ဗမာတွေ မြင်ဖို့

ဗမာလူမျိုးကြီးဝါဒ ရှိနေတာ၊ အဲဒီလို ရှိနေတယ်ဆိုတာကို ဗမာအများစုက မမြင်တာဟာ ပြည်တွင်းစစ် သက်ဆိုး ရှည်ရခြင်း၊ မငြိမ်းချမ်းရခြင်း အကြောင်းရင်းတစ်ခုပဲ။

ဒီအဆိုကို ကန့်ကွက်မယ့်၊ ငြင်းမယ့်သူတွေ အများကြီးပေါ်လာမယ်ဆိုတာ ကျွန်မသိပါတယ်။ ဘာဖြစ် လို့လဲဆို တော့ လူများစုကြီးဖြစ်တဲ့ ဗမာတွေဟာကိုယ့်ကိုယ်ကိုယ် ဗမာလူမျိုးကြီးဝါဒီလို့ မမြင်ကြလို့ပါ။

ဗမာလူမျိုးကြီးဝါဒရှိတယ်လို့ပြောတဲ့သူဟာ ဖြိုခွဲရေးသမားပဲလို့ ဗမာနိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ် ဦးကပြောဆို တာကိုတွေ့ရတာကြောင့် ဒီစာကိုကျွန်မရေးဖြစ်တာပါ။ (ကျွန်မကကိုယ့်ကိုယ်ကိုယ် လူကိုလူလို့မြင်တဲ့ လူတစ်ယောက်လို့ ပဲမှတ်ယူပါတယ်။ ဒါပေမယ့် ရွေးချယ်ခွင့်မရှိတဲ့ မွေးဖွားခြင်းအကျိုးပေးအရ ဗမာသွေး ရာခိုင်နှုန်းများများရောနှောနေတဲ့ လူတစ်ယောက်၊ National identity နဲ့ လူမျိုးစုတထပ်တည်းကျနေတဲ့ မှတ်ပုံတင်ကတ်ပါ ဗမာ-ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်နေတာကြောင့်၊ ဒီနေရာမှာ ဗမာမှုပြုခြင်းနဲ့ ဗမာလူမျိုးကြီးဝါဒအကြောင်း ဗမာအချင်းချင်းဗမာတွေကို ပြောခွင့်ရှိတယ်လို့ မြင်ပါတယ်။ ဒါဟာပြည်ထောင်စုမှာ ဗမာနဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေအကြား တန်းတူညီမျှရေး၊ တရားမျှ တရေး၊ ပြန်လည်သင့် မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပါတယ်။)

တကယ်တော့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပြီးကိန်းဝပ်နေတဲ့၊ မြင်လွှာမှာ တိမ်သလ္လာဖုံးကာခံထားရတဲ့ ဒီလူမျိုးကြီး ဝါဒ အနာစိမ်းရှိနေတယ်ဆိုတာကို အရှိအရှိအတိုင်း ဖွင့်ထုတ်သိမြင်လက်ခံကြ၊ ဆွေးနွေးကြ၊ ဆင်ခြင်ကြ၊ ပြုပြင်ပြောင်း လဲကြတာကြောင့် ပြည်ထောင်စုကြီး ပြိုကွဲစရာမရှိပါဘူး။ ဒီအနာစိမ်းဝါဒကြီးကို မျက်ကွယ်ပြုပြီးနေရင်သာ အနာပိုရင်းပို ဆိုးမယ့် ဆိုးကျိုးရှိတာပါ။

ဗမာလူမျိုးကြီးဝါဒရှိတယ်ဆိုတာကို လက်မခံကြသရွေ့၊ မချေချွတ်ကြသရွေ့ အမျိုးသားပြန်လည် ရင်ကြားစေ့မှုရမှာ မ ဟုတ်ဘူး။ ပြည်တွင်းစစ်တွေရပ်စဲမှာမဟုတ်ဘူး။ ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှာမဟုတ်ဘူး။ ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စုအိပ်မက် ရွှေပြည်တော်မျှော်တိုင်းဝေးဦးမှာပါ။ ဒါကြောင့် ဒီဝါဒကိုသာ ဆေးကြောဖောက်ထုတ် ကုသ သင့်တာပါ။ ဒီလို ကုသဖို့ တာဝန်ဟာလည်း ဗမာတွေကိုယ်တိုင်မှာသာ တာဝန်လုံးလုံးရှိတယ်လို့ မြင်ပါတယ်။

ဒီတော့ ဗမာအရပ်သားပြည်သူ လူများစုအမြင်မှာ ဒီဝါဒက ငညလငျငဘူန ဖြစ်နေစေအောင် ဘယ်အရာတွေက ဖုံးကွယ်ထားသလဲ။ ဒါမှမဟုတ် ငါညသမညေခန ဖြစ်နေကြတာလား။ ဗမာတွေကို ဖိနှိပ်သူလူမျိုးစုလို့ ကျန်လူမျိုးစုတွေက ဘာကြောင့်ရှုမြင်ကြပြီး ဗမာတွေကိုယ်တိုင်ကျတော့ ကိုယ့်ကိုယ်ကိုယ်ဘာကြောင့် အဲဒီလိုမမြင်ကြတာလဲ ဆိုတာကို ကျွန်မ တို့တွေ နားလည်အောင် စောကြောကြဖို့ လိုပါတယ်။

”တခြား ဘယ်တိုင်းရင်းသားလူမျိုးစုအပေါ်မှာမှ တို့က မတရားသဖြင့် သဘောမထားဘူး၊ မဆက်ဆံဘူး။ တိုင်းရင်း သားတွေကိုတို့ကချစ်တာပဲ”လို့ အရပ်သားပြည်သူ ဗမာတွေကယုံကြည်ကြပါတယ်။ လူမျိုးရေး ခွဲခြားမှုဟာ လူပုဂ္ဂိုလ်တစ်ဦး ချင်းနဲ့ပဲသက်ဆိုင်တယ်၊ လူတစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းမတူ၊ အပြုအမူချင်းမတူကြလို့ လူတစ်ယောက်ချင်းစီ ကောင်းမှုမကောင်းမှုအပေါ်မှာသာ မူတည်တယ်၊ စနစ်ကြီးနဲ့ ဝါဒကြီးနဲ့ ခွဲခြားထားတာမရှိဘူးလို့လည်း ယူဆတတ်ကြ ပါတယ်။

