နမ္မတူဘော်တွင်းရဲ့ ကံကြမ္မာကို အကဲခတ်ကြည့်ခြင်း အပိုင်း ၃

photos: Aung Kyaw Moe

photos: Aung Kyaw Moe

photos: Aung Kyaw Moe

#opinion

နမ္မတူဘော်တွင်းကို ပုဂ္ဂလိကကုမ္ပဏီထံ လွှဲပြောင်းပေးလိုက်ပြီး နောက်ပိုင်းမှာ မိုင်းလုပ်သားများနဲ့ အရာထမ်း ဝန်ထမ်းတွေရဲ့ဘဝက စိုးရိမ်ပူပန်မှုတွေ အများကြီး ကြုံတွေ့နေရပါတယ်။ အဓိကပူပန်ကြတာက သူတို့ကို ဘယ်အချိန်မှာ အလုပ်ဖြုတ်လိုက်မလဲ ဆိုတာပါ။ အလုပ်သမားအများစုဟာ စက်ရုံနဲ့ မိုင်းတွင်းမှာ နှစ်ပေါင်း များစွာ အခြေချပြီး နေထိုင်လာကြတဲ့ သူတွေဖြစ်သလို အချို့ဝန်ထမ်းတွေဆိုရင် အင်္ဂလိပ်ခေတ်ကတည်းက လုပ်ကိုင်လာခဲ့ပြီး သားသမီးတွေ လက်ထက်အထိ လုပ်ကိုင်နေကြတုန်းပါပဲ။

သူတို့ဟာ မြန်မာပြည် အနယ်နယ်အရပ်ရပ်က လာခဲ့ကြသူတွေ ဖြစ်သလို အကယ်၍ အလုပ်ဖြုတ်ခံရပြီ ဆိုတာနဲ့ ယခုနေထိုင်နေတဲ့ လိုင်းခန်း ဝန်ထမ်းအိမ်ယာတွေကနေ ထွက်ခွာပေးကြရတော့မှာပါ။ ဝန်ထမ်း တွေဟာ နမ္မတူရှိ ရပ်ကွက်မှာနေပြီး ဘော်တွင်းမိုင်းမှာ ကျားစခန်းအပါအဝင် ၁၀ ရပ်ကွက် ရှိနေပါတယ်။ သူတို့အနေနဲ့ လက်ရှိနေထိုင်နေတဲ့ အိမ်ယာတွေက ရွှေ့ပြောင်းရရင် နေစရာမရှိတော့ဘူးလို့ ဝမ်းနည်းစွာနဲ့ ပြောပြပါတယ်။ သူတို့ ဆက်ပြီးနေဖို့ဆိုတာက မိုင်းအလုပ် ပြန်ရှိမှဖြစ်မှာလို့ ပူပန်မှုများစွာနဲ့ ပြောပြကြ ပါတယ်။

နမ္မတူနဲ့ ဘော်တွင်းမိုင်း ပိတ်သိမ်းထားပေမယ့် ဒီနေ့အချိန်ထိ နေ့စဉ်မပျက် အလုပ်ဆင်း အလုပ်တက် ဥသြဆွဲ နေဆဲပါ။ ဥသြဆွဲစနစ်ဟာ အင်္ဂလိပ်ခေတ်ကတည်းက ပြုလုပ်ခဲ့တဲ့စနစ်လို့ သိရပါတယ်။ အိပ်ယာနိုး ဥသြသံ၊ အလုပ်ဆင်း ဥသြသံ၊ ဂျုတီအပြောင်းအလဲ ဥသြသံ၊ ထမင်းစားနား ဥသြသံ၊ ညအိပ်ချိန် အချက်ပေး ဥသြသံနဲ့ အရေးပေါ်အသံ အမျိုးမျိုးရှိပါတယ်။ အမဲရောင်နယ်မြေဖြစ်တဲ့အတွက် ထူးခြားမှုရှိရင် အချက်ပေးဥသြများရှိ သလို အသံအတိုအရှည်များလည်း ကွဲပြားကြောင်း ပြောပြပါတယ်။

