နောက်ကျောက ဓား

ထိုသမ္မတလက်ထက် ဘူဒိုဇာဖြင့်အထိုးခံရ၊ ဘက်ဟိုးဖြင့်အကော်ခံရသည့် ကျူးကျော်တဲများကို ကွက်ကွက်ကွင်းကွင်းမြင်စေခဲ့သည်။ တရားမျှတပါ၏လားဟု မေးခွန်းထုတ်တွေးနေမိခဲ့သည်။ သာမန်အားဖြင့် လယ်ကွက်များအားမြင်လျှင် ကြည်နူးစိတ်၊ လွတ်လပ်ပေါ့ပါးစိတ်များ ဖြစ်တတ်သည့်မိမိသည် ယခုရွှေလယ်တောနှင့် ဆက်စပ်ရာ လယ်ဧကများကို မြင်သည့်အခါ …..

ပြီးခဲ့သည့်ဇွန်လအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှင့်အပြိုင် လူထု ကြားထိုးဖောက် ရောက်ရှိလာသည့် အကြောင်းအရာကို ထုတ်နုတ်ပြပါ ဟုဆိုလျှင် မဆိုင်းမတွ၊ တညီတညွတ်တည်း ပြောဆိုကြမည်မှာ နိုင်ငံ့အကြီးအကဲများ မြေကွက်ရ ယူခြင်းကိစ္စ ဖြစ်မည်။

ထိုသို့နိုင်ငံ့အကြီးအကဲများ မြေကွက်လက်ခံယူသည်မှာ အမှန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်၏ မွေးနေ့ရက် တွင်ပင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြု ပြောဆိုလိုက်ခြင်းကြောင့်လည်း လူထုဘက်က စိတ်ဝင်စားမှုအရှိန်ပိုမြင့် တက်ခဲ့သည်ဟု ထင်သည်။

ထိုကိစ္စရပ်နှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ခဲ့ကြသူများရှိသကဲ့သို့ မယူသင့် ကြောင်း၊ နှစ်ရှည်ကြာရပ်ခံ လာ သည့်ဂုဏ် သိက်္ခာကို ငဲ့ကွက်ရမည်ဖြစ်ကြောင်း ချစ်စိတ်၊ ကြင်စိတ်အခြေခံကာ ဆိုခဲ့၊ ပြောခဲ့၊ ဝေဖန်ခဲ့ကြသူများ လည်း များစွာရှိခဲ့ပြီးပါပြီ။ ထိုအထဲတွင် နိုင်ငံအတွက် များစွာအနစ်နာခံခဲ့သူများဖြစ်သည့်အတွက် ရသင့်၊ ရထိုက်၊ ယူသင့်၊ ယူထိုက်သည် ဟုလည်း ထောက်ခံအားပေးကြသူများလည်း ရှိသည်။

ထိုထိုသော မတူကွဲပြားသည့်ပြောဆိုဝေဖန်မှုများ၊ ထောက်ပြချက်များကြားမှ တိုးထွက်လာသော ဆင်ခြင်စရာ၊ သတိပြုစရာနောက်တစ်ချက်မှာ အနီးကပ်လုပ်ကြံခြင်း၊ နိုင်ငံရေးအရခြေထိုးခြင်း စသော နောက်ကျောဘက်မှ ထိုးသည့်ဓားများလည်း ရှိနေသည်ဆိုသော ဝေဖန်ချက်ဖြစ်သည်။ ထိုဝေဖန်ချက်နှင့်ယှဉ်ကာ ယခုဆောင်းပါးအား ချဉ်းကပ်ကြည့်ချင်သည်။

(၁)

ထိုမြေကွက်များအရေး သတင်းစကားများ စတင်ကြားသိလာချိန်၊ ဝေဖန်ထိုးနှက်မှုများထွက်ပေါ် လာချိန်တွင် ဦးစွာခေါင်းထဲ၊ အတွေးထဲဝင်လာသည်က ၂၀၁၈ခုနှစ် အတွင်းကသွားခဲ့ပြီး ခဏတစ်ဖြုတ်ထိုင်ကာ ကော်ဖီသောက်ခဲ့ဖူးသော နေရာတစ်ခုအကြောင်းဖြစ်သည်။

