ဘယ်သူတွေအကျိုးရှိနေတဲ့ ပါတီစုံစနစ်လဲ


ဒီခေါင်းစဉ်ကိုမြင်လိုက်တာနဲ့ နိုင်ငံခြားကသင်ခဲ့တာတွေ၊ သင်တန်းတွေတက်ပြီး မှတ်ဖူးတာတွေ၊ စာအုပ်ထဲ ဖတ်ဖူး ခဲ့တာတွေရဲ့ စကားလုံးအခြေခံတွေနဲ့ ‘ပြည်သူတွေပေါ့’လို့ ပြောချင်စိတ်မပေါ်ကြပါနဲ့ဦးလို့ သတိပေးပါရစေ။ နိုင်ငံရေးနဲ့ ပတ်သက်လို့ ပြောတဲ့စကားတစ်ခွန်းရှိတယ်။ ကြားဖူးတဲ့စကားပါ။ Politics in the book and politics on the road တဲ့။ စာအုပ်ထဲက နိုင်ငံရေးနဲ့တကယ်ရှိနေတဲ့ နိုင်ငံရေးလို့ဆိုပါစို့။ ဖတ်ဖူး၊ သိဖူး၊ ကြားဖူးတာနဲ့ တကယ်ဖြစ်နေတာက ကွာ ခြားနေတတ်တာကို ပြောချင်တာထင်ပါတယ်။ ပါတီစုံစနစ်လို့ဆိုလိုက်တာနဲ့ ဒီမိုကရေစီရယ်၊ တရားမျှတမှုရယ်၊ တရား ဥပဒေစိုးမိုးမှုရယ်၊ တရားမျှတတဲ့ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆို တာရယ်က စာအုပ်တွေထဲက နိုင်ငံရေးဆိုတာပါ။ ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ဆိုတာကို ရည်ညွှန်းတာလည်းဖြစ်ပါတယ်။ တကယ့်လက်တွေ့ဘဝထဲက ပါတီစုံနိုင်ငံရေးစ နစ်ဟာ ခင်ဗျားဖတ်ဖူး၊ သိဖူး၊ ကြားဖူးတဲ့ အတိုင်းကော တကယ်ဟုတ်နေ၊ ဖြစ်နေပါရဲ့လား။

ဗမာပြည်က ပါတီစုံနိုင်ငံရေးစနစ်ကရော၊ ခင်ဗျားသိဖူးတဲ့ ပါတီစုံနိုင်ငံရေးစနစ်ရဲ့ ဂုဏ်အင်္ဂါတွေ၊ အတောင်အလက် တွေရှိနေပြီလို့ ထင်မိပါသလား။

ဒါကြောင့်ပြောတာ။ စာအုပ်ထဲက နိုင်ငံရေးနဲ့ တကယ်ရှိနေ၊ ဖြစ်နေတဲ့နိုင်ငံရေးကမတူဘူး။ ကွာခြားနေတတ်၊ တခြား စီဖြစ်နေတတ်တယ်လို့။ ဒါကိုနားလည်နိုင်ဖို့အတွက် နောက်ခံအခင်းအကျင်းလေးတော့ နိပါတ်ခင်းပြဖို့ လိုမယ်ထင်ပါရဲ့ဗျာ။

 

လူထုတောင်းတာ တကယ်ရခဲ့လား

ဆန္ဒပြတောင်းဆိုတယ်ဆိုတာ တည်ရှိနေတဲ့ အာဏာပိုင်ဆီကို ကိုယ်လိုချင်တဲ့ အခွင့်အရေးတွေပေးဖို့ အင်အား ပြပြီးတောင်းတာပါ။ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲဆိုတာ အလုပ်ရှင်ဆီကနေတောင်းတာ။ ပြည်သူလူထုရဲ့ ဆန္ဒပြပွဲဆိုတာ အစိုးရဆီကနေ ပြည်သူလူထုဘက်ကလိုလားတာတွေကို အင်အားပြပြီး၊ ဖိအားပေးပြီးတောင်းတာပါ။ ဒီလိုအခြေအနေ မျိုးမှာ အာဏာရှိသူတွေဘက်က ပေးချင်စိတ်ရှိရင်အဆင်ပြေတယ်။ မပေးချင်ရင်လက်နက်နဲ့ ပြန်ပြီး အကြမ်းဖက်ဖြိုခွဲလေ့ ရှိတယ်။ ဖြိုခွဲခံရလို့ ပြိုကွဲသွားရရင်လည်း ယာယီတစ်ခဏလောက်ပါ။ ‘တစ်ကွေ့တော့တွေ့ကြဦးမယ်’ဆိုတဲ့ စိတ်နဲ့အင် အားရှိလာ၊ စုစည်းမိလာတဲ့အခါမျိုးမှာ နောက်တစ်ချီထပ်ဆော်လေ့ရှိ ပါတယ်။ ထပ်ဖြိုခွဲခံရရင်လည်း နောက်တစ် ပွဲအတွက် စည်းရုံးစုစည်းသူတွေပေါ်လာလေ့ရှိတယ်။ ဒါဟာ ဖိနှိပ်တဲ့အစိုးရတွေနဲ့ ပြည်သူလူထုကြားမှာရှိတတ်, ဖြစ်တတ်တဲ့ ပဋိပက္ခ သဘာဝပါပဲ။

