ပဉ္စမံတပ်သား

သိန်းသန်းဦး

ဤအသုံးအနှုန်းက မူလမြန်မာစကားလုံးမဟုတ်ဟုထင်သည်။ ပညာရှင်များ၏အရာဖြစ်ပါ၏။ အင်္ဂလိပ်ဝီကီအဘိဓာန် တွင် ‘Fifth Column’ ပိုမိုကြီးမားသည့် လူအစုအဝေးတွင်ပါဝင်ပြီး တစ်ဖက်ရန်သူအစု သို့မဟုတ် နိုင်ငံအတွက် ဆောင်ရွက် သည့် လူအစုအဝေးဟု အဓိပ္ပာယ်ဖွင့်သည်။

ဒုတိယကမ္ဘာစစ်အကြို စပိန်ပြည်တွင်း စစ်ကာလတွင် အမျိုးသားရေးဝါဒီ (ဖက်ဆစ်လိုလားသူ) ဗိုလ်ချုပ်ကြီး အီမီလီ ယိုမိုလာက မက်ဒရစ်မြို့သိမ်းတိုက်ပွဲတွင် ဤစကားလုံးကို စတင်သုံးစွဲသည်ဟုဆိုသည်။ ၁၉၃၆ ခုနှစ် မက်ဒရစ်မြို့ကို ဖက်ဆစ်အမျိုးသားရေးတပ်များက စစ်ကြောင်းလေး ကြောင်း ဝိုင်းပတ်ပိတ်ဆို့ထား၏။ ဗိုလ်ချုပ် ကြီးအီမီလီယိုက မြို့ထဲတွင် ၎င်း၏ ပဉ္စမံစစ်ကြောင်း (Fifth Column) ရှိသည်ဟု သုံးစွဲရာမှ ပေါ်ပေါက်လာသည်ဟု ဆိုသည်။

စပိန်ဘာသာအားဖြင့် (Quinta-Columa)ဟုခေါ်သည်။ ကမ္ဘာကျော်စာရေးဆရာကြီးဟဲမင်းဝေးက စပိန်ပြည်တွင်းစစ် အကြောင်း ၁၉၃၈ တွင်ထုတ်ဝေသည့် ၎င်း၏တစ်ခုတည်းသော ပြဇာတ်ကို (The Fifth Column) ဟု အမည်ပေးခဲ့ရာမှ ကမ္ဘာ့စာပေနှင့် နိုင်ငံရေးနယ်ပယ်တွင် အသုံးတွင်ကျယ်လာခြင်းဖြစ်သည်။

ကျွန်တော်တို့ မြန်မာဘာသာမှာတော့ ‘ပဉ္စမံတပ်သား’ပေါ့။ ပဉ္စမံတပ်သားအကြောင်း တခုတ်တရာစာရေးချိန်ကျလာ ပြီဟုထင်သဖြင့် ကလောင်ဝင့်လိုက်ပါ၏။ ၂ဝဝ၈ ဖွဲ့စည်းပုံအောက်တွင် ပြည်သူလူထုက တစ်ခဲနက် ရွေးချယ်တင်မြှောက် လိုက်သည့်အစိုးရမှာ ခေါင်းတခြားကိုယ်တခြားဖြစ်နေသည်။

ဝန်ကြီး၊ ဒုဝန်ကြီးများက ပြည်သူ့အစိုးရ ကိုယ်စားလှယ်များဖြစ်သော်လည်း အောက်ကညွှန်ချုပ်မှ ပြာတာအထိမှာ စစ်အာဏာရှင် နှလုံးသားနှင့်လူဟောင်းများဖြစ်နေသည်။ မချစ်သော်လည်း အောင့်ကာနမ်းနေရသော်လည်း အခွင့်သာ သည်နှင့် ပညာပြတော့သည်။

၂ဝ၁၇ ခုနှစ် မတ်လအတွင်းက မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မန္တလေးမြို့တော်စည်ပင်သာယာ ရေးအဖွဲ့ဝန်ထမ်းများအား အမှာစကားပြောရာတွင် ကျူးကျော်သူများကိုဖယ်ရှားရာ၌ မင်းတို့ရွေးတဲ့အစိုးရခိုင်းတာပဲဟု နှစ်သီး စားတစ်ဦးကပြောကြောင်း ညွှန်ပြခဲ့သည်။

ဌာနပေါင်းစုံ နေရာတကာမှာ လက်ရှိအစိုးရအကျပ်အတည်းတွေ့စေရန် ရည်ရွယ်၍တစ်ကြောင်း၊ ပင်ကိုသဘာဝအရ ပင် အထက်စီးမစွန့်နိုင်၍ တစ်ကြောင်းအကြောင်းကြောင်းဖြင့် လူထုကိုဒုက္ခပေးနေရာ ‘ဘာမှမပြောင်းလဲပါ ဘူး’ဟူသောအသံ များ ပွက်လောညံလျက်ရှိသည်။

ပြည်သူလူထုက လက်ရှိအစိုးရအဖွဲ့ဝင်များမှာ သူခိုးများမဟုတ်ဟုယုံကြည်သည်။ သို့ရာတွင် လုပ်ငန်းနားမလည် မကျွမ်းကျင်ဟုထင်မြင်နေကြသည်။ ထိုသို့ဖြစ်အောင်လည်း ရည်ရွယ်ချက်ရှိရှိ အာဘော်ဖန်တီးနေကြသည်။

အားမနာတမ်းပြောရလျှင် ယခုအုပ်ချုပ်သူများကမှ ဆရာဝန်၊ ပါမောက္ခ၊ အင်ဂျင်နီယာ၊ ထိပ်တန်းပညာတတ်များဖြစ်ကြ သေးသည်။ ယခင်လူများက သူတို့တာဝန်ယူ သည့်ဌာနနှင့် ဘာမှမဆိုင်။

