ပုံပြင်ဟောင်း ပဲ့တင်ထပ်ရခိုင် ၊ မကျေနပ်မှု အခြေခံ သရုပ်လက္ခဏာနိုင်ငံရေး

(က) မြောက်ဦးနယ်က အသံ

၂၀၁၆ နှစ်ဆန်းပိုင်းက တိုင်းရင်းသားမီဒီယာ ကွန်ဖရင့်ကို တက်ရောက်ရင်း ရခိုင်တို့၏ ရှေးဟောင်းမြို့ တောာ် မြောက်ဦးသို့ စာရေးသူ ရောက်ခဲ့သည်။ သမိုင်းဝင် ၂၀၁၅ ရွေးကောက်ပွဲအပြီး  ၃ လ ကျော် အကြာ ဖေဖော်ဝါရီလအတွင်း ကျင်းပသည့် ကွန်ဖရင့်ဖြစ်ရာ ဒေသခံ အသံများပါ စနည်းနာခွင့် ရခဲ့ လေသည်။ အထူးသဖြင့် ယင်းကာလမှာ အစိုးရအလွှဲအပြောင်းအတွက် ကြားကာလ ဖြစ်နေရာ မည် သူ အစိုးရအဖွဲ့ဝင် ဖြစ်မည် သမ္မတ ဖြစ်မည် စသည်ကို တနိုင်ငံလုံးက စိတ်ဝင်စားနေသည့် နည်းတူ ဒေသခံများကလည်း အစိုးရ အဖွဲ့ဖွဲ့စည်းမှုကို လည်ပင်း ရှည်ရှည်ဖြင့် မျှော်တလင့်လင့်ဖြင့်ပင်။ ပြည်မ နေ ပြည်သူများနှင့် ကွာခြားသည့် ကိစ္စမှာ ဒေသအခြေပြု ရခိုင်ပါတီမှာ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒ နယ်အများစုတွင် အနိုင်ရရှိထားသည့်အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မည်သူဖြစ်မည် ဆိုသည့် ကိစ္စမှာ အတော်များများက စိတ်ဝင်စားနေသည့် အကြောင်းအရာပင်။

“ကျွန်တော်တို့ အတွက်တော့ ပြည်နယ် ၀န်ကြီးချုပ်ကို ရခိုင် အမျိုးသားပါတီက ကိုယ်စားလှယ်ကို သတ်မှတ်ရွေးချယ်ပေးရေးဟာ အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်တယ်။ ဒါမှ ဒေသခံတွေ ဘာဖြစ်နေတယ် ဘာလို အပ်နေတယ်ဆိုတဲ့ကိစ္စကို အမျိုးသားရေးတာဝန်ထမ်းမဲ့ ပါတီရဲ့ ကိုယ်စားလှယ်က သိရှိနား လည်ပြီး ဆောင်ရွက်ပေးနိုင်မယ်။” လို့ စာရေးသူတို့ တည်းခိုသည့် ဟိုတယ်နှင့်  မလှမ်းမကမ်းရှိ လမ်းဘေး ကွမ်းယာဆိုင် ရောင်းချသူ တဦးက စာရေးသူတို့အား ပြောပြသည်။

တွေးကြည့်ပြန်တော့လည်း ဖွံ့ဖြိုးမှု နောက်ကျခြင်း ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု ၊ အလုပ်အကိုင် ရှားပါးမှု ၊ ဘာသာ လူမျိုးအသွင်မတူသည့် လူ့အဖွဲ့အစည်းအကြား ပြဿနာများနှင့် စိန်ခေါ်ချက်များမှာ နှစ်ပေါင်းများစွာ အခြေတည်လာခဲ့သည့် ကိစ္စများပင်။ ထို့ကြောင့် ရခိုင်ဒေသ ရခိုင်အမျိုးသားတွေ အုပ်ချုပ်ခွင့်ရမှသာ ဒေသခံတွေရဲ့ အခက်အခဲပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု စွဲစွဲမြဲမြဲ ယုံကြည်နေကြသူတွေ တပုံတပင်။

