မတည်မငြိမ်မှုတွေ နောက်ကွယ်မှာ

အရပ်သားအစိုးရ အာဏာရလာတာ ယခုနှစ်နဲ့ဆို သုံးနှစ်တင်းတင်းပြည်ပြီ။ ဒီသုံးနှစ်အတွင်း ဘာတိုးတက်သလဲ လို့မေးရင် ပါတီဘက်ကလူတွေ အားရ၀မ်းသာဖြေကြမှာက ယခင်အစိုးရအဆက်ဆက်ကလို တံတားဆောက်၊ လမ်းဖောက် ဘယ်နှခုဆိုပြီး ကိန်းဂဏန်းတွေ ရွတ်ပြမှာပဲဖြစ်ပါတယ်။ သိုသော် သိသာပြီး မမြင်လိုသည့်အချက်က ပါတီအပေါ် လူကြိုက်နှုန်းထိုးကျသွားတာကို သတိမထားသေးခြင်းပါပဲ။ ဒီသုံးသပ်ချက် မှန်,မမှန် ဒီအချက်တွေကိုဆန်းစစ်ကြည့်ပါ။ ဆိုပါစို့၊ သင့်မြို့နယ်ထဲကပါတီအမတ်၊ ဒါမှမဟုတ် ပါတီဥက္ကဋ္ဌကို (ဒါကများသေးသည်) ရပ်ကွက်ပါတီ စည်းရုံးရေးမှူးကို လမ်းမှာခေါ်ပြီး ယခင်လိုစကားပြောလို့ရသေးလား၊ ဒါမှမဟုတ် ယခင်ကလို ပြောမနာဆိုမနာ ဆက်ဆံလို့ရသေးလား၊ ဒါမှမဟုတ် ရပ်ကွက်ထဲမှာပြောရာဆိုရာမှာ စကားမှားရင် သည်းခံသေးလား။ ဒါဆိုသိမည်ထင်သည်။

ဒါတွေကလက်ရှိ အာဏာရပါတီအပေါ် လူကြိုက်များနှုန်းကျဆင်းတဲ့ အချက်ပါ။ ပြည်သူတွေက တစ်လျှောက်လုံး အပြောသမားတွေကို ဆက်ဆံလာခဲ့ရတာပါ။ အာဏာသမားတွေကို ကြိုက်ကြိုက်, မကြိုက်ကြိုက် ခေါင်းငုံ့ဆက်ဆံလာရတာ ပါ။ ဒီလိုအပြောတွေ အာဏာတွေကိုသာကြိုက်ရင် ဒီနေ့ NLDပါတီဆိုတာ ပေါ်လာစရာမရှိပါဘူး။ ဒါကိုပါတီဆိုက်ဘက်က လူတွေက သတိပြုကြမိဟန်လည်းမတူ။ သို့သော် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအခြေအနေကို ရိပ်မိပုံရသည်။ သူ့လူတွေကြောင့် ပြည်တွင်းမှာထောက်ခံ နှုန်းကျဆင်းနေမှုကို ပြန်ရအောင် အသက် အရွယ်ကြီးမြင့်လာမှုကို ပဓာနမထားဘဲ နိုင်ငံလှည့်ပြီး ပါတီအပေါ် အမြင်ကောင်းအောင် မဟုတ်တာလုပ်သည့်လူတွေကို ဖြုတ်ထုတ်တာတွေ လုပ်ပြရ၊ အရေးယူမှုတွေ လုပ်ပြနေရသည်။ ဒါကိုကြည့်လျှင် သာမန်ဟုထင်သော်လည်း အနုပညာသဘောအရကြည့်လျှင် နောက်ပေါက်တွေ မဟန်လို့ ၀ါရင့်ကိုယ်တိုင် ပရိတ်သတ်ကို ထွက်ထိန်းနေရသည့် သဘောဖြစ်သည်။

