မတရားအချုပ်ခံရရင် ဘယ်လိုတုံ့ပြန်မလဲ

သာဓက

အခုခေတ်က မတရားမှုဆို ငြိမ်ခံစရာမလိုအောင်ကို ကူညီမယ့်သူတွေ အဖွဲ့အစည်းတွေက အားကောင်းနေပါ တယ်။ ဆိုလိုတာက မတရားတာဘာမှလုပ်လို့မရတဲ့ ခေတ်လို့ ယတိပြတ်ပြောလိုတာ မဟုတ်သလို မတရားမှုအားလုံးဟာ အမှန်တရားအောက် ပြားပြားဝပ်ရောက်သွားပါတယ်လို့လည်း မဆိုလိုပါဘူး။

ဆိုလိုတာက မတရားခံရသူတွေဘက်က ကူညီမယ့်သူတွေ၊ အဖွဲ့အစည်းတွေက ၂ဝ၁ဝ ပြည့်နှစ် မတိုင်ခင် ကထက်တော့ ဒီဘက်ခေတ်ထဲပိုများလာတယ်လို့ပြောချင်တာပါ။ မတရားမှုတွေနစ်နာမှုတွေကို ကာကွယ်ပေးမယ့် ဥပဒေ တွေကလည်း ခေတ်အဆက်ဆက် အခိုင်အမာရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဥပဒေတွေကိုအသုံးချတဲ့နေရာ၊ အကောင်အထည် ဖော်တဲ့နေရာမှာ အားနည်းတာ၊ လိုအပ်တာတွေရှိခဲ့တာဖြစ်ပါတယ်။

အရင်ခေတ်တွေကတော့ အပြစ်မရှိဘဲ မတရားချုပ်နှောင်ခံရတာတို့၊ မတရားဖမ်းဆီးခံရတာတို့နဲ့ပတ်သက်ပြီး ပြော ဆိုမှုတွေ ကြားခဲ့ရပါတယ်။ ဒီနေရာမှာ နှစ်မျိုးဖြစ်နိုင်ပါတယ်။ တကယ်အပြစ်မရှိဘဲချုပ်နှောင်ခံရတာ၊ ဖမ်းဆီးခံရတာတွေဖြစ် နိုင်သလို ဥပဒေကိုနားမလည်လို့ ကာယကံရှင်ကိုယ် တိုင်ဥပဒေတားမြစ်ချက်ကန့်သတ်ချက်တွေကိုမသိလို့ ချိုးဖောက်မိမှန်း မသိ ချိုးဖောက်မိခဲ့တာလည်းဖြစ်နိုင်ပါတယ်။ ဥပဒေတားမြစ်ချက် ကန့်သတ်ချက်တွေကိုမသိလို့ ချိုးဖောက်မိသူတစ်ယောက် ဟာ ဘယ်လိုပဲဖြစ်ဖြစ် အပြစ်တော့ကျူးလွန်ရာရောက်နေတာမို့ အဖမ်းခံရတယ်ဆိုတာက ဖြေသာပါသေးတယ်။ လုံးဝအပြစ် လည်းမရှိ၊ မတရားလည်း အဖမ်းခံခဲ့ရမယ်ဆိုရင်တော့ အတော့်ကိုနစ်နာစရာအဖြစ်နဲ့ ကြုံတွေ့ရသလိုဖြစ်နေမှာပါ။

