မထိရောက်သော စိုက်ပျိုးစရိတ်ချေးငွေများမှသည်……

မောင်ထွန်း
၂၀၁၇ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ထုတ်မှ

The Voice Daily သတင်းစာတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၄ နှစ်အတွင်း

ချေးယူထားသော စိုက်ပျိုးစရိတ်ချေးငွေများအနက်မှ အစိုးရအား စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း တသောင်းကျော် ကျန်ရှိနေသေးကြောင်း၊ ထို့ကြောင့် လယ်သမားများအနေဖြင့် နိုင်ငံတော်ပိုင် ဘဏ္ဍာငွေကို ပြန်လည်ပေးဆပ်ရန်အတွက် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများမှ ကြေငြာချက်ထုတ်ပြန်ထားပြီး ရမည်းသင်းမြို့နယ်မှ လယ်သမားတဦးအားလည်း ချေးငွေပြန်မဆပ်နိုင်သည့်အတွက် ထောင်ဒဏ်ချမှတ်ထားကြောင်းလည်း ဖော်ပြထားပါသည်။ အဘယ်ကြောင့် လယ်သမားများသည် စိုက်စရိတ်ချေးငွေများကို ပြန်လည် မပေးဆပ်နိုင်ကြရသနည်း။ လယ်သမားများသည် အသုံးအဖြုန်းကြီးကြသည့်အတွက်လား၊ ဒါမှ မဟုတ် ကာလတို စိုက်စရိတ်ချေးငွေများသည် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ကောင်းမွန်ထိရောက်မှု အားနည်းသည့်အတွက်ကြောင့်လား ဆိုသည်ကို အဖြေရှာဖို့ လိုလာပါသည်။ ယခင် ဦးသိန်းစိန်အစိုးရလက်ထက်မှ ပြန်လည်အသက်ဝင်လာသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးမှုအတွက် လယ်သမားများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကူညီထောက်ပံ့ရေး ဆေးမြီးတိုကုထုံးသည် ယခုအစိုးရလက်ထက်တိုင် အသက်ဝင်လျက်ရှိနေပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် တောင်သူလယ်မားများအား စိုက်ပျိုးစရိတ်ချေးငွေကို ယခင်ကထက် ပိုမိုထောက်ပံ့ပေးခဲ့သော်လည်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သည့် ထောက်ပံ့မှု တခု ဖြစ်မလာကြောင်းကို အထက်ပါ ဖြစ်ရပ်များက သက်သေပြလျက်ရှိပါသည်။
စိုက်ပျိုးရေးကို အခြေခံသော မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍသည် အထူးအရေးပါသည့် ကဏ္ဍတရပ်ဖြစ်ပြီး တိုင်းပြည်လူဦးရေ၏ ၆၅ % သောကျေးလက်နေ ပြည်သူများ၏ ဘ၀များ သာယာဝပြောရေးသည် နိုင်ငံအတွက် အထူးအရေးပါပေသည်။ စီးပွားရေး ပညာရှင်အချို့က လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ပိုလျှံနေသည့် လုပ်သားဦးရေများကို စက်မှုကဏ္ဍတွင် ၀င်ရောက်လုပ်ကိုင်ရန် လုပ်ဆောင်ခြင်း (သို့မဟုတ်) ရင်းနှီးမြုပ်နှံခြင်းက ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်သည်ဟု ဝေဖန်ထောက်ပြကြသော်လည်း စိုက်ပျိုးရေး ကဏ္ဍသည်သာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း သက်သေအထောက်အထားများစွာ ရှိခဲ့ပါသည်။ ပါလီမန် ဒီမိုကရေစီခေတ် (၁၉၄၈-၆၂) တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ရှစ်နှစ်စီမံကိန်း (၁၉၄၈-၅၆) မအောင်မြင်ဖြစ်ရသည်မှာ မူဝါဒချမှတ်သူများအနေဖြင့် စိုက်ပျိုးရေးကဏ္ဍအပေါ် ရင်းနှီးမြုပ်နှံရမည့်အစား စက်မှုနိုင်ငံထူထောင်ရေး လုပ်ငန်းများအတွက်သာ အားသွန်ခွန်စိုက် ရင်းနှီးမြုပ်နှံခဲ့ခြင်း၊ ကျေးလက်ဒေသနေ ပြည်သူများ ၀င်ငွေတိုးတက်လာပါက ပြည်တွင်း ဈေးကွက်ဖွံ့ဖြိုးလာကာ တိုင်းပြည်၏ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာနိုင်ကြောင်းကို ထည့်သွင်းမစဉ်စားမိသောကြောင့် ဖြစ်ကြောင်း ဒေါက်တာမြတ်သိန်းက သူ၏ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လေ့လာဆန်းစစ်ချက်စာတမ်းတွင် ထည့်သွင်းဖော်ပြထားခဲ့ပါသည်။
မည်သို့ပင် ဆိုစေကာမှု လယ်ယာစိုက်ပျိုးရေး ကဏ္ဍသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကိုးရကြောင်း ခိုင်လုံသော အထောက်အထားများ ရှိသည့်အပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် မြန်မာလုပ်သားတို့ ကျွမ်းကျင်ပြီး ရေမြေအနေအထားဖြင့်လည်း သင့်လျော်သည့် လုပ်ငန်းဖြစ်သည့်အတွက် လယ်ယာကဏ္ဍကို အစိုးရအနေဖြင့် အထူးအလေးပေး ဆောင်ရွက်ဖို့လိုသည်ပါသည်။ လယ်သမားများအနေဖြင့် လယ်ယာလုပ်ငန်းများတွင် စိတ်ပါဝင်စားစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်၊ အဆင်ပြေချောမွေ့စွာနှင့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများပေးရန်၊ လယ်သမားများ၏ စီးပွားရေးဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ပေးရန် အထူးတာဝန်ရှိပါသည်။ ထို့ကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစဉ်များစွာထဲမှ လုပ်ငန်းတခုဖြစ်သည့် လယ်သမားအနေဖြင့် လယ်ယာလုပ်ငန်းအတွက် လိုအပ်သော သွင်းအားစုများ ( မျိုးစေ့၊ ဓာတုဓါတ်မြေသြဇာ၊ လုပ်သား) ၀ယ်ယူငှားရမ်းရန်အတွက် အရင်းအနှီးအနေဖြင့် ကာလတို ချေးငွေကို ပံ့ပိုးကူညီရန် စီစဉ်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ထို စိုက်ပျိုးစရိတ် ချေးငွေနှင့် ပါတ်သတ်ပြီး စိုက်ပျိုးစရိတ်ချေးငွေသည် မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေ ပြည်သူများ၏ ဘ၀များ သာယာဝပြောရေး အတွက် အဖြေဖြစ် မဖြစ် လေ့လာဆန်းစစ်ကြည့်ဖို့ လိုပါသည်။