ဗမာအများစုရဲ့ အမြင်ကတော့ ”စစ်အာဏာရှင်ရဲ့ဖိနှိပ်မှုဒဏ်ကို ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေ ခံစားရ သလို ဗမာတိုင်းရင်းသားလူမျိုးစုလည်း ခံစားရတာပဲ၊ အာဏာရှင်ဖိနှိပ်မှုဒဏ် ခံကြရတာ အတူတူပဲ”ဆိုတဲ့ အမြင်ပါ။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ချေမှုန်းခံရပုံနဲ့ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးကာလဟာ သက်သေတွေပေါ့။ နောက်ပြီး ”ဆင်း ရဲနွမ်းပါး ဒုက္ခရောက်မှုကို တိုင်းရင်းသားဒေသတွေမှာခံစားရသလို ဗမာအများစုနေထိုင်ရာဒေသတွေမှာလည်း ခံစားနေရ တာ အတူတူပဲ။ အညာမှာဆို စားစရာတောင်မရှိတဲ့ ဗမာတွေအများကြီးပဲ”လို့ ပြောကြပါတယ်။ ”စစ်တပ်ဟာ ဗမာအများ စုပါတဲ့ စစ်တပ်ဖြစ်တာကိုထောက်ပြီး စစ်တပ်လုပ်သမျှဟာ ဗမာလုပ်တာပဲလို့ အခြားတိုင်းရင်းသားတွေက မဆီမဆိုင်ရော မြင်တာဟာ မတရားဘူး”လို့လည်း အမြဲတစေ ငြင်းချက်ထုတ်လေ့ ရှိကြပါတယ်။ ”ဗမာလူမျိုးကြီးဝါဒက ငါနဲ့ဘာဆိုင်လို့လဲ၊ ငါလည်း ဘယ်တိုင်းရင်းသားကိုမှ မတရားမလုပ်ဘဲနဲ့”လို့ ဗမာတစ်ယောက်ကတွေးမိနိုင်ပါတယ်။

ဒါပေမယ့် တကယ်တော့ လူမျိုးကြီးဝါဒဆိုတာဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းကို ပြောတာမဟုတ်ပါဘူး။ စနစ်အရ ဒီဝါဒ တစ်ခုကနေ အကျိုးကျေးဇူးခံစားနေရတာကို လူမျိုးကြီးဝါဒလို့ခေါ်တာပါ။ ကိုယ်တိုင်ကျူးလွန် တာမဟုတ်ပေမယ့် ကျူးလွန် တဲ့စနစ်ကနေ အကျိုးကျေးဇူးကို ခံစားခွင့်ရတာကလည်း လူမျိုးကြီးဝါဒပါပဲ။

ဗမာဖြစ်တာကြောင့်မို့လို့ရနေတဲ့ အလိုအလျောက်အခွင့်အရေး၊ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေထက်စာရင် အကျိုး ခံစားခွင့်ပိုရှိတဲ့ invisible privilegeတွေရှိပါတယ်။ တကူးတက ပိုကြိုးစားအားထုတ်တွန်းဖွင့်စရာမလိုဘဲ ဗမာဖြစ်နေမှု ကြောင့်ပွင့်တဲ့ invisible doorတွေရှိပါတယ်။

ခါကာဘိုရာဇီကနေ ဝိတိုရိယအငူအထိ၊ ရှမ်းကုန်းပြင်မြင့်အရှေ့စွန်းဆုံးအချွန်းလေးကနေ ရခိုင်အနောက်စွန်းဆုံးအထိ၊  မြန်မာနိုင်ငံမြေပုံ ဧရိယာတစ်ခုလုံး အရှေ့, အနောက်, တောင်, မြောက် တစ်နိုင်ငံလုံးကို ငါတို့မြန်မာပြည်လို့ ဗမာတိုင်းရင်း သားလူမျိုးစု လူများစုကမြင်ကြ ခံစားမိကြတတ်ပါတယ်။ ဒါပေမယ့် ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစု အများအပြားရဲ့ အမြင်မှာတော့ အဲဒီ့လို တစ်နိုင်ငံလုံးကို ငါတို့ပြည်လို့ မခံစားနိုင်အောင်၊ ကိုယ်နေထိုင်ရာဒေသကိုပဲ ကိုယ့်ပြည်လို့ မှတ်ယူရ အောင် နှစ်ပေါင်း ၇ဝကျော် ခါးသီးတဲ့သမိုင်းက ဟန့်တားခံထားရပါတယ်။

လူမျိုးစု အချင်းချင်းကြားမှာ တန်းတူညီမျှမှုမရှိဘူးလို့ ဗမာမဟုတ်တဲ့လူမျိုးစုတွေက မြင်နေကြချိန်မှာ ဗမာတွေကတော့ အဲ ဒီလို မမြင်ကြပါဘူး။ ပွဲလမ်းသဘင်တွေမှာ အရောင်အသွေးစုံလှပတဲ့ တိုင်းရင်းသား ဝတ်စုံဝတ်ဖျော်ဖြေကပြမှုရှိတာ၊ တိုင်းရင်း သားဝတ်စုံလေးတွေကြိုက်တာ၊ ရခိုင်မုန့်တီကြိုက်တာ၊ နန္ဒာလှိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊ နေတိုး၊ သက်မွန်မြင့်၊ လေး လေးဝါး၊ လုလုအောင်တို့ကိုအားပေးတာ အစရှိတာတွေဟာ ဗမာတွေကလူမျိုးမခွဲခြားအားလုံးကို တပြေးညီစိတ် ထားတာပဲ လို့ပြောကြပါတယ်။ တိုင်းရင်းသားဒေသတွေကို ဗမာတွေကခရီးထွက်နေကြတာပဲ၊ မခွဲခြားတတ်ဘူးလို့လည်း ဆိုပြန်ပါ တယ်။ ဒါပေမယ့် အဲဒီလို စားကောင်းတဲ့အစားအစာကို ကြိုက်တာ၊ celebrity ကိုကြိုက်တာ၊ ခရီးသွားတွေအတွက် လမ်း ပန်းပွင့်တဲ့ သာယာလှပတဲ့ နေရာကွက်ကွက်လေးတွေကို သွားတာဟာ ပြည်တွင်းစစ်ပဋိပက္ခဒဏ်ကို ခံစားနေခဲ့ရတဲ့ ဒေသ ခံလူမျိုးစုတွေအကြောင်းကို နားလည်မှုလို့ ပြောလို့မရပါဘူး။ ဟိုင်းဝေးလမ်းမကြီးတွေ၊ ဖွံ့ဖြိုးမှု အထိုက်အလျောက်ရှိတဲ့ ပြည်နယ်မြို့တော်လေးတွေ၊ ရှုမဆုံးအောင်လှပတဲ့တောင်တန်းနယ်တွေရဲ့ မျက်နှာပြင်အောက်မှာတော့ သမိုင်းခါးခါးတွေ အပြည့်ပါ။ ၁၉၇၃ခုနှစ် ထုတ် စိုင်းခမ်းလိတ်ရေးပြီး၊ စိုင်းထီးဆိုင်ဆိုခဲ့တဲ့ ”တောင်ပေါ်မြေရဲ့ တခြားတစ်မျက်နှာ” ဆိုတဲ့ သီချင်းကို နားဆင်ခံစားကြည့်ကြစေ ချင်ပါတယ်။

”ကဗျာဆရာတွေ၊ ဒါရိုက်တာတွေနဲ့ သီချင်းစပ်ဆရာတွေ၊ စာရေးဆ ရာတွေ မြင်တာတွေ ပြန်ပြန်ပြီးပြောပြတာတွေ တကယ်ထပ်လို့နေ၊ တောင်ပေါ်မြေရဲ့လှပမှုကိုသာ မြင်ကာနေတဲ့ ပရိသတ်များမလေ၊  တောင်ပေါ်မြေရဲ့တစ်ခြားတစ်ဖက် တစ်မျက်နှာမှာ ဘာတွေရှိမှန်းမသိကြပေ၊ တောင်ပေါ်မြေရဲ့ တခြားတစ်ဖက်မျက်နှာမှာ ချယ်ရီတွေလည်း ယမ်းနံ့စွဲနေ၊ သာ ယာတယ်ဆိုတဲ့ ထင်းရှူးတောတွေဟာ လောင်ရာတွေနဲ့ရုပ်ပျက်နေ၊ မြင်စရာတွေ တကယ်တမ်းပြောပြစရာတွေ ပုံလို့သာ နေ၊ အစ်ကိုတို့ရေ…ပျော်နေတဲ့ အိပ်မက်ကနေ အပြင်ထွက်ခဲ့လေ…” တဲ့။