အခြားမဟုတ်၊ ပြီးခဲ့သောအစိုးရလက်ထက် သမ္မတတာဝန်ထမ်းဆောင်ခဲ့သော သမ္မတဟောင်း ဦးသိန်းစိန် အငှားချပေး ထားသည့် ရွှေလယ်တောကော်ဖီဆိုင်သို့ဖြစ်သည်။ ဦးသိန်းစိန်ပင် ပိုင်ဆိုင်သည်ဟု နာမည်ကြီးခဲ့သော လယ်ဧက ၅၀၀ သည်လည်း ထိုဆိုင်နှင့်တစ်ဆက်တည်းတွင် ရှိသည်။ (ဦးသိန်းစိန်သည် ထိုနေရာတွင် ဧက ၂၀သာ ပိုင်ဆိုင်သည်ဟု ဦးရဲထွဋ်က သတင်း တစ်ပုဒ်တွင် အတည်ပြုထားသည်။) ထိုဆိုင်တွင် ခဏတစ်ဖြုတ်ထိုင်၍ ကော်ဖီသောက်ပြီးနောက် ဆိုခဲ့ပါလယ်ကွက်များ ရှိရာ လမ်းလျှောက်ကာသွားကြည့်ဖြစ်သည်။

ထိုသို့သွားစဉ်လမ်းတစ်လျှောက်တွင် ခရမ်းချဉ်စိုက်ခင်းများ၊ အာလူးစိုက်ခင်းများ၊ နှင်းဆီစိုက်ခင်း များကို ဖြတ်သန်းခဲ့ရသည်။ ခူးဆွတ်ထားသော မြေပဲများအား သန့်စင်နေသူများ၊ အခြောက်ခံ စက်ဟု ထင်ရသည့် စက်ကြီးများ၊ သိုလှောင်ရုံ ကြီးများကိုလည်း တွေ့မြင်ဖြတ်သန်းခဲ့ရသည်။ လယ်ကွက်များထိပ်အရောက် မျက်စိကို ဆန့်နိုင်သမျှ ဆန့်ထွက်ကြည့် ဖြစ်သည်။ မျက်စိတစ်ဆုံး လယ်ကွက်များဖြင့် အပြည့် ဖြစ်သည်။

ထိုလယ်ကွက်များကို မြင်သည့်အခါ နေစရာခက်ခဲလွန်းလှသူတို့၏ အခြေအနေများကို မြင်ယောင်မိလာသည်။ အထူးသဖြင့် ထိုသမ္မတလက်ထက် ဘူဒိုဇာဖြင့်အထိုးခံရ၊ ဘက်ဟိုးဖြင့် အကော်ခံရသည့် ကျူးကျော်တဲများကို ကွက်ကွက်ကွင်းကွင်းမြင်စေခဲ့သည်။ တရားမျှတပါ၏ လားဟု မေးခွန်းထုတ်တွေး နေမိခဲ့သည်။ သာမန်အားဖြင့် လယ်ကွက်များအား မြင်လျှင် ကြည်နူးစိတ်၊ လွတ်လပ်ပေါ့ပါးစိတ်များ ဖြစ်တတ်သည့်မိမိသည် ယခုရွှေလယ်တောနှင့် ဆက်စပ်ရာလယ် ဧကများကို မြင်သည့်အခါ စိတ်တွင် မွန်းကျပ်ခဲ့ရသည်။ ဝမ်းနည်းစိတ် ဖြစ်မိခဲ့သည်။

နိုင်ငံ့အကြီးအကဲများ မြေကွက်ရယူခြင်းနှင့်ပတ်သက်ပြီး ထိုစဉ်အချိန်များ ကတည်းက ပြည်သူလူထုဘက်က ပြင်းပြင်း ထန်ထန် ဝေဖန်ပြစ်တင်ခဲ့ကြသည်။ ယနေ့အချိန်ထိလည်း ထိုလယ်တောများအကြောင်း ပြောဆိုဝေဖန်ဆဲဖြစ်သည်။ သင်ခန်းစာယူစရာဖြစ်သည်။