၁၉၉၈ အရေးတော်ပုံကြီးဟာလည်း ဒီလိုသဘာဝအတိုင်းထဲကပဲပေါ်လာ၊ ကြီးထွားလာခဲ့တာပါ။ အဲဒီအချိန် တုန်းက တောင်းဆိုချက်တွေထဲမှာ ပါတီစုံစနစ်ရရှိ ရေးဟာလည်း အဓိကတောင်းဆိုချက်ထဲမှာ ပါခဲ့ပါတယ်။

ကြီးကျယ်တဲ့ အရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်မှုတွေ၊ လမ်းမပေါ်ကလူသတ်ပွဲတွေနဲ့ ရက် ရက်စက်စက်ဖြိုခွဲပြီး အာဏာသိမ်းပစ်လိုက်တယ်။ အာဏာသိမ်းတယ်ဆိုတာ တည်ရှိနေတဲ့အစိုးရကိုဖြုတ်ချပြီး၊ ဖမ်းဆီးပြီး စစ်တပ်ကအစိုးရသစ်ဖွဲ့တာပါ။ ၁၉၆၂အာဏာ သိမ်းတော့ ဒီလိုမျိုးလုပ်ခဲ့တာ။ ၁၉၈၈ စက်တင်ဘာလ အာဏာ သိမ်းမှုကတော့ တည်ရှိဆဲ မဆလစစ်အာဏာရှင်အစိုးရခေါင်းဆောင်နဲ့ ထိပ်ပိုင်းအုပ်စုက စစ်တပ်ကိုခေါ်ပြီး အာဏာသိမ်းဖို့ ညွှန်ကြားစီစဉ် အမိန့်ပေးခိုင်းစေခဲ့တဲ့အာဏာသိမ်းမှုပါ။ ဘယ်သူ့ဆီက အာဏာသိမ်းခဲ့တာလဲဆိုတော့ အရေးတော်ပုံကြီးရဲ့ ဒေသဆိုင်ရာ သပိတ်ကော်မတီတွေ၊ ပြည်သူလူထုရဲ့ ကိုယ်စားလှယ်သပိတ်ကော်မတီတွေနဲ့ အရေးတော်ပုံတပ်သားတွေ လက်ထဲကို တစ်စိတ်တစ်ပိုင်းရောက်နေတဲ့ အာဏာကို စစ်တပ်ကသိမ်းယူခဲ့တဲ့ အာဏာသိမ်းမှုပါပဲ။ နားလှည့်ပါးရိုက်တဲ့ အာဏာသိမ်းမှု၊ ကလိမ်ကကျစ်လုပ်ထားတဲ့ အာဏာသိမ်းမှုပါပဲ။

အာဏာသိမ်း နဝတလက်ထက်မှာ အရေးတော်ပုံရဲ့ တောင်းဆိုချက်တွေထဲက လိုက်လျောချက်တွေထဲမှာ ၁၉၇၄ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနဲ့ ပါတီစုံဒီမိုကရေစီအတု ဆိုတာကိုပေးခဲ့တယ်။ ဘယ်လောက်အထိ အတုဖြစ်ခဲ့သလဲဆိုရင် ဖွဲ့စည်းပေါ်ပေါက် လာတဲ့ နိုင်ငံရေးပါတီတွေဟာ စစ်အစိုးရ ငြိုငြင်မယ့်ကိစ္စတွေကို လုပ်ခွင့်မရှိဘူး။ ပါတီအများစုဟာ ဒီမိုကရေစီအရေးကိုလုပ် ဖို့တောင်မှ မလှုပ်ရဲခဲ့ကြဘူး၊ ရဲတဲ့ပါတီတွေ၊ ခေါင်းဆောင်တွေ၊ ကျောင်းသားသမဂ္ဂတွေ လည်း ဖမ်းဆီးထောင်ချခံကြရတာ။ ရွေး ကောက်ပွဲကလည်း ဘယ်လောက်ထိအောင် အယောင် ဆောင်ဟန်ပြပါတီစုံရွေးကောက် ပွဲဖြစ်ခဲ့သလဲဆိုရင် ရွေးကောက်ပွဲအနိုင်ရတဲ့ ဒီချုပ်(NLD)ကို အာဏာလွှဲမပေးတဲ့အပြင် ပြည်သူလူထုရဲ့ ကိုယ်စားလှယ် အမတ်တွေလည်း ဖမ်းဆီးထောင်ချတာ၊ ဖိအားပေးနုတ်ထွက်ခိုင်းတာ၊ တိုင်းပြည်ထဲက ထွက်ပြေးရအောင်လုပ်ခဲ့တာတွေ က ငြင်းမရတဲ့ သက်သေပါပဲ။

