နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမေးမြန်းခြင်း


ကျွန်တော်တို့ပြောချင်တာက လယ်ယာမြေဟာ လယ်ယာလုပ်တဲ့သူက ပိုင်ဆိုင်ရမယ်။ လယ်ယာမလုပ်ကိုင်တဲ့လူက လယ်ယာမြေပိုင်ဆိုင်ပြီး ခြံဝန်းကြီးတွေခတ်ထားတယ်ဆိုတဲ့ဟာ မဖြစ်ရဘူး


ဦးဟန်ရွှေ ( တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၊ ဒုတိယဥက္ကဌ)

မေး။ ။ လာမယ့်ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်နေပြီလဲ။ ကိုယ်စားလှယ်ပေါင်း ဘယ်လောက် ဝင်ပြိုင်ဖို့ရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့နေနဲ့ကတော့ မြို့နယ်ပေါင်း ၁၁၇ မြို့နယ် မဲဆန္ဒနယ်မြေပေါင်း ၄၁၁ နေရာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ၄၄၁ ယောက်မှာ အမျိုးသားလွှတ်တော်က ၄၂ယာက်။ ပြည်သူ့လွှတ်တော်က ၉၇ ယောက်။ တိုင်းဒေသကြီး၊ပြည်နယ်မဲဆန္ဒနယ်မြေတွေမှာ ၂၆၄ နေရာ။ တိုင်းရင်းသားကိုယ်စားလှယ်တွေဟာ ၈နေရာဝင်ပါမယ်။ အဲဒါတွေဟာတွေက ပြည်နယ်တိုင်း အသီးသီးမှာ မှတ်ပုံတင်ဖို့ဆောင်ရွက်နေကြပြီးဖြစ်ပါတယ်။ လောလောဆယ်မှာ မယ်ဆွယ် စည်းရုံးရေးကာလ မရောက်ခင်မှာ မှတ်ပုံတင်တဲ့ အလုပ်တွေလုပ်နေတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံလှုပ်ရှားရေး၊ ရွေးကောက်ပွဲဆိုင်ရာ နယ်မြေစည်းရုံးရေး လှုပ်ရှားရေးတွေလုပ်နေပါ တယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့က ရွေးကောက်ပွဲဝင်တဲ့ အခါမှာ ထုံစံအတိုင်းပဲ ပြည်သူတွေကို ကတိကဝတ်ပေးရတာရှိတယ်။ ကျွန်တော်တို့ကိုရွေးကောက်ပွဲမှာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ရင် ကျွန်တော်တို့ပါတီ အနေနဲ့ ဘယ်လိုလုပ်ငန်းမျိုးတွေ ဆောင်ရွက်ပါ မယ်ဆိုတဲ့ ရွေးကောက်ပွဲကြေညာစာတမ်းကို ရေးဆွဲပြီးတော့ ဇူလိုင် ၁၇ ရက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်တို့ အသိပေးတင်ပြ ပြီးဖြစ်ပါတယ်။ ဒါကြောင်မို့ ပြည်သူတွေ အနေနဲ့က ကျွန်တော်တို့ပါတီကို ဆန္ဒမဲပေးဖို့အကဲဖြတ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့လုပ်ငန်း အပေါ်မှာမူတည်ပြီးတော့ အကဲ ဖြတ်နိုင်တယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ အခြေအနေရှိပါတယ်။

