ဘာကြောင့် ဖက်ဒရယ်ဒီမိုကရေစီ

ဆိုင်ဝမ်ဖှ
(၁) ဒီမိုကရေစီ ရှာပုံတော်
ကမ္ဘာ့ပြည်သူတွေက ဒီမိုကရေစီရဲ့ အနှစ်သာရကို သည်းခြေကြိုက်ဖြစ်လာတဲ့အတွက် ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီ အစိုးရလို့ သတ်မှတ်ခေါ်ဝေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ဒါဟာကောင်းတဲ့နိုင်ငံ၊ကောင်းတဲ့ အစိုးရလို့ အထင်ရောက်စေတယ်။ ဒါ့ကြောင့် အာဏာရှင်အစိုးရတွေက သူတို့အစိုးရတွေကို အကာအကွယ်ပြုဖို့ ဒီမိုကရေစီဆိုတဲ့ဝေါဟာရကို လိုသလို အဓိပ္ပာယ်ကောက်ပြီး အများပြည်သူတွေကို ယုံထင်ကြောင်ထင် ဖြစ်အောင်လုပ်နေကြတာ။’လို့ ဂျော့ခ်ျအို ဝဲလ်က ဒုတိယ ကမ္ဘာစစ်ပြီးကာလက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်။
ဒုတိယကမ္ဘာစစ်မဖြစ်ခင် နှစ်အနည်းငယ်နဲ့ ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့ကာလမှာကို ကမ္ဘာ့နိုင်ငံအများအပြားက ခေါင်း ဆောင်တွေက သူတို့အုပ်ချုပ်နေတဲ့နိုင်ငံရေးစနစ်တွေကို နာမဝိသေသနအမျိုးမျိုးတပ်ပြီး ဒီမိုကရေစီစနစ်အဖြစ် ကြွေးကြော် ခဲ့ကြတာပါ။ ကွန်မြူနစ်စနစ်ကျင့်သုံးကုန်တဲ့ အရှေ့ဥရောပနိုင်ငံတွေ၊ တရုတ်နိုင်ငံဆိုရင် ပြည်သူ့ဒီမိုကရေစီ၊ အီဂျစ်ဆို ရင်လည်း နာဆာလက်ထက်၊ စပိန်အာဏာရှင် ဖရန်ကိုဆိုရင် သန့်ရှင်းဒီမိုကရေစီ၊ ဒိုမီနီကန်မှာ ထရူဂျီယိုလက်ထက်မှာ ဆိုရင် ဒီမိုကရေစီသစ်စသဖြင့်ပဲ အာဏာရှင်အမျိုးမျိုးက သူတို့ရဲ့ စနစ်တွေကို အမျိုးမျိုးသော အမည်နာမဝိသေသန တွေနဲ့ ဒီမိုကရေစီအမည်တပ်ခဲ့ကြတယ်။
မြောက်ကိုရီးယားလိုနိုင်ငံတောင် ပြည်သူ့ဒီမိုကရေစီဆိုပြီး နိုင်ငံနာမည်ကို Democratic people republic of Korea ဆိုခဲ့သလို ကွန်မြူနစ်တွေအုပ်ချုပ်တဲ့ လာအိုဆိုရင်လည်း ဒီမိုကရက်တစ်သမ္မတ နိုင်ငံဆိုတဲ့အသုံးအနှုန်းကို တွေ့ရမှာဖြစ်ပါ တယ်။ အရှေ့အလယ်ပိုင်းက နိုင်ငံတချို့မှာတော့ ရွေးကောက်ပွဲတွေရှိပေမဲ့ အုပ်ချုပ်မှုယန္တရားနဲ့ ပြည်သူ့လွတ်လပ်ခွင့် အားကောင်းတဲ့ နိုင်ငံတွေမဟုတ်တာကိုလည်း မြင်ကြရမှာပါ။ အသည်းကြားက မဲတစ်ပြားနဲ့ တက်လာပြီး အသည်းခွဲတဲ့ သူတွေထဲမှာ ဟစ်တလာလိုပုဂ္ဂိုလ်လည်းပါဝင်ပါတယ်။
ဒီမိုကရေစီ နာမဝိသေသနတွေကို လေ့လာသုတေသန ပြုခဲ့ကြသူတွေကတော့ ဒေးဗစ်ကိုလီယာနဲ့ စတီဇင်လက်ဗင်စကီး တို့ ဖြစ်ကြပါတယ်။ သူတို့ဟာ နှစ်ပေါင်းများစွာအချိန်ယူပြီး သုတေသနပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၉၆ ခုနစ်မှာ သူတို့ရဲ့ သုတေသနပြုမှုတွေကို ရပ်တန့်လိုက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်းများစွာသူတို့ သုတေသနပြုမှုတွေ အတွင်း ဒီမိုကရေစီ နာမဝိသေသနပေါင်း ၅၅ဝ ကျော်တွေ့ရှိလာရတာကြောင့် ဖြစ်ပါတယ်။
