မသိခြင်း မရှိခြင်းမညီညွတ်ခြင်းနှင့် အောက်တန်းကျ နောက်တန်းကျနေရတဲ့ နိုင်ငံ

ခင်နှင်းဦး

၁၉၇ဝ ပြည့်နှစ်ဝန်းကျင်ခန့်က ကုလသမဂ္ဂကထုတ်ပြန်ခဲ့သည့် ဖွံ့ဖြိုးဆဲနိုင်ငံများ (တစ်နည်း ဆင်းရဲသည့်နိုင်ငံများ) စာရင်းတွင် မြန်မာ၊ အိန္ဒိယနှင့် တရုတ်တို့ အတူတကွပါဝင်ခဲ့ကြပါသည်။ သို့သော် နှစ်ပေါင်း ၄၇ နှစ်ကျော်လွန်ခဲ့ပြီး ဆယ်စု နှစ်ငါးခုကျော်၍ ယခုလက်ရှိ ကုန်လုကုန်ခင်၂ဝ၁၇ သို့ရောက်သော် မြန်မာသည်၁၉၇ဝ ပြည့်နှစ်တုန်းက ထက်များစွာဆုတ် ယုတ်ခဲ့လေပြီ တစ်ဖက်တွင်ကား တရုတ်နှင့် အိန္ဒိယတို့သည် ယခင်အခြအနေထက်များစွာတိုးတက်ခဲ့ကြလေပြီ။
မြန်မာတို့သည် လူညံ့များမဟုတ်ကြပါ။ နိုင်ငံရပ်ခြားတွင် ပညာသင်ကြားကြရသောအခါ အများနှင့်ရင်ပေါင်တန်း သင်ယူ နိုင်စွမ်းရှိသူများ သင်ကြားတတ်မြောက်လွယ်သူများဖြစ်ကြပါသည်။ ရာစုနှစ် ငါးစုအတွင်း မြန်မာသည် နောက်ပြန် လမ်းလျှောက်နေသူနှင့်တူခဲ့ပြီး အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့သာမက တခြား အရှေ့တောင်အာရှနိုင်ငံများသည် ရှေ့သို့စိုက်လိုက်မတ်တတ် လမ်းထွင်လျှောက်ခဲ့သူများဖြစ်ကြပါသည်။ ယနေ့မြန်မာ၏အနေအထားမှာ ယခင်က အရှေ့ တောင်အာရှတွင် စီးပွားရေးအလားအလာ အကောင်းဆုံးဆိုသော အနေအထားမှ အဆိုးဆုံးဟုသတ်မှတ်ခံရတော့ မယောင် အနေအထားသို့ ပြောင်းခဲ့လေပြီ။ ဝမ်းနည်းကြေကွဲဖွယ်ကောင်းလှပါသည်။
ဗုဒ္ဓတရားတော်အရအကြောင်းမဲ့ အကျိုးဟူ၍ လောကတွင်မရှိပေ။ ၁၉၅ဝ ပြည့်နှစ်ဝန်းကျင်က အရှေ့တောင် အာရှတွင် အလားအလာအရှိဆုံး နိုင်ငံအဖြစ်မှ ယနေ့ဟိုနိုင်ငံသို့လက်ဖြန့်ရ၊ ဒီနိုင်ငံသို့ပေးပါ ကမ်းပါပြောဆိုရသည့် မြန်မာ့ အဖြစ်သည် ကုဋေရှစ်ဆယ်သူဌေးသားအဖြစ်နှင့် နှိုင်းသော် ရိုင်းအံ့မထင်ပေ။ ကုဋေရှစ်ဆယ် သူဌေးသား ကုန်းကောက် စရာမရှိဖြစ်ခဲ့ရခြင်း၏ အဓိကတရားခံသည် ပညာမဲ့မှုဖြစ်ပါသည်။ ၁၉၆၂ တွင် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်သည် စနစ်ဆိုးမဟုတ်။ စနစ်ကောင်းဖြစ်ပါသည်။ သို့သော်စနစ်က တခြား