နမ္မတူဘော်တွင်းရဲ့ ကံကြမ္မာကို အကဲခတ်ကြည့်ခြင်း အပိုင်း ၂

photo: Aung Kyaw Moe

photo: Aung Kyaw Moe

photo: Aung Kyaw Moe

 

ဘော်တွင်းမိုင်းဟာ နှစ်ပေါင်း ၁၀၀ ကျော်ပေမယ့် မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းတွေက ယခုတိုင် လတ်ဆတ် နေဆဲဖြစ်ပါတယ်။ စတင်တည်ဆောက်ခဲ့တဲ့သူတွေက ကိုလိုနီပြုသူတွေလို့ ဆိုရပေမယ့် သူတို့ရဲ့ စိတ်ကူး၊ စီမံအုပ်ချုပ်မှု၊ တည်ဆောက်ထားမှုတွေက လေ့လာစရာတွေ အများကြီးဖြစ်ရပါတယ်။

အနက်ပေ ၁၇၀၀ ကျော်ရှိတဲ့ မြေအောက်မိုင်း အထပ် ၁၄ ထပ် စလုံးကို လေသွင်း လေထုတ်လုပ်ပေးတဲ့ စက်ရုံကြီးကိုလည်း မြင်တွေ့လေ့လာခွင့်ရခဲ့ပါတယ်။ အဲဒီ စက်ရုံမှာ လေသွင်းစက်တွေကို လျှပ်စစ် မော်တာ ကြီးများ အသုံးပြုပြီး လည်ပတ်ခဲ့တာဖြစ်ပါတယ်။ ဘော်တွင်းမိုင်းကို ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ ပုဂ္ဂလိကလုပ်ငန်းရှင်များလက်ထဲ လွှဲပြောင်းပြီးချိန်မှာ မိုင်းရဲ့ သက်ဝင်လှုပ်ရှားမှုတွေဟာ တိတ်ဆိတ်ငြိမ်သက် သွားပါတယ်။ သွားရောက်လေ့လာခဲ့တဲ့ လေပေးစက်ကြီးတွေက အလွန်တရာကြီးမားသလို တောက်ပြောင်နေ ဆဲဖြစ်တဲ့ ကြေးပြား အသားတံဆိပ်ပေါ်က ခုနှစ်နဲ့ ထုတ်လုပ်တဲ့ နိုင်ငံတွေကလည်း အံ့သြစရာကောင်းလှပါ တယ်။ စက်ကိရိယာတွေဟာ နှစ်ပေါင်းတစ်ရာကျော်နေပြီး စက်ကိရိယာကြီးတွေကို ဒီလိုတောင်ပေါ်မြို့က တောင်ကြားထဲထိ ဘယ်လိုများ သယ်ယူခဲ့ကြသလဲ။

မြေအောက်မိုင်းထဲမှာ အန္တရာယ်ကင်းရှင်းရေးက အဓိကဖြစ်လို့ မြေအောက်လုပ်ငန်းခွင်မှာ စည်းကမ်းအပြည့် လိုက်နာကြရတယ်လို့ ပြောပြပါတယ်။ ဥပမာ ခြေညှပ်ဖိနပ်စီးခြင်း၊ ပုဆိုးဝတ်၍ သော်လည်းကောင်း မိုင်းဝတ် စုံအပြည့်ဝတ်ဆင်ခြင်းမပြုဘဲ မိုင်းထဲဆင်းခွင့်မရှိပါဘူး၊ မြေအောက်မှာ ဆေးလိပ်သောက်တာတွေနဲ့ အစားစား တာတွေလည်း လုပ်ခွင့်မရှိဘူးလို့ သိရပါတယ်။