ဒီမိုကရေစီအဓိပ္ပာယ်ကို အများညီ သတ်မှတ်မှု ကြိုးပမ်းမှုတွေထဲမှာ အစောဆုံးကြိုးပမ်းသူက ဆရာကြီးရွှမ်းပီတာဖြစ်ပြီး ၁၉၄၂ ခုနစ်က စတင်ကြိုးပမ်းခဲ့တာပါ။ ဆရာကြီး ရွှမ်းပီတာခေတ်ကစလို့ ယနေ့အချိန်အထိ ဒီမိုကရေစီအဓိပ္ပာယ်ကို ဘယ် သူမှအများညီ မသတ်မှတ်ခဲ့ကြပါဘူး။ ၂ဝဝ၂ ခုနစ်မှာတော့ လော့ရင့် ဝှိုက်ဟတ်က အခုလိုသတိပေးခဲ့ပါတယ်။ ‘လက်တွေ့ကျ ပြီး အလုံးစုံလွှမ်းခြုံအသုံးပြုနိုင်တဲ့ ရှင်းလင်းတိကျ၊ အနှစ်သာရပြည့်စုံအောင် အဓိပ္ပာယ်သတ်မှတ်နိုင်ဖို့က အလွန်ခက် ပါတယ်။ အမျိုးမျိုးကွဲပြားနေတဲ့ဒီမိုကရေစီ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ပြန်ပြီးပေါင်းစုဖို့ အချိန်ယူကြရဦးမယ်။’လို့ဆိုပါတယ်။
ဒါပေမဲ့ ကွန်မြူနစ်အစိုးရတော်တော်များများ ပြုတ်ကျသွားတဲ့စစ်အေးခေတ်အပြီး ဒီမိုကရေစီ တတိယလှိုင်းကာလမှာ တော့ ပြည်သူ့၊ ထိန်းကျောင်း၊ ဘူဇွာ၊တရားဝင်ဆိုတဲ့ဒီမိုကရေစီနာမ်ပုဒ်ကို အထူးပြုထားတဲ့နိုင်ငံတွေက အဲဒီအမည်နာမတွေ ကို တိတ်တဆိတ် စွန့်လွှတ်ခဲ့တဲ့အတွက် အားတက်ဖွယ်ရာ အခြေအနေဖြစ်ခဲ့ပါတယ်။

(ခ) နှုန်း၊ စံ၊ ယဉ်ကျေးမှု မူတည်ပေမဲ့ သန္တာန်အစဉ်တော့ရှိတယ်
အာရင်းလီယာဖတ်ကတော့ ဒီမိုကရေစီဟာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းဒေသအပေါ် တည်မှီဆက်နွှယ်နေတဲ့ အတွက် အဓိပ္ပာယ်ညှိယူဖို့ ခက်တယ်လို့ဆိုတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီနိုင်ငံအဖြစ် အသိအမှတ်ပြုနိုင်ရေးအတွက်တော့ အနိမ့်ဆုံးရှိရမယ့် အင်္ဂါစဉ်တွေကတော့ ပညာရှင်တွေအကြား သဘောတူခဲ့ပြီးဖြစ်ပါတယ်။
အားလုံးနီးပါးပါဝင်တဲ့ အများပြည်သူ နိုင်ငံသားတွေက သူတင်ကိုယ်တင် ပြိုင်ဆိုင်ကြပြီး ပူးပေါင်းလုပ်ကိုင်ကြတဲ့ ရွေး ကောက်ခံ ကိုယ်စားလှယ်တွေကတစ်ဆင့်အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတို့ရဲ့ ဆက်ဆံရေးကို ဖွဲ့စည်း တည်ဆောက်ယူတဲ့ အုပ်စိုးသူတွေကို သူတို့ချမှတ်တဲ့ အများပြည်သူဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို တာဝန်ခံယူစေတဲ့ စီမံအုပ်ချုပ်မှုကို System of Governance လို့ ရှမစ်ထာနဲ့ တယ်ရီလင်းကားလ်တို့က အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ သူတို့ဖွင့်ဆို မှုဟာ ရွှမ်းပီတာနဲ့ ရောဘတ်ဒါလ်းတို့ရဲ့ ဒီမိုကရေစီဖွင့်ဆိုချက်အပေါ် အခြေပြုခဲ့တာပါ။