စိုက်ပျိုးစရိတ်ချေးငွေဆိုတာ
ကိုလိုနီခေတ်မတိုင်မီက မြန်မာ့လယ်ယာစီးပွားရေးသည် မိသားစုဝမ်းစာဖူလုံရေး၊ တနိုင်တပိုင် စိုက်ပျိုးထုတ်လုပ်ရေး အဆင့်သာ ရှိသည့်အတွက် လယ်ယာလုပ်ငန်းအတွက် အရင်းအနှီးမလုံလောက်မှုများ အနည်းငယ်သာ ကြုံဆုံခဲ့ကြရသည်။ သို့သော် စူးအက်တူးမြောင်း ဖွင့်လှစ်လိုက်သည့်နောက်ပိုင်း ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ဆန်စပါး ဈေးနှုန်းများ ကောင်းမွန်လာသည့်အတွက် တနိုင်တပိုင် ထုတ်လုပ်ရေး၊ ၀မ်းစာဖူလုံရေး စနစ်မှသည် ဆန်စပါးများကို နိုင်ငံခြားသို့ တင်ပို့နိုင်ရေး စနစ်သို့ ပြောင်းလဲလာခဲ့ပါသည်။ လယ်ယာလုပ်ငန်းများကို တို့ချဲ့လုပ်ကိုင်လာသည့်နှင့်အမျှ လယ်ယာမြေအတွက် ရင်းနှီးမြုပ်နှံရန် အရင်းအနှီး လိုအပ်လာပါသည်။ ထိုလိုအပ်သော အရင်းအနှီးများကို အင်္ဂလိပ်အစိုးရထံမှလည်းကောင်း၊ အိန္ဒိယနိုင်ငံမှ ၀င်ရောက်လာသည့် ငွေတိုးချေးလုပ်ငန်းကို လုပ်ကိုင်ကြသည့် ချစ်တီးများ ထံမှလည်းကောင်း ချေးယူခဲ့ကြပါသည်။
အင်္ဂလိပ်ကိုလိုနီ အစိုးရသည် ၄င်းတို့အကျိုးစီးပွားအတွက် လယ်ယာမြေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဥပဒေများထုတ်ပြန်ပေးခဲ့သည်။ ၄င်းဥပဒေများအနက် ၁၈၈၃ ခုနှစ် တွင် လယ်ယာမြေကောင်းမွန်ရေး အက်ဥပဒေ၊ ၁၈၈၄ ခုနှစ်တို့တွင် စိုက်ပျိုးလယ်ယာ ငွေချေးအက်ဥပဒေတို့ကို ပြဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ လယ်ယာမြေ ကောင်းမွန်ရေး အက်ဥပဒေသည် လက်တွေ့တွင် အသုံးချနိုင်ခြင်း မရှိခဲ့သော်လည်း စိုက်ပျိုးစရိတ် ချေးငွေ အက်ဥပဒေသည် အခြားနေရာမှ ငွေချေးလို့ မရသည့် လယ်သမားများအတွက် အထောက်အပံ့ ဖြစ်စေခဲ့ပါသည်။ အစိုးရယူသော အတိုးနှုန်းမှာ အခြားနေရာများထက် နည်းသော်လည်း သက်ဆိုင်ရာ ကျေးရွာသူကြီး၏ အာမခံချက် ပါမှသာ ထုတ်ချေးပေးသဖြင့် သက်ဆိုင်ရာ သူကြီးတို့အား ကော်မရှင်ခ အာမခံကြေးအနည်းငယ်၊ စာရေးစာချီတို့အား ရာခိုင်နှုန်းအနည်းငယ် နှင့် ချေးငွေထုတ်ပေးသော အရာရှိများမှ ချေးငွေ၏ ၅ % မှ ၂၅%-၃၀% အထိ တောင်သူလယ်သမားများမှ ပေးချေကြရသည်။ ၁၉၁၉ မှ ၁၉၂၉ အထိ အင်္ဂလိပ်အစိုးရမှ ပေါင် ၁၂၀၀၀၀ ခန့်အား နှစ်စဉ် ထုတ်ချေးပေးခဲ့သော်လည်း လယ်သမားများ ကြုံတွေ့နေရသည့် ပြဿနာ အခက်အခဲများကို ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါ။
ထိုချေးငွေနှင့် ပါတ်သတ်ပြီး ပြဿနာ အခက်အခဲများ ပေါ်ပေါက်လာသည့်အခါ မူဝါဒချမှတ်သူများမှ ခေတ်ကာလ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အညီ လယ်သမားမိသားစုအတွင်း ခေတ်သစ်ကုန်ပစ္စည်းများ ၀ယ်ယူသုံးစွဲလာကြသည့်အတွက် လယ်သမားများသည် မဆင်မခြင် သုံးဖြုန်းကြီးသူများ၊ အမြော်အမြင် မရှိသူများ၊ စည်းစိမ်ခံလိုကြသူများဟု အထောက်အထားမရှိပဲ စွပ်စွဲ ပြစ်တင်ခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။ ( ယနေ့ခေတ်တွင်လည်း ထိုကဲ့သို့ စွပ်စွဲ ပြစ်တင်ခြင်းများ ပြုလုပ်နေကြသည်ကို တွေ့ရှိခံစားနေကြရသည်။) သို့သော် စနစ်တကျ လေ့လာဆန်းစစ်မှုများ ပြုလုပ်သည့်အခါတွင် အများစု စွပ်စွဲပြစ်တင်ကြသည့် အတိုင်းမဟုတ်ကြောင်း တွေ့ရှိခဲ့ကြရသည်။ ငွေကြေးများကို ချွေတာစုဆောင်းတတ်သည့် အလေ့အထသည် မြန်မာ့ လူမှုအဖွဲ့အစည်းတွင် သိပ်မစိမ်းလှသည့် အလေ့အထတခုဖြစ်ပြီး လယ်သမားများသည် လယ်ကူလီ ဘ၀မှ ခြိုးခြံချွေတာပြီး စုဆောင်းရငွေများဖြင့် လယ်ယာ၊ ကျွဲနွားများ ၀ယ်ယူပြီး မြေရိုင်း ဧကပေါင်းများစွာကို လုပ်ကိုင်ခဲ့သည့် အထောက်အထားများ တွေ့ရှိခဲ့ကြရသည်။ ထို့သို့ ကြွေးမှီထူပြောလာခြင်းမှာ အရင်းရှင်များမှ လယ်ယာ စီးပွားရေးတခုလုံးကို ချုပ်ကိုင်ထားသည့် စနစ်ကြောင့်ပင် ဖြစ်ကြောင်း အထောက်အထားများဖြင့် တွေ့ရှိခဲ့ရသည်။ လယ်ယာကုန်ထုတ်လုပ်ငန်းတခုလုံးကို ဓနရှင် စီးပွားရေးလုပ်ငန်းရှင်များမှ မောင်ပိုင်စီးထားပြီး လယ်သမားများမှာ အလုပ်လုပ်လေ၊ အကြွေးထူလေဖြစ်လာကာ ဆင်းရဲတွင်းထဲမှာ မတတ်နိုင် ဖြစ်နေခဲ့ကြရသည်။ (ယနေ့အခါတွင်လည်း လယ်ယာကုန်ထုတ်လုပ်ငန်းတခုလုံးကို ခရိုနီအရင်းရှင်စနစ်မှ ထိန်းချုပ်မောင်းနှင်လည်ပတ်လျက်ရှိနေကြောင်း၊ ထိုသူများသည် လယ်ယာမြေမှ လယ်သမားလုပ်အင်အားစုကို မောင်းထုတ်ပြီး ကန်ထရိုက်လယ်ယာစနစ်ကို တည်ထောင်ရန် ကြိုးစားလျက်ရှိကြောင်းကို ပညာရှင်အချို့မှ ဝေဖန်ထောက်ပြလျက်ရှိနေပါသည်။)