မြန်မာနိုင်ငံမှာ ”တိုင်းရင်းသားလား”လို့ မေးလိုက်တဲ့မေးခွန်းဟာ ဗမာမဟုတ်တဲ့လူမျိုးစုတစ်ခုခုကလားလို့ ဆိုလိုတာ ဖြစ်နေပါတယ်။ တိုင်းရင်းသားဆိုတာကို ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတစ်ခုခုကိုပဲ ဗမာ့လူ့အဖွဲ့အစည်းမှာ ရည်ညွှန်း လာခဲ့တာ နှစ်အတော်ကြာပါပြီ။ တကယ်တော့ ဗမာကိုယ်တိုင်ဟာလည်း တိုင်းရင်းသားလူမျိုးစုတစ်ခုပဲဆိုတာကို မေ့လျော့ သတိမမူမိတော့ဘဲ ဗမာကပင်မလူမျိုး၊ ကျန်လူမျိုးစုတွေကတော့ တိုင်းရင်းသားတွေဆိုတဲ့ အသွင်ဟာ ဗမာကြီးစိုးထားခဲ့တဲ့ အုပ်ချုပ်ရေးကာလ အဆက်ဆက်မှာ ဖြစ်ပေါ်စေခဲ့ပါ တယ်။

ဗမာဟာ တိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်ပြီး မြန်မာကတော့ တိုင်းရင်းသားလူမျိုးစု အားလုံးကို ကိုယ်စားပြုတဲ့အမည်လို့ နိုင်ငံ အမည်ကိုပြောင်းခဲ့တဲ့ စစ်အစိုးရက တရားဝင်ထူထောင်ခဲ့ပါတယ်။ ဒါပေမယ့် ရုံးသုံးဘာသာစကားဖြစ်တဲ့ မြန်မာစ ကားဟာ ဗမာလူမျိုးစုရဲ့စကားဖြစ်ပြီး မြန်မာစာဟာ ဗမာစာဖြစ်တာကိုကြည့်ရင် မြန်မာနဲ့ဗမာဟာ အတူတူပဲ၊ National identity နဲ့ လူမျိုးစု နှစ်ပေါက်တစ်ပေါက်ရိုက်တာပဲ ဆိုတာ အရှင်းကြီးပါ။

ဗမာမှုပြုခံရခြင်းကို ဥပမာတစ်ခုပြောရရင်- ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ လူ့လောကထဲရောက်ရောက် ချင်း မွေးစာရင်းမှာကတည်းကခံစားကြရသလို မွေးစာရင်းမလုပ်နိုင်သူတွေဟာလည်း သူငယ်တန်းစတက်ကတည်းက ခံကြရလေ့ရှိပါတယ်။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုဝင်အများစုမှာ လူတစ်ယောက်ကို နာမည်နှစ်မျိုး ပိုင်ဆိုင်ထား ကြရပါတယ်။ မိခင် ဘာသာအမည်နဲ့ ဗမာအမည်ပါ။ ကျောင်းစအပ်ချိန်မှာ ဗမာတိုင်းရင်းသားလူမျိုးစုဝင် ဆရာမဖြစ်သူက ကျောင်းသားကလေးငယ်ရဲ့တိုင်းရင်းသား ဘာသာစကားအမည်ကိုမခေါ်တတ်တာ၊ ခေါ်ဖို့ရေးဖို့ခက်တာစတဲ့ အကြောင်းပြ ချက်တွေကြောင့် ဗမာနာမည်ကို ဆရာမစားပွဲမှာတင် အမည်ပေးကင်ပွန်းတပ်ပြီး ဖောင်ထဲဖြည့်ထည့်လိုက်တတ် ကြတာ လည်းအများအပြားပါ။ ကိုယ့်နာမည်မဟုတ်တဲ့ ကိုယ်မပေးတဲ့ ဗမာနာမည်နဲ့ နေဖို့ဖြစ်လာရသူတွေ အများကြီးရှိပါတယ်။

မူလတန်းမှာ ပညာစသင်ကတည်းက ဗမာဘာသာစကားနဲ့ စာသင်ကြားရတယ်။ ဗမာကလေးငယ် တစ်ယောက်အ တွက် ဒါဟာ ဘာမှမထူးဆန်းပေမယ့် နယ်စပ်ဒေသတစ်လျှောက်က ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစု ကလေးငယ် အတွက်တော့ အခက်အခဲတစ်ခုပါပဲ။ မိခင်ဘာသာစကားမဟုတ်တဲ့ ဗမာဘာသာစကားကို တစ်ဆင့်ဘာသာပြန်ပြီး နား လည်အောင်လုပ်ကြရတဲ့အခါ ဗမာကလေးငယ်ထက်နှစ်ဆပို အခက်အခဲကြုံကြရပါတယ်။ ဒါ့အပြင် ကဗျာတွေ၊ စကားပြေ တွေ၊ ဇာတ်ထုပ်တွေ အရာရာဟာ ဗမာ့ရိုးရာယဉ်ကျေးမှုတွေပဲ ဖြစ်နေပြန်တယ်။ မြန်မာ့သမိုင်းဆိုတာကိုသင် ကြတဲ့အခါမှာ လည်း မြန်မာနိုင်ငံလို့ခေါ်တဲ့ နိုင်ငံအတွင်းက တိုင်းရင်းသားလူမျိုးစုအသီးသီးကို ကိုယ်စားမပြုဘဲ ဗမာတိုင်းရင်းသား လူမျိုး စုရဲ့သမိုင်းရာဇဝင်နဲ့ သားအဖချင်း မိသားစုချင်း ဆွေမျိုးချင်း အပြန်အလှန် သတ်ဖြတ်နန်းလုပွဲတွေ၊ တိုင်းရင်းသားလူ မျိုးစု၊ လူနည်းစုတွေအပေါ် ဘယ်လိုနှိမ်နှင်းခဲ့ပုံ၊ ဗမာအင်ပါယာကြီးကြီးကျယ်ခမ်းနားခဲ့ ပုံတွေကိုသာ သင်ကြရပြန်တယ်။ ကျောင်း မှာ တံမြက်စည်းလှည်းသန့်ရှင်းရေးလုပ်တာကအစ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရားစတဲ့ အသင်းဝင်တွေအဖြစ် ဗမာအင်ပါယာဟောင်းတွေကို ကိုယ်စားပြုစရာကြုံရတယ်။ တောင်သုံးလုံးလောက် ခြေကျင် လျှောက်ကျော်ဖြတ်ပြီး ခနော်နီခနော်နဲ့ မည်ကာမတ္တဝါးတဲကျောင်းလေးမှာ မိခင်ဘာသာစကားမဟုတ်တဲ့ သိပ် နားမလည် တဲ့ဘာသာစကားနဲ့ သင်နေရတဲ့၊ ကိုယ့်ရိုးရာမဟုတ်တဲ့ မကျွမ်းဝင်တဲ့ရိုးရာမှာ အသင်ခံရတဲ့၊ ကိုယ့်သမိုင်းမဟုတ်တာကို ကိုယ့်သမိုင်းအဖြစ်အသင်ခံရတဲ့၊ ကလေးငယ်တွေ အများကြီးတွေ့ဖူးပါတယ်။ တရားဝင်ရုံးသုံးဘာသာစကားအဖြစ် ဘာသာ စကားတစ်ခုတည်းကိုသုံးမှ အဆင်ပြေမယ် ဆိုရင်တောင်မှ နိုင်ငံရဲ့ ၄ဝရာခိုင်နှုန်းရှိ တယ်ဆိုတဲ့ ကျန်လူမျိုးစုတွေဟာလည်း သူ တို့ရဲ့မိခင်ဘာသာစကားကို သူတို့ထိန်းသိမ်း မြှင့်တင်ခွင့်၊ မိခင်ဘာသာစကားနဲ့ စာသင် ကြားခွင့်ရှိသင့်တယ်ဆိုတဲ့ အချက်ကို ဗမာ တွေက လက်ခံအကောင်အထည်ဖော်ရမှာပါ။ ဗမာအများစုလွှမ်းမိုးထားတဲ့ အစိုးရ အဆက်ဆက်အနေနဲ့ နယ်စပ်ဒေသတွေ ဝေးလံခေါင်ဖျားဒေသတွေမှာ စာသင်ကျောင်းအပါအဝင် အခြေခံအဆောက်အအုံပြည့်စုံအောင် မလုပ် ပေးနိုင်၊ ဆရာ/ ဆရာမ လောက်လောက်ငငမရှိ၊ ရှိတဲ့ ဆရာ/ဆရာမတွေကလည်း ဒေသခံတိုင်းရင်း သားလူမျိုးဘာသာ စကားကို မတတ်၊ ဒေသခံကျောင်းသားတွေကလည်း ဗမာစကားကို မတတ်တဲ့ နေရာတွေအများအပြားရှိနေတာမို့ မိခင်ဘာသာစကားနဲ့သင်ကြားခွင့်ကိုအပြည့်အဝ အကောင်အထည်ဖော်ရပါမယ်။