ရွေးကောက်ခံအစိုးရအနေနဲ့ တာဝန်ခံရမယ်ဆိုတဲ့ စကားလုံးပါပေမဲ့ အဓိပ္ပာယ်က အနည်းငယ် ဝေဝါးနေသေးတဲ့ အတွက် အဲဒီဖွင့်ဆိုချက်ကို ပေတံအသီးသီးနဲ့ တိုင်းတာခဲ့ကြတဲ့ ပညာရှင်တွေလည်းရှိခဲ့တာပါ။ အဒမ်ဇဝေါစကီးကတော့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကတစ်ဆင့်ဖြစ်လာတဲ့ နိုင်ငံရေးမရေရာမှုကို ဒီမိုကရေစီရဲ့ အကောက်အယူ အနှစ်သာရအဖြစ် ဖွင့်ဆိုပါတယ်။ သဘောက ရွေးကောက်ပွဲမတိုင်မီ ဘယ်သူအနိုင်ရမယ်ဆိုတာ ခန့်မှန်းမရနိုင်တော့တဲ့ အနေအထားနဲ့ ရွေးကောက်ပွဲ ပြီးနောက်မှာ ရွေးကောက်ပွဲအဖြေကို ပြန်လည်သတ်မှတ်နိုင်ခြင်းမရှိမှသာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲလို့ဆိုပါတယ်။ အဲဒီအနေအထားက ဒီမိုကရေစီသန္တာန် အယူအဆရဲ့ အစလို့ဆိုပါတယ်။ ကိုလီယာနဲ့ လက်ဗင်စကီးတို့ဟာ အဲဒီသန္တာစဉ်ကို အဆင့်ခြောက်ဆင့်ခွဲခဲ့ပါတယ်။ (က) ဒီမိုကရေစီမဟုတ်တဲ့အဆင့် (ခ) အနိမ့်ဆုံးဒီမို ကရေစီ (ဂ) အင်္ဂါစုံဒီမိုကရေစီ (ဃ)ပြည့်စုံဒီမိုကရေစီ (င) ဖွံ့ဖြိုးပြီးဒီမိုကရေစီ၊ (စ)အမြင့်ဆုံးဒီမိုကရေစီဆိုပြီး တော့ပါ။
အနိမ့်ဆုံးဒီမိုကရေစီမှာ သတ်မှတ်ကာလတိုင်းတွင် ရွေးကောက်ပွဲ ပုံမှန်ကျင်းပ ပေးခြင်း၊ အလွန်အကျွံရွေးကောက်ပွဲ မဲမသ မာမှုများ ကင်းရှင်းမှု၊ နိုင်ငံသား အရွယ် ရောက်သူအားလုံး မဲပေးခွင့်ရှိမှုတွေ ပါဝင်ပါတယ်။ လာရီဒိုင်းမွန်းကတော့ ဒီလို ဒီမိုကရေစီမျိုးကို ရွေးကောက်ပွဲဒီမိုကရေစီလို့သာခေါ်ပါတယ်။ ရွေးကောက်ပွဲ ဒီမိုကရေစီနဲ့ ခွဲခြားရမယ့် ရွေးကောက်ပွဲ အာဏာ ရှင်စနစ်တွေမှာတော့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေကို အာဏာရှင်စနစ် တစ်မျိုးမျိုးနဲ့ အုပ်စိုးမှုရှိပေမဲ့ နိုင်ငံရေး ပါတီတွေ ဖွဲ့စည်းခွင့်ပြုတဲ့အပြင် ပါတီစုံရွေးကောက်ပွဲတွေကိုလည်း သတ်မှတ်အချိန်အတိုင်း ကျင်းပပေးလေ့ရှိတာပါ။ ဒါပေမဲ့ လည်း အာဏာရှင်အုပ်စုကသာ အမြဲအနိုင်ရလေ့ရှိခဲ့ပါတယ်။ ကမ္ဘောဒီးယား၊ ဘော့စနီးယား ရုရှားဖက်ဒရေးရှင်း၊ ဇင်ဘာဘွေ တို့ပါပါတယ်။ တချို့က ထိုင်ဝမ်ရဲ့ ကူမင်တန်ပါတီကိုလည်း ဒီမိုကရေစီအာဏာရှင်၊ အာဏာပိုင်စနစ်နဲ့ အကြွင်းမဲ့အာဏာ တို့ရဲ့ အစုအဝေးအဖြစ် ထောက်ပြကြပါတယ်။
အင်္ဂါစုံဒီမိုကရေစီကတော့ အရပ်သားတွေရဲ့ အခြေခံလွတ်လပ်ခွင့်တွေဖြစ်တဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးဆန္ဒပြခွင့်၊ အခြေချနေထိုင်ခွင့်၊ တရားဥပဒေရှေ့မှောက်တန်းတူဆက်ခံထိုက်ခွင့်စတဲ့ အချက်တွေ ပြည့်စုံရမယ်လို့ ပါဝင်ပါတယ်။ (မြန်မာနိုင်ငံမှာလို အစိုးရနဲ့အဆင်ပြေတဲ့ အဖွဲ့အစည်းရဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေကို ပြည်နယ်မြို့တော်မှာ ကျင်းပခွင့်ရပြီး၊ တခြား တိုင်းရင်းသားအဖွဲ့အစည်းကတော့ သူတို့ပြည်နယ်မြို့တော်မှာ ကျင်းပခွင့်မရ၊ သေနတ်လိုင်စင်နဲ့ ကိုင်ခွင့်လူတိုင်းပေးမလား၊ ကျောင်းသားသမဂ္ဂ အဖွဲ့တွေချင်း အတူတူတောင် ခွဲခြားဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်နေတာ၊ ပြည်သူ့ဥယျာဉ်မှာ ဗုဒ္ဓဘာသာ တရားပွဲတွေကျင်းပခွင့် ပေးနေတုန်း၊ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုခွင့်နေရာကန့်သတ်မှုစတာတွေက နှိုင်းယှဉ်စဉ်းစားရမယ့်အခြေအနေတွေပါ)