ပါလီမန် ဒီမိုကရေစီခေတ်(၁၉၄၈-၆၂)တွင်လည်း လယ်သမားများဖွံ့ဖြိုးတိုးတက်ရေး၊ လယ်သမားများ၏ ဘ၀သာယာဝပြောရေးအတွက် လုပ်ဆောင်ခဲ့မှုများ ရှိခဲ့ပါသည်။ အထူးသဖြင့် မြေပိုင်ရှင်စနစ်ကို ဖျက်သိမ်းပြီး လယ်ယာမြေနိုင်ငံတော်ပိုင် ပြုလုပ်ရေး လုပ်ငန်းများအတွက် ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပါလီမန်မှ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေသည် မြေရှင်ကြီးစနစ်ကို ပယ်ဖျက်ရုံသာမက ခေတ်မှီစိုက်ပျိုးခြင်းစနစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးများ လုပ်ဆောင်ပြီး တောင်သူလယ်သမားများ၏ လူနေမှု အဆင့်အတန်းများ တိုးတက်မြှင့်မားလာအောင် ပြုလုပ်ရန် အထူးရည်ရွယ်ခဲ့ပါသည်။ ၁၉၅၂ မှ ၁၉၆၀ အတွင်း အစိုးရအနေဖြင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍသို့ ပျမ်းမျှအားဖြင့် စုစုပေါင်းအသုံးစရိတ်၏ ၉ ရာခိုင်နှုန်းထည့်ဝင်ခဲ့သည်။ ၄င်းပမာဏသည် အရှေ့တောင်အာရှရှိ အခြားနိုင်ငံများ၏ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ အသုံးပြုမှုများနှင့် နှိုင်းယှဉ်ပါက နည်းလွန်းလှပါသည်။ အစိုးရသည် ၁၉၅၂ ခုနှစ် စတင်ပြီး လယ်ယာကဏ္ဍအတွက် ဖွံ့ဖြိုးတိုးတက်ရေး ငါးနှစ်စီမံကိန်းကို ရေးဆွဲကာ ၁၉၅၃ ခုနှစ်မှ စတင်ပြီး လယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရေးနှင့် လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် တည်ထောင်ရေးကို စတင်ဆောင်ရွက်ခဲ့ပါသည်။
တော်လှန်ရေး ကောင်စီလက်ထက်(၁၉၆၂-၇၄) တွင်လည်း တောင်သူလယ်သမားများနှင့် လယ်ယာစီးပွားရေး လုပ်ငန်းများ မြှင့်တင်ရေးအတွက် မူဝါဒများ၊ စီမံကိန်းများနှင့် လိုအပ်သော ဥပဒေများ ကို ချမှတ်ဆောင်ရွက်ခဲ့ကြပါသည်။ ထိုဥပဒေများထဲတွင် ၁၉၆၃ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ပြဌာန်းခဲ့သည့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေး ဥပဒေသည် လယ်သမားများ၏ လယ်ယာပစ္စည်းဆိုင်ရာ ပိုင်ဆိုင်ခွင့်နှင့် လယ်ယာလုပ်ကိုင်ခွင့်ကို အကာအကွယ်ပေးထားသည့် ဥပဒေတခုဖြစ်သည်။ တော်လှန်ရေး ကောင်စီအစိုးရသည် စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ပေးခဲ့ပြီး ၁၉၆၂-၆၃ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၄၈ သန်းမှ ၁၉၇၃-၇၄ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၆၇ သန်းအထိ တိုးမြှင့်ချေးပေးခဲ့သည်။ ထိုအချိန်က အစိုးရသည် လယ်တစ်ဧကလျှင် ၁၂ ကျပ်မှ ၁၅ ကျပ်အထိ တိုးမြှင့်ပေးခဲ့ပြီး အတိုးနှုန်းကိုလည်း ၁၂ ရာနှုန်းမှ ၉ ရာနှုန်းသို့ လျော့ချပေးခဲ့ပါသည်။ သို့သော် လယ်သမားများအတွက် လုံလောက်သော စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးနိုင်ခြင်း မရှိခဲ့ပါ။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်(၁၉၇၄-၈၈) တွင် လယ်ယာမြေ စီးပွားရေး တခုလုံးကို နိုင်ငံတော်မှ ထိန်းချုပ်ခဲ့ပြီး ဆန်စပါးတန်ဖိုးကို နိုင်ငံတကာပေါက်ဈေးထက် ဈေးနှိမ်ဝယ်ယူခဲ့ခြင်း၊ ဆန်စပါးတင်ပို့ရောင်းချမှုမှ ရရှိခဲ့သည့် အမြတ်ငွေများကို အခြား လိုအပ်သည့် ကုန်ပစ္စည်းများ ၀ယ်ယူရန်အတွက် အသုံးပြုခဲ့ခြင်း စသည့် စိုက်ပျိုးရေးကဏ္ဍအပေါ် အမြတ်ထုတ်ယူခြင်း မူဝါဒကို ကျင့်သုံးခဲ့သည်။ ထိုခေတ်အခါက စိုက်ပျိုးရေး ကဏ္ဍအတွက် လိုအပ်သည့် သွင်းအားစုများ ၀ယ်ယူရန် အမတော်ကြေးငွေ ( စိုက်ပျိုးစရိတ်ချေးငွေ) ကို ထုတ်ချေးပေးခဲ့သော်လည်း စိုက်ပျိုးရေးအတွက် လိုအပ်သည့် ဓာတုဓါတ်မြေသြဇာဈေးနှုန်းကြီးမားခြင်း၊ ဆန်စပါးကို ဈေးနှုန်းများသည် နိုင်ငံတကာပေါက်ဈေးထက် နိမ့်ကျနေခြင်း စသည့်တို့ကြောင့် အစိုးရထံမှ ထုတ်ယူထားသော ချေးငွေများကို ပြန်လည်ပေးဆပ်ရန် အခက်အခဲများ ကြုံတွေ့ခဲ့ရပါသည်။
အသစ်ပြန်လည် ဦးမော့လာသည့် စိုက်ပျိုးစရိတ်ချေးငွေ
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (၁၉၈၉-၉၄) လက်ထက်တွင် တောင်သူလယ်သမားများတွက် မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဘဏ်ဥပဒေ ကို နိုင်ငံတော်အတွင်း စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမှုကို ဘဏ်လုပ်ငန်းဆောင်ရွက်မှုများဖြင့် ထိရောက်စွာ အထောက်အကူပြုရန် အဓိက ရည်ရွယ်ပြီး စတင်ပြဌာန်းခဲ့ပါသည်။ ထိုရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဘဏ် ဥပဒေပုဒ်မ – ၃၈၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနသည် အစိုးရ၏ သဘောတူညီချက်ဖြင့် မြန်မာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဘဏ်နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်မှ မြန်မာ့စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးဘဏ်ဟု အမည်ပြောင်းလဲကာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းခဲ့ပါသည်။ ထိုနည်းဥပဒေအရ လယ်သမားများ လိုအပ်သည့် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးခဲ့ပါသည်။
မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်သည် ရာသီအလိုက်ချေးငွေများ၊ သတ်မှတ်ကာလအလိုက် ချေးငွေများ၊ ဒေသအလိုက် ချေးငွေများကို ထုတ်ချေးခဲ့ပါသည်။ ရာသီအလိုက်ချေးငွေကို အဓိကသီးနှံ ရှစ်မျိုးအတွက်သာ ထုတ်ချေးခဲ့ပါသည်။ ထိုအချိန်က စပါးစိုက်တောင်သူများအတွက် တစ်ဧကချေးငွေမှာ ၁၉၉၅-၉၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၄၀၀ မှ ကျပ် ၁၀၀၀ အထိ တိုးတက်လာခဲ့သော်လည်း အမှန်တကယ် စိုက်ပျိုးစရိတ်၏ ၁၀ ရာခိုင်နှုန်းပင် ပြည့်မီခြင်း မရှိခဲ့ပါ။ ထို့ကြောင့် ငွေအရင်းအနှီးနည်းပါးသော လယ်သမားများသည် ပြင်ပငွေရှင်များထံမှ အတိုးနှုန်း မြင့်မားစွာနှင့် ချေးယူခဲ့ကြရပါသည်။
ထို့အပြင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဖြစ်ပြီးနောက်ပိုင်း ကျေးလက်ဒေသများတွင် လယ်ယာလုပ်ငန်းအတွက် လိုအပ်သည့် ဓါတ်မြေသြဇာများ၊ မျိုးစပါးများ၊ ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများအတွက် ကုန်ဈေနှုန်းသည် ဈေးအလွန်ကြီးမားလာသည့်အတွက် လယ်ယာကုန်ထုတ်လုပ်ရေး လုပ်ငန်းအတွက် လိုအပ်သည့် သွင်းအားစုများ တိုးတက်မြင့်မားစေရန်ရည်ရွယ်ပြီး ဆန်စပါး အထူးပြု ကုမ္ပဏီများကို တည်ထောင်ခြင်းကို အစိုးရမှ ခွင့်ပြုပေးခဲ့ပါသည်။ ထိုလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသူများအနေဖြင့် ဆန်စပါး ထုတ်ကုန်လိုင်စင်အတွက် အလွယ်တကူ လက်ခံရရှိမည်ဖြစ်ပါသည်။ ၄င်းတို့သည် လယ်သမားများ လိုအပ်လျက်ရှိသည့် စိုက်ပျိုးစရိတ်ချေးငွေများကို အစိုးရကိုယ်စား ထုတ်ချေးပေးခဲ့ပါသည်။
ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ( ၂၀၁၁-၁၅) တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ် ချေးငွေကို ပေးချေရန်အတွက် အိမ်နီးချင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံထံမှ အကူအညီ ရယူခဲ့ပါသည်။ တရုတ်အစိုးရထံမှ ဒေါ်လာသန်း ၁၀၀ ကို သမ၀ါယမ ၀န်ကြီးဌာနမှ တနှစ်လျှင် ၈ကျပ် အတိုးဖြင့် ချေးယူခဲ့ရပါသည်။ ထိုသို့ ချေးယူရန်အတွက် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ချေးယူခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ စာချုပ်ပါ စည်းကမ်းအရ နွေ၊မိုး၊ဆောင်း စိုက်ပျိုးသီးနှံများအနက် သီးနှံပေါ်မည့် ကာလနှင့် ချင့်ချိန်ပြီး ခြောက်လတကြိမ် ပြန်လည်ပေးဆပ်နိုင်သည့် စနစ်ကို အနီးစပ်ဆုံး ခန့်မှန်းကာ ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်းကို ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ အောင်သူမှ ၂၀၁၆ ဇွန်လ ၁ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ထိုငွေကြေးဖြင့် ဆင်းရဲမွဲတေမှု လျော့ချရေး မူဝါဒကို အထောက်အကူပြုစေရန် ရည်သန်ပြီး တောင်သူလယ်သမားများကို လယ်တဧကလျှင် ကျပ်ငွေ တစ်သိန်းနှုန်းဖြင့် ချေးငှားခဲ့ပါသည်။ ထိုသို့ ချေးငှားရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကြေးတိုင်နှင့် မြေစာရင်းဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးဘဏ်တို့ ပူးပေါင်းဆောင်ခဲ့ပါသည်။ သို့သော် ထိုငွေကြေးနှင့် ပါတ်သတ်ပြီး စီမံခန့်ခွဲမှု အားလုံးမှာ သမ၀ါယမ ၀န်ကြီးဌာနလက်အောက်ရှိ အသင်းအဖွဲ့မှ တာဝန်ရှိသူများမှ ဖြစ်သည်။
ချေးငွေအလျော်အစား
ထိုအချိန်က ဒေါ်လာ သန်း ၁၀၀ နှင့် ညီမျှသည့် သဘောတူညီချက်များကို မြန်မာအစိုးရမှ လက်ခံခဲ့ရသည်ဟုလည်း အချို့က ယူဆခဲ့ကြသည်။ အထူးသဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော အရည်အသွေးညံ့ဖျင်းပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများသည့် ဓါတ်မြေသြဇာများ၊ ပိုးသတ်ဆေးများ ကို အလွန်အမင်း တင်သွင်းခွင့် ပြုခဲ့ရခြင်း ဖြစ်ပါသည်။ ထိုတင်သွင်းမှုကို အာဏာရှိသူများနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ စီးပွားရေးလုပ်ငန်းရှင်များမှ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အရည်အသွေးညံ့ ပစ္စည်းများကို ဈေးနှုန်းကြီးမြင့်စွာဖြင့် ဖြန့်ဖြူးရောင်းချ ခဲ့ကြပါသည်။ လယ်သမားများသည် ချေးငွေမှ ရရှိလာသော ငွေကြေးများကို ထိုအရည်အသွေးညံ့သွင်းအားစုများ ၀ယ်ယူရန် အသုံးပြုကြရသည့်အတွက် တောင်သူလယ်သမားဖြင့်အနေဖြင့် များစွာ ထိခိုက်နစ်နာခဲ့ရပါသည်။
