ပုတ်ရဟန်းမင်းကြီးနဲ့ နိုင်ငံရေး

ထိုက်သူနိုင်
၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလက မက္ကဆီကိုနိုင်ငံကနေ ပြန်ကြွလာတဲ့ ပုပ်ရဟန်းမင်းကြီး Francis ကို လေယာဉ်ပေါ်မှာ သတင်းထောက်တွေက အဲဒီအချိန် အမေရိကန်သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် နေတဲ့ Donald Trump ရဲ့ မက္ကဆီကိုနဲ့ အမေရိကန်ပြည်ထောင်စုအကြား တံတိုင်းကာရေး အစီအစဉ်အပေါ် အမြင် သဘောထားကို မေးခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကိုနိုင်ငံအကြား တံတိုင်းကာပြီး တရားမဝင် ဝင်ရောက်လာတဲ့ လူ ၁၁သန်းကျော်ကို နေရပ်ပြန်ပို့မယ်လို့ အဲဒီအချိန် သမ္မတလောင်း Donald Trump က မဲဆွယ် စည်းရုံးပွဲတွေမှာ ပြောနေတဲ့အချိန်ပါ။ ပုပ်ရဟန်းမင်းကြီး Francis က ဘယ်သူ့ကို မဲထည့်ဖို့ မထည့်ဖို့ဆိုတာတော့ သူဘာမှ မပြောချင်ဘူးလို့ မိန့်ပါတယ်။ရောက်တဲ့နေရာတိုင်း နံရံဆောက်ဖို့ပဲ ခေါင်းထဲမှာရှိပြီး၊ တံတားဆောက်ဖို့ စိတ်မကူးတဲ့သူဟာ ခရစ်ယာန်ဘာသာဝင်မဟုတ်ဘူးလို့ ဝေဖန်မိန့်ကြားခဲ့ပါတယ်။ ဒါကြောင့်လည်း အဲဒီအချိန် အမေရိကန်သမ္မတလောင်းအဖြစ် ဝင်ယှဉ်ပြိုင်နေတဲ့ Donald Trump က ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ကြားချက်ဟာ စိတ်ပျက်စရာကောင်းတယ်လို့ တုံ့ပြန်ခဲ့သလို ပုပ်ရဟန်းမင်းကြီးဟာ မက္ကဆီကိုအစိုးရရဲ့ အသုံးချခံနယ်ရုပ်လေး တစ်ရုပ်ဖြစ်နေပြီဆိုပြီး ထိုးနှက်ပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲမကျင်းပခင် တစ်ရက်အလို အထိ နံရံတံတိုင်းတွေလို ရုပ်ဝတ္ထုတွေ ကာရံပေမဲ့ လုံခြုံသွားပြီဆိုပြီး အထင်မမှားဖို့ ခရစ်ယာန်ဘာသာဝင်တွေကို ပုပ်ရဟန်းမင်းကြီးက သတိပေးဟောကြားခဲ့ပါသေးတယ်။ နံရံတွေ တံတိုင်းတွေအားလုံးဟာ အဆုံးမှာ ပြိုကျသွား ကြတာချည်းမို့၊ လိမ်ညာလှည့် စားမခံကြဖို့ဆိုပြီး ဗာတီကန်မှာပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းဟောကြားခဲ့ တာပါ။ တံတိုင်းနဲ့ပတ်သက်လို့ ဝေဖန်တာဟာ Donald Trump ကို ပုဂ္ဂိုလ်ရေးအရ ဝေဖန်တာမဟုတ်တဲ့ အကြောင်း ကိုလည်း ဗာတီကန်က နောက်ပိုင်းမှာ ပြန်လည်ဖြေရှင်းပါတယ်။ ဒီလိုသမ္မတ Donald Trump နဲ့ အစောပိုင်း ဆက် ဆံရေး အဖုအထစ်တွေရှိခဲ့သလို နိုင်ငံရေးကိစ္စတွေကိုရှုမြင်တဲ့အခါမှာ အမေရိကန်သမ္မတတွေနဲ့ ပုပ်ရ ဟန်းမင်း ကြီးအကြား သဘောကွဲလွဲခဲ့တဲ့ သမိုင်းကြောင်းတွေ အရင်ကလည်းအများကြီးရှိပါတယ်။
