ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမား မျိုးဆက်သစ်များ အလိုရှိသည်

ကေတူးအေ
ယနေ့ခေတ် မဂ္ဂဇင်း ၊ ဇွန်လ ၊ ၂၀၁၇ ထုတ်မှ
မြန်မာနိုင်ငံအနေနဲ့ တစ်ချိန်က နိုင်ငံရေးလုပ်ရင် ထောင်ကျတဲ့ခေတ်ဆိုးစနစ်ကြီး တစ်ခုထဲမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတဲ့အတွက် မိဘတွေကသူတို့ရဲ့ ကလေးငယ်

တွေကို ‘သားသားတို့၊ မီးမီးတို့ ကြီးလာရင် ဘာလုပ်မလဲ’ လို့ မေးတဲ့အခါ ဘဝရဲ့အမြင့်ဆုံး ရည်မှန်းချက်အဖြစ် ‘ဆရာဝန်ကြီးလုပ်မယ်၊’ ‘အင်ဂျင်နီယာကြီးလုပ်မယ်၊’ ‘စစ်ဗိုလ်ကြီး လုပ်မယ်’ စသဖြင့် ဖက်ရှင်တစ်ခုလိုပြောလေ့ရှိကြပြီး၊ ‘နိုင်ငံရေးသမားကြီး လုပ်မယ်’လို့ ပြောတဲ့ ကလေးကမရှိသလောက်ပါ။ နိုင်ငံချစ်မြတ်နိုးစိတ်ရှိပေမယ့် ထောင်ကျတန်းကျဘဝကို ဂုဏ်ယူပြောဖို့ ဘယ်ကလေးမှ စိတ်မကူးရဲသလို၊ မိဘတွေကလည်း အားမပေးခဲ့ကြတာ သဘာဝ ကျပါတယ်။
အခုတော့ ခေတ်စနစ်တွေ ပြောင်းလဲလာပြီမို့ နိုင်ငံရေးလုပ်ရင် လွှတ်တော်အမတ်၊ ဝန်ကြီး၊ ဝန်ကြီးချုပ်စတဲ့ ရာထူးအလုပ်အကိုင်တွေအပြင် နိုင်ငံရဲ့ သြဇာအရှိဆုံးပုဂ္ဂိုလ်ဖြစ် တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့၊ သမ္မတတို့အထိပါ မျှော်မှန်းနိုင်ပြီမို့ မိဘတွေကလည်း နိုင်ငံရေးလုပ်ချင်တဲ့ သားသမီးတွေကို ငယ်စဉ်ကတည်းက နည်းမှန်လမ်းမှန် အားပေး တိုက်တွန်းပျိုးထောင် ပေးသင့်ပါတယ်။ နိုင်ငံရေးသိပ္ပံပညာ၊ ဥပဒေပညာ၊ သံခင်းတမန်ခင်း၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးပညာစသဖြင့် ဘွဲ့ကြို၊ ဘွဲ့လွန် ပညာရပ်တွေ အားပေးသင့်ပါတယ်။ အမေရိကန်မှာတော့ နိုင်ငံရေးသမားတွေထဲမှာ ဥပဒေ ဘွဲ့ရသူတွေများပါတယ်။
ပညာရေးစနစ် ချွတ်ခြုံကျဆင်းသွားမှုကြောင့် အဘက်ဘက်ကနိမ့်ကျသွားခဲ့ရတဲ့ မြန်မာနိုင်ငံမှာ အရည်အချင်းရှိတဲ့ နိုင်ငံရေးသမားတွေ များများရှိလာရင် တိုင်းပြည် ပြန် လည်ထူထောင်ရေး မြန်ဆန်လာနိုင်တာမို့ ရပ်တည်ချက်မှန်တဲ့ ပရော်ဖက်ရှင်နယ် နိုင်ငံရေး သမားကောင်းတွေ ပေါ်ထွန်းလာဖို့ အရေးကြီးပါတယ်။