မြေအောက်မိုင်းတွင်း ဆင်းမယ့်လုပ်သားတွေဟာ အချိန်မှတ်တမ်းနဲ့ အဝင်အထွက် လူစစ်ဆေးခြင်းတွေကို အလေးထားကြရပါတယ်။ လုပ်သားတစ်ယောက်က သူ့ကြုံတွေ့ခဲ့ရတာလေးကို ပြောပြပါတယ်။ မိုင်းလုပ် သားတစ်ယောက်ဟာ မြေအောက်မိုင်းကို ဆင်းတဲ့နေရာနဲ့ ပြန်ထွက်တဲ့နေရာဟာ တစ်နေရာပဲဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ မြေအောက်ဆင်းတဲ့နေရာဟာ ပင်မဆင်းတွင်းနဲ့ ကျားစခန်းကနေ ဆင်းပြီးသွားရတဲ့ နေရာ နှစ်ခုရှိပါတယ်။ တစ်ရက်မှာ မိုင်းလုပ်သားတစ်ယောက်က ပင်မဆင်းတွင်းကနေ မြေအောက်ဆင်းပြီး ကျားစခန်းကနေ ပြန်ထွက်တာ ဘယ်သူမှမသိလိုက်လို့ လူပျောက်ရှာကြရတယ်လို့ ပြောပြပါတယ်။

မြေပေါ်အလုပ်သမားတွေကလည်း သတ်မှတ်ထားတဲ့ အလုပ်တွေကို အမြဲစစ်ဆေးရတယ်လို့ ဆိုပါတယ်။ အဲဒီ စက်ရုံထဲမှာ လူတစ်ရပ်ကျော်မြင့်တဲ့ သစ်သားအိမ်ကလေးတစ်ခုတွေ့လို့ မေးကြည့်တော့ တယ်လီဖုန်းရုံလို့ ပြောပြပါတယ်။ အဲဒီ တယ်လီဖုန်းလိုင်းဟာ မြေပေါ် မြေအောက် ဌာနများနဲ့ ချိတ်ဆက်စကားပြောလို့ ရတယ် လို့ ပြောပြပါတယ်။ မြေအောက်မိုင်းတွင်းအတွက် မြေပေါ်ထောက်ပံ့ရေးဌာနတစ်ခုဖြစ်တဲ့ သစ်စက်ဌာနက စက်တွေထဲမှာ မိုင်းတွင်းဒေါက်တိုင်အဖြစ် အသုံးပြုတဲ့ သစ်သားတိုင်တွေကို စရွေးထွင်းပေးတဲ့စက်က စိတ်ဝင် စားစရာပါ။

ဘော်တွင်းရဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ မာမီယံစိုက်တွင်းကို သွားရောက်လေ့လာကြပါတယ်။မြေအောက် လုပ်ငန်းခွင်ဝင်ကြမယ့် လုပ်သားတွေဟာ ပင်မ ဆင်းတွင်းက ဓာတ်လှေကားနဲ့ ဆင်းကြရပါတယ်။ မာမီယံ ပင်မဆင်းတွင်းကြီးရဲ့ အကျယ်က မြေပေါ်မှာ အချင်း ၁၄ ပေခန့် ကျယ်ပြန့်ပါတယ်။ သံမဏိမျှော်စင် ကြီးမှာ သံမဏိဆိုင်းကြိုးများနဲ့ ချိတ်ဆက်ထားတဲ့ ဓာတ်လှေကားနှစ်စင်း ရှိပါတယ်။

လူဦးရေ ၁၄ ဦးနဲ့ ၃၀ ဦးခန့် လိုက်ပါလို့ ရသလို မြေအောက်အတွက် အသုံးပြုမယ့် သစ်၊ သတ္တုထရော်လီတို့ အတွက်ပါ အသုံးပြုကြရတယ်လို့ ပြောပြပါတယ်။ အဲဒီဓာတ်လှေကားကို ထိန်းချုပ်မောင်းနှင်ပေးတဲ့ စက်ရုံထဲ မှာ သံမဏိဆိုင်းကြိုးတွေရဲ့ ရစ်ဘီးတွေဟာ အလွန်တရာ ကြီးမားလှသလို လူနဲ့ ထိန်းချုပ်မောင်းနှင်ပေးတဲ့ နှစ်နေရာရှိပါတယ်။

