ပုဒ်မ ၆၆ (ဃ) မပြောင်းလဲသော ပြောင်းလဲခြင်း

နေထွန်းနိုင်
၂၀၁၇ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ထုတ်မှ

ပြည်သူက ရွေးချယ်တင်မြှောက်ခဲ့တဲ့ အစိုးရ ဒါမှမဟုတ် ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းနေ ပါတယ်ဆိုတဲ့ အစိုးရ။ ဒီအစိုးရလက်ထက်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေ

ပုဒ်မ ၆၆ (ဃ) ကို ပယ်ဖျက်ဖို့ ကြိုးစားမှုတွေဟာ တစ်ခန်းရပ်သွားခဲ့ပါပြီ။ ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်၊ လွှတ်တော်နှစ်ရပ်မှာ ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး ပြင်ဆင်ချက် ဥပဒေကို သြဂုတ် ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ ပြင်ဆင်ချက်ဥပဒေ အရ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ပုဒ်မ ၆၆ (ဃ)ကို ပယ်ဖျက်နိုင်မှု မရှိခဲ့ပါဘူး။ ဒါ့အပြင် ပုဒ်မ ၆၆ (ဃ)မှာ ပါဝင်တဲ့ အသရေဖျက်မှု စာသားကို မူလအတိုင်း ဆက်လက်ထားရှိခဲ့သလို ပြောင်းလဲမှုအနေနဲ့ အာမခံ ပေးနိုင်တဲ့ အခြေအနေတစ်ခုပဲ လုပ်နိုင်ခဲ့ပါတယ်။ ကျန်တဲ့ အပိုင်းတွေမှာလည်း မူလ ဥပဒေ ပြဋ္ဌာန်းချက်မှာ ပါဝင်ထားတဲ့အတိုင်း ရဲအရေးပိုင်ခွင့်ရှိတဲ့ အမှုအဖြစ် ဆက်လက်သတ်မှတ်ခဲ့သလို တရားစွဲ ရာမှာလည်း ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက်ယူရမယ်ဆိုတဲ့ မူလ ဥပဒေပြဋ္ဌာန်းချက်အတိုင်းထားရှိခဲ့ပါတယ်။

ဒါကြောင့် ပြင်ဆင်လိုက်တဲ့ ဆက်သွယ်ရေး ဥပဒေဟာ ပုဒ်မ ၆၆(ဃ)ကို ပယ်ဖျက်ပေးစေလိုသူတွေ အတွက် မပြောင်းလဲသော ပြောင်းလဲခြင်းသာ ဖြစ်ခဲ့ပါတယ်။

အခုတင်ပြမယ့် ဆောင်းပါးမှာ ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး ဘယ်အထိ ခရီးပေါက်ခဲ့သလဲဆိုတာနဲ့ လွှတ်တော်ရဲ့ သဘောထားအပါအဝင် အစိုးရရဲ့ သဘောထား ဘယ်လိုရှိခဲ့တယ်ဆိုတဲ့ အချက်တွေကိုဖော်ပြမှာပါ။

ဒါကို ဖော်ပြခြင်းမပြုခင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အရ တရားစွဲဆို အရေးယူခံထားရတဲ့ အခြေ အနေတွေ ဘယ်လိုရှိတယ်ဆိုတာ ကနဦး ပြောလိုပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရလက်ထက် ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုခံရမှု ၇မှုရှိခဲ့ပါတယ်။ တပ်မတော်က ဥပဒေကိုစတင်အသုံးပြုခဲ့တာဖြစ်ပြီး အစိုးရက ရွေးကောက်ပွဲနီးလာ ချိန်မှာသုံးခဲ့ပါ တယ်။ ဒါပေမယ့် ဥပဒေထွက်ရှိချိန်နဲ့ ဥပဒေကို အသုံးပြုပုံကာလကို ချိန်ထိုးကြည့်တဲ့အခါ အရေအတွက် နည်းခဲ့ တယ်လို့ ဆိုနိုင်ပါတယ်။ တရားစွဲဆိုခံရသူ အမှု ၇ခုအနက် ပြစ်ဒဏ်ချမှတ်ခံရမှု ၅မှုကို ကြည့်ရင် ၃ခုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ကို ထောက်ခံခဲ့သူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ၅မှုမှာ ၃မှုက တပ်မ တော်ကာကွယ် ရေး ဦးစီးချုပ်ကို အသရေဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူခံရတာပါ။ ကျန်နှစ်မှုမှာတစ်မှုက သမ္မတ ဦးသိန်းစိန်ကို အသရေဖျက်တယ်လို့ စွပ်စွဲခဲ့တာဖြစ်ပြီး နောက်တစ်မှုက ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက် တဲ့အတွက် တရားစွဲဆိုခံရတာပါ။