မေး။ ။ ရွေးကောက်ပွဲမှာ မဲပေးမယ့် ပြည်သူတွေကို ဘယ်လိုသတင်းစကားပေးချင်လဲ။

ဖြေ။ ။ရွေးကောက်ပွဲမှာ မဲပေးမယ့်ပြည်သူတွေကိုပေးချင်တဲ့ သတင်းစကားကတော့ ပြည်သူတွေအထဲမှာ လည်း မဲပေးမယ်။ မဲမပေးဘူးဆိုပြီး ပြောဆိုနေကြတာရှိတယ်။ တကယ်တော့ ဒီမိုကရေစီနိုင်ငံ တစ်ခုကိုထူထောင်မယ်ဆိုရင် ရွေးချယ်တင်မြှောက်ပွဲကတော့ မရှိမဖြစ်လိုအပ်ပါတယ်။ ရွေးချယ်တင်မြှောက်ပွဲရှိလိုရှိရင် ပြည်သူတွေ အတွက်ဒီရွေးချယ် တင်မြှောက်ပွဲဟာ ဘာအခွင့်အရေးတွေပေးမလဲ။ ပြည်သူတိုင်းအားလုံးက အုပ်ချုပ်တဲ့နေရာမှာ ဝင်မလုပ်နိုင်ဘူး။ အဲ့တော့သူတို့ရဲ့ကိုယ်စားလှယ်တွေကို တာဝန်ပေးရတယ်။ အဲ့လိုတာဝန် ပေးဖို့အတွက်ရွေးချယ်တင်မြှောက်တာလုပ်ရပါတယ်။ လုပ်တဲ့နေရာမှာ နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်ဟာ ကိုယ့်ကိုယ်စားလှယ်ကို စိတ်ကြိုက်ရွေးချယ်တင်မြှောက်နိုင်ဖို့အတွက် မဲဆန္ဒနယ်မြေ တွေကိုသွားပြီးတော့ မဲပေးဖို့လိုပါတယ်။ ဒါကျွန်တော်တို့ ပါတီရဲ့တိုက်တွန်းချက်ပါ။ မဲပေးကြပါ။ ဒါဟာနိုင်ငံသားကောင်းတစ်ယောက်ရဲ့အခွင့်အလမ်းပဲဖြစ်ပါတယ်။ ဒါအပြင် ပြည်သူတွေအနေနဲ့ကလည်း မဲပေးမယ့် နှစ်ချက်ပေါ့ ဘယ်ပါတီကလဲ။ သူ့ပါတီရဲ့ မူဝါတွေက ဘာလဲ။ အရွေးခံမယ့်ပုဂ္ဂိုလ်ရဲ့အနေအထား။ ပြည်သူတွေအနေနဲ့ဟာ ဒီလိုစီစစ်တဲ့ နေရာမှာ အချက် (၃)ချက်လိုပါတယ်။ တစ်ကတော့ တို့ယုံကြည်ရမယ့်သူလား။ နှစ်က တို့အားကိုး အားထားပြုရမယ့်သူလား။ သုံးကတော့ တို့လေးစားရမယ့် သူလား အဲ့ဒီအချက်သုံးချက်ကို ကြည့်ဖို့လိုပါတယ်။ အဲ့ဒီအချက်သုံးချက်ကို ကြည်ပြီးတော့လည်း မဲပေးပါလို့ ကျွန်တော်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ပါတီက ကိုယ်စားလှယ်တွေကိုလည်းပဲ ဒီအချက် သုံးချက်နဲ့ ကြည့်ပြီးတော့ တိုင်းတာပါ။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက အရွေးခံမယ့် ပုဂ္ဂိုလ်က တစ်အချက်အနေနဲ့ ယုံကြည်ရမယ့် သူလား။ ယုံကြည်ရမယ်သူဆိုတာ ပြည်သူကိုသစ္စာဖောက် မယ့် သူလား။ ပြည်သူဘက်ကရပ်တည်မယ့်သူလား။ သို့မဟုတ် ပြည်သူတွေကို မျက်နှာမမူတဲ့ သူလား စီစစ်ဖို့လိုပါတယ်။ တို့ယုံကြည်ရပါ့မလား စီစစ်ပါ။ နှစ်အချက်အနေနဲ့ တို့အားကိုယ်အား ထားပြုရမယ့်ပုဂ္ဂိုလ်မျိုးဟုတ်ရဲ့လား။ သုံးအချက်ကတော့ တို့လေးစားရမယ့် ပုဂ္ဂိုလ်လား။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ကာလက အဂတိလိုက်စားလို့ထောင် ချတာရတာတို့။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တယ်။ တာဝန်ရှိတဲ့ လူဖြစ်ပြီးတော့ ငါပြောသလိုလုပ်။ ငါလုပ်သလိုမလုပ်နဲ့ ဒီလိုဟာမျိုးတွေဖြစ်သလား။ အခုကျွန်တော်တို့ သတင်းစာတွေ၊ဂျာနယ်တွေထဲမှာတွေ့နေရတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေရွေးတဲ့ အခါကြတော့ အချို့လွှတ်တော် ကိုယ်စားလှယ်တွေကို ပြည်သူတွေကဝေဖန်နေကြတယ်။ ရွေးပြီးကတည်းက ဒီတစ်ခါပဲပြန်တွေ့ရတယ်။ တစ်ခါမှမတွေ့ရဘူး။ ကိုယ့်ဆီတစ်ခါမှလည်း လာတာမရှိဘူး။ အဲ့လို့ ကိုယ်စားလှယ်မျိုးတွေမဖြစ်အောင်အတွေ့အကြုံနဲ့ ဆန္ဒမဲပေးရွေး ချယ် ကြပါဆိုတဲ့ အဲ့ဒီသတင်းစကားပြောချင်ပါတယ်။