ယခုမြေကွက်ကိစ္စတွင်လည်း ထိုဖြစ်စဉ်ကဲ့သို့ ထောက်ပြဝေဖန်ပြစ်တင်မှုများရှိသည်။ ရှေ့တွင်ယူစရာ သင်ခန်းစာများရှိ နေပါလျက် လုပ်ဆောင်ခဲ့ခြင်းသည် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ခြင်းဖြစ်သည်။ တစ်နည်းအထက်တွင် ဆိုခဲ့သကဲ့သို့ နောက်ကျောမှ ဓားထိုးခြင်းဟု သတ်မှတ်မည်ဆိုလျှင် အခြားသူကထိုးခြင်းမဟုတ်ဘဲ ကိုယ့်နောက်ကျောကိုယ်သာ ကိုယ်ကိုယ်တိုင် ပြန်ထိုးခြင်းဟု ဆိုချင်သည်။

(၂)

ထို ၂၀၁၈ခုနှစ်၏ ညတစ်ညကိုလည်း ကောင်းစွာမှတ်မိကြပါဦးမည်။ ထိုညသည် မြန်မာလူထု (အထူးသဖြင့် ရုပ်ရှင်ချစ် ပရိသတ်) ရင်ခုန်စိတ်လှုပ်ရှားခဲ့ရသော ညဖြစ်သည်။ ထိုညသည် ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲခေါ် အကယ်ဒမီပေးပွဲညဖြစ်နေခြင်းကြောင့်ပင်။

ထိုညတွင် အကယ်ဒမီဘယ်သူရမလဲ ဆိုသည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်အပြင် ထပ်ဆင့်လာသည့် ရင်ခုန်ဖွယ်ရာ အကြောင်းချင်းရာတစ်ခုလည်း ရှိနေသည်။ စန္ဒရား (ဦး)တင်ဝင်းလှိုင်ဟု ပြောလိုက်လျှင်ပင် မည်သည့်အကြောင်း ဆိုသည်ကို သိရှိကြပါလိမ့်မည်။

ထိုညက စန္ဒရားတင်ဝင်းလှိုင် အကယ်ဒမီရသည်။ ကျေးဇူးတင်စကားဆိုချိန်တွင် ပြန်ကြားရေး ဝန်ကြီးနှင့် ဌာနအား ဝေဖန် ထောက်ပြသည့်စကားများ ထည့်သွင်းပြောဆိုခဲ့သည်။ ထိုညသည် အကယ်ဒမီအပေါ် ရင်ခုန်စိတ်လှုပ်ရှား ရရုံသာမက ထိုသို့ရင် ဖွင့်ပြောဆိုခဲ့သည့် စကားများလည်း ထွက်ပေါ်လာရာ ထိုအခြင်းအရာသည် အကယ်ဒမီပေးပွဲ အခမ်းအနားမှ ကျော်လွန်ကာ နိုင်ငံအနှံ့ သို့ပါ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားခဲ့သည်။ လူမှုကွန်ရက်၏ အားလည်းပါသည်။

ထိုစကားများထဲတွင် မိုးကျရွှေကိုယ်များအကြောင်းကိုလည်း စန္ဒရားတင်ဝင်းလှိုင်က အရေအတွက်အတိအကျနှင့် ထည့် သွင်းပြောဆိုဝေဖန်ခဲ့သေးသည်။ ထိုမိုးကျ ရွှေကိုယ်များ အကြောင်းပါလာသည်ကပင် လူထုအာရုံကိုပို၍ စုစည်းစေခဲ့သည်။

ယင်းသို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် သုံးရက်အကြာဖြစ်သည့် မတ် ၂၆ရက်တွင် ပြန်ကြားရေး ဝန်ကြီးဌာနဘက်က ထိုပြောဆိုချက်များနှင့်ပတ်သက်ပြီး ချေပသည့် သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။ ထို့ပြင် “ချင့်ချင့်ချိန်ချိန် သုခမိန်”ဟူသည့် ချေပချက် ဆောင်းပါးတစ်ပုဒ်ကို လည်း ထိုနေ့တွင်ပင် ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြခဲ့သကဲ့သို့ မတ်၂၈ရက်တွင်လည်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ပြန်သေးသည်။

