မတရားအသင်း အက်ဥပဒေ ဘာလဲ၊ ဘယ်လဲ

မောင်ဒိုး(ကံပေါက်)
ယနေ့ခေတ်မဂ္ဂဇင်း ၊ ဇူလိုင်လ ၊ ၂၀၁၇ ထုတ်မှ

ခေတ်အဆက်ဆက် အစိုးရလက်ထက်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မတရား အသင်းအက်ဥပဒေကို ပြင်ဆင်ရန်သင့်၊ မသင့် ပြည်ထောင်စုလွှတ်တော်

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က စိစစ်နေကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ ဒီကော်မရှင်ဟာ ဥပဒေတွေ အသစ်ရေးဆွဲတာ၊ ပြင်ဆင်ပယ်ဖျက်တာ၊ ရုပ်သိမ်းတာတွေအတွက် လွှတ်တော်နှစ်ရပ်စလုံးကိုအဓိကအကြံပေးနေတဲ့ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဖြစ်တာကြောင့် ဒီကိစ္စအပေါ် ပြည်သူလူထုကြားထဲမှာ စိတ်ဝင်စားမှု ပိုပြီး မြင့်တက်လာပါတယ်။
ဒီဥပဒေဟာ ကိုလိုနီလက်ထက် ၁၉ဝ၈ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် ကတည်းက ပြဋ္ဌာန်း ခဲ့တာဖြစ်လို့ အခုဆိုရင် နှစ်ပေါင်း ၁ဝဝကျော်တောင် ရှိနေပါပြီ။ အဲဒီအချိန်က ဒီဥပဒေ ပြဋ္ဌာန်းရခြင်းရဲ့ ရည်ရွယ်ချက်ဟာ ကိုလိုနီအုပ်ချုပ်ရေးကိုဆန့်ကျင်တော်လှန်တဲ့ မြန်မာ မျိုးချစ်အသင်းအဖွဲ့တွေအပေါ်နှိမ်နင်းဖို့ ဖြစ်တာကြောင့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားသူတွေလည်း ဒီဥပဒေနဲ့ အရေးယူအပြစ်ပေးခံကြရပါတယ်။ ဒါပေမယ့် အားလုံးသိ တဲ့အတိုင်း ဇွန်လနောက်ဆုံးပတ်ထဲမှာ (တအာင်း)ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA)ကကျင်းပပြုလုပ်တဲ့ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတာကို သွားရောက် သတင်းယူပြီးပြန်လာတဲ့ DVB သတင်းထောက်နှစ်ယောက်နဲ့ ဧရာဝတီ သတင်းဌာနက သတင်းထောက်တစ်ယောက် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)နဲ့ ဖမ်းဆီးတရားစွဲခံခဲ့ရပြီးနောက်ပိုင်းမှာ မတရားအသင်းအက်ဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူ လူထုကြားထဲမှာ စိတ်ဝင်စားမှု ပိုများလာပါတယ်။
မတရားအသင်းအက်ဥပဒေ
ဒီဥပဒေဟာ ကိုလိုနီခေတ် ၁၉ဝ၈ ခုနှစ် ဒီဇင်ဘာ ၁၁ရက်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်တာကြောင့် နှစ်ပေါင်း(၁ဝ၉) နှစ်သက်တမ်းရှိနေပြီ ဖြစ်ပါတယ်။ ဥပဒေပုဒ်မ ၁၅(၂)အရ ‘မတရားအသင်း’ ဆိုတာ ‘အစိုးရကို လက်နက်ကိုင်ဆန့်ကျင်သူ၊ ရုန့်ရင်းကြမ်း တမ်းမှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို ကျူးလွန်ရန် အားပေးကူညီတဲ့ အဖွဲ့အစည်းတွေ၊ ဒါမှ မဟုတ် ဒီလိုပြုမူချက်တွေကို ပြုကျင့်လေ့ရှိတဲ့ အဖွဲ့ဝင်များပါဝင်တဲ့အသင်းကို မတရား အသင်း’ လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဒီဥပဒေမှာ အရေးကြီးဆုံးက ပုဒ်မ ၁၇ ပါ။ ပုဒ်မ ၁၇(၁)အရ မတရားအသင်းလို့ သတ်မှတ်ခံထားရတဲ့ အဖွဲ့အစည်းတစ်ခုခုရဲ့ အဖွဲ့ ဝင်၊ ဒါမှမဟုတ် အဲဒီအဖွဲ့ရဲ့ အစည်းဝေးမှာ ပါဝင် လုပ်ဆောင်ရင်၊ ဝင်ကြေးကောက်တာ၊ ဝင်ကြေး ထည့်ဝင်တာ၊ ဒီအဖွဲ့ရဲ့ လုပ်ငန်းတွေကိုကူညီ ဆောင် ရွက်ကြောင်းထင်ရှားရင် အနည်းဆုံးထောင်ဒဏ် ၂ နှစ်၊ အများဆုံး ၃ နှစ် အထိကျခံနိုင်ရနိုင်ပါတယ်။
အရင်အစိုးရလက်ထက်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက် ဒါမှ မဟုတ် နှစ်ဖက်တပ်တွေ လက်လှမ်းမီတဲ့ ဒေသမှာနေ ထိုင်တဲ့ ပြည်သူတချို့ဆိုရင် ဒီဥပဒေကြောင့် ဘဝ ပျက်သွားရတဲ့သူတွေ အများကြီးရှိတာပါ။ တောတွင်း လက်နက်ကိုင်အဖွဲ့တချို့ ရွာကိုဝင်ပြီး ဆက်ကြေး တောင်းတော့ ဒေသခံတွေကြောက်ကြောက်ရွံ့ရွံ့နဲ့ ပေးကြရပါတယ်။ မပေးနိုင်ရင်တော့ ပြစ်ဒဏ်က ရွာ မီးရှို့ခံရတာ၊ အသတ်ခံရတာတွေ ရှိလာတော့တာပါပဲ။ အဲဒီနောက် အစိုးရတပ်က ရွာသားတွေကို သူပုန်နဲ့ ဆက်သွယ်တယ်ဆိုပြီး မတရားအသင်းပုဒ်မ ၁၇(၁) နဲ့ တရားစွဲ ထောင်ချပြန်ပါတယ်။ နောက်ဆုံးတော့ အနက်ရောင်၊ အညိုရောင်နယ်မြေကဒေသခံတွေပဲ ကျွဲနှစ်ကောင်ကြားက မြေစာပင်ဘဝလို ဖြစ်ခဲ့ရတာ ပါ။ လက်ရှိအနေအထားမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ ဆက်နွှယ်တယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ဖမ်းဆီးခံထားရ တဲ့ အကျဉ်းသားတွေ ရှိနေဆဲဖြစ်ပါတယ်။
လွှတ်တော်တွင်း ကြိုးပမ်းမှု
မတရားအသင်း ဥပဒေကိုရုပ်သိမ်းရေး နဲ့ပတ်သက်ပြီး လွှတ်တော်ထဲမှာ ၂ဝ၁၂ ကတည်းက ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ ၂ဝ၁၂ ခုဇူလိုင် ၁၇ ရက်နေ့မှာ သင်္ဃန်းကျွန်း အမတ် ဦးသိန်းညွန့်က’ မတရားအသင်း များအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ ကြမ်း’ကိုတင်သွင်းခဲ့ပါတယ်။ ဒါပေမယ့် နောက် ၇လကျော်အကြာမှာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးက ဒီဥပဒေကို မပြဋ္ဌာန်းသင့်ကြောင်းနဲ့ ပြင်ဆင်တဲ့ ဥပဒေကြမ်းကိုသာတင်သွင်းသင့်တယ်ဆိုပြီးဆုံး ဖြတ်ချက်ချခဲ့တဲ့အတွက် ၂ဝ၁၃ မတ်လထဲ မှာ အင်းတော်အမတ် ဦးကျော်နိုင်ဌေးက ‘မတရားအသင်းများအက်ဥပဒေကို ပြင် ဆင်သည့်ဥပဒေကြမ်း’ ကို တင်သွင်းခဲ့ပြန်ပါ တယ်။
