ဒေးဗစ်လှမြင့် (ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) ၊ ဥက္ကဌ ) တွေ့ဆုံမေးမြန်းခြင်း


‘  ကျွန်တော်တို့နိုင်ငံမှာ အားနည်းချက်တစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်တွေအတွက် Constitution မပါဘူးဗျ။ တကယ်တော့ ဒီပြည်နယ်တွေရဲ့ Constitution ရှိရမယ်။ ဒီပြည်နယ်တွေအတွက် Constitution ရှိလာပြီဆိုရင် အဲ့ဒီဥပဒေထဲမှာ သယံဇာတအချိုးအစားကို ဘယ်လိုဆောင်ရွက်မလဲဆိုတာ ပြဌာန်းထားလို့ရတယ်


မေး။  ။ ဘာကြောင့် ၂၀၂၀ မှ ရွေးကောက်ပွဲဝင်ရတာလဲ။ ဘာလုပ်နိုင်မယ်ထင်ပါသလဲ။

ဖြေ။  ။ ကျွန်တော်တို့ဟာ ဒီပါတီထောင်ပြီး လွတ်တော်ထဲမှာ နိုင်ငံရေးတွေ ဆောင်ရွက်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာကတော့ ကျွန်တော်တို့ လက်ရှိ‌ကြုံနေရတဲ့ လွှတ်တော်နဲ့ နိုင်ငံရေးက အင်မတန်မှ အားနည်းတယ်။ လက်ရှိနိုင်ငံရေးအရွေ့ကို ရောက်နိုင်မယ်လို့ ကျွန်တော်တို့က မယုံကြည်ဘူး။ ဒါကြောင့်မို့ လွှတ်တော် နိုင်ငံရေးကို တခြားသူတွေ လုပ်မယ့်အစား ကျွန်တော်တို့အားလုံးက ဝင်ရောက်ပြီး ပါဝင်ဆောင်ရွက်မှသာ ဒီတိုင်းပြည်ရဲ့ အရွေ့ကိုသွား နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တဲ့အတွက်ကြောင့် လွှတ်တော်နိုင်ငံရေးကို ဝင်ရောက်ပါဝင်ရခြင်း ဖြစ်ပါတယ်။

မေး။  ။ ရွေးကောက်ပွဲမှာ မဲပေးမယ့်ပြည်သူတွေကိုပေးချင်တဲ့ သတင်းစကားကိုပြောပြပေးပါ။

ဖြေ။  ။ မဲပေးမယ့် ပြည်သူတွေကို ပြောချင်တာကတော့ ဒီနေ့ ၂၀၂၀ ရွေးကောက်ပွဲက ၂၀၁၀ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲလို မဟုတ်ဘူး။ အရင် ၂၀၁၀တုန်းကလည်း ကြံ့ခိုင်ရေးကိုပုံပြီးတော့ မဲပေးတယ်။ ၂၀၁၅မှာလည်း NLDကိုပဲ ပုံပြီးတော့ မဲပေးတယ်။ အခု ၂၀၂၀ မှာတော့ အဲ့လိုမဟုတ်တော့ဘူး။ ကြံ့ခိုင်ရေးရဲ့ စွမ်းဆောင်ရည်ကိုလည်း အားလုံးသိသွား ပြီးပြီ။ NLDရဲ့ စွမ်းဆောင်ရည်ကိုလည်း အားလုံးသိသွားပြီးပြီ။ အဓိက ပြောချင်တာကတော့ ၂၀၂၀မှာ အဓိကပြည်သူလူထုအကျိုးကို အမှန်တကယ် ဆောင်ရွက်ပေးမယ့် လွှတ်တော်ကိုယ်စား လှယ်လောင်းတွေကိုပဲ ရွေးချယ်ပေးစေချင်တယ်။ ကိုယ်စားလှယ်လောင်းတွေကိုပဲ ကြည့်ရှုပြီးတော့ ရွေးချယ်ကြပါလို့ သတင်းစကားပြောချင်ပါတယ်။