ထို သတင်းစာရှင်းလင်းပွဲတွင်တော့ ထိုစဉ်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ်ဖြစ်သူ ဦးမြင့်ထွေးက မိုးကျရွှေကိုယ်ဟု စန္ဒရားတင်ဝင်းလှိုင် သုံးနှုန်းခဲ့သည့်တပ်မတော်မှ ပြောင်းရွှေ့လာသူများအကြောင်းကိုလည်း ပြန်လည်တုံ့ပြန် ပြောဆိုခဲ့သည်။

ထိုနေရာတွင် ပြန်ကြားရေးဝန်ကြီးဌာနဘက်မှ “ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန်” ဟူသော တာဝန် သုံးရပ်ထဲမှ ပြန်ကြားပေးရန်ဟူသည့်တာဝန်ကို အချိန်မဆိုင်းဖော်ဆောင်ခဲ့သည် ကို တွေ့ကြရသည်။ စန္ဒရားတင် ဝင်းလှိုင်ဖြစ်စဉ်တွင် မဆိုင်းမတွထွက်ပေါ်ခဲ့သော ထိုပြန်ကြား ပေးရန် တာဝန်သည် ယခုမြေကွက် ကိစ္စတွင်မူ ထွက်ပေါ်မလာဘဲ ပျောက်ဆုံးနေခဲ့သည်မှာ အထက်တွင်ဆိုခဲ့သည့်အတိုင်း ကိုယ့်နောက်ကျောကို ကိုယ်ကိုယ်တိုင် ဓားဖြင့်ထိုးခြင်းသာဖြစ် သည်ဟု ဆိုချင်သည်။

နိုင်ငံ့အကြီးအကဲများ မြေကွက်ယူခြင်းနှင့် ပတ်သက်ပြီး ဟုတ်၏, မဟုတ်၏ လူထုကြား သို့လော သို့လောဖြင့် အငြင်းပွားနေချိန် သတင်းစာရှင်းလင်းပွဲတွင် လမ်းကြုံသဘော ဦးဇော်ဌေး၏ ဝန်ခံအတည်ပြုချက်က လွဲ၍ အစိုးရဘက်(အထူးသဖြင့်ပြန် ကြားရေးဝန်ကြီးဌာနဘက်)က ပြည်သူထံ ခြေခြေမြစ်မြစ် အသိပေးပြန်ကြားလာခြင်း မရှိသည်က ပြည်သူဘက်က ဝေဖန် ထောက်ပြမှုအရှိန်ကို မြင့်တက်စေသည့်အဓိက အချက်ဖြစ်ခဲ့သည်။ ကိုယ့်နောက်ကျော ကိုကိုယ်ကိုယ်တိုင်ဓားဖြင့် နှစ်ချက်တိတိ ထိထိမိမိထိုးခဲ့ခြင်းလည်း မည်ပါသည်။

ငါးကွန်မြို့နယ်မှ မြေသိမ်းခံရသူများ

(၃)

ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့ သည့် အကျော်ကြားဆုံး မိန့်ခွန်းတစ်ခုကို ထုတ်ပြပါဆိုလျှင် “ရဲဘော်တို့”ဆိုသော စကား ဖြင့် အစချီထားသည့် စစ်ထွက်မိန့်ခွန်းကို အများစုက ထုတ်ပြပြော ဆိုကြလိမ့်မည် ထင်သည်။