အင်းတော်အမတ် ဦးကျော်နိုင်ဌေးနဲ့ သင်္ဃန်းကျွန်းအမတ် ဦးသိန်းညွန့်တို့နှစ် ယောက်က ‘မတရားအသင်းများ အက် ဥပဒေ (၁၉ဝ၈ ခုနှစ်၊ အိန္ဒိယ အက်ဥပဒေ-၁၄)’ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကိုလွှတ် တော်ကလက်ခံဆွေးနွေးဖို့ သီးခြားစီအဆို တင်သွင်းခဲ့ကြပါတယ်။ ဒါပေမယ့် ပြင်ဆင် တဲ့ ဥပဒေကြမ်းတင်တဲ့ နှစ်ယောက်စလုံးရဲ့ အဆိုကို လွှတ်တော်က ပယ်ချခဲ့ပါတယ်။ ၁၉ဝ၈ ကတည်းက ပြဋ္ဌာန်းထားတဲ့ ဒီဥပဒေ ပြင်ဆင်ပေးဖို့တင်ပြမှုကို အင်္ဂလိပ်ဘာသာနဲ့ တင်ပြမှ လက်ခံနိုင်မယ်ဆိုတဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကြောင့် လွှတ်တော်အမတ် ဦးရဲထွန်းနဲ့ လွှတ်တော် ဒုဥက္ကဋ္ဌတို့ အချေ အတင်ဖြစ်ခဲ့ရပါသေးတယ်။
ပြောရရင်တော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၅ဝ မှာ ‘မြန်မာစာ သည် ရုံးသုံးစာဖြစ်သည်’လို့ အတိအလင်း ပြဋ္ဌာန်းထားပေမယ့် အင်္ဂလိပ်ဘာသာနဲ့ တင်ပြမှ လက်ခံနိုင်မယ်ဆိုပြီးငြင်းပယ်ခဲ့ တာပါ။ ဒါပေမယ့် တည်ဆဲဥပဒေ၊ နည်း ဥပဒေတွေမှာ မူလဥပဒေဟာအင်္ဂလိပ် ဘာသာနဲ့ ရေးသားပြဋ္ဌာန်းထားရင် ပြင်ဆင် ဖြည့်စွက်ချက်တွေကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားတင်ပြရမယ်လို့ ပြဋ္ဌာန်းထားတာမျိုး မရှိပါဘူး။ ဥပဒေတစ်ရပ်ဟာ ပြည်သူလူထု အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီဆိုရင်တော့ ဒီဥပဒေကိုမလွဲမသွေပြင်ဆင်ရမှာပါ။ ဒီလို လုပ်နိုင်တဲ့ အခွင့်အရေးတွေလည်း ဥပဒေ ပြုရေးမဏ္ဍိုင်မှာ ရှိပြီးသားဖြစ်တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ အထူး ဥပဒေတစ်ခုလိုအပ်နေပြီလို့ယူဆပါတယ်။
ဒီလိုနဲ့ နောက်ဆုံးမှာတော့ဒီဥပဒေကို ဆက်လက်ပြဋ္ဌာန်းထားသင့်ကြောင်းနဲ့ ပြင် ဆင်တဲ့ဥပဒေကြမ်းကိုသာ တင်သွင်းသင့် ကြောင်းလွှတ်တော်က ဆုံးဖြတ်ခဲ့တဲ့အတွက် ၂ဝ၁၃ ခုနှစ် မတ်လထဲမှာ မတရားအသင်း ဥပဒေအား ပြင်ဆင်တဲ့ ဥပဒေကြမ်းတစ်ခု ထွက်ပေါ်ခဲ့ပါတယ်။ ဥပဒေကြမ်းပါ ပြင် ဆင်ဖြည့်စွက်ချက်အရ ‘ဤ ဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ တစ်ဦးတစ် ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်ရပ်ဖြစ် စေမိမိ၏ နေ့စဉ် ပုံမှန် စားသောက်၊ သွား၊ လာ၊ လုပ်ကိုင်၊ ဆောင်ရွက်မှုအတွက် သော် လည်းကောင်း၊ မိမိ၏ အသက်ဘေးအန္တ ရာယ်ကိုကြောက်ရွံ့ရသည့်အတွက် သော် လည်းကောင်း၊ မတရားအသင်းများနှင့် ဆက်နွှယ်ပတ်သက် ဆောင်ရွက်ရခြင်းသည် ဤဥပဒေအရ ပြဋ္ဌာန်းသည့် ပြစ်မှုများတွင် အကျုံးမဝင်ဟု မှတ်ယူရမည့်အပြင် တရားစွဲ ဆိုခြင်းမခံထိုက်စေရ’ ဖော်ပြထားပါတယ်။ ဒီပြင်ဆင်ချက်ဟာ မြေစာပင်ဘဝရောက် နေတဲ့ ပြည်သူတွေအတွက် ဥပဒေအရ အကာအကွယ်ပေးမှုကို ရရှိစေမှာဖြစ်ပေ မယ့် လွှတ်တော်ထဲမှာအခုအချိန်ထိ ဆွေး နွေး အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ကိုလိုနီစနစ်ရဲ့ဆိုးမွေကို ပြင်ဆင်ပါ