မေး။ ။ ဒီနိုင်ငံမှာ မြေယာပြဿနာကသိပ်ကြီးတယ်။ အခုမြေယာဥပဒေအသစ်ကလည်း ဝေဖန်မှု တွေရှိနေတယ်။ ဖွံ့ဖြိုးတိုးတတ်ရေးခေါင်းစဉ်အောက်ကမြေသိမ်းနေတာ။ စစ်ပွဲတွေကြောင့် မြေယာမဲ့ဘဝရောက်ခဲ့တာတွေလည်း ဖြစ်နေတာဆိုတော့ ပါတီရဲ့ မြေယာစီမံခန့်ခွဲမှု၊ မြေယာမူဝါဒကိုပြောပြပါဦး။

ဖြေ။ ။လယ်ယာမြေပြသနာနဲ့ပတ်သက်ပြီး နိုင်ငံတော်ကလည်း မြေယာမူဝါဒဆိုပြီး ချမှတ်ပြီးတော့လုပ်နေ တာတွေရှိပါတယ်။ မြေယာကိုအခြေခံပြီးတော့ အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ လယ်သမားတွေ၊ ကျေးလက်တွေ လုပ်သားပြည်သူတွေဟာ ကျွန်တို့ နိုင်ငံရဲ့အများစုပါပဲ။ ၇၀ ရာခိုင်နှုန်းရှိပါတယ်။ အခုကျွန်တော်တို့ မြေယာဥပဒေ အသစ်အနေနဲ့ လည်း အများကြီးဝေဖန်နေပါတယ်။ ဒီဥပဒေဟာ လယ်သမားတွေနဲ့ ဘယ်လောက် အထိရင်းနှီးမှု ရှိသလဲ အံဝင်ခွင်ကျမှုရှိသလဲ၊ ကျွန်တော်တို့ပြောချင်တာက လယ်ယာမြေဟာ လယ်ယာလုပ်တဲ့ သူက ပိုင်ဆိုင်ရမယ်။ လယ်ယာမလုပ်ကိုင်တဲ့လူက လယ်ယာမြေပိုင်ဆိုင်ပြီး ခြံဝန်းကြီးတွေ ခတ်ထားတယ်ဆိုတဲ့ ဟာမဖြစ်ရဘူး။ ဒါ ကျွန်တော်တို့ပါတီရဲ့မူဝါဒပဲ။ တိုတိုပြောကြစို့ ဆိုရင်အဲ့ဒါပဲ ။ ဒါသိပ့်အရေးကြီးပါတယ်။ အလုပ် သမားတစ်ယောက်ဟာ သူစက်ရုံမှာ လုပ်ငန်းခွင် တည်ငြိမ်ဖို့ အရေးကြီးသလိုပဲ လယ်သမားတစ်ယောက်ဟာလည်းပဲ သူ့လယ်ယာမြေမှာ လယ်ယာလုပ်ပိုင်ခွင့်တည်ငြိမ်ဖို့ အရေးကြီးတယ်။ အခုအချိန်ထိဟာ ပုံစံ (၇)နဲ့ ပတ်သက်လို့ မတည်မငြိမ်ရှိနေလို့ တောင်းဆိုနေရာတာတွေ လယ်သမားတွေတိုက်ပွဲဝင်နေရတာတွေ အများကြီးရှိပါတယ်။ ဒါကိုကျွန်တော်တို့ လက်မခံပါဘူး။ ဆန့်ကျင်ပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ မြေယာမူဝါဒပြောကြ ဆိုရင် လယ်ယာလုပ်ကိုင်တဲ့ သူဟာ လယ်မြေကို ပိုင်ဆိုင်ရမယ်။ သဘာဝမကျတာက ဥပဒေမှာ လယ်ယာမြေဟာ အစိုးရကပဲ ပိုင်တယ်ဖြစ်တယ်။ သို့သော် ပေါင်နိုင်တယ်၊ ရောင်းနိုင်တယ်။ ပြုနိုင်တယ်ဆိုတော့ ပေါင်နိုင်တယ်၊ ရောင်းနိုင်တယ်ဆိုတာကိုပိုင်ဆိုင်မှ လုပ်နိုင်မှာလေ။ ကိုယ်မပိုင်ပဲနဲ့ ရောင်းလို့မရဘူးလေ။ ပြောရလို့ရှိရင် ဥပဒေမှာ ပြောထားတာက တခြား။ တကယ်ဖြစ်နေတာကတခြား။ စစ်ဘေးရှောင်တွေရှိလို့ အထူးသဖြင့် ရခိုင်မှာ မြေယာစွန့် သွားကြရတာတွေ အများကြီး။ လယ်မလုပ်နိုင်တဲ့သူတွေအများကြီး။ ဒါတွေဟာ မဖြစ်တဲ့အခြေအနေတွေဖြစ် တယ်။ ကျွန်တော်တို့ပါတီရဲ့ မြေယာစီမံခန့်ခွဲမှု မြေယာမူဝါဒပြောရင် တစ်ခွန်တည်းတိုတိုပြောရင်တော့ အဲ့ဒါပဲ။ လယ်ယာလုပ်တဲ့သူက လယ်ယာမြေပိုင်ဆိုင်ခွင့်ရှိရမယ်။ ဒီအခြေခံပေါ်မှာ မူတည်ပြီး တော့ပဲ ကျန်တဲ့ဟာသွားဖို့ လိုမယ်လို့ထင်ပါတယ်။