၁၉၈၈ အာဏာသိမ်းနဝတစစ်အစိုးရကပေးခဲ့တဲ့ ပါတီစုံစနစ်ဆိုတာ စစ်တပ်မကြိုက်တာ လုပ်ခွင့်မရှိတဲ့ နိုင်ငံရေး ပါတီတွေရဲ့ အကျယ်ချုပ်နိုင်ငံရေးဘဝရယ်၊ ဒီမိုကရေစီသင်းကွပ်ခံထားရတဲ့ နိုင်ငံရေးရုပ်သေးစနစ်ရယ်၊ ဟန်ပြပါတီစုံရွေး ကောက်ပွဲအလိမ်(အတု)ရယ် ပေါင်းစပ်ပြီး ဖော်စပ်ထားတဲ့ လူထုဖိနှိပ်ရေးစစ်အာဏာရှင် ဝမ်းနုတ်ဆေးကြီးတစ်ခွက်လို့ပဲ ပြောရမှာပါ။ လူထုဘက်တော်သား ဒီမိုကရေစီ သမားတွေအတွက် ဝမ်းလျှောပြီး နုံးချည့် နေအောင် စစ်အာဏာများများနဲ့ ရောသမမွှေပြီး ဖော်စပ်ထားတဲ့ ပါတီစုံဝမ်းနုတ်ဆေး ကြီးကို အတင်းအဓမ္မသောက်ခိုင်း(တိုက်ကျွေး)ခဲ့တဲ့ တစ်ချိန်တည်းမှာ ဘယ်သူတွေကတော့ အကောင်းဆုံးအားဆေးတွေ၊ အရသာအရှိဆုံးအာဟာရတွေ၊ စည်းစိမ်အရှိဆုံးနေရာတွေမှာရှိခဲ့၊ နေခဲ့၊ လုပ်ခဲ့ကြသလဲဆိုတာကို အကျယ်ချဲ့ပြီးပြောနေဖို့လို မယ်မထင်ပါဘူး။ သဘောပေါက် ပြီးသားမို့ပါ။

အာဏာလက်နဲ့ ထိသမျှ ရွှေ

နဝတခေတ်မှာ နိုင်ငံရေးအရအထင်ရှားဆုံးကိုပြောရင် ဒီမိုကရေစီဘက်တော် သားမှန်သမျှကို နှိပ်ကွပ်ထောင် သွင်းနှိပ်စက် ခြင်းနဲ့ ရွေးကောက်ပွဲအလိမ်လုပ်ပြီး အာဏာလွှဲမပေးခြင်းတို့ကို ပြောရမယ်ထင်ပါရဲ့။

တစ်ချိန်တည်းမှာ စီးပွားရေးဘက်ကိုကြည့်ရင် စစ်တပ်ပိုင်တဲ့ ဦးပိုင်ကုမ္ပဏီကြီးနဲ့အတူ အာဏာရစစ်ဗိုလ် ချုပ်တွေပိုင်တဲ့ကုမ္ပဏီတွေ၊ လုပ်ငန်းတွေပေါ်ထွက်လာတာက အထင်ရှားဆုံးပါပဲ။ စစ်အာဏာလက်ကထွက်တဲ့ နို့ချိုချိုကို စို့ခွင့်ရပြီး သန်မာထွားကျိုင်းလာတဲ့ ခရိုနီလူတန်းစားဆိုတာလည်း ဗမာ့သမိုင်းမှာ လူတန်းစားအလွှာသစ်အနေနဲ့ ထိုးထိုး ထောင်ထောင် ပေါ်လာခဲ့တယ်။ အာဏာချုပ်ကိုင်ထားတဲ့ စစ်အာဏာရှင်တွေက သူတို့စစ်မဏ္ဍိုင်ကို ထောက်ခံ၊ ပံ့ပိုး၊ ကျားကန်၊ ကူညီပေးမယ့် အဲဒီစစ်ဗျူရိုကရက်အလိုတော်ရိ စီးပွားရေး သမားလူ့မလိုင် လက်ကိုင်တုတ်အလွှာသစ် ကလည်း ‘ဗောင်းတော်ညိတ်၊ စိတ်တော်သိ’ သူတွေပီပီ စစ်အာဏာနဲ့ပေါင်းပြီး မြေယာ၊ သစ်တောနဲ့ တွင်းထွက်သယံဇာတထွက်တဲ့ နေရာတွေကိုဝင်သိမ်းယူပြီး အာဏာရှိသူတွေနဲ့ ဝေစားမျှစားလုပ်စားခဲ့ကြတာများ လက်ညှိုးထိုးမလွဲခဲ့။ ပုဂံခေတ်ရဲ့ ပါးစပ် ရာဇဝင်မှာ လက်ညှိုးညွှန်ရာရေဖြစ်တဲ့ အလောင်းစည်သူမင်းဆိုတာက ယုံတမ်းပုံပြင်ပါ။ နဝတခေတ်မှာတော့ လက်ညှိုး ညွှန်ရာဟာသိမ်းယူပြီးသား။ လက်နဲ့ထိသမျှလည်း ရွှေတွေဖြစ်ခဲ့တာတွေက ယုံတမ်းပုံပြင်မဟုတ်။ လက်မှာအာဏာက ပါပြီးသားဆိုတာမျိုး ဖြစ်တဲ့အပြင် အာဏာထဲမှာစစ်မိန့်ကလည်း ရှိပြီးသားဆိုတော့ သူတို့မှ မချမ်းသာရင် ဘယ်သူတွေက ချမ်းသာဦးမှာလဲဆိုပြီး မေးစရာတောင်မလိုဘဲ သဘောပေါက်ခဲ့ ကြရတဲ့ ခေတ်ပေါ့။

