ဒီမိုကရက်တစ် ပါတီ စကားစစ်ထိုးပွဲနဲ့ သမ္မတလောင်း မဏာမ ရွေးကောက်ပွဲများ

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နီဗားဒါးပြည်နယ် Lax Vegas မြို့မှာကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေကြသူတွေထဲမှာ နယူးယောက်မြို့တော်ဝန်ဟောင်း ဘီလျံနာသူဌေးကြီး Michael Bloomberg ပထမဆုံးအကြိမ် ပါလာပါတယ်။ သူဟာ ဖေဖေါ်ဝါရီလအတွင်း ကျင်းပပြီးစီးသွားတဲ့ အိုအိုဝါ၊ နယူးဟမ်ရှိုင်းယားနဲ့ နီးဗားဒါး ပြည်နယ်တွေက ပါတီတွင်း ပဏာမရွေးကောက်ပွဲ သုံးပွဲစလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပါဘူး။ ဒေါ်လာငွေ သန်း ၄၀၀ နီးပါး အကုန်အကျခံတဲ့ မဲဆွယ်ကြော်ငြာတွေနဲ့ လူမှုကွန်ယက်တွေ ရုပ်မြင်သံကြားတွေကနေ စည်းရုံးမဲဆွယ်နေခဲ့ပါတယ်။ စကားစစ်ထိုးပွဲမှာ Bloomberg ၀င်လာတဲ့အချိန်မှာပဲ အမေရိကန်ပြည်ထောင်စုဟာ ဘီလျံနာသူဌေးကြီးတွေလုပ်တဲ့ နိုင်ငံရေးကို ကို စိတ်ပျက်နေကြပါပြီဆိုပြီး လက်ရှိ သမ္မတကိုယ်စားလှယ်လောင်းတွေရဲ့ ထိုးနှက်ဝေဖန်သံကို ကြားရပါတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နံပတ် ၁၂ လို့ သတ်မှတ်ခံထားရတဲ့ Michael Bloomberg ဟာ ပါတီကိုယ်စားပြု သမ္မတလောင်း နေရာကို ငွေနဲ့ ၀ယ်နေတယ်ဆိုပြီး အထက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Bernie Sanders နဲ့ Amy Klobuchar တို့က ဝေဖန် ထိုးနှက်ကြပါတယ်။ သူဟာ အမျိုးသမီးတွေနဲ့ လိင်တူချစ်သူတွေအပေါ် မလေးမစား ပြောခဲ့တဲ့သူ ဒီမိုကရက်တစ်ပါတီရဲ့ စံတန်ဖိုးတွေကို မသိတဲ့သူဆိုပြီး အထက်လွှတ်တော်အမတ် Elizabeth Warren က အရင်က ရီပတ်ဗလစ်ကန်ပါတီဝင် ဖြစ်ခဲ့ဖူးတဲ့ Bloomberg ကို ဝေဖန်တိုက်ခိုက်ပါတယ်။ Bloomberg မြို့တော်ဝန်အဖြစ် ထမ်းဆောင်ခဲ့တဲ့အချိန် ရာဇ၀တ်မှု တိုက်ဖျက်ရေးဆိုပြီး သူ ချမှတ်ခဲ့တဲ့ Stop-and-Frisk လို့ခေါ်တဲ့ သံသယရှိသူတွေကို ရှောင်တခင်စစ်ဆေးခွင့်က အသားအရောင်ခွဲခြားမှုနဲ့ လူနည်းစုတွေကို ပစ်မှတ်ထားချိုးနှိမ်တဲ့ မူဝါဒတခု ဖြစ်စေခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေလည်း ခံထားရပါတယ်။ Bloomberg ကတော့ လက်ရှိ သမ္မတ Donald Trump ကို အဆိုးဆုံး သမ္မတလို့ သုံးနှုံးပြီး Trump ကို ဖြုတ်ချဖို့ သူ့ကိုယ်ပိုင်ငွေတွေကို သုံးပြီး ကြိုးပမ်းနေတာဖြစ်တဲ့အကြောင်း ပြန်ချေပပါတယ်။ နီဗားဒါးပြည်နယ်မှာကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတ ကိုယ်စားလှယ်လောင်း ၆ ဦးရဲ့ စကားစစ်ထိုးပွဲဟာ နိုင်ငံရေးမှာ အာရုံအစိုက်အခံရဆုံး စကားစစ်ထိုးပွဲ ဖြစ်ခဲ့ပါတယ်။ ရုပ်မြင်သံကြားကနေ ကြည့်တဲ့သူ သန်း ၂၀ လောက်အထိ ရှိမယ်လို့ Nielsen မီဒီယာ သုတေသန အဖွဲ့က ခန့်မှန်းပါတယ်။ နိုဝင်ဘာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ Donald Trump ကို ယှဉ်ပြိုင်မယ့်သူ ဘယ်သူဖြစ်လာမလဲ။ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဟာ အနိုင်ရနိုင်လောက်သူ ဖြစ်ရဲ့လားဆိုတာကို အများက အာရုံစိုက် စိတ်ဝင်စားနေကြတာပါ။