ဒီလိုဆို မေးစရာရှိသည်။ ပါတီဘက်က ဘာတွေကြောင့် များလူကြိုက်နှုန်း ကျဆင်းနေသလဲဆိုသည့် အချက်တွေ ဖြစ်သည်။ တစ်ကယ်က အများကြီးပြောစရာမလို၊ ၆၆(ဃ)၊ နိုင်လွှတ်လို့ အမှုတွေနဲ့စွဲထားသည့်အရေအတွက်ကို ကြည့်မည် ဆိုလျှင် သိနိုင်သည်။ အာဏာရှင်တစ်ပိုင်း အစိုးရလို့ခေါ်ကြသည့် ၂၀၁၀ ရွေးကောက်ပွဲကနေ တက်လာသည့် အစိုးရ လက်ထက်တွင် ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရသည့် အရေအတွက်က ၅နှစ်လုံးပေါင်းမှ —– သာရှိပြီး ဒီမိုကရေစီ အစိုးရ လက်ထက်တွင် အစိုးရအာဏာပိုင်တွေဖြစ်သည့်ဘက်က တရားစွဲဆိုမှုမှာ ၃နှစ်တာကာလအတွင်း — ရှိသည် ကိုကြည့်လျှင် အဘယ်မျှ အာဏာစက်ပြနေသလဲဆိုတာကို မြင်သာမည်ထင်သည်။ ပြည်သူတွေ NLD ကိုမဲပေးတာ အာဏာပြတဲ့သူတွေကို လိုချင်မြင်ချင်လို့မဟုတ်။ ကိုယ်ချင်းစာတရားရှိသည့် ပြည်သူကိုဖေးမသည့် အုပ်စိုးသူကိုလိုချင်၍သာဖြစ်သည်။

၅နှစ်တာယခုအစိုးရ သက်တမ်းအတွင်း သုံးနှစ်တာကုန်သွားပြီ။ ဒီထဲမှာ တချို့ လွှတ်တော်ကိုယ်စားလှယ်တွေဆို ဆန်္ဒပြခံရတာတွေ၊ တချို့ဆိုပါတီကနေ ထွက်တာတွေ မြင်တွေ့ရတာတွေ ဖြစ်လာခဲ့တာကိုတွေ့ရသည်။ ပြီးတော့ တချို့တွေ က ကိုယ့်ကိုနေ ရာပေးခဲ့သည့် ပါတီအပေါ်ပြန်ပြီး ထတွယ်တာတွေ၊ အာခံတာတွေကိုတွေ့ရသည်။ ဒီမှာ ပြောစရာတစ်ခု တော့ရှိသည်။ ထိုထဲက အချို့ကတော့ နောက်မှပေါက်သည့်ရွှေကြာ တွေဖြစ်ပြီး ရွေးကောက်ပွဲနီးမှ တတ်သိအနေနဲ့ ပါတီ ထဲအကြောင်းအမျိုးမျိုးကြောင့် ရောက်လာ၊ နောက်တော့ နည်းမျိုးစုံဖြင့် ကိုယ်စားလှယ်တွေ ဖြစ်လာပြီး ထင်ထားသလို အာဏာပိုင်အပိုင်းဘက် မရောက်ဘဲ  ပါတီဆိုက်ပဲရောက်သဖြင့် ဘေးထိုင်ဘုကန့် လန့်လုပ်နေတဲ့သူတွေလည်း တွေ့ရ သည်။

ဒါတွေထားတော့။ ပြောချင်တာက ပါတီဘက်က လူတွေ ကျွန်တော်တို့ ပြည်သူတွေဘက်က ဘယ်လို မျှော်လင့်ထား ပြီး မဲပေးခဲ့သလဲဆိုတာကို ပြောချင်လို့ ဖြစ်သည်။ ၂၀၁၅မှာ အပြတ်အသတ်အနိုင်ရဖို့ ပြည်သူတွေက ကိုယ့်မဲကိုယ်စောင့် ရှောက်ခဲ့ရသည်။ မဲမပေးမီအထိ ပြည်သူတွေက ထိုစဉ်က အုပ်စိုးသူတွေကို ဘယ်ပါတီကို ငါတို့ မဲပေးမည်ဟု ကြိုတင် ဆန္ဒပြုတာနည်းသည်။ ဒါကြောင့်လည်း ၂၀၁၅ ရွေးကောက်ပွဲအကြို စစ်တမ်းတွေမှာ NLD အစိုးရဖွဲနိုင်သည့်အထိ အနိုင်ရ မည်ဆိုသော ခန့်မှန်းချက်က နည်းသည်။ အများစုက ညွန့်ပေါင်းသာခန့် မှန်းကြသည်။ ဒီအတွက် မဲရလဒ်တွေထွက် လာသည့်အခါ နာမည်ကြီးနိုင်ငံရေးသမားတွေ တက်တက်စင်အောင်လွဲပြီး တချို့ဆို လွှတ်တော်အပြင်ဘက် ရောက်သည် အထိ မဲရလဒ်တွေပြတ်သားကုန်သဖြင့်  PR ဆိုတာကို တင်ရသည်အထိ ဖြစ်ကုန်တော့သည်။

