ပထမသက်တမ်းသို့ လည်ပြန်ငဲ့ကြည့်ခြင်း

လင်းထင်
၂ဝ၁ဝ ကနေစခဲ့တဲ့ ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်ကိုလည်ပြန်ကြည့်ရင် ဘာတွေတွေ့ရမလဲလို့ တွေးဆကြည့် ပါတယ်။ ယခုသွားနေတဲ့ ဒုတိယအကြိမ်လွှတ်တော်ကိုလည်း တစ်ချက်စောင်းငဲ့ကြည့်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်နေတဲ့ နိုင်ငံရေးအခင်းအကျင်းဆိုတာလည်း အကြောင်းအကျိုးဆက်တရားကြောင့် သက်ရောက်မှုရှိ မှာအသေအချာပါပဲ။ သဘောတရားနဲ့ ယှဉ်ကြည့်ရင်တော့ ဖြစ်ချင်တိုင်းဖြစ်ခွင့်မရှိပါဘူး။ လုပ်ချင်တိုင်းလုပ်လို့လည်း မဖြစ်ပါ ဘူး။ ကျန်ခဲ့တဲ့ ကုန်လွန်ခဲ့တဲ့ကာလများက ထားရှိရစ်တဲ့ အကြောင်းတရားတွေ ကျန်ရစ်ခဲ့ပြီထင်ရတဲ့ အတိတ်ကာလတွေ ဒါတွေကလည်း ရှိမြဲရှိဆဲပါ။
မျက်မှောက်ကာလအထိ ထွက်ရှိနေဆဲဖြစ်တဲ့ မြန်မာသံတော်ဆင့်အပတ်စဉ်ထုတ် ဂျာနယ်ရဲ့ အသောအထေ့ ကလောင်ရှင် လင်းယုန်ကိုဖတ်ဖြစ်ကြမယ်ထင်ပါတယ်။ လူငယ်တစ်ယောက်ဖြစ်တာမို့ အကြောင်းအချက်တွေပေါ် ကောက် ရာမှာ သွက်လက်ပါတယ်။ ဒီဘက်ခေတ် အပြိုင်းအရိုင်းရေးရာမှာ အသက် ၃ဝ ဝန်းကျင်တွေများပါတယ်။ လင်းယုန်က လည်း အဲဒီသွက်လက်တဲ့အရွယ်ပါပဲ။ ကျွန်တော်ကတော့ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းဖြစ်တဲ့ ၂ဝ၁ဝ-၂ဝ၁၅ အတော အတွင်းက ကျန်ရစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို တခုတ်တရဖတ်နေမိပါတယ်။ အခုအချိန်မှာတော့ဖြင့် ၂ဝ၁၇ နှစ်ကုန် ၂ဝ၁၈ နှစ်ဆန်းထဲရောက်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့ဟာ ၂ဝ၁၆ ထဲမှာ စတင်တာဝန်ယူခဲ့တာမို့ (နှစ်)နှစ်ထဲ ကိုရောက်ရှိလာပါပြီ။ နှစ်နှစ်သားအစိုးရကို လေ့လာစောင့်ကြည့်ရာမှာ အခြေကျပြီးပါတီကြီး၊ ဝါရင့်အစိုးရကြီးလို့ သုံးသပ်လို့ မရသေးပါဘူး။ ဘယ်အစိုးရတက်တက် ခြေတစ်ပေါင်ကျိုးဖြစ်အောင်လုပ်ထားတဲ့ ၂ဝဝ၈ ခြေ/ဥကြီးကိုလည်း ကျွန်တော်တို့ ပြင်ထားကြဖို့လိုပါတယ်။ အဲဒီထက်ပိုဆိုးတာက ပထမအကြိမ် အစိုးရသက်တမ်းတုန်းက ဘာတွေဘယ်လို ဆောင်ရွက်သွား သလဲ၊ ဘယ်လိုအဖြစ်အပျက်တွေကိုချခင်းခဲ့သလဲ၊ ဘယ်လိုအမွေတွေထားခဲ့သလဲဆိုတာဟာ စိတ်ဝင်စားစရာကောင်းတယ် လို့ ကျွန်တော်ထင်ပါတယ်။
ပထမအကြိမ်လွှတ်တော်စတင်စဉ်က ကြံ့ခိုင်ရေးကိုယ်စားလှယ် တစ်ဦးတင်သွင်းတဲ့အဆိုတစ်ခုအကြောင်း ကိုပြော ရင် ကျွန်တော့်ကို ဟာသပြောတတ်တယ်လို့ထင်ကြ မလားမသိပါဘူး။ ကျွန်တော်ဟာသမပြောတတ်ပါဘူး။ အကြောင်း အရာကိုက ဟာသဖြစ်နေလို့ပါ။ ၂ဝ၁၄ရဲ့ ဖေဖော်ဝါရီ ၂၄မှာ ပြည်သူ့လွှတ်တော်အမတ်မင်းတစ်ပါးဖြစ်တဲ့ ဦးခင်မောင်ညိုက ‘၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲခဲ့တဲ့ အမျိုးသားညီလာ ခံကိုယ်စားလှယ်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ဖို့ အစီအစဉ်ရှိ မရှိ’ဆိုပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို မေးမြန်းခဲ့တာလေးပဲဖြစ်ပါတယ်။ ဒုက္ခပါပဲခင်ဗျာ။ ဒီလူဟာတစ်ကယ် မသိလို့ပြောတာလား။ တကယ်မသိလို့ပြောတာဆိုရင် ခမျာနှယ် အခြေခံဥပဒေကြီးတစ်ခုဆွဲနေတာကို နွားကျောင်းသား လောက်ကငေးကြည့်ပြီး ကြီးကျယ်လှပါကလားလို့ တွေးနေသူထက်မပိုနိုင်ပါဘူး။ ဒါဆိုတကယ်သနားစရာပါ။သြော်စစ်အစိုးရ မင်းများနှယ် နွားကျောင်းသားလောက်ပဲ ဒဏ်ရှိသူတွေကိုညီလာခံထဲထိုင်ခိုင်းထားတာပါကလားလို့ ဆက်တွေးရုံပါပဲ။ ဒီထက် လည်း မပိုလှပါဘူး။