စနစ်ကိုအကောင်အထည်ဖော်သူတို့ ဒဏ်တိမ်ရုံသာမက အတ္တကြီးမားကြလှပေရာ မြန်မာလူထုသည် မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်လမ်းစဉ် ဆိုင်းဘုတ်အောက်တွင် လက်တွေ့ ၌ စစ်အာဏာရှင်စနစ်အောက် နေထိုင်ရှင်သန်ခဲ့ကြရခြင်းက မြန်မာပြည် တစ်စတစ်စနိမ့်ပါးကျဆင်းရေး၏ နိဒါန်းဖြစ်ခဲ့ပါ သည်။
အလယ်စာကိုယ်ကား ပညာရေးစနစ်ကို ဖျက်ဆီးခဲ့ခြင်းဖြစ်ပါသည်။ ယနေ့ ကမ္ဘာ့တက္ကသိုလ်များ ကျင့်သုံးနေသည့် မဟာဌာနများဖြင့်ဖွဲ့စည်းလျက် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ (ဆီးနိတ်)ဖြင့် အုပ်ချုပ်သည့် လွတ်လပ်သောပညာ သင်ယူနိုင် ခြင်း စနစ်ကိုဖျက်လျက်၁၉၆၄ စနစ်သစ်ပညာရေး ထူထောင်ကာပညာရေးကို စစ်အာဏာရှင်များ လက်အောက်သို့ သွတ် သွင်းလိုက်သည် တက္ကသိုလ်များကိုခွဲထုတ်ပြီး အသက်မွေးပညာသင်တက္ကသိုလ်များက သတ်သတ်၊ ဝိဇ္ဇာ-သိပ္ပံပညာ သင်တက္ကသိုလ်များက သတ်သတ်ခွဲထုတ်လျက် အစဉ်အလာကြီးမားသော ရန်ကုန်တက္ကသိုလ်ပုံရိပ်ကို သေး သိမ်စေခဲ့သည်။ သို့ပြုလုပ်ခြင်း၏ အကျိုးရလဒ်သည် ၁၉၆၄ တွင်စတင်တည်ထောင် သည့် ထိုင်းနိုင် ငံမှဇင်းမယ်တက္ကသိုလ်သည် ၁၉၉၇ တွင် ကွန်ပျူတာစနစ်သုံးသည့် အီး ‘စာကြည့်တိုက် အဖြစ်ပြောင်းလဲသွားချိန် တွင် ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ တက္က သိုလ်များ ဗဟိုစာကြည့်တိုက်သည် ကွန်ပျူတာစနစ်သုံးစာ ကြည့်တိုက်အဖြစ် ပြောင်း ရန်ဝေးစွ။ စာကြည့် တိုက်တစ်ခုလုံးအတွက် ကွန်ပျူတာလေး နှစ်လုံး၊ သုံးလုံးဖြင့်အလုပ် လုပ်နေရသည့် အနေအထားဖြစ်ပါသည်။
၁၉၆၄ တွင်စနစ်သစ်ပညာရေး စတင်ကျင့်သုံးသည့် ရန်ကုန်တက္ကသိုလ်သည် ၁၉၈၈ နောက်ပိုင်း ပိုမိုပုံရိပ်ကျဆင်းခဲ့ သည်မှာ ယနေ့တက္ကသိုလ်ပညာရေးသည် အလွတ်ကျက်ဖြေ ပညာရေးအဆင့်ဖြစ်ကြောင်း အားလုံးသိကြပါသည်။ ဇင်းမယ် တက္ကသိုလ်ကား ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခုအဖြစ်ရပ်တည်နေပြီဖြစ်ပါသည်။ ၁၉၂ဝတွင် စတင်တည်ထောင်ခဲ့သည့် ရန်ကုန်တက္ကသိုလ် အဆင့်အတန်း တဖြည်းဖြည်းလျော့ကျမှုကို ယခုထိမကုစားနိုင်သေးပါ။
