိုတယ်။ အခြေခိုင်နေတဲ့ ဥရောပ ဒီမို ကရေစီနိုင်ငံတွေမှာ အတိုက်ခံပါတီတွေကို နိုင်ငံတော် ဘတ်ဂျက်ထဲက အထောက်အပံ့ ပေးထားပါတယ်။ ဥပမာ ဂျာမနီနိုင်ငံမှာ လွှတ်တော်ထဲမှာ အနိုင်ရထားတဲ့ ပါတီ တိုင်းဟာ အနိုင်ရအမတ်နေရာ အချိုးအစား အရ နိုင်ငံတော် ထောက်ပံ့ငွေ ရရှိပါတယ်။ အတိုက်အခံအားကောင်းပါမှ အစိုးရကို စနစ်တကျ ဝေဖန်ထောက်ပြနိုင်ပြီး ပြည်သူ ကို အကောင်းဆုံး အလုပ်အကျွေးပြုတဲ့ အစိုးရဖြစ်အောင်၊ အာဏာရပါတီကနေ အာဏာရှင်ပါတီအဖြစ် ပြောင်းမသွား အောင် ထိန်းကျောင်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်မှာ ပြိုင်ဘက် နိုင်ငံရေးအုပ်စုတွေ ရှင်သန်ကြီးထွားအောင် အားပေးဖို့လိုတယ်၊ အပြတ်ရှင်းရေးမဟုတ် ပါ။ အတိုက်အခံတွေ နှိပ်ကွပ်ခံနေရတဲ့ နိုင်ငံတွေမှာ အစိုးရဆိုတာ ဒီမိုကရေစီ အမည်ခံ အာဏာရှင်တစ်ပိုင်းဖြစ်နေတာ နိုင်ငံတချို့မှာ အလွယ်တူတွေ့နိုင်တယ်။ အတိုက်အခံအားမကောင်းတဲ့အတွက် အာဏာရပါတီတွေ အာဏာရှင်ပါတီအဖြစ် ပြောင်းသွားတာ ကမ္ဘာ့နိုင်ငံ အများအပြား မှာ တွေ့ခဲ့ရပြီးဖြစ်တယ်။
အတိုက်အခံပါတီ၊ အတိုက်အခံ အင်အားစုတို့ကို အားပေးတယ်ဆိုတာ သူတို့ရဲ့ဝေဖန်ထောက်ပြမှု၊ တစ်နည်းအား ဖြင့် ကွဲပြားခြားနားတဲ့ နိုင်ငံရေးအမြင်၊ အယူအဆ၊ ပြဿနာဖြေရှင်းရေး အမြင်တွေ ကို လေးစားလက်ခံဖို့ ဘက်အားလုံးမှာ တာဝန်ရှိတယ်။ ကိစ္စအားလုံးမှာ သဘော တူဖို့၊ မတူဖို့ ပြောတာမဟုတ်ပါ။ သဘော ထားကွဲလွဲခွင့်ရှိတယ်။ မတူတဲ့ အမြင်တွေကို မတူတဲ့အတိုင်း လက်ခံဖို့နဲ့၊ အဲဒီမတူညီမှု တွေကို ရှင်သန်ခွင့်ပေးဖို့၊ နောက် တစ်ဆင့် တက်ကာ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းရာ မှာ မတူတဲ့ နိုင်ငံရေးအမြင်တွေ၊ အယူအဆ တွေကိုပါ ထည့်သွင်းနေရာပေးဖို့လိုအပ် တယ်။
ပြဿနာတစ်ခုမှာ ဘက်ပေါင်း များစွာပါဝင်နေတတ်ပြီး၊ အစိုးရနဲ့ အတိုက် အခံအင်အားစုတွေအကြား၊ အတိုက်အခံ အင်အားစုအချင်းချင်းအကြား ယှဉ်တွဲနေ ထိုင်ရေးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကို အားပေးဖို့လိုပါတယ်။ ဇီးရိုးဆမ်ကစားနည်းက အရှုံးနဲ့ အနိုင် ရလဒ်ကိုသာ အဖြေထုတ်ပေးတာဖြစ်လို့ တစ်ဖက်အနိုင်ရဖို့ တစ်ဖက်က (သို့မဟုတ် အခြားသောဘက်တွေ) အမြဲတမ်း အရှုံး ပေးနေရတယ်။ ဒါဟာ ဒီမိုကရေစီနဲ့ ပြောင်း ပြန် ဖြစ်ပါတယ်။