ထိုအရည်အသွေးညံ့ စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုများကို အသုံးပြုခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်မှာ လယ်ယာပတ်ဝန်းကျင်ရှိ ဂေဟစနစ်များ ပျက်စီးလာပြီး အကျိုးပြု ပိုးမွှားများ၊ အကျိုးပြု ရေနေသတ္တ၀ါများ မျိုးပြုန်းသွားခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ကြွှက်များကို အဓိက နှိမ်နှင်းသည့် ရေမြွေနှင့် အခြား မြွေမျိုးစိတ်များသည့် ဖျက်အားပြင်း ပိုးသတ်ဆေးများကြောင့် လယ်ယာပတ်ဝန်းကျင်ရှိ ရေအရင်းအမြစ်များ ညစ်ညမ်းကာ သေဆုံးသွားကြပြီး လယ်ယာမြေများတွင် မြေကြွက်များ၏ အန္တရာယ်ပေးမှု ၊ဖျက်ဆီးမှုများ ကြုံဆုံလာရပြန်သည်။ ယခုအခါတွင် စပါးအပင်ပေါက်ကာလနှင့် ရိတ်သိမ်းချိန်ကာလများတွင် တောင်သူလယ်သမားများအနေဖြင့် ကြွက်အန္တရာယ်ကို အလွန်ပင် စိုးရိမ်ကြောင့်ကြနေကြရပါသည်။ကြွက်အန္တရာယ်မှ လွတ်မြောက်လာသည့် စပါးပင်များသည်လည်း ပျက်စီးနေသည့် ဂေဟစနစ်တွင် အောင်မြင်ဖြစ်ထွန်းရန်အတွက် အခွင့်အလမ်း အလွန်ပင် နည်းပါးလှပါသည်။ စိုက်ပျိုးရေး အသိအားနည်းသည့်အတွက် ဓါတုဓါတ်မြေသြဇာများ မမှန်မကန်၊ အလွန်အကျွံသုံးစွဲခြင်းကြောင့် စိုက်ပျိုးမြေများ၏ အောက်ခံမြေဆီလွှာ ပျက်စီးလာခြင်း၊ ဖျက်အားပြင်း ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများကြောင့် စိုက်ပျိုးမြေ ၀န်းကျင်ရှိ အကျိုးပြု ပိုးမွှားများ ပျောက်ကွယ်သွားရခြင်းတို့ကြောင့် စပါးပင်များ နို့ရည်ခဲကာလတွင် ကျရောက်တတ်သည့် ဖျက်ပိုးများအား တားဆီးရန် မည်သို့မျှ မတတ်နိုင်ပဲ ပျက်ဆီးဆုံးရှုံးခဲ့ကြရပါသည်။
ထိုအခြေအနေကို သေချာ မသိရှိကြသော လယ်သမားများသည် တရုတ်နိုင်ငံမှာ အများဆုံး တင်သွင်းလာသည့် ပိုးသတ်ဆေးများကို အလွန်အကျွံထပ်မံ သုံးစွဲလာကြသဖြင့် စိုက်ပျိုးမြေများရှိ ဂေဟစနစ်သည် ပိုမိုပျက်စီးသထက် ပျက်စီးလာရသည်။ သဘာဝဖျက်ပိုးကြောင့် သီးနှံများ ဆုံးရှုံးခဲ့ရသော လယ်သမားများသည် အစိုးရဆီမှ ချေးယူထားသော စိုက်စရိတ်ချေးငွေများအား အချိန်မှီ ပြန်လည်ပေးဆပ်ရန်အတွက် ကျေးလက်ဒေသရှိ ငွေရှင်၊ ကြေးရှင်များထံ အလွန်များပြားသော အတိုးနှုန်းဖြင့် ထပ်မံ ချေးငှားကြရပြန်သည်။ နိုင်ငံတော် အစိုးရမှ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် တောင်သူလယ်သမားများကို ကူညီထောက်ပံ့ပေးမှုများပေးသော်လည်း ထိုသူများအတွက် လုံလောက်မှု မရှိပေ။ ထို့ကြောင့် နိုင်ငံတော် အစိုးရ၏ တောင်သူလယ်သမားအတွက် ရည်ရွယ်သော စိုက်ပျိုးစရိတ် ချေးငွေများ ပံ့ပိုးကူညီခြင်း ဗျူဟာသည် ပေးကား ပေး၏ မရ ဟူသည့် မူဝါဒအဖြစ်သာ တည်ရှိနေပါသည်။
ချေးငွေလုပ်ငန်းစဉ်၏ အားနည်းချက်အချို့
ချေးငွေ မူဝါဒတွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (စိုက်ဘဏ်) သည် အကြွေးဆုံးများအတွက် အဓိက တာဝန်ခံရသူဖြစ်ပါသည်။ သို့သော် ချေးငွေ ထုတ်ချေးမှုနှင့် ပါတ်သတ်ပြီး ဆုံးဖြတ်ချက် ချမှတ်သည့် ဖြစ်စဉ်တွင် စိုက်ဘဏ်ဝန်ထမ်းများ၏ ပါဝင်မှု အခန်းကဏ္ဍသည် မှေးမိန်လျက် ရှိနေပါသည်။ ထို့အပြင် စိုက်ပျိုးစရိတ်ချေးငွေများအတွက် ငွေချေးလိုသူ လယ်သမားများမှ လျှောက်လွှာတင်ပြရာတွင် လယ်သမားများသည် အဆိုပြုလွှာ စိစစ်ရေးများတွင် ပါဝင်ဆောင်ရွက်ခွင့် မရှိပဲ ကျေးရွာအတွင်းရှိ စိစစ်ရေး ကော်မတီလူကြီးများကသာ လုပ်ပိုင်ခွင့် ရှိနေခဲ့ပါသည်။ ထိုကော်မတီများတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ မြေတိုင်းစာရေးနှင့် တာဝန်ကျ စာရေးများ၊ အုပ်ချုပ်ရေးမှူးနှင့် နီးစပ်ရာ လူကြီးများသာ ပါဝင်ခွင့် ရရှိခဲ့ကြပြီး အငြင်းပွားမှုများ၊ အကျင့်ပျက် ချစားမှုများလည်း ရှိခဲ့ပါသည်။
ထိုကဲ့သို့ စိုက်ပျိုးစရိတ်ချေးငွေ လုပ်ငန်းစဉ်ရှိ ချစားမှုများသည် ယခု အစိုးရသစ်လက်ထက်တိုင်အောင် ဖြစ်ပွားနေဆဲပင် ဖြစ်သည်။ ချေးငွေသည် လယ်ဧက ၁၀ အောက်ရှိ တောင်သူလယ်သမားများကိုသာ အကျုံးဝင်သည့်အတွက် ၁၀ ဧက အထက်ရှိ လယ်သမားများမှလည်း တရားမ၀င်နည်းလမ်းများဖြင့် ချေးယူနေကြောင်းကိုလည်း အုတ်တွင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုမှ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် ဆွေးနွေးခဲ့တာကိုလည်း ကြားသိခဲ့ရပါသည်။ စိုက်စရိတ်ချေးရန်အတွက် ပုံစံ (၇) ရှိရန်လိုအပ်ပြီး ပုံစံ (၇) မရှိသည့် လယ်သမားအနေဖြင့် အခက်အခဲများ ကြုံနေရကြောင်းကိုလည်း တန့်ဆည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက မေလ (၂၃) ရက် ထောက်ပြပြောဆိုခဲ့ပါသည်။
ထို့အပြင် ယခု စိုက်ပျိုးနှစ်အတွက် ထုတ်ချေးမည့် ကျပ်ငွေ ဘီလီယံ ၅၀၀ ကို နိုင်ငံတော် ဗဟိုဘဏ်မှ ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေခြင်း နည်းလမ်းဖြင့် ဖြည့်ဆည်းရမည် ဖြစ်သည့်အတွက် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကို ဗဟိုဘဏ် ဒုဥက္ကဌ ဒေါ်ခင်စောဦးက ပြည်ထောင်စု လွှတ်တော်တွင် မေလ ၂၃ ရက်နေ့က ပြောကြားခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ဒေါ်လာတန်ဖိုးများ ၂ ရက်အတွင်း မေလ ၂၃ ရက်က ၁ ဒေါ်လာ ၁၁၇၇ ကျပ်မှ ၂၄ ရက်နေ့တွင် တစ်ဒေါ်လာ ၁၂၀၂ ကျပ်တို့ ပြန်လည်မြှင့်တက်လာခဲ့ပါသည်။ ထို့ကဲ့သို့ ငွေကြေးလဲလှယ်နှုန်း လျင်မြန်စွာ အတက်အကျ ဖြစ်ခြင်းသည် အခြားစီးပွားရေး လုပ်ငန်းများအပေါ် ကြီးမားသည့် ထိခိုက်နစ်နာမှုများကိုလည်း ဖြစ်ပေါ်စေပါသည်။