ထို့အတူ မကြာခဏပြောင်းလဲသည့် သင်ရိုးညွှန်းတမ်းများပြောင်းသည့် သင်ရိုးညွှန်းတမ်းများသည် ပြည်သူပြည် သားကောင်းတစ်ယောက် ဖြစ်ထွန်းလာစေရေး ကိုယ်ကျင့်တရားကောင်းမွန်လျက် အနုစာပေကိုခံစားနားလည်သည့် ပညာ တတ်များမွေးထုတ်ရေးမဟုတ်ဘဲ၊ ပြင်ဆင်ထားသည့် သမိုင်းသင်ခန်းစာများကို သင်ယူရသည့် ကျောင်းသားကျောင်းသူများ၊ ပြည်သူ့နီတိဖြုတ်ထားသည့် သင်ရိုးညွှန်းတမ်းများဖြင့် ကျောင်းသင်စာ တစ်ခုတည်းကွက်ကွက်ကိုသာသိသည့် ကျောင်းသား ကျောင်းသူများကိုမွေးထုတ်သည့်ပညာရေးဖြစ်လာခြင်းသည် မြန်မာနိုင်ငံ၏ လက်ရှိပြဿနာအဝဝကို ဖန်တီးပေးပေတော့ သည်။
တစ်ဘက်တွင် တိုင်းပြည်၏စီးပွားရေးက ပြည်သူအတွက် ကျဆင်းနေသော်လည်း အုပ်ချုပ်သူများနှင့် သူတို့နှင့်ဆက် စပ်ပတ်သက်သူများအတွက် မကျဆင်းပေ။ အုပ်ချုပ်သူနှင့် နီးစပ်ရာ လူတန်းစားသူဌေး သူကြွယ်များဖြစ်လာချိန်တွင် အခြေခံ လူတန်းစားများ၏ သားသမီးများတွင်လုံးလုံး ကျောင်းမနေရသူများ၊ မူလတန်းပညာပင် မပြီးဆုံးဘဲ ကျောင်းထွက်အလုပ် လုပ်ရ သူများများပြားလာတော့သည်။ မသိခြင်း (ပညာမသင်ကြားရခြင်း၊ သင်ကြားရသော ပညာသည် မကျယ်ပြန့်ခြင်း)နှင့် အခြေခံလူတန်းစားများ၊ လူလတ်တန်းစားများ ဝင်ငွေနှင့်ထွက်ငွေမမျှ ဖြစ်လာခြင်းသည် လူငယ်အများအပြား နိုင်ငံကိုစွန့်ခွာ လျက်ရရာအလုပ်လုပ်ရန် ထိုင်းနှင့်မလေးသို့ ဦးစွာထွက်ကြသည်။ ယနေ့သော်ကမ္ဘာ့နိုင်ငံအနှံ့တွင်မြန်မာမရှိသောနိုင်ငံ မရှိသလောက်ဖြစ်သည်အထိ လူငယ်လူရွယ်များ ပြည်ပသို့ရောက်ကုန်ပါသည်။
ပညာမသင်ရခြင်း၊ ကျယ်ပြန့်သည့် ပညာရေးကို သင်ခွင့်မရခြင်းနှင့်နိုင်ငံဆင်းရဲမွဲတေခြင်းတို့ ပေါင်းစပ်လိုက်သော အခါ မြန်မာတို့၏ လုပ်ကိုင်နိုင်စွမ်းရည်(Capacity နိမ့်ပါးလာကြပါသည်။ သို့ဖြင့်တင်း ပြည့်ကျပ်ပြည့်နိုင်ငံရေးသမားများ နည်းပါးလာသည်။ တင်းပြည့်ကျပ်ပြည့်ပြည်သူ့ဝန်ထမ်းများနည်းပါးလာသည်။ ထို့ပြင် အကြောက်တရားအောက်တွင် နှစ် ကာလရှည်စွာနေခဲ့ရ သူတို့၏ပုံရိပ်ကို မြန်မာအတော်များများတွင်တွေ့ရတော့သည်။ ဝန်ထမ်းများသည် ညွှန်ကြားမှုကိုလိုက် နာတတ်သော်လည်း လွဲမှားသောညွှန်ကြားမှုကို မငြင်းဆန်တတ်ပေ။ ပြန်ပြောရန်ကားဝေးစွ။ ထိုးထွင်းတီထွင်လုပ်ဆောင် ရေးဟူသည်ဝေးစွ။
