ဘီအာအိုင်ကို ထပ်မံသုံးသပ်ခြင်း

ဘီအာအိုင်စီမံကိန်းများကို မှန်မှန်ကန်ကန် ဘယ်လိုသုံးသပ်မည်နည်းဆိုသည့် မေးခွန်းသည် အရေးကြီးသည့် အကြောင်းအရာ ဖြစ်လာခဲ့သည်။ နိုင်ငံတကာမီဒီယာ (အထူးသဖြင့် အနောက်မီဒီယာများ)၏ ဘီအာအိုင်စီမံကိန်း များအားလုံးလိုသည် ကြွေးမြီထောင်ချောက်တွင်း ကျဆင်းနိုင်သကဲ့သို့ ဝေဖန်သုံးသပ်မှုများအပေါ် တန်ပြန်သုံးသပ်မှုများ၊ ဝေဖန်မှုများလည်း ပေါ်ထွက်လာခဲ့သည်။ မိမိတို့နိုင်ငံတွင်း၌လည်း တရုတ်အစိုးရဦးဆောင်သည့် ဘီအာအိုင်စီမံကိန်းများနှင့် ပတ်သက်လျှင် အဓိကအုပ်စုကြီး၂ခုရှိသည်ဟုယူဆမိသည်။ ပထမအုပ်စုကတော့ ဘီအာအိုင်စီမံကိန်းများအပေါ် လုံးဝအယုံ အကြည်မရှိသည့် (သို့) ဘီအာအိုင်စီမံကိန်းများသည် တရုတ်ကုမ္ပဏီများနှင့် တရုတ်နိုင်ငံအတွက်သာ အကျိုးရှိပြီး မြန်မာ နိုင်ငံနှင့် ဒေသခံများအတွက် ဆိုးကျိုးများသာရရှိနိုင်သည်ဟု သုံးသပ်ကျသူများဖြစ်သည်။ ဒုတိယအုပ်စုကတော့ ဘီအာအိုင် စီမံကိန်းများသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ၌ အကောင်းဆုံးအဖြေသာဖြစ်သည်။ ဘီအာအိုင်စီမံကိန်းများကို အကောင်အထည် ဖော်ခြင်းဖြင့် နိုင်ငံ၏ အခြေခံအဆောက်အအုံလိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး ဖြစ်သလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလည်း ဖန်တီးပေးနိုင်ပြီး ကြီးမားသည့် လူမှု စီးပွားဘ၀ပြောင်းလဲမှု များကို ဖြစ်ပေါ်စေမည်ဟု ယုံကြည်ထားသူများဖြစ်သည်။

ထိုအုပ်စု၂စုကြားတွင် အချက်အလက် ပေါ်အခြေခံ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ဝေဖန်ပိုင်းခြား သင့်သနည်းဆိုသည်ကို မိမိတို့ကိုယ်ကို ဆန်းစစ်လေ့လာသူ (သို့) ပညာရှင် ကျွမ်းကျင်သူဟု အမည်တတ်ထားသူများ အားလုံး လေးလေးနက်နက်စဉ်းစားရတော့မည်အချိန်ရောက်လာနေပြီဟု မိမိအနေဖြင့် ထင်မြင်မိသည်။ မိမိတို့၏ဝေဖန်မှု များ၊ လေ့လာသုံးသပ်မှုများသည် အချက်အလက်ပေါ်အခြေခံမှသာ တိုင်းပြည်အတွက်လည်း အကျိုးရှိမည်ဟု ထင်မြင်မိ သည်။

မြန်မာနိုင်ငံအပါအ၀င် ဘီအာအိုင်နိုင်ငံများ ၏ အခက်အခဲ

အာရှဖွံ့ဖြိုးရေးဘဏ်၏ ၂၀၁၇ခုနှစ် တွင်ထုတ်ပြန်သည့် အာရှတိုက်၏ အခြေခံ အဆောက်အအုံဆိုင်ရာ အထူးအစီ ရင်ခံစာအရ အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေခံအဆောက်အအုံလိုအပ်ချက်သည် ၂၀၁၆မှ ၂၀၃၀ခုနှစ်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆ထွီလီယံဖြစ်ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၁.၇ထွီလီယံခန့် ရင်းနှီးမြှုပ်နှံရန်လိုအပ်သည်ဟု ဖော်ပြထားသည်။ ထိုပမာဏသည် အလွန်ကြီးမားသည့် ပမာဏဖြစ်ပေသည်။ အလားတူပင် မြန်မာနိုင်ငံအနေဖြင့်လည်း  Global Infras- tructure Hub ၏ ၂၀၁၇ခုနှစ်က ထုတ်ပြန် သည့် အစီရင်ခံစာအရ လက်ရှိ အခြေခံအဆောက်အအုံ၌ ရင်းနှီး မြှုပ်နှံမှုပမာဏနှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များကို ဆွတ်ခူးရရှိနိုင်ရန် ၂၀၄၀အထိ အခြေခံ အဆောက်အအုံတွင်ရင်းနှီးမြှုပ်နှံရမည့် လိုအပ်သည့်ပမာဏ ကွာဟချက်သည် နှစ်စဉ်ဂျီဒီပီ၏ ၅.၁၁ရာခိုင်နှုန်း ရှိနေသည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ ပို့ဆောင်ရေးကဏ္ဍ မူဝါဒဆိုင်ရာ မှတ်စု၏ဖော်ပြချက်အရ ပို့ဆောင်ရေးကဏ္ဍတွင် နှစ်စဉ်ဂျီဒီပီ၏ ၃-၄ရာခိုင်နှုန်းခန့် ရင်းနှီး မြှုပ်နှံရန်လိုအပ်သည်။ လက်ရှိနှုန်းထား၏ ၂ဆ၃ဆခန့် ရင်းနှီးမြှုပ်နှံရန်လိုအပ်ပြီး ၁၅နှစ်အတွင်း အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံခန့် လိုအပ်မည်ဖြစ်သည်။