အဲဒီကာလထဲမှာပဲ တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အားလုံးနီးပါးနဲ့ အပစ်အခတ်ရပ်စဲရေး (Cease-fire) လုပ်ခဲ့တယ်။ စစ်ရေးကိုဘေးချထားလိုက်ပြီး နိုင်ငံရေးအေးဓားပြတိုက်ဖို့ပြင် ဆင်လိုက်တဲ့ ခြေလှမ်းတွေလို့ ပြောရမှာပါ။ အနာဂတ်နိုင်ငံရေးမှာ စစ်တပ်ကဦးဆောင်ထိန်းချုပ်ဖို့နဲ့ သူတို့အာဏာနဲ့ရထားတဲ့ စီးပွားဥစ္စာတွေ ဘေးမသီရန် မခရှိနေစေဖို့အပါအဝင် အာဏာရှိတုန်းကလုပ်ခဲ့တဲ့ မတရားမှုတွေကို နောက်ကြောင်းပြန် အရေးမယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ အစီအမံတွေကို စနစ်တကျအကောင်အထည်ဖော်ဖို့လုပ်တဲ့ကာလပါပဲ။ အဲဒါကတော့ ၁၉၉၃မှာ စတင်ခဲ့ တဲ့အမျိုးသားညီလာခံခေါ်တဲ့ ညောင်နှစ်ပင်ညီလာခံပဲဖြစ်ပါတယ်။

စစ်တပ်ထိန်းချုပ်မှုအောက်က ပါတီစုံစနစ်ကို ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အုတ်မြစ်ချပန္နက်ရိုက်တဲ့ ညီလာခံ လို့ဆိုကြပါစို့။

 

ငါရယ်၊ မင်းရယ်၊ ငါတို့လူတွေရယ်

၁၉၉၃ ဇန်နဝါရီလမှာ အမျိုးသားညီလာခံခေါ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ စတင်ဆွေးနွေးလိုက်တာ ၂ဝဝ၇၊ စက်တင်ဘာ၃ရက်ကျတော့မှ အမျိုးသားညီ လာခံကြီးက အောင်မြင်ချောမောစွာပြီးခဲ့တယ်လို့ ဖတ်ရဖူးပါတယ်။ ဖွဲ့စည်းပုံအခြေ ခံဥပဒေတစ်ခုကို ၁၄နှစ်ကျော်ကြာအောင် အချိန်ယူရေးဆွဲခဲ့တာဆိုလို့ ကမ္ဘာပေါ်မှာ ဒီနိုင်ငံတစ်နိုင်ငံတည်း ရှိတာမို့ ဂုဏ်ယူတတ်ရင် ဂုဏ်ယူရမယ့်နိုင်ငံသားဘဝပေါ့ဗျာ။ အဲဒီအမျိုးသားညီလာခံကို အစောပိုင်းက ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒီချုပ် (NLD) ကလည်းတက်ခဲ့ပြီး နောက်ပိုင်းမှာ ဆက်မတက်တော့ဘူးလို့လည်း သိရတယ်။ တခြား ကိုယ် စားလှယ်အများစုကတော့ ‘ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောရဲသူ’တွေဆိုတော့ ဘယ်သူ့အလိုကျဖွဲ့စည်းပုံ ဥပဒေဖြစ်မ လဲဆိုတာကို စဉ်းစားစရာမလိုဘဲ သိနိုင်ပါရဲ့။

အဲဒီညီလာခံကျင်းပခဲ့တာ ၁၄နှစ် ကျော်ကြာခဲ့တယ်ဆိုတာ ပြောခဲ့ပြီးပါပြီ။ ဖွဲ့စည်းပုံရေးဆွဲဖို့ အဲဒီလောက်ကြာတဲ့ ကာလထဲမှာ အာဏာသိမ်းစစ်အစိုးရဟာ စစ်တပ်ခေါင်းဆောင်တွေ ကြီးပွားချမ်းသာရေး၊ စစ်တပ်ပိုင်ကုမ္ပဏီဖြစ်တဲ့ ဦးပိုင်လက်ထဲမှာ တိုင်းပြည်စီးပွားရေးကိုချုပ်ကိုင်ထားနိုင်ရေး၊ တိုင်းပြည်အာဏာကိုပုံစံသစ်နဲ့ ရေရှည်ထိန်းချုပ်ထားနိုင်ရေး၊ စစ်တပ် အာဏာသိမ်းတုန်းကနဲ့ နောက်ပိုင်းကာလတွေမှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ရက်စက်မှုနဲ့ စစ်ရာဇ ဝတ်မှုတွေကို ဥပဒေအရအကာအကွယ်ရယူနိုင်ရေးတွေအတွက် နည်းလမ်းမျိုးစုံနဲ့ပြင်ဆင် ဆောင်ရွက်ခဲ့တာကို ပြန်ကြည့် ရင် တွေ့ကြမှာပါ။

အမျိုးသားညီလာခံကို ဦးဆောင်ကျင်းပခဲ့သူတွေဟာ စစ်အစိုးရရဲ့ခေါင်းဆောင်ပိုင်းထဲကဖြစ်ပြီး ဥပဒေကိုရေးဆွဲ ပြဋ္ဌာန်းနိုင်ဖို့ စီစဉ်ဆောင်ရွက်တဲ့ ပညာရှင်ဆိုသူတွေကလည်း စစ်ဗိုလ်ဟောင်းတွေနဲ့ စစ်တပ်အကျိုး စီးပွားအတွက်ဆိုရင် ”ဗောင်းတော်ညိတ်တာနဲ့ စိတ်တော်ရဲ့အလိုကိုသိ”ကြတဲ့ ရုပ်သေးဥပဒေပညာရှင်တွေ၊ စစ်အစိုးရနဲ့ အမြီးစားဖက်၊ ခေါင်း စားဖက်တွေဖြစ်တယ် ဆိုတာကို သမိုင်းကမှတ်တမ်းတင်ခဲ့ပြီးပါပြီ။