NLD အစိုးရ လက်ထက်ရောက်ချိန်မှာ ပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့် တရားစွဲဆိုမှုတွေ ရပ်မသွားဘဲ ပိုများခဲ့ ပါတယ်။ ဒီနေရာမှာ တချို့သောအမှုတွေဟာ နိုင်ငံရေးလက်စားချေမှု အသွင်ဆောင်လာတာ တွေ့ရပါတယ်။ အဆိုးဝါးဆုံးက သတင်းမီဒီယာ သမားတွေကိုပါ ဒီပုဒ်မကို အသုံးပြုပြီး တရားစွဲဆို၊ ဖမ်းဆီးမှုတွေ လုပ်လာခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁၇ ခုနှစ် သြဂုတ်အထိ NLD အစိုးရလက်ထက်မှာ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုခံရမှု ၈၉ မှုရှိပါတယ်။ ပြစ်ဒဏ်ချမှတ်ပြီး အမှု ၁၃ မှုရှိပြီး လတ်တလော အာမခံမရဘဲ အချုပ်ကျနေရတဲ့ အမှုသုံးမှု ရှိပါတယ်။

ကဏ္ဍတစ်ခုချင်းစီအလိုက် ကြည့်မယ်ဆိုရင် တပ်မတော်က စွဲဆိုခဲ့တဲ့အမှု ၇မှုရှိပါတယ်။ ဒါပေမယ့် စက်တင် ဘာ ၁ ရက်မှာ The Voice သတင်းစာက အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့ အပေါ် ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုထားကို တပ်မတော်က ပြန်လည် ရုပ်သိမ်းခဲ့တာကြောင့် ၅မှုပဲ ရှိတော့တယ် လို့ ပြောနိုင်ပါတယ်။ NLD ပါတီက တရားစွဲဆိုခဲ့တဲ့ အမှု ၇မှုရှိပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ ပတ်သက်လို့ ကြားလူက တရားစွဲဆိုခဲ့တဲ့ အမှု ၁ဝ မှုရှိခဲ့ပါတယ်။ သတင်းမီဒီယာများ အပေါ် အရေးယူထားတဲ့ အမှု ၁၂ မှုရှိပြီး သတင်းသမား ၂ဝ ဦး တရားရင်ဆိုင်နေရပါတယ်။ ဒါကို တပ်မတော်ဘက်က အမှုရုပ်သိမ်းခဲ့တဲ့ ဖြစ်စဉ်နဲ့ ချိန်ထိုးရင် အမှု ၁၁ မှု၊ သတင်းသမား ၁၈ ဦး တရားရင်ဆိုင်နေရတယ်လို့ ပြောနိုင်ပါ တယ်။

အရင်အစိုးရလက်ထက်ကစပြီး ၂ဝ၁၇ ခုနှစ် သြဂုတ် ၃ဝ ရက်နေ့အထိ စာရင်းကို ကြည့်ရင် ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုခံရတဲ့ အမှု ၉၆ မှုအထိရှိတာကို တွေ့နိုင်ပါတယ်။ ဒီအမှုတွေထဲမှာ တိုင်ကြားသူရှိပြီး တရားခံမဖော် ထုတ်နိုင်သေးတဲ့အမှုတွေ၊ ရဲစခန်းမှာ အမှုပိတ်သိမ်းသွားတဲ့ ဖြစ်စဉ်တွေ ပါဝင်ခြင်းမရှိပါဘူး။

 

ပြင်ဆင်ချက် ဥပဒေမူကြမ်း

ပုဒ်မ ၆၆ (ဃ)ရဲ့ သက်ရောက်မှုဟာ NLD အစိုးရလက်ထက်မှာ ပိုပြီး ကျယ်ပြန့် လာတယ်လို့ ပြောရင် မမှားပါဘူး။ အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့အထိ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဥပဒေပုဒ်မတခု ဖြစ်လာပါတယ်။

စာနယ်ဇင်းလွတ်လပ်ခွင့်ကိုသာမက လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်ကိုပါ ထိပါး လာချိန်မှာပါ ပုဒ်မ ၆၆ (ဃ)ကို ပြင်ဆင်ဖို့ ဖိအားပေးမှုတွေ ရှိခဲ့ပါတယ်။ ဖြစ်သင့်တဲ့ အချိန်ထက်နောက် ကျပြီးမှ ပြင်ဆင်ဖို့ လုပ်ခဲ့ကြပါတယ်။၂ဝ၁၇ ခုနှစ် ဇူလိုင် ၉ ရက်မှာ ‘ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း’ တစ်ရပ်ကို နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီ ဥပဒေကြမ်း အပိုဒ် ၃ မှာ –

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ တွင် ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစား ထိုးရမည်။

‘(ဃ)- ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း သို့မဟုတ် အသရေဖျက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း’အဖြစ် အစားထိုးပြင်ဆင ခိုင်းပါတယ်။ အပိုဒ် ၄ မှာ ပုဒ်မ ၈ဝ ကို အစားထိုးဖို့ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၈ဝ ကို အောက်ပါအတိုင်း အစားထိုးရမည်။

‘၈ဝ (က)- ဤဥပဒေပါ ပြစ်မှုများကို ရဲ အရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