တဘက်တွင်လည်း အခြေခံအဆောက် အအုံဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ အတွက် ခွဲဝေပေးသည့် ဘတ်ဂျက် အသုံးစရိတ်သည် ပြည်သူ့ဘဏ္ဍာအရအသုံး စနစ် တကျ စီမံခန့်ခွဲရေးနှင့် လိုငွေပြမှုလျော့ချရေး မူဝါဒတို့ကြောင့် ၂၀၁၆-၁၇ခုနှစ်တွင် စုစုပေါင်းအသုံးစရိတ်၏ ၃၁.၀၇ ရာခိုင် နှုန်းရှိခဲ့ရာမှ ၂၀၁၇-၁၈၌ ၂၇.၉၁ရာခိုင် နှုန်းသို့လျော့ကျသွားခဲ့သည်။ နိုင်ငံတကာ၏ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ အိုဒီအေ (Offiicial Development Assistance-ODA)တွင် အခြေခံအဆောက် အအုံဆိုင်ရာ အကူအညီများကို အဓိကပံ့ပိုးသည့် ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့သည်လည်း ကတိက ၀တ်ပြုထားသည့်ပမာဏထက် များစွာလျော့နည်းပြီး ပေးအပ်နေ သဖြင့် လိုအပ်သည့် အခြေခံအဆောက်အအုံ ဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အချိန်မီပြည့်စီးရန်စိန်ခေါ် မှုများရှိနေသည်။ ကမ္ဘာ့ဘဏ်နှင့် ဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့၏ အခြေခံအဆောက်အအုံ ဆိုင်ရာ အကူအညီသည် ပေးအပ်ရန်ကတိက၀တ်ပြု ထားသည့် ပမာဏထက် ၁၀ရာခိုင်နှုန်းသာရှိ နေသည်။

လက်ရှိမြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံဆိုင်ရာ လိုအပ်ချက်သည် ကြီးမားလွန်းပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသ တွင်းနိုင်ငံများ၏ လျှပ်စစ်သုံးစွဲမှု၊ ကျေးလက်လမ်းများအရည်အတွက်နှင့် လမ်းမိုင်၊ အဝေးပြေးလမ်းများ၊ မီးရထားလမ်းများတို့ ဖြင့်နှိုင်းယှဉ်လျှင် အောက်ဆုံးအဆင့်တွင်ရှိနေသည်ကိုတွေ့ရသည်။ ထိုအခြေအနေတွင် ဘီအာအိုင် စီမံကိန်းများသည် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံဆိုင်ရာလို အပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အလားအလာရှိနေသည်။ အကျိုး လည်းဖြစ် ထွန်းနိုင်သည်။

ဘီအာအိုင်နှင့် တရုတ်နိုင်ငံ၏ စီးပွားရေး အခြေအနေ

တရုတ်သမ္မတ ရှီကျင့်ပင်၏ ၂၁ရာစု၏မဟာစီမံကိန်းကြီး project of the century ဟုအမည်ပေး ထားသည့် ဘီအာအိုင်စီမံ ကိန်းကြီးသည် ငွေကြေးပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၄-၈ထွီလီယံခန့်ကုန် ကျမည်ဟု ခန့်မှန်းထားပြီး နိုင်ငံပေါင်း ၆၈နိုင်ငံ (ယခုအခါ နိုင်ငံပေါင်း၁၂၃ နိုင်ငံသည် ဘီအာအိုင်အစီအစဉ်တွင်ပါဝင်ရန် သဘောတူ လက်မှတ်ရေးထားသည်ဟု China Dailyတွင် ဖော်ပြထားသည်)နှင့် စင်္ကြန်၆ခုပါဝင်သည်။ ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံ မှု ပမာဏကြီးမားလှသည့် အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းပေါင်းများစွာ (ဆိပ်ကမ်းများ၊ နိုင်ငံတကာလေဆိပ်များ၊ အဝေးပြေးလမ်းများ၊ မီးရထားလမ်း များ၊ မြို့သစ်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ)ကို နိုင်ငံပေါင်းများ စွာ၌ တပြိုင်တည်း ရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်ဆောင်နေခြင်းမှာ တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားသည် အနောက်အုပ်စု နိုင်ငံများထက် အဆမတန် ကြီးထွားခြင်းကြောင့်လား သို့တည်းမဟုတ် ပြည်တွင်းစီးပွားရေး အကျပ် အတည်းပြေလည်စေရန် ဤစီမံကိန်းကြီးအား အကောင်အထည်ဖော် ရခြင်းလားဆိုသည်ကို မေးခွန်းထုတ်ရန်လို အပ်သည်။