၁၉၁၉ ခုနှစ် ဇန်နဝါရီလက ပါရီငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ဥရောပကို ခြောက်လသွား ရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ အမေရိကန်သမ္မတဟောင်း Woodraw Wilson ဟာ ဗာတီကန်မှာ ပုပ်ရဟန်း မင်းကြီး Benedict XV နဲ့ တွေ့ဆုံခဲ့ပါတယ်။ ခရီးစဉ်အတွင်းမှာသွားတွေ့ဖို့ အစီအစဉ်မပါခဲ့ပေမဲ့ အမေရိကန် ကက် သလစ်ခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့ တိုက်တွန်းချက်အရ နောက်ဆုံးသွားတွေ့ဆုံတာဖြစ်တယ်လို့ သတင်း တွေမှာရေးပါတယ်။ စစ်ကြောင့်ထိခိုက်ပျက်စီးမှုတွေကြား ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဦးဆောင်လုပ် ကိုင်ပေးနေတဲ့ ပုပ်ရဟန်းမင်းကြီးနဲ့ အမေရိကန်သမ္မတအကြား ပြန်လည်တည်ဆောက်ရေးကိစ္စတွေကို ဆွေး နွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲအပြီး ပုပ်ရဟန်းမင်းကြီးက သိဒ္ဓိတင်ကောင်းချီးမေတ္တာပေးတဲ့အချိန်မှာတော့ Presbyterain ခရစ်ယန်ဘာသာဝင် သမ္မတ Woodraw Wilson က သူမပါချင်ဘူးဆိုပြီး လူအုပ်ထဲကနေ အပြင်ကို ထွက်နေတဲ့အကြောင်း မှတ်တမ်းတင်ထားပါတယ်။ နောင်နှစ်ပေါင်း ၄ဝ လောက်အကြာ သမ္မတဟောင်း Dwight D.Eisenhower ဗာတီကန်ကိုရောက်သွားခဲ့ပေမဲ့ အဲဒီအချိန်က ဒုတိယကမ္ဘာစစ်အပြီးကာလ စီးပွားရေးဆုတ် ကပ်ကြီးဆိုက်နေတဲ့အချိန်နဲ့ အမေရိကန်ပြည်ထောင်စုအတွင်း ကက်သလစ်ခရစ်ယာန် ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီးနဲ့ အမေရိကန်သမ္မတအကြားမှာ သဘောကွဲလွဲချက်တွေက လွှမ်းမိုးနေခဲ့ပါတယ်။ ၁၉၆ဝ ပြည့်နှစ် John F.Kennedy သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့အချိန် ကက်သ လစ်ခရစ်ယန် ဘာသာဝင်ဖြစ်တဲ့ Kennedy သာ သမ္မတဖြစ်လာတဲ့အချိန် ပုပ်ရဟန်းမင်းကြီးရဲ့ လက်ကိုင်အဖြစ်ခံ လိမ့်မယ်ဆိုတဲ့ ဝေဖန်ချက်တွေထွက်ခဲ့တဲ့အတွက် သတင်းထောက်တွေက သူ့သဘောထားကို မေးခဲ့ဖူးပါတယ်။ုနညညနိပ က အမေရိကန်ပြည် ထောင်စုမှာ ဘာသာရေးနဲ့ နိုင်ငံရေးလုံးဝ သီးခြားစီရှိရမယ်ဆိုတာ သူယုံကြည်တဲ့ အကြောင်း၊ ဘယ်ခရစ်ယာန်ဘုန်းတော်ကြီးကမှ သမ္မတတစ်ယောက်ကို ဘာလုပ်သင့်တယ်ဆိုတာမျိုး မပြောင်သင့် ဘူးလို့ မြင်တဲ့အကြောင်း သတင်းထောက်တွေကို ပြန်ဖြေခဲ့ဖူးပါတယ်။ ၁၉၆၃ ခုနှစ် ဇူလိုင် သမ္မတကနေဒီလုပ်ကြံ မခံရခင် လေးလလောက်အလိုမှာ ဗာတီကန်ကိုသွားခဲ့ပြီး သူ့ယာဉ်တန်းကို လူတွေထောင်သောင်းချီ ကြိုဆိုခဲ့ကြပါ တယ်။ ၁၉၆၅ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး Pual VI အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကိုကြွလာပြီး အဲဒီအချိန် အမေရိကန်သမ္မတ Lyndon B.Johnson နဲ့ တွေ့ဆုံပါတယ်။ ဒါပေမဲ့ အဲဒီအချိန်အထိ အိမ်ဖြူတော်ကို ပုပ်ရဟန်းမင်းကြီးတွေကြွမလာခဲ့ပါဘူး။ ၁၉၇၉ ခုနှစ်မှာမှ ပုပ်ရဟန်းမင်းကြီး John Paul II အိမ်ဖြူတော်ကို ကြွလာ တာပါ။ ဒါကြောင့်လည်း သမ္မတဟောင်း Jimmy Carter က ဒီလိုပုပ်ရဟန်းမင်းကြီး အိမ်ဖြူတော်ကိုကြွလာဖို့ အမေရိကန်ပြည်သူတွေ နှစ်ပေါင်းများစွာစောင့်နေခဲ့ကြပါတယ်ဆိုပြီးကြိုဆိုခဲ့သလို ပုပ်ရဟန်းမင်းကြီး John Paul II ကိုယ်တိုင် ကလည်း မိတ်ဆွေသစ်တွေလို့ သုံးနှုန်းပြီး ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး John Paul II ဟာ ကွန်မြူနစ်ဝါဒကို မလိုလားတဲ့သူတစ်ဦးဖြစ်ပြီး စစ်အေးခေတ် ရန်ဘက်တွေကိုဆန့်ကျင်ဖို့ အမေရိကန်နဲ့ နီးနီး စပ်စပ်ဆက်ဆံခဲ့တာလို့ လေ့လာသူတွေကရှုမြင်ပါတယ်။ အမေရိကန်သမ္မတတွေဘက်ကလည်း ဆက်ဆံရေး ကောင်းအောင်ပြန်ပြီး ကြိုးပမ်းခဲ့တာတွေတွေ့ရပါတယ်။ ၁၉၈၇ ခုနှစ် သမ္မတဟောင်း Reagan လက်ထက် ဖလော် ရီဒါပြည်နယ် Miami ကမ်းခြေကို ပုပ်ရဟန်းမင်း John Paul II လေယာဉ်ဆင်းတဲ့အချိန်မှာလည်း Ronald Reagan ကိုယ် တိုင် Miami မှာသွားပြီး ကြိုဆိုခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ပိုလန်မှာ နာဇီဝါဒနဲ့ ကွန်မြူနစ်စနစ်တွေကို ကြုံခဲ့ ပြီး အကြမ်းဖက်သူတွေရဲ့လက်ချက်နဲ့ လုပ်ကြံခံရမလောက် ဘေးအန္တရာယ်တွေကြုံခဲ့ပေမဲ့ အမုန်းတရားကို ရှေ့ တန်းမတင်ခဲ့သူ၊ မေတ္တာတရားကိုသာ လက်ကိုင်ထားပြီး အဓိကဟောကြားခဲ့သူလို့ သမ္မတဟောင်း Ronald Regan က ပုပ်ရဟန်းမင်းကြီး John Paul II အကြောင်းကိုပြောရင်းမိတ်ဆက်ပေးပါတယ်။ သံတမန်ဆက်ဆံရေးထူ ထောင်ပြီး နှစ်ပေါင်း ၃ဝ လောက်အတွင်းမှာ ပုပ်ရဟန်းမင်းကြီးနဲ့ အမေရိကန်သမ္မတို့ တွေ့ဆုံတဲ့အကြိမ် တစ်ဒါဇင် ကျော်လောက်ရှိမယ်လို့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ အဲဒီအထဲက စိတ်မသက်မသာအဖြစ်ဆုံး တွေ့ဆုံမှုက ၂ဝဝ၄ ခုနှစ်က သမ္မတဟောင်း George W. Bushနဲ့ တွေ့ဆုံတဲ့ပွဲလို့လည်း သတင်းတွေမှာရေးပါတယ်။ အီရတ်ကို အမေရိကန်ကျူးကျော်တဲ့စစ်ပွဲကိုဆန့်ကျင်တဲ့ ပုပ်ရဟန်းမင်းကြီး John Paul II ဟာ ဗာတီကန်နန်းတော်ခန်းမ ဆောင်မှာ သမ္မတ George W. Bushနဲ့ တွေ့ဆုံတဲ့အချိန် ကျန်းမာရေးတော်တော်လေးမကောင်းတဲ့အချိန်ပါ။ ပါကင်ဆန်ခြေတုန်လက်တုန်ရောဂါဝေဒနာခံစားနေရပြီး အသံတောင်ထွက်တယ်ဆိုရုံထွက်နိုင်ရုံလေးတရားဟော နိုင်တော့တဲ့အနေအထားကို ရောက်နေပါတယ်။ ဒါကြောင့်လည်း စစ်ကိုဆန့်ကျင်တဲ့မိန့်ခွန်းကို သမ္မတ George W. Bush ဘေးကနေ အင်္ဂလိပ်ဘာသာနဲ့ ဟောကြားခဲ့ပေမဲ့ တရားသံကို လူတွေသဲသဲကွဲကွဲ နားလည်နိုင်စွမ်းမရှိတော့ ပါဘူး။