မေး။ ။ ခေတ်အဆက်ဆက်မှာ သယံဇာတ ထုတ်လုပ်ရေးကို ဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ပြီး ပွင့်လင်းမြင်သာမှုမရှိပဲ ဖော် ဆောင်ခဲ့တယ်။ နိုင်ငံအတွက်စီးပွါးရေးဆုံးရှုံးနစ်နာရပြီး ပြည်သူတွေအတွက်ကတော့ အဘက်ဘက်ကပေး ဆပ် နေရဆဲဖြစ်ပါတယ်။ အဲတော့ သယံဇာတဖော်ထုတ်ရေးမူဝါဒကိုပြောပြပါဦး။

ဖြေ။ ။ ကျွန်တော်တို့လမ်းစဉ်ပါတီကာလမှာ သယံဇာတထုတ်လုပ်ရေးနဲ့ ပတ်သက်လို့ မူချထားတာရှိတယ်။အဲ့ ဒါဘာလဲဆိုရင် တိုင်းပြည်ရဲ့ သယံဇာတတွေကို နောင်သားစဉ်မြေး ဆက်ပါ ဆက်လက်သုံးစွဲနိုင်တဲ့ ထုတ်လုပ်မှုမျိုး ဖြစ်အောင်ဆောင်ရွက်ရမယ်ဆိုတဲ့ မူဝါဒပဲ။ အဲ့တော့ တစ်နပ်စားမလုပ်ပါနဲ့ နောင်သားစဉ်မြေးဆက်ပါ ထုတ်လုပ်သုံးစွဲနိုင်တဲ့ သယံဇာ တမျိုးဖြစ်အောင်လုပ်ပါဆိုတဲ့ဟ အဲ့ဒီတုန်းကချခဲ့တာရှိပါတယ်။ အဲ့ဒီမူအတိုင်းပဲဒီကနေ့ တိုင်း ရင်းသားစည်းလုံးညီညွှတ်ရေးပါတီက ရပ်တည်ခဲ့ပါတယ်။ အဲ့ဒီတုန်း အဲ့ဒီမူဝါဒနဲ့ ဆောင်ရွက်ခဲ့တဲ့ အတွက်ကချင် ပြည်နယ်မှာ ကျောက်စိမ်းလုပ်တဲ့ ကိစ္စမျိုးတွေ မုံရွာမြို့နယ်မှာ ထုတ်တဲ့ကိစ္စမျိုး တွေမလုပ်ခဲ့ဘူး။ သစ်ထုတ်လုပ်တဲ့ကိစ္စတွေမလုပ်ခဲ့ဘူး။ ထုတ်လုပ်တဲ့ အတိုင်းအတာအရ နောင်သားစဉ်မြေဆက် အရှည်သဖြင့်ထုတ်လုပ်နိုင်မယ့် ဟာမျိုးကိုလုပ်ဆောင်ခဲ့တယ်။ ကျွန်တော်တို့ အဲ့ဒီတုန်းက အဆင်းရဲဆုံး နိုင်ငံဖြစ်သည်တိုင်အောင် နိုင်ငံခြားငွေကို ဒီလိုလုပ်ရင်ရ တယ်ဆိုတာသိတယ်။ အဲ့ဒီမူကြောင့် ကချင်ပြည်နယ်ကိုထိပါးအောင်မလုပ်ခဲ့ဘူး။ ကရင်ပြည်နယ် ကို ထိပါးအောင်မလုပ်ခဲ့ဘူး။ ရှမ်းပြည်နယ်ကိုထိပါးအောင်မလုပ်ခဲ့ဘူး။ အဲ့တော့ ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲကြေ ညာစာတမ်းမှာ ဒါကိုထည့်ထားတယ်။ သယံဇာတ ထုတ်လုပ်တဲ့ နေရာမှာ သားစဉ်မြေးဆက်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ဖို့။ နောက်တစ်ခုက သယံဇာတထုတ်တဲ့ နေရာမှာ ပွင့်လင်းမြင်သာမှုမရှိပဲနဲ့ အဂတိတွေတောင်ဖြစ် လာတယ်။ ကချင်ပြည်နယ်ဖားကန့်မှာ ဖြစ်နေတာဒါတွေပဲ။ ပွင့်လင်းမြင်သာမှုမရှိပဲနဲ့ လုပ်ခဲ့တဲ့အပေါ်မှာ ဒီကနေ လူတွေအစုလိုက် အပြုံလိုက် သေနေကြတာတွေကိုတွေ့နေရပါတယ်။