အလုပ်ရုံတွေ၊ မိုင်းလုပ်ငန်းတွေ အသက်ဝင်ခြင်းမရှိဘဲ ဘာကြောင့် ဥသြဆွဲနေတာလဲ ဆိုတော့ ဒီဥသြသံဟာ သူတို့အတွက် ခွန်အားဖြစ်စေသလို ယခုအခြေအနေနဲ့ဆို သူတို့အဖို့ မျှော်လင့်ချက်ရှိနေတယ်ဆိုတဲ့ စိတ်ဓာတ် ပိုင်းဆိုင်ရာအတွက် အထောက်အကူဖြစ်နေလို့ပါလို့ တွေ့ဆုံခဲ့တဲ့သူတိုင်းက ပြောပြကြပါတယ်။

အန္တရာယ်များတဲ့ အလုပ်တစ်ခုအတွက် စည်းကမ်းနဲ့ စနစ်ကို သူတို့ ဒီနေ့ထိ လက်ဆင့်ကမ်း သယ်ယူနေကြ တယ်လို့ မြင်မိပါတယ်။ အင်္ဂလိပ်ခေတ်က အတွေ့အကြုံကို အငြိမ်းစားယူပြီးတဲ့ စက်ရုံအရာထမ်း လူကြီးတစ် ယောက်က ပြောပြပါတယ်။ စက်ရုံတာဝန်ခံ နေထိုင်တဲ့အိမ်ဟာ အားလုံးကို အပေါ်စီးက မြင်တွေ့ရတဲ့ နေရာ မှာရှိတယ်လို့ ပြောပြပါတယ်။ သူက ဘာကို အမြဲကြည့်နေရလဲဆိုရင် စက်ရုံရဲ့ မီးခိုးခေါင်းတိုင်ကို အမြဲကြည့် နေရပါတယ်။ ခေါင်းတိုင်က မီးခိုးအရောင် ပြောင်းသွားတာနဲ့ ဘယ်နေရာမှာ ဘာလိုအပ်နေတယ်၊ ဘယ်နေရာ ကမှားနေတယ်ဆိုတာ ချက်ချင်းဖုန်းဆက်ပြောတယ်လို့ ပြောပြပါတယ်။

အင်္ဂလိပ်ခေတ်က ဝန်ထမ်းတွေအတွက် ဘောလုံးကန်ဖို့ကွင်း (ယနေ့အချိန်ထိ ရှိနေပါတယ်) ကိုလည်း ပြုလုပ် ပေးထားသလို ရုပ်ရှင်ရုံလည်း ရှိတယ်လို့ ပြောပြပါတယ်။ ညနေရောက်ပြီဆိုရင် ပွဲတော်တစ်ခုအလား စည် ကားနေတတ်တယ်လို့ ပြောပြပါတယ်။ ဝန်ထမ်းတွေရဲ့ အိမ်ယာတွေ တစ်ခုခုပျက်စီးရင် သက်ဆိုင်ရာဌာနကို ပြောလိုက်တာနဲ့ ချက်ချင်း လာရောက်ပြင်ဆင်ပေးသလို လမ်းတွေကိုလည်း သေချာခင်းပေးထားတယ်လို့ ပြောပြပါတယ်။ အခုချိန်ထိတောင် အင်္ဂလိပ်ခေတ်က လမ်းကြိတ်စက်တွေ ရှိနေပါသေးတယ်။ ယနေ့အချိန်ထိ နေထိုင်နေဆဲ အင်္ဂလိပ်ခေတ်က ဆောက်ထားတဲ့တဲက အိမ်အမိုးတစ်ခုကို မိတ်ဆွေတစ်ယောက်က ပြပါ တယ်။ ဒါဟာ ပလပ်စတစ်သွပ်မိုးလားဆိုတော့ မဟုတ်ပါဘူးတဲ့ အရင်က ကျောက်မီးသွေးအသုံးပြုရသလို ဓာတုပစ္စည်းတွေပါ အသုံးပြုရတဲ့အတွက် အဲဒီရဲ့ဆိုးကျိုးကို ခံနိုင်ရည်ရှိတဲ့ အမိုးတွေ လို့ ပြောပြပါတယ်။

ယခုလက်ရှိမှာတော့ ဝန်ထမ်းလုပ်သားအများစုဟာ မိသားစု စားဝတ်နေရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ အလုပ်လုပ်နေကြရသလို အချို့လူငယ်တွေကတော့ အိမ်နီးချင်းနိုင်ငံတွေဆီကို ရွှေ့ပြောင်းလုပ်သားအနေနဲ့ အလုပ်သွားလုပ်နေကြတယ်လို့ ပြောပြပါတယ်။