(ခ)- ပုဒ်မ ၆၆၊ ပုဒ်မခွဲ (ဂ)၊ (ဃ) နှင့် ပုဒ်မ ၆၈၊ ပုဒ်မခွဲ(က)တို့ပါ ပြစ်မှုများမှတပါး ကျန်ပြစ်မှုများကို တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်။

(ဂ)- ပုဒ်မ ၆၅၊ ပုဒ်မ ၆၆ ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဃ)တို့ပါ ပြစ်မှုများကို အာမခံပေး နိုင်သည့် ပြစ်မှုများ အဖြစ်သတ်မှတ်သည်။

(ဃ)-မည်သည့်တရားရုံးမျှ ပုဒ်မ ၆၆ ပုဒ်မခွဲ (ဃ)ပါ ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးဦးအား အသရေဖျက်ခြင်းပြုကြောင်း သက်ဆိုင်ရာ နစ်နာသူ ကိုယ်တိုင်ဖြစ်စေ၊ ထိုသူ၏ ကိုယ်စားလွှဲ အပ်ခြင်းခံရသူကဖြစ်စေ တိုင်တန်းချက်အရမဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်း မပြုရ’လို့ အစားထိုးစေခဲ့တာပါ။

ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ကြည့် တဲ့အခါ ပုဒ်မ ၆၆ (ဃ)ကို ပယ်ဖျက်ခြင်း မလုပ်ဘဲ ပြင်ဆင်ခြင်းသာ လုပ်ဖို့ ဦးစားပေးခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ရဲအရေးယူ ပိုင်ခွင့်ရှိတဲ့ အခြေအနေကို ဆက်ပေးခဲ့ပါတယ်။ ဒါပေမယ့် တရားစွဲဆိုတဲ့အခါ ဝန် ကြီးဌာနရဲ့ ခွင့်ပြုချက်ယူရမယ်ဆိုတဲ့ အချက်ကို ပယ်ဖျက်လိုက်ပြီး အာမခံပေးရ မယ့် ပြစ်မှုအဖြစ် ပြောင်းလဲလိုက်ပါတယ်။ နောက်ပြီး နစ်နာသူကိုယ်တိုင်မဟုတ်ဘဲ ကြားလူက တရားစွဲဆိုပိုင်ခွင့်ရှိ တာကို ပယ်ဖျက်လိုက်ပြီး နစ်နာသူကိုယ်တိုင် ဒါမှမဟုတ် နစ်နာသူက ကိုယ်စားလွှဲအပ်ခြင်း ခံရသူက တိုင်တန်းမှ သာ အရေးယူဆောင် ရွက်ရမယ်လို့ ဆိုခဲ့ပါတယ်။

ပုဒ်မ ၆၆ (ဃ)ကို ပယ်ဖျက်ဖို့ အရေးဆိုမှုတွေ ရှိနေချိန်မှာ မပယ်ဖျက်ဘူး၊ ပြင်ရုံပဲ ပြင်မယ်ဆိုတဲ့ အစိုးရ သဘောထားဟာ အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

 

အမျိုးသားလွှတ်တော်၏ ဆွေးနွေးမှု

၂ဝ၁၇ ခုနှစ် ဇူလိုင် ၂၆ ရက်မှာ ဆက်သွယ်ရေးဥပဒေပြင်ဆင်ချက်ကို အမျိုးသားလွှတ်တော်မှာ စတင် ဆွေးနွေးခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး ဆွေးနွေးပြီး ယူဆချက် ၂ခု ထွက်လာပါတယ်။ ပထမ ယူဆချက်က ပုဒ်မ ၆၆ (ဃ)ကို ပယ်ဖျက်သင့်တယ်လို့ အမြင်ဖြစ်ပြီး လုံးဝပယ်ဖျက်ပေးဖို့ ပြောဆိုသူ ကိုယ်စား လှယ် ၆ဦး ရှိခဲ့ပါတယ်။ ပယ်ဖျက်ပေးဖို့ သူတို့ပြောဆိုခဲ့တဲ့ အချက်တွေက ကျိုးကြောင်း ခိုင်လုံတယ်လို့ ယူဆနိုင် ပါတယ်။ ရာဇသတ်ကြီး ဥပဒေအပါအဝင် အခြားတည်ဆဲ ဥပဒေတွေလည်း ရှိထားပြီးဖြစ်တယ်၊ ဆက်သွယ်ရေး ဥပဒေရဲ့ ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီမှုမရှိ၊ ဥပဒေအင်္ဂါရပ်တွေနဲ့လည်း လျော်ညီမှုမရှိတဲ့အပြင် လိုရာစွဲသုံးနိုင်တဲ့ ပုဒ်မတစ်ခုဖြစ် နေတာကြောင့် ပယ်ဖျက်သင့်တယ်လို့ ပြောခဲ့တာပါ။

ဒီနေရာမှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ကို ပယ်ဖျက်ဖို့ ယတိပြတ် တောင်းဆိုခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ၆ဦးကို မှတ်တမ်းပြုလိုပါတယ်။ သူတို့တွေက ဦးတင်အောင်ထွန်း (မကွေးတိုင်း ဒေသကြီး မဲဆန္ဒ နယ် အမှတ် – ၅)၊ ဦးခင်မောင်လတ် (ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် – ၃)၊ ဦးဌေးဦး (ရန်ကုန်တိုင်းဒေသ ကြီး မဲဆန္ဒနယ် အမှတ် – ၂)၊ ဦးဥက္ကာမင်း (တနင်္သာရီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် – ၈)၊ ဦးရဲထွဋ် (စစ်ကိုင်း တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် – ၅)၊ ဦးသန်းစိုး (ခ) သန်းစိုး (ဘောဂဗေဒ) (ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် – ၄)တို့ ဖြစ်ပါတယ်။

နောက်ထပ် ယူဆချက်တစ်ခုဖြစ်တဲ့ ပုဒ်မ ၆၆(ဃ)ကို ပယ်ဖျက်ခြင်းမလုပ်ဘဲ ပြင်ဆင်ရုံသာ လုပ်လိုတဲ့ အုပ်စု ဖြစ်ပါတယ်။ ဒီအုပ်စုမှာတော့ တပ်မတော်သား လွှတ်တော် တစ်ဦးအပါအဝင် ၈ဦးရှိခဲ့ပါတယ်။ သူတို့တွေက ဦးဇော်မင်း (စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် – ၅)၊ ဗိုလ်မှူးသက်မင်းထွန်း (တပ်မတော်သား လွှတ် တော် ကိုယ်စားလှယ်)၊ ဦးမောင်မောင်အုန်း (ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်- ၅)၊ ဦးကျော်နိုင် (ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် – ၂)၊ ဒေါ် နော်ခရစ္စထွန်း (ခ) ဒေါက်တာ အားကာမိုး (ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်- ၇)၊ ဦးစိုးသိန်း (ခ) ဦးမောင်စိုး (တနင်္သာရီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် – ၁ဝ)၊ ဦးကျော်မြင့်ဦး (မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် – ၁ဝ)၊ ဦးသိမ်းဆွေ (ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒ နယ် အမှတ် – ၁ဝ)တို့ ဖြစ်ပါတယ်။ ဒီ၈ဦးထဲမှာ ဦးဇော်မင်းဟာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ဥပဒေပြင်ဆင်ရေးမှာ လွှတ်တော်ဆိုင်ရာ အရေးပါသူတစ်ဦးဖြစ်ပါတယ်။ ဦးကျော်မြင့်ဦးကတော့ ပုဒ်မ ၆၆ (ဃ)မှာ အသရေဖျက်မှုကို ပယ်ဖျက်ပေးဖို့ တစ်ခုပဲတောင်းဆိုခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တွေရဲ့ ဆွေးနွေးချက်တွေထဲမှာ သတိထားသင့်တဲ့ ကိစ္စတွေလည်း ပါဝင်ခဲ့ပါတယ်။ ပထမတစ်ခုက ပြင်ဆင်ချက်ဥပဒေမူကြမ်း မှာ ‘ပုဒ်မ ၆၅၊ ပုဒ်မ ၆၆ ပုဒ်မခွဲ (က)၊ (ခ)နှင့် (ဃ)တို့ပါ ပြစ်မှုများကို အာမခံပေးနိုင် သည့် ပြစ်မှုများအဖြစ် သတ်မှတ်သည်’ ဆိုတဲ့ စာကြောင်း၊ ‘အာမခံပေးနိုင်သည့်’ စာသားနေရာမှာ ‘အာမခံပေးရမည့်’ စာသားအဖြစ် ပြောင်းလဲခိုင်းတာဖြစ်ပါတယ်။ ဒါကလည်း ရှေ့မှာရှိထားပြီးဖြစ် တဲ့ ဥပမာတွေကို အခြေခံပြီး ပြောခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။ ဥပဒေတစ်ရပ်ရပ်မှာ ပါဝင်တယ် ‘နိုင်သည်’၊ ‘နိုင်သည့်’ စတဲ့ စကားရပ်တွေဟာ လုပ်ကိုလုပ်ရမယ်၊ ပေးကိုပေးရမယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပါဘူး။ ဥပမာ ဖြင့် ‘အာမခံပေးနိုင်သည်’လို့ ဆိုခဲ့ရင် ပေးချင်လည်းပေးမယ်၊ မပေးချင်လည်းရ တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒီနေရာမှာ ‘အာမခံပေးရမည်’လို့ ဆိုရင်တော့ ပေးကိုပေးရမယ့် သတ်မှတ်ချက်ဖြစ်ပါတယ်။