ဒီမိုကရေစီခေတ်မှာ ရွေးကောက်ပွဲကတစ်ဆင့် နိုင်ငံရေးသမားဖြစ်လာတဲ့ လွှတ်တော် အမတ်တွေဟာ ပြည်သူတွေအတွက် အဓိကအားကိုးရာပါ။ ပြည်သူတွေဟာ သူတို့အကျိုးကို ဆောင်ရွက်ပေးလိမ့်မယ်လို့ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ရွေးချယ်တင်မြှောက်လိုက်ကြသူတွေ လည်း ဖြစ်ပါတယ်။
လွှတ်တော်အမတ်တစ်ဦးရဲ့ အခြေခံ လစာဟာလည်း ငွေကျပ် ၁ဝ သိန်းလောက်ရှိ တာမို့ စစ်တပ်မှာဆိုရင် ဗိုလ်ချုပ်အဆင့် လစာပါ။ ပညာရေးမှူးတွေ၊ ကျန်းမာရေး မှူးတွေ၊ တက္ကသိုလ်ပါမောက္ခတွေ၊ ရဲမှူး ကြီးတွေ၊ ဌာနဆိုင်ရာညွှန်ကြားရေးမှူးတွေ ရဲ့ လစာတွေထက်လည်း ပိုများပါတယ်။ ဒါ ကြောင့် နိုင်ငံရေးဟာ လူငယ်တွေအတွက် ရွေးချယ်စရာကောင်းတဲ့ သက်မွေးမှု လုပ် ငန်း (ခမေနနမ) တစ်ခုဖြစ်လာပါပြီ။ မိဘ တွေအနေနဲ့လည်း နိုင်ငံရေးကို ပရော် ဖက်ရှင်နယ်ကျကျလုပ်ပြီး သက်မွေးဝမ်း ကျောင်းပြုချင်ကြတဲ့ သားသမီးတွေကို စနစ်တကျ နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုအား ပေးရမလဲဆိုတာ ဂရုပြုသွန်သင်လေ့လာဖို့ လိုသလို၊ အတုယူမမှားသင့်တာတွေကို လည်းထောက်ပြနိုင်ဖို့ အရေးကြီးပါတယ်။
၂ဝ၁၅ ရွေးကောက်ပွဲကပေါ်ထွန်းလာ တဲ့ ဒီကနေ့ လွှတ်တော်ကိုတော့ ‘နှုတ်ဆိတ် နေတဲ့ လွှတ်တော်’ ဆိုပြီးတော့ ဗြိတိန်နိုင်ငံ ထုတ် ကမ္ဘာကျော် အီကော်နောမစ် (ွှ့န နခသညသာငျအ) မဂ္ဂဇင်းကြီးက ဇွန်လ ၁ ရက် နေ့က ထောက်ပြရေးသားပါတယ်။ တခြား နိုင်ငံကလွှတ်တော်တွေလို အထက်လွှတ် တော်နဲ့ အောက်လွှတ်တော်အကြား၊ လွှတ် တော်နဲ့ အစိုးရတို့အကြား ပြည်သူတွေအကျိုး ပိုများစေဖို့၊ အပြန်အလှန်ထိန်းကျောင်းမှု စနစ် ပိုကောင်းစေဖို့ ရည်ရွယ်ချက်နဲ့အကြိတ် အနယ်ဆွေးနွေး ငြင်းခုံတာတွေလည်း မရှိ ပါဘူး။ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် သူရဦးရွှေ မန်းဦးဆောင်ခဲ့ရတဲ့ လွှတ်တော်ကတောင် ပိုအလုပ်ဖြစ် တွင်ကျယ်ခဲ့တယ်လို့ အီကော် နောမစ် မဂ္ဂဇင်းကဆိုပါတယ်။ လွှတ်တော် ကြီး အငြင်းအခုံမရှိ၊ အပြန်အလှန်ထိန်း ကျောင်းမှု အင်စတီကျူးရှင်း