ကျွန်တော်တို့ဆီမှာ အခြေခံဥပဒေ၃ခုရှိခဲ့ပါပြီ။ ပထမဆုံးအခြေခံဥပဒေကို ဗိုလ်ချုပ်အောင်ဆန်းသက်ရှိထင်ရှားရှိဆဲ အင်္ဂလိပ်ထံက လွတ်လပ်ရေးအရယူဖို့ ၁၉၄၇ မှာ ရေးဆွဲအတည်ပြုခဲ့ပါတယ်။ စေတနာအမှန်ဆုံး အခြေခံဥပဒေပါ။ မြန်မာ ပြည်ကို လွတ်လပ်ရေးလိုချင်ပါတယ်။ သို့သော် တောင်တန်းဒေသတွေမကျန်ရစ်ခဲ့စေချင်ဘူး။ ဒါကြောင့် တောင်တန်းပြည်မ တစ်ပြိုင်တည်းလွတ်လပ်ရေးယူဖို့ ကြိုးပမ်းရေးဖွဲ့ခဲ့တဲ့ဥပဒေပါ။ ဒုတိယအခြေခံဥပဒေကတော့ ဆိုရှယ်လစ်လိုလိုဖြစ်အောင် အယောင်ဆောင်ထားတဲ့ တစ်ပါတီစစ်အာဏာ အခြေခံဥပဒေဖြစ်ပါတယ်။ အများသိကြတဲ့အတိုင်း ၆၂နှစ်အာဏာသိမ်း ခေါင်းဆောင်ဗိုလ်နေဝင်းက ဆိုရှယ်လစ်ဝါဒနဲ့ချီတက်မယ်ဘာညာနဲ့ သူ့တပည့်လက်သားတွေကို ရေးခိုင်းပြီးထွက်ပေါ်လာတဲ့ ဥပဒေပါ။ မဆလတစ်ပါတီအာဏာရှင်ဥပဒေလို့ ကမ္ဘာကသိပါတယ်။ အာဏာသိမ်းဗိုလ်ချုပ်ကြီးနေဝင်းဘဝကနေ တစ်ပါတီ လွှတ်တော်ကပေါ်ပေါက်တဲ့ သမ္မတကြီးဦးနေဝင်း၊ နောက်သမ္မတကြီးဦးနေဝင်းကနေလမ်းစဉ်ပါတီဥက္ကဋ္ဌကြီးဦးနေဝင်း၊ ဒီ အယောင်ဆောင်မျက်လှည့်ပြ အခြေခံဥပဒေကြီးဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးက တိုက်ဖျက်လို့ နိဋ္ဌိတံသွားခဲ့ပါပြီ။ အခု မျက်မှောက်ပြုနေရတဲ့ ၂ဝဝ၈ အခြေခံဥပဒေဟာဖြင့် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအစိုးရ (ဝါ)အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ရေးဆွဲပြီး အတည်ပြုခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ မြန်မာ့သမိုင်းက (သုံး)ခုသော အခြေခံဥပဒေထဲမှာဖြင့် အညစ်ပတ်ဆုံး အစုတ်ပဲ့ဆုံး လုပ်နည်းလုပ်ဟန်တွေနဲ့ စစ်အာဏာရှင်ဗိုလ်ချုပ်တစ်စုက အတင်းကျပ်ဆုံးပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ပါပဲ။ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဟာ တက်လာစက လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့ရေး ဈေးကွက်စီးပွား တည်ဆောက်ရေးနဲ့ ရွေးကောက်ပွဲကျင်းပပေးရေးလောက်သာ ခေါင်းစဉ်တင်ထားပြီးတော့ ယာယီအစိုးရလိုလို အယောင်ပြ ပြီးတက်လာတာပါ။ ပြီးရင် ရွေးကောက်ပွဲကျင်းပပေးမယ်။ ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ လွှတ်တော်ကနေ အစိုးရ ဖွဲ့ပါပဲ။ အဲဒီမူအရ စစ်အာဏာသိမ်းခေါင်းဆောင်တွေ ကျင်းပပေးတဲ့ (၉ဝ)ရွေးကောက်ပွဲကနေ NLDမဲအပြတ်အသတ်ရ ပါတယ်။ ဒီကျတော့ အာဏာမလွှဲပေးချင်တာကြောင့် ဥပဒေအရင်ဆွဲရမယ်။ ဘယ့်နှယ်ညာ့နှယ်ဖြစ်တော့တာပါ။ စစ်အာဏာ ဆိုတာ အဲဒီလိုကလိမ်ကကျစ်။ ၉၃ မှာ အမျိုးသားညီလာခံဆိုပြီးခေါ်ပါတယ်။ အကျဉ်းပြောရရင် NLDကလည်း သပိတ် မှောက်ထွက်သွား၊ တိုင်းရင်းသားတွေကလည်း ကန့်ကွက်။ ဒါနဲ့ တစ်ခန်းရပ်သွားပါတယ်။ အဲဒါကြီးကို မဖြစ်ဖြစ်အောင် ၂ဝဝ၆ မှာ တစ်ခါခေါ်ပြန်ပါတယ်။ ညောင်နှစ်ပင်ညီလာခံလို့သိကြပါတယ်။ လယ်ကွင်းခေါင်ခေါင်ထဲမှာ ကျင်းပ။ ကမ္ဘာ့မီဒီယာတွေ လည်း ဝင်လို့မရ။ ကိုယ်စားလှယ်ဆိုသူတွေကတော့ အမြီးစားဖက်ခေါင်းစားဖက် တပည့်တပန်းတွေနဲ့ ခရိုနီကြီးငယ်ရွယ် လတ်တွေပါပဲ။ ဆန္ဒခံယူပွဲကလည်း ကမ္ဘာပေါ်မှာ ကလိမ်ကကျစ်အကျဆုံး၊ မျက်နှာအပြောင်ဆုံးပွဲပါ။ နာဂစ်မုန်တိုင်းကို တောင်ရက်မရွှေ့ဘဲ အတင်းအကျပ်လုပ်ခဲ့တဲ့ပွဲလည်းဖြစ်ပါတယ်။ ကျွန်တော်ဟာ အဲဒီအချိန်က မဟေသီမဂ္ဂဇင်းမှာ အယ်ဒီ တာလုပ်နေပါတယ်။ မဂ္ဂဇင်းတည်ရာ မြို့နယ်ကထွေချုပ်က အစည်းအဝေးခေါ်ပါတယ်။ ထွေချုပ်က မဲတောင်းတာပါလို့ပြော ပါတယ်။ တကယ်တော့ မြို့နယ်ထွေချုပ်ရဲ့ ဒုက္ခဟာမသေးလှပါဘူး။ ထမင်းအိုးနဲ့ လဲရမယ့်ကိစ္စကြီးပါ။ သတိထား မိလိုက် တာက ဆန္ဒခံယူပွဲမှာ ကိုယ့်မြို့နယ်ကနိုင်ရင်နိုင်မနိုင်ရင် အလုပ်ပြုတ်တော့မယ့်အထိ ဖိအားပေးတာ အတင်းအကျပ်ခိုင်းတာ ပေါ် လွင်ထင်ရှားနေတာကိုတွေ့ရပါတယ်။ မြို့နယ်ထွေအုပ်က သူကိုယ်တိုင်လည်း ကော်မရှင်။ ခင်ဗျားဆိုရင်ကော ဘာလုပ် မလဲ။ ဒါပါပဲ။ အမျိုးသားညီလာခံက ပုဂ္ဂိုလ်တွေကိုဘွဲ့ထူးဂုဏ်ထူးပေးဖို့ ရှိမရှိလို့ဆိုပြီး လွှတ်တော်မှာတင်ပြလာသူဟာ ဘယ်လိုလူလဲလို့ စဉ်းစားဖို့တော့ လိုလာပါလိမ့်မယ်။ တကယ်လို့အဲဒီပုဂ္ဂိုလ်ဟာ နွားကျောင်းသားသာသာလောက်ပဲဆိုရင် တော့ ဘာမှပြောမနေချင်တော့ပါဘူး။ နွားကျောင်းသားညီလာခံလို့ အမည်သညာ မှတ်သားလိုက်ဖို့ပါပဲ။ တမင်သိသိကြီးနဲ့ ရသင့်ရထိုက်တာကြီးပါလားလို့ ထင်မြင်နေရင်တော့လည်း လည်မျိုကို တုတ်တိုနဲ့နှက်ဖို့သာ ကောင်းတယ်လို့ပြောရမှာပါ။ ဒီပုဂ္ဂိုလ်တစ်ယောက်ကိုသာ ရည်ရွယ်ပြောနေပေမဲ့ ပထမအကြိမ် လွှတ်တော်ထဲမှာ သူ့လိုလူတွေကလည်း အတော်တော့ များသားကလား။ အောင်သောင်းတို့၊ ဘူးလက်တို့ ခင်မောင်ဆွေတို့၊ ဒေါ်ခင်ဝိုင်းကြည်တို့ပေါ့။ ကျွန်တော်တို့အတွက် ကတော့ ဟာသကွက်တွေချည်းပါပဲ။