စတုတ္ထနေရာက ပြည့်စုံဒီမိုကရေစီကတော့ ပြည်သူတွေက အပ်နှင်းထားတဲ့စီမံအုပ်ချုပ်ခွင့်ဆိုင်ရာ အာဏာနဲ့ ပြည့်စုံရမယ် လို့ဆိုထားပြီး ရွေးကောက်ခံအစိုးရဟာ ရွေးကောက်ခံမဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့၊ လူပုဂ္ဂိုလ်အဖွဲ့အစည်း၊ (ဒါမှမဟုတ်) နိုင်ငံပိုင်နက်နယ်မြေပြင်ပက အင်အားစုတစ်ရပ်ရပ်ရဲ့ထိန်းချုပ်မှုသြဇာလွှမ်းမိုးမှုက နေကင်းလွတ်ပြီး လွတ်လပ် ထိရောက်စွာ စီမံအုပ်ချုပ်နိုင်တဲ့ အစိုးရမျိုးဖြစ်မှသာ ဒီအဆင့်ကိုရောက်တယ်လို့ ဆိုပါတယ်။
ပဉ္စမအဆင့်ဖြစ်တဲ့ဖွံ့ဖြိုးပြီး ဒီမိုကရေစီကတော့ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာကျင့် သုံးတဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အင်္ဂါရပ်တွေအပြင် လူမှုစီးပွားသာတူညီမျှမှုတွေလည်း ရှိရမယ်လို့ဆိုပါတယ်။ ပြည်သူအနေနဲ့ အစိုးရမူဝါဒဆုံးဖြတ်ချက်တွေ၊ လုပ်ငန်းတွေကို နားလည်သိရှိခွင့်ရှိတဲ့အပြင် အခြေခံလိုအပ်ချက်ဖြစ်တဲ့ အလုပ်လုပ်ခွင့်မရတာ၊ အလုပ်မရတာ ဒါမှမဟုတ် နာမကျန်းဖြစ်ရင် အလုပ်လက်မဲ့ခံစားခွင့်၊ အခမဲ့ပညာသင်ခွင့်၊ ကျန်းမာရေး စောင့်ရှောက်ကုသခွင့်၊ အိမ်ရာရပိုင်ခွင့်စတာ တွေလည်း ပါဝင်သလို နိုင်ငံစီးပွားရေးကလည်း တံခါးဖွင့် လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးဖြစ်ရမှာပါ။ ဆဋ္ဌမနေရာမှာတော့ အမြင့်ဆုံး ဒီမိုကရေစီရှိနေပြီး လွတ်လပ်ခြင်း၊ မျှတခြင်း၊ တာဝန်ယူ၊ တာဝန်ခံခြင်း တရားဥပဒေစိုးမိုးခြင်း၊ ရွေးကောက်ပွဲနဲ့ ရွေး ကောက်ပွဲကာလမှာတင်မကဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံအုပ်ချုပ်မှုနယ်ပယ်အားလုံး အများပြည်သူနဲ့ ဆက်နွှယ် တဲ့ ကဏ္ဍအားလုံး အရပ်ရပ်ပြိုင်ဆိုင် ကိုယ်စားပြုမှုတွေမှာပါ အသုံးပြုတဲ့လူ့အဖွဲ့အစည်းမျိုးကိုဆိုလိုတာဖြစ်ပါတယ်။

(ဂ) မဂျော်ရီတေးရီးယန်းက ဒီမိုကရေ စီမဟုတ်အဆိုနဲ့ ဖဆပလမှ မျက်မှောက် ခေတ်ပဲ့တင်သံ
ဒီမိုကရေစီဟာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းပေါ် တည်မှီတဲ့အတွက် အဓိပ္ပာယ်ညှိယူဖို့ ခက်တယ်ဆိုပြီးပြောခဲ့တဲ့ အာရင်းလီယာဖတ်ကတော့ လူမျိုးစုတွေအတူနေခဲ့တဲ့နိုင်ငံတွေမှာ အများဆန္ဒအရ မဂျော်ရတီအစိုးရဟာ အာဏာရှင် အစိုးရသဘောဆောင်တယ်လို့ ပြောပါတယ်။ အဲဒီလိုနိုင်ငံတွေမှာ လိုအပ်တဲ့အစိုးရတွေဟာ အများစုနဲ့ အနည်းစုကိုပေါင်း စပ်ပြီး အတိုက်ခံမှုကို အဓိကမထားတဲ့ အများသဘောတူမှုကို ရရှိစေဖို့ညှိနှိုင်းတဲ့ ကွန်ဆန်းဆပ်စ်ပုံစံ အစိုးရမျိုးပဲလိုအပ် တယ်လို့ သူကဆိုပါတယ်။ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ ဘာသာစကား မျိုးရိုးဇာစ်မြစ်ကွာခြားတဲ့ တိုင်းပြည်တွေမှာ အဲဒီကွာခြားချက်ကို လိုက်ပြီး လူစုတွေ သီးခြားတည်ရှိနေတဲ့အတွက် အများပြည်သူဆန္ဒအရ ဖွဲ့စည်းတဲ့ မဂျော်ရတီ ဒီမိုကရေစီအစိုးရမျိုး ရေရှည် ဖြစ်ထွန်းနိုင်မှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။ ဒီမိုကရေစီစနစ်အရ ပြည်သူတွေ မဲဆန္ဒအပေါ် အခြေခံတဲ့အစိုးရဖွဲ့စည်းမှုမှာ တင်းမာမှုတွေ မရှိစေဖို့အတွက် ပျော့ပျောင်းနူးညံ့စွာ အာဏာလွှဲပြောင်းခွဲဝေရယူနိုင်ဖို့ကို ဆိုလိုတာဖြစ်ပါတယ်။ တင်းမာမှုတွေရှိပြီးမှ အာဏာလွှဲပြောင်းယူတဲ့မဂျော်ရတီမဲနဲ့ အနိုင်ရတဲ့အစိုးရတွေဟာ ဒီမိုကရေစီ အစိုးရမဟုတ်နိုင်တော့ဘဲ အန္တရာယ်ပင် ပြုတတ်တယ်လို့ သူက ဆိုပါတယ်။ သူက သာဓကအနေနဲ့ မြောက်အိုင်ယာလန်ကို ဥပမာပေးပါတယ်။ အဲဒီမှာ ပရိုတက်စတင့် ခရစ်ယာန်တွေက အများစုဖြစ်ပြီး ကက်သလစ်ခရစ်ယာန်တွေက အနည်းစုဖြစ်တဲ့ အတွက် အများစုဆန္ဒအရ ဖွဲ့စည်းတဲ့အစိုးရဟာ ပရိုတက်စတင့်တွေပဲ အမြဲဖြစ်နေပါတော့တယ်။ ၁၉၂၁ ကနေ ၁၉၇၂ အထိ ပရိုတက်စတင့်တွေပဲ အုပ်ချုပ်နေတာပါ။ကက်သလစ်ဂိုဏ်းဝင်တွေက နိုင်ငံရေးမညီမျှမှုတွေကြောင့် ဆန္ဒပြမှုတွေကတစ်ဆင့် နောက်ဆုံးမှာ ပြည်တွင်းစစ်အဆင့်ကို ရောက်သွားခဲ့တယ်လို့ သူကထောက်ပြပါတယ်။ ဘယ်ဂျီယံမှာတော့ အဲလိုပြဿနာ တွေကို ရှောင်လွှဲနိုင်ဖို့အတွက် အခြေခံ ဥပဒေမှာ သီးခြားဘာသာစကားပြောသူတွေကို အုပ်ချုပ်ရေးအဖွဲ့တွေမှာ ပါဝင်ရမယ် ဆိုပြီး တရားဝင်သတ်မှတ်ထားခဲ့ပါတယ်။ ၁၉၇ဝ အခြေခံဥပဒေပြင်ဆင်ချက်မှာဆိုရင် ဝန်ကြီးချုပ်မှအပ အစိုးရအဖွဲ့ကို ပြင် သစ်ဘာသာစကားပြောတဲ့ ဝန်ကြီးတွေကို ဒတ်ခ်ျဘာသာစကားပြောဝန်ကြီးတွေနဲ့ အရေအတွက် အတူတူထည့်သွင်းရမယ် လို့ကိုပြင်ဆင်လိုက်တာပါ။ ဒတ်ခ်ျ၊ ပြင်သစ်၊ ဂျာမန်နဲ့ ဘာသာစကားတွေ ပေါင်းစပ်သုံးတဲ့နယ်မြေဆိုပြီး နယ်မြေ လေးခုရှိနေတာ ဖြစ်ပါတယ်။
တိုက်ဆိုင်စွာပင် မြန်မာပြည်တွင်းစစ်မှာ လွတ်လပ်ရေးရစ ပါလီမန်ဒီမိုကရေစီခေတ်တွင်စခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာ့ သမိုင်းမှာသာ ပါလီမန်ခေတ်ကို ဒီမိုကရေစီအဖြစ် ခေါ်ငြားသော်လည်း နိုင်ငံတကာက နိုင်ငံရေးလူမှုသိပ္ပံအင်စတီကျုဆိုင်ရာ လေ့ လာသူတွေအကြားမှာတော့ လွတ်လပ်ရေးရစ ပါလီမန်ခေတ်ကို