ငြိမ်သက်သွား ခဲ့ရတာကို ဒေါ်အောင်ဆန်းစုကြည်က တစ်စုံတစ်ရာ စိတ်ငြိုငြင်ဟန်မရှိဘူးလို့ ရေး ပါတယ်။ အန်အယ်လ်ဒီလွှတ်တော်ကြီး တိတ်ဆိတ်နေရတာဟာ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းနေရာယူထားတဲ့ စစ်ဗိုလ် အမတ်တွေကြောင့်မဟုတ်ဘဲ သူတို့ကို ထိန်းချုပ်ထားတဲ့ ပါတီခေါင်းဆောင်တွေ ကြောင့်လို့ဆိုပါတယ်။ ဘယ် အန်အယ်လ်ဒီ အမတ်တစ်ဦး တစ်ယောက်ကမှ ပါတီ ဘောင်ကိုကျော်လွန်ပြီး ကန့်ကွက်မဲ မပေး ကြသလို၊ ပါတီလူကြီးတွေကြိုက်နှစ်သက် မယ့် မေးခွန်းတွေ၊ အဆိုတွေလောက်ပဲ တင်သွင်းမေးမြန်းနေကြတယ်လို့ မဂ္ဂဇင်း ထဲမှာရေးထားပါတယ်။ သေချာတာကတော့ ၆၆(ဃ) လိုဖိနှိပ်တဲ့ ဥပဒေတွေကို ပြင်ဆင် ရေးအတွက် တို့ထိဖို့ အားမထုတ်ကြတဲ့ လွှတ်တော်အမတ်တွေ ဘာလုပ်နေကြသလဲ၊ ဘာအတွက် ရပ်တည်နေကြသလဲဆိုတာ သတင်းမီဒီယာတွေကရော၊ လူ့အခွင့်အရေး နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကပါ မေးခွန်းထုတ်နေကြချိန်ပါ။ နိုင်ငံ့ဘဏ္ဍာ ငွေထဲကနေ လစာငွေကျပ် ၁ဝ သိန်းစီ လစဉ်ချီးမြှင့်ခံစားနေကြရတဲ့ လွှတ်တော် အမတ်တွေဟာ ပြည်သူ့ကိုယ်စားလှယ် တွေအဖြစ် ရပ်တည်ပြီး နှုတ်ဆိတ်နေရတာ လိပ်ပြာသန့်၊ မသန့်ဆိုတာကတော့ သူတို့ ကိုယ်တိုင် အသိဆုံးဖြစ်သလို၊ သူတို့သမိုင်း ကို သူတို့ကိုယ်တိုင်ရေးနေကြတာပါ။
တကယ်တော့ ပြီးခဲ့တဲ့ လွှတ်တော်ထဲမှာ ပြည်သူတွေအတွက် ကိုယ်စားပြုပြီးပရော် ဖက်ရှင်နယ်ကျကျ ရပ်တည်ခဲ့ကြတဲ့ လွှတ် တော်အမတ်တချို့ဆိုရင် မဲပေးခဲ့ကြတဲ့ ပြည်သူတွေရော၊ အကဲခတ်စောင့်ကြည့်ခဲ့ ကြတဲ့ စာနယ်ဇင်းတွေကပါ မမေ့ကြသေး ပါဘူး။ ဥပမာအားဖြင့် ဒေါ်နန်းဝါနု၊ ဒေါ်ဒွဲ ဘူ၊ ဦးခိုင်မောင်ရီ၊ ဦးသိန်းညွန့်၊ ဦးခင် အောင်မြင့်၊ ဒေါက်တာအေးမောင်၊ ဒေါ်ခင် စောဝေ၊ ဦးဘရှိန်၊ ဒေါက်တာညိုညိုသင်း၊ ဦးဖုန်းမြင့်အောင်၊ ဒေါ်တင်နွယ်ဦးစတဲ့ ပါတီစုံကလွှတ်တော်အမတ်တွေဟာ အစိုးရ စွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ ပြည်သူတွေ အကျိုးအတွက် မားမားမတ်မတ် ကိုယ်စား ပြုပြီးရဲရဲတောက် ရပ်တည်ပေးခဲ့ကြသူတွေမို့ ပြည်သူတွေ ရင်ထဲမှာ အမြဲမှတ်ကျောက်တင် ခံနေရမယ့် ပုဂ္ဂိုလ်တွေပါ။ တခြားပါတီတွေ ကပုဂ္ဂိုလ်တချို့လည်းရှိပါသေးတယ်။ သူတို့ ထဲကအတော်များများဟာ ၂ဝ၁၅ ရွေး ကောက်ပွဲမှာ ‘လူကိုမကြည့်နဲ့ ပါတီကိုပဲ ကြည့်’ ဆိုတဲ့ မူဝါဒကြောင့် လွှတ်တော် ပြင်ပကိုရောက်ရှိသွားခဲ့ကြပေမယ့်၊ ပြည်သူ တွေအကျိုး မှန်မှန်ကန်ကန် ရှေးရှုဆောင် ရွက်မယ့် လွှတ်တော်အမတ်တွေကို ရွေး ချယ်မွေးထုတ်ပေမယ့် ရွေးကောက်ပွဲတွေ ဟာ အနာဂတ် တစ်ချိန်ချိန်မှာ မလွဲမသွေ ရှိလာမှာမို့ ပြည်သူတွေရော၊ နိုင်ငံရေး သမားကောင်း ဖြစ်ချင်တဲ့ မျိုးဆက်သစ် တွေပါ အားငယ်စိတ်ပျက်စရာတော့ မရှိ ပါဘူး။
ဒါပေမယ့် အနာဂတ်မြန်မာ့နိုင်ငံရေး မှာ အမှန်တကယ် အရည်အချင်းရှိသူတွေ ကသာ တဖြည်းဖြည်းနေရာပိုရလာမှာမို့ နိုင်ငံရေးသက်မွေးဝမ်းကျောင်းမှု စိတ်ဝင် စားတဲ့ မျိုးဆက်သစ်တွေအနေနဲ့ အရည်အ ချင်းများများရှိအောင် လေ့ကျင့်ဖြည့်ဆည်း ထားရမှာဖြစ်သလို တန်ဖိုးရှိတဲ့ နိုင်ငံရေး သမားကောင်းဖြစ်ရေးမှာအခြေခံလိုအပ် ချက်တစ်ခုဖြစ်တဲ့ ရပ်တည်ချက်မှန်ကန်ရေး ဆိုတာကို အခုကတည်းကခေါင်းထဲထည့် ထားဖို့လိုပါတယ်။ ဒီကနေ့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်မှာဆိုရင် ဦးကျော်ဇေ ယျ၊ ဒေါ်ကြည်ပြာ၊ ဦးဝေဖြိုးဟန်တို့လို လွှတ်တော်အမတ်တွေဟာ ပါတီအကျိုး၊ အစိုးရအကျိုးထက် ပြည်သူတွေရဲ့ အကျိုး ကို အဓိက ဦးထိပ်ထားရပ်တည်နေကြသူ တွေမို့ စံပြုအတုယူသင့်တဲ့ ရှားတောင့်ရှားပါး အန်အယ်လ်ဒီ လွှတ်တော်အမတ်တချို့ပါ။ အစိုးရနဲ့ ပါတီငြိုငြင်မှာကိုမစိုးရိမ်ဘဲ ပြည် သူတွေဘက်က ရပ်တည်ဆောင်ရွက်နေ ကြတဲ့ အဲဒီလိုပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေဟာ ကာလအားဖြင့် တိုတောင်းခဲ့ရင်တောင် သမိုင်းမှာတော့ တွင်ကျန်ရစ်ခဲ့မှာ အမှန် ပါပဲ။
အနာဂတ် မြန်မာ့နိုင်ငံရေးမှာ နိုင်ငံ ရေးသမားတွေ အရေအတွက်အားဖြင့် ဆက်လက်ပေါများလာနိုင်ပေမယ့် ရပ်တည် ချက်မှန်ကန်တဲ့ ပရော်ဖက်ရှင်နယ်နိုင်ငံရေး သမားတွေကတော့ ကာလတစ်ခုအထိတိုင် အောင် ရှားပါးနေဦးမှာပါပဲ။ အများစုဟာ ကိုယ့်ရဲ့ပုဂ္ဂလိကရပ်တည်မှု အကျိုးစီးပွား မထိခိုက်ရေး (ျအအေကျ ဆကသ) ကိုပဲအလေးထား ကြတာကြောင့် လက်တွေ့မှာအများအကျိုးကိုဦးစားမပေးနိုင်တော့တာ၊ စွန့်လွှတ်စွန့် စားမလုပ်နိုင်ကြတာကလည်း နိုင်ငံရေး သမားကောင်းရှားပါးရခြင်းရဲ့ အဓိကအ ကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အကျိုးဆက် တစ်ခုကတော့ ပြည်သူတွေအနေနဲ့ ဒုက္ခ အခက်အခဲနဲ့ကြုံရင် အားကိုးရာရှာမရ တော့ကြတာပါပဲ။ ဧရာဝတီတိုင်းဘက်က အများအကျိုးဆောင်ရွက်နေတဲ့ မိတ်ဆွေ တစ်ဦး ပြောပြတာက သူတို့နယ်က တင် မြှောက်လိုက်တဲ့ လွှတ်တော်အမတ်တွေ အခုဆို ဘဝင်တွေမြင့်ပြီး လေလုံးထွားလာ ကြသတဲ့။ ကလေးငယ် ၃ဝ ကျော် ပညာ ဆက်လက်သင်ကြားဖို့ အခက်အခဲဖြစ်နေ တာကို ပြောပြတော့ အဲဒီလွှတ်တော်အမတ် က မကူညီနိုင်ဘူးဆိုပြီး အလွယ်တကူ မျက်ကွယ်ပြုငြင်းဆန်လိုက်တဲ့အကြောင်း ကြားသိရတော့ တစ်နှစ်အတွင်း မြင်တွေ့ရ တဲ့ အပြောင်းအလဲတွေဟာ ကျောချမ်းမိ သလိုခံစားရပါတယ်။ အဲဒီလိုနိုင်ငံရေး သမားတွေ များပြားလာရင်တော့ တိုင်းပြည် ရဲ့ အနာဂတ်ဟာမတွေးရဲစရာပါ။
နိုင်ငံရေးစိတ်ဝင်စားတဲ့ မျိုးဆက်သစ် မြန်မာလူငယ်တွေအနေနဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲတွေမှာ ရီပတ်ဘလီ ကန် ပါတီသမ္မတလောင်းနဲ့ ဒီမိုကရက်တစ် ပါတီသမ္မတလောင်းတို့ အပြီးသတ် စကား စစ်ထိုး ယှဉ်ပြိုင်ပွဲတွေကို လေ့လာကြည့်ရင် ချီးကျူးလေးစားအတုယူစရာကောင်းတဲ့ ရပ်တည်ချက်တချို့ကို လေ့လာတွေ့ရှိနိုင်ပါ တယ်။ အထူးသဖြင့် မဲဆွယ်ပွဲတွေမှာပါတီ ပလက်ဖောင်းပေါ်က ဖြစ်စေ၊ ပုဂ္ဂိုလ်ရေး အရ အပြန်အလှန်တိုက်ခိုက်လို့ပဲဖြစ်စေ အားနည်းချက်တွေကို မညှာမတာထောက်ပြ ဝေဖန်ပြီး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြ ပေမယ့် တစ်ဦးကအနိုင်ရရှိသွားတဲ့အချိန် မှာတော့ ကျန်တစ်ဦးက ဂုဏ်ပြုချီးကျူး စကားပြောကြားတဲ့အခါ ‘အမေရိကန် ပြည်သူတွေအတွက် ဘယ်သူက အလုပ် အကျွေးပြုခွင့်ရနိုင်မလဲဆိုတာ တူညီတဲ့ ရည်ရွယ်ချက်နဲ့ အကြိတ်အနယ် မထောက် မညှာယှဉ်ပြိုင်ခဲ့တာသာ ဖြစ်တယ်၊ အခုလို ပြည်သူတွေရဲ့ ရွေးချယ်မှုကြောင့် အလုပ် အကျွေးပြုခွင့် ရရှိသွားတဲ့ သမ္မတလောင်း (ဘယ်သူ) အတွက် ချီးကျူးဂုဏ်ပြုစကား ရင်ထဲက လှိုက်လှိုက်လှဲလှဲဆို လိုက်ပါရစေ’စသဖြင့် အစဉ်အလာသဘောမျိုးပြောလေ့ ရှိကြတာ အင်မတန်အတုယူဖို့ ကောင်းပါ တယ်။ နောက်ဆုံးတော့ ပါတီဟာ အဓိက မဟုတ်ဘဲ ပြည်သူကိုပဲဦးထိပ်ထားကြတာ ပါ။
မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲ တွေမှာ ပါတီပလက်ဖောင်းပေါ်ကနေ (ဒါမှ မဟုတ်) သြဇာရှိလူပုဂ္ဂိုလ်တွေရဲ့ အရိပ်အာ ဝါသအောက်ကနေ ရွေးကောက်တင် မြှောက်ခံခဲ့ရပြီးနောက် ပြည်သူကိုကိုယ်စား မပြုတော့တဲ့ ပြည်သူ့ကိုယ်စားလှယ်ခေတ်တစ်ခုကုန်ဆုံးသွားမှသာ၊ တကယ့် အရည် အချင်းအစစ်အမှန်နဲ့ ပြည်သူရွေးကောက် တင်မြှောက်ခံရတဲ့ မျိုးဆက်သစ်နိုင်ငံရေး သမားတွေ အများစုလွှမ်းမိုးနေရာရရှိ လာမှသာ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရ အသီးအပွင့်တွေကို ပြည်သူတွေ ခံစားရရှိ လာစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူ တွေရဲ့ သဘောထားဆန္ဒကို ရပ်တည်ချက် မှန်မှန်နဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် စွန့်လွှတ်စွန့်စား ဖော်ဆောင်ပေးနိုင်မယ့် ပရော်ဖက်ရှင်နယ် လူငယ်မျိုးဆက်သစ် နိုင်ငံရေးသမားတွေကိုပဲ အားကိုးရတော့မှာ ဖြစ်ပါတယ်။ အနာဂတ်မြန်မာ့နိုင်ငံရေး ဇာတ်ခုံစင်မြင့်ပေါ်မှာ သူတို့အတွက် ကော် ဇောနီတွေ ဖြန့်ခင်းပေးထားပြီး ခုံလွတ်တွေ ဖန်တီးပေးထားဖို့ လိုပါတယ်။ ဒါဟာလည်း စစ်မှန်တဲ့ နိုင်ငံတည်ဆောက်ရေးနဲ့ ပြည်သူ တွေရဲ့ ရှေ့ရေးကောင်းစားဖို့အတွက် အရေးကြီးလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသလို မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ မျိုးဆက်သစ် လူငယ်တွေရဲ့လက်ထဲမှာပဲရှိနေပါတယ်။ သူတို့ထုဆစ်တဲ့ လက်ရာတွေ ကောင်းရင် ကောင်းသလောက် နိုင်ငံနဲ့ ပြည်သူတွေ အတွက် ထိရောက်အကျိုးများစေမှာ မုချ အမှန်တရားပါ။

ကေတူးအေ