နမ္မတူဘော်တွင်းရဲ့ ကံကြမ္မာကို အကဲခတ်ကြည့်ခြင်း အပိုင်း (၁)

photos: Aung Kyaw Moe

photos: Aung Kyaw Moe

#Environment

#Opinion

 

“ဘော်တွင်းက ရှေ့မှီနောက်မှီလူကြီးများပြောပြတာက အဲဒီလိုဏ်ခေါင်းဖောက်ခဲ့တဲ့ နိုင်ငံခြားသားအင်ဂျင် နီယာက လိုဏ်ခေါင်းဟာ နဲနဲလေးကောက်သယောင်ဖြစ်သွားတဲ့အတွက် သူ့ကိုယ်သူ သတ်သေခဲ့တယ်လို့ ပြောပြပါတယ်”

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တည်ရှိတဲ့ နမ္မတူဘော်တွင်း သတ္တုမိုင်းအကြောင်း လက်ရှိအခြေအနေကို ရေးမယ်ဆိုတော့ စဉ်းစားစရာတွေ ရှမ်းပြည်နယ်အရေးနဲ့ ပတ်သက်လို့ တွေးစရာတွေ အများကြီးဖြစ်လာ ပါတယ်။

ကိုယ်တိုင်သွားရောက် လေ့လာမေးမြန်းခဲ့သလို အချို့အချက်အ လက်များက ဒေသခံတွေ တန်ဖိုးထားပြီး စုဆောင်းထားတဲ့ စာအုပ်တွေကိုဖတ်ပြီး တင်ပြသလို ရှေ့နောက်မီခဲ့တဲ့ မိုင်းဝန်ထမ်းဘဝကနေ အငြိမ်းစား ယူခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြောပြချက်များကို မှီငြမ်းပြီး ရေးသားထားခြင်းဖြစ်ပါတယ်။ ကျနော်က ပညာရှင်တစ် ယောက်လည်း မဟုတ်သလို စာရေးဆရာလည်း မဟုတ်ပါဘူး။

အခုကျနော်ရေးတဲ့စာ စကားလုံးတွေဟာ MATA အဖွဲ့အစည်းရဲ့ ယုံကြည်ချက်၊ ရှုမြင်ချက်၊ ရပ်တည်ချက်များနဲ့ သက်ဆိုင်ခြင်းမရှိဘဲ မိမိရဲ့ပုဂ္ဂလိကခံစားချက်များ ကို အခြေခံပြီး ရေးသားခြင်းသာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ဟာ မြန်မာပြည်အတွင်းမှာသာမက ကမ္ဘာသိ ထင်ရှားတဲ့ မြို့တစ်မြို့ဖြစ်ပါ တယ်။ နမ္မတူမြို့ နာမည်ကြီးရတဲ့ အကြောင်းအရင်းက အင်္ဂလိပ်ကိုလိုနီလက်ထက်ကတည်းက သတ္တုသန့်စင် စက်ရုံ တည်ဆောက်ထားတဲ့ စက်ရုံမြို့ဖြစ်သလို နမ္မတူမြို့နဲ့ ၁၃ မိုင် အကွာအဝေး လတ္တီတွတ် ၂၃ ဒီဂရီ ၆ မိနစ်နဲ့ လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၁၀ မိနစ် က နမ့်ပန်ယွန်း တောင်ကြားထဲမှာတည်ရှိတဲ့ ဘော်တွင်းသတ္တုမိုင်း တွင်းကြောင့် ဖြစ်ပါတယ်။

ဘော်တွင်းမိုင်းဟာ ၁၄၁၂ ခုနှစ်မှာ တရုတ်လူမျိုးများ စတင်တွေ့ရှိ တူးဖော်ခဲ့ပြီး ၁၈၉၁ ခုနှစ်မှာ အင်္ဂလိပ်တို့က တရုတ်လူမျိုးများ စွန့်ပစ်ခဲ့တဲ့ ချော်သတ္တုရိုင်းများကို တွေ့ရှိခဲ့တာကနေ စတင်ခဲ့တယ်လို့ မှတ်တမ်းများက ဖော်ပြကြပါတယ်။

၁၉၀၉ ခုနှစ်မှာ ဟားဘတ်ဟူးဗား (အမေရိကန်နိုင်ငံရဲ့ ၃၁ ဦးမြောက် သမ္မတဖြစ်လာမယ့်သူ) က သတ္တုမိုင်းကို စတင်ခဲ့ပါတယ်။ ၁၉၀၆ ခုနှစ်မှာ အဖိုးတန်လှတဲ့ ပင်မသတ္တုကြောကို ရှာဖွေတွေ့ရှိခဲ့ပြီး မာမီယံ ဆင်းတွင်း (Main Shaft) ကို အနက်ပေပေါင်း ၁၇၁၄ ပေထိရောက်အောင် တူးဖို့ စတင်ခဲ့ကြပါတယ်။