အမေရိကန်ပြည်ထောင်စုဟာ ဗာတီကန်နဲ့ ၁၉၈၄ ခုနှစ်မှာမှစပြီး တရားဝင်သံတမန်ဆက်ဆံရေး ထူထောင်ပါ တယ်။ ၁၈၆၇ အမေရိကန်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အရ အဲဒီအချိန်ကတည်းက ဗာတီကန်မှာ အမေရိကန်သံ အမတ်ကြီးခန့်ထားခဲ့ခြင်းမရှိပါဘူး။ ရောမနဲ့ အီတလီနိုင်ငံမြို့တော် Florence မှာ အိမ်ပိုင်ရှိခဲ့တဲ့ သမ္မတဟောင်း Franklin Roosevelt လက်ထက် ၁၉၃၉မှာ ဗာတီကန်နဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ပေးခဲ့သူအဖြစ် တာဝန်ယူလုပ် ဆောင်ခဲ့ပေမဲ့ လုပ်ငန်းကိစ္စတစ်ခုခုအတွက် ပြည်ထောင်စုအစိုးရရဲ့ အထောက်အပံ့ကို သုံးခွင့်မရှိခဲ့ပါဘူး။ နောက်ပိုင်း သမ္မတ Nixon လက်ထက် ဗာတီကန်နဲ့ သံခင်းတမန်ခင်းဆက်ဆံမှုဟာ အမေရိကန်လွှတ်တော်ရဲ့ ၁၈၇၆ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တယ်ဆိုပြီး သံတမန်အဆက်အသွယ် လုံးဝနီးပါးပြတ်တောက်ခဲ့ပါတယ်။ ၁၉၈၄ မှာမှ ဗာတီကန်နဲ့ တရားဝင်သံတမန်ဆက်ဆံရေးထူထောင်တဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၂ဝ လောက်ထဲမှာအမေရိကန် ပြည်ထောင်စုပါဝင်လာတာဖြစ်ပါတယ်။
သမ္မတဟောင်း Bill Clintonလက်ထက်မှာလည်း သန္ဓေသားဖျက်ချခွင့်ကိစ္စနဲ့ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီး John Paul IIနဲ့ အကြိမ်တော်တော်များများ လူသိရှင်ကြား ငြင်းခုံဝေဖန်ခဲ့ကြပါတယ်။ ၁၉၉၃ ခုနှစ် ပုပ်ရဟန်းမင်းကြီး John Paul II အမေရိကန်ပြည်ထောင်စုကိုလာရောက်တဲ့အချိန် သမ္မတ Bill Clintonနဲ့ ပထမဆုံးတွေ့ဆုံချိန်မှာ ကိုယ်ဝန်သန္ဓေသားဖျက်ချခွင့်ကို လက်ခံတဲ့အတွက် သမ္မတ clinton ကို ဝေဖန်မိန့်ကြားပါတယ်။ တရားဥပဒေရဲ့ အစောင့်အရှောက် အားလုံးညီညီမျှမျှ ရနိုင်ဖို့၊ စစ်မှန်တဲ့ လွတ်လပ်ခွင့်နဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် အမေရိကန်တွေဟာ အသက်တွေကို ကာကွယ်ရလိမ့်မယ်ဆိုပြီး ပုပ်ရဟန်းမင်းကြီးက လူထုနဲ့ တွေ့ဆုံပွဲမှာ ဟောကြားရင်း သမ္မတဟောင်း Bill Clinton ကို ဝေဖန်သွားခဲ့ပါ တယ်။ ၂ဝ၁၄ ခုနှစ် မတ်လမှာ သမ္မတ ဟောင်းအိုဘားမား ဗာတီကန်ကိုသွားရောက်ပြီး ပုပ်ရဟန်းမင်းကြီး Francis နဲ့ တွေ့ဆုံပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးအစွန်းအထင်းတွေရှိနေချိန်မှာ သမ္မတအိုဘားမားရဲ့ ခရီးစဉ်က ဗာတီကန်နဲ့ ဆက်ဆံရေး ပြန်ပြီးနွေးထွေးဖို့ အထောက်အကူဖြစ်စေခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလမှာ ပုပ်ရဟန်းမင်း ကြီး Francis အမေရိကန်ပြည်ထောင်စုကိုရောက်လာပြီး သမ္မတအိမ်ဖြူတော်ကို ကြွလာခဲ့သလို ကြိုဆိုပွဲတွေ၊ လူထုနဲ့တွေ့ဆုံတဲ့ တရားပွဲတွေလည်း ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။ အကြောင်းအရာအားလုံး သဘောမတူရင် တောင် ဆက်ဆံရေးနွေးထွေးအဆင်ပြေခဲ့တဲ့ကာလတွေဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးတွေထဲမှာ ကမ္ဘာ့နိုင်ငံရေးကို အတက်ကြွဆုံး ထဲထဲဝင်ဝင် ပါဝင်ခဲ့တဲ့သူအဖြစ် သတ်မှတ်ကြ တာကတော့ ကွယ်လွန်သူပုပ်ရဟန်းမင်းကြီး John Paulပါ။ နှစ်ပေါင်းသုံးဆယ်လောက် ကက်သလစ်သာသနာပိုင် အဖြစ် တာဝန်ယူခဲ့တဲ့ကာလအတွင်းမှာ နိုင်ငံပေါင်း ၁၂ဝ ကျော်ကို သွားရောက်ခဲ့တယ်လို့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ သူအာရှနိုင်ငံတွေကိုသွားခဲ့တဲ့ ခရီးစဉ်တွေထဲမှာတော့ ၁၉၈၁ ခုနှစ်ကရောက်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်ဟာ နိုင်ငံရေးအရ အများအာရုံစိုက်ခံရတဲ့ ခရီးစဉ်ဖြစ်ခဲ့ပါတယ်။ အရင်ပုပ်ရဟန်းမင်းကြီး Paul VI လက် ထက် ၁၉၇ဝ ပြည့်နှစ်က မနီလာကို ကြွလာတဲ့အချိန် လေယာဉ်ပေါ်ကဆင်းဆင်းချင်း ခရစ်ယာန်ဘုန်းတော်ကြီး ယောင်ဆောင်ထားတဲ့ Bolivian နိုင်ငံက Surrealist ပန်းချီဆရာ Benjamín Mendoza က ဓါးမြှောင်နဲ့ဝင်ထိုးပြီး လုပ်ကြံဖို့ကြိုးစားခဲ့တာကြောင့် ပုပ်ရဟန်းမင်းကြီးဒဏ်ရာရခဲ့ဖူးပါတယ်။ ကက်သလစ်ခရစ်ယာန်ဘာသာဝင် ၈၅ ရာခိုင်နှုန်းလောက်ရှိမယ်လို့ ခန့်မှန်းထားတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ပုပ်ရဟန်းမင်းကြီး ကြွချီလာတဲ့နေရာတိုင်းကို သန်းနဲ့ချီတဲ့ လူအုပ်ကြီးက လိုက်ပြီးဝတ်ပြုခဲ့ပါတယ်။ ၁၉၈၁ ခုနှစ် ပုပ်ရဟန်းမင်းကြီး John Paulဖိလစ်ပိုင်ကို သွားဖို့ ပြင်ဆင်တဲ့အချိန်ဟာ ကွယ်လွန်သူဖိလစ်ပိုင်ရဲ့ အာဏာရှင်သမ္မတ Ferdi nand Marcos လက်ထက်တိုင်းပြည်ကို ညမ ထွက်ရ စစ်မိန့်ထုတ်ပြန်ထားတဲ့အချိန်ဖြစ်သလို ဖိလစ်ပိုင်စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုသတင်းတွေ အကြီးအကျယ်ထွက်ပေါ်နေတဲ့ ကာလဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးအပေါ် ဖိလစ်ပိုင်ပြည်သူတွေရဲ့ အားကိုးယုံ ကြည်မှုနဲ့ လေးစားမှုကိုနားလည်သဘောပေါက်တဲ့အတွက်သမ္မတမားကို့စ်က