မြောက်ဦးတွင်လုပ်သည့် တိုင်းရင်းမီဒီယာ ညီလာခံတွင်လည်း ရခိုင်နိုင်ငံရေးပါတီများ၊ လူမှု့အသင်း အဖွဲ့များပါ တက်ရောက်ခဲ့ရာ ဗဟိုအစိုးရဖြစ်လာမည့် အန်အယ်လ်ဒီမှ ရခိုင်ပါတီနှင့်ေ တွ့ဆုံဆွေးနွေးမှု မရှိခြင်းအပေါ် မချင့်မရဲဖြစ်သံသာ တညံညံနှင့်ပင်။

(ခ) ဘူးသီးတောင် နယ်မှ ရခိုင်ကလေးငယ်အသံ

၂၀၁၆ ခုနစ်မှာ စာရေးသူအဖို့ ရခိုင်ပြည်နယ်နှင့် ကံစပ်သည်ဟု ဆိုရပေလိမ့်မည်။ မြောက်ဦး ခရီးစဉ်မှ ပြန်လာပြီး လပိုင်း အကြာတွင်ပင် နိုင်ငံခြား သုတေသနသမား တဦးနှင့် အတူ ရခိုင်မြောက်ပိုင်း ဒေသ ဖြစ်သည့် ဘူးသီးတောင် မောင်တောဒေသတွင် သုတေသန စာရင်းကောက်ယူနိုင်ရေး သွားရောက်ခွင့် ကြုံခဲ့ပြန်သည်။  မွတ်ဆလင်နှင့် ရခိုင် နှစ်ဘက်အသိုင်းအ၀ိုင်းအား တတ်နိုင်သမျှ လက်လှမ်းမှီသမျှ လိုက်လံတွေ့ဆုံ မေးမြန်းသည့် ခရီးစဉ်ဖြစ်သည့်အပြင် သုတေသနအတွက် ခြုံငုံမိစေရန် မြို ၊ ခမီ နှင့် အခြားတိုင်းရင်းသား အချို့နှင့်ပါ တွေ့ဆုံခွင့်ရခဲ့သည်။

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းက ရခိုင်ကျေးရွာတရွာသို့ အ၀င်တွင် ကလေးသူငယ်များ ကစားနေ သည်ကို တွေ့ရလေ၏။ “ဟိုမှာ ဗမာစစ်သားတွေ လာပြီ ပစ်”  ဆိုပြီး  ခန့်မှန်းခြေ အသက် ၇ နှစ်ခန့် အရွယ် ကလေးငယ်တဦးက အော်လိုက်စဉ် ကျန်ကလေးများက ဒက်ဒက်ဒက် ရွှီး ဒိုင်းဆိုပြီး အော်ဟစ် နေသံကိုကြားရသည်။ အနားမှာ ဖြတ်သွားသည့် ကလေးငယ်တဦးအား မင်းက ဘယ်စစ်သားလဲလို့ မေးလိုက်သည့် အခါ ရခိုင်စစ်သား ဟု ခပ်ပြတ်ပြတ် ဖြေဆိုပြီး လှည့်ထွက်သွားသည်။

သာမန် အပေါ်ယံကြည့်လျှင် နှစ်ပေါင်းများစွာ တပ်မတော်သို့ ၀င်ရောက်တာဝန်ထမ်းခဲ့သည့် တိုင်းရင်း သားလူမျိုးစု ဖြစ်သော ရခိုင်တိုင်းရင်းသားများအဖို့ ယင်းကဲ့သို့ စိတ်ဓာတ်များ ကိန်းအောင်းလိမ့်မည် မဟုတ်ဟု အပေါ်ယံအားဖြင့် ယူဆရပေသည်။ သို့သော် ဒေသနှင့် လူမျိုး၏ ကြုံတွေ့ရသည့် အခြေ အနေများကြောင့်လော သို့တည်းမဟုတ် ကလေးများ အနေဖြင့် ရခိုင်စစ်သားဆိုသည့် အသုံးအနှုန်း မည်သည့်နေရာမှတဆင့် ကြားသိခဲ့သလော စဉ်းစားချင်စရာ ကိစ္စတရပ်မှာ ခေါင်းထဲသို့ ၀င်လာခဲ့ သည်။