ဒီမိုကရေစီအဖြစ်ပင် သိပ်ပြီးဟုတ်ဟုတ်ညားညား ပြောဆိုတာ မတွေ့ရပါဘူး။ အဲဒီခေတ်ကာလက နာမည်ကြီး ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ရစ်ချတ်ဗတ်ဝဲလ်ကတော့ ၁၉၅၆ ဒုတိယအကြိမ်ရွေး ကောက်ပွဲမတိုင်မီကာလအထိ အစိုးရအဖွဲ့မှာကော ပါလီမန်မှာပါ ဖဆပလက တစ်ဖက်သတ်လွှမ်းမိုးထား နိုင်ခဲ့တယ်။ ဦးနုအစိုးရက တရားဥပဒေပြုရေးမှာကော အုပ်ချုပ်ရေးမှာပါ သူတို့စိတ်ကြိုက်အုပ်ချုပ်နိုင်တဲ့ အနေအထားရခဲ့ တယ်။ အဓိက အားနည်းချက်ကတော့ အစိုးရကိုထိန်းကျောင်းပေးနိုင်တဲ့ အားကောင်းတဲ့အတိုက်အခံ အဖွဲ့အစည်းမရှိ တာဘဲလို့ ဆိုပါတယ်။ သူကပဲ အဲဒီစနစ်ကို ပါတီစုံအာဏာရှင်စနစ်လို့ နာမည်ပေးပါတယ်။ နှစ်ပေါင်း ၅ဝ ကျော်အကြာ ၂ဝ၁၆ ခုနစ်ကပဲ နာမည်ကြီး ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ သောမတ်စ်ဖရိုင်းမန်းက ပါတီစုံအာဏာရှင်စနစ်ဆိုပြီး သုံးနှုန်းလာပြန်တာ တွေ့ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း လူမျိုးစုဒေသတွေအတွက် သီးသန့်ဒေသရွေးကောက်ပွဲ မရှိတဲ့အပြင် စစ်မက်ဖြစ်ပွားခဲ့တဲ့ လူမျိုးစုနယ် မြေအများစုမှာလည်း မူလဌာနေတိုင်းရင်းသားမဟုတ်တဲ့ အခြားလူတွေ အမြောက်အမြား နေထိုင်နေကြပြီဖြစ်ပါတယ်။ ဥပမာ ရှမ်းပြည်နယ်မှာဆိုရင် ရှမ်းပြီးရင် ဒုတိယအများဆုံးက ဗမာတွေဖြစ်ကုန်ပြီဖြစ်ပြီး နှစ်ပေါင်းများစွာ စစ်ဒဏ်ခံခဲ့ရတဲ့ ရှမ်းတိုင်းရင်းသားတွေဟာ တစ်ပြည်နယ်လုံး လူဦးရေရဲ့ ၃၅ ရာခိုင်နှုန်းသာ ရှိတော့သာ ဖြစ် ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲ ရလဒ်တွေ အရတိုင်းရင်းသားပါတီတွေ အနိုင်ရတဲ့နှုန်းဟာ ၁၉၅၂ ကာလက အခြေအနေနဲ့ မနီးယိုးစွဲ အခြေအနေဖြစ်လာပါတော့တယ်။ ( မှတ်ချက်၊ လွှတ်တော်အတွင်း တပ်မတော် ၂၅ ရာခိုင်နှုန်းက လွဲပြီး)။ ကရင်၊ မွန်၊ ကရင်နီ လက်နက်ကိုင်လှုပ်ရှားမှုတွေဟာ အစောပိုင်းကာလကတည်းကပေါ်ခဲ့တယ်ဆိုပေမဲ့ ပြည်တွင်းစစ်အစောပိုင်းမှာ အစိုးရဘက်က တိုက်ပေးခဲ့တဲ့ ကချင်၊ ရှမ်းတိုင်းရင်းသားတွေဟာလည်း ဦးနုလက်ထက်မှာတင် လက်နက်ကိုင်လှုပ်ရှားမှု စတင်ခဲ့ကြတယ်ဆိုတာ မမေ့အပ်တဲ့အရာတွေပဲဖြစ်ပါတယ်။ ဦးထွန်းမြင့်တောင်ကြီးရဲ့ အဲဒီခေတ်ကာလက ရှမ်းပြည် ဘယ်လဲဆိုတဲ့ဆောင်းပါးမှာ ‘ဗမာလူမျိုးကြီးဝါဒ အရိပ်အယောင်က ဆက်ရှိနေပြီး ကချင်ပြည်နယ်မှာလည်း ကချင်အမျိုးသား အင်အားစု နှစ်စုအကြား သပ်လျှိုပြီး ပါလီမန်နိုင်ငံရေး ကျားကစားနေသလို ရှမ်းပြည်မှာလည်း ဝင်ရောက်ကစားနေပြန် တယ်။’လို့ ရေးထားပြီး ရှမ်းဗမာယုံကြည်မှု စတင်ယိုယွင်းလာတဲ့ရှမ်းပြည်စစ် အုပ်ချုပ်ရေးကာလမှာ ဗမာနယ်ချဲ့၊ ဗမာ စစ် သားဟူသော အသုံးအနှုန်းတွေကိုအချို့ဒေသတွေမှာ စသုံးနေကြပြီ၊ ဖဆပလ ဆိုရှယ်လစ်ခေါင်းဆောင်တွေက အဲဒီ အကြောင်းတရားကို ရှေ့အရေးတွေးမြင်ကာ အချိန်မီမပြောင်းလဲပါက မဝေးလှသော အနာဂတ်မှာ ရှမ်း-ဗမာ ဆက်ဆံရေးကို ကြီးမားစွာ အန္တရာယ်ပြုလာမှာမလွဲပါလို့ ၁၉၅၄ ခုနစ်က သူ့ရဲ့ဆောင်းပါးမှာ ရေးသားထားပါတယ်။