မေး။  ။ ဒီနိုင်ငံမှာ မြေယာပြဿနာကသိပ်ကြီးတယ်။ အခုမြေယာဥပဒေအသစ်ကလည်း ဝေဖန်မှုတွေရှိနေတယ်။ ဖွံ့ဖြိုးတိုးတတ်ရေးခေါင်းစဉ်အောက်ကမြေသိမ်းနေတာ။ စစ်ပွဲတွေကြောင့် မြေယာမဲ့ဘဝရောက်ခဲ့တာတွေလည်း ဖြစ်နေတာဆိုတော့ ပါတီရဲ့ မြေယာစီမံခန့်ခွဲမှု၊ မြေယာမူဝါဒကိုပြောပြပါဦး။

ဖြေ။  ။ လယ်ယာမြေနဲ့ပတ်သတ်တဲ့ ကိစ္စမှာ အဓိကကတော့ ၂၀၁၂ လယ်ယာမြေဥပဒေပေါ့နော်။ ဒီဥပဒေက ကျွန် တော်တို့အသစ်ပြန်ရေးရတဲ့ ဥပဒေဗျ။ ဒီလယ်ယာမြေဥပဒေက လယ်သမားတွေ အကျိုးအတွက် လုံးဝအကျိုးမရှိဘူး။ ဒါကြောင့်မို့ လယ်ယာမြေဥပဒေကိုတစ်ချို့က ပြင်ဆင်ရမယ် ပြောတယ်။ ကျွန်တော်တို့ကတော့ ပြင်ဆင်ရမယ့်အစား ဒီဥပဒေကို အသစ်ပြန်ရေးဖို့လိုမယ်။ အသစ်ပြန်ရေးတဲ့အခါမှာလည်း ကျွန်တော်တို့က လက်ရှိတောင် သူလယ်သမားကိုယ်စားလှယ် တွေ၊လက်ရှိ ဥပဒေပညာရှင်တွေပေါ့နော်။ နောက်တောင်သူ လယ်သမားအရေးကို ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ ဒီလိုပုဂ္ဂိုလ်တွေ အားလုံးဝိုင်းဝန်းပြီး လယ်သမားတွေ အကျိုးဖော်ဆောင်နိုင်တဲ့ လယ်ယာမြေဥပဒေတစ်ရပ် ပြန်လည်ပေါ်ပေါက်လာအောင် ဆောင်ရွက်ပေးဖို့ လိုပါလိမ့်မယ်။ နောက်တစ်ခုကလည်း ဒီနှစ်တောင်သူလယ်သမားတွေက ကျွန်တော်တို့ လယ်သိမ်းမြေသိမ်းဖြစ်တဲ့အပြင် ကိုယ့်လယ်ကို ပြန်ပြီး ထွန်တဲ့အခါမျိုးမှာ ကျွန်တော်တို့ ခုနပြောခဲ့တဲ့ ကျူးကျော်မှုတွေ သောကမျိုးစုံနဲ့ ဒီကနေ့ ကျွန်တော်တို့ ထောင်ချခံရတာတွေ အသိမ်းခံရတာတွေက ဒီနေ့အချိန်အထိ မပြီးဆုံးသေဘူး ပေါ့နော်။ ဒါတွေဖြစ်နေတယ်။ ကျွန်တော်တို့ဟာ လယ်သမားအခွင့်အရေးတွေကို ခိုင်ခိုင်မာမာရရှိအောင် နောက် လယ်သမားအခွင့်အရေးကို ကာကွယ်တဲ့ အမှန်တကယ်ထိရောက်မယ့် ဥပဒေတွေ ပေါ်ပေါက်လာအောင်၊ နောက်တစ်ခုက နိုင်ငံလုံးဆိုင်ရာတောင်သူလယ် သမားသမဂ္ဂကြီးပေါ့။ လယ်သမားတွေကိုယ်တိုင်ပါဝင်ပြီးတော့ ဖွဲ့စည်းထားတဲ့ လယ်သမားအကျိုးကိုဆောင်ရွက်နိုင်တဲ့ တောင်သူလယ်သမားသမဂ္ဂကြီး ပေါ်ပေါက်လာအောင် ကျွန်တော်တို့က အဓိကထားပြီး အသားပေးဆောင် ရွက်သွားဖို့ ရှိပါတယ်။

