ဗျူရိုကရေစီပြုပြင်ပြောင်းလဲ ရေး

ခင်မောင်ဝင်း
ယနေ့ခေတ် မဂ္ဂဇင်း ၊ စက်တင်ဘာလ ၂၀၁၇ ထုတ်မှ . . .

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး (democratization, democratic reforms) လုပ် နေချိန်မှာ အလွန်အရေးကြီးပြီးမဖြစ်မနေလုပ်ဆောင်ရမယ့် ပြုပြင်ပြောင်းလဲရေး တစ်ရပ် ကတော့ ဗျူရိုကရေစီပြုပြင်ပြောင်းလဲရေး…

(bureaucracy reform) ဖြစ်ပါတယ်။ ကမ္ဘာ့ဒီမို ကရေစီနိုင်ငံတွေအားလုံးမှာ အရည်အချင်းပြည့်ဝတဲ့ ဗျူရိုကရေစီကသာ အစိုးရ အုပ်ချုပ် ရေးနဲ့ ပေါ်လစီအကောင်အထည်ဖော်ရေးကို အဓိကလုပ်ဆောင်နေတာကိုကြည့်ခြင်း အားဖြင့် ဒီမိုကရေစီအားကောင်းဖို့အတွက် ဗျူရိုကရေစီအားကောင်းဖို့လိုတယ်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။
ဗျူရိုကရေစီဆိုတာ
ဗျူရိုကရေစီ (Bureaucracy) ဆိုတဲ့ ဝေါဟာရကို ပြင်သစ်နိုင်ငံမှာ ၁၈ ရာစု အတွင်း ပထမဆုံး အသုံးပြုခဲ့တယ်။ Bureaucracy ဆိုတဲ့ ဝေါဟာရအတိုင်း အင်္ဂလိပ်မှုပြုလိုက် တာကတော့ ၁၈၁၈ ခုနှစ်မှာ ဖြစ်ကြောင်း Oxford Dictionary of Politics မှာ ဖော်ပြပါ တယ်။ ပြင်သစ်ဘာသာစကား bureau နဲ့ ဂရိဘာသာစကား krato (ထိုမှတစ်ဆင့် cracy ဖြစ်လာ) တို့ပေါင်းစပ်ပြီး bureaucracy ဗျူရိုကရေစီ ဖြစ်လာတယ်။ ဗျူရို (bureau) ဆိုတာက ရုံးလို့ အဓိပ္ပာယ်ရပြီး၊ ကရေစီ(cracy) ဆိုတာက အုပ်ချုပ်ရေးလို့ အဓိပ္ပာယ်ရတယ်။ ဒါကြောင့် bureaucracy ဗျူရိုကရေစီဆိုတာ ရုံးယန္တရားတွေက အကောင်အထည်ဖော် ဆောင်ရွက်ရတဲ့ အုပ်ချုပ်ရေးလုပ်ငန်းလို့ အဓိပ္ပာယ်ရတယ်။
ဒီကနေ့ လူသိများတဲ့ ဗျူရိုကရေစီအကြောင်းကို စနစ်တကျ လေ့လာတင်ပြခဲ့သူတွေ ထဲက ထင်ရှားတဲ့ပညာရှင်ကတော့ ဂျာမန်လူမျိုး မာ့စ်ဝက်ဘာ (Max Weber, 1864-1920) ဖြစ်ပါတယ်။ ရုံး၊ ဌာနတွေ တည်ထောင်ပြီး အလုပ်အတွက် အရည်အချင်းပြည့်ဝသူတွေကို ခန့်အပ် လုပ်ဆောင်စေခြင်းဟာ နီးစပ်ရာလူတွေကို ခန့်အပ်လုပ်ကိုင်စေခြင်းထက် အလုပ် အောင်မြင်မှုကို ပိုဖြစ်စေတဲ့အတွက် အရည်အချင်း ပြည့်ဝတဲ့ ဗျူရိုကရေစီဖြစ်အောင် ဖော်ဆောင်ရေးကို ဝက်ဘာက တင်ပြခဲ့ပါတယ်။ ဝက်ဘာ ရေးသားခဲ့ပြီး သူကွယ်လွန်ပြီးမှ ကျန်ရစ်သူ ဇနီးသည် မာရီယားနား ဝက်ဘာ (Marianne Weber, 1870- 1954) က ၁၉၂၂ ခုနှစ်မှာ ထုတ်ဝေတဲ့ Economy and Society စာအုပ်နဲ့ The Protestant Ethic and the Spirit of Capitalism စာအုပ်တွေဟာ ထင်ရှားတဲ့ စာအုပ် တွေဖြစ်ပါတယ်။