၁ဝ တန်းမအောင်သော ညွှန်ကြားရေးမှူးများ အရှင်မွေးနေ့ချင်းကြီးခဲ့သူများသာဖြစ်ကြပါသည်။ ဥပမာပြောရလျှင် စစ်အစိုးရခေတ်က စက်မှုလက်မှုအထက်တန်းကျောင်း THS အဆင့်ရှိသူတစ်ဦးကို စက်မှုဝန်ကြီးပင်ခန့်ခဲ့ဖူးသေးသည်။ ထို့ကြောင့်ပင် မန်ကျည်း-ထန်းလျက် မျိုးချန်ကျန်တာအကုန်ပို့တို့၊ ဝယ်သာမကောင်းလဲလိုက်ပေါ့ကွ တို့၊ ‘ခု PH ၇ ဆိုရင်၊ နောင်မှာ PH ၉ တို့ ၁ဝ တို့ရအောင်ကြိုးစား ပေါ့’စသည့် ပြောင်မြောက်လှသော အမိန့် တော်များနှင့်အတူ တစ်တိုင်းပြည်လုံး ဖွတ် ကျောပြာစု စီးပွားရေးဗုန်းဗုန်းလဲခဲ့ရခြင်း ဖြစ်ပါသည်။

သို့ဖြစ်လျှင် ဌာနများကို နိုင်နိုင်နင်းနင်း ဘာကြောင့် မကိုင်တွယ်နိုင်ကြပါသနည်း။ ကြိုးစားအားထုတ်မှုလို၍ဟုပင် ပြောရပါမည်။ စာသိပ်မတတ်သူများပင် လုပ်ခဲ့သည့်အလုပ်များကို ကိုယ်ကပညာရှင်ဖြစ်လေတော့ ရိုးရိုးကုပ်ကုပ်နှိမ့်ချပြီး တစ်ဘဝလုံး နှစ်၍ဆောင်ရွက်ဖို့လိုပါလိမ့်မည်။ ဌာန၏ သဘောသဘာဝ ဆက်နွှယ်ပတ်သက်သည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာသင်ယူရမည်။ ဝန်ထမ်းများကို မှန်မှန်ကန်ကန် စည်းရုံးနိုင်ဖို့လည်း လိုပါလိမ့်မည်။ ပင်ကို ပညာအရည်အသွေးတွင် နိုင်ငံရေးသမားတစ်ယောက်၏ စည်းရုံးရေး စွမ်းအင်ကြိုးကုတ်အားထုတ်မှုနှင့် ပေါင်းစပ် လိုက်လျှင်။ ‘မန်ကျည်းထန်းလျက်မျိုးချန်’တို့ကို မကျော်လွန်နိုင်စရာ ဘာမျှမရှိပါ။

 

သမ္မတ၊ ထွေအုပ်နှင့် ပုဒ်မ-၂ဝ၂

ကိုလိုနီခေတ်က သူကြီးဆ၊ ယ်အိမ်ခေါင်း၊ သဗြုသီးမြို့အုပ်၊ မြို့ပိုင်၊ ခရိုင်ဝန်တို့ဖြင့် မောင်းနှင်ခဲ့သော အုပ်ချုပ်ရေး ယန္တရားက ယခုတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖြစ်လာသည်။

နာဂစ်တွင် ကွယ်လွန်သူများကပင် တစ္ဆေအဖြစ်ပါဝင်မဲပေးခဲ့ကြသော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို အခန်း (၁၅)ခန်း (၁၅)နှစ်ကြာအောင်ရေးဆွဲခဲ့ကြသည်။ ထိုဖွဲ့စည်းပုံကြီးအရ အုပ်ချုပ်ရေးပင် မယန္တရားဖြစ်သော အဆိုပါဦးစီးဌာန က နိုင်ငံတော်၏အထွတ်အထိပ်ပုဂ္ဂိုလ်သမ္မတလက်အောက်တွင်မရှိ။ ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင်ရှိသည်။ ထိုပြည်ထဲ ရေးဝန်ကြီးဆိုသူမှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသူဖြစ်ရမည်။

ဤအခြေအနေတွင် အမြင်မတော်၊ ဆင်တော်နှင့်ခလောက်၊ ဘုရားကားအောက် မျောက်ကားအထက် ပြဿနာကို မည်သို့ ဖြေရှင်းနိုင်ပါမည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပြင်နိုင်သရွေ့ ပြည်ထဲရေးဝန်ကြီးကို သမ္မတကမခန့်နိုင်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂ဝ၂(က)အရ သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် ဝန်ကြီးဌာနများ တိုးချဲ့ခြင်း၊ လျှော့ခြင်း၊ ဖျက်သိမ်းခြင်း၊ ပေါင်းခြင်းများပြုလုပ်နိုင်ပေသည်။

သို့ဖြစ်ရာ နိုင်ငံတော်သမ္မတက ပုဒ်မ ၂ဝ၂ အရ ထွေအုပ်ဌာနကြီးကို ပြည်ထဲရေး လက်အောက်မှထုတ်ပြီး သမ္မတရုံး လက်အောက်သို့ ပို့ဆောင်နိုင်လျှင်ကား ပဉ္စမံတပ်သားတို့အန္တရာယ်မှ အတော်အသင့် ကာကွယ်နိုင်ပေလိမ့်မည်။

 

သိန်းသန်းဦး

မြန်မာနိုင်ငံရှေ့နေများကွန်ရက်