မေး။  ။ အလုပ်သမားအခွင့်အရေးပေါ့။ အလုပ်သမားအခွင့်အရေးလို့ပြောနေကြပေမယ့် အခုချိန်ထိ အလုပ်သမား လစာကိစ္စ၊ အလုပ်အကိုင်တည်မြဲရေး အစရှိတဲ့ အရေးကိစ္စတွေ ဘာကြောင့်ဆက်ရှိနေတာပါလဲ။ ဘယ်လိုဖြေရှင်း နိုင်ပါမလဲ။

ဖြေ။  ။ အလုပ်သမားတွေနဲ့ ပတ်သက်လို့ကတော့ အဓိကကတော့ အလုပ်သမားအခွင့်အရေးတွေ ကာကွယ်တဲ့ ဥပဒေခင်ဗျ ။ ဒီအလုပ်သမားအခွင့်အရေးတွေ ကာကွယ်တဲ့ ဥပဒေက ကျွန်တော်တို့ ခိုင်ခိုင်မာမာရှိဖို့လိုမယ်။ အမှန်တကယ်လည်း အလုပ်သမားတွေကို ကာကွယ်ပေးဖို့လိုမယ်။ ဒီနေ့ အလုပ်ရှင် အလုပ်သမားပြဿနာတွေ အလုပ်သမားတွေရဲ့ တနေ့ရလာတဲ့ ဝင်ငွေတွေက ဒီအလုပ်သမားတွေရဲ့ လက်ရှိကုန်စျေးနှုန်းအခြေအနေ ၊ တိုင်းပြည်ရဲ့အခြေအနေ ကုန်စျေးနှုန်းအခြေအနေအရ လက်ရှိရရှိတဲ့ ငွေကြေးပမာဏက လုံးဝမလောက်ဖူးပေါ့နော်။ မလောက်တာဖြစ်တဲ့အတွက် သူတို့ရဲ့ အလုပ်လုပ်ရင် အလုပ်လုပ်သလောက် အကျိုးခံစားခွင့်ရှိမယ့် အခြေအနေမျိုးကို ဖန်တီးပေးဖို့ လိုမယ်။ အလုပ်သမားတွေအတွက် အမှန်တကယ်စောင့်ရှောက်ပေးမယ့် ဥပဒေမျိုးတွေ ခုနပြောတဲ့ လူမှုဖူလုံရေးလို မျိုးတွေပေါ့နော်။. ဒီအလုပ်သမားတွေ ရနိုင်တဲ့ အခွင့်အရေးတွေ အကုန်လုံးကို သူတို့အတွက် ဥပဒေတွေ နည်းဥပဒေတွေ နောက်အလုပ်သမားသမဂ္ဂတွေ ဒါမျိုးတွေ ပေါ်ပေါက်လာအောင် ဆောင်ရွက်သွားဖို့ လိုပါလိမ့်မယ်။

မေး။  ။ ခေတ်အဆက်ဆက်မှာ သယံဇာတ ထုတ်လုပ်ရေးကို ဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ပြီး ပွင့်လင်းမြင်သာမှုမရှိပဲ ဖော် ဆောင်ခဲ့တယ်။ နိုင်ငံအတွက်စီးပွါးရေးဆုံးရှုံးနစ်နာရပြီး ပြည်သူတွေအတွက်ကတော့ အဘက်ဘက်ကပေး ဆပ်နေရဆဲဖြစ်ပါတယ်။ အဲတော့ သယံဇာတဖော်ထုတ်ရေးမူဝါဒကိုပြောပြပါဦး။