အိမ်နီးချင်း တရုတ်နိုင်ငံဟာလည်း လူများစုဟန်တွေအပါအဝင် လူမျိုးစု(၅၆)ခုရှိတဲ့ လူမျိုးပေါင်းစုံနိုင်ငံဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တရုတ်ဟာ အတုယူစရာနိုင်ငံတော့မဟုတ်ပါဘူး။ ဒါပေမယ့် တရုတ်ပြည်မမှာ မန်ဒရင်းဟာ တရားဝင်နိုင်ငံတော်ဘာသာစကားဖြစ်ပြီး လူနည်းစုလူမျိုးစုတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာလည်း လူမျိုးစုဘာသာစကားတွေကို တရားဝင်ဘာသာစကားတွေအဖြစ် လက်ခံကျင့်သုံးကြတယ်။ တရားဝင် စာရင်းတွေအရ တရုတ်နိုင်ငံအတွင်းမှာပြောဆိုနေကြတဲ့ ဘာသာစကားပေါင်း သုံးရာလောက်ရှိပါတယ်။ လက်ရှိ တရုတ်နိုင် ငံကိုသွားကြည့်မယ်ဆိုရင် ဒေသအလိုက် တိုင်းရင်းသားလူမျိုးစု လူနည်းစုတွေရဲ့ သရုပ်လက္ခဏာတွေကို မြင်သာထင်သာ မြှင့်တင်ပေးထားတာကို မြင်ရပါတယ်။ အနီးစပ်ဆုံး ဥပမာကြည့်ရင် ယူနန်ပြည်နယ်မှာ ကချင်လူမျိုးတွေရှိရာမြို့တွေမှာ ကချင်သရုပ်လက္ခဏာ၊ ရှမ်းတွေရှိရာမြို့တွေမှာ ရှမ်းသရုပ်လက္ခဏာတွေ တစ်မြို့လုံး ကြည့်လေရာရာ လွှမ်းမိုးထားတဲ့မြို့ တွေရှိပါတယ်။ ဒီလူမျိုးစုတွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးစုအုပ်စုတွေထဲ ပါဝင်သူတွေလည်း ဖြစ်ပါတယ်။ ဒါပေ မယ့် မြန်မာနိုင်ငံမှာထက် တခြားနိုင်ငံမှာ ပိုအသိအမှတ် ပြုခံနေရတဲ့ အသွင်ပါ။

ဒါ့အပြင် ဘာသာနဲ့လူမျိုးဟာ အတူတူမဟုတ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ဗမာဆိုရင် ဗုဒ္ဓဘာသာပဲဆိုတဲ့ အလိုအ လျောက်ထင်မြင်ယုံကြည်ချက်က အသားကျနေပြန်ပါတယ်။ ဒါကို နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်ကတ်) ပြုလုပ် ချိန်မှာ ကြုံကြရလေ့ရှိကြောင်း ဗမာမဟုတ်တဲ့လူမျိုးစုတွေက မကြာခဏဖွင့်ဟ ပြောဆိုလေ့ရှိပါတယ်။ ဗမာ/ဗုဒ္ဓလို့ ကတ် ပြားမှာ အဖြည့်ခံရလေ့ရှိသလို ဗမာ/ဗုဒ္ဓဆိုရင် အိုင်ဒီရဖို့အဆင်ပြေတယ်ဆိုတဲ့ ဖြစ်စဉ်တွေကို ပြောပြကြသူ အများအပြားပါ။

လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့နိုင်ငံမှာ ဗုဒ္ဓဘာသာကို တရားဝင် နိုင်ငံတော်ဘာသာအဖြစ် သတ် မှတ်တာ၊ သာသနာရေးဝန်ကြီးဌာနကို ကြည့်လိုက်ရင်လည်း နိုင်ငံမှာရှိတဲ့ ဘာသာအားလုံးကိုကိုယ်စားမပြုဘဲ ဗုဒ္ဓဘာ သာတစ်ခုတည်းကိုသာ promote လုပ်တာ၊ ဗုဒ္ဓဘာ သာဆိုင်ရာ ပွဲလမ်းသဘင်တွေကို ဆယ့်နှစ် လရာသီ လော်စပီကာ တွေနဲ့ ကျယ်ကျယ်လောင်လောင် နေ့ရောညပါ ကြိုက်သလိုကျင်းပလို့ ပြဿနာမဖြစ်ပေမယ့် ကျန်ဘာသာတွေမှာ အဲဒီလို လုပ်နိုင်ခွင့်မရှိနေပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ကိုယ့်ခြံဝန်းထဲမှာ ကိုယ်ခရစ္စမတ်ပွဲကျင်းပသူတွေကို  ခဲတွေနဲ့ပေါက် ဖျက်ဆီးပြီး မတရားဗိုလ်ကျမှု ဖြစ်ခဲ့သေးတယ်မဟုတ်လား။ တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းတည်ထောင်ခဲ့တဲ့ ပြည် ထောင်စုရဲ့ ကျောင်းသင်ရိုးညွှန်းတမ်းမှာ ဗမာလူမျိုးရဲ့ဖြစ်တည်မှုက နေရာအများဆုံးယူထားတာ၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်အကြောင်းပြောတဲ့အခါ ဗမာလူမျိုးရဲ့ သမိုင်းကြောင်းနဲ့ အမွေအနှစ်ကိုသာ အလိုအလျောက်ဦးတည်တာ၊ တခြားတိုင်းရင်းသားလူမျိုးစုတွေဟာ ပွဲလမ်းသဘင်မှာ ဝတ်စုံဝတ်ကပြရုံ တိုကင်အဖြစ်ထက် မပိုတာ၊ National identity ဆိုရင် ဗမာ့ဝိသေသလက္ခဏာကိုသာ ရှေ့တန်းတင်တာ၊ အစရှိတာတွေဟာ ဗမာမှုပြုခြင်းနဲ့ ဗမာလူမျိုးကြီးဝါဒရဲ့ ခြေရာ လက်ရာတွေပါပဲ။ ကျန်တိုင်းရင်းသား လူမျိုးစုတွေနဲ့မတူဘဲ ဗမာကြီးစိုးတဲ့အုပ်ချုပ်သူတွေရဲ့ စနစ်အောက်မှာ  ဗမာတွေအ ကျိုးကျေးဇူး ရတာတွေပဲဖြစ်ပါတယ်။