ပြည်သူတွေက ဒီလို မဲပုံအောပေးသည့် ရည်ရွယ်ချက်က နှစ်ခုတည်းဖြစ်သည်။ တစ်ခုက အာဏာရှင်စနစ်ကို ဖယ်ခွာချချင်တာနှင့် နောက်တစ်ခုက ပျက်စီးနေသည့် တရားဥပဒေစိုးမိုးမှုကို ပြန်တည်ဆောက် စေချင်တာပဲဖြစ်သည်။ ကျွန်တော်တို့ ပြည်သူများအနေဖြင့် မွေးသည့်ဆေးရုံမှစကာ ကျောင်း၊ တက္ကသိုလ်၊ အလုပ်စသည့်ကနေ သေသည့်ဆေးရုံ အထိ အခွင့်ထူးခံလူတန်းစားတွေခြယ်လှယ်နေတာကို ရာစုဝက်ကျော်ခံလာရပြီးဖြစ်သည်။ ဒါကြောင့် ဒီလိုလူတွေထက် သာရင် တော်ပြီဆိုသည့် ရှေ့လူတွေကို မုန်းတီးစက်ဆုပ်စိတ်ဖြင့် ပုံအောမဲပေးကြတာများသည်။ ဒါကြောင့် ပါတီက လူမကြည့်နဲ့ မူကိုသာကြည့်ဆိုသည့် အပြောမှာ ဘာတစ်ခုမှ စေဒကမတက်ဘဲ မဲပုံအောပေးတာ ပါတီကရွေးချယ်ပေးသည် သူတွေတော်လွန်းလို့ သင့်တော်လွန်းလို့ ဒေသကိုတိုးတက်အောင်လုပ်မယ်လို့ ယုံကြည့်လို့ပေးခဲ့တာနည်းသည်။ အများစုက အာဏာရှင် အ၀န်းအ၀ိုင်းတစ်ခုလုံးအာဏာ လက်လွတ်ဖြစ်အောင်ပြုတ်အောင် မဲကို အာဏာရပါတီဘက်ကို ပုံအောပေးခဲ့ကြ ခြင်းပင်။

ဒီအကျိုးဆက်က အာဏာရပြီး တစ်နှစ်မှာ မသိသာ။ ဒုတိယနှစ်မှာ စတွေ့လာရပြီ။ မြန်မာစကားပုံရှိသည်။ “ဆင်းရဲ တဲ့ဒဏ်ကို ခံနိုင်ရည်ရှိပေမယ့် ချမ်းသာတဲ့ ဒဏ်ကိုတော့ ခံနိုင်ရည်မရှိ” ဆိုသလို  လမ်းထဲ ရပ်ထဲ ရွာထဲ လူတွေကြည်မရတဲ့ သူတွေထဲ အာဏာရပါတီထဲကဟာတွေ ပါလာသည်။ ဒီ့ထက်ဆိုးတာက  ပါတီကို မထိနဲ့ဆိုသည့် ဝေဖန်မခံသည့် ကိစ်္စနှင့် အရပ်သားနှင့် ပါတီဝင်တွေကိစ်္စမှာ ပါတီဝင်တွေကပါတီဝတ်နှင့် တရားစွဲကြ၊ အာဏာပြကြတာ ပြီးခဲ့သည့် သုံးနှစ်တာကို ပြန်ကြည့်လျှင် မြင်ရမည်ဖြစ်သည်။

ပြည်သူတွေက “နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ” ဖြစ်နေတာတောင်  ဘာကြောင့် သည်းခံ စိတ်ထားနေ ကြသလဲဆိုတာ အတိုက်အခံတွေဘက်က စဉ်းစားရကျပ်နေတဲ့ ကိစ်္စဖြစ်နေလောက်သည်။ တကယ်က ပြည်သူတွေအနေ ဖြင့် နောက်ထပ် ပိုကောင်းသည့် သင့်တော်သည့်ပါတီကို မတွေ့ရသေးတာဖြစ်သလို ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေ၏ မနားမနေလုပ်ကိုင် ဆောင်ရွက်နေမှုတွေကြောင့် ဖြတ်ရခက်နေတာတွေပါသည်။ ဥပမာ -ပါတီခေါင်းဆောင်ကိုယ်တိုင် ဆင်းကိုင်တွယ်ရသည့် တနင်္သာရီကိစ္စမျိုးရှိလာသည့်အခါ ပါတီထဲမှာ ဒီလိုအမျိုးအစားတွေ ဆွေမျိုးကောင်း စားရေးတွေ ဘယ်လောက်ထိ ရှိနေသလဲဆိုတာကို အများပြည်သူဘက်ကနေ စဉ်းစားစရာဖြစ်လာခဲ့ပါသည်။