လတ်တလော မြန်မာ့နိုင်ငံရေးပြဿနာတွေ အတွက် ရွေးချယ်စရာ ကစားနည်း
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံ ရေးပြဿနာတွေကို ချဉ်းကပ် အဖြေရှာရာ မှာ ဒီမိုကရေစီကို စတင်ကျင့်သုံးစနိုင်ငံ အနေနဲ့ ဇီးရိုးဆမ်ကစားနည်းကို ရှောင်ရ မှာဖြစ်ပါတယ်။ အဲဒီပြဿနာတွေမှာ ဘက် က နှစ်ဖက်ထက်ပိုသလို တစ်ဖက်ဖက်ရဲ့ အနိုင်အတွက် အခြားဘက်တွေက အရှုံး ပေးရမယ်ဆိုတာ မဖြစ်သင့်၊ မဖြစ်အံ့ပါ။ ကိုယ့်ကိုယ်ကိုယ် ရှုံးတဲ့ဘက်က ခဏဝင်နေ ကြည့်ပါ။ ဘက်အားလုံး တစ်ရာရာနှုန်း အနိုင်မရပေမယ့် တစ်ရာရာနှုန်း အရှုံးပေး ရတာမျိုးမဟုတ်တဲ့ ကစားနည်းနဲ့ အဲဒီ ပြဿနာတွေကို ဖြေရှင်းသင့်တယ်။ သူရော ကိုယ်ရော ကျေနပ်မယ့် အနိုင်ရမှုမျိုးကို အဖြေထုတ်ပေးမယ့် ကစားနည်း တစ်ခုခု ကိုရွေးချယ်သင့်တယ်။ ရှောင်ကြဉ်ဖို့ အသင့် ဆုံးကတော့ ဒီမိုကရေစီပြောင်းပြန် ဇီးရိုး ဆမ် ကစားနည်းဖြစ်ပါတယ်။
စကားအဓိပ္ပာယ်ဖွင့်ဆိုချက်
Political culture is defined by the International Encyclopedia of the Social Sciences as “the set of attitudes, beliefs and sentiments which give order and meaning to a political process and which provide the underlying assumptions and rules that govern behavior in the political system.”
”နိုင်ငံရေးယဉ်ကျေးမှုဆိုတာ နိုင်ငံရေးစနစ် လှုပ်ရှားလည်ပတ်ပုံကိုလွှမ်းမိုးမယ့် ထင်မြင် ယူဆချက်နဲ့ ဥပဒေသတွေကို ဖြစ်ပေါ်စေတဲ့ စိတ်သဘောထား၊ ယုံကြည်ချက်နဲ့ တန်ဖိုး ထားမှုတွေကို စုပေါင်းရည်ညွှန်းတယ်”လို့ အပြည်ပြည်ဆိုင်ရာ လူမှုသိပ္ပံစွယ်စုံကျမ်း ကြီးက ဖွင့်ဆိုတယ်။
Game theory is a study of strategic decision making. More formally, it is “the study of mathematical models of conflict and cooperation between intelligent rational decision-makers.
”ကစားနည်းသီအိုရီဆိုတာ မဟာဗျူဟာ မြောက် ဆုံးဖြတ်ချက်တွေအကြောင်း လေ့ လာမှုတစ်မျိုး ဖြစ်တယ်။ ကျိုးကြောင်း ဆီ လျော်စွာ စဉ်းစားဆုံးဖြတ်လိုသူတွေအနေနဲ့ ထိပ်တိုက်တွေ့ခြင်းနဲ့ ပူးပေါင်းဆောင်ရွက် ခြင်းအကြား ဘာကို ရွေးမလဲဆိုတာကို သင်္ချာနည်းနဲ့ နှိုင်းယှဉ်သုံးသပ် ဆုံးဖြတ်ခြင်း ဖြစ်တယ်။

ခင်မောင်ဝင်း