ဒီနေရာမှာ နယူးယောက်မြို့တော်ဝန်ဟောင်း ဘီလျံနာသူဌေးကြီး Michael Bloomberg အနေနဲ့ ကျင်းပပြီးသား ပဏာမ ရွေးကောက်ပွဲ သုံးပွဲမှာ မပါဘဲ ကြားကနေ ဘာလို့ ဖြတ်ဝင်ရတာလည်း။ ဒီလို ဖြတ်ဝင်ရင်ရော သမ္မတကိုယ်စားလှယ်လောင်း ဖြစ်နိုင်ရဲ့လား မေးစရာရှိပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ပွဲတွေဟာ သမ္မတပဲဖြစ်ဖြစ်၊ သမ္မတ ကိုယ်စားလှယ်လောင်းကိုပဲဖြစ်ဖြစ် ကိုယ်ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်ကို လူထုမဲနဲ့ တိုက်ရိုက် ရွေးချယ်တာ မဟုတ်ဘဲ၊ သက်ဆိုင်ရာ ပြည်နယ်တွေက ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲနဲ့ ရွေးချယ်တာဖြစ်ပါတယ်။ ဒါ့ကြောင့် Popular Vote လို့ခေါ်တဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ထောက်ခံမဲအရေအတွက် အများဆုံးရတိုင်း သမ္မတကိုယ်စားလှယ်လောင်း ဖြစ်ဖို့ ဆိုတာ မသေခြာပါဘူး။ ပါတီညီလာခံတက်မယ့် သမ္မတလောင်း ရွေးချယ်မယ့် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲ အများစု ရဖို့ အရေးကြီးပါတယ်။ ဒီမိုကရက်တစ်ပါတီတွင်း သမ္မလောင်း ရွေးချယ်တဲ့ စနစ်အကြောင်းကို ရှင်းပြချင်ပါတယ်။

သမ္မတလောင်း မဏာမ ရွေးကောက်ပွဲများ

အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ပွဲစနစ်ဟာ တခြားနိုင်ငံတွေနဲ့ မတူဘူး၊ လူထုမဲအရေအတွက်ထက် ကိုယ်စားလှယ်မဲအရေအတွက်ကို အဓိက ထားတယ်ဆိုတာ လက်ရှိ ဒီမိုကရက်တစ်ပါတီတွင်း ကျင်းပနေတဲ့ သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲ လုပ်ငန်းစဉ်တွေကို ကြည့်ရင် ပိုပြီး ရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။