ဖြေ။  ။ သယံဇာတ ခွဲဝေရေးဆိုတဲ့ ကိစ္စက အဓိကကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးနဲ့ ဆိုင်တယ်ဗျ။ သယံဇာတ အဓိက ထွက်နေတာက အများစုက ပြည်နယ်တွေမှာ ထွက်နေတာဗျ။ ပြည်နယ်တွေက တိုင်းရင်းသားဒေသတွေမှာ သယံဇာတတွေ ထွက်နေတယ်။ ဒီဒေသတွေမှာ ဒေသခံတိုင်းရင်းသားတွေခံစားရတာ မရှိသလောက်ပဲပေါ့။ အနည်းအကျဉ်းလောက်ပဲ ခံစားကြရပြီးတော့ ပြည်‌ထောင်စုကပဲ အကုန်ယူသွားတယ်။ ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလဲ သယံဇာတ ခွဲဝေရေးနဲ့ပတ်သက်လို့ တိုင်းရင်းသားတွေဘက်ကနေပြီး ခိုင်ခိုင်မာမာ ပြဌာန်း ထားတာ ဘာမှမရှိဘူးဗျ။ နံပါတ်တစ်က ဒီသယံဇာတကို ခွဲဝေရေးဆိုင်ရာကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိတိကျကျ ပြဌာန်းထားဖို့ လိုတယ်။ အဓိကပြောချင်တာက ဒေသခံတိုင်းရင်းသားတွေအတွက် သယံဇာတခွဲ‌ဝေမှုမှာ သူတို့အတွက်ရသင့်ရထိုက်တဲ့ အခွင့်အရေးအားလုံးကိုပေးရမယ်ဗျ။ အခုဟာကသယံဇာတတော့ ရှိပါရဲ့အကုန်လုံး ထုတ်ယူတယ်။ နိုင်ငံတကာကို ရောင်းစားတယ်။ ဒါပေမယ့် ဒေသခံတွေအတွက်ကျတော့ ဘာတစ်ခုမှဖြစ် မြောက်အောင် ဆောင်ရွက်ပေးနိုင်စွမ်း မရှိဘူးပေါ့နော်။ ဒါကြောင့်မို့ သယံဇာတနဲ့ ပတ်သက်လို့ ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ရှိတဲ့ သယံဇာတရာခိုင်နှုန်းအချိုးအစားကို တိတိကျကျ ပြဌာန်းထားရမယ်။ ဒီလိုပြဌာန်းတော့မှလည်း ကျွန်တော်တို့က ဒီလွှတ်တော်တစ်ခုတည်းက ဆုံးဖြတ်နေလို့လည်း မပြီးဘူး။ ခုနကပြောတဲ့ တိုင်းရင်းသာ ဒေသမှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တိုင်းရင်းသား ပြည်သူတွေနဲ့အတူ ညှိနှိုင်းဆွေးနွေးပြီးမှ ဒီ သယံဇာတခွဲဝေတဲ့ ကိစ္စမျိုးကို ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ တိတိကျကျ ပြဌာန်းထားရမယ်။ နောက်တစ်ခါ သယံဇာတ ထုတ်ယူမယ့် ကိစ္စက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့လည်းဆိုင်တယ်။ သယံဇာတ ထုတ်ယူလိုက်ပေမယ့် ဒေသခံတွေ အနေနဲ့ အများကြီး ဆိုးကျိုးတွေ ဖြစ်တယ်။ ကျွန်တော်တို့က ဒီဓာတုဗေဒနဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေပေါ့နော်။ နောက်တစ်ခါ ရွေ့ပြောင်း ကိစ္စတွေပေါ့နော်။ ရွေ့ပြောင်း ကိစ္စတွေမှာ ထိထိရောက်ရောက် လျှော်ကြေးတွေ မရတဲ့ကိစ္စတွေ ၊ ကျွန်တော်တို့က ဒီရွာကိုသိမ်းမယ်၊ လယ်ကို သိမ်းမယ်ဆိုရင် အဲရွာတွေဖျက်ရင် သူတို့ကို ထိုက်တန်တဲ့ လျှော်ကြေးတွေ မပေးတာတွေ ၊ ကိုယ့်မြေကိုယ်နေရာ ကိုယ်ပိုင်ဆိုင်မှု ရှိရဲ့သားနဲ့ အတင်းအဓမ္မသိမ်းပြီး တစ်ခါတည်း ဖယ်ရှားပစ်တာတွေ ၊ ဒါမျိုးတွေ အတွက်ကို ထိထိရောက်ရောက် အကာအကွယ်ပေးရမယ်ဗျ ။ ကျူးလွန်တဲ့ သူတွေကိုလည်း ထိထိ ရောက်ရောက် ပြတ်ပြတ်သားသား အရေးယူရမယ်ဗျ။ သယံဇာတခွဲဝေရေးကိစ္စတွေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကနေပြီး တိတိကျကျ ပြဌာန်း ပေးဖို့လိုတယ်။ နောက်တစ်ခုက သယံဇာတတွေ မဆုံးရှုံးရအောင် သယံဇာတတွေ လွယ်လွယ်ကူကူ ပေါပေါလောလော မထုတ်ယူနိုင်အောင် နောက်တစ်ခုက ကျွန်တော်တို့ ဆင့်ကဲဆင့်ကဲ သယံဇာတကို ထိန်းသိမ်း ထားရတာပေါ့။ ဒီသယံဇာတတွေက ရှိသမျှအကုန် ထုတ်ရောင်းလိုက်ရင် နောက်ပိုင်းကျရင်တ ကယ်လိုအပ်တဲ့အခါမရှိဖြစ်လိမ့်မယ်လေ။ ဒါကြောင့်မို့ ကျွန်တော်တို့က မျိုးဆက်အလိုက် ထိန်းသိမ်းထားနိုင်ဖို့ပေါ့။ သယံဇာတနဲ့ပတ်သက်လို့ အဲ့ဒီလို ဆောင်ရွက်သွားနိုင်ဖို့ ကျွန်တော်တို့ဖက်မှာတော့ ဒီလိုမူဝါဒတွေတော့ ရှိပါတယ်ခင်ဗျ။