ပထမအကြိမ် လွှတ်တော်ကာလတုန်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း မထိတ်သာ မလန့် သာထထပြောတာကို သတိထားမိပါတယ်။ မျက်နှာပြောင်တာကိုက အရည်အချင်းတစ်ခုဆိုရင်သူတို့ထဲမှာ အတော်ခေတ် စားနေပါလိမ့်မယ်။ ပထမအကြိမ်လွှတ်တော်မှာ NLDက သပိတ်မှောက်ထားတော့ သူတို့ကြံ့ခိုင်ရေးက တစ်ယောက်တည်း ပြေးတာ ပထမရပါတယ်။ ရွေးကောက်ပွဲဥပဒေအရ ‘ချ’ပြတဲ့နယ်မြေတစ်ခုမှာ ယှဉ်ပြိုင်သူမရှိရင် မဲပုံးထောင်စရာမလိုတော့ဘဲ အလိုလိုလွှတ် တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ ဒီတော့လည်း ဟိုကဒီက ဒလန်လုပ်တဲ့၊ ဖျက်မြင်းလုပ်တဲ့ ပါတီပိစိလေးတွေ ကိုတော့ အသေနိုင်ပြီးသားပေါ့ဗျာ။ အဲဒီဝန်ကြီးချုပ်ဦးမြင့်ဆွေက သူတို့ဟာ လွတ်တော်မှာ ၇၅ရာခိုင်နှုန်းလွှမ်းမိုးထား ကြောင်း။ ဥပဒေပြုရာမှာလည်း သူတို့အုပ်ချုပ်ရာမှာလည်း သူတို့တရားစီရင်ရေးမှာလည်း သူတို့ဖြစ်ကြောင်းပြောသွားပါ တယ်။ မှန်ပါတယ်လေ။ တပ်မတော်ကိုယ်စားလှယ်ဆိုတာကလည်း ကြံ့ခိုင်ရေးနဲ့က ပုလင်းတူဘူးဆို့ပါ။ ဒီတော့ ဝန်ကြီးချုပ် က ၂ဝ၁၅ မှာ အနိုင်ရအောင်လုပ်မယ်။ ဖြစ်ရမယ်။ ဟုတ်ပါပေတယ်။ မြောက်နေကြမှာပေါ့ဗျာ။ ရွေးကောက်ပွဲကော်မရှင်က လည်း သူတို့ရဲ့ဗိုလ်ချုပ်တင်အေး။ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးခံရသူတွေကို ကော်မရှင်က ငွေစားရင်းတွေကို အသည်းအသန်စစ်ဆေးခဲ့ပါတယ်။ ရွေးကောက်ပွဲဥပဒေနဲ့ငြိလို့ တရားမဝင်ကြောင်း ကြေညာတာတွေလည်း အတော်များခဲ့ပါတယ်။ အခု ၂ဝ၁ဝ လွှတ်တော်ကိုယ်စားလှယ်တွေကျတော့ စစ်ဆေးရတာတွေ တရားမဝင်ကြေညာတာတွေ မတွေ့ရသလောက်ပါ။ အဲဒီမှာ ရူးသလိုကြောင်သလိုနဲ့ ရွေးကောက်ပွဲကော်မရှင် ထွန်းထွန်းဦး ကိုဖယ်ထုတ်ပြီး ဗိုလ်ချုပ်တင်အေးကို ရွေးကော်ခန့်ပါတယ်။ ရှင်းပစ်လိုက်တာဖြစ်ပါတယ်။ သူတို့ကတော့ လူထုက သူတို့ဘာလုပ်မှန်းသိနေကြတာကို မေ့ထားကြတာလား မသိယောင်ဆောင်တာလားမသိပါ။ သဘောအရပြောရင် တကယ့် လွှတ်တော်ဟာ ပြည်သူသန်း ၅ဝ ထဲမှာဖြစ်ပေါ်နေတာကြာပါပြီ။
ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ ၂ဝ၁၂ကိုသိပ်လည်း မကြာသေးတာမို့ သတိရကြဦးမယ် ထင်ပါတယ်။ တစ်ကယ်တော့ လစ်လပ်လွှတ်တော် ကိုယ်စားလှယ်က ၄ဝလောက်ပဲရှိပါတယ်။ လွှတ်တော်တွင်းမှာ ရာနှုန်း အားဖြင့်လည်း သိပ်မများလှပါဘူး။ ဒါပေမဲ့ NLD ကတော့ ၁၉၉ဝ ရွေးကောက်ပွဲကလွဲရင် ပထမဆုံးပါဝင်တဲ့ ရွေးကောက်ပွဲပါ။ တကယ်တော့ ၂ဝ၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ထက် စစ်အာဏာရှင်တွေအတွက် အလွန်အရေးကြီးတဲ့ပွဲဖြစ်ပါတယ်။ စစ်အာဏာနဲ့ ၂၂ နှစ် ကြာအုပ်ချုပ် ခဲ့တယ်။ ကမ္ဘာပေါ်မှာ လူဆိုးလူမိုက်လူရမ်း ကားတွေ လို့ မပြောရုံတမယ်ပဲ ဝိုင်းကြဉ်ထားကြတယ်။ ကုလသမဂ္ဂအစည်းအဝေးတိုင်း မျက်နှာငယ်ရတယ်။ စီးပွားရေးပိတ်ဆို့ခြင်း ခံရတယ်။ အာရှမှာတောင် လူရာမဝင်လှဘူး။ ဥရောပ၊ အမေရိကန်ကဆိုရင် အရိပ်တောင်နင်းလို့မရပါဘူး။ ဗိုလ်ချုပ်တွေ ကျန်းမာရေးမကောင်းလို့ ဥရောပလောက်မှာ သွားကုရမှာဆိုရင် ဝင်ခွင့်မရှိဘူး။ သေဖို့ပဲ။ အဲဒီလောက်မျက်နှာပူအရှက် ရစရာ ဖြစ်နေရတဲ့အထဲ သူတို့လုပ်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို NLD နဲ့ဒေါ်အောင်ဆန်းစုကြည်က သပိတ်မှောက်ထားတော့ ကမ္ဘာကို ပြောလို့မကောင်းပြလို့မကောင်းတဲ့ ရွေးကောက်ပွဲဖြစ်နေရတယ်။ ကမ္ဘာ့ရဲ့အသိအမှတ်ပြုမခံရဘူးဆိုပါတော့။ ဒါကြောင့် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကို NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာတာဟာ သူတို့အတွက် အနည်းဆုံး တော့ အရှက်ပြေစရာ၊ သက်မချစရာအဖြစ် အပျက်တစ်ခုပါပဲ။ ဒါကကောင်းကွက်။ စစ်ဗိုလ်ချုပ်တွေ အရှက်ပြေသွားတယ်။ ဆိုးကွက်က NLD က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကိုယ်စားလှယ်အားလုံးအနိုင်ရ တယ်။ ယှဉ်ပြိုင်တဲ့ကြံ့ခိုင်ရေးတွေ အားလုံးရှုံးတယ်။ ဘာကြောင့် ဆိုးကွက်လို့ပြောလဲ ဆိုတော့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲဟာ ၂ဝ၁၅ လွှတ်တော်ရွေး ကောက်ပွဲအတွက် ရှေ့ပြေးနိမိတ်ဖြစ်နေလို့ပါပဲ။ ၂ဝ၁၅ မှာ များအခုလို ပွဲပြတ်နိုင်သွားရင် ဘယ်လိုလုပ်ကြမလဲ။ ဗိုလ်ချုပ် တွေခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးဆိုတော့ကာ ဘယ်ညံ့ပါ့မလဲ။ သူတို့လက်ထဲမှာ ဆုပ်ထားတာတွေက အများကြီးပါ။ ပီအာရှိ တယ်။ ၅၉(စ)ရှိတယ်။ ပုဒ်မ ၄၃၆ရှိတယ်။ စသဖြင့်ပေါ့။ လက်ထဲမှာ ဆုပ်ထားပြီး ကစားတယ်ဆိုတာက မျက်လှည့်ဆရာရဲ့ လုပ်ရပ်မျိုးဖြစ်ပါတယ်။ လက်ထဲမှာ သြဇာစေ့လေးတွေဆုပ်ထားတယ်။ ဘယ်နှစေ့လဲ။ သုံးစေ့ဆိုရင်မဟုတ်ဘူးလေးစေ့ စသဖြင့်ပေါ့။ ပီအာရ်ဆိုတာ အချိုးကျမဲဆန္ဒရယူတဲ့ နည်းလို့ဆိုကြတာပဲ။ ကျွန်တော်ပြောရဲပါတယ်။ သမ္မတဦးသိန်းစိန်ရော ရွေးကော်ဥက္ကဋ္ဌ ဦးတင်အေးကော အသေအချာ ဂဃနဏ မသိလောက်ပါဘူး။ တကယ်ပဲ ပီအာရ်လုပ်တော့မလို ခတ်ကွင်း ပြင်ခဲ့ကြပါသေးတယ်။ ၂ဝ၁၂ ကြားဖြတ် တစ္ဆေဟာ သူတို့ဗိုလ်ချုပ်တွေကို အတော် ခြောက်လှန့်ပါတယ်။ အများသိကြတဲ့ ၅၉ (စ)ကတော့ သားသမီးတွေက တခြားနိုင်ငံသား တခြားနိုင်ငံသစ္စာခံယူတယ်ဆိုရင် သမ္မတအဖြစ်က ကန့်သတ်ထားတဲ့ ပုဒ်မပါပဲ။ ဒီပုဒ်မကိစ္စက တပ်မတော်ထိပ်ပိုင်းနဲ့ အပေးအယူအလျှော့အတင်းလုပ်ရင် ရပဲရနိုင်တော့မလို စိတ်ကူးယဉ်သူ လည်းရှိကောင်းရှိနိုင်ပါတယ်။ စိတ်ကူးယဉ်သူတွေ သိဖို့က ၁၉၆၂ ခုနှစ်ကနေ ၂ဝ၁ဝ အထိ နှစ် ၅ဝလောက်စစ် အာဏာ ပေါ်မှာ ချိုမြိန်အရသာတွေ့နေကြတဲ့ ဗိုလ်ချုပ်တွေက ဘယ်လွယ်လွယ်နဲ့ လျှော့ပေးပါ့မလဲ။ ဒါကြောင့် ၅၉(စ)ကိုလည်း ကျစ်ကျစ်ဆုပ် ထားမှာသေချာပါတယ်။ နောက်တစ်ခုက (၄၃၆)။ ပိုဆိုးသော ပုဒ်မဖြစ်ပါတယ်။ အခြေခံဥပဒေတစ်ခုလုံးကို ပြင်ဖို့မပြောနဲ့ ထိလို့တို့လို့မရအောင်ကို ၄၃၆ က အသေချည်အသေကိုင်ထားပါတယ်။ ဒီပုဒ်မကိုပြင်ဖို့ ပြည်ထောင်စု လွှတ်တော်ရဲ့ ၇၅ ရာခိုင် နှုန်းအထက်ရှိရမယ်။ မဲပေးပိုင်ခွင့်ရှိသူရဲ့ ရာခိုင်နှုန်း ၅ဝအထက်က ထောက်ခံမဲရရမယ်လို့ဆိုထား ပါတယ်။ ၂၅ရာခိုင်နှုန်းကို တပ်မတော်သားကိုယ်စားလှယ်က ယူထားသေးတယ်ဆိုတော့ ဘယ်လိုမှမရနိုင်ဘူး။ မရနိုင်ရင် ပုဒ်မ ၄၃၆ကိုမပြင်နိုင်ဘူး။ ကဲဒါဖြင့်ရင် သင့်တင့်မျှတတဲ့နှုန်းကိုပြောကြမယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သုံးပုံနှစ် ပုံထောက်ခံရင် ဆန္ဒမဲပေးသူရဲ့ ရာခိုင်နှုန်း ၅ဝအထက် ထောက်ခံဆန္ဒမဲရရင် ပြုပြင်ကြစို့။ သင့်တင့်မျှတပါတယ်။ ထားပါ။ ဘယ်လောက်ပဲ တစ်ကမ္ဘာလုံးက သင့်တင့်မျှတတယ်လို့ဆိုပါစေ အာဏာရှင်ဗိုလ်ချုပ်တွေက ပြင်ပေးမည်မဟုတ်ပါ။ ဒါဖြင့် ပြည်သူလူထုကြီးနှယ် ဘာတတ်နိုင်လဲ။ သမိုင်းမှာ မတတ်နိုင်ဘူးဆိုတာမရှိပါဘူး။ အာဏာရှင်တိုင်းဟာ ဒီလိုချည်းပါပဲ။ ဒီကြားထဲကပဲ အချိန်တန်ရင် လူထုကြီးက ဆွဲချပစ်လိုက်ကြတာပါပဲ။ ယူဂန္ဓာက အိုင်ဒီအာမင်၊ စပိန်က ဖရန်ကို၊ မကြာမီကပဲ လစ်ဗျားက ကဒါဖီ စသဖြင့်ပေါ့။ သမိုင်းကို ယုံကြည်သလား မယုံကြည်ဘူးလားဆိုတာ သူတို့တပ်မတော်ကြီးကို တစ်နေ့မှာ အဆုံးအဖြတ်ပေး သွားမှာကတော့ မဝေးလှတော့ပါဘူး။ ပြုပြင်ရေးကိုမရရင် တော်လှန်ရေးကိုလက်ယပ်ခေါ်သလိုပါ။ ခေါ်ရင် တော့လည်း ပြည်သူတွေထွက်လာကြပါလိမ့်မယ်။
၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ NLD ကိုယ်စားလှယ်အချို့နဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက် သွားပါပြီ။ တချို့လည်း သမိုင်းတစ်ခေတ်ဖွင့်လှစ်ပြီ တို့ဘာတို့နဲ့ လွန်လွန်ကဲကဲပြောကြဆိုကြတာတွေရှိပါတယ်။ အဲဒါ လောက်တော့လည်းမဟုတ်ပါဘူး။ ဒါပေမဲ့ လွှတ်တော်ထဲကို အရေအတွက်တစ်ခုရောက်သွားပြီလို့တော့ ပြောနိုင်ပါတယ်။ အရေအတွက်ဆိုတာလည်း တန်ဖိုးတစ်ခုဆောင်ပါတယ်။ အရေအတွက်ကနေပြီး အချိန်တစ်ခုကျရင် အရည်အချင်းကို ကူးပြောင်းသွားမယ့် သဘောကရှိနေတာကိုး။ လွှတ်တော်ထဲရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင်မှာ တာဝန်ပေး လာတာကို တွေ့ရမြင်ရပါတယ်။ ကောင်းပါတယ်။ လွှတ်တော်ရောက်မှတော့ လွှတ်တော်တာဝန်ထမ်းဆောင်ရမှာပေါ့။ ဘာ တာဝန်တွေများပေးပါလိမ့်။ အသေအချာကြည့်ရင် ဒီလိုတွေ့ရပါလိမ့်မယ်။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌပါတဲ့။ တရားဥပဒေစိုးမိုးရေးဆိုတာက တော်တော်ကြီးကျယ်ပါတယ်။ တရားဥပဒေစိုးမိုးမှ ပြည်သူတွေအေး ချမ်းမှာပေါ့။ မှန်ပါတယ်။ အချိန်နဲ့အမျှ ရဲတွေက အရေးယူနေရတယ်။ တရားရုံးကိုတင်ပို့နေရတယ်။ တရားသူကြီးကလည်း အပြစ်နဲ့ထိုက်တန်သလိုအပြစ်ပေးနေရတယ်။ ရပ်ကျေးကနေ ဗဟိုအထိအုပ် ချုပ်ရေးအဆင့်ဆင့်က အမြဲစောင့်ကြည့်ထမ်း ဆောင်နေရတယ်။ ဟုတ်တာပေါ့။ သိပ်အရေးကြီးတာပဲ။ ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ။ ဒေါ်အောင်ဆန်းစုကြည်လည်း ကော် မတီ ဥက္ကဋ္ဌတာဝန်နဲ့ သွားကာလာကာကြည့်တာရှုတာ သတင်းစာမှာတွေ့ခဲ့ရပါတယ်။ သို့ပေမဲ့ ကြည့်ရုံပဲအစီရင်ခံ စာတင်ရုံပဲ တတ်နိုင်မယ်ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မို့မဟုတ်ပါဘူး။ သူတို့ဗိုလ်ချုပ်တွေလုပ်လည်း ဒီထက်ပိုပြီးမလုပ်နိုင်ပါဘူး။ စနစ်ကြီးမှာကိုက အချိန်ကာလတစ်နံတစ်လျားကြီးယိုယွင်းနေခဲ့တာပါ။ ရဲအဆင့်ဆင့်က လာဘ်ပေးလာဘ်ယူ၊ တရားရုံး အဆင့်ဆင့်က လာဘ်ပေးလာဘ်ယူ၊ အပြစ်ကျရာထောင်ထဲမှာလည်း လာဘ်ပေးလာဘ်ယူ။ ဒီပုံစံကြီးက နှစ်ပေါင်း ၅ဝ လောက်ဒီလိုပဲ လည်ပတ်နေခဲ့တော့ စနစ်ကြီးတစ်ခုလိုဖြစ်နေခဲ့ပြီ။ အဲဒါကိုပဲ အမှန်တရားလို့ထင်မှတ် မှားနေခဲ့ကြပါပြီ။ ထား ပါတော့။ တကယ်တမ်း တရားဥပဒေစိုးမိုးရေးဟေ့ဆိုရင် အရင်ဆုံးတွေ့ရမှာက ပြည်ထဲရေးဝန်ကြီးဌာနပဲ။ အဲ အဲဒီဝန်ကြီး ကဘယ်သူများလည်းဆိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ခန့်အပ်ပိုင်ခွင့်နဲ့ မောင်မင်းကြီးသားဝန်ကြီးက ခွစီးထား တာ မြိန့်မြိန့်ကြီးပါ။ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် တရားဥပဒေစိုးမိုးရေးကို ဘာမျှလုပ်နိုင်မည်မထင်ပါ။ မလုပ်နိုင် လျှင်လည်း အပြစ်တင်ဖွယ် မရှိပါ။ ဒါပေမဲ့ ဒီနေရာကိုခန့်အပ်တဲ့ သမ္မတကြီးလား၊ လွှတ်တော်ဥက္ကဋ္ဌကြီးတွေလား။ သူတို့မှာ ဘယ်လိုတွေးထားသလဲဆိုတာကတော့ သိခွင့်ရှိရင်သိချင်ပါသေးတယ်။
ကျွန်တော်တို့ရဲ့ အရပ်သားအစိုးရကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးလည်းဖြစ်တဲ့ သမ္မတကြီးဦးသိန်းစိန်ကာလမှာ လက်ပံတောင်းတောင် ပြဿနာကြီးဘွားခနဲပေါ် လာတာမှတ်မိကြပါလိမ့်ဦးမယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ ဘယ်လိုကတိက ဝတ်ဘယ်လိုစာချုပ်တွေနဲ့ လက်ခံခဲ့လဲဆိုတာ ပြည်သူတစ်ရပ်လုံးသိခွင့်မရှိခဲ့ပါဘူး။ ပြည်သူလူထုကို ဆေးဖော်ကြောဖက်လုပ်ပြီး အသိပေးတာလည်းမရှိခဲ့ပါဘူး။ ဟော ပထမအကြိမ်လွှတ်တော်က ပေါ်ပေါက်လာတဲ့ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ဘွားကနဲပေါ်လာပါတယ်။ ပြည်သူတွေလည်း မှင်တက်မိကြပါတယ်။ သူတို့သမ္မတအစိုးရသဘောနဲ့ သာဆိုလည်း ထုတ်ပြန်မှာမဟုတ်။ သိကြမှာလည်းမဟုတ်ပါဘူး။ အခုတော့ ကျေးဇူးတစရာအလွန်ကောင်းတဲ့ မီဒီယာလူငယ် လေးတွေကျေးဇူးနဲ့ လက်ပံတောင်းတောင်ဆိုတာ ဘယ်နေရာမှာ ဘယ်သူကရောင်းပြီး ဘယ်သူကဝယ်တယ်။ ရပ်သူရွာ သားတွေ ဘယ်လိုခံစားနေရတယ်။ တင်ပြပေးခဲ့တာကြောင့် ကျွန်တော်တို့ ခင်ဗျားတို့သိလာခဲ့ကြရပါတယ်။ လက်ပံတောင်း မှာ ဆန္ဒပြကြတယ်။ နောက်စခန်းချပြီး