  • ကိုယ်စားလှယ်များ

ပါတီညီလာခံ တက်မယ့်သူတွေထဲမှာ ရွေးကောက်ပွဲရလဒ်အရ သမ္မလောင်း ယှဉ်ပြိုင်မယ့် ဘယ်သူ့ကို ဘယ်နှစ်ယောက် ထောက်ခံမယ်လို့ ကတိပြုထားတဲ့ သက်ဆိုင်ရာ ပြည်နယ်တွေက ကိုယ်စားလှယ်တွေ (Pledged Delegates) နဲ့ အထူး ကိုယ်စားလှယ်တော်ကြီးတွေ (Super Delegates) တွေဆိုပြီး နှစ်မျိုးရှိပါတယ်။

(BallotPedia စစ်တမ်း အဖွဲ့နဲ့ တခြား သတင်းဌာနတွေရဲ့ ဖေါ်ပြချက်တွေအရ) ဂျုလိုင်လ ဒုတိယပတ် Wisconsin ပြည်နယ် Milwaukee မှာ ကျင်းပမယ့် ၂၀၂၀ ခုနှစ် ဒီမိုကရက်တစ်ပါတီ ညီလာခံမှာ သမ္မတလောင်းကို ရွေးမယ့် ညီလာခံ ကိုယ်စားလှယ် ၄၇၅၀ တက်ပါလိမ့်မယ်။ ပြည်နယ် ၅၀၊ ဝါရှင်တန်မြို့တော်ရှိတဲ့ District of Columbia အပြင် တခြား ရွေးကောက်ပွဲကျင်းပတဲ့ အမေရိကန်ပြည်ထောင်စုပိုင် နယ်နမိတ် ၅ ခုကို ကိုယ်စားပြုတဲ့ ညီလာခံ ကိုယ်စားလှယ်တွေပါ။ အဲဒီ ၄၇၅၀ ထဲမှာ ၃၉၇၉ ယောက်က သက်ဆိုင်ရာ ပြည်နယ်တွေက ပါတီဝင်တွေရဲ့ ထောက်ခံမဲအပေါ် အခြေခံ ရွေးချယ်လိုက်တဲ့ (Pledged Delegates) ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။

ကျန်တဲ့ ၇၇၁ ယောက်က Super Delegates လို့ ခေါ်တဲ့ ပါတီခေါင်းဆောင်တွေ၊ အစိုးရ အရာရှိတွေ၊ အထက်လွှတ်တော်အမတ်တွေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ၊ သမ္မတ၊ ဒုသမ္မတဟောင်းတွေ စသဖြင့် ပါဝင်တဲ့ အထူး ကိုယ်စားလှယ်တော်ကြီးတွေ ဖြစ်ပါလိမ့်မယ်။ အထူးကိုယ်စားလှယ်ကြီး တွေအနေနဲ့ ရွေးကောက်ပွဲ ရလဒ်၊ လူထုရဲ့ ထောက်ခံမဲတွေကို ဂရုစိုက်စရာမလုပ်ဘဲ သူတို့ ကြိုက်နှစ်သက်တဲ့ သမ္မတကိုယ်စားလှယ်လောင်းကို ညီလာခံမှာ ထောက်ခံမဲပေးခွင့်ရှိပါတယ်။ သူတို့ကို ရွေးကောက်ပွဲရလဒ်တွေကို အခြေခံ မဲပေးသူတွေ မဟုတ်တဲ့အတွက် Unpledged Delegates ဒါမှမဟုတ် Automatic Delegates လို့လည်း ခေါ်ပါတယ်။

