ဘုရှစ်နိုင်ငံရေးအကြား မြို့မိ မြို့ဖ ပြန်ပေးဆွဲခံရခြင်း

#Election

#Opinion

“ဒါဆို မြို့အရေးနဲ့ ပါတီ အရေးယှဉ်လာရင် ပါတီအရေးကိုပဲ အဲဒီမြို့မိမြို့ဖက ကြည့်ရမယ်ဆိုတဲ့ သဘောလား။ မြို့အရေးကြည့်လို့ ပါတီ ထိခိုက်စေလာရင် သူက မြို့မိမြို့ဖ မလုပ်တော့ဘူးလား။ ဒါဆိုရင် မြို့မိ မြို့ဖ ဆိုတာ မြို့မိ မြို့ဖမှမဟုတ်တော့တာ။ တကယ်က သုံးချင်ရင် ပါတီမိ၊ ပါတီဖ သုံးပေါ့”

 

ထုံးစံအတိုင်း ရွေးကောက်ပွဲက နိုဝင်ဘာဟေ့ ဆိုတော့ စပြီး ကြွက်ကြွက်ညံပြီပေါ့။ အခု လောလောဆယ် အပြောများဆုံး ဇာတ်လမ်းက မြို့မိမြို့ဖ အရေးပါ။

လက်ရှိ အာဏာရ ပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးတာကို မြို့မိမြို့ဖ တာဝန်ခံမှု နဲ့ ရွေးဖို့ သတ်မှတ်လိုက်ပါတယ်။ မြို့နယ် ပါတီက မြို့မိမြို့ဖ ၅ ဦး ရွေးရမယ်။ အဲဒီ မြို့မိ မြို့ဖ တာဝန်ယူမှုနဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေး၊ ပြီးတော့မှ အဆင့်ဆင့် နဲ့ ပါတီ ဗဟိုကို တင်ပေါ့။ နောက်ဆုံးကတော့ ဗဟိုကပဲ ဆုံးဖြတ်မှာ။

စည်းကမ်းတွေတော့ ရှိတယ်။ ဘယ်သူတွေ မြို့မိမြို့ဖဖြစ်ရမယ်ဆိုတာ။ စည်းကမ်းချက် ၆ ချက်ထဲမှာ ပါတီ အကျိုးစီးပွား လိုသားသူဆိုတာပါတယ်၊ ပါတီထိခိုက်စေမယ့် လုပ်ရပ်များ ကင်းရှင်းသူ ဆိုတာပါတယ်။

အကြမ်းဖျင်းနားလည်တာက မြို့မိ၊ မြို့ဖဆိုတာ မြို့ကနေ အခြေခံတာ။ မြို့၏ ဂုဏ်ကျက်သရေ ဆောင်နိုင်၊ မြို့ အကျိုးလိုလားသူ၊ မြို့အရေးကို တနည်းနည်းနဲ့ ကိုယ်စားပြုသူ စသည်ဖြင့် ပေါ့။ ကျားမကိုယ်စားပြုမှုအတွက် မိနဲ့ဖ ဆိုပြီးတောင် အသေအချာ ပေးထားသေးတယ်။

ချုပ်ရရင် မြို့မိ၊ မြို့ဖ ဆိုတာ မြို့မျက်နှာပဲ ကြည့်သူ၊ မြို့ အကျိုး လိုလားသူ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း မြို့မိ၊ မြို့ဖ ဆိုတာကလည်း ဗားရှင်း အမျိုးမျိုးနဲ့ ထွက်လာသေး။ ဟိုအုပ်စုက အရာသွင်းတဲ့ မြို့မိ မြို့ဖ က တစ်မျိုး၊ ဒီအုပ်စုက အရာတင်တဲ့ မြို့မိ မြို့ဖက တစ်ဖုံပေါ့လေ။

ထားပါ။ အဲဒါတွေ တော်တော်များများက မြို့မိ မြို့ဖကို မြို့ဆိုင်ရာ လူမှုရေးအခမ်းအနားတွေ၊ အစိုးရ အခမ်းအနားတွေမှာ လူလုံးမြင်ရသတတ်မို့ သိပ်ငြင်းခုံစရာမရှိလှ။

အခုက မြို့မိ မြို့ဖက ပါတီ အရေး တာဝန်ခံရမယ်ဆိုတော့ တစ်မျိုးတစ်မည်ပဲ၊ ခပ်ဆန်းဆန်းပဲရယ်။ နောက်ပြီး မြို့မိ မြို့ဖ လို့လည်း ပြောသေး ပါတီအကျိုးစီးပွားလိုလားသူ၊ ပါတီ ထိခိုက်စေမဲ့ လုပ်ရပ် ကင်းရှင်းသူတဲ့။

ဒါဆို မြို့အရေးနဲ့ ပါတီ အရေးယှဉ်လာရင် ပါတီအရေးကိုပဲ အဲဒီမြို့မိမြို့ဖက ကြည့်ရမယ်ဆိုတဲ့ သဘောလား။ မြို့အရေးကြည့်လို့ ပါတီ ထိခိုက်စေလာရင် သူက မြို့မိမြို့ဖ မလုပ်တော့ဘူးလား။ ဒါဆိုရင် မြို့မိ မြို့ဖ ဆိုတာ မြို့မိ မြို့ဖမှမဟုတ်တော့တာ။ တကယ်က သုံးချင်ရင် ပါတီမိ၊ ပါတီဖ သုံးပေါ့။