“ရဲဘော်တို့ …အကျယ်ချဲ့ပြီး ရှည် ရှည် မပြောချင်ဘူး။ အခုစစ်မြေပြင်ကို ထွက်ရမယ်၊ ဆင်းရဲမယ်၊ ငတ်မယ်၊ အခက် အခဲတွေနဲ့ ရင်ဆိုင်ရမယ်။ ဗမာပီပီ ဗမာ့ သွေးကိုပြပါ။ အထက်ဗိုလ်များရဲ့အမိန့် ကို နာခံကြပါ။ အထက် ဗိုလ်တွေက လည်းသာ တူညီမျှ ရဲဘော်စိတ်ထားပါ။ ရဲဘော်တို့ကို ကတိ ပေးထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့နဲ့ အတူချီတက်မယ်။ ဗမာ့ရန်သူ ကို ချေမှုန်းကြ။ အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြ။ ဒါပဲ”ဟူ၍ ဖြစ်သည်။ တိုတိုနှင့်ထိမိစွာ ပြောကြားခဲ့သည့် မိန့်ခွန်း လည်းဖြစ်သည်။

ထိုမိန့်ခွန်းထင်ရှားရခြင်းသည် “အခု စစ်မြေပြင်ကို ထွက်ရမယ်။ ဆင်းရဲမယ်။ ငတ်မယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်”ဆိုသော စကားကြောင့် မဟုတ်ပါ။ “ဗမာပီပီ ဗမာ့သွေးကိုပြပါ။ အထက်ဗိုလ်များရဲ့ အမိန့်ကို နာခံကြပါ။ အထက်ဗိုလ်တွေက လည်း သာတူညီမျှ ရဲဘော်စိတ် ထားပါ”ဆိုသည်လည်း မဟုတ်ပါ။ ဗိုလ်ချုပ်ကိုယ်တိုင် ရဲဘော်များနှင့်အတူ စစ်ချီမည်ဆိုသည့် အကြောင်းလည်းမဟုတ်။ ထိုမိန့်ခွန်းထင်ရှားခဲ့သည်က “အနီးကပ်ဆုံးရန်သူကို ရှာ ပြီးတိုက် ကြ”ဆိုသော လျှို့ဝှက်သိုသိပ်စွာ ထည့်သွင်းပြောဆိုခဲ့သော စကားလုံး အသုံးအနှုန်းကြောင့် ဖြစ်သည်။

အနီးဆုံးရန်သူဖြစ်သည့် ဂျပန်ကို တိုက်ထုတ်ရန်၊ ကိုယ့်ရန်သူစစ်စစ်သည် ဂျပန်ဖြစ်သည်ကို သတိမူရန်ပြောကြားခဲ့ သည့် မိန့်ခွန်းဖြစ်ကြောင်း ဂျပန့်ခေတ် တော်လှန်ရေးတွင် တစ်ခန်း တစ်ကဏ္ဍမှ ပါဝင်ခဲ့ဖူးသည့်အဘိုးဖြစ်သူ၏ ရှင်းလင်းပြ ချက်ကို ယနေ့အထိ မှတ်မိနေသေးသည်။ မိမိနောက်ကျောသို့ ထိုးလာသည့်ဓားသည် မိမိအနီးအပါးမှလည်း ဖြစ်နိုင်သည်ကို ထိုမိန့်ခွန်းက သတိပေးလျက်ရှိသည်။

(၄)

မြန်မာတွင်သာမက ကမ္ဘာမှာပါ ထင်ရှားကျော်ကြားသည့် သရော်စာဝတ္ထုတစ်ပုဒ်ကို ဖော်ထုတ်ပြ ပါဆိုလျှင် “ခြေလေးချောင်း တော်လှန်ရေး”ဟု သခင်ဘသောင်းက မြန်မာမှုပြု ဘာသာပြန်ဆို ထားသည့် Grorge Orwell ၏ Animal Farm ဝတ္ထုဖြစ်သည် ဟု ဆိုကြမည်။