နိုင်ငံရဲ့ အရင်းအမြစ်တွေကို မျှမျှတတခွဲဝေမှုမရှိတာ၊ ဗမာမဟုတ်တဲ့တိုင်းရင်း သားလူမျိုးစုဒေသ ပြည်နယ် တွေဆီကနေ ထွက်သမျှကို ဗဟိုအစိုးရဖြစ်တဲ့ ဗမာတွေကနေ ထိန်းချုပ်နေခဲ့ပြီး ပြန်အသုံးချမှုမှာတော့ ပြည်နယ်အတွက် နည်းနည်းနဲ့ ဗမာအများစုနေထိုင်ရာ ပြည်မဖွံ့ဖြိုးရေးအတွက်များများ ဖြစ်နေခဲ့တာတွေဟာ ငြင်းမရတဲ့အချက်ပါ။ အခုထက် ထိတောင် ပြည်နယ်ကထွက်တာရဲ့ ၃ဝရာခိုင်နှုန်းကို ပြည်နယ်ဖွံ့ဖြိုးရေး ပြန်သုံးပေးဖို့ဆိုတာကိုတောင် မပေးနိုင်ကြသေးဘူး မဟုတ်လား။ တကယ်တော့ ပြည်နယ်တွေရဲ့သယံဇာတက မြန်မာတစ်နိုင်ငံလုံးကို ကျားကန်ပေးထားတဲ့ ပင်မဒေါက် တိုင် တွေပါ။ ဒီနေရာမှာ ပြည်တွင်းငြိမ်းချမ်းရေးဟာ သယံဇာတခွဲဝေရေး၊ အာဏာခွဲဝေရေး သက်သက်တော့လည်း မကပါဘူး။ အဲဒါတွေနဲ့အတူ ပိုကျယ်ပြန့်တဲ့လူမျိုးစု တွေအချင်းချင်းကြား တန်းတူညီမျှရေး၊ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ရှိရေးတွေ အ များကြီးရှိနေတာပါ။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးစတင်ခဲ့တဲ့ ၂ဝ၁၁ခုနှစ် နောက်ပိုင်းမှာလည်း ဒီတံခါးဖွင့်မှုကို ဗမာတိုင်းရင်းသား လူမျိုးစုလူများစုနေထိုင်ရာ ပြည်မဒေသမှာခံစားရပေမယ့်၊ နယ်စပ်ဒေသက ဗမာမဟုတ်တဲ့ တိုင်းရင်းသား လူမျိုးစုတွေက တော့ တိုက်ပွဲတွေနဲ့ စစ်ဘေးဒဏ်ကို ဆက်ခံစားနေရဆဲပါ။ အာဏာရှင်ဖိနှိပ်မှုကို ခံရတာချင်းအတူတူပဲလို့ ညီမျှခြင်းချကြ ပေမယ့်တကယ်တမ်းမှာတော့ ဗမာမဟုတ်တဲ့တိုင်းရင်းသား လူမျိုးစုတွေဟာ နှစ်(၇ဝ)ကျော်ပြည်တွင်း စစ်ကြောင့် ပိုခံစား ကြရပါတယ်။ ပဋိပက္ခ ဒေသတွေကဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစု အရပ်သားပြည်သူတွေဟာ နေရပ် စွန့်ခွာပြေး လွှားစစ်ဘေးရှောင်ရတာတွေ၊ ဒုက္ခသည်စခန်းတွေ၊ မြေမြုပ်မိုင်းတွေ၊ ဒေသခံအရပ်သားတွေကို မိုင်းရှင်းလူသားအဖြစ် အသုံးချခံရတာတွေ၊ ဥပဒေအထက်က တရားစီရင်မှုတွေ၊ ရွာလုံးကျွတ် သေလုမြောပါး ထွက်ပြေးရတာတွေ၊ ကိုယ့်ရွာမှာ ကိုယ်နေရင်း အရိုက်အနှက်ခံရတာတွေ၊ ဖမ်းဆီးခံရတာတွေ၊ အသားလွတ်ပစ်သတ်ခံရတာတွေ၊ မုဒိမ်းမှုအပါအဝင် တရား မျှတမှုမရတဲ့ အမှုတွေ၊ မရှိ,ရှိတာရှာကြံပြီး ရိက္ခာပေးရတာတွေ၊ အဓမ္မ လုပ်အားပေးရတာတွေစတဲ့ ဖိနှိပ်မှုပေါင်းများစွာကို ခံကြရပြီး ဒီပြည်တွင်းပဋိပက္ခကြောင့် ကိုယ်လက်အင်္ဂါ ပျက်စီးရသူတွေ၊ အသက်ဆုံးရှုံးရသူတွေ နေ့စဉ်ရှိနေတာပါ။ ဗမာ ပြည်သူတွေလဲ ဆင်းရဲနေကြတာပဲ၊ ဖိနှိပ်မှုကို ဗမာတွေလဲခံရတာအတူတူပဲ ဆိုပေမယ့်၊ ဗမာမဟုတ်တဲ့ တိုင်းရင်းသား လူမျိုးစုဒေသတွေမှာ အဲဒီလို စားစရာမရှိ၊ နေစရာမရှိ ဆင်းရဲနွမ်းပါးမှုအ ပြင် အထက်မှာ ဖော်ပြခဲ့တဲ့ မလိုလားအပ်တဲ့ တရားမျှတမှုမရှိတဲ့ အတိဒုက္ခတွေ ပဋိပက္ခအနိဋ္ဌာရုံတွေကို နေ့စဉ်ရင်ဆိုင်နေကြရတာပါ။ ဘယ်အချိန် ကိုယ့်အပေါ်ကျလာ မယ်မှန်းမသိတဲ့ ကျည်ဆံတွေကိုကြောက်လန့်ရင်းကျီးလန့်စာစားရှင်သန်နေရတဲ့ဘဝတွေပေါ့။ ဗမာမဟုတ်တဲ့တိုင်းရင်းသား လူ မျိုးစုတွေဟာသူတို့ရဲ့အိမ်၊ သူတို့ရဲ့ရွာ၊ သူတို့ရဲ့ ဒေသ၊ သူတို့ရဲ့နေရာမှာ နေရင်းထိုင်ရင်းနဲ့ စစ်ဘေးဒဏ်ကို ခံရတယ်။ ငါတို့ ရှမ်းပြည် နယ်မှာ ငါတို့နေရင်း၊ ငါတို့ကချင်ပြည်နယ်မှာ ငါတို့နေရင်း၊ ငါတို့ရခိုင်ပြည်နယ်မှာ ငါတို့နေရင်း၊ ငါတို့က ရင်ပြည်နယ်မှာ ငါတို့နေရင်း နှိပ်စက်တာခံရတယ်လို့ ခံစားကြတယ်။ အခု ရခိုင်ပြည်နယ်က ပဋိပက္ခကို ကြည့်ရင်လည်း ဗမာတွေကတို့တွေဟာ ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံရဲ့အနောက်တံခါးကို ကာကွယ်ပေးနေတာလို့ မြင်ကြပြီး၊ ရခိုင်တွေက တော့ မြန်မာစစ်တပ်နဲ့ရဲတွေက ရခိုင်နယ်မြေထဲ ဝင်အုပ်ချုပ်နေကြတာလို့ မြင်ကြပါတယ်။