ဗျူရိုကရေစီကို အစိုးရနဲ့ပုဂ္ဂလိက စီးပွားရေး ကုမ္ပဏီတွေမှာပါ တွေ့နိုင်ပါတယ်။ အစိုးရနဲ့ပတ်သက်လာရင်တော့ ယခုအခါမှာ ပြည်သူ့စီမံခန့်ခွဲအုပ်ချုပ်ရေးလုပ်ငန်း (public administration) လို့လည်း ဗျူရိုကရေစီကိုရည်ညွှန်း လေ့ရှိတယ်။ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ ဥပဒေပြုအဖွဲ့ကပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေနဲ့အညီ တိုင်းပြည်အုပ်ချုပ်ရေးလုပ်ငန်း ကို အစိုးရက တာဝန်ယူ ဆောင်ရွက်ရပါတယ်။ အစိုးရဆိုတာ သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးတွေ ပါဝင်တဲ့ ရွေးကောက်ပွဲနည်းနဲ့ အာဏာရလာတဲ့ အစိုးရအဖွဲ့ (cabinet) ကို ရည်ညွှန်းပါတယ်။ အစိုးရက တာဝန်ယူအကောင်အထည်ဖော်ရမယ့် အုပ်ချုပ်ရေးလုပ်ငန်းကိုလုပ်ပေးနေတဲ့ ယန္တရားဟာ ဗျုရိုကရေစီယန္တရားပဲဖြစ်ပါတယ်။
ဗျူရိုကရေစီယန္တရားရဲ့ ဝိသေသလက္ခဏာတွေထဲမှာ ဒါတွေပါဝင်တယ်။
၁။ ခန့်အပ်ခံဗျူရိုကရက် (Bureaucrats)-
ကျွမ်းကျင်မှုအရည်အချင်းအရ ခန့်အပ်တာဝန်ပေးခံထားရတဲ့ ဝန်ထမ်းများ။ထို ဝန်ထမ်းတွေဟာ အရည်အချင်းနဲ့ ရာထူးအလိုက် သတ်မှတ်လစာငွေ ရရှိသူတွေဖြစ်တယ်။ သူတို့ကို ဗျူရိုကရက်လို့လည်းခေါ်တယ်။ အစိုးရအဖွဲ့က ရွေးချယ်ခံရသူတွေ ဖြစ်ပြီး ဗျူရိုကရက်တွေက ခန့်အပ်ခံရသူတွေဖြစ်ပါတယ်။
၂။ အရည်အချင်းပြည့်ဝမှုနဲ့ထိရောက်မှု (professionalism and efficiency) –
ဗျုရိုကရေစီဟာ သက်ဆိုင်ရာ အလုပ် အတွက် အရည်အချင်းပြည့် ကျွမ်းကျင်သူ တွေနဲ့သာ ဖွဲ့စည်းတည်ထောင်ရတာမို့ အရည်အချင်း ပြည့်ဝပြီး လုပ်ငန်းအကောင် အထည်ဖော်မှုမှာ ထိရောက်မှုရှိရမှာဖြစ်ပါ တယ်။
၃။ ဥပဒေ၊ စည်းကမ်းများ (laws, rules, regulations)-
ဗျူရိုကရက်တွေ ရုံးလုပ်ငန်း ဆောင် ရွက်ရာမှာ လိုက်နာရမယ့် ဥပဒေများ၊ စည်း ကမ်းများ အတိအကျ ရှိရပါ့မယ်။ ဘယ်ဝန် ထမ်းကမှ အဲဒီဥပဒေတွေ၊ စည်းကမ်းတွေကို ကျော်ပြီး ပုဂ္ဂိုလ်စွဲအရ အုပ်ချုပ်ရေး၊ ရုံးလုပ် ငန်းတွေဆောင်ရွက်ခွင့်မရှိပါ။
၎။ အနိမ့်အမြင့်အဆင့်လိုက်ရှိခြင်း (hierarchy) –
ဗျူရိုကရေစီဟာ အဆင့်ဆင့် လမ်းညွှန် မှုပေးခြင်းနဲ့ ပြန်လည်တင်ပြရခြင်း၊ အဆင့် ဆင့် တာဝန်ခံ၊ တာဝန်ယူရတဲ့ ရုံးယန္တရား ဖြစ်ပါတယ်။ ဒါကြောင့် ရုံးဌာနတစ်ခုက အမြင့်ဆုံးတာဝန်ရှိသူကနေ အောက်ဆုံး အဆင့်တာဝန်ရှိသူအထိ အားလုံးဟာ ဗျူရို ကရေစီယန္တရားရဲ့ အစိတ်အပိုင်းတွေဖြစ်ပါ တယ်။
၅။ စဉ်ဆက်မပြတ် လည်ပတ်မှု (continuity) –