မတရားအသင်းအက်ဥပဒေနဲ့ ငြိစွန်း မှုရှိ မရှိဆိုတာ ပြစ်မှုမြောက်ဖို့ လိုအပ်တဲ့အင်္ဂါရပ်တွေကအဓိကအချက်လို့ ဆိုရမှာပါ။ ဘယ်သူမဆို မတရားအသင်းရဲ့ အဖွဲ့ဝင် မဟုတ်ဘူး၊ အဲဒီအဖွဲ့ရဲ့ အစည်းအဝေးတွေ မှာလည်း မပါဝင်ဘူး၊ အဖွဲ့ဝင်ကြေးထည့် ဝင်၊ ရယူ၊ တောင်းခံတာမျိုးမလုပ်ဘူး၊ မကူ ညီဘူးဆိုရင် ပြစ်မှုမမြောက်တဲ့ အကြောင်း မတရားအသင်းများအက်ဥပဒေနဲ့ ပတ် သက်တဲ့ စီရင်ထုံးတွေမှာ တွေ့ရှိနိုင်ပါတယ်။ ဒါကြောင့် လတ်တလောမှာ မီဒီယာသမား တွေကို မတရားအသင်းအက်ဥပဒေ ၁၇(၁)နဲ့ တရားစွဲတယ်ဆိုတာဟာဥပဒေနဲ့ ညီညွတ် မှု မရှိဘူးဆိုတာကိုအထင်းသားတွေ့မြင်ရ မှာ ဖြစ်ပါတယ်။
တကယ်တော့ မျှော့ကြိုးသဖွယ် ဖြစ်နေ တဲ့ ဒီဥပဒေဟာသာမန်ပြည်သူတစ်ယောက် အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် တစ်ယောက်ယောက်နဲ့ စကားပြော မိတာ၊ ဓာတ်ပုံတွဲရိုက်မိတာမျိုးဆိုရင် တောင်မှ ပုဒ်မ ၁၇(၁)နဲ့ အချိန်မရွေးငြိစွန်း နိုင်တဲ့ အခြေအနေမျိုးပါ။ ဒါကြောင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကို တည်ဆောက်နေတဲ့ အခုလိုအချိန်မျိုးမှာ ရော်ဘာကွင်းလို ကျုံ့နိုင် ဆန့်နိုင်တဲ့ ပုံစံမျိုး နဲ့ အသုံးချနေတဲ့ မတရားအသင်းဥပဒေ ရှိသင့်၊မရှိသင့်ဆိုတာထက် ပြည်သူလူထု အပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဘယ်လို ပြုပြင်မလဲဆိုတာ အရေးကြီးတဲ့အချက်လို့ ဆိုနိုင်ပါတယ်။
အထူးသဖြင့် အများပြည်သူတွေ လေ့ လာအကြံပြုနိုင်အောင် ထုတ်ပြန်ထားပြီး ဖြစ်တဲ့ ‘မတရားအသင်းအက်ဥပဒေကို ပြင် ဆင်သည့်ဥပဒေကြမ်း’ကို ဆွေးနွေးအတည် ပြုနိုင်မယ်ဆိုရင် ၁၇(၁)နဲ့ ဖမ်းဆီးခံနေရတဲ့ ပြည်သူလူထုအတော်များများ အကျဉ်း ထောင်တွေထဲ ရောက်သွားစရာအကြောင်း မရှိပါဘူး။ ဒါကြောင့် ခေတ်အဆက်ဆက် အစိုးရတွေအနေနဲ့ ဒီဥပဒေကိုဘယ်လိုပုံစံနဲ့ သုံးစွဲခဲ့သည်ဖြစ်စေ လက်ရှိကာလ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်နေတဲ့ အချိန်မှာတော့ ထုတ်မသုံးသင့် တော့တဲ့အခြေအနေမျိုးပါ။
ခြုံပြောရရင်တော့ ကိုလိုနီစနစ်ရဲ့ ဆိုး မွေဖြစ်တဲ့ မတရားအသင်းအက်ဥပဒေဟာပြည်သူလူထုအတွက် ဖိနှိပ်ရေးကိရိယာလို ဖြစ်နေတဲ့အပြင် ပြောင်းလဲလာတဲ့ ခေတ် ကာလအခြေအနေအရ ပြင်ဆင်ဖို့ လိုအပ် နေတာကြောင့် ပထမအကြိမ်လွှတ်တော် သက်တမ်းမှာ ထုတ်ပြန်ကြေညာထားပြီး ဖြစ်တဲ့ ပြင်ဆင်တဲ့ ဥပဒေကြမ်းကိုအမြန်ဆုံး ဆွေးနွေးအတည်ပြုဖို့ လိုအပ်နေပါတယ်။ ဒါမှသာ မတရားအသင်းအက်ဥပဒေဟာ ပြည်သူလူထုနဲ့ ပိုမိုနီးစပ်လာမှာ ဖြစ်ကြောင်းပါ။

မောင်ဒိုး(ကံပေါက်)