ယင်းကာလအထိ ရခိုင် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် AA ရခိုင့်တပ်မတော်မှာ ရခိုင်ဒေသသို့ ထိုး ဖောက်ရန် ပလက်ဝ နယ်မှ တဆင့် ကြိုးပမ်းဆဲဖြစ်ရာ ကီလိုမီတာ ၆၀၀ ကျော်လောက် ဝေးသေး သည့် ဘူးသီးတောင် ဒေသမှ ရခိုင် ကလေးငယ်များမှာ မည်သည့်အတွက်ကြောင့် ရခိုင်စစ်သားဆို သည့် အသုံးအနှုန်းကို သုံးကာ ကစားနေကြသနည်းဆိုသည့် ကိစ္စမှာ စိတ်ဝင်စားစရာဖြစ်လာခဲ့သည်။

အမှန်တကယ်တော့ AA  ရခိုင် တပ်ဖွဲ့မှာ ၂၀၀၉ – ၂၀၁၀ ကာလတွေတုန်းက ကချင်ပြည်နယ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်ပြီး ၂၀၁၄ ခုနစ်က ကျောက်ဖြူတွင် ကျင်းပသည့် ရခိုင် အမျိုးသား ညီလာခံမှသာ ရခိုင်ပြည်နယ်သို့ ညီလာခံတက်ရင်း စနည်းနာရင်း ခေတ္တ ပြန်ရောက်ခဲ့ခြင်းပင်။

( ဂ ) ရှမ်းပြည်ကိုသွားတဲ့ ရခိုင်တွေ

၂၀၁၈ စက်တင်ဘာလအတွင်း ရှမ်းပြည်ပြန်ရောက်စဉ် သံလွင်မြစ်ဝှမ်းဒေသတွေကို သွားစနည်းနာမိ သည်။ ယခင် SSA အဖွဲ့မှ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းသည့်အဖွဲ့ အခြေစိုက်ဒေသတွင် တည်းခို ရင်း အဖွဲ့ခေါင်းဆောင်ဖြစ်သူနှင့် ညစာစားတော့ ရခိုင်အသိုင်းအ၀ိုင်းတချို့က အဲဒီခေါင်းဆောင်ဆီ ဖုန်းဆက် အကူအညီတောင်းနေသံ ကြားရလေသည်။

အကြောင်းကတော့  ပြည်သူ့စစ်အဖွဲ့ နယ်မြေနှင့် ဆက်စပ်နေသည့် သံလွင်တံတား တာကော်တွင် ရခိုင်လူငယ်များအား စစ်တပ်က ရှေ့ဆက်ပေးမသွားပဲ တားထားသည့် အတွက်ကြောင့်ပင်။ ပြည် တွင်းမှာ လွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း ရခိုင်အဖွဲ့အစည်းဘက်မှ ပြောပေမင့် ပြည်သူ့စစ် ခေါင်း ဆောင်ကတော့ သူ့အနေဖြင့် ဘာမှမတတ်နိုင်ကြောင်းနှင့် နောက်ထပ် နေ့တ၀က်ခန့် ကားဖြင့် မောင်း ရင် ရောက်နိုင်သည့် ခရီးဖြစ်သည့် အန်စီအေ အပစ်ရပ်လက်မှတ်မထိုးသေးသည့် မိုင်းလား တပ်ဖွဲ့ ဒေသသို့ သွားရောက်မည် ယင်းမှ တဆင့် နယ်မြေချင်း ဆက်စပ်သည့် ၀ ဒေသသို့ ၀င်ရောက်မည်ဟု ယူဆသဖြင့် တပ်က တားဆီးတာ ဖြစ်နိုင်ကြောင်း ပြန်ပြောပြသည်။ ( မိုင်းလား နဲ့ ၀ တပ်ဖွဲ့ပါဝင်သည့် FPNCC အဖွဲ့တွင် AA မှာ အဖွဲ့ဝင်ဖြစ်သည်။ )