အင်နဲ့အားနဲ့ဝိုင်းဝန်းကြတယ်။ ဘုန်းကြီးရဟန်းတွေလည်းပါကြပါတယ်။ ဆန္ဒပြသူ စခန်းချသူ အင်အားလည်းမနည်းလှပါဘူး။ ဆန္ဒပြတာကိုတော့ ဖြိုခွဲလိမ့်မယ်ထင်တယ်လို့ တွက်ဆပါတယ်။ ဘုရားစူးရပါစေ အရပ်သားသမ္မတ အသွင်သဏ္ဌာန်ယူထား တော့ကာ သိပ်ရက်စက်မယ်လို့ထင်မထားခဲ့ပါဘူး။ ဒါပေမဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုက နှိပ်ထည့်လိုက်တာ တစ်သက်နဲ့ တစ်ကိုယ်မတွေ့ဖူးမမြင်ဖူးတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ဂျာနယ်တွေ ပေါ်မှာတွေ့လိုက်ရပါတယ်။ မီးသတ်ပိုက်နဲ့ပက်တာ၊ မျက်ရည်ယိုဗုံးနဲ့ထုတာ၊ နံပါတ်တုတ်နဲ့ဝင် ရိုက်တာစသဖြင့် အဆင့်ဆင့် စနစ်တကျလူ စုခွဲရတဲ့နည်းနာရှိတယ်လို့ နားလည်ပါတယ်။ အခုဖြိုခွဲတဲ့လက်နက်ဟာ အတော်ပြင်းထန်တဲ့ ယမ်းအမျိုးအစား ဖြစ်ပါတယ်။ ပညာရှင်တွေကလည်း အတော်ပြင်းထန်တဲ့ လက်နက်လို့အဆုံးအဖြတ်ပေးကြပါတယ်။ ဒဏ်ရာရဘုန်းတော်ကြီး တွေ ရွာသူရွာသားတွေကိုကြည့်ရတာ အရှင်လတ်လတ်ငရဲပြည်ကိုရောက်သွားသလို ခံစားနေရတာနဲ့မခြားတူပါတယ်။ ဘုန်း ကြီးတစ်ပါးကဆိုရင် ချက်ချင်းကိုသေလိုက်ချင်တယ်လို့ ညည်းပါတယ်။ အရေပြားတွေမှာ နှစ်ဆင့် သုံးဆင့်လောင်ကျွမ်းတာ ကိုတွေ့ရပါတယ်။ ကျွန်တော်တို့ကတော့ လက်ပံတောင်းကို ဘယ်နားမှန်းလဲမသိ၊ ဘယ်သူရောင်းလို့ ဘယ်သူဝယ်မှန်း လဲမသိ။ အခုမှသိရတာပါ။ ဒေသခံတွေကတော့ သူတို့စိုက်ထားပျိုး ထားတာလေးတွေ နှမြောကြပါတယ်။ အခုတော့ နိုင်ငံ တော်က ရက်ရက်စက်စက်အကြမ်းဖက်တာကိုကြုံရပါတယ်။ အဲဒီအချိန်မှာ ဒီနေရာကိုရောင်းကြဝယ်ကြ စာ ချုပ်ချုပ်ကြ ကတည်းက သိတဲ့မီတဲ့ နားလည်တဲ့ စစ်ဗိုလ်ချုပ်တွေတစ်လှေကြီးရှိပါတယ်။ စာချုပ်တစ်ခုအတည်ဖြစ်ဖို့ အတော်အတန် ကြာတယ်လို့ နားလည်ပါတယ်။ နားလည်မှုစာချုပ်မှာ အချိန်တစ်ကန့်ရှိပါတယ်။ အတည်ပြုတဲ့အဆင့်အထိဆိုရင် အချိန် အတော်ရပါတယ်။ ဒီထဲမှာနားလည် သူတွေအများအပြားပါပါတယ်။ စေ့စေ့ငငသိတဲ့လူတွေလည်း ဗိုလ်ချုပ်တွေထဲမှာရှိပါ တယ်။ ဒါပေမဲ့ ဒီတာဝန်ကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးလိုက်တယ်လို့ သိလိုက်တော့ သူမကမနေ့တစ်နေ့ကမှ လွှတ် တော်ထဲရောက်တာအကြောင်း ဇာစ်မြစ်ဘယ်သိပါ့မလဲ။ သိတဲ့မီတဲ့ ဗိုလ်ချုပ်တွေကိုဘာကြောင့် တာဝန်မပေးတာလဲလို့ တစ်ဆက်တည်း တွေးမိပါတယ်။ ရှင်းရှင်းပြောရင် ဗိုလ်ချုပ်တွေထားတဲ့စေတနာကို မယုံကြည်ပါဘူး။ အခုထိလည်း တမင် သက်သက်သိသိကြီးနဲ့ လုပ်တယ်လို့ပဲမြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လဲ စာချုပ်စာတမ်းတွေ အကျိုးသက်ရောက် မှုတွေကို ဂဃနဏသိမယ်မထင်မိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်ပံတောင်းတောင်ကိုသွားတာ၊ ရပ်သူရွာသား တွေကြားမှာ သွားကာလာကာတွေ့ခဲ့ရပါတယ်။ အကောင်းမြင်ခံရစရာတစ်ကွက်မှမရှိပါဘူး။ ရန်တွေ့ခံရစရာပဲရှိတဲ့ တာဝန် ပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံစမ်းရေးတာဝန်ကတော့ ဘယ်လို ဆောင်ရွက်သင့်သလဲဆိုတဲ့ အစီရင်ခံစာတင်သွင်း ရတာလောက်သာရှိပါတယ်။ အစီရင်ခံစာမှာတော့ မျှမျှတတဖြစ်စေတယ်လို့ အများကမြင်ကြစေကာမူ လက်ပံတောင်း တောင်ဒေသသူဒေသသားများကတော့ မျှတတဲ့အစီရင်ခံစာလို့ မြင်ကြမှာတော့မဟုတ်ပါဘူး။ သိတဲ့သူမီတဲ့သူ နားလည်တဲ့ သူတွေရှိပါလျက်ကယ်နဲ့ ဘာလို့ဒေါ်အောင်ဆန်းစုကြည်ကိုမှ တာဝန်ပေးရသလဲဆိုတာကတော့ အခုချိန်ထိတွေးလို့ မဆုံး သေးပါဘူး။