မေး။ ။ တဆက်ထဲမှာပဲ ဖက်ဒရယ် ပြည် ထောင်စုနဲ့ပတ်သက်တဲ့ သယံဇာတွဲဝေရေး မူဝါဒကို မိတ်ဆက်ပေးပါ။

ဖြေ။ ။ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်ပြီးသယံဇာတက သိပ်အရေးကြီးပါတယ်။ သက်ဆိုင်ရာပြည်နယ်တွေအနေနဲ့ပေါ့။ ကျွန်တော်တို့ပါတီအနေနဲ့ သယံဇာတနဲ့ ပတ်သက်တဲ့ သဘောထား။ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရင် အဲ့ဒီပြည်နယ်ထဲမှာတဲ့ သယံဇာတသည် သူတို့နဲ့လည်းဆိုင်တယ်။ သူတို့နဲ့လည်း ဆိုင်တယ်။ သူတို့အတွက် လည်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေရမယ်။ ဒါကြောင့်မို့လို အဲ့ဒီမှာရှိတဲ့ သယံဇာတကို ပြည်ထောင်စုနဲ့ ပြည်နယ်တွေနဲ့ ရှိပြီးဆိုရင် သူတို့နဲ့ အကျေအလည်ညှိုနှိုင်းပြီးတော့ သူတို့ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်ထောင်စုရဲ့ လိုအပ်မှုအနေအထား ကြည်ပြီးရင် ရှယ်ယာလုပ်ရမယ်။ ငါးဆယ်၊ ငါးဆယ်လား၊ လေးဆယ်ခြောက် ဆယ်လား။ သုံးဆယ်ခုနစ်ဆယ်လား ဒီလိုကြည့်ပြီး သူတို့ဖွံ့ဖြိုးတိုးတက်မှုအတွက်အထောက်အကူဖြစ်အောင် လုပ်ရမယ့်သဘော။ အဲ့ဒါပဲ။ အဲ့ဒီမူဝါဒမလုပ်နိုင်ပဲနဲ့ ပြည်ထောင်စုကပဲအကုန်ဆိုရင်အစွန်းတစ်ခု။ ဒါတော့ ပြည်ထောင်စုနဲ့ မဆိုင်ဘူး တို့နိုင်ငံတို့ပဲ ဆိုရင်လည်းအစွန်းတစ်ခု။ ညှိုနှိုင်းပြီးတဲ့အခါမှာ ဒီသယံဇာတကို ပြည်ထောင်စုရော၊ သက်ဆိုင်ရာပြည်နယ်ရော ဘယ်လိုအကျိုးရှိအောင်သုံးမလဲဆိုတဲ့ ခွဲဝေမှုဟာ ဖက်ဒရယ်ပြည်ထောင်စုအတွက် သယံဇာတခွဲဝေမှုအခြေခံအချက်ပဲဖြစ်ပါတယ်။ အဲ့ဒီမူဝါဒကိုကိုင်ဆွဲဖို့လိုပါတယ်လို့ ကျွန်တော်တင်ပြချင်ပါတယ်။

မေး။ ။ အလုပ်သမားအခွင့်အရေးပေါ့။ အလုပ်သမားအခွင့်အရေးလို့ ပြောနေကြပေမယ့် အခုချိန်ထိ အလုပ်သမား လစာကိစ္စ၊ အလုပ်အကိုင်တည်မြဲရေး အစရှိတဲ့ အရေးကိစ္စတွေ ဘာကြောင့်ဆက်ရှိနေတာပါလဲ။ ဘယ်လိုဖြေရှင်း နိုင်ပါမလဲ။