မေး။  ။ တဆက်ထဲမှာပဲ ဖက်ဒရယ် ပြည်ထောင်စုနဲ့ပတ်သက်တဲ့ သယံဇာတွဲဝေရေးမူဝါဒကို မိတ်ဆက်ပေးပါ။

ဖြေ။  ။ ဖက်ဒရယ်အရေးနဲ့ သယံဇာတအရေးမှာတော့ ဖက်ဒရယ်အရေးဆိုတာကတော့ ပြည်ထောင်စုကြီး တစ်ခုလုံးနဲ့ ဆိုင်တာပေါ့နော်။ ကျွန်တော်တို့ တိုင်းပြည်မှာ ဖယ်ဒရယ်ဆိုတာကတော့ ကျယ်ပြန့်ပါတယ်။ ဖက်ဒရယ် ဆိုတဲ့နေရာသယံဇာတက အဓိကနေရာမှာပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုလို့ပြောလို့ရှိရင် သယံဇာတခွဲဝေမှုတွေ ၊ဘတ်ဂျက်ကိစ္စတွေ၊အခွန်ကိစ္စတွေပါ ပါလာတယ်။ ပြည်ထောင်စုအစိုးရကနေပြီးတော့ မင်းတို့က သုံးဆယ်ယူ၊ ငါတို့က ၇၀ ယူမယ်ဆိုတာမျိုး အဲ့လိုမျိုးတွေမလုပ်ဘဲ တိုင်းရင်းသားတွေနဲ့ညှိနှိုင်းပြီး သူတို့ရရှိသင့်တဲ့အချိုးအစားကို သတ်မှတ်ပြီး ဆောင်ရွက်ရမှာဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ အားနည်းချက် တစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်တွေအတွက် Constitution မပါဘူးဗျ။ တကယ်တော့ ဒီပြည်နယ်တွေရဲ့ Constitution ရှိရမယ်။ ဒီပြည်နယ်တွေအတွက် Constitution ရှိလာပြီဆိုရင် အဲ့ဒီဥပဒေထဲမှာ သယံဇာတအချိုးအစားကို ဘယ်လိုဆောင်ရွက်မလဲဆိုတာ ပြဌာန်းထားလို့ရတယ်။ လက်ရှိမှာ ပြည်နယ်တွေရဲ့ ရပိုင်ခွင့် ၊လုပ်ပိုင်ခွင့်က အားနည်းနေပြီးတော့ ပြည်ထောင်စုကပဲ အားလုံးချုပ်ကိုင်ထားတဲ့ အတွက် ဖက်ဒရယ်လည်း မဟုတ်ဘူး။ သယံဇာတခွဲဝေမှုကလည်း မရှိသလောက်ဖြစ်တဲ့အတွက် ဖက်ဒရယ် Constitutionတစ်ခုကို ခိုင်ခိုင်မာမာရေးဆွဲ ပြီးမှသယံဇာတခွဲဝေမှုကိုလည်း တရားမျှတတဲ့ ခွဲဝေမှုဖြစ်အောင် အကောင်ထည်ဖော်သွားမှပဲဖြစ်မယ်ဗျ။