အတန်းစာသာသင်ခဲ့ရပြီး ညှိနှိုင်းနေထိုင်တတ်မှု၊ ညှိနှိုင်းဆောင်ရွက်တတ်မှု အလေ့အကျင့်မပေးခဲ့သော ပညာရေး အောက်မှထွက်လာသော မြန်မာများသည် တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းအလုပ်လုပ်ရန် ခက်ခဲလှသော်လည်း ကွဲရန်ပြဲရန် မညီညွတ်ရန် အလွန်လွယ်ကူပါသည်။ မြန်မာနှင့်မရှေး မနှောင်း အင်္ဂလိပ်ကျွန်ဖြစ်ခဲ့ပြီး မရှေးမနှောင်း လွတ်လပ်ရေးရခဲ့သည့် အိန္ဒိယသည် လွတ်လပ်ရေးရပြီးသည်မှ ယနေ့ထိ နိုင်ငံတော်အလံတစ်ကြိမ်မျှ မပြောင်းလဲသေး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းသာရှိသည်။ တစ်ကြိမ်မျှအသစ်တစ်ဖန် ပြန်မရေးခဲ့သေး။ ၂၆ နိုဝင်ဘာ ၁၉၄၉ တွင်ရေးဆွဲ၍ ၁၉၅ဝ ပြည့်နှစ် ဇန်နဝါရီ ၂၆ တွင် အတည်ပြုခဲ့သော အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေကို ပြင်ဆင်ခြင်းသာရှိခဲ့ပြီး အစိုးရအသစ်က အဟောင်း၏ လုပ်ဆောင်ချက်ကိုဖြိုမချခဲ့ပေ။ ယနေ့ဆိုလျှင် အိန္ဒိယ၏ အခြေခံဖွဲ့စည်းပုံဥပဒေသည် ၆၇နှစ်ရှိခဲ့ပေပြီ။
ဤသို့ဆိုသဖြင့် အိန္ဒိယတွင် မြန်မာကဲ့သို့ နိုင်ငံရေးအကွဲအပြဲများ မရှိပေဘူးလားရှိကြပါသည်။ သံမဏိသက်ရှည် ကွန်ဂရက်ပါတီသည် အကြိမ်ကြိမ်ကွဲပြဲခဲ့ပါသည်။ သို့သော် ပြန်လည်ညှိနှိုင်းလျက်ပါတီကို ဖျက်သိမ်းရသည့် အခြေသို့ အဆိုက်မခံခဲ့ကြပါ။ တရုတ်သည်လည်း တစ်ပါတီစနစ်ဖြစ်စေကာမူ မော်စီတုန်းအလွန်ကာလ ဖြစ်ရပ်များကို မြန်မာအားလုံး အသိဖြစ်ပါသည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီသည်လည်းကောင်း အိန္ဒိယကွန်ဂရက်ပါတီသည်လည်းကောင်း မပျောက် ပျက်သွားကြပါ။ မြန်မာကား ၁၉၇ဝ ပြည့်ဝန်းကျင်တွင်ပေါ်လာသည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ဖဆပလ ပါတီ၊ ဗမာ ပြည်ကွန်မြူနစ်ပါတီတို့ နိဂုံးချုပ် ခဲ့ကြပါပြီ။