စက်ရုံခန်းမထဲမှာ လျှပ်စစ်ထိန်းညှိတဲ့ စက်ယန္တရားတွေနဲ့ အရေးပေါ် ဂျင်နရေတာ ကို မြင်တွေ့ရပါတယ်။ စက်ရုံမှာအသုံးပြုနေတဲ့ စက်တွေဟာ နှစ်ပေါင်းတစ်ရာကျော်နေပါပြီ။ ဒါပေမဲ့ အခုထိ အလုပ်လုပ်လို့ရနေ တယ်လို့ ပြောပြပါတယ်။လိုက်ပို့ပေးတဲ့ မိတ်ဆွေကတော့ စက်ရုံထဲ မှာအသုံးပြုတဲ့ မီးသီးဟာ အရင်ခေတ်က မီးသီးတွေဖြစ်တယ်လို့ ပြောပြပါတယ်။

စက်မောင်းနှင်တဲ့လူတွေက သူတို့အတွေ့အကြုံများကိုလည်း ပြောပြကြပါတယ်။ သံမဏိကြိုးကို အမြဲမပြတ် စစ်ဆေးနေရပြီး အတွေ့အကြုံအရ ဘယ်နေရာမှာ ပြတ်နေတယ်ဆိုတာ သိရင် ဖြတ်တောက်ပြီး ပြန်ဆက် ကြရတယ်လို့ ပြောပြပါတယ်။ အင်္ဂလိပ်ခေတ်အလွန်မှာ သံမဏိဆိုင်းကြိုးကို တရုတ်နိုင်ငံက မှာယူခဲ့ပေမယ့် လုံးပတ်အရွယ်အစားနဲ့ အရည်အသွေးက မကောင်းလို့ အသုံးမပြုရဲဘူးလို့ ဆိုပါတယ်။

အန္တရာယ်ရှိပစ္စည်းတွေထားတဲ့ မြေအောက်စတိုခန်း အဝကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဘော်တွင်းကနေ လိုဏ်ထွက်ပေါက်ဖြစ်တဲ့ ကျားစခန်းကို ခြေလျင်သွားလို့ရပါတယ်။ ကျားစခန်းလိုဏ်ပေါက်ဝ ရောက်တဲ့အခါ လိုဏ်အပေါက်ဝကတော့ သံတံခါးနဲ့ပိတ်ထားပြီး လိုဏ်ခေါင်းထဲက ရေတွေ စီးဆင်းနေတာ တွေ့ရပါတယ်။ မေးကြည့်တော့ ပုဂ္ဂလိကကို လွှဲပေးပြီးတဲ့အချိန်မှာ မြေအောက်ရေတွေ စုပ်ထုတ်ဖို့အတွက် ရေစုပ်ပန့်တွေကို ပြင်ဆင်ခြင်းမပြုတော့သလို မြေအောက်မိုင်းကိုလည်း ထုတ်လုပ်ခြင်းမပြုတော့ဘဲ ပစ်ထားတယ်လို့ ပြောပြပါ တယ်။

အထပ် ၁၄ ထပ်ရှိတဲ့မြေအောက်မိုင်းတွင်းဟာ နံပါတ်(၇) လိုဏ်ပေါက်ထိ ရေနစ်မြှုပ်နေပြီး နံပါတ် (၆) အထပ်ကနေ ရေစီးထွက်နေတာလို့ ရှင်းပြပါတယ်။ ကျားစခန်းအပေါက်ဝမှာ ထရော်လီသွားခဲ့တဲ့ သံလမ်း တွေဟာ လမ်းကြောင်းများစွာနဲ့ ရူပ်ထွေးနေပေမယ့် အသက်ဝင်မှုမရှိတော့ပါဘူး။ ခပ်လှမ်းလှမ်းက သတ္တု သယ်ခဲ့တဲ့ ရထားတွဲဆိုင်းများလည်း အနားရနေတာ ကြာပြီလို့ဆိုပါတယ်။ သတ္တုရိုင်းတွေကို သိုလှောင်တဲ့ သစ်သားနဲ့တည်ဆောက်ထားတဲ့ ဂိုထောင်ကြီးများကိုလည်း တွေ့ရပါတယ်။