သမ္မတကြီးဦးသိန်းစိန်ရဲ့ ပထမသက် တမ်းတစ်ဝက်အချိန်ကာလတွေဟာ ဘာပဲပြောပြော NLD နဲ့ဒေါ်အောင်ဆန်းစု ကြည်ကိုလွှတ်တော်အခင်းအကျင်းထဲ ဆွဲသွင်းနိုင်တဲ့အကြောင်းတစ်ခုနဲ့ ရွှေရောင်လွှမ်းတယ်လို့ပြောနိုင်ပါတယ်။ အမေရိကန် သမ္မတကနှစ်ခေါက်လာ၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရ်ီကလင်တန်လည်းရောက်လာ၊ သမ္မတကြီးဦးသိန်းစိန်ကလည်း ဥရောပ အမေရိကဘက်ခရီးထွက်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အလိုက်သင့်အလျားသင့်လိုက်ပါကာ မီဒီယာတွေကလည်း မျက်နှာဖုံးသတင်းတွေရ၊ လူထုလည်းပွင့်ပွင့်လင်းလင်သိကြရ။ မဆိုးလှပါဘူးထင်ထားတုန်း မီဒီယာတွေကိုနှိပ်ကွပ်တာ တွေ့ လာရပါတယ်။ ပထမတော့ လွတ်လပ်ခွင့်တွေရ အာရှမှာတောင် အလွတ်လပ်ဆုံးလိုလို ဘာလိုလို။ ၂ဝ၁၄ နှစ်လယ်လောက် မှာ ယူနတီသတင်းဂျာနယ်အမှုဆောင်အရာရှိနဲ့ သတင်းထောက် လေးဦးကိုထောင်ဒဏ်ပြစ်ဒဏ်ချတာကစပြီး မီဒီယာတွေ ကို တိုက်စစ်ဆင်လာတာတွေ့ရပါတယ်။ ရဲသတင်းတပ်ဖွဲ့က ဂျာနယ်ရဲ့ဘဏ္ဍာရေးကိုစစ်မေးတာတို့၊ အစိုးရအဖွဲ့က သတင်း ရေးသားမှုအပေါ် အယ်ဒီတာတွေကို ခေါ်ယူသတိပေးတာတို့ လုပ်လာပါတယ်။ သမ္မတရဲ့ခရီးစဉ်မှာ ဘာမလုပ်ရဘူးညာ မလုပ်ရဘူးဆိုတာတွေ လည်းရှိလာတာတွေ့ရသလို အသံတိတ်ဆန္ဒပြကြတဲ့ သတင်းသမားတွေကို တရားစွဲတဲ့အထိ လုပ် ဆောင်လာတာလည်းတွေ့ရပါတယ်။ အစိုးရဆိုတာသူဘက်ကလည်း မှန်တာလုပ်တာဖြစ်ရမယ်။ သတင်းသမားကလည်း မလျော်ကန်တာတွေ့ရင်ရေးမယ်။ ဒါက ပြည်သူ့ကိုယ်စားဝေဖန်ရေးပါပဲ။ ကမ္ဘာပေါ်မှာ အစိုးရတွေကို လွှတ်တော်က နိုင်ငံရေး သမားတွေက ပြည်သူလူထုကအစဉ်သဖြင့် ဝေဖန်နေကြတာပါပဲ။ အစိုးရကလည်း သူကအမှန်အတိုင်း လုပ်ထားတာဆိုရင် ဘာကြောင့်ဘယ်လိုရှင်းပြလိုက်ကြတာပဲ။ ဝေဖန်သူဘက်က တရားလွန်နေရင် လူထုက မသိကျိုးကျွန်နေလိုက်တာပဲ။ အစိုးရ ဘက်ကမှားသွားရင် ဝန်ခံစရာရှိဝန်ခံ ပြင်စရာရှိပြင်လိုက်တာပဲ။ ဒါကတစ်ကမ္ဘာလုံးမှာ ဒီလိုပဲတစ်ဖက်နဲ့တစ်ဖက်ထိန်း ကျောင်းပြီး ရေးသားကြ၊ ပြောဆိုကြပါ။ ဒီမှာက ဘာဖြစ်နေသလဲဆိုတော့ အရပ်သားအစိုးရလို့သာပြောကြရ။ တကယ်က အာဏာရှင် စစ်ဗိုလ်ချုပ်တွေချည်းပဲ။ ထစ်ခနဲရှိဖမ်းထားလိုက်။ ရုံးတင်ထောင်ကျ၊ ဒါကြီးက စစ်အာဏာကြီးက သက်ဆိုးက ရှည်ခဲ့ပြီး အခုထိလည်းရှည်တုန်း။ အာဏာရှင်စရိုက်တွေ စဉ်တွေ ဘယ်တော့များမှ ကွာကျမှာလဲမသိနိုင်။
၂ဝ၁၅ နီးလာတာနဲ့အမျှ မီဒီယာဖိနှိပ်မှုတွေကတော့ လျော့မသွားတဲ့အပြင်တိုးလာတယ်လို့ဆိုရမှာပါ။ အစိုးရဘက်က လည်း သက်တမ်းစေ့ခါနီးလေပရမ်းပတာ ဖြစ်လာလေပါပဲ။ အစိုးရအဆောက်အအုံ အပေါ်ထက်ကလူတွေကို အောက်ထပ် က အောက်လက်ငယ်သားတွေက ဘာတွေဘယ်လိုမဲဆွယ်ထားကြောင်း၊ ဘယ်ဒေသမှာပိုင်ကြောင်း၊ ဘယ်နေရာမှာသေချာ ကြောင်း၊ ဘယ်မှာတော့ဖြင့် ကျိန်းသေကြောင်း တင်ပြနေကြတယ်ထင်ပါတယ်။ ကျွန်တော်လည်း သတင်းထောက်တွေနဲ့ ပါတီမိတ်ဆွေအချို့နဲ့ ဧရာဝတီဘက်လေ့လာရေးရောက်ပါတယ်။ ဦးသိန်းစိန်ပိုစတာကြီးကလည်း ထည်ဝါပါတယ်။ တစ်မြို့ လုံးတစ်ရွာလုံးလည်း ကြက်တူရွေးအုပ် ငရုတ်ခင်းထဲဆင်းသလို အစိမ်းတောက်တောက်တွေနဲ့ အလွန် လန်းအလန်းလွန်ပါ တယ်။ တကယ်ကျတော့လည်း သူတို့နှစ်ပေါက်တစ်ပေါက် ရိုက်ထားတဲ့ ကျောင်းဆရာမတွေရဲ့ ဝတ်နေကျကျောင်းစိမ်း တွေကများပါတယ်။ အလံကလေးတလူလူကလည်း ကျောင်းသားလေးတွေပဲများပါတယ်။ ကျန်တာကတော့ အခွင့်အရေး လေးတွေနဲ့ သိမ်းသွင်းထားတဲ့ မိခင်နဲ့ကလေးတို့ အမျိုးသမီးရေးရာတို့ပဲများပါတယ်။ တကယ်တော့လည်း ပြည်သူလူထု အရေအတွက်နဲ့စာရင် အဖွဲ့အစည်းဝင်ဆိုတာကိုက လက်တစ်ဆုပ်စာပဲရှိပါတယ်။ သမ္မတကြီးကတော့ ဥရောပခရီးစဉ်တွေ တုန်းက မေးခွန်းထုတ်တဲ့ နောက်သက်တမ်းအတွက် ပါဝင်ဦးမှာလားဆိုတာကိုတော့ ပြည်သူလူထုကဆန္ဒရှိရင် စဉ်းစားမယ် ဆိုတာမျိုး ခပ်တည်တည်ကြီးမိန့်ကြားခဲ့တာရှိပါတယ်။ အဲဒီခရီးစဉ်အချို့မှာ ဆန္ဒပြကြသူတွေရှိသလို ပြည်တွင်းကလည်း ဆန္ဒပြကြပါတယ်။ ဥရောပခရီးစဉ်က သမ္မတကြီးပြန်ရောက်ပြီး နောက်တစ်ရက်ဖြစ်တဲ့ ၂ဝ၁၄ စက်တင်ဘာ ၁၂ရက်မှာပဲ မန္တလေးကတက် ကြွလှုပ်ရှားသူတစ်စုရဲ့ ဆန္ဒပြမှုကိုတွေ့ရှိလိုက်ရပါတယ်။ မန္တလေးဆိုတော့ နည်းနည်းလည်း ထူးတတ်ပါ တယ်။ သမ္မတကြီးအနေနဲ့ အခုသက်တမ်းမှာပဲ အောင်မြင်အောင် ဆောင်ရွက်ဖွယ်ရှိတာ ဆောင်ရွက်ပါဦး။ နောက်မှသာ နောက်သက်တမ်းအတွက် စဉ်းစားပါလို့ ဆန္ဒပြုသလိုလို ဆန္ဒပြသလိုလို ထင်ရပါတယ်။ ရွှေဒဏ်တော်ကလည်းစူးရှ တာမို့ နှစ်ခြိုက်ကျေနပ်မိပါတယ်။