ယခင်က အစိုးရ၏ လယ်ယာစိုက်ပျိုးရေးအတွက် အခြားထောက်ပံ့မှုများ (ဓာတုဓါတ်မြေသြဇာနှင့် ဒီဇယ် ထောက်ပံ့မှုများ)
လယ်ယာမြေ ကဏ္ဍတွင် ရင်းနှီးမြုပ်နှံရန်အတွက် ဆန်စပါးဈေးကွက် အားကောင်းလာသည်နှင့် အတူ လယ်ယာမြေများတွင် ဓါတ်မြေသြဇာအသုံးပြုပြုမှုများသည် လွန်ခဲ့သည့် ဆယ်စုနှစ် လေးခုအတွင်း သိသာထင်ရှားစွာ တိုးတက်များပြားလာခဲ့ပါသည်။ ၁၉၉၃/၉၄ ကာလအဆုံး လွန်ခဲ့သည့် ၂၇ နှစ်အတွင်း ဓါတ်မြေသြဇာဈေးနှုန်းများလည်း တိုးတက်များပြားလာခဲ့ပါသည်။ ၁၉၆၆ ခုနှစ်တုန်းက တဧကလျှင် ၁ ကီလိုဂရမ် ( နိုက်ထရိုဂျင်၊ဖော့စဖရိတ်နှင့်ပိုတက်စီယမ်ပါ ဓါတ်မြေသြဇာ) အသုံးပြုခဲ့ပြီး ၁၉၉၃/၉၄ ခုနှစ်ရောက်သည့်အခါ တစ်ဧကလျှင် ၅၇ ကီလိုဂရမ်အထိ အသုံးပြုလာကြပါသည်။ ၁၉၉၈ ခုနှစ်တွင် နိုင်ငံတော် အစိုးရမှ မြန်မာ့စီးပွားရေး လီမီတက်မှ ထုတ်လုပ်သည့် ဓါတ်မြေသြဇာမှ အပ အခြား ဓါတ်မြေသြဇာအသုံးပြုမှုများသုံးစွဲခြင်း၊ တင်သွင်းခြင်းကို ကန့်သတ်ခဲ့ဖူးပါသည်။ သို့သော် သဘာဝဓါတ်ငွေ့မှ ရရှိသည့် ယူရီယာ ထုတ်လုပ်နိုင်မှုသည် အကန့်အသတ်သာရှိသည့်အတွက် ပြင်ပမှု ဓါတ်မြေသြဇာတင်သွင်းခြင်းကိုများကို ပြန်လည်ခွင့်ပြုပေးခဲ့ရပါသည်။ သို့သော် ပြင်ပမှ တင်သွင်းလာသည့် ဓါတ်မြေသြဇာ ဈေးနှုန်းများ မြှင့်တက်လာသည့်အတွက် အခက်အခဲများ ကြုံဆုံခဲ့ရပါသည်။ ယခုအခါတွင် လယ်သမားများသည် မိုးစပါးအတွက် ၃ ပုံ ၂ ပုံမှ ဓါတ်မြေသြဇာများကို အသုံးပြုနေကြပြီး နွေစပါးအတွက်မှု ၉၀% မှ အသုံးပြုနေကြပြီ ဖြစ်ပါသည်။ ( LIFT 2012)

စိုက်ပျိုးရေး ကဏ္ဍအတွက် လိုအပ်သော ဓါတ်မြေသြဇာများအတွက် အစိုးရအနေဖြင့် ပြည်ပမှ မှာယူတင်သွင်းခြင်း၊ ပြည်တွင်းတွင် ထုတ်လုပ်ခြင်း စသည့်နည်းလမ်းများဖြင့် ဖြည့်ဆည်းပေးခဲ့ပါသည်။ သို့သော်လည်း ဓါတ်မြေသြဇာထုတ်လုပ်မှုအတွက် လိုအပ်သော ကုန်ကြမ်းမလုံလောက်ခြင်း၊ ထုတ်လုပ်သည့် စက်ရုံများ နည်းပါးခြင်းကြောင့် ပြည်တွင်းထုတ်လုပ်မှုများသည် တဖြည်းဖြည်းခြင်း ကျဆင်းလာခဲ့ပါသည်။ ထို့ကြောင့် ပြည်ပသွင်းကုန်များပေါ်တွင်သာ ပိုမိုမှီခိုလာခဲ့ကြရပါသည်။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ဓါတ်မြေသြဇာလိုအပ်ချက် မြင့်မားလာခြင်း၊ နိုင်ငံတကာဈေးကွက်တွင် ဓါတ်မြေသြဇာဈေးနှုန်းများ မြှင့်မားလာခြင်းသည် ဓါတ်မြေသြဇာဈေးနှုန်းများကို ပိုမိုမြင့်မာလာပြီး တောင်သူလယ်သမားများအတွက် ဓါတ်မြေသြဇာများ လုံလောက်စွာ ၀ယ်ယူအသုံးပြုရန်အတွက် အခက်အခဲရှိလာပါသည်။ ပြည်တွင်းရှိ ဓါတ်မြေသြဇာစက်ရုံ (၄) ရုံရှိပြီး တလုံးမှ တည်ဆောက်ဆဲဖြစ်ကာ တနေ့လျှင် ပျှမ်းမျှတန်ချိန် ၁၇၀၀ ၀န်းကျင်ခန့် ထုတ်ပေးနိုင်သော်လည်း စိုက်ပျိုးရေး လုပ်ငန်းလိုအပ်ချက်အတွက် လုံလောက်အောင် ထောက်ပံ့ပေးနိုင်ခြင်း မရှိခဲ့ပါ။

ဒီဇယ်ဆီဈေးနှုန်း ပြောင်းလဲခြင်းများသည်လည်း မြန်မာ့စီးပွားရေး လုပ်ငန်းတွင် လွမ်းမိုးလျက်ရှိပါသည်။ လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်းများတွင် အသုံးပြုနေသည့် ဒီဇယ်ဆီများကို နိုင်ငံခြားမှ မှာယူတင်သွင်းရပြီး ဒီဇယ်ဆီ ဈေးနှုန်းများသည်လည်း တိုးတက်မြှင့်မားလာလျက်ရှိနေပါသည်။ အစိုးရသည် လယ်သမားများလိုအပ်လျက်ရှိနေသော ဒီဇယ်ဆီများကို ၀ယ်ယူပြီး နိုင်ငံတကာပေါက်ဈေးထက် ဈေးလျော့ရောင်းပေးခဲ့သော်လည်း ရောင်းချပေးသည့် ပမာဏမှာ လယ်သမားများ လိုအပ်သလောက် ရောင်းချပေးနိုင်ခြင်း မရှိခဲ့ပါ။ သို့သော် ထိုကဲ့သို့ ထောက်ပံ့မှုမျိုးကို ယခုအခါတွင် ထောက်ပံ့ပေးခြင်း မရှိတော့ပါ။

လယ်ယာစိုက်ပျိုးရေးကို အောင်မြင်စွာ တည်ထောင်ခဲ့သည့် နိုင်ငံများ၏ အတွေ့အကြုံကို လေ့လာကြသည့်အခါတွင်လည်း စိုက်ပျိုးရေး ကဏ္ဍအတွက် အစိုးရအနေဖြင့် အဓိက သွင်းအားစုကြီး နှစ်ခုကို စီမံထည့်သွင်းခဲ့သည်။ ၄င်းတို့မှာ ရေသွင်းလုပ်ငန်း နှင့် ကျွမ်းကျင်မှု နည်းပညာနှင့် ပါတ်သတ်သည့် မျိုးကောင်းမျိုးသန့်၊ ပိုးသတ်ဆေးနှင့် ဓါတ်မြေသြဇာ အသုံးပြုရေး တို့ဖြစ်သည်။ ဥပမာ အားဖြင့် မက္ကဆီကို နိုင်ငံသည် ၁၉၄၅ မှ ၁၉၆၅ အတွင်း စိုက်ပျိုးရေး ထုတ်ကုန်လေးဆ ဖြစ်လာသည်မှာ အစိုးရအနေဖြင့် ရေသွင်းလုပ်ငန်းအတွက် အစိုးရနှစ်စဉ် စုစုပေါင်း အသုံးစရိတ်၏ ၇.၄ ရာခိုင်နှုန်းကို မြုပ်နှံခဲ့ခြင်း၊ အရည်အသွေးပြည့်ဝသည့် ဓါတ်မြေသြဇာများကို စနစ်တကျ အသုံးပြုတတ်အောင် သင်ကြားပေးခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ကြောင့် အစိုးရသစ်အနေဖြင့် လယ်သမားလိုအပ်နေသည့် အရည်အသွေးပြည့်ဝသည့် စိုက်ပျိုးရေး သွင်းအားစုများကို ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူ ရရှိနိုင်စေရန်အတွက် စီမံဆောင်ရွက်ပေးခြင်းကို အလေးပေး ဆောင်ရွက်သင့်ပါသည်။