နောက်တစ်ခုက ဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ပြင်ဆင်ချက်ဥပဒေမူကြမ်းမှာ ‘ပုဒ်မ ၆၆၊ ပုဒ်မခွဲ (ဂ)၊ (ဃ)နှင့် ပုဒ်မ ၆၈၊ ပုဒ်မခွဲ(က)တို့ပါ ပြစ်မှုများမှတပါး ကျန်ပြစ်မှုများကို တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်’လို့ ဆိုတာကြောင့် လက်ရှိမှု အငြင်းပွားမှုအဖြစ်ဆုံးပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲမယ်ဆို ရင် ဝန်ကြီးဌာန ခွင့်ပြုချက် မလိုတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ရဲအရေးပိုင်ခွင့်ပေးပြီး တရားစွဲသင့်၊ မသင့်အပေါ် ဆုံးဖြတ်ပေးမယ့် အဖွဲ့အစည်း မရှိတော့ဘူးဆိုရင် ဒီပုဒ်မကို အသုံးပြုတရားစွဲဆိုမှုတွေဟာ ပိုမို ကျယ်ပြန့်လာမှာ ဖြစ်သလို တရားမျှတမှု ဘာလဲဆိုတာ အငြင်းပွားစရာတွေ ရှိလာနိုင် ပါတယ်။

အမျိုးသားလွှတ်တော် ဆွေးနွေးမှုမှာ NLD ပါတီတွင်း အားထားရသူတစ်ဦးလို့ ဆိုနိုင်တဲ့ ဦးသိမ်းဆွေက ဥပဒေကို ပြင်ဆင်ဖို့သာပြောခဲ့တယ်။ ဦးသိမ်းဆွေက ‘ပရမ်းပတာ ပြောဆိုလုပ်ကိုင်မှုတွေ၊ စည်းမဲ့ကမ်းမဲ့ စော်ကား တာတွေကို ထိန်းကိုင်နိုင်ဖို့ လိုပါတယ်။ ဒီနေ့ ဒီအချိန်ဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရနဲ့ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ဖြစ်ပါတယ်။ ဥပဒေရဲ့ သက်ရောက်မှုတွေ အားကောင်းလာဖို့ ပြည်သူ့ အစိုးရဟာ ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်’လို့ ဆိုခဲ့ပါတယ်။

သူပြောဆိုခဲ့တဲ့ အဲဒီစကားရပ်တွေဟာ NLD ပါတီ၊ NLD အစိုးရ၊ NLD လွှတ် တော်ရဲ့ သဘောထားလားဆို တာ မေးစရာဖြစ်ပါတယ်။ တကယ်တော့ ပရမ်းပတာပြောဆိုမှုတွေ၊ စည်းမဲ့ကမ်းမဲ့ စော်ကားတာတွေကို ထိန်းကိုင်နိုင်တဲ့ ဥပဒေတွေရှိထားပြီးသားပါ။ အကယ်၍ အင်တာနက်ပေါ်က အပြုအမူတွေကို အရေးယူချင်တယ် ဆိုရင်လည်း သီးခြား ဥပဒေတစ်ရပ် ပြဋ္ဌာန်းဖို့လိုပြီး ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ရေးဆွဲသင့်ပါတယ်။ အခု ဖြစ်နေ တာက ဆက်သွယ်ရေး ဥပဒေပါ ရည်ရွယ်ချက်နဲ့ လွဲချော်ပြီး လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ထိပါးလာတဲ့ ဥပဒေပုဒ်မဖြစ်တာကြောင့် ဒါကိုပယ်ဖျက်ဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။ ဒီတောင်းဆိုမှုတွေကို တုံ့ပြန်တဲ့အခါ ငါတို့ဟာ ပြည်သူ့အစိုးရဖြစ်တယ်၊ ငါတို့ကြိုးစားလုပ်နေတယ်ဆိုတာ တစ်ခုတည်းနဲ့ အရာအားလုံးကို ပြည်ဖုံးကားချ ထားလို့ ရမယ်မထင်ပါဘူး။ အခုချိန်မှာ အလေးဂရုပြုသင့်တာက ပြည်သူ့အစိုးရလား၊ ရွေးကောက်ခံ အစိုးရလားဆို တာ ဖြစ်ပါတယ်။

၂ဝ၁၇ ခုနှစ် သြဂုတ် ၂ ရက် အမျိုး သားလွှတ်တော် ဆွေးနွေးမှုမှာတော့ ပုဒ်မ ၆၆ (ဃ)ကို ပယ်ဖျက်ခြင်းမ လုပ်ဘဲ ပြင်ဆင်ခြင်းသာလုပ်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ဒါကလည်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ သဘောထားအပေါ် မူတည်ပြီး မဲခွဲခဲ့တာပါ။

ပုဒ်မ ၆၆ (ဃ) ပယ်ဖျက်ဖို့ မဲခွဲချိန်မှာ ထောက်ခံမဲပေးသူ ၅၉ ဦးသာရှိခဲ့ပြီး ကန့်ကွက်မဲပေးခဲ့သူက ၉၂ ဦးရှိခဲ့ပါတယ်။ မဲမ ပေးဘဲ ကြားနေသူအရေအတွက် ၂၃ ဦး ဖြစ်ပါတယ်။