တရုတ်နိုင်ငံသည် စီးပွားရေးအရ အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယ ပြည်တွင်းအသားတင်ထုတ်ကုန် (ဂျီဒီပီ) အမြင့်မားဆုံးနိုင်ငံ (အမေရိကန်ဒေါ်လာ ၁၄ထွီလီယံကျော် ဂျီဒီပီ) ဖြစ်သော်လည်း တစ်ဦးခြင်းဝင်ငွေအရ ကြည့်လျှင် အမေရိကန်နိုင်ငံ၏ တစ်ဦးခြင်းဝင်ငွေ (per capita income)၏ ၂၅ရာခိုင်နှုန်းကျော် သာရှိသည်။ ယခင်ဆောင်းပါးတွင် စာရေး သူတင်ပြခဲ့သလိုပင် တရုတ်နိုင်ငံသည် ဆယ်စုနှစ်၃ခု ပျမ်းမျှ ဂျီဒီပီတိုးတက်မှုနှုန်း ၁၀ရာခိုင်နှုန်းဖြင့် ၁၉၈၀မှ၂၀၁၀ခုနှစ်ထိ မရပ်မနား ဖွံ့ဖြိုးတိုးတက်ပြီးသည့်အခါမှာတော့ စီးပွားရေးအဆောက်အအုံ၏ အခြေမခိုင်မှုများကို တွေ့ကြုံလာရသည်။ အထူးသဖြင့် ၂၀၀၈ခုနှစ် အမေရိကန် ဘဏ္ဍာငွေကြေးပြဿနာနှင့် ဥရောပသမဂ်္ဂ အဖွဲ့ဝင်နိုင်ငံများ စီးပွားရေးကျဆင်းမှုများ၊ ချေးငွေပြဿနာများ တွေ့ကြုံလာရပြီး နောက်တွင် တရုတ်နိုင်ငံစီးပွားရေးသည် ယခင်ပုံစံ ပို့ကုန်အဓိကထား ပြည်ပချမ်းသာ သည့်နိုင်ငံများ၏ ၀ယ်လိုအားကို မှီခိုနေ၍မဖြစ်တော့ချေ။ တရုတ်ဝန်ကြီးချုပ် ၀မ်းကျားပေါင်းသည် ၂၀၀၈ခုနှစ်တွင် သူ၏ စီးပွားရေးအကြံပေးများနှင့် ခရီးသွားနေချိန် Lehman Brothers ဘဏ်ကြီးပြိုလဲသွားကြောင်း သတင်းဝင်လာခဲ့သည်။ သူ သည်ချက်ခြင်း ခရီးစဉ်တွင်ပါဝင်သည့် စီးပွားရေးပညာရှင်များဖြင့် တရုတ်နိုင်ငံ စီးပွားရေးလည်း အမေရိကန်ဘဏ္ဍာငွေကြေး အကျပ်အတည်းမှ ထိခိုက်မှုသက်သာစေရန် မည်သို့ပြုလုပ်သင့်ကြောင်း ဆွေးနွေးလေသည်။ နောက်ဆုံး တရုတ်အစိုးရ၏ ဆုံးဖြတ်ချက်မှာ တရုတ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်း ရုတ်တရက် ထိုးမကျသွားရန် stimulus အစီအစဉ်ပြု လုပ်ရန်ဖြစ် သည်။ ယင်း stimulus အစီအစဉ်အရ တရုတ်နိုင်ငံ ပိုင်ဘဏ်များမှ ချေးငွေများ ကိုဒေသန္တရ အစိုးရများနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ကြီးများအား အမြောက်အမြားထုတ်ပေးပြီး ပြည်တွင်း၌ မြန်နှုန်းမြှင့်ရထားလမ်းများ တည်ဆောက်ခြင်း၊ မြို့သစ်များတည် ဆောက်ခြင်း အစရှိသည့် အခြေခံအဆောက် အအုံစီမံကိန်းကြီးများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပြီး ပြည်ပ၀ယ်လိုအား ကျဆင်းသွားမှုကို ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုများ အကြီးအကျယ်ပြုလုပ်ခြင်းဖြင့် နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများကို ကျားကန်ပေးသလို၊ ပြည်တွင်းအသားတင်ထုတ်လုပ်မှု ဂျီဒီပီကိုလည်း ရုတ်တရက် ၁၀ရာခိုင်နှုန်း အောက် ထိုးမကျသွားစေရန်နှင့် အလုပ်လက်မဲ့ အများအပြားတိုးပွားပြီး လူမှုအဖွဲ့အစည်းတည်ငြိမ်မှု ပျက်ပြားမသွား အောင်ထိန်း ကျောင်းခဲ့ရသည်။ တနည်းအားဖြင့်ဆိုလျှင် နဂိုမူလကတည်းက တရုတ်နိုင်ငံ၏ တိုးတက်မှုသည် ဟန်ချက်မညီဖြစ်နေ သည်ကို ကမ္ဘာ့စီးပွားရေးအခြေအနေကြောင့် ရုတ်တရက်ကြီး ပြောင်းလဲထိုးကျ မသွားစေရန် ပုံမှန်မဟုတ်သည့်နည်း လမ်း ချေးငွေကိုအဓိကသုံးပြီး ကျားကန်နေရခြင်း ဖြစ်သည်။  debt-fueled economy ဟုလည်း ခေါ်ဆိုနိုင်သည်။ ချေးငွေဖြင့် ဂျီဒီပီ တိုးတက်မှုကို ထိန်းထားရသလိုဖြစ်နေသည်။

နောက်ဆက်တွဲ ရလာဒ်များကတော့ တရုတ်နိုင်ငံ၏ debt to GDP ratio ဟုခေါ် ဆိုသည့် တစ်နိုင်ငံလုံး တင်ရှိနေသည့် ကြွေးမြီ ပမာဏသည် ၂၀၀၈ခုနှစ်၌ ၁၅၀ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၈ခုနှစ်တွင် ၂၇၀ရာခိုင်နှုန်းသို့ ထိုးတက်သွားခဲ့သည်။ အထူးသဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးများနှင့် ဒေသန္တရ အစိုးရများအပေါ် တင်ရှိနေသည့်ကြွေးမြီသည် အများဆုံး ဖြစ်သည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးများ၏ စွမ်းဆောင်ရည် (သို့) ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်လည်ရရှိသည့် အကျိုးအမြတ် (return on invest ments)သည်လည်း ပုဂ်္ဂလိကစီးပွားရေးလုပ် ငန်းများဖြင့် နှိုင်းယှဉ်လျှင် ၃၀ရာခိုင်နှုန်းခန့်သာဖြစ်သည်ဟု သုံးသတ်ကြသည်။ တနည်းအားဖြင့်ဆိုလျှင် ၁၀နှစ်အတွင်း ဂျီဒီပီ၏ ၁၂၀ရာခိုင်နှုန်းခန့်ထိုးတက်သွားသည့် ငွေအမြောက် အမြားသည် မထိရောက်သည့် နေရာများ၊ ရင်းနှီးမြှုပ်နှံမှုများသို့ ရောက်သွားခြင်းဖြစ်သည်။ ထိုအတွက်ကြောင့်လည်း စတော့ရှယ်ယာ တန်ဖိုးများ ပုံမှန်ထက် အဆမတန်မြင့် တက်သွားခြင်း၊ အိမ်ခြံမြေဈေးများ အဆပေါင်းများစွာမြင့်တက် သွားခြင်းတို့ ဖြစ်သွားသည်။ တဘက်၌လည်း မလိုအပ်ဘဲ ရင်းနှီးမြှုပ်နှံခဲ့ တည်ဆောက်ခဲ့သဖြင့် အကျိုးအမြတ်ဖြစ်ထွန်းစွာ လည်ပတ်ရန် ခက်ခဲနေသည့် excess capacity ဟုခေါ်သည့် စက်ရုံအများအပြားရှိနေသလို၊ လူသူမနေသည့် သရဲမြို့တော်များ ghost cities များလည်း အများအပြားပေါ်ထွန်းခဲ့သည်။ သံမဏိတန်ချိန် နှစ်စဉ် တန်သန်း၃၅၀ခန့် ပိုလျံနေသဖြင့် ဥရောပ သမဂ္ဂမှလည်း ထိုပိုလျံနေသည့် သံမဏိများကို ယင်းတို့ဈေးကွက်တွင် ဈေးနှုန်းအလွန်သက်သာစွာ ရောင်းချခြင်းဖြင့် ယင်းတို့၏ သံမဏိစက်ရုံများနှင့် သံမဏိနှင့်ဆက်စပ်သည့် ရထားလုပ်ငန်းကဲ့သို့ စက်မှုလုပ် ငန်းများထိခိုက်မည်ကို စိုးရိမ်သဖြင့် ပိုလျံနေသည့် သံမဏိ တန်သန်းပေါင်း၃၅၀ကို အမြန်လျော့ချရန် တရုတ် အစိုးရကို တိုက်တွန်းနေသည်။