ယင်းကိစ္စတွင် ရခိုင်လူငယ် အများအပြား တကယ်ပဲ လိုလိုလားလား စစ်သင်တန်းသွားတက်ကြ သလားဆိုသည့် ကိစ္စနှင့် အလုပ်အကိုင် ရှားပါး၍ သွားသလော ဆိုသည့် ကိစ္စနှစ်မျိုးပဲ စဉ်းစားစရာ ရှိသည်။ AA မှာ ၀ နှင့် နယ်နိမိတ်ထိစပ်နေသည့် ကိုးကန့်ဒေသတွင် ဖြစ်ပွားသည့် တိုက်ပွဲတွင်ပါ ပါဝင်ခဲ့ဖူးရာ စစ်သင်တန်းဆိုသည့် ကိစ္စမှာလည်း အလေးအနက် စဉ်းစားစရာပင်။ ချဲ့တွေးကြည့်ပါက လစာပင် ရေရေရာရာ သတ်သတ်မှတ်မှတ် မရှိသည့် လက်နက်ကိုင် အဖွဲ့အတွင်းသို့ မည်သည့် အတွက်ကြောင့် လူငယ်တွေ မိုင်ပေါင်း ရာချီ ခရီးကို ကျော်ဖြတ်ကာ စစ်သင်တန်းသွားတက်ကြ သနည်း ဆိုသည့် ကိစ္စကလည်း အလေးအနက် စဉ်းစားစရာပင်။ ဥပမာအားဖြင့် မူရင်းတိုင်းရင်းသား မျိုးနွယ်စု တည်ရှိရာဒေသတွင် လှုပ်ရှားသည့် လက်နက်ကိုင် တိုင်းရင်းသားတပ်များမှာ စစ်မှုထမ်း ချင်ချင် ဒေသခံရွာသားများကို စစ်သားစုနိုင်သည့် အခွင့်အရေးပိုင်ကြသော်လည်း AA ဌာနချုပ်မှာ မူလဇာတိ ရခိုင်ပြည်မှ မိုင်ပေါင်း ရာချီဝေးသည့် နေရာတွင် ရှိနေသည့် အတွက်ပင်ဖြစ်သည်။

“ဖွံ့ဖြိုးမှု နောက်ကျခြင်း ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု ၊ အလုပ်အကိုင် ရှားပါးမှု ၊ ဘာသာ လူမျိုးအသွင်မတူသည့် လူ့အဖွဲ့အစည်းအကြား ပြဿနာများနှင့် စိန်ခေါ်ချက်များမှာ နှစ်ပေါင်းများစွာ အခြေတည်လာခဲ့သည့် ကိစ္စများပင်။ ထို့ကြောင့် ရခိုင်ဒေသ ရခိုင်အမျိုးသားတွေ အုပ်ချုပ်ခွင့်ရမှသာ ဒေသခံတွေရဲ့ အခက်အခဲပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု စွဲစွဲမြဲမြဲ ယုံကြည်နေကြသူတွေ တပုံတပင် “

 (ဃ) အလားအလာကောင်းလေမလား တွေးမိပေမယ့်

၂၀၁၅ ခုနစ် တကျော့ပြန်ကိုးကန့်တိုက်ပွဲတွင် ကိုးကန့် MNDAA ဘက်မှ စစ်ကူအဖြစ် ၀င်ရောက် ပူးပေါင်းတိုက်ခိုက်ခဲ့သည့် AA မှာ အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလို ငြိမ်းချမ်းရေးမှာ တန်းတူရည်တူပါဝင်ခြင်း မပြုနိုင်သည့် အခြေအနေအထိ တပ်မတော်၏ ကန့်သတ်မှုကို ခံခဲ့ရသည်။

ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့သည့် မွတ်ဆလင် အကျပ်အတည်းနောက်ပိုင်းတွင်မူ တရုတ်သြဇာကြီး လာမည့် မြန်မာအနေဖြင့် တရုတ်၏ ငြိမ်းချမ်းရေး ပွဲစားလုပ်ပေးမှုတွင် တစုံတရာ လိုက်လျောရမည့် ဟန် ပြခဲ့ရပေသည်။ အထူးသဖြင့် ယခင်က ကန့်သတ်ထားခဲ့သည့် AA ၊ TNLA ၊ MNDAA တို့နှင့် အစိုးရအကြား တဖွဲ့ချင်း အပစ်ရပ်စဲရေး ပြုလုပ်ပြီး အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုတွင် ပါဝင်ရေး ( သို့မဟုတ် ) နိုင်ငံရေး ဆွေးနွေးမှုတွင် ပါဝင်ရေး လမ်းစပွင့်လာ နေသယောင် အနေအထားမျိုး ပြီးခဲ့သည့် ဒီဇင်ဘာလအစောပိုင်းက ဖြစ်ပေါ်ခဲ့ပါသည်။ ယင်းသုံးဖွဲ့အား ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ခွင့်ပြုလိုက်ပြီဟု သတင်းတွေက ဆိုလေသည်။