ဒါပေမယ့် အမျိုးသားလွှတ်တော်ရဲ့ ဆွေးနွေးဆုံးဖြတ်မှု ပြီးချိန်မှာ ပြင်ဆင်ချက် ဥပဒေမူကြမ်းမှာ ပါဝင်တဲ့ ‘ပုဒ်မ ၆၆၊ ပုဒ်မ ခွဲ (ဂ)၊ (ဃ) နှင့် ပုဒ်မ ၆၈၊ ပုဒ်မခွဲ(ကတို့ပါ ပြစ်မှုများမှတပါး ကျန်ပြစ်မှုများကို တရားစွဲ ဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ရယူရမည်’ ဆိုတဲ့အချက်ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြင်ဆင်ခဲ့တာ တွေ့ရပါတယ်။ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်အရ ဆက်သွယ်ရေး ဥပဒေထဲက ဘယ်ပုဒ်မ နဲ့မဆို တရားစွဲမယ်ဆိုရင် ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုယူရမယ်လို့ ဆိုပါတယ်။ ဒါက မူလဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်တာကြောင့် မပြောင်းဘူးလို့ ဆိုနိုင်ပါတယ်။ ပြောင်းတာတစ်ခုက ပုဒ်မ ၆၆ (ဃ) အတွက် ‘အာမခံပေးနိုင်သည်’ စကားရပ်တစ်ခု ဖြစ်လာခဲ့တာပါပဲ။ ပုဒ်မကို မပယ်ဖျက်ဘူး၊ အာမခံတော့ ပေးမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ ဆန်းစစ်လေ့လာ သုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌဒေါက်တာ အောင်ခင်ကတော့ ပုဒ်မ ၆၆ (ဃ)ကို ပယ်ဖျက်ခြင်းမလုပ်ဘဲ အာမခံပေးနိုင်တဲ့ ပုဒ်မအဖြစ် ပြောင်းလဲပြင် ဆင်ခြင်း ဟာ တရားဥပဒေစိုးမိုးမှု ရှိစေဖို့အတွက်ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

 

ပြည်သူ့လွှတ်တော်၏ ဆွေးနွေးမှု

ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး အတွက် အမျိုးသားလွှတ်တော်ရဲ့ ဆွေးနွေး ဆုံးဖြတ်မှု ပြီးချိန် သြဂုတ် ၁ဝ ရက် ပြည်သူ့ လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ဆက်သွယ်ရေး ဥပဒေ ပြင်ဆင် သည့် ဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီး အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာမှာ ထူးခြားတဲ့ အချက်တစ်ခုပဲ ပါဝင်ခဲ့ပါတယ်။ ဒါက ပြစ်ဒဏ်ပိုင်းကို ပြင်ဆင်လိုတာ ဖြစ်ပါတယ်။ ပုဒ်မ ၆၆အတွက် ပြစ်ဒဏ်တွေကို သုံးနှစ် အောက် ထောင်ဒဏ်လို့ ပြင်ဆင်မယ်ဆိုရင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ဇယား – ၂ အပိုဒ် ၃ အရ အာမခံပေးရ မယ့် ပြစ်မှုအဖြစ် ပြောင်းလဲသွားမယ်လို့ ဆိုခဲ့ပါ တယ်။

ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတဲ့အခါ ကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ ပထမ ကွဲလွဲမှုက ပုဒ်မ ၆၆ (ဃ)ကို အာမ ခံပေးရေးအတွက် လက်ရှိထောင်ဒဏ် ၃နှစ် နှင့်အထက် အစား ၃နှစ်အောက် ပြင်ဆင်ဖို့ ဥပဒေ ကြမ်း ကော်မတီက အကြံပြုထားပေမယ့် ဥပဒေရေးထုံးနဲ့ လျော်ညီမှုမရှိတာကြောင့် နှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်အဖြစ်ပြောင်းလဲဖို့ ဝေါမြို့နယ်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက အဆိုပြုခဲ့ပါ တယ်။ ဦးတင်ထွေးရဲ့ အဆိုကို မဲခွဲတဲ့အခါ ဦးတင်ထွေးရဲ့ အဆို အနိုင်ရခဲ့ပါတယ်။

နောက်ထပ်ကွဲလွဲချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့အပြင် ပုဒ်မ ၆၆ (ဃ)မှာ ပြဋ္ဌာန်းထား တဲ့ ဥပဒေအားလုံးဟာ ရာဇသတ်ကြီးဥပဒေမှာပါဝင်ပြီး ဖြစ်တယ်၊ ဥပဒေရဲ့ ရည်ရွယ်ချက်ကို မရောက်ဘဲ ပုဒ်မ ၆၆ (ဃ) ကို တလွဲအသုံးပြု နေကြတယ်၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကိုလည်း ထိခိုက်နေတဲ့အတွက် ပုဒ်မ ၆၆(ဃ) ကို ပယ်ဖျက်ပေးဖို့ လှိုင်မြို့နယ် မဲဆန္ဒနယ်က ဦးအောင်ကျော်ကျော်ဦးက အဆိုပြုခဲ့ပါတယ်။ ဒီအဆိုကို ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြန်ရှင်းတဲ့အခါ အသရေဖျက်မှုဖြစ်တဲ့ ရာဇသတ် ကြီး ဥပဒေပုဒ်မ ၄၉၉မှာ စာဖြင့် ဖြစ်စေ၊ စကားဖြင့် ဖြစ်စေ၊ ပုံသဏ္ဌာန် ဖြင့် ဖြစ်စေလို့သာ ပါဝင်ပြီး ဆက်သွယ်ရေး ကွန်ရက်လို့ ပါဝင်ခြင်း မရှိတာကြောင့် ရာဇသတ်ကြီး ဥပဒေနဲ့ မလုံလောက်ဘူးလို့ ပြောခဲ့ပါတယ်။