မေး။  ။ နိုင်ငံခြားကြွေးမြီကိစ္စကလည်း အစိုးရသစ်တိုင်းအတွက် စိန်ခေါ်မှုနဲ့ ထွက်ပေါက်လိုဖြစ်နေပြီး မူဝါဒတစ်ရပ်အနေနဲ့ လုပ်ဆောင်နေတာမတွေ့ရသေးဘူး ဘယ်လိုဖြစ်သင့်ပါသလဲ ဘယ်လိုမူဝါဒတွေရှိပါသလဲ။

ဖြေ။  ။ ကြွေးမြီကိစ္စကတော့ ရှေ့ကအစိုးရလုပ်သွားတာ နောက်ကအစိုးရက ခံရတာပဲလေ။ နောက်လူတွေက ဆက်ခံရတာဖြစ်တဲ့အတွက် ကြွေးမြီနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာတော့ အမွေဆိုးကိုဆက်ခံရသလိုဖြစ်နေတာပေါ့။ အခုဖြစ်နေတဲ့ကိစ္စက နှစ်ပိုင်းပေါ့။ နိုင်ငံတကာအကြွေး လည်းရှိတယ် ပြည်တွင်းမှာလုပ်ထားတဲ့ အကြွေးတွေလည်း ရှိတယ်ပေါ့။ အဲ့ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ စဉ်းစားတာကတော့ ဒီအ‌ကြွေးမြီတွေကို မှန်မှန်ကန်ကန်သုံးစွဲ သလားပေါ့။ အစိုးရတစ်ရပ်ဖြစ်တဲ့အခါမှာ နိုင်ငံတကာကြွေးမြီတွေကို ယူထားပြီးတော့တိုင်းပြည် အတွက်သုံးတယ်လို့ ပြောပေမယ့် တိုင်းပြည်အကျိုးစီးပွားအတွက် တကယ်ပဲထိထိရောက်ရောက်သုံးသလားဆိုတာကို ပြန်လည် ဆန်းစစ်ရမယ်။ အစိုးရတွေက တကယ်ပဲမှန်မှန်ကန်ကန်လုပ်သွားရဲ့လား အဂတိကော ကင်းရဲ့လားပေါ့။ ကြွေးတွေယူပြီးတော့ အဂတိမကင်းဘဲနဲ့ သုံးခဲ့မယ်ဆိုရင်လည်းအဂတိနဲ့ပတ်သက်ပြီးစစ်ဆေးရမှာပဲလေ။ အရင်အစိုးရလုပ်တဲ့အကြွေးတွေငါတို့ထပ်ဆပ်မယ်။ ငါတို့ဆက်ခံမယ်ဆိုတာထက် တကယ်ပဲ မှန်မှန်ကန် ကန်သုံးစွဲခဲ့တာလား ဒါတွေအားလုံးစစ်ဆေးရမယ်။ လိုအပ်ရင် လိုအပ်သလို ဥပဒေပိုင်းဆိုင်ရာ စကားပြောရမှာ တွေရှိတယ်ဗျ။ ကျွန်တော်တို့ကတော့ အဲ့လိုပဲမြင်တယ် ။ အရင်အစိုးရလုပ်ခဲ့တာတွေ ပြန်ပြီးတော့ ဆန်းစစ်ရမယ်။ မှန်ကန်မှုမရှိဘူးဆိုရင်သူတို့လာရှင်း။ ကျွန်တော်တို့က ဒီလိုပဲသွားမယ်။