အရင်ခေတ်တွေက ပျားပန်းခပ် အလုပ်လုပ်ခဲ့တဲ့နေရာတွေဟာ အခုတော့ ငြိမ်သက်စွာ လှဲလျောင်းရင်း ဘယ်သူတွေ ရဲ့ အကျိုးစီးပွားအတွက် စောင့်မျှော်နေသလဲဆိုတာ မသိနိုင်ပါဘူး။

ဘော်တွင်းနဲ့ နမ္မတူကနေ သတ္တုသန့်စင်စက်ရုံကို ၁၂ မိုင်အရှည်ရှိတဲ့ ရထားလမ်းနဲ့ ဆက်သွယ်ထားပါတယ်။ ၂ ပေအကျယ်ရှိတဲ့ မီးရထားလမ်းကို နန့်ပန်ယွန်းချောင်းဘေးကနေ ဖောက်လုပ်ထားပါတယ်။ လက်ရှိအခြေ အနေကတော့ ဘော်တွင်းမိုင်းနဲ့ ကျားစခန်း ဆက်သွယ်ထားတဲ့ မီးရထားလမ်းက ပျက်စီးနေပြီလို့ သိရပါ တယ်။

မီးရထားလမ်းနဲ့အပြိုင် ဆက်သွယ်ရေး ဖုန်းကြေးနန်းတိုင်တွေကိုလည်း မြင်တွေ့ရပါတယ်။ သတ္တုတင်တဲ့ ရထားတွဲများကို ကျောက်မီးသွေးသုံး ရေနွေးငွေ့စက်ခေါင်းများ အသုံးပြုပြီး ပြေးဆွဲကြပါတယ်။ ကျားစခန်း ရောက်ခါနီးမှာ ခရုပတ်ရထားလမ်းဟာ ဘော်တွင်းမိုင်းရဲ့ တန်ဘိုးထားတဲ့ အလှတရားအဖြစ် အခုချိန်ထိ ဂုဏ်ယူအောက်မေ့နေကြတာကို မြင်တွေ့ရပါတယ်။

ကျောက်မီးသွေးသုံး ရထားစက်ခေါင်းနဲ့ပတ်သက်တဲ့အကြောင်း ပြောပြချင်ပါတယ်။ ရထားတွေအတွက် အသုံးပြုမယ့် ကျောက်မီးသွေးကို ကလေးဝ သစ်ချောက်ကနေ သယ်ယူပြီး အသုံးပြုကြပါတယ်။ ၁၉၆၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ နမ္မတူစက်ရုံနဲ့ ဘော်တွင်းမိုင်းကို ပြည်သူပိုင်လုပ်ငန်းအဖြစ် သိမ်းဆည်းလိုက်ချိန် မှာ သစ်ချောက်ကျောက်မီးသွေး ကို သယ်ယူစရိတ်မြင့်လို့ဆိုပြီး အသုံးမပြုတော့ပါဘူး။ ရှမ်းပြည်နယ်ကထွက် ရှိတဲ့ ကျောက်မီးသွေးကို အသုံးပြုတော့ အရည်အသွေးမမီတဲ့အတွက် မီးပေါင်မပြည့်လို့ အခက်တွေ့ကြရတယ် လို့လည်း ပြောပြပါတယ်။

အင်္ဂလိပ်ခေတ်က သတ္တုသန့်စင်စက်ရုံကို ဒုတိယကမ္ဘာစစ်မတိုင်ခင်က နမ္မတူချောင်း ဘေးမှာ တည်ဆောက် ထားပြီး ၃၂ မိုင်စက်ရုံလို့ ခေါ်ကြသလို ယနေ့မှာတော့ အဲဒီခေတ်က စွန့်ပစ်မြေစာတွေကြောင့် ဖြစ်နေတဲ့ မြေစာပုံကိုအစွဲပြုရင်း သဲကွင်း (သဲကျင်း) လို့ ခေါ်ကြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ မဟာမိတ်တပ် တွေက စက်ရုံကို ဗုံးကျဲဖျက်ဆီးပစ်လိုက်ပြီး အခုထိ ကွန်ကရစ်တိုင်တွေနဲ့ စက်ရုံရဲ့ အစိတ်အပိုင်းတွေက ခြုံနွယ်တွေအောက်မှာ ရှိနေတာကို မြင်ခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့အချိန် နောက်ပိုင်း ၁၉၅၂ ခုနှစ်မှာ ဘာမားမိုင်း ကုမ္ပဏီကို ဖျက်သိမ်းလိုက်ပြီး မြန်မာအစိုးရနဲ့ အကျိုးတူ ဖက်စပ်ကုမ္ပဏီအဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ်။ ယနေ့မြင်တွေ့နေရတဲ့ စက်ရုံဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးမှ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