‘ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီးတော့ ဒီအသရေဖျက်မှုကို ကျူးလွန်လာတဲ့အခါမှာ ပုဒ်မ ၆၆ (ဃ) သို့မဟုတ် ၆၆ (ဃ) မှာပါဝင်တဲ့ အသရေဖျက်မှုကို ကျွန်တော်တို့ ထုတ်ပယ်လိုက်မယ်ဆိုရင် ဘာနဲ့သွားပြီး သဏ္ဌာန်တူသလဲဆိုရင် ဆက်သွယ်ရေးကွန်ရက်က အသုံးပြုပြီး ကြိုက် လောက် အသရေဖျက်ပါ။ ပြစ်မှုမဖြစ်ပါ ဘူးလို့ အားပေးရာ ရောက်သွားပါတယ်’လို့ ဦးထွန်းထွန်းဟိန်က ပြောခဲ့ပါတယ်။

ဦးထွန်းထွန်းဟိန်ရဲ့ ပြောဆိုချက်ကို ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော် မျိုးက သဘောတူခဲ့ ပြီး ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်း သဘောတူခဲ့ပါတယ်။ ဒါကို မဲခွဲတဲ့အခါ ပြင်ဆင်ဖို့ ထောက်ခံသူ ၃၇၂ မဲ၊ ကန့်ကွက်သူ ၁၉ မဲ၊ ကြားနေမဲ ၂ မဲနဲ့ ပယ်ဖျက်ရေးအဆို ရှုံးနိမ့်ခဲ့ပါတယ်။

တကယ်တော့ ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုပြီးဖြစ်လာတဲ့ အသရေဖျက်မှုတွေ အပါအဝင် အခြားကိစ္စရပ်တွေကို ကိုင်တွယ်နိုင်ဖို့ သီးခြားဥပဒေတစ်ရပ် လိုအပ်နေချိန်မှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ပုဒ်မ ၆၆ (ဃ)ကို ဆက်သွယ်ဥပဒေ ကြားခံထားပြီး ဆက်လက်အသုံးပြုဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့တာပါ။ ဒါဟာ လွှတ်တော်ရဲ့ ရပ်တည်ချက်အတွက် အငြင်းပွားစရာဖြစ်သလို ပြည်သူ့အသံ၊ လွှတ်တော်အသံဆိုတဲ့ မူနဲ့ ကွဲလွဲ လာတာကို မြင်တွေ့နိုင်တဲ့ အချက်တစ်ခုအဖြစ် ရှုမြင်သူတွေ ရှိလာပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်နှစ်ရပ် ဆွေးနွေးပြီးချိန်မှာ ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ချက်ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ကွဲလွဲမှုသုံးခု ရှိခဲ့ပါတယ်။ ပထမတစ်ခုက ထောင်ဒဏ် ၃နှစ်ထားမလား၊ ၂နှစ်ထား မလားဆိုတဲ့ ကိစ္စပါ။ ဒုတိယတစ်ခုက အာမခံပေးမလား၊ မပေးဘူးလားဆိုတာကို ဥပဒေမှာ ထည့်သွင်းပြောဆိုမယ့် အချက် ဖြစ်ပြီး တတိယတစ်ခုက အသရေဖျက်မှုဆိုတဲ့ စကားရပ်ကို ပယ်ဖျက်ဖို့လို၊ မလိုဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဒီကွဲလွဲမှုတွေအတွက် အမျိုးသားလွှတ်တော်မှာ ပြန်လည်ဆုံးဖြတ်တဲ့အခါ ပုဒ်မ ၆၆ (ဃ)အတွက် ထောင် ဒဏ် နှစ်နှစ်ထက်မပိုလို့ သတ်မှတ်ခဲ့သလို ဒီသတ်မှတ်ချက်အရ အာမခံပေးခြင်း သီးခြား ဖွင့်ဆိုခြင်းမပြုဘဲ ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေအရ အာမ ခံပေးရတဲ့ အမှုအဖြစ် ပြောင်းလဲလိုက်ပါ တယ်။ အသရေဖျက်မှုစာသားကို ပယ် ဖျက်ခြင်း မပြုခဲ့ပါဘူး။

 

ပြင်ဆင်သည့်ဥပဒေ

သြဂုတ် ၂၉ ရက်မှာ တရားဝင်ထုတ်ပြန်ခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေမှာ အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်သည် ဤ ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင် စေရမည်။