အရင်းအနှီးကို ဘယ်လိုရှာ
တောင်သူလယ်သမားများထံမှ တိုင်းပြည်အတွက် လိုအပ်လျက်ရှိသော ရင်းနှီးစုဆောင်းမှုများ ရရှိနိုင်ရန်အတွက် မြေယာအခွန်များကိုလည်း တိုးမြင့်ကောက်ခံခြင်း လုပ်ငန်းကို အစိုးရသစ်အနေဖြင့် စတင် ဆောင်ရွက်ဖို့ လိုအပ်လာပြီ ဖြစ်ပါသည်။ ထို့သို့ မြေခွန်တော် ကောက်ခံခြင်းလုပ်ငန်းကို ရှေးမြန်မာမင်းက လက်ထက်ကပင် လုပ်ဆောင်ခဲ့ကြပါသည်။ အင်္ဂလိပ်အစိုးရ လက်ထက်တွင် မြေခွန်တော်နှင့် အမြတ်တော်ခွန်ဆိုပြီး ကောက်ခံခဲ့ရာ မြေခွန်တော်မှာ စုစုပေါင်း အခွန်ကောက်ခံရရှိမှု ၅၀ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ မြေခွန်တော်ကို မြေယာလုပ်ကိုင်သူများမှ အများဆုံး ပေးဆောင်ကြရသည်။ မြေခွန်တော် ကောက်ခံရာတွင် အဓိက အားဖြင့် လုပ်ငန်းကြီး (၃) ရပ်ရှိပြီး ပထမလုပ်ငန်းဖြစ်သည့် အခွန်တော်နှုန်းတား သတ်မှတ်ခြင်းကို ကြေးတိုင်စိုက်သည့် ဌာနက လုပ်ဆောင်ရသည်။ အခွန်နှုန်းတာ စီးကြပ်သတ်မှတ်ခြင်းကို မြေစာရင်းဌာနက ဆောင်ရွက်ရပြီး အခွန်တော် ကောက်ခံခြင်းကို ခရိုင်ဝန်နှင့် ၄င်း၏ လက်ထောက်များ၏ ကြီးကြပ်ကွက်ကဲမှုအောက်တွင် ကျေးရွာသူကြီးများက ပြုလုပ်ကြလေသည်။
ကြေးတိုင်ဌာနမှ ပြုစုထားသော မြေပုံများ၊ စာရင်းများကို ခရိုင်ရုံးရှိ မြေစာရင်းဌာနတွင် သိမ်းဆည်းထားပြီး ၄င်းစာရင်းများပေါ် အခြေခံကာ မြေခွန်တော် ကောက်ခံမှု စာရင်းကိုပြုလုပ်ရသည်။ အခွန်တော် စည်းကြပ်ချိန်တွင် မြေစာရင်းဌာနက ပြုစုထားသော အခွန်တော် စည်းကြပ်ရေးစာရင်းကို ခရိုင်ရုံးသို့ ပို့ပေးရပြီး အခွန်တော်လက်မှတ်များကို ခရိုင်ဝန် (အရေးပိုင်) ၏ လက်ထောက်ဖြစ်သော အခွန်ဝန်က ကြီးကြပ်ရေးသားရသည်။ ထို့နောက် အခွန်လက်မှတ်များကို အခွန်ကောက်ခံရန် သူကြီးထံ ပို့ပေးရလေသည်။ သက်ဆိုင်ရာ သူကြီးများမှ မြေခွန်ပေးဆောင်ရမည့် လယ်သမားများထံ နှိုးဆော်စာ ပေးပို့ပြီး အခွန်ကောက်ခံကာ မြို့ငွေတိုက်သို့ စာရင်းနှင့် တကွအပ်နှံရသည်။ တခါတရံ ရာသီဥတုအခြေအနေ၊ စိုက်ပျိုးရေး ထွက်ကုန်ရရှိမှု အခြေအနေပေါ် မြေခွန်တော် ကင်းလွတ်ခွင့်၊ မြေခွန်တော် လျှော့ပေါ့ရေး ကိစ္စများကို ထည့်သွင်းစဉ်းစားပေးခဲ့ကြပါသည်။
ကောက်ခံရရှိသော မြေယာခွန်များသည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအနှီးတခု ဖြစ်လာနိုင်ပါသည်။ အင်္ဂလိပ်အစိုးရ လက်ထက်က နှစ်စဉ်ရရှိသော မြေခွန်တော်သည် တိုင်းပြည်၏ ဘဏ္ဍာရေး စနစ်တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း လက်ရှိမြေခွန်စနစ်သည် လွန်ခဲ့သော အနှစ် ၆၀ ခန့်က ကြေးတိုင် ကောက်ယူခြင်းအပေါ် အခြေခံ ထားခဲ့ခြင်း ဖြစ်သည့်အတွက် လက်ရှိ ကုန်ထွက်နှုန်း၊ စိုက်ပျိုးမှု ပုံသဏ္ဍာန်နှင့် ဈေးနှုန်းတို့နှင့် လုံးဝမကိုက်ညီတော့ပေ။ လက်ရှိ အခြေအနေအရ မြေခွန်ကို ပြန်လည်ပြုပြင် သတ်မှတ်ရန် လိုအပ်ပါသည်။ အဆမတန်ကြီးမားသည့်နှုန်း မဟုတ်ပါက တောင်သူများအနေဖြင့် မြေခွန်ပေးဆောင်ရန် အခက်အခဲရှိမည်မဟုတ်သလို လုပ်ကွက်ကြီးသူများ ( ဥပမာ ဧက ၃၀ နှင့်အထက်) ထံမှ မြေခွန်ကို ပိုမိုကြီးမြင့်သည့် နှုန်းတားဖြင့် ကောက်ယူမည်ဆို ပါကလည်း မျှတမှု ပိုရှိပြီး မြေယာလက်ဝါးကြီးအုပ်မှု တနည်း ခေတ်သစ်မြေရှင်စနစ်ဖြစ်ပေါ်လာမှုကိုလည်း ကြိုတင် တားဆီးနိုင်မည်ဖြစ်သည်။
ရွှေဘိုခရိုင် ၀က်လက်မြို့နယ်အတွင်းရှိ တချို့ လယ်သမားများ၊ လယ်သမားအဖွဲ့အစည်းများနှင့် တွေ့ဆုံချိန်က ၄င်းတို့အနေဖြင့် အစိုးရသည် မြေယာခွန်များကို လယ်ယာကဏ္ဍအတွက် ပြန်လည်အသုံးပြုမည်ဆိုပါက လယ်တဧကလျှင် မြေယာခွန် ကျပ် ၂၀၀၀ မှ ၅၀၀၀ ကျပ်အတွင်း ပေးသွင်းရန် စိတ်ဝင်စားကြောင်း ပြောဆိုခဲ့ကြပါသည်။ ဆန်စပါးကို ဈေးကောင်းရအောင် အစိုးရအနေဖြင့် ထိန်းညှိပေးနိုင်မည်ဆိုပါက လယ်သမားများအတွက် မြေယာခွန်ပေးဆောင်ရန် အခက်အခဲ ရှိမည်မဟုတ်ပေ။ ထို့ကြောင့် အစိုးရအနေဖြင့် တောင်သူလယ်သမားများထံမှ မြေယာခွန် တိုးမြှင့် ကောက်ခံခြင်းကို မူဝါဒချမှတ်ကာ စတင်လုပ်ဆောင်သင့်ပါသည်။ ၂၀၁၄-၁၅ တွင် ထုတ်ပြန်ထားသည့် စာရင်းအင်းများအရ မြန်မာနိုင်ငံတွင် စုစုပေါင်း စိုက်ပျိုးသည့် မြေဧကမှာ ၄၅၀၆၂၀၀၀ ဧက ( ၄ သန်းခွဲ ) ခန့် ရှိသည့်အတွက် တဧကလျှင် ပျှမ်းမျှ ၅၀၀၀ ကျပ် မြေယာအခွန် ကောက်ယူမည်ဆိုပါက ကျပ်ငွေ ၂၂.၅၃ သန်းခန့် ( ၂၂,၅၃,၁၀၀,၀၀၀ ကျပ်) နိုင်ငံတော်အနေဖြင့် နှစ်စဉ် ရရှိမည်ဖြစ်ပါသည်။