အစိုးရအဖွဲ့ (cabinet) ဟာ ကာလ အပိုင်းအခြားလိုက် ပြောင်းလဲသွားပေမယ့် ဗျူရိုကရေစီယန္တရားကတော့ စဉ်ဆက် မပြတ်တည်ရှိနေရပါတယ်။ အစိုးရပြောင်း လို့ ပေါ်လစီအပြောင်းအလဲဖြစ်လာရင် လည်း ပြောင်းလာတဲ့ ပေါ်လစီကို အသက် သွင်း အကောင်အထည်ဖော်ရတာဟာ တည်ရှိနေဆဲ ဗျူရိုကရေစီ ယန္တရားပဲဖြစ်ပါ တယ်။ အစိုးရပဲပြောင်းပြောင်း၊ နိုင်ငံရေး စနစ်ပဲ ပြောင်းပြောင်း ဗျူရိုကရေစီကတော့ မပြောင်းမလဲ တည်မြဲနေပါတယ်။
ကြိုးနီးစနစ်ဖြစ်သွားတဲ့ ဗျူရိုကရေစီ
ဗျူရိုကရေစီမှာ တာဝန်ထမ်းနေသူတွေ ဟာ သူတို့ရဲ့လုပ်ပိုင်ခွင့်တွေကို တင်းတင်း ကျပ်ကျပ် ကျင့်သုံးတာ၊ ပညာပြတာ၊ ဆုံး ဖြတ်ချက်ချဖို့ မလိုအပ်ဘဲ အချိန်ကြန့်ကြာ နေတာတွေကို အကြမ်းဖျဉ်းအားဖြင့် ကြိုးနီ စနစ် (red tape) လို့ခေါ်ပါတယ်။ ကြိုးနီ စနစ်လို့ အနှိုင်းခံရခြင်းဟာ ဗျုရိုကရေစီ အပျက်သဘော အမြင်ခံရခြင်းဖြစ်ပါတယ်။ကြိုးနီ (red tape) ဆိုတဲ့ ဝေါဟာရ ဖြစ်ပေါ် လာတာကတော့ ၁၆ ရာစုလောက် ကတည်း က လို့ဆိုတယ်။ စပိန်ဘုရင် ပဉ္စမမြောက် ကာလို (Charles V, 1500-1558) လက် ထက်အရေးကြီး အုပ်ချုပ်ရေးဆိုင်ရာ ဆုံး ဖြတ်ချက်လုပ်ဖို့ လိုအပ်တဲ့ ကိစ္စတွေထည့် ထားတဲ့ စာတွဲကို ကြိုးနီနဲ့ ပတ်ခဲ့ပါတယ်။ သဘောက ကြိုးနီအပတ်ခံရတဲ့ ကိစ္စဆိုရင် အဆင့်မြင့်တာဝန်ရှိသူ အများအပြား အလေးအနက်ထားဆွေးနွေးရမယ်၊ ဆုံး ဖြတ်ချက်ချဖို့ အချိန်ကြာမယ်ဆိုတာပါ။ ခေတ်သစ် ဗျူရိုကရေစီမှာလည်း မြန်မြန် ထက်ထက် ဆုံးဖြတ်ချက် ချမှတ်လုပ်ဆောင် နိုင်ခြင်း မရှိတော့ရင် အဆိုးမြင်နဲ့ ကြိုးနီ စနစ်လို့ သတ်မှတ်ခံရတော့တယ်။ လုပ်ငန်း သွက်လက်မှုကို အစဉ်တောင်းဆိုတဲ့ ဈေး ကွက်စီးပွားရေးစနစ်မှာ ကြိုးနီစနစ်ကို ဝေဖန်ကြတယ်။ ဒါကြောင့် ကြိုးနီစနစ် ကျော်ဖြတ်ရေးလှုပ်ရှားမှု (cutting the red tape) ဆိုတာတွေတောင် ပေါ်လာတယ်။
နိုင်ငံရေးနစ်၊ စီးပွားရေးစနစ်နဲ့ ဗျူရိုကရေစီ ဆက်စပ်မှု
ဗျူရိုကရေစီဟာ ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီတွေအတွင်းမှာလည်း တည်ရှိကျင့် သုံးနေကြောင်း အထက်မှာ ဖော်ပြခဲ့တယ်။ ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီတွေဟာ အကျိုး အမြတ်ရရှိရေး၊ အသုံးစရိတ် လျော့နည်းရေး၊ ကုန်ထုတ်လုပ်မှုမြင့်မားရေး စတဲ့ မူတွေကို အခြေခံတဲ့အတွက် အရည်အချင်း ပြည့်ဝသူ တွေကိုသာ ခန့်အပ်တာဝန်ပေးရေး(professionalism) နဲ့ လုပ်ငန်းအကောင်အထည် ဖော်ရာမှာ ထိရောက်မှုရှိရေး (efficiency) တွေဟာ ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီတွေက ဗျူရိုကရေစီတွေရဲ့ သော့ချက်ဖြစ်တယ်။