ပြည်သူတွေက ဘာလိုချင်လို့ ရွေးကောက်ခံတွေကို မဲပေးရတာလဲ။ နှစ်ခုထဲကတစ်ခုက စစ်အာဏာရှင်ကို ဖြတ်ချ ချင်လို့။ ဒုတိယက ပျက်စီးနေတဲ့ တရားဥပဒေစိုးမိုးရေးကို ပြန်တည်ဆောက်စေချင်လို့။ ဒီနှစ်ခုထဲကတစ်ခုက ပြည်သူတွေ ဘက်က လုပ်ပေးရမှာဖြစ်ပြီး နောက်တစ်ခုက ရွေးခံရတဲ့သူတွေက ပြန်လုပ်ပေးရမယ့် ကိစ္စပါ။ ပြည်သူတွေက စစ်အာဏာ ရှင်စနစ်ကို ၂၀၁၅မှာ ခြိမ်းခြောက်မှုမျိုးစုံ (ဥပမာ-မိတီ်္ထလာ၊ ကျောက်နီမော်၊ လားရှိုး၊ ကိုပါကြီးစတဲ့)ကို ရင်ဆိုင်ပြီး နောက်ဆုံး အချိန်မှာ လက်ရှိ အာဏာရပါတီကိုသာ မဲပုံပေးခဲ့ကြတာပါ။

ပြည်သူဘက်က ငါးနှစ်တာအတွက် အာဏာရှင်ကိုဖြုတ်ချပြီး လူထုခေါင်းဆောင်ကို ယုံကြည်ပြီး မဲပေးရွေးခဲ့ပါ တယ်။ ဒါပေမယ့် အာဏာရပါတီဘက်က ပြည်သူတွေလိုချင်တဲ့ တရားဥပဒေစိုးမိုးရေးကို တည်ဆောက်ပေးနိုင်ပြီလား။ ဒါပြန်စဉ်းစားကြည့်ပါ။ အထူးသဖြင့် မဲဆန်္ဒနယ်တွေကနေ ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ သူတွေက သက်ဆိုင်ရာ မဲဆန်္ဒနယ်ထဲက တရားဥပဒေပြန်လည်စိုးမိုးမှု လုပ်ငန်းစဉ်တွေဖြစ်တဲ့ မတရားမှုတွေ၊ လယ်မြေအသိမ်းခံရတဲ့ကိစ်္စလိုဖြစ်ရပ် တွေ၊ မတရားအမှုဆင် တရားစွဲခံရတာတွေ၊ အနိုင်ကျင့်မှုတွေ၊ မလျော်သြဇာသုံးမှုတွေစတဲ့ ကိစ္စတွေမှာ အမှန်အတိုင်းဖြစ် အောင် တာဝန်ယူတဲ့ ကာလအတွင်း ဘယ်လောက်ထိလုပ်နိုင်ခဲ့ပြီလဲဆိုတာကို ကြည့်မယ်ဆိုရင်  ယခုဖြစ်နေ တဲ့ပြဿနာ တွေဟာ ဘယ်သူတွေပေါ့ လျော့လို့လဲ၊ မလုပ်ခဲ့လို့လဲဆိုတာကိုသာ တွေ့ရမှာပါ။