မေး။  ။ ချုပ်ပြောရရင် စီးပွားရေးပြုပြင်ပြောင်းလဲဖို့အတွက် ဘာတွေပြုပြင်ပြောင်းလဲဖို့ လိုပါသလဲ။ ဘယ်လိုလုပ်ကိုင် ဆောင်ရွက်မှာပါလဲ။

ဖြေ။  ။ လက်ရှိသွားနေတဲ့စီးပွားရေးမူဝါဒက သိပ်ပြီးအောင်မြင်တဲ့ စီးပွားရေး မူဝါဒမဟုတ်ဘူးဗျ။ နိုင်ငံခြားရင်း နှီးမြှပ်နှံမှုကလည်း မရှိသလောက်ပဲဗျ။ ကျွန်တော်တို့က စီးပွားရေးကို လုပ်မယ်ဆိုရင် နိုင်ငံရေးစနစ်နဲ့လည်း ဆိုင်တယ်ဗျ။ ဒီနိုင်ငံရေးစနစ်ကြီး ပုံမှန်လည်ပတ်မှုလည်းမရှိဘူး။ အာမခံချက်လည်းမပေးနိုင်ဘူး။ အဲ့လိုမျိုးအခြေနေဆိုရင် စီးပွားရေးကလည်း အောင်မြင်မှာမဟုတ်ဘူး။ မှန်ကန်တဲ့ စီးပွားရေးစနစ်၊ခိုင်မာတဲ့ စီးပွားရေးစနစ် တကယ်အကျိုးရှိတဲ့စီးပွားရေးစနစ်တစ်ခုကို ချမှတ်မယ်ဆိုရင် စီးပွားရေးမူဝါဒထက် နိုင်ငံရေးစနစ်ကြီးတစ်ခုလုံး ကိုပြောင်းပြစ်မှရမယ်။ အဲ့တော့ ဒီနိုင်ငံရေးစနစ်မမှန်မကန်လုပ်နေသမျှ ကာလပတ်လုံး ဘယ်လုပ်ငန်းရှင်ကမှ ကျွန်တော်တို့နိုင်ငံမှာလာပြီး ရင်းနှီးမြှပ်နှံမှု လုပ်မှာမဟုတ်ဘူး။ နောက်တစ်ခုကလည်း ပြည်တွင်းမှာရှိတဲ့ စီးပွား ရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ တော်တော်များများကလည်း ပြန်ပြီးတော့ ပြင်ဆင်ရေးဆွဲရမယ့် ကိစ္စတွေရှိတယ်။ ကျွန်တော်တို့က တိုင်းပြည်ရဲ့ စီးပွားရေး လုပ်ငန်းကိုဆောင်ရွက်တဲ့ အချိန်မှာတိုင်းပြည်ရဲ့ နိုင်ငံရေးစနစ်ကိုလည်းပြင်ရမယ်။ နိုင်ငံရေးစနစ်နဲ့အတူ လိုက်လျောညီထွေမယ့် စီးပွား ရေးစနစ်မျိုးကို အကောင်ထည်ဖော်ရမယ်။ ကျွန်တော်တို့က အဲ့လိုပဲ ဆောင်ရွက်မှာပါ။

ယနေ့ခေတ်။ ။ ကျေးဇူးတင်ပါတယ်။