အရင်းရှင်စနစ်(capitalism) အခြေခံ ဈေးကွက်စီးပွားရေးစနစ် (market economy)မှာက ပုဂ္ဂလိကအခန်းကဏ္ဍ (private sector) က နိုင်ငံ့စီးပွားရေးတစ်ခု လုံးထဲမှာ အလွန်ကြီးမားတဲ့ကဏ္ဍမှာရှိသလို တစ်နိုင်ငံလုံးက ဗျူရိုကရေစီယန္တရားထဲက အရွယ်အစား ကြီးကြီးမားမားကိုလည်း ပုဂ္ဂလိကကဏ္ဍက ယူထားတယ်။ အစိုးရဗျူရို ကရေစီယန္တရားဆိုတာ အစိုးရက မဖြစ်မနေ လုပ်ဆောင်ရမယ့် ဝန်ဆောင်မှု (services) အပိုင်းနဲ့ ဥပဒေအသက်သွင်းရေး (law enforcement) အပိုင်းတွေမှာသာ ရှိတော့ တာမို့ ကျစ်လျစ်ပြီး သေးငယ်တဲ့ အရွယ်အ စားမှာသာရှိတယ်။
မူရင်း ဆိုရှယ်လစ်၊ ကွန်မြူနစ်ဝါဒ (တစ်ချိန်တုန်းက ဆိုဗီယက်ပြည်ထောင်စုနဲ့ အရှေ့ဥရောပနိုင်ငံတွေကိုညွှန်း) မှာက နိုင်ငံအတွင်းမှာရှိတဲ့ ကုန်ထုတ်အရင်းအနှီး တွေကို ပြည်သူပိုင်အဖြစ်သတ်မှတ်ပြီး အလုပ်လုပ်နိုင်တဲ့ နိုင်ငံသားတွေက ပြည်သူပိုင် (အစိုးရပိုင်) စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ရတဲ့ ဝန်ထမ်းတွေ တစ်နည်းအား ဖြင့် ဗျူရိုကရက်တွေ ဖြစ်လာပါတယ်။ ဒီလိုနဲ့ ဆိုရှယ်လစ်၊ ကွန်မြူနစ် နိုင်ငံတွေမှာ အစိုးရဟာ အကြီးဆုံးအလုပ်ရှင်နေရာကို ရောက်သွားပြီး အစိုးရဗျူရိုကရေစီယန္တရား ကြီးဟာလည်း တိုင်းပြည်ထဲမှာ ထုထည်ကြီး ကြီးမားမားနဲ့ ပေါ်ပေါက်လာပါတယ်။
ပထမ ကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြား ကာလမှာ အရှေ့ဥရောပတစ်ခွင်မှာ ဆိုရှယ် လစ်၊ ကွန်မြူနစ်အယူဝါဒ ပြန့်ပွားလာချိန်မှာ ဆိုရှယ်လစ်၊ ကွန်မြူနစ် ဗျူရိုကရေစီကြောင့် ပြည်သူတွေရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးမှုနဲ့ စီးပွားရေးကျဆင်းရပုံတွေကို ထောက်ပြခဲ့ တဲ့ အထင်ရှားဆုံးပညာရှင်ကတော့ သြစ တြီးယန် လူမှုစီးပွားရေးနဲ့ လူမှုရေး အတွေး အခေါ်ပညာရှင် လူဝင်ဖန်မစ်ဆဲ (Ludwig von Mises, 1881-1973) ဖြစ်ပါတယ်။ Yale University Press က ၁၉၄၄ ခုနှစ် မှာ ထုတ်ဝေတဲ့ Bureaucracy ဆိုတဲ့ စာ အုပ်ဟာ မစ်ဆဲရဲ့ အထင်ရှားဆုံးစာအုပ်ပါ။ ဆိုရှယ်လစ်၊ ကွန်မြူနစ်စနစ်မှာ ဗျူရိုကရေ စီယန္တရား အလွန်ကြီးမားတာဟာ နိုင်ငံ သားတွေရဲ့လွတ်လပ်မှုကို ထိပါးလာရုံမက၊ ဗျူရိုကရေစီ အရည်အသွေးကျဆင်းခြင်း၊ လိုအပ်တာထက် အရေအတွက်ပိုမို