ဒီနေရာမှာ ဆိုလိုချင်တာကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာ အောင် ဦးဆောင်သူနဲ့အကောင်အထည် ဖော်ခဲ့သူတွေဟာ မင်းရယ်၊ ငါရယ်၊ ငါတို့လူတွေရယ်လို့ ခေါင်းစဉ်ငယ်ပေးထားသလို ဝေစားမျှစားနဲ့ အလိုတူအလိုပါ တွေသာဖြစ်တယ်လို့ ပြောချင်တာပဲဖြစ်ပါတယ်။ ထောက်ခံခဲ့ကြတဲ့ အမျိုးသားညီလာခံထဲက ကိုယ်စားလှယ်တွေကတော့ ‘ခ’၃လုံးသမားတွေပေါ့။ ခေါ်ရင်သွား၊ ခိုင်းတာလုပ်ပြီး ခံမပြောရဲသူတွေလေ။ ထောင်စကားနဲ့ပြော ရရင် သူတို့တွေကလည်း အမှုတွဲတွေလို့ ပြောရမယ့်သူတွေပါပဲ။

အဲဒီလိုနဲ့ပဲ ”စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး”ဆိုတာရယ်၊ ‘နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေး’ဆိုတာတွေက အသက်ဝင်ရှင် သန်ပြီး အားကောင်းမောင်းသန်ဖြစ်လာလိုက်တာများ၊ စစ်တပ်နောက်ခံအစိုးရတက်တက်၊ အရပ်သား နောက်ခံအစိုးရ တက်တက်၊ တက်လာသမျှ ဘယ်အစိုးရဖြစ်ဖြစ် အရေးကြီးတဲ့ကိစ္စပေါ်လာရင် စစ်တပ်ကိုကျော်လို့မရတာ၊ မကျော်ရဲတာ တွေ ဖြစ်လာခဲ့တယ်။ ကျော်မယ်ကြံတဲ့အဆိုမှန်သမျှလည်း အဆိုဘဝမှာ တင်ချုပ်ငြိမ်းကွယ်ပျောက်ပြီး လွှတ်တော်ရဲ့ အဆိုအမှိုက်ပုံထဲမှာ စာရွက်လည်းကြေ၊ အသံလည်းသေခဲ့ရပေါ့။ ဒါကတော့ စစ်တပ်ရဲ့ အကျိုးစီးပွားနဲ့ပတ်သက်ရင် မျက် စောင်းကလေးတောင် မထိုးကြနဲ့လို့ သတိပေးနည်းအမျိုးမျိုးထဲက တစ်မျိုးနဲ့ ထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ တပ်ရဲ့ အကျိုးစီးပွားကိုမထိခိုက်စေတဲ့ကိစ္စတွေ၊ ဥပဒေတွေကတော့ လုပ်ချင်ရာလုပ်ခွင့်ပေး ထားတဲ့ ‘စည်းကမ်း ပြည့်ဝသောပါတီစုံ ဒီမိုကရေစီစနစ်’လို့ ဆိုထားခဲ့ပေသကိုး။

အစကတည်းက မရိုးတဲ့အစိုးရနဲ့ အစိုးမရ သော

၂ဝဝ၈၊ မေလ ၁ဝရက်နဲ့ မေလ၂၄ရက် တွေမှာ ကျင်းပခဲ့တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဖွဲ့စည်းပုံဥပဒေ မူကြမ်းကို ထောက်ခံမဲ ၉၂ဒသမ၄၈ရာခိုင်နှုန်း ရရှိတယ်ဆိုပါတယ်။ ဒါကြောင့် ၂ဝဝ၈၊ မေလ ၂၉ရက်စွဲနဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း နအဖဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြေညာခဲ့တယ်။ အဲဒီလို ကြေညာပြီးနောက်မှာ နိုင်ငံရေးဝေဖန်သုံးသပ်သူတွေကတော့ အဲဒီ ၂ဝဝ၈ဖွဲ့စည်းပုံကို ‘နာဂစ်ဖွဲ့စည်းပုံ’လို့ နာမည်ပေး လိုက်ကြလေရဲ့။နာဂစ်မုန်တိုင်းကြီးကြောင့် လူတစ်သိန်းခွဲလောက်သေပြီး ဘဝပေါင်းများစွာဖရို ဖရဲပြိုလဲပြီးစကာလကို ထင်ဟပ်ထားလို့ပါ။