”ဗမာနဲ့ အာဏာရှင်ကို ခွဲမြင်ပါ” လို့ ဗမာတွေကချေပလေ့ရှိပါတယ်။ အာဏာရှင်ဟာ ဘာသာ,လူမျိုးမခွဲခြားဘဲ အား လုံးကိုဖိနှိပ်တာပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ သမိုင်းအဆက်ဆက် ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သူ အာဏာရှင်အဆက် ဆက်ရဲ့ဖိနှိပ်မှုကို ခံရတဲ့နေရာမှာ ဗမာတစ်ယောက်ဟာ ဗမာဖြစ်နေလို့ဆိုပြီး အဖိနှိပ်ခံရတာမရှိခဲ့ပါဘူး။ ဒါပေမယ့် ကချင် ဖြစ်မှုကြောင့်၊ ကရင်ဖြစ်မှုကြောင့်မို့လို့ကို အာဏာရှင်ရဲ့ဖိနှိပ်ခံရတဲ့ သင်္ကာမကင်းဖမ်းဆီးစွပ်စွဲခံရတဲ့ အရပ်သားပြည်သူတွေ ရှိနေခဲ့ပါတယ်။

လူများစု ကြီးစိုးမှုဆိုတာ ရုပ်ပိုင်းဆိုင်ရာတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ သဘောတရားပိုင်းဆိုင်ရာ ကြီးစိုးမှုပါ ပါဝင်ပါ တယ်။ လူတစ်ယောက်ချင်းစီကစလို့ လူမျိုးစုတစ်စုဟာ ကိုယ့်ကိုယ်ကိုပြဋ္ဌာန်းခွင့် ကိုယ်တိုင်ဆုံးဖြတ်ခွင့် ရှိသင့်တာ အခြေခံ အခွင့် အရေးပါ။ အဲဒီလိုမဟုတ်ဘဲ အကိုကြီး, ညီလေး အမြင်နဲ့၊ တယောက်က အမြဲအုပ်ချုပ်သူဖြစ် ပြီး ကျန်တဲ့သူတွေကို အမြဲအုပ်ချုပ်ခံအဖြစ်မြင်တာ၊ အိမ်တစ်အိမ်မှာ စုပေါင်းနေကြပြီး အိမ်ထောင်ဦးစီးက အိမ်သားတွေဆီကရှိ သမျှအကုန်ယူပြီး အိမ်သားတွေကို သူထားရာနေ သူစေရာသွားစေချင်ရင်၊ ဖိနှိပ်ရင် ခွဲခြားဆက်ဆံရင် အဲဒီအိမ်ဟာ ဘယ်တော့မှ ငြိမ်းချမ်း မှာမဟုတ်ပါဘူး။

မြန်မာနိုင်ငံရဲ့ပထမဆုံး သမ္မတဟာရှမ်းလူမျိုး၊ ပထမဆုံးကာကွယ်ရေးဦးစီးချုပ်က ကရင်လူမျိုးဖြစ်ခဲ့ဖူးပေမယ့် ဒီ နောက်ပိုင်းမှာ ဗမာဗုဒ္ဓဘာသာမဟုတ်တဲ့ တိုင်းရင်းသား လူမျိုးစုတွေဟာ တပ်မတော်မှာ ရာထူးကြီးကြီး ဆက်မရနိုင်တာ၊ ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုဝင်ဖြစ်ပေမယ့် ရာထူးမြင့်မြင့်ရနေသူ အနည်းငယ်လေးကလည်း ဗုဒ္ဓဘာသာဖြစ်နေ တာ၊ အရပ်သားအစိုးရလက်ထက် အုပ်ချုပ်ရေးပိုင်းမှာလည်း token အဖြစ်ပါရပေမယ့် သာရေး,နာရေးတာဝန်ထက် ဆက် လုပ်ခွင့်မရှိတာ အစရှိတာတွေက institutionalized ခွဲခြားမှုတွေပါပဲ။ ပြည်တွင်းစစ်ကရှည်ကြာ လွန်းတဲ့အခါ ဒီပြည်ထောင် စုကိုဘယ်လို တည်ထောင်ခဲ့ပုံ၊ ပဋိပက္ခဘယ်ကစပုံ၊ ဘာကြောင့် ဖြစ်ပျက်ပုံတွေအပေါ် ဖုံးလွှမ်းသွားတဲ့ ဝါဒဖြန့်မှုတွေ အကြား ပြည်ထောင်စု sense of ownership မောင်ပိုင်စီးခံရ သလိုဖြစ်ခဲ့ပါတယ်။

၁၉၄၇ခုနှစ်မှာ ပြည်ထောင်စုကို ဗမာပြည်မခေါင်းဆောင်နဲ့ ဗမာမဟုတ်တဲ့တောင် တန်းနယ်ဒေသ လူမျိုးစုခေါင်း ဆောင်တွေ ပေါင်းစည်းထူထောင်ခဲ့ပုံ၊ အကြိတ်အနယ် ဆွေးနွေးညှိနှိုင်းမှုတွေ ကတိကဝတ်တွေနဲ့ ချုပ်ခဲ့ရတဲ့ ပင်လုံစာချုပ်၊ တိုင်းပြု,ပြည်ပြု လွှတ်တော်ညီလာခံမှာ ဗမာခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းနယ်တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တွေကို တန်းတူညီမျှခွင့်အထပ်ထပ်ပေးခဲ့တဲ့ကတိ ကဝတ်တွေ၊ တောင်တန်းနယ်တွေအရေးကို တောင်တန်း သားတွေကသာ စီမံအုပ်ချုပ်ခွင့်ရှိဖို့ကတိနဲ့အတူ ပြည်ထောင်စုကိုစုပေါင်း တည်ထောင်လိုက်ကြပုံတွေဟာ စစ်အစိုးရအ ဆက်ဆက်လက်အောက်မှာ နှစ် ပေါင်း ၅ဝကျော် မှေးမှိန်မျက်ကွက်ပြုခံထားခဲ့ရတယ်။ ဒီလို လူမျိုးဆက် နှစ်ဆက်ကျော် စာ ဝါဒဖြန့်မှုတွေ ထပ်ဆောင်းခံခဲ့ရခြင်းတွေဟာ ဒီကနေ့ ဗမာအများစုရဲ့ ပြည်ထောင်စု sense of ownership ကို  သက် ရောက်စေခဲ့တာ ဖြစ်ပါတယ်။