စကာင်္ပူနိုင်ငံ အခြေစိုက် ISEAS-Yusof Isak မှ ဧည့်ပါမောက္ခ ဒေါက်တာ ဂျရတ် မက္ကာသီ၏ Rakhine State Politics a Major Barrier to Rohingya Return ဆိုသည့်သုတေသန ဆောင်းပါးတွင် ရခိုင်မှာ ဗမာလူများစု၏ ခြယ်လှယ်မှုကို မကြိုက်သည့် နည်းတူ ၂၀၁၅ ခုနစ်နောက်ပိုင်း အဆိုးဆုံး ဆက်ဆံရေး အခြေအနေရောက်လာသည့် ရခိုင် အီလိများ ၊ အန်အယ်လ်ဒီ အစိုးရနှင့် စစ်တပ်တို့အကြား ယိုယွင်း လာသည့် အခြေအနေအပေါ် အသာစီးရယူခဲ့သည်ဟု ယင်း၏ ဆောင်းပါးတွင် ထည့်သွင်းပြောဆို ထားသည်။

ရခိုင်ပါတီမှာ တာဝန်ထမ်းဆောင်သူတဦးနှင့် AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်မှာ မိသားစုအဖြစ် တော် စပ်မှု ရှိနေကြောင်းလည်း ဖော်ပြထားပြီး AA ဘက်ကတော့  ရခိုင်ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဘုံဦး တည်ချက်သာရှိပြီး ရခိုင်အမျိုးသားပါတီ ANP နှင့် AA အကြား တရားဝင် ဆက်သွယ်ဆောင်ရွက်မှု မရှိကြောင်း ငြင်းဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသွားသည့် မွတ်ဆလင်များ ပြန်လည်လက်ခံရေး အစိုးရ၏အစီစဉ်အပေါ် နိုင်ငံရေး မကျေနပ်ချက်များ အခြေခံပြီး ရခိုင်အီလိများက ကန့်ကွက်နေချိန်တွင် ရခိုင့်တပ်မတော်မှာ ယင်းအရှုပ်အထွေးတွင် ပါဝင်ခြင်းမရှိသည့်အပြင် မွတ်ဆလင်ကျေးရွာများကိုလည်း ပစ်မှတ်ထားခဲ့ခြင်း မရှိဆိုသည့် အချက်ကိုလည်း ဆောင်းပါးရှင်က ထောက်ပြထားသည်။

ရခိုင်တပ်ဖွဲ့အား ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ခွင့်ပြုလိုက်သည့်အတွက် ရခိုင်များ၏ နိုင်ငံရေး မကျေနပ်ချက်များကို အတန်ငယ် ပြေလည်သွားစေမည့် လက္ခဏာဖြစ်ပြီး နိုင်ငံရေး ပြုပြင်ပြောင်း လဲရေး ပြုလုပ်ရေး အခြေအနေတရပ်ရရန် လမ်းပွင့်လာနိုင်သည်ဟုလည်း  ဒီဇင်ဘာလ ၂၀ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည့် ပါမောက္ခ ဂျရတ်မက္ကာသီ၏ ဆောင်းပါးတွင် ရေးသားထားသည်။

ယင်း အခြေအနေမှာ ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်များပြန်လာရေးအတွက် တိုက်ရိုက် အကျိုး မဖြစ်စေသည့်တိုင် ရခိုင်များအနေဖြင့် နိုင်ငံရေး မကျေနပ်မှု နည်းပါးလာပါက သဘောထား အတန် ငယ်ပျော့ပြောင်းသည့် ချဉ်းကပ်ပုံသဏ္ဍာန်သို့ ပြန်ဦးတည်နိုင်လိမ့်မည်ဟု ပါမောက္ခက ခန့်မှန်းသည်။

သို့သော် ဒီဇင်ဘာလ ၂၁ ရက်နေ့ တပ်မတော်မှ ပြုလုပ်သည့် တဘက်သတ် အပစ်ရပ်စဲရေးအတွက် ကြေညာမှုတွင် ရခိုင်ဒေသမပါလာခဲ့ပေ။ AA အနေဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ခွင့်ရသည့်တိုင် မူလ ရခိုင်ဒေသတွင် ပြန်လည်အခြေချနိုင်ခွင့် အခွင့်အရေး ဖြတ်တောက် ခံလိုက်ရသကဲ့သို့ ရှိနေပေ သည်။ ယင်းကြေညာမှု မတိုင်ခင်ကတည်းကပင် ရခိုင်ဒေသတွင်  တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ယခု ၂၀၁၉ ခုနစ် ၇၁ နှစ်မြောက်လွတ်လပ်ရေးနေ့ နောက်ပိုင်းတွင်တော့ အားလုံးသိကြ သည့် အတိုင်းပင်။