အဲဒီဖွဲ့စည်းပုံဥပဒေနဲ့လုပ်တဲ့ ရွေးကောက်ပွဲဟာ ၂ဝ၁ဝမှာပေါ်လာတယ်။ အဓိက,ကတော့ ပြည်ခိုင်ဖြိုးပါတီကို တရားဝင် ရွေးကောက်ခံအစိုးရဖြစ်အောင်သိဒ္ဓိတင်ပေးတဲ့ ရွေးကောက်ပွဲပါပဲ။ ပြည်ခိုင်ဖြိုးပါတီဆိုတာ ဘယ်လိုကျော ထောက်နောက်ခံရှိတဲ့ ပါတီလဲဆိုတာ အားလုံးသိပြီး သားပါ။ မဆလ စစ်အာဏာရှင်မျိုးဆက်က သူတို့ကိုကျားကန်ပေးမယ့် တစညပါတီနဲ့ ပါတီစုံနာမည် အောက်မှာညာသံပေးခဲ့သလို နဝတမျိုးဆက် စစ်အာဏာရှင်တွေကလည်း သူတို့ကိုရှေ့က ထွက်ရပ်ပေးမယ့် ပြည်ခိုင် ဖြိုးပါတီကိုပွဲထုတ်ခဲ့တာပါ။ ပြည်ခိုင်ဖြိုးပါတီလက်ထက်မှာ ဘာလုပ်နိုင်ခဲ့သလဲဆိုရင် စစ် အစိုးရမဟုတ်တဲ့ နိုင်ငံရေးပါတီအစိုးရဖြစ်တဲ့အတွက် အစိုးရလက်ထက်တစ်လျှောက်လုံးမှာ တင်းကျပ်ထားခဲ့တာတွေထဲက ဖြေလျှော့ပေးတာတချို့ကို လုပ်ပြခဲ့တယ်။ ဒီလိုဖြေလျှော့မှုတွေဟာ စစ်တပ်ကိုမထိခိုက်စေမယ့် တင်းကျပ်မှုတွေကိုသာ ဖြေလျှော့ခဲ့တာလို့ပဲ ပြောရမှာပါ။ စစ်တပ်အကျိုးစီးပွားကို ထိခိုက်စေတာမျိုး၊ စစ်တပ်ကသိမ်းယူထားတဲ့ မြေ၊ အဆောက် အအုံ၊ စက်ရုံလုပ်ငန်းတွေအပါအဝင် စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေပိုင်တဲ့ ကုမ္ပဏီတွေနဲ့ပတ်သက်လို့ လုံးဝတို့ထိခွင့်မရှိစေရ တဲ့ ဖြေလျှော့နည်းတွေပါပဲ။ အဲဒီအချိန်မှာ ဗမာတစ်နိုင်ငံလုံးရဲ့ စီးပွားရေးဟာ ဦးပိုင် ကုမ္ပဏီ၊ ဗိုလ်ချုပ်တွေပိုင်တဲ့ ကုမ္ပဏီနဲ့ ခရိုနီပိုင်ကုမ္ပဏီတွေရဲ့လက်ထဲမှာ (အားလုံး နီးပါး)ရောက်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။

၂ဝ၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီချုပ် (NLD)က ဝင်ပြိုင်ပြီး ကိုယ်စားလှယ် တချို့လွှတ်တော်ထဲရောက်သွား တယ်။ ဖွဲ့စည်းပုံကိုပြင်ဖို့ဆိုပြီး လက်မှတ်ထိုးတဲ့လှုပ်ရှားမှုကို ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပူးပေါင်းလုပ်ခဲ့တာ လက်မှတ်ပေါင်း ၄သန်းကျော် ၅သန်းနီး ပါးရတယ်လို့ဆိုတယ်။ ဒီလက်မှတ်တွေရဲ့အားနဲ့ လွှတ်တော်ထဲမှာ တိုးမပေါက်ခဲ့လို့ လက်မှတ်ထိုးလှုပ် ရှားမှုရဲ့ ရလဒ်ကလည်း ”ပလုံ”သွားတော့တယ်။

၂ဝ၁ဝ-၂ဝ၁၅ကာလ ပြည်ခိုင်ဖြိုး အစိုးရ လက်ထက်မှာပဲ တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ငြိမ်းချမ်း ရေးကိုဦးတည်တဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကြတယ်။ မူကြမ်းအထိရောက်အောင် ဆွေးနွေးသဘောတူ နိုင်ခဲ့ပေမယ့် တကယ်တမ်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးခါနီးကျတော့ မှ အားလုံးပါဝင်ရေးမူကို ပြည်ခိုင်ဖြိုးအစိုးရနဲ့ စစ်တပ်ဘက်က သဘောမတူတာကြောင့် မူကြမ်းဆွေး နွေးခဲ့သူတွေထဲက အတော်များများ (အင်အားကြီးအဖွဲ့တွေပါ)က လက်မှတ်မထိုးခဲ့ကြဘူး။ ဒါကြောင့် တစ်နိုင်ငံလုံးမဟုတ်တဲ့ ကွက်တိကွက် ကျားအပစ်အခတ်ရပ်စဲရေးစာချုပ်ဖြစ်သွားတော့တယ်။ အဖွဲ့အားလုံးသာ လက်မှတ်ထိုးတဲ့ အခြေအနေဖြစ်လာရင် စစ်ပွဲ တွေရပ်သွားနိုင်ခြေရှိလာမှာဆိုတော့ စစ်တပ်က (အဲဒီတုန်းက)သဘောမတူခဲ့တာဟာ ဘာကြောင့်လဲဆိုတာ စဉ်းစားလို့ ရနိုင်ကြမယ်ထင်ပါရဲ့။

အဲဒီအစိုးရသက်တမ်းကတည်းက သမ္မတရဲ့ညွှန်ကြားချက်ကို စစ်တပ်ကမနာခံ၊ ငြင်းဆန်ပြီး ထိုးစစ်တွေ ဆက်လုပ်နေခဲ့တာကိုလည်း ပြန်သတိရမိကြမယ်ထင်ပါတယ်။ အဲဒီလိုနဲ့ ၂ဝ၁၅ရွေးကောက်ပွဲမှာ ဒီချုပ် (NLD) ကအပြတ် အသတ်အနိုင်ရပြီး အစိုးရဖြစ်လာပါတော့တယ်။ အစကမရိုးတဲ့ ပြည်ခိုင်ဖြိုး အစိုးရနေရာမှာအစကရိုးတဲ့ NLD အစိုးရလက် ထက်ရောက်လာခဲ့ပါတော့တယ်။