ဖြေ။ ။ဒီမိုကရေစီနိုင်ငံထူထောင်နေပြီ။ ဒီမိုကရေစီအစိုးရဖြစ်ပြီဆိုတဲ့ အခါကြတော့ အလုပ်သမား တွေလည်း မျှော်လင့်ကြတယ်။ အစိုးရဖွဲ့တဲ့အထဲမှာကိုက ခေတ်အဆက်ဆက် လယ်သမား ဝန်ကြီးဌာနဆိုတာမရှိဘူး။ အလုပ်သမားဝန်ကြီးဌာနဆိုတာရှိတယ်။ တခါတည်းစီမံခန့်ခွဲပြီး လုပ်ရတာ။ အဲ့တော့မျှော်လင့်ကြတယ် သို့သော် အဲ့ဒီမျှော်လင့်ချက်က လက်တွေ့ဖြစ်လာတဲ့ အခါကြတော့ အလုပ်သမားတွေအနေနဲ့ အနည်းဆုံးလုပ်ခကြေးငွေတောင်မှ တည်တည် တန့်တန့်ဖြစ်နိုင်မယ့်အနေအထားမရှိသေးပါဘူး။ အခုနှစ်နှစ်ကျော်လာပြီ။ အခုအထိပြန်မစနိုင် သေးဘူး။ အလုပ်သမားတွေလည်း အခုအချိန်ဆိုပိုဆိုးတယ်။ ကိုဗစ်ရောဂါအခြေအနေနဲ့။ အလုပ်သမားတွေအနေနဲ့ကလည်း ဒီကနေ အလုပ်ပိတ်တာတွေ၊ အလုပ်လုပ်တဲ့အခါဝမ်းစာ။ သူတို့လည်းပဲ ဒီရောဂါကို မကြောက်လို့မဟုတ် ဘူး။ သို့သော် သူတို့ရဲ့ဝမ်းစာနဲ့ ဒီရောဂါနဲ့ အလဲအထပ်လုပ်နေရတဲ့ သဘောဖြစ်နေတယ်။ အလုပ်သမားအခွင့်အ ရေးလို့ဆိုပေမယ့် ဒီကနေ့အချိန်အထိ အလုပ်ခွင်တည်မြဲပိုင်ခွင့်မရှိသေးဘူး။ ဒါတစ်ချက်။ နောက်တစ်ခါ တခြား တည်ဆဲဥပဒေမှာပါတဲ့ အခွင့်အရေးတွေ၊ လုပ်ငန်းခွင်သာယာဖို့ဆိုတာတွေက အလုပ်သမားတွေ အတွက် တော်တော်များများ ချို့ချို့တည့်တည့်နဲ့ နေနေရတဲ့ အခြေအနေရှိပါတယ်။ ဒါကိုဘယ်လို့ဖြေရှင်းရမလဲဆိုတော့ အလုပ်သမားဝန်ကြီးဌာနကို ပီပီပြင်ပြင် ဖွဲ့စည်းရမယ်။ အလုပ်သမားနဲ့ပတ်သက်လို့ ဥပဒေရေးရာကျွမ်းတင်တဲ့ သူတွေနဲ့ပါဝင်ဖွဲ့စည်းရမယ်။ နောက်တစ်ခုက နိုင်ငံတကာနဲ့ဆက်စပ်ပြီးတော့ နိုင်ငံတကာက လာပြီးရင်းနှီးမြုပ်နှံတဲ့ အခါမှာလုပ်တဲ့လုပ်ငန်းတွေ ဒါတွေကို စနစ်တကျ ကိုင်တွယ်ကျင့်သုံး နိုင်တဲ့ အနေအထား ရှိရမယ်။ ဒါတွေကို တကယ်ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်မယ့် အလုပ်သမားဝန်ကြီးဌာနဖွဲ့ပြီးတော့ ကျွမ်းကျင်တဲ့သူတွေကိုတာဝန်ပေးပြီး ဆောင်ရွက်ဖို့လိုမယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

မေး။ ။နိုင်ငံခြားကြွေးမြီကိစ္စကလည်း အစိုးရသစ်တိုင်းအတွက် စိန်ခေါ်မှုနဲ့ ထွက်ပေါက်လိုဖြစ်နေပြီး မူဝါဒတစ် ရပ်အ နေနဲ့ လုပ်ဆောင်နေတာမတွေ့ရသေးဘူး ဘယ်လိုဖြစ်သင့်ပါသလဲ ဘယ်လိုမူဝါဒတွေရှိပါသလဲ