ပါတီညီလာခံ ပထမအကြော့မှာ မဲအပြတ်အသတ် တယောက်ယောက်က မရတော့တဲ့အချိန်မှာ ရွေးကောက်ပွဲ ရလဒ်အရ ကတိက၀တ်ပြုထားတဲ့ (Pledged Delegates) တွေအနေနဲ့ ဒုတိယအကြော့မှာ ကြိုက်နှစ်သက်ရာ တခြားကိုယ်စားလှယ်ကို မဲပေးခွင့်ရှိပါတယ်။ ပထမအကြော့မှာလည်း ယှဉ်ပြိုင်နေတဲ့ သမ္မတကိုယ်စားလှယ်လောင်း တဦးဦး နုတ်ထွက်ပြီး သူ့အပေါ် ကတိပြုထားတဲ့ ကိုယ်စားလှယ်တွေ တခြားသူကို မဲပေးနိုင်ပါပြီလို့ ကြေညာရင် ပြောင်းပြီး မဲပေးခွင့်ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ညီလာခံမှာ ကိုယ်စားလှယ်အများစု ထောက်ခံမဲရမှာ ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်လာပါလိမ့်မယ်။

  • သမ္မတလောင်း တယောက်ဖြစ်ဖို့ ကိုယ်စားလှယ်လောင်း ဘယ်နှစ်ယောက် ထောက်ခံဖို့ လိုပါသလဲ။

ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်းရွေးမယ့် ကိုယ်စားလှယ် ၃၉၇၉ ယောက် (Super Delegates မပါ) ထဲက တယောက်ယောက်က အများစု ၁၉၉၁ ယောက်ရဲ့ ထောက်ခံမဲ ရသွားပြီဆိုရင် အဲဒီကိုယ်စားလှယ်ဟာ ပါတီတွင်း သမ္မတလောင်း ရွေးချယ်ခံရပါပြီ။ ၂၀၁၆ ခုနှစ် ပြောင်းလဲသတ်မှတ်လိုက်တဲ့ ပါတီညီလာခံ စည်းမျဉ်းအရ ပထမတကြော့ မဲပေးရွေးချယ်ရာမှာ အထူး ကိုယ်စားလှယ် တော်ကြီးတွေ Super Delegates တွေ ပါဝင် မဲပေးခွင့်မရှိပါဘူး။ ပထမအကြောင့်မှာ သမ္မတလောင်းအဖြစ် ပြိုင်တဲ့သူ တဦးဦးက လိုအပ်တဲ့ မဲအများစု မရလို့ ဒုတိယအကြော့ မဲပြန်ပေးကြတဲ့အခါမှ အထူး ကိုယ်စားလှယ်တော်ကြီးတွေ မဲပေးဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ (၂၀၁၆ ခုနှစ် ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲမှာ နိုင်ငံခြားရေး ၀န်ကြီးဟောင်း Hillary Clinton ကို အထူးကိုယ်စားလှယ်တော်ကြီးတွေ အများစုက ထောက်ခံမဲပေးခဲ့ပါတယ်၊ အဲဒီအချိန် ပြိုင်ဖက်ဖြစ်တဲ့ ဗားမွန့် ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ဘက်က အထူး ကိုယ်စားလှယ်တော်ကြီးတွေ ကြိုပြီးပါဝင်ဆုံးဖြတ်တာကြောင့် မမျှတမှုတွေ ရှိခဲ့တယ်ဆိုပြီး ဝေဖန်ပါတယ်။ ဒီလိုအငြင်းပွားမှုတွေ ရှိခဲ့တာကြောင့်လည်း တယောက်ယောက် အပြတ်အသတ် အနိုင်မရလို့ ထပ်မဲခွဲမယ့် ဒုတိယအကြော့မှသာ အထူးကိုယ်စားလှယ်ကြီးတွေ မဲပေးခွင့် ရှိလိမ့်မယ်ဆိုပြီး ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်)