ဘာမားမိုင်းလီမိတက်က သတ္တုတူးဖော်ဖို့ တာဝန်ယူခဲ့ပါတယ်။ ပင်မဆင်းတွင်းကနေ ပေ ၁၂၀ ရောက်တိုင်း လိုဏ်ခေါင်းတစ်ခုစီတူးခဲ့ရာ အထပ်ပေါင်း ၁၄ ထပ်ရှိတယ်လို့ သိရပါတယ်။ မြေအောက်ကို ဆင်းတဲ့ ပင်မဆင်း တွင်း အထပ် ၆ ထပ်ကနေ ရေပြင်ညီအတိုင်း ပေပေါင်း ၉၀၀၀ ကျော် အလျားရှိတဲ့ မြေပြင်ထွက်ပေါက် လိုဏ် ခေါင်းတစ်ခုနဲ့ ၁၉၁၄ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ချိတ်ဆက်မိတဲ့အတွက် အဲဒီနေ့ကို အထိမ်းအမှတ်အဖြစ် သတ်မှတ်ပြီး ၂၀၁၄ ခုနှစ်က နှစ်တစ်ရာပြည့်ပွဲတော်ကို ကျင်းပခဲ့ကြောင်း ပြောပြကြပါတယ်။

ဘော်တွင်းက ရှေ့မှီနောက်မှီလူကြီးများပြောပြတာက အဲဒီလိုဏ်ခေါင်းဖောက်ခဲ့တဲ့ နိုင်ငံခြားသားအင်ဂျင် နီယာက လိုဏ်ခေါင်းဟာ နဲနဲလေးကောက်သယောင်ဖြစ်သွားတဲ့အတွက် သူ့ကိုယ်သူ သတ်သေခဲ့တယ်လို့ ပြောပြပါတယ်။

လိုဏ်ခေါင်းထွက်ပေါက်ကို ကျားစခန်းလို့ အမည်ပေးထားပါတယ်။ ကျားစခန်းလို့အမည်ပေးရတဲ့ အကြောင်း အရင်းကလည်း လိုဏ်ဂူထဲမှာ ကျားခြေရာ တွေ့ရတာကြောင့်လို့ ပြောပြသလို စခန်းအနီးကို ရောက်လာတဲ့ ကျားတစ်ကောင်ကို ပစ်သတ်နိုင်ခဲ့တာကြောင့်လို့ ဆိုကြပါတယ်။

အဲဒီလိုဏ်ခေါင်းကနေ သတ္တုသယ်တဲ့ ထရော်လီတွေနဲ့ မိုင်းတွင်းလုပ်သားတွေဟာ သွားလာကြရပြီး ပင်မဆင်းတွင်းက ဓာတ်လှေကားနဲ့ မြေအောက်ထဲက သတ်မှတ်ရာ နေရာတွေမှာ အဆိုင်းသုံးဆိုင်းနဲ့ အလုပ်လုပ်ကြရတယ်လို့ ပြောပြပါတယ်။ နမ္မတူ ဘော်တွင်းဟာ ရှားပါးသတ္တုသိုက်ဖြစ်ပြီး သတ္တုအမျိုးအစား ၇ မျိုး ရောစပ်ပါဝင်ပါတယ်။ ခဲ၊ ခနောက်စိမ်း၊ ငွေ၊ သွပ်၊ နီကယ်၊ ကြေးနီနဲ့ ရွှေသတ္တုတွေ ပါဝင်တယ်လို့ သိရပါတယ်။

သတ္တုကြောတွေကိုလည်း တရုတ်ကြော၊ ရှမ်းကြော၊ မိုင်းသာကြောလို့ အမည်တွေပေးထားသလို ကျနော် ကတော့ ပိတ်ထားတဲ့ မိုင်းသာကြော ဝင်ပေါက်အနားထိ ရောက်ခဲ့ပါတယ်။ တရုတ်တို့ဝင်တူးခဲ့တဲ့ အချိန်က ရှေးရိုးနည်းနဲ့တူးခဲ့သလို အင်္ဂလိပ်တို့ကလည်း အဲဒီအချိန်ကဆို ခေတ်မီနည်းစနစ်နဲ့ တူးဖော်ခဲ့တာလို့ ပြောရမှာ ပါ။ ယခု လက်ပံတောင်း၊ ဖားကန့်၊ တီကျစ်က မိုင်းတွင်းတွေလို ဟင်းလင်းဖွင့် စနစ်နဲ့ တူးခဲ့တာမဟုတ်ပါဘူး။ ယခုခေတ် အခြေအနေဆိုရင် အင်္ဂလိပ်ခေတ်က ဘော်တွင်းမိုင်းလိုမျိုးကို ငွေကြေးမြောက်များစွာ ကုန်ကျခံမှ တည်ဆောက်လို့ရမှာပါ။