မြန်မာတို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်ကျိုးထက် တိုင်းပြည်အကျိုး လူမျိုးအကျိုးကို မျက်နှာမူအလုပ်လုပ်ရန် အလုပ်ခက်ခဲသည့် လူမျိုးဖြစ်ကြောင်း ယနေ့ထိမရနိုင်သည့် အကြွင်းမဲ့ငြိမ်းချမ်းရေး ယနေ့ထိမရပ်စဲနိုင်သည့် ပြည်တွင်း စစ်မီးများက ပြသနေပါသည်။ အတန်းပညာသင်ယူခဲ့သူများလျက်အများအတွက် ထည့်သွင်းစဉ်းစားသည့် ပြည်သူပြည်သား အဖြစ်လေ့ကျင့်ပေးမှုမရရှိခဲ့သော မြန်မာတို့သည် ညီညွတ်ရန်ခဲယဉ်းလှပေသည်။ ဂျပန်တွင်စက်လှေကားစီးသူများသည် ဘယ်ဘက်တစ်ဖက်တည်းသို့ စည်းစနစ်တကျရပ်လျက်စီးကြခြင်းသည် ဤစက်လှေကားကို အရေးပေါ်သုံးရန်တစ်ယောက် ယောက်က လိုအပ်လာပါက လွှတ်ပေးထားသည့်ဘက်မှ ပြေးတက်ပြေးဆင်းနိုင်စေရန် နေရာပေးထား ခြင်းဖြစ်ပါသတဲ့။
ယနေ့ ရန်ကုန်မြို့လယ်ကောင်မှ ဗိုလ်ချုပ်ဈေးသစ်ကိုသွားကြည့်ပါ။ ရွှေတိဂုံဘုရားသို့သွားကြည့်ပါ။ ကုန်တိုက်ကြီး များသို့သွားကြည့်ပါ။ စက်လှေကားများပေါ်တွင် ရပ်ချင်သလိုနေရာစုံ ပုံစံစုံရပ်လျက်စီးနင်းနေကြသော ရွှေမြန်မာများကိုသာ တွေ့ရပါမည်။ မည်သည့်မြန်မာမျှအရေးပေါ်အခြေအနေကြုံနိုင်သည့် သူတစ်ဦးဦးအတွက် ထည့်သွင်းစဉ်းစားခြင်းမရှိပါ။
မြန်မာသည် အတန်းပညာသာ တတ်သူများခြင်း၊ မညီညွတ်ခြင်းနှင့် အတ္တပရမျှတစဉ်းစားမှုမရှိသလောက် နည်းပါး ခြင်းတို့ဖြင့် တည်ဖွဲ့လိုက်သည့်အခါ တိုင်းပြည်စီးပွားနာလန်မထူနိုင်ခြင်း တည်မြဲနေတော့သည်။ ထို့ပြင် အာဏာရှင်တုန်းက လည်း အာဏာရှင်ဖြစ်၍ ဦးသိန်းစိန်အစိုးရ တုန်းကလည်း အရပ်သားတစ်ပိုင်းအစိုးရဖြစ်၍ လက်ရှိ အင်န်အယ်လ်ဒီ အရပ် သားအစိုးရတက်တော့လည်း လုပ်ရည်ကိုင်ရည်မကောင်း၍ စသည့်ရသည့်ရလဒ်ကိုသာ ဘာသိဘာသာနေကောင်းနေမည်။ အဆိုး ကိုသည်းမခံနိုင်မှု လွန်ကဲလာကြပါသည်။
ရွှေမြန်မာတို့ ပညာနည်းရင့်ကျက်မှုနည်း မညီညွတ်နိုင်သမျှကာလပတ်လုံး သိကြားမင်းဆင်းအုပ်ချုပ်လျှင်ပင် လက်ရှိ မသိခြင်း မရှိခြင်း၊ မွဲတေခြင်းနှင့်အောက်တန်း နောက်တန်းကျဘဝမှ လွတ်မြောက်ကြမည်မဟုတ်ပေ။
ခင်နှင်းဦး