တရုတ်အစိုးရရင်ဆိုင်နေရသည့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများမှာကြီးမားလွန်းလှသည်။ ကြွေးပိနေသည့် နိုင်ငံတော် ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ဒေသန္တရ အစိုးရများ၊ ဒေ၀ါလီခံပြီး ဖျက်သိမ်းသင့်သည့် စီးပွားရေးလုပ်ငန်းများ (သို့) zombie firms များပြုပြင်ပြောင်းလဲရေး၊ ယွမ်ငွေလဲလှယ်နှုန်းတည်ငြိမ်ရေး၊ စတော့ရှယ်ရာ ဈေးကွက်တည်ငြိမ်ရေး၊ အရန်ငွေကြေး ကန်ဒေါ်လာ၎ထွီလီယံခန့် အချိန်တိုအတွင်း ပြည်ပသို့ထွက်ခွာသွားခြင်း (capital flight)နှင့်အတူ ယွမ်ငွေတန်ဖိုးထိုး ကျသွား နိုင်ခြင်းတို့သည် စိုးရိမ်စရာများဖြစ်သည်။ ယခင်နှစ် ၃၀လို ၂၀၀၈ခုနှစ်ထိ အောင်မြင်ခဲ့သည့် ပို့ကုန်ဗဟိုပြု ထုတ်လုပ် သူပုံစံ (producer model)သည် ၂၀၀၈ ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့်အတူ အလုပ်မဖြစ်တော့ဘဲ စားသုံးသူဗဟိုပြု (consumer-led society)လူ့အဖွဲ့အစည်း၊ ၀န်ဆောင်မှုဗဟိုပြု လူ့အဖွဲ့အစည်းအဖြင့် ပြောင်းလဲရန်လိုအပ်လာခဲ့သည်။ သို့သော်လည်း တရုတ် အစိုးရနှင့် ဒီမိုကရေစီအစိုးရများ၏ အဓိကကွာခြားချက်မှာ ကွန်မြူနစ်ပါတီ၏ အာဏာတရားဝင်မှုသည် စီးပွားရေးတိုးတက် ဖွံ့ဖြိုးမှုပေါ်တွင်တည်နေခြင်းဖြစ်သည်။ လိုအပ်သည့် စီးပွားရေးအဆောက်အအုံ ပြုပြင်ပြောင်းလဲရေး (structural reforms)လုပ် လိုက်ခြင်းအားဖြင့် ဂျီဒီပီသည် အလွန်အမင်းထိုးကျသွားလျှင် တည်ငြိမ်မှုကို ထိခိုက်သွားနိုင်သည်။ လက်ရှိစက်ရုံပေါင်း မြောက် မြားစွာတွင်လုပ်ကိုင်နေကြသည့် အလုပ်သမားသန်းရာချီမှ သန်းဆယ်ဂဏန်း အလုပ်လက်မဲ့ဖြစ်သွားလျှင်ပင် တည်ငြိမ်မှု အကြီးအကျယ် ထိခိုက်သွားနိုင်သည်။ တချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ လူဦးရေသည်လည်း ၁၉၇၈ခုနှစ် ကစတင်ခဲ့သည့် ကလေး၁ယောက်သာယူရမည် (one-child policy)ကြောင့် ကျဆင်းလျက်ရှိပြီး အိုမင်းသူများလည်း တိုးပွား လျက်ရှိသည်။

ထိုအချက်များကြောင့် တရုတ်အစိုးရသည် လက်ရှိကျင့်သုံးနေသည့် စီးပွားရေးပုံစံကို ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ကို ကောင်းစွာ နားလည်သဘောပေါက်သော်လည်း ချက်ခြင်း ပိုနေသည့်စက်ရုံများပိတ် ပစ်ခြင်း၊ ကြွေးပိနေသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို ဖျက်သိမ်းခြင်းတို့ ကိုလုပ်ဆောင်၍မရဖြစ်နေသည်။ ဆင်ခြင်နိုင်သည်မှာ ထိုရေတိုနှင့်ကာလလတ် စိန် ခေါ်မှုများ၊ တည်ငြိမ်မှုမထိခိုက်ရေးတို့ အတွက် အကောင်းဆုံးအဖြေမှာ မိမိနိုင်ငံအတွင်း ပိုလျံနေသည့် စက်ရုံများမှ ထုတ် လုပ်လိုက်သည့် သံမဏိကဲ့သို့သော ထုတ်ကုန်များကို ရောင်းချနိုင်မည့် အသုံးပြုနိုင်မည့် အခြေခံအဆောက်အအုံစီမံကိန်း များကို လိုအပ်နေသည့် ဘီအာအိုင်နိုင်ငံများတွင် အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ တရုတ်အစိုးရ၏ ဘီအာအိုင် စီမံကိန်းကြီးသည် တရုတ်နိုင်ငံ၏ စီးပွားရေး အင်အားကြီးထွားလာခြင်းထက် နိုင်ငံစီးပွားရေး အဆောက်အအုံ ပြုပြင်ပြောင်း လဲရန် လိုအပ်ချက်နှင့် လက်ရှိ စီးပွားရေးပကတိအခြေ အနေများအရ အကောင်အထည်ဖော်ရခြင်း ဖြစ်သည်ဟု သုံးသပ် နိုင်သည်။ တရုတ်နိုင်ငံအနေဖြင့် ဘီအာအိုင်ကိုအကောင်အထည်ဖော်ခြင်းဖြင့် လက်ရှိအကျပ်အတည်းများကို ဖြေရှင်းနိုင်ပြီး ပိုမိုစစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အင်အားတောင့်တင်းသည့် နိုင်ငံဖြစ်လာနိုင်သလို ဘီအာအိုင်ကြောင့် လည်း နိုင်ငံ များစွာတွင်မှားယွင်းသည့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်မိခြင်းကြောင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အင်အားလည်း လျော့နည်းသွားနိုင်သည်။ တချိန်တည်းမှာပင် အနောက်နိုင်ငံများ၏ နည်းပညာဆိုင်ရာ ယှဉ်ပြိုင်မှုတွင် တရုတ်သာသွား မည်ကို စိုးရိမ်ပူပန်မှုများ၊ တရုတ်အစိုးရ ကျောထောက်နောက်ခံပြု ကုမ္ပဏီများမှ ယင်းတို့၏ ဈေးကွက်များကို ထိန်းချုပ် သွားမည်ကို စိုးရိမ်မူများ၊ နိုင်ငံတော်လုံခြုံရေးကို တရုတ်ရင်းနှီးမြှုပ်နှံမှုများက ထိခိုက်လာနိုင်သည်ဟု ယူဆချက်များကြောင့် လက်ရှိ အမေရိကန်အစိုးရနှင့် အနောက်အုပ်စုနိုင်ငံများ၏ တုန့်ပြန်မှုများက လည်းပြင်းထန်လာခဲ့သည်။ ဘီအာအိုင်တွင် ပါဝင်သည့် နိုင်ငံများ၌လည်း ဘီအာအိုင်စီမံကိန်းများအပေါ် ပြင်းထန် သည့်တုန့်ပြန်မှုများ၊ ကြွေးမြီထောင် ချေက်အတွင်းကျ ဆင်းနိုင်သည်ဟုသုံးသပ်ချက်များ (ယင်းအချက်သည် မမှန်သော် လည်း အများကထိုသို့ယူဆနေကြသည်။ အဘယ်ကြောင့် ဆိုသော် ကြွေးပြဿနာ တက်နေသည့် ပါကစ်္စတန်နိုင်ငံသည် ယခင် ကလည်း အကြိမ်ပေါင်းများစွာ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ အကူအညီကို တောင်းခံခဲ့ရသည်။ တရုတ်အစိုးရသည် ထိုသို့နဂိုကတည်းက ကြွေးပိနေသည့် ဂရိကဲ့သို့နိုင်ငံ မျိုးကို ချေးငွေများ ထပ်မံထုတ်ပေးခြင်းဖြစ်သည်)ကလည်းပြင်းထန် လျက်ရှိသည်။ လက်ရှိအချိန်သည် တရုတ် နိုင်ငံအတွက် ကြီးမားသည့်စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ဒေသတွင်းမှ ပေးသည့်သင်ခန်းစာ