နမ္မတူက သတ္တုသန့်စင်စက်ရုံနဲ့ ဘော်တွင်း မိုင်းမှာ ဝန်ထမ်းအလုပ်သမား ၃၅၀၀ ကျော် ရှိခဲ့တယ်လို့ ပြောပြပါ တယ်။ အလုပ်သမားတွေအတွက် နေစရာ အိမ်ခန်းတွေကို ရာထူး အလိုက်၊ တာဝန်အလိုက် ပေးထားတဲ့အပြင် လျှပ်စစ်မီးနဲ့ ဆေးကုသခွင့်များ၊ အန္တရာယ်ရှိ သန့်စင်ကြိုချက်တဲ့နေရာမှာ အလုပ်လုပ်ရတဲ့သူတွေအတွက် အစားအသောက်များ၊ မိုင်းတွင်းဆင်း ဝတ်စုံများနဲ့ လုံခြုံရေးအတွက် အဓိကထားပြီး လုပ်ပေးခဲ့တယ်လို့ ပြောပြပါတယ်။

မိုင်းတွင်းထဲဆင်းရင် ကာဗိုက်မီးပါ ဦးထုပ်နဲ့ ဝတ်စုံအပြည့် ဝတ်ဆင်ရပါတယ်။ မဆလ ခေတ်နဲ့ နဝတ၊ နအဖ ခေတ်ရောက်တဲ့အချိန်မှာ ကာဗိုက်မီးတွေနဲ့ မိုင်းဝတ်စုံတွေ မပေးတော့ဘဲ ဖယောင်းတိုင်ပဲ ပေးထားတယ်လို့ ပြောပြပါတယ်။

အင်္ဂလိပ်ခေတ်က မိုင်းတွင်းထဲကရေများစုပ်ထုတ်ဖို့နဲ့ မိုင်းတွင်းသွား ထရော်လီများ၊ ပင်မ မိုင်းတွင်းဆင်း ဓာတ်လှေကားများကို အသုံးပြုဖို့နဲ့ နမ္မတူမြို့အပါအဝင် ဘော်တွင်းနေရာတွေမှာ အသုံးပြုဖို့ လျှပ်စစ်ထုတ် လုပ်တဲ့စက်ရုံကို မန်ဆန်ရေတံခွန်မှာ တည်ဆောက်ပြီး အသုံးပြုခဲ့တယ်လို့ ပြောပြပါတယ်။ ဘော်တွင်းကို ရောက်သွားတဲ့အချိန် တောင်ကုန်းတောင်စောင်းမှာတည်ဆောက်ထားတဲ့ အိမ်တွေဟာ ဥရောပဆန်နေသလို ကျနော်ရောက်သွားချိန် မိုးအုံ့နေတော့ တွေ့ရတဲ့မြင်ကွင်းက နေရာအသစ်တစ်ခုကို ရောက်သွားသလိုပါပဲ။

ဘော်တွင်းမိုင်းမှာ အင်္ဂလိပ်ခေတ်က အရာရှိအဆင့်တွေအတွက် ဘားကလပ်တွေရှိသလို ဘိုလင်းကစားတဲ့ နေရာ၊တင်းနစ်ကွင်းတွေ ရှိခဲ့တာကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ဝန်ထမ်းအလုပ်သမားတွေအတွက် ကပွဲစင်နဲ့ ရုပ်ရှင်ရုံကိုလည်း တွေ့ရပါတယ်။ လက်ရှိအခြေအနေမှာတော့ အသုံးပြုခြင်းမရှိတော့ဘူးလို့ ပြောပြပါတယ်။ အလုပ်သမားတွေ ထိခိုက်မိလို့ ဆေးရုံတက်ရပြီ ဆိုရင်လည်း အိန္ဒိယက ဆရာဝန်က ဆေးကုသပေးပြီး သတ်မှတ်ထားတဲ့ ဆေးရုံဝတ်စုံကို ဝတ်ရတယ်လို့ ပြောပြပါတယ်။ လူနာတွေအတွက် နွားနို့ကို အနီးအနားက နွားမွေးတဲ့သူတွေဆီကနေ ဝယ်ယူပါတယ်။ နွားနို့ကို ဆရာဝန်ကြီးကိုယ်တိုင် စစ်ဆေးပြီး ကောင်းမွန်တဲ့ အဆင့်မှ ဝယ်တယ်လို့ပြောပြပါတယ်။

မိုင်းဝန်ထမ်း အလုပ်သမားတွေအတွက် သက်ဆိုင်ရာကိုးကွယ်မှုအလိုက် ဘုရားကျောင်း၊ ဝတ်ပြုနေရာများကို လည်း ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။ ဘော်တွင်းက စာတိုက်နေရာကို မြင်တွေ့ရတော့ကောင်းဘွိုင် ရုပ်ရှင်ကားတွေထဲက မြင်တွေ့ရတဲ့ အဆောက်အဦးလိုလိုပါ။

(ဆက်လက်ဖော်ပြပါမည်)

(စာရေးသူ အောင်ကျော်မိုးသည် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်များအဖွဲ့ MATA ရှမ်းပြည်နယ် အဖွဲ့ဝင်တစ်ဦးဖြစ်သည်)

အောင်ကျော်မိုး(MATA)