ဒေသခံတွေနဲ့ အလုပ်သမားအချို့ကတော့ နန်းပန်ယွန်းချောင်းထဲမှာ သတ္တုရှာပြီး နေ့စဉ် စားဝတ်နေရေး အတွက် ဖြေရှင်းနေကြတယ်လို့ ပြောပါတယ်။ နန့်ပန်ယွန်း ချောင်းတလျှောက်မှာတော့ ရေထဲ ကိုယ်တစ်ဝက် စိမ်ပြီး မိသားစုလိုက် သတ္တု ရှာဖွေနေကြတာကိုလည်း မြင်ခဲ့ရပါတယ်။

သူတို့ဟာ တရားဝင်ရှာဖွေနေကြရတာမဟုတ်ပါဘူး။ အာဏာပိုင် အဖွဲ့အစည်းများကို ကြောက်ရွံ့စွာနဲ့ ရှာဖွေ နေကြတာပါ။ ရှာဖွေလို့ရတဲ့ သတ္တုကြမ်းတွေကို ဝယ်လက်တွေရှိတဲ့နေရာပို့ပြီး ရောင်းကြရပါတယ်။ ကုမ္ပဏီ ကတော့ ဒါဟာ တရားမဝင်ရှာဖွေမှုနဲ့ ရောင်းဝယ်တာဖြစ်လို့ အရေးယူရမယ် ပြောပါတယ်။

အင်္ဂလိပ်ခေတ်က စွန်ပစ်မြေစာပုံဖြစ်တဲ့ သဲကွင်းကို လေ့လာဖြစ်ပါတယ်။ သဲကွင်းမှာ နှစ်ပေါင်းများစွာကြာပေ မယ့် အသုံးပြုထားတဲ့ ဓာတုဆေးဝါးအနံ့ကိုတော့ ယနေ့ချိန်ထိ ရနေဆဲပါ။ ကုမ္ပဏီတစ်ခုက ပြန်တူးဖော်ထား လို့ မြေသားထုဟာ အနည်းဆုံး ပေ ၃၀ လောက်အနက် ရှိမယ်ထင်ပါတယ်။ သဲကွင်းက မြေတွေဟာ ဓာတု အဆိပ်သင့် နယ်မြေတစ်ခုလို့လည်း ဆိုကြပါတယ်။ မိုးများလို့ပဲဖြစ်ဖြစ် ကုမ္ပဏီက တူးလို့ထွက်လာတဲ့ ရေအချို့ဟာ အနီးက နမ္မတူမြစ်ထဲကို စီးဝင်ပါတယ်။ တစ်ခါတလေ ငါးတွေ အစုအပြုံလိုက် အဆိပ်သင့်သေ ဆုံးကုန်တာကိုလည်း မြင်ခဲ့ရတယ်လို့ ဒေသက လူတွေက ပြောပြပါတယ်။

နောက်ထပ် အင်္ဂလိပ်ခေတ်က စွန့်ပစ်နေရာ တစ်ခုကတော့ ယနေ့မြင်တွေ့နေရတဲ့ နမ္မတူ သန့်စင်စက်ရုံဝင်း အတွင်းက သတ္တုကျိုချက်ပြီး စွန့်ပစ်လိုက်တဲ့ ချော်မြေများဖြစ်ပါတယ်။ အဲဒီချော်ပြာမြေတွေကို Myanmar Apex Mining ကုမ္ပဏီက သွပ် (Zinc) ထုတ်လုပ်ဖို့ ME 1 နဲ့ သဘောတူခဲ့ပါတယ်။ ချော်တွေကို ပြန်လည် ကျိုချက်ဖို့အတွက် နမ္မတူမှာ တရုတ်နည်းပညာသုံးစက်ရုံကို တည်ဆောက်ထားပါတယ်။ အဲဒီစက်ရုံအနေနဲ့ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ထုတ်မှု မရှိခဲ့တဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ခဲ့ကြပါတယ်။