ပုပ်ရဟန်းမင်းကြီး ကြွမလာခင် တစ်လအလိုမှာပဲ စစ်ဥပဒေကို ရုပ်သိမ်းကြောင်းကြေညာခဲ့ပါတယ်။ တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲရေးတွေမှာ အောင်မြင်မှုတွေ ရနေပြီဖြစ်တဲ့အကြောင်းနဲ့ လုံခြုံရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ ဘက်ပေါင်းစုံတိုး တက်မှုတွေရလာတဲ့ ဒီမိုကရေစီတော်လှန်ရေးတစ်ရပ်ကိုအောင်အောင်မြင်မြင်ဆင်နွှဲနေပြီလို့ ကြေညာချက်ရှည် ကြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း တိုင်းပြည်အာဏာကိုတော့ သမ္မတမားကို့စ် တင်းတင်းကျပ်ကျပ်ချုပ်ကိုင် ထားခဲ့ပါတယ်။ ခြွင်းချက်အဖြစ် သတ်မှတ်ရမယ့်အချိန်မျိုးတွေရှိလာခဲ့ရင်တောင်မှ၊ လူသားတွေရဲ့ အခြေခံဂုဏ် သိက္ခာနဲ့ ဒီဂုဏ်သိက္ခာကိုက ကြွယ်ပိုင်ခွင့်၊ ရပိုင်ခွင့်အခွင့်အရေးအပေါ် ချိုးဖောက်တာမျိုးကို လိုအပ်လို့လုပ်တာပါ ဆိုတာမျိုးဘယ်တော့မှ အကြောင်းပြပိုင်ခွင့်မရှိပါဘူးဆိုပြီး အာဏာရှင် ဖိလစ်ပိုင်သမ္မတအနားမှာ ထိုင်နေတဲ့အချိန် ပုပ်ရဟန်းမင်းကြီး John Paul IIက ဟောကြားသွားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး မိန့်ခွန်းမြွက်ကြားအပြီးမှာ သမ္မတ မားကို့စ်ကလည်း ဘာသာရေးဆိုင်ရာ ဘုရားကျောင်းတွေနဲ့ အစိုးရကြားမှာ မဖြစ်စလောက် ကွဲလွဲချက်တွေရှိနေ ပါတယ်လို့ ဝန်ခံရင်းဒီလိုကွဲလွဲချက် တွေအတွက် ဝန်ချတောင်းပန်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး John Paul II ၁၉၈၇ ခုနှစ် တောင်အမေရိကတိုက် နိုင်ငံတွေကိုသွားခဲ့တဲ့ ခရီးစဉ် အတွင်းမှာလည်း အာဏာရှင် ချီလီနိုင်ငံသမ္မတကြီး Augu sto Pinochet နဲ့ အပြန်အလှန် ဝေဖန်ပြောကြားခဲ့တာ တွေရှိပါတယ်။ ချီလီသမ္မတ Pinochetက သူ့အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖေဝန်တဲ့ ခရစ်ယန် ဘုန်းတော်ကြီးတွေ၊ သူတို့အချိန်ရဲ့ ရာခိုင်နှုန်း ၉ဝကို ဝတ်ပြုဆုတောင်းနေမယ်ဆိုရင် ပိုကောင်းလိမ့်မယ်လို့ သတိပေးခဲ့တဲ့ အချိန်ပါ။ ပုပ်ရဟန်းမင်းကြီး John Paul ကတော့ သူဟာ ဒီမိုကရေစီရေးအတွက် ဟောပြော တဲ့သူမဟုတ်ဘဲ သမ္မာကျမ်းစာပါ ဘုရားသခင်ရဲ့ အဆုံးအမမိန့်ကြားချက်တွေကို ဟောပြောသွန်သင်သူသာ ဖြစ်တယ်လို့ တုံ့ပြန်တာကို New York Times သတင်းစာကရေးပါတယ်။ ဘုရားသခင်ရဲ့ တရားတော်တွေမှာလည်း လူတွေရဲ့ လူ့အခွင့်အရေး ပြဿနာတွေပါဝင်နေတဲ့အတွက် ဒီမိုကရေစီဆိုတာ ဘုရားကျောင်းတွေက အလေး ထားပြောကြားလာရတဲ့ လူ့အခွင့်အရေး အကြောင်းအရာတွေ ဖြစ်လာနေတယ်လို့ တုံ့ပြန်ပြောဆိုခဲ့တာပါ။