 

ဘယ်သူတွေအကျိုးရှိနေတုန်းလဲ

ဒီချုပ် (NLD)အစိုးရလက်ထက်မှာ အမျိုးသားရင်ကြားစေ့ရေးအတွက်အတော် လေးလုပ်ခဲ့တာကို သတိထားမိ တယ်။ ၂ဝဝ၈ဖွဲ့စည်းပုံအရ စစ်တပ်ရထားတဲ့ ဝန်ကြီး ၃နေရာ (ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ)နဲ့ လွှတ်တော်ထဲမှာ ၂၅ရာခိုင်နှုန်းတင်မကတော့ဘဲ ပထမအစိုးရလက်ထက်က လူဟောင်းအတော်များများနဲ့ စစ်ဗိုလ်ဟောင်း တွေကို ဝန်ကြီးနေရာနဲ့ တခြားအရေးကြီးတဲ့ နေရာတချို့မှာ ခန့်ထားခဲ့တယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ပုဒ်မ တချို့ကို ပယ်ဖျက်နိုင်ခဲ့တယ်။ လုပ်နိုင်တာတချို့ကိုလုပ်ခဲ့တာဟာ အသိအမှတ်ပြုရမှာပါ။ ဒီမိုကရေစီဘက်တော်သား အစိုးရ တစ် ရပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖြစ်ပြီလားဆိုတာကိုလည်း မေးရမယ့် အချိန်ရောက်လာပါပြီ။ အစိုးရသက် တမ်း ၃နှစ်မှာ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာကို ပီပြင် အသက်ဝင်အောင်လုပ်နိုင်နေပြီ လားဆိုတာကိုပါမေးရတော့မှာပါ။ ရင်ကြားစေ့ရေးမှာ ကိုယ်ဘက်ကချည်းအလျှော့ပေးနေရတာဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းစာအတွက် ပြဿနာမဟုတ်ပေမယ့် အစိုးရ အဖွဲ့အနေနဲ့ဆိုရင်တော့ ပါတီရော၊ ပြည်သူအတွက်ပါနစ်နာလေ့ရှိလို့ပါ။

ပြည်ခိုင်ဖြိုးအစိုးရလက်ထက်က လုပ်ခဲ့တဲ့ NCA လုပ်ငန်းရဲ့အဆက်ကို ‘ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ (၂၁)ရာစုပင်လုံ’ဆိုပြီးဆက်လုပ်နေပေမယ့် သိသာပြောင်းလဲတဲ့ တိုးတက်မှုတွေသိပ်မတွေ့ရသေးပါဘူး။ နောက်တစ်လှမ်း ပြန်ဆုတ်တဲ့ အခြေအနေမျိုးကိုတောင်သိပ်မကြာခင်ကာလက ဖြစ်လာခဲ့ပါသေးတယ်။ အဓိကအကြောင်းကတော့ အပြန်အလှန်ယုံကြည်မှုတွေ လျော့ပါးလာတာကြောင့်ပဲလို့ မှတ်ချက်ပေးရမယ်ထင်ပါတယ်။ အပြန်အလှန် ယုံကြည်မှုလျော့ ပါးလာရတဲ့ကိစ္စမှာ စစ်တပ်နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကြားမှာ ဖြစ်ရုံတင်မကဘဲ အစိုးရ အပေါ်မှာပါဖြစ်လာ တာလားလို့ စဉ်းစားစရာရှိပါတယ်။ အကြောင်းကတော့ အစိုးရအဖွဲ့ခေါင်းဆောင်က အမျိုးသားရင်ကြားစေ့ရေး ခေါင်းစဉ် အောက်ကနေ စစ်တပ်ရဲ့ပြဿနာတွေကို ခေါင်းခံပြီး ရှေ့ကထွက်ကာနေတာလည်း ပါလိမ့်မယ်ထင်ပါတယ်။ တကယ် တော့ ၂ဝဝ၈ ဖွဲ့စည်းပုံအရ အစိုးရရဲ့ ကွပ်ကဲလမ်းညွှန်မှုအောက်မှာ စစ်တပ်ကရှိမနေပါဘူး။ ဘယ်အစိုးရတက်တက် ဒီ၂ဝဝ၈ဖွဲ့စည်းပုံအရဆိုရင် အစိုးရနဲ့ စင်ပြိုင်ဖြစ်နေပြီး အရေးကြီးတဲ့ ကိစ္စတွေမှာ စစ်တပ်က အစိုးရအထက်မှာရှိနေတာကို မေ့ထားလို့မရတဲ့ အခြေအနေလည်းဖြစ် ပါတယ်။