အထူးသဖြင့် ရပ်ထဲရွာထဲ အလှူအတန်းနဲ့ ဖဲကြိုးဖြတ်တဲ့ အလုပ်ပိုတွေလုပ်ဖို့ ဒီလိုရွေးကောက်ထားတာ မဟုတ်ပါ ဘူး။ ပြည်သူတွေက အာဏာပိုင်တွေနဲ့ဖြစ်တဲ့ ကိစ္စတွေ အမှုအခင်းတွေမှာ ပြည်သူဘက်က မှန်နေရင် ရပ်တည်ပေးဖို့ ပြည်သူတွေက ရွေးခဲ့တာပါ။ ယခင်က အာဏာရှင်တွေကို ဖက်တုပြိုင်နိုင်မယ်သူတွေထင်လို့ ငါးနှစ်တာသက်တမ်းအတွက် မဲပေးရွေးတာပါ။ အညံ့ခံမယ့် ခပ်ပျော့ပျော့ကောင်တွေလိုချင်လို့ ရွေးခဲ့တာမဟုတ်ပါဘူး။ အခုက ပြည်သူကို ကာကွယ်ပေးဖို့ နေနေသာသာ သူတို့ကိုတောင် ပြည်သူက ပြန်ကာကွယ် ပေးနေရတဲ့အတွက် ဘာကို ပြည်သူက မျှော်လင့်ရမှာလဲ။ ရပ်ထဲရွာထဲအလှူမင်္ဂလာဆောင်တွေ ပွဲတက်ဖို့က အရေးကြီးလား၊ ပြည်သူတစ်ယောက်အတွက် ထိခိုက်နိုင်တဲ့ ကိစ္စကို ကာကွယ်ပေးဖို့က အရေးကြီးလား။ အဓိကနဲ့ သာမညကိုတောင်မခွဲတတ်လို့ ယခု သမ္မတဦးဝင်းမြင့်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူထားစဉ်မှာ လွှတ်တော် ကိုယ်စားလှယ်တွေကို မိမိမဲဆန္ဒနယ်မှာ အောက်ခြေ ထိဆင်းပြီးလုပ်ဖို့ ခဏခဏမှာ တာကိုတွေ့ရသလို ယခုပြည်ထောင်စု လွှတ်တော်နာယက ကလည်း မှာနေရဆဲပါပဲ။ ယခုရောမှာရတာ ကင်းလွတ်ပြီလား။ ယခုလည်း မိမိမဲဆန္ဒ နယ်ပြန်ဆင်းတဲ့ မဲပေးတဲ့ သူတွေကို မိဘနဲ့ သားသမီးလိုစိတ်မွေးပြီး ဆောင်ရွက်ပေးတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ရှိနေပြီလား။ ရှိလည်း အနည်းလား အများလား။

တကယ်ဆို ဒီလူတွေ အလုပ်တကယ်လုပ်ကြရင် ထိပ်ပိုင်းကခေါင်းဆောင်တွေအတွက် အရွေ့ကို ဖန်တီးတဲ့အခါ အတော်ကို လွယ်မယ့်အပြင် မဟုတ်တာလုပ်သူတွေလည်း အတော်ကို ခေါင်းမထောင်ရဲတဲ့ အထိဖြစ်နိုင်တဲ့ အချိန်ကာလပါ။ အခုမတည်မငြိမ်ပါဘူးတဲ့။ နောက်ကွယ်မှာ ဘယ်သူဘယ်ဝါပါတဲ့။ ဘာတွေက မတည်ငြိမ်တာလဲ။ ပြည်သူတွေရဲ့ လူနေမှု ဘ၀လား။ ခရိုနီတွေရဲ့ လူနေမှုဘ၀လား။ ရင်ကြားစေ့ပေးနေတဲ့သူတွေ၊ ရင်ကြားမစေ့ချင်တဲ့သူတွေရဲ့  လူနေမှုဘ၀လား။ ဒါမှမဟုတ် လူထု ထောက်ခံမှု မတည်ငြိမ်တာလား။

ပြည်သူက တိုင်းပြည်မတည်ငြိမ်တာကို ငြီးတွားနေတဲ့သူမျိုးကို ရွေးတာမဟုတ်ဘူး။ ဖြေရှင်းနိုင်မယ့်သူကို ရွေးတာပါ။

အောက်ခြေကိုကြည့်ပါ။ ဘာတွေဖြစ်နေသလဲ။ ဒါလွှတ်တော်ကိုယ်စားလှယ်တွေ အလုပ်ပါ။ အောက်ကိုကြည့်ဖို့ အောက်က သူတွေက တင်ထားတာပါ။အပေါ်ကိုကြည့်မယ်၊ ကိုယ်သက်သာရာကြည့်မယ်ဆို အရင်ကပါတီကြီးတွေ ဘာဖြစ် လို့ လူတွေ အော့နှလုံးနာသွားကြသလဲ၊ ဘာတွေ ဖြစ်သွားကြသလဲဆိုတာကို ပြန်သတိရပါ။ မဲဆိုတာ ပြည်သူဆီက လာတာ ပါ။ ခရိုနီတွေ၊ အာဏာရှင်တွေ၊ အဖွဲ့အစည်းတွေကနေလာတာမဟုတ်ပါဘူး။

 

ဂျီအောင်ဘန်း