  • ပြည်နယ်တွေက ကိုယ်စားလှယ် အရေအတွက် ဘယ်လို သတ်မှတ်သလဲ

ဖေဖော်ဝါရီလ ၃ ရက်နေ့က အိုအိုဝါ ပြည်နယ် ရွေးကောက်ပွဲဟာ ဒီမိုကရက်တစ်ပါတီတွင်း ၂၀၂၀ မှာ ပထမဆုံး သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲ ကျင်းပတဲ့ ပြည်နယ်ဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်အရ ပြည်နယ်ကိုယ်စားပြု ကိုယ်စားလှယ် ၄၁ ယောက်ကို အနိုင်ရတဲ့ ကိုယ်စားလှယ်တွေက မဲအရေအတွက်ကို အခြေခံ ခွဲဝေ ကြပါတယ်။ ဒုတိယ ကျင်းပတဲ့ နယူးဟမ်ရှိုင်းယား ပြည်နယ်က ကိုယ်စားလှယ် ၂၄ ယောက် ရှိပါတယ်။ တတိယက ကျင်းပတဲ့ နီဗာဒါးပြည်နယ်မှာ ကိုယ်စားလှယ် ၃၆ ယောက်ကို ရွေးချယ်ပါတယ်။ အားလုံးဟာ မဲရလဒ်အရ ဘယ်ကိုယ်စားလှယ်ကို ထောက်ခံမယ်လို့ ကတိပြု အာမခံပြီးသား ကိုယ်စားလှယ်တွေ (Pledged Delegates) တွေဖြစ်ပါတယ်။

သမ္မတ လောင်းကို ရွေးချယ်တဲ့ ကိုယ်စားလှယ် အရေအတွက် ပြည်နယ် တခုနဲ့တခု မတူညီပါဘူး။ အိုင်အိုဝါ ပြည်နယ်မှာ ကိုယ်စားလှယ် ၄၁ ယောက်ရှိပေမဲ့ တက္ကဆတ်ပြည်နယ်မှာ ကိုယ်စားလှယ် ၂၂၈ ယောက်ရှိပါတယ်။ နယူးယောက်ခ်ပြည်နယ်က ၂၇၄ ယောက် ရှိပါတယ်။ တောင် ကာရိုလိုင်းနားပြည်နယ်မှာ ၁၁၀ ရှိပြီး ကယ်လီဖိုးနီးယားပြည်နယ်မှာ ၄၁၅ ယောက်ကို ရွေးချယ်ပါတယ်။ လူဦးရေနဲ့ ပါတီဝင်အရေအတွက်ပေါ် အခြေခံသလို၊ အရင် ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ အရေအတွက်၊ ဥပဒေရေးရာ တရားစီရင်ပိုင်ခွင့်နယ်နဲ့ သမ္မတရွေးချယ်ရေးအဖွဲ့မှာ ပါဝင်တဲ့ ကိုယ်စားလှယ်အရေအတွက်တွေကို အခြေခံပြီး ပြည်နယ် တခုစီမှာ ကိုယ်စားလှယ် ဘယ်နှစ်ယောက်ဆိုတာ ခွဲခြား သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အမေရိကန်ပိုင်နယ်တွေဖြစ်တဲ့ Guam ကျွန်းနဲ့ Samoa ကျွန်းတွေဟာ ၂၀၂၀ နိုဝင်ဘာလမှာကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ မဲပေးနိုင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲမှာတော့ မဲရလဒ်ကို အခြေခံပြီး ဘယ်ကိုယ်စားလှယ်ကို ထောက်ခံမယ်ဆိုတဲ့ ကိုယ်စားလှယ် ၆ ယောက်စီကို ရွေးချယ်ခွင့် ရှိကြပါတယ်။ ပါတီညီလာခံ ကိုယ်စားလှယ် ၄၀၀၀ နီးပါးကြားမှာ ၆ ယောက် ရ ယောက်ပဲ ရလို့ မပြောပလောက်ဘူးလို့ ဆိုနိုင်ပေမယ့် အကြိတ်အနယ် သူမသာကိုယ်မသာ ပွတ်ကာသီကာ ယှဉ်ပြိုင်ရတဲ့ အချိန်မျိုးတွေမှာ ဒီ အရေအတွက်ကလည်း အရေးကြီးနိုင်ပါတယ်။ ပထမဆုံး သမ္မတလောင်း ရွေးချယ်တဲ့ အိုင်အိုဝါ ပြည်နယ်ဆိုရင် ကိုယ်စားလှယ် ၄၁ ယောက်ကိုပဲ ရွေးတာဖြစ်တဲ့အတွက် ညီလာခံတက်မယ့်၊  တကယ်တမ်း သမ္မတလောင်းကို ရွေးမယ့် ကိုယ်စားလှယ် အရေအတွက်ရဲ့ တစ်ရာခိုင်နှုံးပဲ ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့လည်း ပထမဆုံး ကျင်းပတဲ့ ပြည်နယ် ဖြစ်တဲ့အတွက် ဒီပြည်နယ်က မဲရလဒ်ဟာ သမ္မတကိုယ်စားလှယ်လောင်းတယောက် ဘယ်လောက် တာထွက် ကောင်းသလဲ ဆုံးဖြတ်ရာမှာ အများက အာရုံစိုက်ကြည့်တာ ခံရလေ့ရှိပြီး အရေးကြီးတယ်လို့ သတ်မှတ်ကြပါတယ်။