ဒီချုပ် (NLD) အစိုးရဟာ စစ်အာဏာရှင်တွေ လုပ်ထားခဲ့တဲ့ ပြဿနာကိုဖြေရှင်းနေရင်းနဲ့ ၃နှစ်သက် တမ်းရောက်လာချိန်မှာ သူ့အစိုးရပေါ်လစီကို မည်မည်ရရကိုင်တွယ် ဆောင်ရွက်နိုင်တဲ့ အခြေအနေအထိရောက် မလာ သေးပါဘူး။ ဒီကြားထဲမှာ စစ်အာဏာရှင်ဟောင်းနဲ့ အစိုးရဟောင်းက ကျွေးမွေး မြှောက်ပင့်ပေးထားခဲ့သူတွေရဲ့ ပြဿနာ သစ်ဖန်တီးမှုတွေကိုလည်း ရင်ဆိုင်နေရတုန်းပါ။ ပြည်သူလူထုတွေ နစ်နာခဲ့ရတဲ့ မြေသိမ်းယာသိမ်းခံရမှု အများစုကလည်း မဖြေရှင်းနိုင်သေးတဲ့အထဲမှာရှိနေပြီး အရင်အစိုးရလက်ထက်တွေတုန်းက နိုင်ငံခြားက ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတယ်ဆိုတဲ့ စီမံကိန်းကြီးတွေလည်းပါပါတယ်။

ပြီးတော့ အရေးကြီးဆုံးလို့ နိုင်ငံရေးအရပြောရမယ့် ဖွဲ့စည်းပုံပြင်ရေးကိစ္စဖြစ်ပါတယ်။ စစ်တပ်ကဖွဲ့စည်းပုံပြင်ရေး ကိုသဘောတူပါတယ်လို့ ပြောနေပေမယ့် အစိုးရရဲ့ အထက်ကရှိနေတဲ့ အစိုးရနဲ့စင် ပြိုင်လုပ်ခွင့်ရနေတဲ့ ပုဒ်မတွေကိုပြင် ဆင် (သို့မဟုတ်)ဖျက်သိမ်းပစ်ရေးကိုတော့ နည်းမျိုးစုံနဲ့ အနှောင့်အယှက်ပေးမှာ သေချာပါတယ်။

ဒါကြောင့် ၂ဝဝ၈ဖွဲ့စည်းပုံအောက်ကပါတီစုံစနစ်ဟာ ဘယ်သူတွေကိုအကျိုးရှိနေ သလဲလို့ မေးကြည့်နေရတာပါ။ ဒီပါတီစုံ စနစ်ဟာ အခုချိန်ထိ ဘယ်သူတွေကို အကျိုးအမြတ်ရှိနေ၊ ဖြစ်နေတုန်းလဲ။

 

ဥပေက္ခာပြုထားလို့ ရမလား

အစိုးရက သူ့လုပ်ပိုင်ခွင့်နဲ့ပြောင်းလို့ပြင်လို့မရတဲ့ အခြေအနေတွေမှာ အစိုးရလုပ်ပိုင်ခွင့်ရယ်၊ အတိုက်အခံတုန်း ကအမြင် သဘောထားရယ်ကိုပေါင်းပြီး ပြည်သူလူထု အားနဲ့ တွန်းတွန်းတိုက်တိုက်လုပ်သင့်တဲ့ အကြောင်းဆောင်းပါးကို ”ယနေ့ခေတ် မဂ္ဂဇင်း”မှာ ရေးခဲ့ဖူးပါတယ်။

နိုင်ငံရေးလော်ဘီတချို့က လမ်းပေါ်နိုင်ငံရေးဆိုတာ ခေတ်ကုန်သွားပြီလို့ နိုင်ငံခြားက အစိုးရလော်ဘီတွေရေးတာ ကို ဒီနိုင်ငံကသားတပည့်တွေက ဘာသာပြန်ပြီးပြောတာကို ဖတ်ဖူးပါတယ်။ တကယ်ကတော့ အဲဒီနိုင်ငံတွေမှာလည်း လိုအပ်ရင်လို အပ်သလို လမ်းပေါ်ထွက်ဆန္ဒပြ၊ သပိတ်မှောက်ကြတာတွေ ရှိနေတုန်းပဲဆိုတာကို ဖတ်ရလေ့ရှိပါတယ်။     ဘယ်ဟာကိုမှပုံသေမယူဘဲ လိုအပ်ရင်လိုအပ်သလို သုံးတတ်ဖို့ပဲလိုတာပါ။ အရိပ်ထဲမှာ၊ အဲယားကွန်းခန်းမထဲမှာ ဖြေရှင်းလို့ ပြေလည်ရင် ဘယ်သူမှ လမ်းပေါ်ထွက်ပြီး ဒုက္ခခံလမ်းလျှောက်မှာ မဟုတ်တာ သေချာပါတယ်။

ဒါပေမယ့် စားပွဲဝိုင်းမှာ အဲယားကွန်းခန်းမမှာ ဘယ်လိုမှညှိနှိုင်းဆွေးနွေးအဖြေရှာလို့မရရင်တော့ လမ်းပေါ်နိုင်ငံ ရေးနည်း လမ်းကစားပွဲဝိုင်းဖြေရှင်းရေးအတွက် အထောက်အပံ့ကောင်းကောင်းကြီး ပေးနိုင်စွမ်းရှိတာကိုတော့ သမိုင်းအ တွေ့အကြုံတွေ မှာရှိပြီးသားပါ။

ပြည်သူတွေအကျိုးရှိစေ၊ ဖြစ်စေမယ့် ပါတီစုံနိုင်ငံရေးစနစ်စစ်စစ်ကိုပဲ နိုင်ငံရေးနားလည်သူတွေက မျှော်လင့် တောင့်တနေတဲ့ ကာလဆိုတာကို ဘယ်သူကများဥပေက္ခာ ပြုထားလို့ ရမယ်ထင်ပါသလဲ။

 

နောင်ကျော်