နမ္မတူစက်ရုံ တည်ဆောက်ထားပုံကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ နမ္မတူ မြို့မှာ သတ္တုစက်ရုံအပြင်၊ ဝန်ထမ်းဆိုင်ရာ ဌာနတွေအပြင် လုပ်ငန်းဌာနတွေကလည်း စည်းစနစ်ကျလှပါတယ်။ စက်ရုံရဲ့ မူလခေါင်းတိုင် ဟာ နိမ့်တဲ့အတွက် ယနေ့ တွေ့မြင်နေရတဲ့ တောင်ပေါ်ကို ခေါင်းတိုင်ရွေ့ပြောင်း တည်ဆောက်ခဲ့တာလို့ ပြောပြပါတယ်။ ခေါင်းတိုင်ကို အပူခံမြောင်းနဲ့ ဆက်သွယ်ထားပါတယ်။ ကျောက်မီးသွေးအသုံးပြုတဲ့ အရည် ကြိုတဲ့ ဖိုတွေကို အင်္ဂလိပ်ဖိုလို့ခေါ်ပြီး နောက်ပိုင်းမှာ တရုတ်လှော်ဖိုတစ်ခုနဲ့ အစားထိုး တည်ဆောက်ခဲ့ပါသေး တယ်။ တရုတ်ဖိုဟာ အင်္ဂလိပ်ဖိုလောက် အလုပ်မတွင်ကျယ်ဘူးလို့ သိရပါတယ်။ ကြိုချက်တဲ့ လှော်ဖို ၄ ခုရှိပြီး ခဲသတ္တုနဲ့ ငွေစင် ထုတ်လုပ်တယ်လို့ သိရပါတယ်။

နှစ်ပေါင်းတစ်ရာခန့်ရှိနေပြီဖြစ်တဲ့ စက်ရုံကြီးကို လိုက်လံရှင်းပြသူက အသေးစိတ် လိုက်ပြပေးသလို မသိ သေးတဲ့အချက်တွေကို မေးမြန်းခွင့်ရခဲ့တာဟာ စက်ရုံရဲ့ ခမ်းနားထည်ဝါခဲ့မှုကို ပြန်လည်မြင်ယောင်စေမိပါ တယ်။ လိုက်ပါရှင်းပြပေးတဲ့ မိတ်ဆွေတွေကတော့ စက်ရုံလည်ပတ်ခဲ့စဉ်ကအဖြစ်တွေကို ပြန်လည်တမ်းတ လွမ်းမိကြောင်း ပြောပြကြပါတယ်။ ထရော်လီလမ်းတွေနဲ့ လေပိုက်၊ ရေပူရေအေးပိုက်တွေ သွယ်တန်းထား တာလည်း အနှံ့အပြားပါပဲ။ ထရော်လီကို လက်တွေ့တွန်းပြနေတဲ့ မိတ်ဆွေက စက်ရုံ ပြန်မလည်တော့ဘူး ဆိုရင်လည်း ပြတိုက်လုပ်ဖို့ အစိုးရက စဉ်းစားသင့်တယ်လို့ ပြောပါတယ်။