Primary and Caucus သမ္မတလောင်း ရွေးချယ်ပွဲများ

ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေကို တချို့က Primary လို့ ခေါ်ပြီး တချို့က Caucus လို့ ခေါ်ပါတယ်။ ဘယ်လိုပဲ ခေါ်ခါ် သမ္မတလောင်းအဖြစ် ပါတီတွင်းသမ္မလောင်းအဖြစ် ဘယ်သူ့ကို ရာထားမလဲ ဆိုတာ အဆိုပြုကြ၊ မဲပေးကြတဲ့ ရွေးကောက်ပွဲတွေဖြစ်ပါတယ်။ ရွေးချယ်တဲ့ ပုံစံကတော့ မတူပါဘူး၊ Primary က လျို့ဝှက်မဲပေးတဲ့ စနစ်ပါ။ အထွေထွေရွေးကောက်ပွဲ ပုံစံ ဆန်ပါတယ်။ ပြည်နယ်အတွင်းက ပါတီဝင်တွေ သက်ဆိုင်ရာ မဲရုံတွေကို သွားပြီး သူတို့ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းကို မဲပေး ရွေးချယ်ကြပါတယ်။ ဒီမိုကရက်တစ်ပါတီမှာတော့ မဲရလဒ်အပေါ် မူတည်ပြီး သမ္မတလောင်းပြိုင်တဲ့သူ တဦးချင်းဆီကို ပြည်နယ်က သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်တွေထဲက ဘယ်နှစ်ယောက်ဆီ ထောက်ခံမှု ရတယ် ဆိုတာ ခွဲပေးပါတယ်။ ဒါပေမဲ့ Caucus ဆိုတဲ့ ကိုယ်စားလှယ်ရွေးပွဲကတော့ Primary လို မဟုတ်ဘဲ သီးသန့် အစည်းအဝေး၊ ပါတီဝင်တွေ တွေ့ဆုံပွဲ ကျင်းပတဲ့ပုံစံနဲ့ သွားဆင်ပါတယ်။ ပါတီဝင်တွေအကြား ကိုယ်စားလှယ်ရွေးချယ်ရေး သီးသန့် အစည်းအဝေးလို့ ပြောနိုင်ပါတယ်။  လျို့ဝှက်မဲနဲ့ မဲပေးတာမျိုးမဟုတ်ဘဲ ပါတီဝင်တွေက ဘယ်သူ့ကို ထောက်ခံတယ်ဆိုတာ ဗြောင်ကျကျ ဖွင့်ဟ ထောက်ခံကြတာပါ။ ဥပမာ ပထမဆုံး ကျင်းပတဲ့ အိုင်အိုဝါ ပြည်နယ် Caucus ကိုယ်စားလှယ်ရွေးပွဲမှာဆိုရင် လူတွေက စာကြည့်တိုက်ဖြစ်စေ၊ အထက်တန်းကျောင်း အားကစားရုံ ခမ်းမထဲမှာဖြစ်စေ၊ အများလူထုနဲ့ သက်ဆိုင်ရာ အဆောက်အအုံတခုမှာ စုဝေးပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ သမ္မတလောင်း ကိုယ်စားလှယ်ရဲ့ သတ်မှတ်နေရာတွေမှာ တန်းစီရပ်နေပါတယ်။ သမ္မတလောင်း ကိုယ်စားလှယ် တယောက်ဟာ မဲပေးလာတဲ့ လူအရေအတွက်ရဲ့ ၁၅ ရာခိုင်နှုန်း ထောက်ခံပြီး သတ်မှတ်နေရာမှာ လာရပ်တဲ့သူရှိရင် သူ့ကို ထောက်ခံမဲ တရားဝင် စပြီး