မြေယာခွန်များမှ ရရှိလာသော တိုင်းပြည်ဝင်ငွေများကို လယ်ယာကဏ္ဍအတွက် လိုအပ်သည့် အရည်အသွေးပြည့်ဝပြီး ဂေဟစနစ်ကို ထိန်းညှိပေးနိုင်သည့် ဓါတ်မြေသြဇာများ/ပိုးသတ်ဆေးများ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ အတွက် ထောက်ပံ့ပေးခြင်း၊ တိုင်းပြည်မှ ထွက်ရှိသည့် ယူရီယာများကို တိုက်ရိုက်ရောင်းချခြင်း မလုပ်ပဲ ဓါတ်မြေသြဇာစက်ရုံများ တိုးချဲ့တည်ဆောက်ပြီး ပြန်လည်အသုံးချခြင်း၊ နိုင်ငံတော်ပိုင် စက်ရုံများမှ ထုတ်လုပ်ဖြန့်ဖြူးသည့် စိုက်ပျိုးရေးသုံး ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် တောင်သူလယ်သမားများ လက်လှမ်းမီစွာ ၀ယ်ယူနိုင်စေရန်အတွက် စနစ်တကျ စီမံခန့်ခွဲပေးခြင်းများ စသည့် လုပ်ငန်းများအတွက်လည်းကောင်း၊ တောင်သူလယ်သမားများ၏ စိုက်ပျိုးလယ်ယာများ သဘာဝဘေးအန္တရာယ်ရောက် ထိခိုက်ပျက်စီးပါက အချိန်မီပံ့ပိုးကူညီပေးနိုင်အတွက် အထူးရန်ပုံငွေအတွက် မတည်ငွေများ အဖြစ်လည်းကောင်း၊ ဆန်စပါးဈေးကွက် နိုင်ငံတကာတွင် ကျဆင်းပါက ထိခိုက်လာနိုင်သည့် ပြည်တွင်းဈေးကွက်ကို ထိန်းညှိရန်အတွက်လည်းကောင်း၊ ပြုလုပ်ပေးသင့်ပါသည်။ အထူးသဖြင့် မြို့နယ် သမ၀ါယမ ဦးစီးဌာနများနှင့် ချိတ်ဆက်ပြီး စိုက်ပျိုးရေးသုံး ပစ္စည်းများကို စနစ်တကျ ရောင်းချဖြန့်ဖြူးပေးသင့်ပါသည်။ ထို့အပြင် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အရင်းအနှီးအနေဖြင့် ပြည်ပပို့ ဆန်စပါးတင်ပို့မှုမှ ရရှိသည့် ၀င်ငွေများကို လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ပြန်လည်သုံးစွဲဖို့လိုပြီး အခြားသော ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သုံးစွဲခြင်းကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါသည်။

မူဝါဒအတွက် အဖြေရှာ
နိဂုံးအချုပ်အနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေနှင့် ပါတ်သတ်ပြီး မူဝါပိုင်းဆိုင်ရာ ဆုံးဖြတ်နေသူများအနေဖြင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် အဓိက ပါဝင်လုပ်ကိုင်နေသော လယ်သမားများ၏ ဘ၀အဆင်ပြေချောမွေ့စေရန်အတွက် အောက်ပါ အချက်အလက်များ ပြန်လည် ထည့်သွင်း စဉ်းစားဖို့လိုပါသည်။
(က) စိုက်ပျိုးစရိတ်ချေးငွေဗျူဟာသည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုလုပ်ငန်းစဉ်သာ ဖြစ်သင့်ပါသည်။ ချေးငွေများ ထုတ်ချေးရာတွင်လည်း ချေးငွေအတွက် အဆိုပြုလွှာကို စိစစ်ရေး ကော်မတီတွင် လယ်သမားကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရရှိအောင် စီစဉ်ပေးခြင်းဖြင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများ အားကောင်းလာစေရန် ဆောင်ရွက်သင့်ပါသည်။ ထို့အပြင် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးရာတွင် ကာလတို ချေးငွေအပြင် လယ်ယာလုပ်ငန်းများ ပြုပြင်မွမ်းမံရန်အတွက် နှစ်ရှည်ချေးငွေ ဗျူဟာကိုလည်း ထည့်သွင်းစဉ်းစားဖို့ အထူးလိုအပ်ပါသည်။
(ခ) စိုက်ပျိုးစရိတ်ချေးငွေအတွက် လိုအပ်သော ငွေကြေးများကို ဗဟိုဘဏ်မှ ငွေစက္ကူသစ်များ ထပ်မံရိုက်နှိပ်ထုတ်ဝေခြင်းသည် ငွေကြေးဖောင်းပွနှုန်းကို ဖြစ်စေပြီး စီးပွားရေး တည်ငြိမ်တိုးတက်မှုကို ထိခိုက်စေသည့်အတွက် နောင်နှစ်များတွင် အခြားနည်းလမ်းများကို ရှာဖွေဆောင်ရွက်သင့်ပါသည်။
(ဂ) လယ်သမားလိုအပ်သည့် သွင်းအားစုများထဲမှာ အရည်အသွေးပြည့်ဝပြီး ဂေဟစနစ်ကို ထိခိုက်မှုနည်းသည့် ဓါတ်မြေသြဇာများ၊ ပိုးသတ်ဆေးများကို ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူရရှိနိုင်စေရန်အတွက် အစိုးရမှ တာဝန်ယူဆောင်ရွက်ပေးခြင်း နှင့် အခြားနိုင်ငံမှ တင်သွင်းလာသည့် အရည်အသွေးညံ့ဖျင်းသည့် စိုက်ပျိုးရေးသုံး ပစ္စည်းများဖြန့်ဖြူး ရောင်းချနေခြင်း၊ အထိန်းအကွပ်မဲ့ ကြေငြာရောင်းချနေခြင်းများကို ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သင့်ပါသည်။
(ဃ)စိုက်ပျိုးရေး ကဏ္ဍအတွက် လိုအပ်သော ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန်အတွက် တောင်သူလယ်သမားများထံမှ ခေတ်နှင့် လျော်ညီကာ မျှတပြီး သင့်တော်မှုရှိသည့် မြေယာအခွန်ကောက်ခံခြင်း (သို့) သီးနှံအာမခံစနစ် တည်ထောင်ထားရှိခြင်းလုပ်ငန်းကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။

ကိုးကား။
၁။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှင့် လယ်ယာကဏ္ဍ၊ ဒေါက်တာဦးခင်မောင်ကြည်၊ ၁၉၇၄ ။
၂။ ကိုလိုနီလမ်းစဉ်နှင့် မြန်မာနိုင်ငံ၊ ဂျေအက်စ်ဖာနီဗလ် ၊ ၁၉၇၂ ။
၃။ ဗမာ့ စီးပွားရေး စစ်တမ်း၊ မောင်စူးစမ်း ၊ ၁၉၆၈ ၊ သြဂုတ်လ ။
၎။ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆန်းစစ်ချက်၊ မြတ်သိန်း ၊ ၂၀၁၄ ။
၅။ မြန်မာ့နိုင်ငံရေး ဘောဂဗေဒ မိတ်ဆက်၊ ဂျေအက်ဖ်ဖာနီဗယ်၊ ၁၉၃၁ ။
၆။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး – အသိပညာအခြေခံဖွံ့ဖြိုးသော စီးပွားရေး နိုင်ငံဆီသို့၊ ဒေါက်တာတင်မြင့်ဦး၊ ဧပြီလ၊၂၀၁၃ ။