တချို့ကပြောပါတယ်။ တကယ်လို့အဲဒီ လိုနစ်နာသူတွေများရှိခဲ့ရင် သူတို့အတွက်တုံ့ပြန်စရာ ဘာဥပဒေမှအခိုင် အမာမရှိဘူးလား။ အဲဒီလိုဆိုရင်တော့ မတရားဘူးဆိုပြီး ပြောကြတာဖြစ်ပါတယ်။ နောက်ပြီး တရားစီရင်ရေးမဏ္ဍိုင်က ဥပဒေ ပြုရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ကို အပြန်အလှန်ထိန်းကျောင်းတယ်ဆိုတော့ အချုပ်ခံရသူတွေအတွက် လုပ်ပေးနိုင်တာ ဘာမှ မရှိဘူးလားဆိုပြီးတော့လည်း တချို့ကထင်ကြမြင်ကြတာရှိပါတယ်။ အမှန်က ဥပဒေနဲ့အညီလုပ်ပေးနိုင်တာတွေရှိပါတယ်။ ပထမဆုံးပြောလိုတာက အကယ်၍များ အပြစ်မရှိဘဲမတရားချုပ်နှောင်ခံရတယ်ဆိုရင် အဲဒီမတရားချုပ်နှောင်တဲ့ လူပုဂ္ဂိုလ်ကို ဖြစ်ဖြစ် အဖွဲ့အစည်းကိုဖြစ်ဖြစ် လျော်ကြေးတောင်းပါလို့အကြံပြုချင်ပါတယ်။ ဆိုပါစို့ ဥပမာလူမှားဖမ်းတာခံရပြီးအချုပ်ထဲ ဘယ်နှရက်အိပ်လိုက်ရတယ်တို့၊ အာမခံပေးရမယ့်ပြစ် မှုမျိုးကိုအာမခံပေးရမယ့်အချိန်မှာ အာမခံမပေးမိတာတို့၊ အပြစ်မည် မည်ရရမရှိဘဲ တစ်ညနှစ်ညလောက်ခေါ်ထားတာတို့ စသဖြင့်ပေါ့။ အဲဒီလိုမျိုးတွေများကြုံရမယ်၊ ကိုယ်လည်း တကယ်ဘာ အပြစ်မှမရှိတာသေချာတယ်ဆိုရင် ရာဇဝတ်ကြောင်းအရရော တရားမကြောင်းအရပါ အရေးယူလို့ရပါတယ်။

မတရားအချုပ်ခံရလို့ လျော်ကြေးငွေရလိုမှုနဲ့ တရားစွဲချင်ရင် တစ်နှစ်အတွင်းစွဲဆိုရမှာဖြစ်ပါတယ်။

အဲဒီအချုပ်က လွတ်တဲ့နေ့ကစလို့တစ်နှစ်အတွင်း တရားစွဲဆိုရမယ်လို့ကာလ စည်းကမ်းသတ်ဥပဒေပါ ကာလစည်း ကမ်းသတ်ပထမဇယား ပထမကဏ္ဍ၊ တရားမကြီးမှုတွေဇယားမှာပါတဲ့ အပိုဒ်၁၉မှာ ဆိုထားပါတယ်။

တရားမကြီးမှုအတွက်၊ အယူခံမှုအတွက် ဒါမှ မဟုတ်လျှောက်ထားမှုအတွက် ပြဋ္ဌာန်းထားတဲ့ စည်း ကမ်းသတ် ကာလအပိုင်းအခြားကို ရေတွက်တဲ့နေရာမှာ စပြီးရေတွက်တဲ့နေ့ရက်ကို ထုတ်ပယ်ရမှာဖြစ်ပါတယ်။

အဲဒီလိုပဲ ချုပ်မိန့်မရဘဲဘယ်သူ့ကိုမှ ၂၄ နာရီထက် ပိုပြီး မချုပ်နှောင်ရဘူးလို့လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ် မ ၃၇၆ မှာပြဋ္ဌာန်းထားပါတယ်။ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနဲ့ အများ ပြည်သူအကျိုးအတွက် ဥပဒေနဲ့ အညီကြိုတင်ကာကွယ်ဖို့ လိုအပ်တဲ့ကိစ္စတို့၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုတဲ့ကိစ္စတို့ ကလွဲရင် စီရင်ပိုင်ခွင့်ရှိတဲ့တရားသူကြီးရဲ့ ချုပ်မိန့်မရရှိဘဲ ဘယ်သူ့ကိုမှ ၂၄ နာရီထက်ပို မချုပ်နှောင်ရဘူးဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၇၆မှာ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

ဒါ့ပြင် ဘယ်သူ့ကိုမှ တည်ဆဲဥပဒေနဲ့အညီမှတစ်ပါး အသက်ကိုဖြစ်ဖြစ် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကိုဖြစ်ဖြစ် နစ်နာ ဆုံးရှုံးမှုမရှိစေရဘူးလို့လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေက အာမခံထားပါတယ်။

တစ်ဦးတစ်ယောက်က စီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးကပြစ်မှုတစ်ရပ်အတွက် ပြစ်မှုထင်ရှားစီရင်တာကို ခံရရင်ဖြစ်ဖြစ်၊ အမှုကနေ အပြီးအပြတ်လွှတ်တာကိုခံရ ရင်ဖြစ်ဖြစ် အဲဒီလိုစီရင်တဲ့စီရင်ချက် ဒါမှမဟုတ် အပြီးအပြတ်လွှတ်တဲ့ စီရင်ချက်ကို အဆင့်မြင့်တရားရုံးက ပယ်ဖျက်ပြီးအမှုကို အသစ်တစ်ဖန်ပြန်စစ်ဖို့ အမိန့်ချတဲ့ အခါကလွဲရင် အဲဒီပြစ်မှုအတွက် အဲဒီသူကို ထပ်မံစစ်ဆေးတာ မလုပ်ရပါဘူး။