” ရခိုင်မှာ ဗမာလူများစု၏ ခြယ်လှယ်မှုကို မကြိုက်သည့် နည်းတူ ၂၀၁၅ ခုနစ်နောက်ပိုင်း အဆိုးဆုံး ဆက်ဆံရေး အခြေအနေရောက်လာသည့် ရခိုင် အီလိများ ၊ အန်အယ်လ်ဒီ အစိုးရနှင့် စစ်တပ်တို့အကြား ယိုယွင်း လာသည့် အခြေအနေအပေါ် အသာစီးရယူခဲ့သည်ဟု ”

(င) ရှမ်းပုံပြင်ဟောင်း ဆင်တူလာသည့် ရခိုင်

ပြည်ပမှ လာရောက်ကျူးကျော်သူများ ရွှေ့ပြောင်းဝင်ရောက်သူများ အန္တရာယ်မှ ကာကွယ်ရန် ဆိုပြီး အကြောင်းပြသည့် ကိစ္စများမှာ အသစ်အဆန်းတော့ မဟုတ်ပေ။ လွတ်လပ်ရေးရပြီးစကာလ၊ ယခင် ခေတ်ကာလများက ပြည်မမှ ဗမာအုပ်ချုပ်သူအသိုင်းဝိုင်းက ၀င်ရောက်စွက်ဖက်နိုင်ခွင့် နည်းပါးလှ သည့် ရှမ်းပြည်တွင် ကူမင်တန် အကြောင်းပြပြီး စစ်တပ်မှ ၀င်ရောက်တပ်စွဲခဲ့ကာ ကူမင်တန်ခြိမ်း ခြောက်သည့် နယ်မြေပမာဏထက် ကျော်လွန်ပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့ဖူးပါသည်။ ၆၂ အာဏာ သိမ်းအုပ်စု၏ အဓိကတာဝန်ရှိသူတဦးဖြစ်သည့် ဗိုလ်မှူးချုပ်အောင်ကြီးမှာ ၁၉၅၂ ခုနစ်က စတင်သည့် ယင်းစစ်အုပ်ချုပ်ရေး တာဝန်ကို အဓိကလက်ခံရယူခဲ့သူဖြစ်သည်။

ရှမ်းအရှေ့ပိုင်းဒေသကို ကျူးကျော်လာသည့် ကူမင်တန်ကို မောင်းထုတ်ပေးသည့်အတွက် ရှမ်းအရှေ့ ဒေသမှ ပြည်သူအချို့မှာ  စစ်တပ်စွမ်းဆောင်မှုအပေါ် ချီးကျူးမှုများ ရှိခဲ့သော်လည်း ရှမ်းပြည် အချို့ ဒေသများတွင်မူ တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်တပ်အမြှောင်တို့၏ နိုင်ငံရေး လုပ်စားမှု ၊ နိုင်ငံရေး စွက်ဖက်မှုများကြောင့် ဗမာစစ်သား၊ ဗမာတပ် ၊ ဗမာ နယ်ချဲ့ဆိုသည့် အသုံးအနှုန်းများပင် ပေါ်လာခဲ့သည်ဟု ဦးထွန်းမြင့် ( တောင်ကြီး ) ၏ ပြည်တော်သာ ပဒေသရာဇ် ဆိုရှယ်လစ် ရှမ်းပြည် ဆိုသည့် ဆောင်းပါးတွင် ဖော်ပြထားသည်။

တန်းတူညီမျှသော ပြည်ထောင်စု တည်ထောင်ရေး ကတိက၀တ်ဖြင့် ပင်လုံစာချုပ်ကို လက်မှတ်ထိုး ခဲ့သည့် ရှမ်းပြည်သားများမှာ ၃ နှစ်အကြာတွင် အခြေခံ ဥပဒေပြင်ပေးမည်ဆိုသည့် ပြည်မလူများစု ကြိုက် ဒီမိုကရေစီအစိုးရခေါင်းဆောင် ဦးနု၏ ကတိက၀တ် ဖောက်ဖျက်မှုကြောင့် စိတ်ပျက်နေချိန် လည်း ဖြစ်ပေသည်။