တွေ့ဆုံခဲ့တဲ့ အမျိုးသမီးတစ်ဦးကတော့ သူတို့လုပ်ရပ်တွေက စက်ရုံအနေနဲ့ ပတ်ဝန်းကျင်ရှိလူတွေကို အလေးမထားဘူး၊ အင်္ဂလိပ်ခေတ်က ထုတ်လုပ်ခဲ့တဲ့ စက်ရုံက မီးခိုးခေါင်းတိုင်ကို တောင်ထိပ်ပေါ်ထိတက်ပြီး တည်ဆောက်ထားပေးတယ်၊ သူတို့စက်ရုံက အောက်ချိုင့်ထဲမှာဆိုတော့ ခေါင်းတိုင်က လူနေရပ်ကွက်တွေနဲ့ တပြေးညီဖြစ်နေတယ်၊ ဝန်ကြီးဌာနပေါင်းစုံကိုလည်း အားလုံးလက်မှတ်ထိုးပြီး တင်ပြထားတယ်၊ အခုထိ ဘာမှ အရေးယူဆောက်ရွက်ပေးခြင်း မရှိဘူးလို့ ပြောပြပါတယ်။

Myanmar Apex ကုမ္ပဏီကတော့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ အစိုးရဆီကနေ လုပ်ကွက်ရထားတဲ့ ၅ ဧက အပေါ်ကနေ ချော်တန်ချိန် ၆၃၀၀၀ (ခြောက်သောင်းသုံးထောင်) ကို ကျပ်ငွေ ၁ ဒသမ ၇ ဘီလျံ ပေးပြီးဝယ်ယူ ခဲ့ပါတယ်။ တန်ချိန် ၁၆၀၀၀ (တစ်သောင်းခြောက်ထောင်) ကို ပြည်ပသို့ တင်ပို့ခဲ့တယ်လို့ မီဒီယာမှာ ဖော်ပြ ထားပါတယ်။

အစိုးရနဲ့ သဘောတူညီထားကြတဲ့ ကုမ္ပဏီတွေဟာ နယ်မြေအသစ် အလုပ်အသစ်ကို မစဉ်းစားကြဘဲ အရင်း အနှီးနည်းနည်းပဲစိုက်ပြီး အမြတ်များများရနိုင်မယ့် ကိစ္စတွေကိုပဲ စဉ်းစားနေကြတယ်လို့ မြင်မိပါတယ်။ ချော်ပြာထုတ်နေတဲ့ နေရာကို ရောက်တဲ့အခါ စက်ရုံကို အဝင်အထွက်လုပ်မယ့် ရထားလမ်းအပါ တောင်ကုန်း လိုဖြစ်နေတဲ့ ချော်မြေတွေကို တူးထုတ်နေတာ တွေ့ရပါတယ်။ ဒါဟာ ဆူလွယ်နပ်လွယ် လုပ်ငန်းတစ်ခုပါ။

အင်္ဂလိပ်ခေတ်တုန်းက စက်ရုံကနေထွက်ရှိတဲ့ အခိုးအငွေ့တွေကို အပူခံမြောင်းကနေတစ်ဆင့် ခေါင်းတိုင်ကို ထုတ်လွှတ်ခဲ့တဲ့ စနစ်တွေမှာ ပြာမူံတွေကျန်နေပါတယ်။ ကြားခဲ့ရတာကတော့ အဲဒီပြာမူံတွေအထိ ME 1 က ထုတ်ရောင်းခဲ့တယ်လို့ သိရပါတယ်။ ဘယ်သူတွေ ဝယ်ယူခဲ့ကြတယ်ဆိုတာတော့ မသိခဲ့ရပါဘူး။ လက်ရှိလည် ပတ်နေတဲ့ စက်ရုံတွေအနေနဲ့ ပတ်ဝန်းကျင်မထိခိုက်ဖို့ ဘယ်လိုကတိတွေနဲ့ အလုပ်လုပ်နေကြသလဲဆိုတာ လူထုကတော့ သိချင်နေကြပါတယ်။

နမ္မတူဘော်တွင်းရဲ့ အရေးပါတဲ့ဌာနတွေထဲမှာ မီးရထားဌာနကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ နမ္မတူမှာ ရှိနေတဲ့ မီးရထားလမ်းဟာ သတ္တုရိုင်းတွေသယ်ယူဖို့ ဘော်တွင်းမိုင်းနဲ့ ချိတ်ဆက်ထားသလို ကုန်ချောဖြစ်တဲ့ ခဲသတ္တု ဘလောက်ပြားတွေနဲ့ ငွေစင်တုံးတွေပို့ဖို့ လာရှိုးမြို့နဲ့လည်း ချိတ်ဆက်ထားကြောင်း သိရပါတယ်။