တာဝန် ပေးခြင်း၊ ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍမှာ တာဝန်ရှိတဲ့ ဗျူရိုကရေစီယန္တရားဟာ ဈေး ကွက်ရဲ့ ဝယ်လိုအား (damand) နဲ့ ထုတ် လုပ်မှု (supply) သဘောကို ပုဂ္ဂလိကစီးပွား ရေးကဏ္ဍက ဗျူရိုကရေစီယန္တရားမှာလို ထိန်းညှိနိုင်စွမ်းမရှိတာတွေကို မစ်ဆဲက သုံးသပ်တင်ပြထားပါတယ်။ ကွန်မြူနစ် ဆိုဗီယက်ပြည်ထောင်စုက လူထုရဲ့လူနေမှု အဆင့်အတန်းနဲ့ စီးပွားရေးအခြေအနေဟာ အရင်းရှင် ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံး တဲ့ အမေရိကန်ပြည်ထောင်စုက အခြေအနေထက် များစွာနိမ့်ကျနေတာကို ဗျူရို ကရေစီယန္တရား ရှုထောင့်ဘက်မှ မစ်ဆဲက သုံးသပ်တင်ပြခဲ့ပါတယ်။ မစ်ဆဲရဲ့ အယူအဆကို ထောက်ခံသူတွေထဲမှာ ၁၉၇၄ ခုနှစ် က စီးပွားရေး နိုဗယ်ဆုရသွားတဲ့ သြစတြီး ယားနိုင်ငံမွေး ဗြိတိသျှလူမျိုး ဖရက်ဒရစ် ဟေးယက် (Friedrich August Hayek, 1899-1992) လည်းပါဝင်တယ်။
တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ကွန်မြူနစ်ပါတီတွေက နိုင်ငံရေးကိုထိန်းချုပ် ထားပေမယ့် စီးပွားရေးပိုင်းမှာ ပုဂ္ဂလိက အခန်းကဏ္ဍကို လမ်းဖွင့်ပေးလိုက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုအပိုင်းမှာ တာဝန်ယူရတဲ့ ဗျူရိုကရေစီကို အစိုးရလက်အောက်ကနေ ပုဂ္ဂလိက လက်အောက် ပြောင်းလိုက်တာကို တွေ့နိုင်တယ်။ အဲဒီ နိုင်ငံတွေမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် ကျစ်လျစ်ပြီး အရည်အချင်း ပြည့်ဝတဲ့ ဗျူရိုကရေစီဖြစ် အောင် ပြုပြင်ပြောင်းလဲရေး လုပ်လိုက်တာ ပါပဲ။ မစ်ဆဲ သုံးသပ်တင်ပြထားတဲ့ မလိုအပ် ဘဲ အစိုးရ ဗျူရိုကရေစီကြီးမားပြီး အရည်အ ချင်းကျဆင်းမှုကို ကာကွယ်ရာရောက်သလို စီးပွားရေးပိုင်းမှာ ဈေးကွက်ရဲ့ ဝယ်လိုအားနဲ့ ထုတ်လုပ်မှုကို ထိန်းပေးလိုက်တဲ့သဘော လည်း ဖြစ်ပါတယ်။ အလားတူ အာဏာ ရှင်တစ်ပိုင်း နိုင်ငံရေးစနစ်နဲ့ ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးနေတဲ့ စင်ကာပူလို နိုင်ငံမှာလည်း ကျစ်လျစ်ပြီးအရည်အချင်း ပြည့်ဝတဲ့ ဗျူရိုကရေစီယန္တရားကိုတွေ့နိုင်ပါ တယ်။
ဆိုရှယ်လစ် စီးပွားရေးကို ကျားကန်ပေးရတဲ့ မြန်မာ့ဗျူရိုကရေစီ
၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ချိန်ကစလို့ စီးပွားရေးကဏ္ဍတစ်ခုလုံး ပြည် သူပိုင်လုပ်ခြင်း၊ နောက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ဆိုရှယ်လစ်စီးပွားရေးစနစ်ကျင့်သုံးခြင်း လုပ်ခဲ့တဲ့အချိန်တွေ ကတည်းက မြန်မာ့ဗျူရိုကရေစီကို ဆိုရှယ် လစ် စီးပွားရေးစနစ်ကို ကျားကန်ပေးရတဲ့ ဗျူရိုကရေစီယန္တရားအဖြစ် ပြောင်းလဲ တည် ထောင်ခဲ့တယ်။ အနှစ် ၅ဝ လုံးလုံး ပုဂ္ဂလိက စီးပွားရေးအခန်းကဏ္ဍ မရှိသလောက် ဖြစ် ခဲ့တယ်။ ဆိုရှယ်လစ်ခေတ်မှာ အစိုးရက အကြီးဆုံး အလုပ်ရှင်နေရာကို ရယူထား တယ်။ ဈေးကွက်စီးပွားရေးစနစ်မှာသာဆိုရင် ပုဂ္ဂလိကအခန်းကဏ္ဍက တာဝန်ယူမယ့် ဗျူရိုကရေစီကိုပါ အစိုးရဗျူရိုကရေစီမှာ ထည့်ပေါင်းထားတော့ ဗျူရိုကရေစီယန္တရား ဟာ အင်မတန် ကြီးမားနေတယ်။ ဈေးကွက် စီးပွားရေးစနစ်၊ ပုဂ္ဂလိက စီးပွားရေးစနစ်မှာ လို ယှဉ်ပြိုင်မှုမရှိတဲ့အတွက်ဆိုရှယ်လစ် ဗျူရိုကရေစီဟာ အရည်အသွေးညံ့ဖျင်းမှု၊ ကြိုးနီစနစ်ကျင့်သုံးမှု၊ လူအခွင့်အရေးချိုး ဖောက်မှု၊ အကျင့်ပျက်လာဘ်စားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဗျူရိုကရေစီဖြစ်လာတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရ လက်ထက်မှာ ဈေးကွက်စီးပွားရေးကို လမ်း ဖွင့်ပေးတယ်ဆိုပေမယ့်၊ အကန့်အသတ် မျိုးစုံ၊ ထိန်းချုပ်မှု မျိုးစုံရှိခဲ့တယ်။ တရုတ်နဲ့ ဗီယက်နမ်မှာ ကျင့်သုံးတဲ့ ဈေးကွက်စီးပွား ရေးစနစ်မှာလို မဟုတ်ဘဲ တပ်မတော် အစိုးရလက်ထက်နဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး အစိုးရလက်ထက်မှာလည်း အစိုးရဗျူရိုကရေစီဟာ ဆိုရှယ်လစ်ခေတ် ကတည်းကရှိခဲ့တဲ့ ဗျူရိုကရေစီကိုပဲ အပြောင်းအလဲမရှိ အမွေဆက်ခံထား တယ်။ ဒါကို ဘာက သက်သေပြလဲဆိုတော့ အခုအချိန်မှာ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးနဲ့ ဈေးကွက်စီးပွားရေးခေတ်မှာတောင် ဝန်ကြီးဌာန လိုအပ်တာထက် ပိုရှိနေပြီး ဝန်ကြီးဌာန ပေါင်းစုံအောက်မှာ ဗျူရိုကရက် သိန်း၊ သန်းချီ ရှိနေတဲ့ အချက်ပါ။ ဒီမိုကရေ စီခေတ်ကို ပြောင်းနေပါပြီဆိုတဲ့ ဒီနေ့အထိ မြန်မာ့ဗျူရိုကရေစီဟာ အကျင့်ပျက် လာဘ် စား၊ အရည်အသွေးညံ့၊ ပြည်သူကိုဖိနှိပ်တဲ့ ဆိုရှယ်လစ်ဗျူရိုကရေစီလိုဖြစ်နေတုန်းပါ ပဲ။
ဗျူရိုကရေစီ ပြောင်းလဲရေး မဖြစ်မနေ လိုအပ်
မြန်မာနိုင်ငံမှာ လောလောဆယ်ဖြစ် နေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ အတူ မဖြစ်မနေဗျူရိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ရပါတော့မယ်။ ဘယ်လိုပြုပြင် ပြောင်းလဲမလဲဆိုတာနဲ့ ပတ်သက်လို့ သိ ကျွမ်းနားလည်သူတွေ အကျယ်တဝင့် ဆွေးနွေးဖို့ လိုပါလိမ့်မယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲဖို့လိုတဲ့ အသိသာဆုံး အချက်တချို့ကို စဉ်းစားစရာအဖြစ် တင်ပြ လိုပါတယ်။