ဒီနေရာမှာ စစ်အစိုးရအဆက်ဆက်ကလိုသလို ဆွဲယူပုံဖော်ဖန်တီးထားတဲ့ အမျိုးသားရေးစိတ်ဓာတ်ကို ပြည်သူလူထု အကြား အကြီးအကျယ် သွတ်သွင်းခဲ့တဲ့ ဝါဒဖြန့်ချိ  ရေးယန္တရားနဲ့ ဗျူဟာကိုလည်း အနည်းငယ် ပြောချင်ပါတယ်။ နဝတနဲ့ နအဖတို့ရဲ့ ဆောင်ရွက်ချက်မှတ်တမ်းကို ”တိုင်းကျိုးပြည်ပြု” အမည်နဲ့ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ မှတ်တမ်းစာအုပ်အရ ပြည် သူအတွင်းမျိုးချစ်စိတ် အစဉ်နိုးကြားထက်သန်စေရေး လှုံ့ဆော်ပြန့်ပွားရေးအဖွဲ့ အဲဒီ့အဖွဲ့အောက်မှာ ရုပ်မြင်သံကြား၊ ရေဒီ ယို၊ ရုပ်ရှင်၊ တေးဂီတလုပ်ငန်းကော်မတီ၊ ဝတ္ထု၊ ဆောင်းပါး၊ ကာတွန်း၊ ရုပ်ပြလုပ်ငန်းကော်မတီ၊ ကဇာတ်၊ ပြဇာတ်၊ သဘင်၊ ပန်းချီ၊ ပန်းပုလုပ်ငန်းကော် မတီစတဲ့ ကော်မတီ၊ အမျိုးသားရေးဆောင် ပုဒ်များ ရေးသားရေး ဦးစီးကော်မတီ၊ မြန်မာ့ သမိုင်း ဖြစ်ရပ်အမှန်များ ရေးသားပြုစုရေး အဖွဲ့စတာတွေ စနစ်တကျဖွဲ့စည်းပြီး လူထု မြင်သမျှ ကြားသမျှ ဖတ်သမျှ နေ့စဉ်ဘဝထိ တွေ့လှုပ်ရှားသမျှ နေရာတကာကနေ ပြည်သူလူထုအတွင်းလှုံ့ဆော်ပေးမှုကို လက်တွေ့ အကောင်အထည်ဖော်ခဲ့ပါတယ်။ မြန်မာ့အမည်များအခေါ်အဝေါ်အရေးအသား မှန်ကန်မှုပြုစုရေးအဖွဲ့ ဖွဲ့စည်းပြီးလည်း မြန်မာမှု မြန်မာ့ဟန် မြန်မာ့အသံထွက် အဖြစ်ကို ပြောင်းလဲခဲ့တဲ့နေရာမှာ နိုင်ငံအမည်ကစလို့ တိုင်း(၇)တိုင်းနဲ့ ပြည်နယ်(၇)ပြည်နယ် က မြို့တွေရဲ့အမည်တွေ ကိုလည်း မြန်မာအသံထွက်အတိုင်း ပြောင်းလဲရေးသားခဲ့တာကို စစ်အစိုးရက သူတို့မှတ်တမ်းစာအုပ်မှာ ဖော်ပြထားပါ တယ်။ စစ်အာဏာရှင်ကို ပြည်သူလူထုက ဆန့်ကျင်ခဲ့ကြ၊ မယုံကြည် ခဲ့ကြတာအမှန်ပါ။ ဒါပေမယ့် အမျိုးသားရေး ဆိုတဲ့ ဝေါဟာရကြားရင် စိတ်ပါလာတတ်တဲ့  လူအများစုကို အမျိုးသားရေးစိတ်ဓာတ်ဆို တဲ့ စစ်အစိုးရလိုသလိုဖန်တီးထားတဲ့ ဝါဒ ဖြန့်ချိမှု လမ်းကြောင်းအသွယ်သွယ်ကနေ နှစ်ပေါင်းများစွာ မျိုးဆက်အဆက်ဆက်ကို ဆက်တိုက် ရိုက်သွင်းခဲ့တဲ့အခါ နေ့စဉ်ကြား ဖန်များနားရည်ဝ ယဉ်ပါးလာတတ်တာ သဘာဝပဲဖြစ်ပါတယ်။ လူထုကို တံခါးပိတ်ဝါဒဖြန့်ခဲ့တဲ့ အာဏာရှင်အ ဆက်ဆက်မှာ တာဝန်လုံးလုံးရှိတာ ဒီနေရာမှာပြောချင်ပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဟာ ခွဲထွက်ရေးမူဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ဆို မြန်မာနိုင်ငံ အစိတ်စိတ်အမွှာမွှာ ကွဲထွက်ကုန် လိမ့်မယ်ဆိုတဲ့သတင်းမှားကို စစ်အစိုးရအဆက်ဆက်က ဗမာပြည်သူလူထုကြားဖြန့်ချိပြီး ခြောက်လှန့်ခဲ့ပါတယ်။ ဒီကနေ့ အချိန်မှာ တပ်မတော်ကိုယ်တိုင်က ဖက်ဒရယ်ကိုမူအားဖြင့် လက်ခံပြောဆိုဆွေးနွေးလာပြီဖြစ်ပြီး NLD အစိုးရက ဒီမိုကရေ စီဖက်ဒရယ်ပြည်ထောင်စု တည်ထောက်မယ်လို့ ကတိပေးထားပါတယ်။ ဒါပေမယ့် ဗမာပြည်သူအချို့ကတော့ အရင်ရိုက် သွင်းခံခဲ့ရတဲ့ ဝါဒမှိုင်းဆက်ကပ်စွဲနေပြီး ဖက်ဒရယ်ကို ပြောင်လှောင် ပျက်ရယ်ပြုမှုတွေ လုပ်နေကြတာ တွေ့ရပြန်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းတာဟာ အစွန်းရောက်တာပဲလို့ ဗမာနိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောတာကိုလည်း တွေ့ရပါတယ်။ ဒီအခြေအနေဖက်ဒရယ်ဆိုင်ရာ ဆွေးနွေးပွဲတွေကို ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစု ဒေသတွေမှာ လုပ်တာထက် ဗမာအများစု နေထိုင်ရာ ဒေသတွေမှာ ပိုလုပ်သင့်တယ်လို့ ထင်ပါတယ်။ ကျန်လူမျိုးစုတွေက ဖက်ဒ ရယ်ကို နှစ်ပေါင်း ၆ဝကျော် ဆွေးနွေးလာ ခဲ့ကြပြီးသားဖြစ်နေပြီး ဗမာတွေအကြားမှာတော့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို တောင် စစ်အစိုးရက ခါးခါးသီးသီးတားမြစ် ခဲ့ရာကနေ အခုမှစကားလုံးအနေနဲ့ မူအနေနဲ့ စတင်လက်ခံဆွေးနွေးခါစ ရှိလာတာ ကြောင့်ပါ။