ယင်း ၁၉၅၃ ကာလတ၀ိုက် ရှမ်းပြည် အခြေအနေကို ဦးထွန်းမြင့်က မှတ်ချက်ပြုခဲ့ရာတွင် “ဖဆပလ ဆိုရှယ်လစ်ခေါင်းဆောင်များအနေဖြင့် ရှမ်းပြည်တွင် ပကတိ ဖြစ်နေသည့် အခြေအနေများကို ရှေ့ရေး အတွေးတွေးကာ အချိန်မီ မပြုပြင်ပါက မဝေးလှသော အနာဂတ် ကာလတွင် အကျိုးတရားသည် ရှမ်း- ဗမာ ဆက်ဆံရေးအတွက် ကြီးမားစွာ အန္တရာယ်ပြုလာလိမ့်မည်” ဟု မှတ်ချက်ပြုခဲ့သည်။

လူများစုအကြိုက်အစိုးရ လက်ထက်တွင် အုပ်ချုပ်ရေး စွက်ဖက်၊ နိုင်ငံရေး စွက်ဖက်မှုများ စစ်တပ်က ကော၊ ပြည်မအစိုးရကပါ လုပ်လာခဲ့လေရာ အင်္ဂလိပ်ကိုလိုနီလက်ထက်က တပ်နှစ်တပ်ဖြင့် တပြည် လုံး ဥပဒေစိုးမိုးစွာ အုပ်ချုပ်နိုင်သည့် အခြေအနေရှိခဲ့သည့် ရှမ်းပြည်တွင် နောက်ဆက်တွဲ အနေဖြင့် အမျိုးသားရေး လှုပ်ရှားမှုအခြေခံ လက်နက်ကိုင် တော်လှန်ရေး တရပ်ပေါ်လာခဲ့ပေသည်။

ယင်းလှုပ်ရှားမှုကိုလည်း ကူမင်တန် အကြွင်းအကျန်များနှင့် ပူးပေါင်းသည်ဆို၍ လည်းကောင်း အာဏာစွန့်ရသည့် စော်ဘွားများက အားပေးအားမြှောက်ပြုသည်ဆို၍ လည်းကောင်း ပြည်မ အာဏာပိုင်များက ဟုတ်သော်ရှိ မဟုတ်သော်ရှိ သမုတ်ခဲ့ကြသည်ပင်။  လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာ ခွဲထွက်ခွင့်အပေါ် အဓိပ္ပာယ်ကောက်ယူမှု များစွာဖြင့်ပင်။ ပြည်မ မီဒီယာများကလည်း ယင်းအချိန်ကပင် ဖက်ဒရယ်တောင်းသည့် အုပ်စုများကို ပုံစံမျိုးစုံဖြင့် သရုပ်ဖော်ခဲ့သည်ဖြစ်ရာ ၆၂ နှစ် စစ်တပ်အာဏာသိမ်းချိန်တွင် ၀မ်းသာအားရ ဖော်ပြမှုများပင် ရှိခဲ့ပေသည်။

ယခု ရခိုင်ဖြစ်စဉ်တွင်လည်း ARSA တိုက်ခိုက်မှု အကြောင်းပြ နေရာတိုးချဲ့ ၀င်ယူခဲ့သူ စစ်တပ် မှာ AA ကို ARSA အကြောင်းပြပြီး ရခိုင်တွင်ခြေချခွင့်မပေးရေးနှင့် အစိုးရတို့ကလည်း ရခိုင်ဒေသ ကွက်ကျန် အပစ်ရပ်စဲရေးတွင်လည်း သဘောထားတညီတည်း ရှိခဲ့ပြီ ဖြစ်ပါသည်။

လွတ်လပ်ရေးနေ့ နယ်ခြားစောင့် ရဲကင်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း အွန်လိုင်း သတင်းမီဒီယာ များ၏ ကွန်းမင့်များ၊ ရန်ကုန်အခြေစိုက် ပြည်တွင်းမီဒီယာအချို့၏ သတင်းဖော်ပြချက်များ၊ လူနည်းစု တိုင်းရင်းသားမဟုတ်သူအများစု၏ လူမှုကွန်ယက် စာမျက်နှာများနှင့် ရခိုင်တိုင်းရင်း မီဒီယာများ အပါ အ၀င်၊ ရခိုင်တိုင်းရင်းသား အချို့ သုံးစွဲနေသည့် လူမှုကွန်ယက် စာမျက်နှာများတွင် ရေးသားဖော်ပြ ချက်များ နှိုင်းယှဉ်ပါက ဗမာ – ရခိုင် ဆက်ဆံရေး ဆိုသည့်အသွင် ဆောင်လာသလား စဉ်းစားစရာ ရှိလာပေသည်။