သူတို့တင်ပြတာတွေကတော့ ကုန်ဈေးနှုန်းကျဆင်းအောင်၊ ဆင်းရဲမွဲတေမှုလျော့ကျအောင်၊ ပြည်သူများစားဝတ်နေ မှုပြေလည်အောင်၊ အဂတိလိုက်စားမှုပပျောက်အောင်၊ တရားရေးမဏ္ဍိုင်တည့်မတ်အောင်၊ မြေယာပြဿနာများပြေလည် အောင်၊ အလုပ်သမားအခွင့်အရေးများရရှိအောင်၊ လယ်သမားများ ဖမ်းဆီးခံဘဝမှလွတ် မြောက်အောင်၊ သတင်းမီဒီယာများ ဖန်တီးခံဘဝမှ ကင်းဝေးအောင်၊ နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိလွှတ်ပေးနိုင်အောင်၊ ဘာသာရေးပဋိပက္ခများက ကင်းလွတ်အောင် အရင်ဆောင်ရွက်ပါဦး။ နောက်မှ နောက်သက်တမ်းအတွက် သမ္မတကြီးအနေနဲ့စဉ်းစားဖို့ ဆန္ဒပြုလာတာ တွေ့ရပါတယ်။ ဒါတွေမှ အိုကေမှာစိုပြည်တယ်ဆိုရင် သမ္မတကြီးက မလုပ်ချင်ပါဘူးဆိုရင်တောင် မင်းကောင်းမင်းမြတ် အနေနဲ့ မြန်မာ့ဘုရင်တို့ခေတ်ကအတိုင်း အားလုံးကန်တော့ပွဲနဲ့ တောင်းပန်ကြဖို့သာများပါတယ်။
သမ္မတကြီးလက်ထက်မှာ မတင်မကျနဲ့ ချန်ထားရစ်ခဲ့တဲ့ ပြဿနာနှစ်ခုရှိပါတယ်။ တစ်ခုက မြစ်ဆုံပြဿနာဖြစ်ပြီး နောက်တစ်ခုကတော့ ဘာသာရေးပဋိပက္ခဖြစ်ပါတယ်။ မြစ်ဆုံကိစ္စဟာ တကယ်တော့ဗိုလ်ချုပ်ကြီး သမ္မတသိန်းစိန်အပါအဝင် စစ်အစိုးရကာလ ကလုပ်ဆောင်ခဲ့တဲ့ ကိစ္စရပ်ကြီးဖြစ်ပါတယ်။ ကိစ္စကအတော်လေးကြီးကျယ်လို့ ဆန္ဒခံယူ ပွဲလုပ်ရင်တောင် ပြည်သူကလက်ခံနိုင်တဲ့ အခြေအနေမရှိပါဘူး။ စစ်ဗိုလ်ချုပ်တွေလုပ်ခဲ့တာကို ဘုမသိဘမသိနဲ့တက်လာရတဲ့ နောက်အစိုးရ အနေနဲ့လည်း ခက်ခဲမှာသေချာပါတယ်။ ဒါက တစ်ခါတည်းရှင်းရမယ့်ကိစ္စကို အမွေဆိုးအဖြစ်နဲ့ချန်ထားရစ်ခဲ့တာကတော့ သမ္မတကြီးရဲ့သမိုင်းကို တစ်သက်လုံး လှောင်ပြောင်စရာအဖြစ်ကျန်ရစ်ခဲ့ပါပြီ။
နောက်တစ်ခုကတော့ အရေးအကြီးဆုံးလို့ပြောနိုင်မယ့် ဘာသာရေးပဋိပက္ခကို ဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ပြဿနာက သမ္မတဦးသိန်းစိန်လက်ထက်မှာစတယ်။ ရခိုင်မှာ မိတ္ထီလာမှာစသဖြင့် မီးတောက်တွေထခဲ့ပါတယ်။ ဒီပြဿနာကို နှိမ်နင်း သယောင်နဲ့ မွေးထားခဲ့တာကိုတွေ့ရတယ်။ ပြဿနာရဲ့ဦးတည်ရာက အမျိုးဘာသာ သာသနာထိရောက်လာတယ်။ ဒါဟာ တကယ့်တော့ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျပြီး သားနှစ်ယောက်ရှိခဲ့တဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို တိတိကျကျ ရည်ညွှန်းလာတယ်၊ ဦးတည်လာတယ်။ အဓိကရုဏ်းတို့ရဲ့ သဘာဝဟာ ပရမ်းပတာနိုင်ပါတယ်။ ဦးတည်ရာလည်းရောက်ခဲ့ပါ တယ်။ အင်္ဂလိပ်ခေတ်မှာကတည်းက ကုလား-ဗမာရိုက်ပွဲတွေ အဓိကရုဏ်းသဘောဖြစ်ခဲ့ဖူးပါတယ်။ ကုလားနဲ့ ဗမာ ရိုက်ကြ တာပဲရှိတယ်။ အင်္ဂလိပ်ဘုရင်ခံကို မရည်ညွှန်းပါဘူး။ အခုတော့ သမ္မတကြီးခေတ်မှာစခဲ့တဲ့ သမ္မတကြီးအနေနဲ့ ဖြေရှင်း ခွင့်လည်းကြုံခဲ့တဲ့ ဘာသာရေးပဋိပက္ခဟာ ထိန်းကျောင်းခြင်းခံရတယ်။ အမျိုးဘာသာ သာသနာဆိုတဲ့ဘက်ကို ဦးလှည့်ပေး လိုက်တယ်။ အဲဒီအလံကိုသယ်ဆောင်သွားမယ့် ရဟန်းနဲ့ လူပုဂ္ဂိုလ်တစ်စုကိုလည်း ကြိုတင်မွေးထားတယ်။ ဒေါ်အောင်ဆန်း စုကြည်ဆီကို တည့်တည့်မတ်မတ် ချိန်ရွယ်ပစ်ခဲ့တယ်။ ဒါက သမ္မတကြီးရဲ့သမိုင်းဆိုရင် အတော်မိုက်မဲ အတော်မလှပ တာပါပဲ။
ဒါတွေက အတိတ်တွေပါ။ အဲဒီအတိတ်တွေက ၂ဝ၁၅ မှာအနိုင်ရခဲ့တဲ့ NLDနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံမှာ ကပ်လျက်သားပါသွားပါတယ်။ ခါချဖို့လည်း မနည်းလုပ်နေရပါတယ်။ ဒုတိယအကြိမ်လွှတ်တော်မှာတော့ ကြံ့ခိုင်ရေး လက် ကျန်နဲ့ စစ်တပ်ကိုယ်စားလှယ်တွေပေါင်းပြီး စစ်အာဏာနဲ့ထိန်း၊ စစ်အာဏာနဲ့မွှေ၊ လုပ်နေကျအတိုင်းလုပ်နေကြဆဲပါပဲ။ မြင်နေရပါတယ်။ ပြည်သူကမြင်ပါတယ်။ မြင်နေရပါတယ်။ သမိုင်းကလည်းမြင်ပါတယ်။ ဘယ်လောက်လျှို့ဝှက်ပါစေ၊ ဘယ်လောက်သို သိပ်ပါစေ၊ ပြည်သူကမြင်ပါတယ်။ သမိုင်းကလည်းမြင်ပါတယ်။ အမှန်တရားဆိုတာလည်း အမြဲတမ်းရှိ ပါတယ်။
လင်းထင်