ရပိုင်ခွင့် ရှိပါတယ်။ စရေတွက်ပါတယ်။ ထောက်ခံတဲ့သူ ၁၅ ရာခိုင်နှုန်းမရှိရင် ထောက်ခံမဲ ရပိုင်ခွင့် အကြုံးမ၀င်ပါဘူး။ ဒီတော့ အဲဒီ ၁၅ ရာခိုင်နှုန်း မရှိတဲ့သူတွေကို တခြားသူတွေက ပြန်မဲဆွယ်စည်းရုံးပြီး သူတို့ ကြိုက်တဲ့ သမ္မတကိုယ်စားလှယ်လောင်းကို ထောက်ခံမဲပေးဖို့ ထပ်စည်းရုံးကြပါတယ်။ ရွေးကောက်ပွဲ တခုနဲ့ တခုအကြား သက်ဆိုင်ရာ ပါတီရဲ့ စည်းမျဉ်းစည်းကမ်း အပြောင်းအလဲတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က အိုင်အိုဝါ ပြည်နယ်မှာ ကျင်းပတဲ့ Causcus ရွေးကောက်ပွဲမှာ အင်ဒီယားနားပြည်နယ် South Bend မြို့တော်ဝန် Pete Buttigieg က ထောက်ခံတဲ့ ကိုယ်စားလှယ် ၁၄ နေရာ၊ ဗားမွန့်ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders က ကိုယ်စားလှယ် ၁၂ နေရာ၊ မက်ဆာချုးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် Elizabeth Warren က ဂ ယောက်၊ ဒုသမ္မတဟောင်း Joe Biden က ၆ ယောက်နဲ့ မန်နီဆိုးတားပြည်နယ် အထက်လွှတ်တော်အမတ် Amy Klobuchar က ကိုယ်စားလှယ် ၁ ယောက် ထောက်ခံမှု ရရှိပါတယ်။ ရတဲ့မဲအရေအတွက်အရ ညီလာခံမှာ ထောက်ခံမယ့် ကတိပြု ထားတဲ့ ကိုယ်စားလှယ်တွေ (Pledged Delegates) တွေကို ခွဲဝေ သတ်မှတ် ပေးလိုက်တာပါ။ ဒီမိုကရက်တစ်ပါတီအနေနဲ့ တချို့ပြည်နယ်တွေမှာ Caucus ကျင်းပပြီး တချို့ပြည်နယ်တွေမှာ Primary ကျင်းပပါတယ်။ သက်ဆိုင်ရာ ပြည်နယ်တွေက ပါတီခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ အိုင်အိုဝါ ပြည်နယ်အပြင်၊ နီဗားဒါး၊ မြောက် ဒါဂိုတာ၊ ဝိုင်ယိုမင်း ပြည်နယ်တွေနဲ့ အမေရိကန်ပိုင်နယ်တွေထဲက ဆမိုဝါကျွန်းနဲ့ ဂွမ်ကျွန်းတွေမှာ Caucus ကိုယ်စားလှယ် ပဏာမရွေးချယ်ပွဲတွေ ကျင်းပပါတယ်။ အိုင်အိုဝါ ပြည်နယ် ပဏာမ ရွေးကောက်ပွဲမှာ မိုးဘိုင်းဖုံး App တွေသုံး မဲပေးတဲ့ အချိန်၊ နည်းပညာချို့ယွင်းချက်ကြောင့် နှောင့်နှေးကျန့်ကြာမှုတွေ ရှိခဲ့ပြီး ဝေဖန်တာတွေလည်း ခံခဲ့ရပါတယ်။