တူရကီနိုင်ငံ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး မဖြစ်ရေးမှာ ပုပ်ရဟန်းမင်းကြီး Benedict XVI ရဲ့ လူနည်းစုတွေကို အကာ အကွယ်ပေးဖို့၊ ရိုးရာယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာ ကွဲပြားခြားနားချက်တွေကို တန်ဖိုးထားဖို့ တောင်းဆို ချက်တွေနဲ့ ငြင်းခုံသံတွေလည်း ၂ဝဝဝ ပြည့်နှစ်အတွင်းမှာ အတော်လေးကြားခဲ့ရတာပါ။ မွတ်ဆလင်အများ စုဖြစ်တဲ့ တူရကီနိုင်ငံဥရောပသဂ္ဂ အဖွဲ့ဝင်ဖြစ်ရေးမှာ ဘာသာရေးလွတ်လပ်ခွင့်ကို ပေတံတစ်ခုအဖြစ် အသုံးပြုတိုင်း တာဖို့ ပုပ်ရဟန်းမင်းကြီး Benedict XVIက တရားဝင်တောင်းဆိုခဲ့တာပါ။
နိုင်ငံရေးအရကွဲလွဲချက်တွေရှိပေမဲ့ ပုပ်ရဟန်းမင်းကြီးနဲ့ ဆက်ဆံရေးကောင်းဖို့ဆိုတာကို နိုင်ငံတကာ နိုင်ငံ ရေးခေါင်းဆောင်တွေ အလေးထားလာပြီး အဲဒီအထဲမှာ အမေရိကန်သမ္မတတွေလည်း ပါဝင်လာတာတွေ့ရပါ တယ်။ ဗာတီကန်နဲ့ သံတ မန် ဆက်ဆံရေးကောင်းဖို့ဟာ နိုင်ငံတကာမျက်နှာစာမှာ အရေးကြီးလာတာကို အသိ အမှတ်ပြုလာကြပါတယ်။ မက္ကဆီကိုနဲ့ တံတိုင်းကာရေးနဲ့ ပတ်သက်လို့ အပြန်အလှန်ဝေဖန်မှုတွေရှိခဲ့တဲ့ သဘောထားကွဲလွဲမှုတွေရှိခဲ့တဲ့ အမေရိကန်သမ္မတ Donald Trumpလည်း ၂ဝ၁၇ ခုနှစ် မေလ ဆော်ဒီအာရေးဗီး ယားနဲ့ ဂျေရုဆလင်ကအပြန် ဗာတီကန်ကိုဝင်ပြီး ပုပ်ရဟန်းမင်းကြီးကို မိသားစုနဲ့အတူ ဖူးမြော်နှုတ်ဆက်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံရမှုဟာ တစ်သက်တစ်ခါကြုံရတဲ့ ဂုဏ်ယူစရာဖြစ်ရပ်တစ်ခုပါလို့ တွစ်တာ လူမှုကွန် ရက်မှာ သမ္မတ Trumpက ထုတ်ပြန်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးနဲ့ အမေရိကန်သမ္မတအကြား အခြေခံတန်ဖိုး ထားမှု အများအပြားကို အပြန်အလှန် ဖလှယ်ကြတဲ့အကြောင်း ကမ္ဘာတစ်ဝန်း လူ့အခွင့်အရေး မြှင့်တင်ဖို့နဲ့ လူမှု ဒုက္ခတွေကို တိုက်ဖျက်ရေး၊ ဘာသာရေး လွတ်လပ်မှုတွေကိုက ကြွယ်ရေးအတွက် အတည်ပြုခဲ့ကြတဲ့အကြောင်း အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဗာတီကန်နန်းတော်က ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်း ကြီးနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာဟာ နိုင်ငံရေးအနာဂတ်အတွက် အပေါင်းလက္ခဏာမဟုတ်ဘူးဆိုတာကို နားလည် လက်ခံပြီး နိုင်ငံရေးခေါင်းဆောင် တွေအနေနဲ့ သံတမန်ရေးအရ ပြေလည်အောင် ကျင့်သုံးလာတယ်လို့ပဲ အကြမ်း ဖျင်း သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

ထိုက်သူနိုင်