၁။ ပုဂ္ဂလိကကဏ္ဍဘက်လွှဲပြောင်းရေး- တိုင်းပြည်မှာ ဈေးကွက်စီးပွားရေး စနစ်ကို အကောင်အထည်ဖော်နေပြီဖြစ်လို့ ၁၉၆၂ ခုနှစ်ကတည်းက ပြည်သူပိုင်လုပ်ခဲ့ပြီး အခုလည်း အစိုးရလက်ထဲမှာရှိနေသေးတဲ့ ဝန်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတော် တော်များများကို ပုဂ္ဂလိကကဏ္ဍဘက်ကို လွှဲရပါလိမ့်မယ်။ ဒါဆိုရင် အဲဒီကဏ္ဍတွေ မှာ တာဝန်ယူနေတဲ့ အစိုးရဗျူရိုကရေစီ ယန္တရား ပဲ့ထွက်သွားပါလိမ့်မယ်။ ပဲ့ထွက် သွားမယ့် ဗျူရိုကရေစီယန္တရားကို ပုဂ္ဂလိ ကဘက်က လက်ပြောင်းယူနိုင်မလားဆိုတာ ကတော့ နောက်ပြဿနာပါ။ ဒီအပြောင်း အလဲမှာ ဝန်ကြီးဌာနတချို့ပျောက်သွားနိုင် တယ်။ အချို့ဝန်ကြီးဌာနတွေသေးသွားနိုင် ပါတယ်။
၂။ ကျစ်လျစ်ပြီး အရည်အချင်း တက်လာအောင်လုပ်ရေး- အစိုးရလက်အောက်မှာ ကျန်ကို ကျန်နေရမယ့် ဗျူရိုကရေစီကလည်း ရှိဦး မှာပါ။ ဒါကိုကျစ်လျစ်အောင် လုပ်ဖို့လိုပါ တယ်။ တစ်နည်းအားဖြင့် ဝန်ထမ်း အရေ အတွက် လျှော့ချပြီး ကျစ်လျစ်သွားတဲ့ ဗျူရို ကရေစီကို အရည်အသွေးတင်ပေးဖို့
(professionalization, capacity building) လုပ်ဖို့ လိုပါလိမ့်မယ်။
၃။ လုပ်ငန်းထိရောက်မှုရှိရေး-
ဝန်ထမ်းတွေရဲ့ အရည်အချင်း တက် လာအောင်လုပ်ပြီးရင် လုပ်ငန်း ဆောင် ရွက်ရာမှာ ထိရောက်မှု (efficiency) ရှိ အောင် အထောက်အကူဖြစ်စေမယ့် ခေတ်မီ ကွန်ပျူတာနဲ့ ဆက်သွယ်ရေး နည်း ပညာပိုင်းအရ အားဖြည့်ပေးဖို့ လိုအပ်တယ်။ လူအများလုပ်ရတဲ့ အလုပ်ကို ခေတ်မီ ကွန်ပျူတာနည်းပညာနဲ့ အချိန်တိုအတွင်း တိကျမှန်ကန်မှု အပြည့်နဲ့ ဆောင်ရွက်နိုင် တယ်။ လူလုပ်ရမယ့်အလုပ်တွေကို နည်း ပညာနဲ့ အစားထိုးရေးဟာ ၂၁ ရာစုခေတ် ဗျုရိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အဓိက သော့ချက်ဖြစ်လာတာမို့ ဒါကို အမှီလိုက် နိုင်ဖို့ လိုပါတယ်။ E -Government လို့ ကြွေးကြော်နေတဲ့ အချိန်မှာ အခုအချိန်အထိ ဝန်ကြီးဌာနတွေကို e:mail နဲ့ ရုံးစာတင်လို့ မရဘဲ ချောစာပို့စနစ်နဲ့ လုပ်နေရသေးတာ ဟာ ခေတ်နောက်ပြန်ဆွဲ ဗျူရိုကရေစီဖြစ် နေတယ်ဆိုတာကိုမီးမောင်းထိုးပြနေတယ်။
၎။ မက်လောက်တဲ့လစာရရှိရေး- ကျစ်လျစ်လာပြီဖြစ်တဲ့ အစိုးရဗျူရို ကရေစီမှာ ကျန်နေသူတွေကို ပုဂ္ဂလိက ကဏ္ဍမှာ တာဝန်ထမ်းနေသူတွေနဲ့ တန်းတူ မက်လောက်တဲ့ လစာနဲ့ ခံစားခွင့်ပေးဖို့ လို ပါလိမ့်မယ်။ ဒါမှ အရည်အချင်းပြည့်ဝသူ တွေကို ဆွဲဆောင်ထားနိုင်မှာပါ။