နမ္မတူဘော်တွင်းဟာ ကိုလိုနီခေတ်၊ ပြည်သူပိုင်သိမ်းခံရတဲ့ခေတ်၊ မဆလ ခေတ် ၊ စစ်အစိုးရခေတ် ရဲ့ စနစ်ထဲ က လူသားတွေက သဘာဝ အရင်းအမြစ်တွေကို အကျိုးစီးပွားတွေအတွက် ဘယ်လို ဗျုဟာတွေ နဲ့ စီမံခဲ့ ကြသလဲဆိုတဲ့ သမိုင်းသက်သေတစ်ခုပါ။

နမ္မတူဘော်တွင်း က စက်ရုံနဲ့ မိုင်းတွင်း ဟာ စနစ် တခုစီရဲ့ စီမံအုပ်ချုပ်မူ့ ပုံရိပ်တွေ ကို အကောင်းဆုံး မီးမောင်းထိုးပြခဲ့တဲ့ သက်မဲ့ အရာဆိုပေမဲ့ စနစ်ထဲမှာ စီးမျော ခဲ့တဲ့ လူတန်းစား အလွာ အသီးသီးရဲ့ မမေ့နိင်တဲ့ ဖြစ်ရပ်တွေက ရှိနေဆဲပါ ။

ငွေစင်နဲ့ ခဲပျော်ရည်တွေ စီးဆင်းသွားတဲ့ မြောင်းအပိုင်းတွေက စက်ရုံပိတ်လိုက်ချိန်မှာ လာရောက်ယူငင်ကြလို့ ပျက်စီးနေတာကိုလည်း မြင်ခဲ့ရပါတယ်။ စက်ရုံအောက် ထပ်မှာ အုတ်ခဲဖြူဖြူတွေမြင်လို့ ကြည့်လိုက်တဲ့အခါ အင်္ဂလန်ကနေ ထုတ်လုပ်ထားတဲ့ အပူခံအုတ်တွေ အများအပြား စနစ်တကျစုပုံထားတာ တွေ့ရပါတယ်။ ထွက်လာတဲ့ ခဲတွေကို ၂၅ ပိဿာ အလေးချိန်ရှိတဲ့ ဘလောက်ပြားတွေအဖြစ် သွန်းလောင်းပြီး ဘားမားမိုင်းရဲ့ တံဆိပ် ခပ်နှိပ်ထားတယ်လို့ ပြောပြပါတယ်။

လူကြီးတွေ ပြောပြတာက တော့ နမ္မတူစက်ရုံနဲ့ ဘော်တွင်းကို ပြည်သူပိုင်သိမ်းလိုက်တဲ့အချိန်မှာ မိုင်းတွင်း တာဝန်ရှိသူ နိင်ငံခြားသား ဟာ မိုင်းနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို စနစ်တကျ အကုန်လွဲအပ်ပြီးမှ လာရိုးကနေ ကုမ္ပဏီ ပိုင် လေယာဉ် နဲ့ ပြန်သွားတယ်လို့ ပြောပြပါတယ်။

အလုပ်သမား ဝန်ထမ်းတွေကတော့ မိုင်းတွင်းနဲ့ စက်ရုံကို ပြန်လည်ပတ်ချင်ပေမယ့် စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက် နေ့မှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးစီးပွားရေးအုပ်စုထဲက ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဝင်းမြင့်မိုရ်ကုမ္ပဏီ ထုတ်လုပ်မူ့ မျှဝေရေး စနစ်ဖြင့် ၁၀ နှစ် သက်တမ်းပမာဏ ကို စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ မှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဘယ်လို သဘောတူညီချက်တွေနဲ့ ဘယ်လိုပုံစံ လွှဲပြောင်းပေးခဲ့တယ် ဆိုတာကတော့ အစိုးရနဲ့ ကုမ္ပဏီနှစ်ဖက်စလုံးက ယနေ့အချိန်အထိ သတင်းထုတ်ပြန် ခြင်း မရှိခဲ့ပါဘူး။

(ဆက်ရေးပါဦးမယ်)

(စာရေးသူ အောင်ကျော်မိုးသည် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်များအဖွဲ့ MATA ရှမ်းပြည်နယ် အဖွဲ့ဝင်တစ်ဦးဖြစ်သည်)

အောင်ကျော်မိုး(MATA)