ဖြေ။ ။ နိုင်ငံခြားကြွေမြီကိစ္စကသိပ်ဆိုးပါတယ်။ အခုဆိုရင် အမေရိကန်ဒေါ်လာ (၁၀)ဘီလီယံ ကျော်နေပြီ။ လွှတ် တော်မှာကြည့်လိုက်ရင်ဘာအတွက် ကြွေးယူဖို့ ၊ ဟိုကိစ္စ အတွက်ကြွေးယူဖို့ ၊ လွှတ်တော်မှာတင်ပြီးတော့ ဆွေးနွေးနေကြတာတွေရှိပါတယ်။ စီးပွားရေး အရဆိုရင် အကြွေး တင်တဲ့ ဟာနဲ့ ကိုယ်က နိုင်ငံခြားငွေရှာလို့ရနဲ့ ပြန်ဆပ်ရမှာ။ အဲ့တော့ ကိုယ့်က နိုင်ငံခြား ငွေရှာလို့ရတဲ့ ဟာနဲ့ တင်တဲ့ အကြွေးနဲ့ ချိန်ရပါတယ်။ နို့မို့ဆိုရင်ကြွေးလည်ပင်းနစ်ပြီးတော့ ဒုက္ခရောက်တာတွေ အများကြီးရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ လမ်းစဉ်ပါတီ ကာလတုန်းက အဆင်းရဲဆုံးနိုင်ငံဖြစ်တယ်ဆိုတဲ့ဟာမှာ အဲ့ဒီအကြောင်းတစ်ခုပါတယ်။ ကြွေးလည်ပင်းနစ်တာ အကြောင်းတစ်ခုပါတယ်။ နောက်တစ်ခုက ကြွေးအများဆုံးဟာ တရုတ်အကြွေးတွေဖြစ်နေတယ်။ သိတဲ့အတိုင်း သီရိလင်္ကာတို့မှာ ကြွေးထောင်ချောက်ဆိုတဲ့ စကားလုံးပေါ်လာတယ်။ အဲ့ဒါသတိထားရမယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ကြွေးယူပြီးတော့ စီးပွားရေးထူထောင်နေရတဲ့ ဘ၀ကလွတ်အောင် ဆောင်ရွက် ဖို့လိုမယ်လို့ အကြံပြုချက်တစ်ခု ထည့်ထားတာရှိတယ်။ အဲ့ဒါပါပဲ။ ကြွေးနဲ့ပတ် သက်လို့က အင်မတန် အန္တရာယ် ဖြစ်ပါတယ်။ ထိန်းသိမ်းဖို့လိုပါတယ်။ အဓိကက ကြွေးလည်းယူပါ။ ဘယ်နိုင်ငံမှကြွေးမကင်းဘူး။ သို့သော်နိုင်ငံခြား ငွေရအောင်ရှာရမယ်။ နိုင်ငံခြားငွေရအောင်မရှာပဲနဲ့ ကြွေးယူပြီးသုံးစားနေမယ်ဆိုရင် ဟိုတုန်းက လမ်းစဉ်ပါတီ ဖြစ်ခဲ့သလိုဖြစ်မယ်။ ဒါပါပဲ။

မေး။ ။ ချုပ်ပြောရရင် စီးပွါးရေးပြုပြင်ပြောင်းလဲဖို့အတွက် ဘာတွေပြုပြင်ပြောင်းလဲဖို့လိုပါသလဲ။ ဘယ်လိုလုပ် ကိုင် ဆောင်ရွက်မှာပါလဲ။