ဘီအာအိုင်စီမံကိန်းများ မစတင်ခင် ၂၀၀၀ခုနှစ်နောက်ပိုင်း (အထူးသဖြင့် ၂၀၀၈ခုနှစ်)တွင် တရုတ်ရင်းနှီးမြှုပ်နှံ မှုများ တိုးတက်များပြားလာသည်ကိုလေ့လာတွေ့ရှိရသည်။ ပထမပိုင်းမှာ တရုတ်နိုင်ငံတော် ပိုင်စီးပွားရေး လုပ်ငန်းကြီးများသည် စွမ်းအင်နှင့် သတ်္ထုတူးဖော်ရေးလုပ်ငန်းများ မှာ အခြားနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံလာသည် ကိုတွေ့ရသည်။ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ အစရှိသဖြင့် ဒေသတွင်းနိုင်ငံများနှင့် အာဖရိကတိုက် နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံလာခဲ့သည်။ ဤသည်မှာလည်း ယင်း၏စက်ရုံအလုပ်ရုံ များအတွက် လိုအပ်သည့် ကုန်ကြမ်းပစ်္စည်း များနှင့် လည်ပတ်ရန်စွမ်းအင်လိုအပ် ချက်ကို ဖြည့်ဆည်းရန်ဖြစ်သည်။ နောက်ပိုင်း ဘီအာအိုင် စီမံကိန်းစတင်ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းကြီးများသည် မြို့သစ်တည်ဆောက် ရေးစီမံကိန်းများ၊ ရထားလမ်းဖောက်လုပ် သည့်စီမံကိန်းများ၊ ဆက်သွယ်ရေး လုပ်ငန်းများ၊ ရေနက်ဆိပ်ကမ်း စီမံကိန်းများတွင် ဦးစားပေး ရင်းနှီးမြှုပ်နှံလာသည်ကိုတွေ့ရသည်။