(င) မကျေနပ်မှု၏ နိုင်ငံရေး အမှတ်သရုပ်လက္ခဏာနှင့် ခေတ်သစ် ရခိုင် နေရှင်နယ်လစ်ဇင်

ရခိုင်ရဲ့ တိုင်းရင်းသားဖြစ်မှုအခြေပြု အမျိုးသားရေးဝါဒ ကျင့်သုံးပုံက  ၂၀ ရာစု အစောပိုင်းက ဗမာ နေရှင်နယ်လစ်ဇင်နှင့်တောင် ဆင်တူနေတယ်လို့ မကြာသေးခင်ကပဲ မြန်မာ့ အရေးကျွမ်းကျင်သူ တဦးက မှတ်ချက်ပြုခဲ့ပေသည်။

၂၀ ရာစု အစောပိုင်း အမျိုးသားရေးဝါဒ ပြန်လည်ခေါင်းထောင်လာမှုမှာ  ကိုလိုနီကျွန်ဘ၀ရောက်နေမှု အပေါ်အခြေခံပြီး မကျေနပ်မှု နစ်နာမှုအပေါ် အမျိုးသားရေး လှုပ်ရှားမှုအသွင်ပြောင်းခဲ့ခြင်း ဖြစ်ပေ သည်။

ယင်းကာလကို ကြည့်မည်ဆိုပါက ဗုဒ္ဓဘာသာ ဗမာ ဖြစ်မှုအပေါ် အခြေတည်ခဲ့သည့် အမျိုးသားရေး လှုပ်ရှားမှု အားကောင်းသည်နှင့်အညီ ကိုလိုနီစနစ်နှင့် ရွှေ့ပြောင်းရောက်လာသူများနှင့် အဓိကရုန်း ဖြစ်ခဲ့သလို အင်္ဂလိပ်အောက်တွင် အမှုထမ်းသည့် တိုင်းရင်းသားလူမျိုးစုအချို့နှင့်ပါ ဂျပန်ခေတ် ဘီအိုင်အေ ၀င်လာချိန်တွင် ပြဿနာတက်ခဲ့ဖူးသည်။

မျိုးချစ်စိတ် ပြင်းထန်လွန်းပါက အတ္တနောမတိ အခြေခံကာဖြစ်ပေါ်လာမြဲဖြစ်သည်။ ရခိုင်တွင် နှစ်ပေါင်း များစွာ အနည်ထိုင်ခဲ့သည့် ပြဿနာများမှာ ၂၀၁၅ ခုနစ်နောက်ပိုင်းတွင် မကျေနပ်မှု အရင်းခံ အမှတ် သရုပ်လက္ခဏာ နိုင်ငံရေးတောင်းဆိုမှု Identity Politics Upsurging အဖြစ် အားကောင်းစွာ ကြီးထွား နေကြပြီဖြစ်သည်။

လက်ရှိ အချိန်ကာလတွင် ကမ္ဘာ့နေရာအနှံ့အပြား ပေါ်ထွန်းလာနေသည့် အမှတ်သရုပ်လက္ခဏာ နိုင်ငံရေးပေါ်ထွန်းမှု၊ အားကောင်းမှုများသည် အစုအဖွဲ့ အမျိုးအစားအလိုက် နိုင်ငံရေးမကျေနပ်မှု အပေါ် အခြေခံအားကောင်းလာမှု ဖြစ်သည်ဟု ဖရန်စစ်ဖူကူယားမားက သူ့ရဲ့ Identity ဆိုသည့် စာအုပ်တွင် ထည့်သွင်း ပြောဆိုထားသည်။

စိုင်းထွန်းအောင်လွင်

Ref; ဦးထွန်းမြင့် ( ဖက်ဒရယ်မူဆိုတာ ဘာလဲ )

Francis Fukuyama; Identity

Rakhine State Politics a Major Barrier to Rohingya Return; ISEAS- Prof. Jerrard Mccarthy