ခေတ်အဆက်ဆက် ဗမာနိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေဟာ အာဏာကို လူတစ်စုကပဲ ကြီးစိုး လွှမ်းမိုးထား တာမကောင်းကြောင်းနဲ့ တန်းတူညီမျှခွင့်အခွင့် အရေးအကြောင်းကို ပြောဟောခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သူတို့ ဟာ အဲဒီအာဏာကြီးစိုးတဲ့နေရာကိုရအောင် တန်းတူကြိုးစားခွင့်ရဖို့ပြောတာသာ ဖြစ်လာခဲ့ပြီး အာဏာကြီးစိုးနိုင်တဲ့ နေရာကို ရောက်တဲ့အခါ အဲဒီလိုဖြစ်နေတဲ့ စနစ်ကြီးကို မပြင်ကြပါဘူး။

ဗမာမှုပြုခြင်းနဲ့ ဗမာလူမျိုးကြီးဝါဒအကြောင်းကို ဗမာတွေက မပြောဘဲ ရှောင်နေတာဟာ အဖြေမဟုတ်ဘူးလို့ ကျွန်မ ထင်ပါတယ်။ အဲဒီလိုဝါဒမရှိဘူးလို့ ငြင်းရုံနဲ့လည်း ရှိနေတာကြီးက ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်၊ တရားမျှတမှု၊ စနစ်အရ ခွဲခြားဖိနှိပ်မှုတွေ အကြောင်းကို ဗမာတွေကပိုတွေးဆဆင် ခြင်သင့်ပါတယ်။ ခွဲခြားမှုဟာ စနစ်ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုကြရပါမယ်။ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် ”ငါကတော့လူ မျိုးရေးခွဲခြားသူမ ဟုတ်ပါဘူး၊ ငါက လူကောင်းတစ်ယောက်၊ ငါကဘယ်သူ့ကိုမှမဖိနှိပ်ဘူး၊ ငါက ဘယ်သူ့ကိုမှလည်း လေယာဉ်နဲ့ဗုံးကြဲမနေ ဘူး၊ ပစ်မသတ်နေဘူး”စသဖြင့် ခံယူသည်ဖြစ်စေ, မခံယူသည် ဖြစ်စေ instit-utionalized ဖြစ်နေတဲ့ခွဲခြားမှုဟာ ကျွန်မ တို့နိုင်ငံမှာ ရှိနေပါတယ်။ ကျွန်မတို့ဖန်တီးခဲ့တာမဟုတ်ပေမယ့် ကျွန်မတို့ဆန္ဒမဟုတ်ပေမယ့် ကျွန်မတို့ ကိုယ်တိုင်မသိဘဲ အဲဒီဝါဒကနေ ကျွန်မတို့ အကျိုးကျေးဇူး ခံစားနေရတာရှိပါတယ်။ ခေတ်အဆက်ဆက် ဗမာအများစုကြီးစိုးတဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဖြစ်ခဲ့ပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကြွေးကြော်တဲ့ အတိုက်အခံတွေဟာလည်း အုပ်ချုပ်သူနေ ရာရောက်တဲ့အခါ ဒီဗမာကြီးစိုးတဲ့ ဗမာမှုပြုတဲ့ဝါဒကို မချေချွတ်ကြပြန်ပါဘူး။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုအချို့ကို token အနေနဲ့ ပါဝင်မှုတစ်စုံတစ်ရာပြရုံ၊ ရာထူးအချို့ ခန့်ထားရုံလောက်နဲ့တော့ အမျိုးသားရင်ကြားစေ့ရေး ဖော်ဆောင်တာ လို့ ပြောလို့မရပါဘူး။

အမေရိကန်သမိုင်းကို ကြည့်မယ်ဆိုရင် လူဖြူကြီးစိုးတဲ့ဝါဒကို ချေဖျက်တဲ့နေရာမှာ သမ္မတကနေဒီက ဦးဆောင်မှု ပေးခဲ့ပါတယ်။ ဦးဆောင်အခန်းကဏ္ဍပေးတဲ့ သမ္မတအောက်မှာ ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးဆွဲပြီး လူမျိုးဆိုင်ရာ တန်းတူညီ မျှကို ပြဋ္ဌာန်းခဲ့ပါတယ်။

ဒါကို ”အုပ်ချုပ်သူတွေကလုပ်တာပဲ။ ငါတို့ သာမန်ပြည်သူတွေလုပ်တာမှ မဟုတ်တာ”ဆိုပြီး မသိလိုက် မသိဘာ သာနေရင် မျက်နှာလွှဲခဲပစ်ရာကျမှာပါ။ ဗမာလူထု ကိုယ်တိုင်က ဒီ invisible privilege ရှိနေတာကို အရင်သိမြင်လက် ခံနိုင်အောင်ကြည့်ရမှာပါ။ ကိုယ်မဲပေးတင်မြှောက်တဲ့ ဥပဒေပြုလွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း တွန်းအားပေးသင့် ပါတယ်။ ဗမာလွှမ်းမိုးထားတဲ့ ဗဟိုအုပ်ချုပ်ရေးနဲ့ နိုင်ငံတော်အနေနဲ့ လက်တွေ့ကျကျ တန်းတူညီမျှမှု အာမခံချက်ပေးနိုင်တဲ့ လိုအပ်တဲ့ ဥပဒေသစ်တွေပြဋ္ဌာန်းပေးဖို့လိုပါတယ်။ ဗဟိုချုပ်ကိုင်မှုများနေတာကို ဖြေလျှော့ပေးရပါမယ်။ ပထမဆုံးအဆင့်အ နေနဲ့ ထင်သာမြင်သာလုပ်ပြနိုင်တာကတော့ ၂ဝဝ၈ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း(၅)၊ အပိုဒ် ၂၆၁ ပါ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်မှုကိုပြင်ဆင်ပြီး ပြည်နယ်တွေအနေနဲ့ ကိုယ့်ဝန်ကြီးချုပ်ကို ကိုယ်တိုင်ရွေးကောက်တင် မြှောက်ခွင့်ပေးသင့်ပါတယ်။ အဲဒီလို တရားမျှတမှုရှိဖို့အတွက် ပြင်ဆင်သင့်တဲ့ ဥပဒေကိုပြင်ဆင်တာ၊ လိုအပ်တဲ့ဥပဒေသစ်တွေ ပြဋ္ဌာန်းတာတွေနဲ့ပဲ ယုံ ကြည်မှုကိုတည် ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စု  အမှန်တကယ်စည်းလုံး ငြိမ်းချမ်းဖို့၊ လူမျိုးစုတွေအကြား ယုံ ကြည်မှုတည်ဆောက်နိုင်ဖို့ အတွက် ဒီဗမာလူမျိုးကြီးဝါဒကို ဗမာတွေ ကိုယ်တိုင်က ချေချွတ်မှပဲ ကျွတ်မှာဖြစ်ပါတယ်။

စိုင်းထီးဆိုင်သီချင်းလို ”အကိုတို့ရေ ပျော်နေတဲ့အိပ်မက်ကနေ အပြင်ထွက်ခဲ့ လေ”လို့ တိုက်တွန်းပါရစေ။

နိုင်ငံတော်သီချင်းစာသားဖြစ်တဲ့ ”ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့” ပြည်ထောင်စု အမှန်တကယ်ဖြစ်ဖို့ ကြိုးစားကြပါစို့။ (ဆယ်စုနှစ်တွေနဲ့ချီ ကြာချင်လည်း ကြာမှာပေါ့။)

 

ငြိမ်းငြိမ်းပြည့်