သို့သော် သတိပြုရန်လိုသည်မှာ တရုတ်ကုမ်္ပဏီများမှ စီမံကိန်းအကောင်အထည်ဖော်သည်ဆိုသော်လည်း စီမံကိန်း အားလုံးသည် တရုတ်ရင်းနှီးမြှုပ်နှံငွေသက်သက် ဖြင့် အကောင်အထည်ဖော်သည်မဟုတ်။ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကို ၃မျိုးခွဲခြား ကြည့်သင့်သည်။ ပထမတစ်မျိုးမှာ တရုတ် အစိုးရပိုင်ဘဏ်များမှ သက်ဆိုင်ရာ အစိုးရများသို့ ငွေထုတ်ချေးပြီး ယင်းတို့ပိုင် ကုမ္ပဏီများမှ ကွန်ထရက်တာအဖြင့် ဆောင်ရွက်သည့် စီမံကိန်းများ (Engineering Procure ment Contract-EPC) ဖြစ်သည်။ ဥပမာ မြန်မာနိုင်ငံအစိုးရမှ တရုတ်နိုင်ငံတော်ပိုင် ဘဏ်များထံမှ ချေးငွေယူပြီး တရုတ်ကုမ္ပဏီမှ မီးရထားလမ်း ဖောက်လုပ်ပေးခြင်းမျိုးဖြစ်သည်။ ဒုတိယအမျိုးအစားမှာ ဖွံ့ဖြိုးမှု အကူအညီ (aid)ဖြစ်သည်။ ဥပမာ- သန်လျင်တံတား ဖောက်လုပ်ပေးခဲ့ခြင်းမျိုးဖြစ်သည်။ တတိယအမျိုးအစားကသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သက်သက်ဖြစ်သည်။ အဆိုပါ တတိယအမျိုးအစားတွင်လည်း သတိပြုရမည်မှာ ယင်းတို့၏ရင်းနှီး မြှုပ်နှံမှုအတွက် သက်ဆိုင်ရာတရုတ်ပေါ်လစီဘဏ်များ ထံမှ ချေးငွေယူရာတွင် သက်ဆိုင်ရာ အိမ်ရှင်အစိုးရမှ မည်သို့သော အာမခံချက်ပေးရသည် ဆိုသည်ကိုဖြစ်သည်။ Guarantees (or) contingent liabilities များ မည်မျှပေးရသည်ကို သုံးသပ်လေ့လာရန် လိုအပ်သည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုများမှာ အထက်တွင်ဖော်ပြခဲ့သလို ၂၀၀၈နောက်ပိုင်းတွင် တရုတ်နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်း ကြီးများ ချေးငွေအလွယ်တကူရရှိခြင်းကြောင့် ဒေသတွင်းနိုင်ငံများတွင် မြန်မာနိုင်ငံအပါအ၀င် ဒေသတွင်းနိုင်ငံများ တွင် တိုးတက်များပြားလာသည်ကိုတွေ့ရသည်။ ဥပမာ မလေးရှားနိုင်ငံတွင် ၂၀၁၂ခုနှစ်ထိ တရုတ်ရင်းနှီးမြှုပ်နှံမှုမှ မပြောပလောက် သော်လည်း ၂၀၁၃နောက်ပိုင်းမှစတင်များပြားလာခဲ့ရာ ၂၀၁၇ခုနှစ်တွင် မလေးရှားငွေ ၂၄၂ဘီလီယံကျော်ရှိခဲ့သည်။ စင်ကာပူနိုင်ငံနှင့် နယ်နမိတ်ခြင်းထိစပ်နေသည့် ဂျဟိုးပြည်နယ်တွင် အကောင်အထည်ဖော်နေသည့် Forest City စီမံကိန်း သည် မလေးရှားရင်းဂစ် ၁၀၅ဘီလီယံကျော်ဖြစ်သည်။ သို့သော် ထိုစီမံကိန်းကြီးများကို အဓိက ကွန်ထရက်တာအဖြင့် အကောင်အထည်ဖော်သည့် ကုမ္ပဏီများမှ တရုတ်ကုမ္ပဏီများဖြစ်ကြသည်။ မလေးရှား ဆောက်လုပ်ရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများ တိုးတက်များပြားလာသည့် အတွက် ယေဘူယျခြုံငုံကြည့်လျှင် အကျိုးဖြစ်ထွန်း သော်လည်း တရုတ်ကုမ္ပဏီ အများအပြား ၀င်ရောက်လာမှုကြောင့် ပြည်တွင်းကုမ္ပဏီများ မယှဉ်ပြိုင်နိုင်ဖြစ်လာမည်ကို စိုးရိမ်ပူပန်မှု များရှိလာခဲ့သည်။ တရုတ်ကုမ္ပဏီများသည် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်း၏ လက်အောက်ခံ လုပ်ငန်းများကိုလည်း တရုတ် ကုမ္ပဏီငယ် လေးများကိုသာ ကွန်ထရက်တာခွဲများအဖြင့် ပြန်လည်ချပေးသည်ကများသောကြောင့်ဖြစ်သည်။ စီမံကိန်းများမှတဆင့် ပေါ်ပေါက်လာသည့် အလုပ်အကိုင် အခွင့်အလမ်းများတွင်လည်း ပြည်တွင်းကုမ္ပဏီများနှင့် ပြည်တွင်းလုပ်သားများထက် တရုတ်ကုမ္ပဏီအချင်းချင်းနှင့် တရုတ် လုပ်သားများအတွက် အခွင့်အလမ်း ပိုမို များပြား နေသလိုဖြစ်နေသည်။ အထူးသဖြင့် နည်းပညာမြင့်သည့် ဆောက်လုပ်ရေးစီမံကိန်းများတွင်ဖြစ်သည်။ အကြောင်းပြချက်များ မှာတော့ ကျွမ်းကျင်လုပ်သားနှင့်နည်းပညာမရှိခြင်း၊ ယဉ်ကျေးမှုဆိုင်ရာမတူညီမှုများ၊ ဘာသာစကား အခက်အခဲ၊ ပြည်တွင်း ကုမ်္ပဏီများ၏ စီမံကိန်းများအတွက်လိုအပ်သည့်ပစ္စည်းများ ပေးသွင်းနိုင်သည့်စွမ်း ဆောင်ရည်နည်းပါးမှုနှင့် တရုတ်ကုမ်္ပဏီ များအနေဖြင့် လိုအပ်သည့် ဘဏ္ဍာငွေကြေးချေးငွေ အလွယ်တကူရရှိနိုင်မှုတို့ကြောင့် ဖြစ်သည်။ အချို့ကလည်း တရုတ် အစိုးရ၏ ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများကိုချုပ်ကိုင်ရန် ရည်ရွယ်ချက်ရှိသောကြောင့်ဖြစ်သည်ဟု စွတ်စွဲကြ သည်။

အခြား ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများတွင်လည်း ကျွမ်းကျင်လုပ်သား မလိုအပ်သည့် အထည်ချုပ်လုပ် ငန်းများ တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများကသာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးပြီး၊ နည်းပညာမြင့် သည့်လုပ်ငန်းများတွင် ပြည်တွင်းအလုပ်သမားများ အလုပ်အကိုင်ရ ရှိမှုကနည်းပါးကြောင်းတွေ့ရသည်။ တနည်းအားဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများမှ ဒေသတွင်းဖွံ့ဖြိုးဆဲနိုင်ငံများသို့ နည်းပညာလွှဲပြောင်းမှု (technology transfer)ကနည်းပါး ကြောင်းတွေ့ရသည်။ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ရန်ပြင်ဆင်နေသည့် ရန်ကုန်မြို့သစ်စီမံကိန်းတွင်လည်း တရုတ်အလုပ်သမား ၅၀ရာခိုင်နှုန်းပါဝင်မည် ဟုဆိုခြင်းက သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ပြန်လည်စဉ်းစားသင့်သည့် အချက်ဖြစ်သည်။

ဒေသတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် တရုတ်စီမံကိန်းများမှ ထပ်မံလေ့လာတွေ့ ရှိရသည်မှာ အရည်အသွေးပိုင်းနှင့် လူမှု ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများဖြစ်သည်။ ဥပမာ- ဗီယက်နမ်နိုင်ငံတွင် မိုးပျံရထားလမ်းစီမံ ကိန်းကို၂ခုကို လေ့လာကြည့်ရာ တရုတ်အစိုးရပိုင် ပို့ကုန်သွင်းကုန်ဘဏ် (Exim Bank) ချေးငွေ၊ တရုတ်အစိုးရ နိုင်ငံတကာအကူအညီနှင့် ဗီယက်နမ်အစိုးရ၏ ဘတ်ဂျက်တို့ဖြင့် အကောင်အထည်ဖော်သည့် ဟနွိုင်းမက်ထရို စီမံကိန်းသည် မူလခန့်မှန်း တည်ဆောက်ရေး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း၅၀၀ကျော်ထက် ၃၁၅ သန်းကျော်ပိုကုန်ကျသည်ကိုတွေ့ရသလို တည်ဆောက်ရေးကာလအတွင်း မတော်တဆ ထိခိုက်မှုများဖြစ်ပွားခဲ့ကြောင်းနှင့် တည်ဆောက်ရေးကာလ ၅နှစ် ထက်ပိုမို ကြာမြင့်နေကြောင်း တွေ့ရှိရသည်။ ဗီယက်နမ်နိုင်ငံတွင် ဂျပန်ကုမ္ပဏီများ အကောင်အထည်ဖော်သည့် စီမံကိန်းများ၏ ၄၀ရာခိုင်နှုန်းသည် သတ်မှတ်ချိန်ထက် ပိုမိုကြာ မြင့်သည်ကိုတွေ့ရပြီး တရုတ်ကုမ္ပဏီများ အကောင်အထည်ဖော်သည့် စီမံကိန်းများ၏ ၆၀ရာခိုင်နှုန်းကျော်သည် သတ်မှတ်ချိန်ထက် ပိုမိုကြာမြင့်ကြောင်းတွေ့ရသည်။ ပြည်တွင်းဥပဒေများကို ဆောက်လုပ်သူ ကွန်ထရက်တာ မှမလိုက်နာမှုများလည်း တွေ့ရသည်။ ဂျပန်ရင်းနှီးမြှုပ်နှံမှုဖြင့်တည်ဆောက်သည့် ဟိုချင်းမင်း မြို့မှ မက်ထရို မိုးပျံရထားလမ်းစီမံကိန်းတွင် ထိခိုက်ဒဏ် ရာရမှုများမရှိကြောင်းသိရသည်။

တတိယအချက်အနေဖြင့် ဘီအာအိုင်စီ မံကိန်းများအပါအ၀င် တရုတ်ရင်းနှီးမြှုပ်နှံမှုများမှ တွေ့ရှိရသည့်အချက်မှာ အုပ်ချုပ်စီမံမှု (governance)ဆိုင်ရာဖြစ်သည်။ ဥပမာ မလေးရှားနိုင်ငံတွင် ယခင်ဝန်ကြီးချုပ်ဟောင်း နာဂျစ် လက်ထက်ချုပ် ဆိုခဲ့သည့် ယခုလတ်တလော သတင်းမီဒီယာများတွင် ဖော်ပြနေသည့် East Coast Rail Linkကဲ့သို့စီမံကိန်းများသည် ရင်းနှီး မြှုပ်နှံမှု ပမာဏ အလွန်ကြီးမားနေခြင်းနှင့် ၀န်ကြီးချုပ်အပါအ၀င် အစိုးရအဖွဲ့ဝင်များ အဆိုပါ စီမံကိန်းများ၌ အဂတိ လိုက်စား မှုများရှိနေကြောင်း အထောက်အထားများတွေ့ရှိရသည်။ သီရိလင်္ကာနိုင်ငံတွင်လည်း အလားတူပင်ဖြစ်သည်။ ထိုအတွက် ကြောင့် လေ့လာသုံးသပ်သူများက တရုတ်ချေးငွေက တရုတ်ရင်းနှီးမြှုပ်နှံမှုများအတွက် အဓိက ပြဿနာမဟုတ်။ အဓိက ပြဿနာမှာ အိမ်ရှင်နိုင်ငံအစိုးရတွင် အဂတိလိုက်စားမှုများ ရှိမရှိ၊ စီမံအုပ်ချုပ်မှုဆိုင်ရာ ပြဿနာများရှိ မရှိတို့ဖြင့် သက်ဆိုင် ကြောင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် မြစ်ဆုံအပါအ၀င် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ အတွက် အဓိကပြဿနာမှာလည်း ထိုအချက်ပင်ဖြစ်သည်။

စတုတ္ထအချက်အဖြင့် လေ့လာတွေ့ရှိရသည်မှာတော့ အိမ်းနီးချင်းနိုင်ငံများနှင့် မိမိတို့နိုင်ငံ၌ အကောင်အထည် ဖော်ရန်အဆိုပြုထားသည့် စီမံကိန်းများ၏ ပမာဏသည် ကြီးမားလွန်းနေခြင်းနှင့် စီမံကိန်းကုမ္ပဏီနှင့် စီမံကိန်းတည် ဆောက်ရေးကိုဆောင်ရွက်မည့် ဆောက်လုပ်ရေး ကွန်ထရက်တာသည် မိခင်ကုမ္ပဏီဖြစ်နေခြင်းတို့ဖြစ်သည်။ ယင်းကို tied-supply chain ဟုလည်းခေါ်ဆိုသည်။ တစ်နည်းအားဖြင့်ဆိုလျှင် စီမံကိန်း တစ်ခုလုံးအတွက် လုပ်ဆောင်ရန်နှင့် လိုအပ်သည့် ပစ္စည်းများပေးသွင်းမှုလုပ်ငန်း စဉ်တစ်ခုလုံးကို ကုမ္ပဏီတစ်ခုတည်းက ထိန်းချုပ်ထားခြင်းဖြစ်သည်။   Whole supply chain ကိုထိန်းချုပ်ထားသဖြင့် တရုတ်ကုမ္ပဏီများသည် တင်ဒါယှဉ်ပြိုင်ရာတွင် အခြားနိုင်ငံကုမ္ပဏီများထက် ဈေးလျော့နည်း၍ ယှဉ်ပြိုင်နိုင်သလို၊ တင်ဒါ ယှဉ်ပြိုင်စရာမလိုသည့် နေရာများ၌လည်း စီမံကိန်းတည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် (project capital cost) ကိုလည်း မြှင့်တင်ထားနိုင်သည်။ ဥပမာ- မူဆယ်-မန္တလေးရထားလမ်းတည် ဆောက်ရေး စီမံကိန်းတွင် စီမံကိန်းကုမ်္ပဏီနှင့် ရထားလမ်းဖေါက်လုပ်ပေးမည့် ကွန်ထရက်တာသည် အတူတူဖြစ်ပြီး မိခင်ကွန်ထ ရက်တာ ကုမ္ပဏီ လက်အောက်ခံ ကုမ္ပဏီများမှ လိုအပ်သည့် ပစ္စည်းအားလုံးကို တင်သွင်းခြင်းမျိုးဖြစ်သည်။ ထိုသို့သော အခြေ အနေ တွင် နဂိုမူလထဲက စီမံကိန်း ကုန်ကျစရိတ်ကိုလိုအပ်သည့် ပစ္စည်းစရိတ်များကိုမြှင့် ထားခြင်းဖြင့် အမှန်တကယ် ကုန်ကျထိုက် သည်ထက် ပိုများအောင်ပြု လုပ်ထားနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် စီမံကိန်းမ စတင်ခင်ကပင် စီမံကိန်းကုမ္ပဏီသည် အမြတ်ရနေသကဲ့သို့ ဖြစ်နေသည်။ အမြတ်မရ လျှင်တောင် အရင်းအနှီးကိုပိုပြထားခြင်းဖြင့် ဘီအိုတီစာချုပ်သက်တမ်းကို အရင်း ကြေကာလကြာမြင့်မည် အကြောင်းပြ၍ တိုးတောင်းဆိုနိုင်သည်။ ထို့ကြောင့် ပီပီပီ ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် ဘီအာအိုင် စီမံကိန်းများ၏ အဆိုပြုလွှာများတွင်ပါဝင်သည့် ဘဏ္ဍာရေးအပိုင်းကို ကျွမ်းကျင်စွာစိစစ်နိုင် သည့် ဘဏ္ဍာရေး ဆိုင်ရာ ကျွမ်းကျင်သူများ အစိုးရဘက်တွင်ရှိရန် အထူးလိုအပ်သည်။