ဖြေ။ ။စီးပွားရေးပြောင်းလဲဖို့ဆိုလိုရရှိရင်တော့ ကျွန်တော်တို့မှာ ပြန်လုပ်ရပါမယ်။ လယ်ယာ၊ သားငါး၊ သစ်တော ဒီထုတ်လုပ်မှုတွေ တက်လာအောင်ပြန်လုပ်ရပါမယ်။ ဒီထုတ်လုပ်မှုကမှ တစ်ဆင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့လုပ်ရပါမယ်။ လယ်ယာဟာ ပြန်အခြေခံရမယ်။ တကယ်လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေကို နေရာပေးပြီး တော့လုပ်ကိုင် ဖို့လိုပါတယ်။ ပြန်ကြည့်ရင် ကျွန်တော်တို့လက်ထက်ကရော အခုရော၊လယ်ယာသစ်တော ဝန်ကြီးဌာ နမှာတာဝန်ယူတဲ့ ဝန်ကြီးတွေ တစ်ယောက်ချင်းပြန်စဉ်းစားကြည့် လယ်သမားနဲ့ နီးစပ်သူ တစ်ယောက်မှ မပါဘူး။ စီးပွားရေးနဲ့ ပတ်သက်လို့ဘာပြုပြင်ပြောင်းလဲဖို့ လိုအပ် သလဲဆိုတော့ ခုနကပြောတဲ့ လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ပြန်တည်ဆောက်ရပါလိမ့်မယ်။ လုပ်ငန်းရှင်တွေ SME တွေကို နှစ်တို၊ နှစ်ရှည် ချေးငွေ တွေလုပ်ပေးတယ်။ လယ်သမားတွေကိုရောမလုပ်ပေးသင့်ဘူးလား။ လယ်သမားတွေ အစိုးရချေး ပေးတဲ့ ချေးငွေနဲ့ မလောက်လို့အပြင်မှာ ချေးနေရတယ်။ (၁၀)တိုးပေးနေရတယ်။ အိမ်တွင်း လက်မှုလုပ်ငန်းလုပ်တယ်။ SME ထဲမှာပါတယ်။ ဘဏ်မှာ သိန်းရာနဲ့ ချီပြီးချေး လို့ရတယ်။ လယ်သမားတွေမှာချေးခွင့်မရှိဘူး။ စိုက်ပျိုးရေးစရိတ် ချေးငွေပဲရှိတယ်။ ဒီလိုဟာမျိုးတွေ အများကြီးပြုပြင်ပြောင်းလဲရမယ့်သဘောရှိပါတယ်။ ဒါအပြင် လယ်ယာကဏ္ဍ တင်မဟုတ်ဘူး။ ကျေးလတ်တွေမှာလည်း ထုတ်လုပ်နိုင်တဲ့ကုန်ထုတ်လုပ်ငန်းတွေရှိပါတယ်။ ဒီအပေါ်မှာမူတည်ပြီး တော့လည်း စိုက်ပျိုးစရိတ်ချေးငွေအပြင် နှစ်တို၊နှစ်ရှည်ချေးငွေချပေးပြီးဆောင်ရွက်ဖို့လိုပါတယ်။ အဲ့ဒါနဲ့ လယ်ယာ ဖွံ့ဖြိုးတိုးတက်မှုမြင့်အောင် ဆောင်ရွက်ဖို့လိုပါမယ်။ နောက်တစ်ခုက နိုင်ငံတကာနဲ့ အာဆီယံနိုင်ငံတွေနဲ့ ဆက်စပ်ပြီးလုပ်ကိုင်နေရတယ်။ အဲ့ဒီမှာ နိုင်ငံတကာနဲ့ ဆက်စပ်လုပ်ကိုင်နိုင်တဲ့ စီးပွားရေး ကျွမ်းကျင်တဲ့သူတွေတာဝန် ပေးပြီးတော့ လုပ်ဖို့ကိုင်ဖို့လို ပါတယ်။ ဟိုတုန်းကဆိုရင် စီးပွားရေးကျွမ်းကျင်တဲ့ သံတမန်တွေခန့်ထားပြီးတော့ ဒီလိုနဲ့ ဆောင်ရွက်ခဲ့တာရှိပါတယ်။ ဒီလိုလုပ်ငန်းမျိုးတွေပြန်ပြီးတော့လုပ်ဖို့လိုမယ်လို့ ကျွန်တော်ထင်တယ်။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ။ ။ ဖြည့်စွက်ပြောချင်တာကတော့ ကျွန်တော်တို့နိုင်ငံအခြေအနေနဲ့က နိုင်ငံရေးအနေနဲ့ ဒီမိုကရေစီအစိုးရ တက်လာတဲ့ အခါမှာ ပြည်သူတွေကတော်တော်များများမျှော်လင့်ကြပါတယ်။ မျှော်မှန်းချက်ထားကြပါတယ်။ တိုင်းရင်းသားတွေဆိုလည်း တိုင်းရင်းသားအလျှောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ဖို့ ကိုယ်ပိုင်ပြဌာန်း လုပ်နိုင်ဖို့ အဲ့လို မျှော်လင့်ချက်တွေ၊ အဲ့လိုအိမ်မက်တွေ မက်ခဲ့ကြတာရှိပါတယ်။ လယ်သမားတွေဆိုလည်း ဒီလိုပါပဲ ဒီမိုကရေစီအစိုးရဖြစ်ရင်တော့ ငါတို့အားကိုးလိုရပြီ။ အလုပ်သမားတွေလည်း ဒီအတိုင်းပေါ့။ အားကိုးလို့ရပြီးဆိုတဲ့ ဒီအိမ်မက်တွေ ဒီမျှော်လင့်ချက်တွေရှိခဲ့ပါတယ်။ သို့သော် ဒီကနေအချိန်အခါမှာ အဲ့ဒီမျှော်လင့်ချက် အဲ့ဒီအိမ်မက်တွေဟာ ပျက်ပယ်တဲ့သဘောဖြစ် လာတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာတော့ မျှော်လင့်ချက် အသစ်ထားကြဖို့လိုမယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ အဲ့လောက်ပါပဲ။

ယနေ့ခေတ်။ ။ ကျေးဇူးတင်ပါတယ်။