အခု အင်န်အယ်လ်ဒီ အစိုးရတက်တက်ချင်းမှာ သတိထားပြီး ငြင်းခုံသံညံခဲ့တဲ့ကိစ္စကတော့ ဦးခွန်ထွန်းဦးရဲ့ အင်အယ်လ်ဒီဟာ တိုင်းရင်းသားတွေအတွက် အားမကိုးရတော့ဘူးဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။

(ဂ) ဘာကြောင့်ဖက်ဒရယ်ဒီမိုကရေစီလဲ
အစိုးရသစ်လက်ထက် မွန်ပြည်နယ်က ဗိုလ်ချုပ်တံတားကိစ္စဟာ လူနည်းစုတွေအတွက် စိုးရိမ်စရာကိစ္စဖြစ်သလို ဘုရားသုံးဆူက ကရင်နှစ်သစ်ကူးမှာစိုက်ထူမယ့် ကရင့်အာဇာနည်စောဘဦးကြီးရုပ်တု စိုက်ထူခွင့်မရတဲ့ကိစ္စကလည်း မေးခွန်းထုတ်စရာရှိပါတယ်။ စောဘဦးကြီးက အငြင်းပွားစရာရှိတယ်ဆိုရင် စစ်ဘုရင်တွေဖြစ်တဲ့ အလောင်းဘုရား ဘုရင့် နောင်တို့ကကော ဘာလဲဆိုတာကအစပါ။ အလောင်းမင်း တရားဆိုရင် မွန်သမိုင်းတွေမှာ ပဲခူးကိုသိမ်းတော့ ရဟန်းတွေကို သတ်ဖြတ်ခဲ့သူလို့ ဖော်ပြထားတာပါ။
မွန်ကချောင်းဆုံ ဗိုလ်ချုပ်တံတားကိစ္စဆိုရင် ပြည်နယ်လွှတ်တော်မှာ အတည်ပြုပြီးကိစ္စကို ပြည်ထောင်စုလွှတ်တော်ကနေ အများစုဆုံးဖြတ်ချက်နဲ့ ဝင်ရောက်စွက်ဖက်ခဲ့တာဖြစ်ပါတယ်။ လူများစုက မဲနဲ့ အနိုင်ကျင့်တဲ့ ဒီမိုကရေစီအနိုင်ကျင့်မှုလို့ တောင်ခေါ်ပါတယ်။
တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနဲ့ ဗိုလ်ချုပ်နာမည်သာ တံတားတွေမှာသုံးကြဆိုရင် ဗိုလ်ချုပ် ချုပ်ဆိုတဲ့ပင်လုံစာချုပ် ပင်လုံကတိကဝတ်တွေကကောဘယ်လိုလဲဆိုတဲ့မေးခွန်းတွေပါ တိုင်းရင်းသားတွေက မေးကြမှာဖြစ်ပါ တယ်။ ဒီစာရေးနေတုန်းမှာပဲ ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူကို မိုဃ်းသွေးက သူ့ရဲ့စတေးတပ်မှာ မြန်မာ ပြည်ဟာ စစ်ပွဲသုံးပွဲ တစ်ပြိုင်နက်တည်းကြုံနေတယ်လို့ရေးထားပြီး အဲဒီသုံးပွဲထဲမှာ အာဏာရှင်စနစ်နဲ့ ဗမာအမျိုးသား ရေးဝါဒကိုလည်း ထည့်သွင်းထားတာတွေ့ရပါတယ်။ နိုင်ငံရေးခေါင်းဆောင်အများစုက တကယ်တိုက်ရမယ့်အရာ မတိုက် ကြဘူးဆိုတဲ့ သဘောမျိုးလည်း သူကရေးထားတာပါ။ လယ်ရီဒိုင်းမွန်းရဲ့ ၂ဝ၁၆ ခုနစ် မြန်မာကွာတားလီးအတွက် အယ်ဒီတာ့ အာဘော်မှာတော့ မြန်မာ့ဒီမိုကရေစီရှင်သန်ရေးအတွက် တပ်မတော်ကိုပဲ ခုခံနေရတာမဟုတ်ဘဲ လက်ရှိမှာ အစိုးရအဖွဲ့ကို ထိန်းချုပ်ထားတဲ့ ယခင်အတိုက်အခံတွေရဲ့ အာဏာရှင်ဝါဒကို တိမ်းညွှတ်လာတဲ့လားရာကိုပါ တွန်းလှန်နေရတယ်လို့ ဆိုထားတာပါ။