 

ဘီအာအိုင်စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရာတွင် သတိပြုသင့်သိများ

အထက်ဖော်ပြပါ ဆွေးနွေးတင်ပြချက် များပေါ်အခြေခံ၍ အဆုံးသတ် သတိပြုရန် အကြံပေးလို့သည့် အချက်များမှာ အောက် ပါအတိုင်းဖြစ်သည်။

(၁) ရေတိုတွင် စီမံကိန်းရင်းနှီးမြှုပ်နှံမှုကြောင့် မိမိနိုင်ငံ၊ မိမိပြည်နယ်/တိုင်း အနေဖြင့် မည်သည့် အကျိုးအမြတ်များ နှင့်မည်သည့် ဆိုးကျိုးများကို ရရှိနိုင်သနည်း။ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း အရေအတွက်မည်မျှ ဖန်တီးပေး မည်နည်း (သို့) ယင်းတို့ဘက်မှ တရုတ်လုပ်သား အရည်အတွက် မည်မျှကိုခေါ်ယူလာမည်နည်း။ မိမိပြည်တွင်း ကုမ္ပဏီ များနှင့် အသေးစား/အလတ်စားလုပ်ငန်းများမှ မည်သည့်ပစ်္စည်းများ ထုတ်ကုန်များ၊ ၀န်ဆောင်မှုများကို စီမံကိန်းမှ ၀ယ်ယူခြင်း၊ အသုံးချခြင်းပြုလုပ်မည်နည်း။

(၂) ရေရှည်အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းမှ မည်သည့်အကျိုးအမြတ်များကို နိုင်ငံအတွက် ဖန်တီးပေးမည် နည်း။ စီးပွားရေးနှင့် ဘဏ္ဍာရေးအရလည်း စီမံကိန်းသည် အမှန်တကယ် တည်တံ့ခိုင်မာနိုင်သည့် အခြေအနေရှိသလား (economic and financial viability)။ ဥပမာ မြို့သစ်စီမံကိန်းများ၊ စက်မှုဇုံများသည် တည်ဆောက်ရေးပြီးနောက် အမှန်တကယ် မျှော်မှန်းထားသလို ၀င်ငွေရရှိမည်လားဆိုသည့် မေးခွန်းကို သေချာဆန်းစစ်လေ့လာသင့်သည်။

(၃) အုပ်ချုပ်စီမံမှုနှင့်ဆိုင်သည့်အဂတိ လိုက်စားမှုများကို စီမံကိန်းများကြောင့် ပိုမိုများပြားလာနိုင်သလားဆိုသည့် မေးခွန်းကိုလည်း ဆန်းစစ်ရမည်ဖြစ်သည်။ ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာနများနှင့် ပြည်နယ်/တိုင်းအစိုးရများ အနေဖြင့် လည်း ဘီအာအိုင်စီမံကိန်းများကို ရေရှည်စီမံခန့်ခွဲ နိုင်သည့် အရည်အချင်းနှင့် စွမ်းဆောင်ရည် မည်မျှရှိသည်ဆိုသည်ကို လည်း ဆန်းစစ်လေ့လာသင့်သည်။

(၄) အထူးအကြံပြုလိုသည်မှာ ဘဏ္ဍာ ငွေကြေး ရင်းနှီးမြှုပ်နှံမှုပုံစံ ရှုပ်ထွေးလှသည့် ဘီအာအိုင်စီမံကိန်းများ (ပီပီပီ စီမံကိန်းများ အားလုံး)အတွက် ဘဏ္ဍာငွေကြေးဆိုင်ရာ ကျွမ်းကျင်သူများကို ပြည်ထောင်စုဝန်ကြီး ဌာနများ၊ ပြည်နယ်/တိုင်း အစိုးရအဖွဲ့များနှင့် ပီပီပီ ဗဟိုဋ္ဌာနတို့တွင် ခန့်အပ်တာဝန်ပေး၍ ဘီအာအိုင်နှင့် ပီပီပီ စီမံကိန်းများကို ဆန်းစစ်သုံးသပ် သင့်သည်။

(၅) လတ်တလောကျင့်သုံးနေသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုပတ် ၀န်းကျင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ကို ပြန်လည်သုံးသပ်ပြီး လိုအပ်လျှင် နိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်း များပြန်လည် ရေးဆွဲ ပြဋ္ဌာန်းသင့်သည်။

တရုတ်အစိုးရ၏ ဘီအာအိုင်စီမံကိန်းများကို မြန်မာနိုင်ငံကဲ့သို့ အခြေခံအဆောက်အအုံလိုအပ်ချက် များပြားလှသည့် နိုင်ငံထက် အခြေခံအဆောက်အအုံ ပိုမိုပြည့်စုံသည့် နိုင်ငံများကပင် လက်ခံရန်ပြင်ဆင်နေလျက်ရှိသည်။ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများပင် ပါဝင်လျက်ရှိသည်။ ထိုအတွက် ကြောင့် ဘီအာအိုင်စီမံကိန်းများကို ရှောင်လွှဲခြင်းထက် မိမိနိုင်ငံ၏ ပကတိအခြေအနေများနှင့် ကိုက်ညီစေရန် ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ များပြင်ဆင်ကြရန် တိုက်တွန်းရင်း နိဂုံးချုပ်ပါသည်။

ခိုင်ဝင်း