သမိုင်းကြောင်းတွေအရ ၁၉၀၃ ခုနှစ်မှာ လန်ဒန်မှာ မှတ်ပုံတင်ထားတဲ့ The Great Eastern Mining (GEMC) ကုမ္ပဏီက ဘော်တွင်း၊ လားရှိုး၊ မန္တလေးကို သွားလာနိုင်တဲ့ အကျယ်၂ ပေရှိတဲ့ မီးရထားလမ်းကို ၈၀ ကီလိုမီ တာထိ ဖောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။

Burma Railway and Smelting Companyက အရှုံးပြနေတဲ့ (GEMC) ကုမ္ပဏီကို ပြန်လည်ဝယ်ယူပြီး ရထား လမ်းကို ဆက်ဖောက်ခဲ့တာ ၁၉၀၉ ခုနှစ်မှာ ပြီးခဲ့တယ်လို့ သိရပါတယ်။ လူကြီးအချို့ ပြန်ပြောပြတာကတော့ နမ္မတူကနေ လားရှိုးကို သတ္တုတွေ ရထားနဲ့သယ်ပို့ချိန်တုန်းက ဓါးပြ တစ်ခါတိုက်ခံရဖူးတယ်လို့ ဆိုပါတယ်။ ယခုထိ ကျောက်မီးသွေးသုံး ရထားစက်ခေါင်းတွေဟာ သုံးလို့ရနေဆဲဖြစ်သလို မြန်မာရုပ်ရှင်သမား အချို့က လည်း အဲဒီရထားတွဲတွေကို အသုံးပြုပြီး လာရောက် ရိုက်ကူးနေကြတယ်လို့ သိရပါတယ်။

အခိုးထုတ်လွှတ်တဲ့ ခေါင်းတိုင်ဟာ အင်္ဂလန်ကမှာယူခဲ့တဲ့ မီးခံအုတ်များနဲ့တည်ဆောက်ထားပြီး ခေတ်တစ် ခေတ် ကူးပြောင်းချိန်မှာ အဲဒီခေါင်းတိုင်ပေါ်ကနေ ထပ်ဆင့်ပြီး မြှင့်တင်ခဲ့တယ်လို့ သိရပါတယ်။ ယနေ့မှာ တော့ မြှင့်တင်ခဲ့တဲ့အပိုင်းက ပြိုကျပျက်စီးသွားပြီ ဖြစ်ပါတယ်။ ဧည့်သည်အများစုက နမ္မတူရောက်တိုင်းခေါင်း တိုင်နေရာကနေမြင်ရတဲ့ ရှုခင်းတွေကို သွားကြည့်ကြလေ့ရှိပြီး အခုဆိုရင် လည်ပတ်စရာနေရာတစ်ခုတောင် ဖြစ်နေပါပြီ။

မိုင်းတွင်းမှာ အရာထမ်းလုပ်ခဲ့ဖူးတဲ့သူ တစ်ဦးကတော့ သူ့ဆီကို မိုင်းမှာလုပ်သွားခဲ့ဖူးတဲ့ နိုင်ငံခြားသားတွေရဲ့ မိသားစုဝင်တွေက ဆက်သွယ်လာပြီး သူတို့ငယ်ငယ်က နေခဲ့တဲ့နေရာနဲ့ နမ္မတူက ဓာတ်ပုံတွေကို အလွမ်းပြေ ကြည့်ဖို့ တောင်းဆိုလို့ ပို့ပေးခဲ့ရသေးတယ်လို့ ဆိုပါတယ်။ တစ်ခေတ်တစ်ခါက ဖြတ်သန်းခဲ့တဲ့သူတွေရဲ့ ရင်ထဲ မှာ ဘာတွေရှိနိုင်မယ်ဆိုတာ မသိနိုင်ပေမယ့် ခဏလေးသာ ရောက်ခဲ့မြင်ခဲ့ရတာနဲ့တင် အရင်အခြေအနေတွေ ကို ပုံဖော်လို့ ရနေနိုင်ပါပြီ။

(ဆက်ရေးပါဦးမယ်)

(စာရေးသူ အောင်ကျော်မိုးသည် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်များအဖွဲ့ MATA ရှမ်းပြည်နယ် အဖွဲ့ဝင်တစ်ဦးဖြစ်သည်)

အောင်ကျော်မိုး(MATA)