အခုနောက်ပိုင်းနိုင်ငံရေးမှာ Post-truth Politics နဲ့ အတူ ခေတ်စားလာတဲ့ စကားလုံး ရှိတယ်။ Bullshit Politics ပါ။ Post-truth Politics ကိုတော့ အမှန်တရား အလွန်နိုင်ငံရေး လို့ ပြန်လေ့ရှိသလားမသိ။ ကျွန်တော့် မိတ်ဆွေ အိုင်းရစ်တစ်ယောက်ကတော့ Post-truth ဆိုမှတော့ လိမ်တာပေါ့ကွာ ဆိုပြီး ခပ်ပြတ်ပြတ်ပြောတတ်တယ်။ ကျွန်တော်ကတော့ အဲဒီ အကြောင်းကို ဂျင်းနိုင်ငံရေးဆိုပြီး ဆောင်းပါး တစ်ပုဒ်ရေးဖူးတယ်။

Bullshit Politics (ဘုရှစ်နိုင်ငံရေး လို့ပဲ ဖလှယ်ပါရစေ) ကိုပြောရင်တော အများအားဖြင့် အမေရိကန်အတွေးအခေါ် ပညာရှင် Harry Frankfurt ကို အများဆုံး ညွှန်းတတ်ပါတယ်။ Bullshit ဆိုတဲ့ စာအုပ်ပါးပါးလေးကို ရေးခဲ့ပြီး Theory of Bullshit ကို ထွင်တဲ့သူလို့ ပြောကြတယ်။

သူ့အဆိုအရ ဘုရှစ်သမားတွေက မှန်တာတွေ၊ မှားတာတွေ သိပ်ပြီး ခွဲခွဲခြားခြား ဂရုမစိုက်ဘူးတဲ့။

လူကြိုက်များ၊ ပေါ်ပြူလာဖြစ်တဲ့ အိုင်ဒီယာတစ်ခုကို ကောက်ယူလိုက်တယ်။ အဲဒီအိုင်ဒီယာထဲမှာ ကိုယ်နဲ့ ကိုက်တာ၊ ကိုယ်လိုရာလေးတွေ ဆွဲသွင်းလိုက်တယ်။ မှန်တာလေးတွေနည်းနည်း ပါရင် ပါမယ်၊ လေလုံးထွားတာတွေခပ်များများထည့်၊ မှန်သယောင်ရှိတာလေးတွေနဲ့ ပြန်သ ဒီလိုပဲ ကလီကမာ လုပ်ပြီး လူထုကို ဂျင်းထည့်ဖို့ ကြိုးစားတဲ့ နည်းပါ။ အဲဒါကို ဘုရှစ်နိုင်ငံရေး ခေါ်ပါတယ်။

အသေအချာ မဆန်းစစ်လိုက်မိရင် အဲဒီ ဂျင်းဇာတ်ကြောင်းမှာ မျောပါသွားတတ်ပါတယ်။

ဒီနည်းကို သုံးတဲ့ နေရာမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၊ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် တို့ နာမည်ကြီးပါတယ်။

အခုလည်း မြို့မိ၊ မြို့ဖ ဇာတ်လမ်းက ဒီနည်းနဲ့ ခပ်ဆင်ဆင် ဖြစ်မလား ဆင်ခြင်မိတယ်။ လူအသုံးများတဲ့ စကားရပ်ကိုယူ၊ ကိုယ်စားပြုမှုတွေကို ဟိုလို၊ ဒီလိုဖြစ်အောင်လုပ်။ ကိုယ့်အတွက် ပြန်ပေးဆွဲ အသုံးချ။ လူထုက ရုတ်တရက်ဆိုတော့ ဟုတ်သလိုလိုထင်၊ အချို့ကလည်း အဲဒီဇာတ်လမ်းမှာ မျောပါ။ မြို့မိ မြို့ဖကို ဘယ်လို ရွေးသင့်တယ်ဆိုပြီး ငြင်းကြခုန်ကြတဲ့ အထိ။

အခုက မြို့မိမြို့ဖဆိုတဲ့ အများပိုင် စကားရပ်ကို ခပ်တည်တည်ယူလိုက်တယ်။ အဲဒီ ပုဂ္ဂိုလ်များကို မြို့နယ်ပါတီက ရွေးတယ်၊ အဲဒီ ပုဂ္ဂိုလ်အစုအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို တာဝန်ခံ ရွေးပေးတယ်။ ပြီးတော့ ရွေးပေးတိုင်း အတည်ဖြစ်တာမျိုးမဟုတ်။ အမယ် ဆုံးဖြတ်တာက ပါတီဗဟိုက တဲ့။

ဆိုတာ့ ဆင်ခြင်စဉ်းစားကြည့်ပေါ့။

ပါတီအနေနဲ့ကကြတော့ သက်သက်မဲ့ ကလီကမာ လုပ်ချင်လို့ ဒီနည်းထွင်တာ ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမဲ့ မပြေးသော်ကန်ရာရှိ။ ဒီအတိုင်းဖြစ်နေတာပါပဲ။

တစ်ခုခုဆို ဖုံတစ်လုံးလုံးနဲ့ ရှေ့က ပြေးနေတဲ့ လှည်းကြီးနောက်ကိုပဲ လိုက်နေဖို့ မကောင်းပါ။ ဒါကြောင့် ဘေးက ရပ်ကြည့် နေသူတစ်ဦး မြင်တာကို တင်ပြခြင်းပါ။

ဘုရှစ်နိုင်ငံရေးဘေး ကင်းဝေးကြပါစေ။

ခွန်သုခ

Key Ref: https://www.port.ac.uk/…/why-leaders-who-bullshit-are-more-…