၅။ လာဘ်စားမှုကင်းစင်ရေး- အစိုးရဗျူရိုကရေစီက ဝန်ထမ်း တွေ မက်လောက်တဲ့ လစာနဲ့ ခံစားခွင့်တွေ ရထားမှ ဗျူရိုကရေစီအတွင်း အကျင့်ပျက် လာဘ်စားမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်မှာပါ။ လောလောဆယ် ဖြစ် နေတဲ့ ဗျူရိုကရေစီ အတွင်းက အကျင့်ပျက် လာဘ်စားမှုတွေဟာ ဝန်ထမ်းတွေ (ဗျူရို ကရက်တွေ) ဝမ်းရေးမပြေလည်လို့ ဖြစ်ပေါ် လာရတယ်ဆိုတာ သဘောပေါက်နိုင်တယ်။ ၁၉၆၂ ကနေ တဖြည်းဖြည် ဖြစ်တည်လာတဲ့ စနစ်အရ အကျင့်ပျက်လာဘ်စားမှုကို တစ်ဖက်က အားပေးသလိုဖြစ်လာခဲ့တယ်။ ဝမ်းရေးအာမခံချက်ရှိတဲ့ လစာနဲ့ ခံစား ခွင့်ပေးရေးဟာ ဗျူရိုကရေစီ အဆင့်ဆင့်မှာ ဖြစ်နေတဲ့ အကျင့်ပျက်လာဘ်စားမှု တိုက် ဖျက်ရေး အတွက်အရေးပါလှတယ်။
စိန်ခေါ်မှုတွေ
အစိုးရ ဗျူရိုကရေစီ ပြုပြင်ပြောင်းလဲ ရေးနဲ့ ပတ်သက်လို့ မှန်းဆနိုင်တဲ့ စိန်ခေါ်မှု တွေထဲက အကြီးမားဆုံး စိန်ခေါ်မှုကတော့ ဗျူရိုကရေစီ အရွယ်အစားလျှော့ချရေး တစ်နည်းအားဖြင့် ဝန်ထမ်းများစွာကို အလုပ်ဖြုတ်ပစ်ရေးနဲ့ ပတ်သက်ပါတယ်။ သိန်းပေါင်းများစွာရှိတဲ့ အစိုးရဝန်ထမ်း တွေကို အရေအတွက် သိသိသာသာကြီး လျှော့ချဖို့ဆိုတာ အစိုးရအတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုပါ။ ဒီမိုကရေစီနိုင်ငံတွေ မှာတောင် အစိုးရဘတ်ဂျက်လျှော့ချလို့ အစိုးရဝန်ထမ်း ရာနှုန်းအနည်းငယ်လျှော့ ချတာ၊ ပင်စင်ရအောင်အလုပ်လုပ်ရမယ့် သက်တမ်းတိုးတာ၊ ပင်စင်လစာ လျှော့ချတာ လေးတွေ လုပ်တာတောင် တကယ့်စိန်ခေါ်မှု ကြီးဖြစ်လေတော့ မြန်မာအစိုးရ ဗျူရိုကရေ စီထဲက ဝန်ထမ်းအရေအတွက် သိသိသာ သာကြီး လျှော့ချပစ်ဖို့ဆိုတာ အင်မတန် မလွယ်တဲ့ကိစ္စပါ။
စိန်ခေါ်မှုတွေနဲ့ ဘယ်လိုပဲ ရင်ဆိုင်ရ ပါစေ၊ ဗျူရိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလမှာ တစ်ပြိုင်နက်တည်း လုပ်ရမယ့် ကိစ္စပါ။ အချိန်အတိုင်းအတာ တစ်ခုထိယူနိုင်တယ်။ အကြာကြီးအချိန်ယူလို့တော့မရပါ၊ ဘာ ကြောင့်လဲဆိုတော့ ‘အရင်အတိုင်းပဲ၊ ဘာမှ မပြောင်းဘူး’လို့ အပြောခံနေရတာဟာ အစိုးရ ဗျူရိုကရေစီမှာ သိသာတဲ့ ပြောင်းလဲ မှုတွေ မပြနိုင်လို့ပါ။
သိသာတဲ့ ဗျူရိုကရေစီပြုပြင်ပြောင်းလဲ ရေးမလုပ်ဘဲ မြန်မာ့ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးဟာ မျှော်မှန်းတဲ့ အောင်မြင်မှု မျိုးရဖို့ မဖြစ်နိုင်ပါ။

ခင်မောင်ဝင်း