ထိုဝတ္ထုသည် အာဏာဖြင့်မတရားအုပ်ချုပ်သည့်လူသားအပေါ် တိရစ္ဆာန်အစုအဖွဲ့က တွန်းလှန် ပုန်ကန်တိုက်ထုတ်ခဲ့ကြပြီး နောက် တိရစ္ဆာန်အချင်းချင်းပြန်လည် အုပ်ချုပ်သည့် ဇာတ်ကို တည် ထားခြင်းဖြစ်သည်။ အာဏာရှင်ကို မကြိုက်၍ တွန်းလှန်ခဲ့ သူထဲတွင်ပင် အာဏာရှင်စရိုက်ကို နှစ်သက်သူ၊ လက်ခံသူတို့ပါဝင်လာခဲ့သည်။ ကိုယ်မွေးသည့်မျောက် ကိုယ့်ပြန်ခြောက်ဆိုသည့် စကားပုံကို ထိုသရော်စာတွင်တွေ့မြင်နိုင်မည်ဖြစ်သည်။ အာဏာရှင်လက်သစ် နပိုလီယံ၏ နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားမှုများနှင့် အာဏာရှင်လက်ကိုင်တုတ်လုပ်လိုသော စကွီလာတို့ အကြောင်းကို ထို သရော်စာထဲတွင်ကောင်းစွာ မီးမောင်း ထိုးပြထားသည်။

အာဏာတစ်စုအတွက် နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်ချင်သူ၊ အာဏာအတွက် လက်ကိုင်တုတ်လုပ်စေလိုသူများ ဘက်မှ လည်း ထိုးလာမည့် နောက်ကျောကဓားများ ရှိနေသည်ကို Animal Farm သရော်စာဝတ္ထုက သတိပေးလျက်ရှိသည်။

(၅)

ယခုဆိုလျှင် ၂၀၂၀ရွေးကောက်ပွဲ ကျင်းပမည့်ကာလသည် တဖြည်းဖြည်းနီး ကပ်၍လာပြီ။ ပြည်သူလူထုဘက်မှ နိုင်ငံ့အရေး အရာတွင် ပါဝင်ဆုံးဖြတ်ခွင့်ရသည့် ငါးနှစ်တစ်ကြိမ်ကာလသို့ ပြန်လည်ရောက် ရှိလာခြင်းဖြစ်သည်။ ထိုသည်မှာ ပြည်သူလူထု ဘက်မှ ငါးနှစ်မှတစ်ကြိမ်သာရရှိ သည့် အခွင့်အရေးလည်း ဖြစ်သည်။

ထိုကာလသည် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြည်သူထံ မျက်နှာမူသော ကာလ၊ မစားရဝခမန်း ကတိကဝတ်စကားလုံးများဖြင့် မိမိအားရွေးကောက် တင်မြှောက်ရန် စည်းရုံးသိမ်းသွင်းကြသည့် ကာလလည်း ဖြစ်သည်။

ထိုသို့သောကာလတွင် အများပြည်သူဘက်မှရပ်တည်လျက် တောင်းဆိုချင်သည်မှာ မည်သည့် ပါတီ၊ မည်သည့် နိုင်ငံရေးသမား၊ မည်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းများမဆို ပြည်သူ လူထုအား အနီးကပ်လုပ်ကြံသူ၊ ပြည်သူလူထု ယုံကြည်ချက်အပေါ် ခြေထိုးသူ၊ ပြည်သူလူထု မျှော်လင့်ချက်အပေါ် တလွဲအသုံးချသူများမဖြစ်စေရေး အလေးအနက်ထားပေးကြရန် ဖြစ်သည်။

တစ်နည်းဆိုရလျှင် ရွေးကောက်ပွဲကာလတွင် မိမိရွေးကောက်ပွဲအောင်နိုင်ရေးတစ်ခုကိုသာ အလေးထားပြီး မတည်နိုင် သည့်ကတိကဝတ်များ ရွှန်းရွှန်းဝေပေးအပ်ခြင်းဖြင့် ပြည်သူလူထုနောက်ကျောအား ဓားမထိုးကြစေလိုရင်းဖြစ်သည်။

ထိုထိုသော နောက်ကျောမှထိုးလာမည့် ဓားအမျိုးမျိုးရှိသည့်အနက် ပြည်သူလူထု၏ နောက်ကျောအား တိတ်တဆိတ်ထိုးသွင်း လာမည့်ဓားများသည် အယုတ်မာဆုံး၊ အကောက်ကျစ်ဆုံးဓားများဟု ဆိုချင်သည်။

ဂျေငြိမ်း