၂။ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (န)တွင်ပါရှိသော ‘ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ ဝန်ကြီးဌာန’ဆိုသည့် စကားရပ်ကို ‘ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည်။

‘၆၆။    မည်သူမဆို အောက်ပါပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ)တို့ပါ ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ပြီး ပုဒ်မ ခွဲ (ဃ)ပါ ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား ၂နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၎။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ တွင် ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည်။

‘(ဃ)ဆက်သွယ်ရေး ကွန်ရက်တစ်ခုခု ကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အသရေဖျက် ခြင်း၊ နှောက်ယှက်ခြင်း သို့မဟုတ် ခြိမ်း ခြောက် ခြင်း၊”

၅။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈ဝ ကို အောက်ပါအတိုင်း အစားထိုးရမည်။

‘         ၈ဝ။ (က) ဤဥပဒေပါ ပြစ်မှုများ ကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

(ခ) ဤဥပဒေအရ ပြစ်မှုတစ်ခုခုဖြင့် တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်။

(ဂ) ပုဒ်မ ၆၆၊ ပုဒ်မခွဲ (ဃ)ပါ ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား အသရေဖျက်ခြင်းပြုကြောင်း သက်ဆိုင်ရာ နစ်နာသူကိုယ်တိုင်က ဖြစ်စေ၊ ထိုသူ၏ ကိုယ်စားလွှဲအပ်ခြင်းခံရသူ ကဖြစ်စေ တိုင်တန်းချက်မဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်း မပြုရ။

ပြင်ဆင်လိုက်တဲ့ ဥပဒေအရ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဟာ မူလအတိုင်း မပြောင်းလဲဘဲ ဆက်ရှိနေပါတယ်။ အာမခံချက်ပေးနိုင်တဲ့ ပြစ်ဒဏ်ပိုင်းကို လျှော့ချလိုက်ပေမယ့် ရဲအရေးပိုင်တဲ့ အမှုအဖြစ် ဆက်ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီပုဒ်မကို အသုံးပြုရာမှာ သာမန် အသရေဖျက်မှု တွေလိုမဟုတ်ဘဲ တရားရုံးရဲ့ ဆုံးဖြတ်ပိုင်ခွင့်ထက် ရဲတပ်ဖွဲ့ရဲ့ ကနဦးဆုံးဖြတ်ခွင့်က အဓိကကျတဲ့နေရာမှာ ဆက်ရှိနေပါတယ်။ တစ်ဖက်မှာ ဝန်ကြီးဌာနကို ကြားခံထားတယ် ဆိုပေမယ့် အရင်ဖြစ်စဉ်တွေလိုမျိုး အုပ်ချုပ် ရေးပိုင်းက အရေးယူရင် မြန်ဆန်ပြီး သာမန်ပြည်သူတွေက တိုင်ကြားရင် နှောင့်နှေးနေဦးမှာလားဆိုတဲ့ မေးခွန်းဆက်ရှိနေမှာဖြစ်ပါတယ်။ နစ်နာသူ ကိုယ်စားကြား လူက တရားစွဲဆိုခြင်းကို ခွင့်မပြုတောတာ့ ကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုပြင်ဆင်လိုက်တဲ့ ဥပဒေဟာ ပုဒ်မ ၆၆ (ဃ)ကို ပယ်ဖျက်လို သူတွေအတွက် စိတ်ပျက်စရာ ဖြစ်စေပါတယ်။ တစ်ဖက်မှာလည်း အုပ်ချုပ်ရေး အာဏာပိုင်တွေက အသုံးပြုရင် တစ်မျိုး၊ သာမန် ပြည်သူတွေ အသုံးပြုရင် တစ်မျိုးဆိုတဲ့ မျှော့ကြိုးဥပဒေ ဖြစ်နိုင်ခြေတွေလည်း ရှိနေပါသေးတယ်။ အကောင်းဆုံး က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ပယ်ဖျက်ရေးကို ဆက်လက် လုပ်ဆောင်သင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဆက်သွယ်ရေး ကွန်ရက် အသုံးပြု လုပ်ဆောင်နေတဲ့ မသမာမှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်တဲ့ ဥပဒေတစ်ရပ်ကို ပြည်သူ့ဆန္ဒနဲ့အညီ ရေးဆွဲဖို့ လုပ်ဆောင်သင့်ပါပြီ။

ပြောင်းလဲချိန်တန်ပြီလို့ ဆိုကြတဲ့အတိုင်း အလုံးစုံပြောင်းလဲမှသာ ပြောင်းလဲမှုမည်ပါလိမ့်မယ်။ အနည်း ငယ်ပြောင်းလဲရုံနဲ့ ပြောင်းလဲခြင်းမမည်နိုင်တာ သတိပြုကြရမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရေး ဥပဒေပြင်ဆင်ခြင်း ကတော့ မပြောင်းလဲသော ပြောင်းလဲခြင်းလို့ပဲ ယူဆနိုင်ပါတယ်။