ဒီတော့ စောစော ပါတီတွင်း သမ္မတလောင်း ရွေးချယ်ရေး ပဏာမ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်နေတယ်ဆိုတာထက် ညီလာခံမှာ တကယ်တမ်းဆုံးဖြတ်ပေးမယ့် ကိုယ်စားလှယ် မဲအရေအတွက်က ပိုအရေးကြီးပါတယ်။ တနိုင်ငံလုံးမှာ မဲအများဆုံး ရမရ ဆိုတာထက်လည်း ကိုယ်စားလှယ် ဘယ်နှစ်ယောက် ထောက်ခံသလဲ ဆိုတာက အရေးကြီးပါတယ်။ မတ်လ ၃ ရက်နေ့ ဆိုရင် Super Tuesday လို့ခေါ်တဲ့ ပြည်နယ် တဒါဇင်ကျော်မှာ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲတွေ ကျင်းပမှာပါ။ အနည်းဆုံး ပါတီညီလာခံတက်မယ့်၊ ပါတီကိုယ်စားပြု သမ္မတလောင်းကို ရွေးမယ့် ကိုယ်စားလှယ် ၁၃၀၀ ကျော်ကို မဲရလဒ်အရ ခွဲပေးမှာဖြစ်တဲ့အတွက် ယှဉ်ပြိုင်သူတွေအတွက် အရေးကြီး ပါတယ်။ မဲအများဆုံးရရင် ကိုယ်စားလှယ် အားလုံးကို ယူနိုင်တယ်ဆိုတဲ့ Winner-takes-all စည်းမျဉ်းတော့ ဒီမိုကရက်တစ်ပါတီမှာ မရှိပါဘူး။ မတ်လ ၃ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ သမ္မတကိုယ်စားလှယ်လောင်းတွေကို အဓိက စမ်းသပ်တဲ့ရွေးကောက်ပွဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဘီလျံနာသူဌေးကြီး Michael Bloomberg အနေနဲ့ နောင်ပြိုင်မယ့် ပြည်နယ်တွေ၊ ကိုယ်စားလှယ်အများစုရှိတဲ့ ပြည်နယ်တွေက ရွေးကောက်ပွဲတွေကို အာရုံစိုက်ပုံရပါတယ်။ အခု ကျင်းပပြီးစီးသလောက် အင်ဒီးယားနားပြည်နယ် South Bend မြို့တော်ဝန် Pete Buttigieg နဲ့ ဗားမွန့်ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders တို့က ရှေ့က ပြေးနေပါတယ်။ ဘာပဲဖြစ်ဖြစ် အဆုံးမှာ သမ္မတ Donald Trump ကို ယှဉ်ပြိုင်မယ့်သူ ဘယ်သူ ဖြစ်လာမလဲ၊ နယူးယေက်မြို့တော်ဝန်ဟောင်း သူဌေးကြီး Bloomberg အနေနဲ့ရော သန်းရာချီငွေတွေ ပုံအောနေတာ အကျိုးရှိပါ့မလား၊ ပါတီကိုယ်စားပြု သမ္မတလောင်းကရော လက်ရှိသမ္မတကို အနိုင်ယူပြီး အိမ်ဖြူတော်ကို သိမ်းပိုက်နိုင်ပါ့မလား အားလုံးက စိတ်ဝင်စားနေကြပါတယ်။

ထိုက်သူနိုင်