နောက်ထပ်အရေးယူလို့ရတဲ့ ရာဇဝတ်မှုပုဒ်မတွေက ရာဇသတ်ကြီးပုဒ်မ ၃၄၁၊ ၃၄၂၊ ၃၄၃၊ ၃၄၄တို့ ဖြစ်ပါတယ်။ အဲဒီပုဒ်မတွေက မတရားတားဆီးကန့်ကွက်တာ၊ ချုပ်နှောင်တာတွေကို အရေးယူလို့ရတဲ့ပုဒ်မတွေဖြစ်ပါတယ်။ ၃၄၁က မတရားတား ဆီးကန့်ကွက်ရင် အရေးယူလို့ရပြီး အလုပ်မဲ့ထောင်တစ်လထိချလို့ရပါတယ်။ ၃၄၂ က မတရားချုပ်နှောင်ရင် အရေးယူလို့ရပြီး ထောင်တစ်နှစ်အထိချလို့ရပါတယ်။ သုံးရက် ဒါမှမဟုတ် သုံးရက်ထက်ပိုပြီး မတရားချုပ်နှောင်ထားရင် ပုဒ်မ ၃၄၃နဲ့ အရေးယူတာဖြစ်ပြီး ထောင်နှစ်နှစ်အထိချလို့ရပါတယ်။ ၁ဝရက် ဒါမှမဟုတ် ၁ဝ ရက်ထက်ပိုပြီး မတရားချုပ်နှောင် ထားရင် ပုဒ်မ ၃၄၄နဲ့ အရေးယူတာဖြစ်ပြီး ထောင်သုံးနှစ်အထိချလို့ရပါတယ်။ ဒါတောင် မတရားချုပ်နှောင်တာတွေနဲ့ပတ် သက်တဲ့ တခြားပြစ်မှုဆိုင်ရာပုဒ်မတွေရှိပါသေးတယ်။

နောက်တစ်ခုက တရားစီရင်ရေးက တာဝန်ရှိသူတွေက အချုပ်ခံနေရ သူတွေအတွက်လုပ်ပေးနိုင်တာတွေရှိပါတယ်။

၁၉၇၄ခုနှစ် ပြည်သူ့တရားသူကြီးအဖွဲ့ ဥပဒေ၊ ၁၉၈၈ ခုနှစ်တရားစီရင်ရေးဥပဒေနဲ့ ၂ဝဝဝ ပြည့်နှစ်တရားစီရင်ရေး ဥပဒေတွေ မှာသတ်မှတ်ထားတဲ့ တရားသူကြီးတွေက ပြစ်ဒဏ်ကျခံနေရသူတွေ၊ အချုပ်ခံနေရသူတွေနဲ့ပတ်သက်လို့ ဥပဒေနဲ့ အညီရသင့်ရထိုက်တဲ့ အခွင့်အရေးတွေခံစားနိုင်ဖို့နဲ့ အမှုစစ်ဆေးရာမှာ ကြန့်ကြာမှုမရှိစေဖို့အတွက် အကျဉ်းစခန်းတွေ၊ ရဲ ဘက်စခန်းတွေ၊ ရဲတပ်ဖွဲ့အချုပ်စခန်းတွေကို စစ်ဆေးကြည့်ရှုနိုင်တယ်လို့ ပြဋ္ဌာန်းပါကြောင်းနဲ့ ၂ဝ၁ဝ ပြည့်နှစ် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေမှာလည်း အဲဒီလိုပဲပြဋ္ဌာန်းထားကြောင်း ၂ဝ၁၁ခုနှစ် ပထမအကြိမ်အမျိုးသားလွှတ်တော် အစည်း အဝေးတစ်ခုမှာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားခဲ့တာရှိပါတယ်။

ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရား သူကြီးတွေက ပြစ်ဒဏ်ကျခံနေရသူ တွေ၊ အချုပ်ကျခံနေရသူတွေနဲ့ ပတ်သက်လို့ ဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့အခွင့်အရေး တွေခံစားနိုင်ဖို့နဲ့ အမှုတွေစစ်ဆေး ရာမှာ ကြန့်ကြာမှုမရှိစေဖို့အတွက် ပြည်ထောင်စုတစ်ဝန်းလုံးမှာရှိတဲ့အကျဉ်း စခန်းတွေ၊ ရဲဘက်စခန်းတွေ၊ ရဲတပ်ဖွဲ့ အချုပ် စခန်းတွေကို အနည်းဆုံးတစ်နှစ်ကိုတစ်ကြိမ် စစ်ဆေးကြည့်ရှုရမယ်လို့ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၆၇ မှာ ပြဋ္ဌာန်းထားပါတယ်။

အဲဒီလိုပဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တွေနဲ့ တရားသူကြီးတွေ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းတရားသူကြီးတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးတွေနဲ့ ခရိုင်တရားသူကြီးတွေကလည်း ပြစ်ဒဏ်ကျခံ နေရသူတွေ အချုပ်ခံနေရသူတွေနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေခံစားနိုင်ဖို့နဲ့အမှုတွေ စစ် ဆေးရာမှာ ကြန့်ကြာမှုမရှိစေဖို့အတွက် မိမိတို့ရဲ့စီရင်ပိုင်ခွင့်ရှိတဲ့ ဒေသအတွင်းမှာရှိတဲ့ အကျဉ်းစခန်းတွေ၊ ရဲဘက်စခန်းတွေ၊ ရဲတပ်ဖွဲ့အချုပ်စခန်းတွေကို အနည်းဆုံးခြောက်လကိုတစ်ကြိမ် စစ်ဆေးကြည့်ရှုရမယ်လို့ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ ပုဒ်မ ၆၈ မှာ ဆိုပါတယ်။

အဲဒီလို ပြဋ္ဌာန်းချက်တွေရှိနေတာဖြစ်လို့တရား စီရင်ရေးမဏ္ဍိုင်က တာဝန်ရှိသူတွေက အမှန်တကယ်သွားရောက်စစ် ဆေးပြီး အချုပ်ခံရသူတွေနဲ့ပြစ်ဒဏ်ကျခံနေရသူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် ဆောင်ရွက်ပေးမယ်လို့ လည်း ယုံကြည်ပါတယ်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာဖြစ်ဖြစ်၊ ပြည်သူ့လွှတ်တော် ဒါမှမဟုတ် အမျိုးသားလွှတ်တော် အစည်း အဝေးမှာဖြစ်ဖြစ်၊ နိုင်ငံတော် ဒါမှမဟုတ် အများပြည်သူတွေနဲ့သက်ဆိုင်တဲ့ အရေးကြီးတဲ့ တရားစီရင်ရေးဆိုင်ရာ အခြေအနေ ကို အခါအားလျော်စွာတင်ပြနိုင်တယ်လို့လည်း ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ၆၆မှာ ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်း ချက်ကိုကြည့်ရင် တရားစီရင်ရေးဆိုင်ရာအခြေအနေလို့ ဥပဒေမှာဆိုထားတာဖြစ်လို့ အများပြည်သူသိသင့်သိထိုက်ပြီး ပြည်သူတွေအတွက်သက်ဆိုင်တဲ့ အမှုဆုံးဖြတ်ချက်တွေကို လွှတ်တော်မှာတင်ပြနိုင်တာကိုတွေ့ရပါတယ်။ တရားစီရင်ရေး မဏ္ဍိုင်က တာဝန်ရှိသူတွေအနေနဲ့လည်း အများပြည်သူနဲ့သက်ဆိုင်တဲ့ အရေးကြီးတဲ့အမှု အခြေအနေတွေကို လွှတ်တော်က တစ်ဆင့်တင်ပြဖို့လည်း ပြည်သူတွေကလိုလားနေမယ်လို့ သုံးသပ်မိပါတယ်။

ဒါကြောင့် မတရားချုပ်နှောင်ခံရပြီဆိုရင် အချိန်မဆိုင်းဘဲ ဥပဒေနဲ့အညီတုံ့ပြန်နိုင်ဖို့က အလွန်အရေးပါသလိုပဲ ပြစ်ဒဏ်ကျခံနေရသူတွေနဲ့ အချုပ်ခံနေရသူတွေရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ခံစားနိုင်ဖို့ကလည်း တရားစီရင်ရေး မဏ္ဍိုင်ရဲ့ စွမ်းဆောင်မှုအပေါ်မှာ များစွာမူတည်နေပါတယ်လို့ အပြုသဘောဆောင်အကြံပြုလိုက်ပါရစေ။

သာဓက