တစ်လောက ကေအင်န်ယူက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ရခိုင်အရေးတန် ပြန်ဖြိုခွင်းမှုတွေဟာ ကေအင်န်ယူနဲ့ တပ်မတော်တိုက်ပွဲဖြစ်ခဲ့တဲ့ကာလတွေတုန်းက ကရင်တွေနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတာကို သတိရစရာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ စာရေးသူနဲ့ ခင်မင်ရင်းနှီးတဲ့ ရှမ်းခေါင်းဆောင်တစ်ဦးကတော့ လူတွေ သိန်းချီပြေးနေတုန်း ထောက်ခံပွဲ တွေလုပ်တာ ဒီအမျိုးသားရေးဝါဒမျိုး ကျွန်တော်တို့ဖြင့် တော် တော်လန့်တယ်။ ရခိုင်မှာ လူတွေပြေးခဲ့တဲ့ကိစ္စတွေက ကျွန်တော်တို့ ခေတ်အဆက်ဆက် ကြုံခဲ့ဖူးတဲ့ကိစ္စတွေဖြစ်တယ်လို့ စာရေးသူကိုပြောပါတယ်။ လူမျိုးရေးခွဲခြားမှု အားကောင်း လာခြင်းနဲ့ အမျိုးသားရေးခေါင်းထောင်လာမှုဟာ ဖက်ဒရယ်အတွက် ကြိုတင်ကန့်သတ်မှုလိုတောင် ဖြစ်နေနိုင်ပါတယ်။ ဘယ်သူက နိုင်ငံရေးဆွေးနွေးရမယ်၊ ဘယ်သူက မရဘူးဆိုတဲ့ ကြိုတင်ကန့်သတ် ချက်တွေဟာ ၁၉၄၇ ပင်လုံညီလာခံက ဆောင်ရွက်မပေးနိုင်ခဲ့တဲ့ နေးရှင်းဘေးဒင်း တိုင်းပြည်တည်ဆောက်ရေးအတွက် လက်တွေ့အခြေအနေအရ ခက်ခဲစေမယ့် ကိစ္စတွေလည်းဖြစ်ပါတယ်။
ဆောင်းပါးအစပိုင်းကို ပြန်ချုပ်ကြည့်မယ်ဆိုရင်တော့ ရွေးကောက်ပွဲနှစ်ကြိမ်ဖြတ် ပြီးဖြစ်တဲ့အတွက် ဒီမိုကရေစီအရ ပုံစံ တစ်မျိုးတော့ မြန်မာပြည်မှာ စတင်ခဲ့ပြီးဖြစ်ပါတယ်။ သို့သော် အဲဒီဒီမိုကရေစီဟာ ဘယ်ကို တွန်းပို့မလဲဆိုတာ မရေရာ မှုတင်သာမကဘဲ ပါတီစုံအာဏာရှင်ဆိုတဲ့အသံတွေ ထွက်လာနေသလို ပြုပြင်ပြောင်းလဲရေးက ရပ်တန့်နေရုံမက ဆုတ်ယုတ် မှုတွေပါ စတင်ကြုံတွေ့ရတဲ့ အနေအထားရှိလာတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာ့နိုင်ငံတွေရဲ့ သမိုင်းကိုပြန်ကြည့်ရင် အာဏာရှင် အမျိုးမျိုးကလည်း ဒီမိုကရေစီကို နာမဝိသေသနအမျိုးမျိုးနဲ့ သုံးစွဲခဲ့ကြပြီးဖြစ်ပါတယ်။ မြန်မာ့သမိုင်းအရ ဒီမိုကရေစီအဖြစ်ဆုံးလို့ဆိုနိုင်တဲ့ ပါလီမန်ခေတ်မှာတောင် ပါတီစုံအာဏာရှင်စနစ်လို့ အမည်ပေးခံခဲ့ရတာ ကိုကြည့်ရင် လူနည်းစုတွေနဲ့ ဒေသအလိုက်အခွင့်အရေးတွေကို ဗဟိုအစိုးရက လူများစုနဲ့အနိုင်ကျင့် မပိတ်ပင်နိုင်တဲ့စနစ်ကသာ အားလုံးသာတူညီမျှမှုအတွက် သင့်တော်တဲ့စနစ်လို့ ယူဆလာနိုင်စရာရှိပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ အမည် နာမကသာ နှစ်ပေါင်းများစွာ အစိုင်အခဲတွေကို ပြေလျော့စေဖို့ ဖြစ်လာကြမှာပါ။ ဒါကလည်း ဖက်ဒရယ်ကိုအခြေခံတဲ့ ဒီမိုကရေစီ၊ ဒီမိုကရေစီကိုအခြေခံတဲ့ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးကိုအခြေခံတဲ့ ပြည်ထောင်စုပေါ်ပေါက်လာဖို့အတွက် အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။
ဆိုင်ဝမ်ဖှ