မာနယ်ပလောဗဟိုပြုဖက်ဒရယ်နဲ့ အခြေခံဥပဒေဆိုင်ရာလှုပ်ရှားမှုများ

ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ နောက်ဆက်တွဲအနေနဲ့ ပေါ်ပေါက်လာကြတဲ့ မြန်မာတိုင်းရင်းသား အများစုဖြစ်တဲ့ ဒီမိုရေစီအင်အားစုတွေဟာ လက်နက်ကိုင်တိုင်းရင်းသားအင်အားစုတွေနဲ့ မဟာမိတ်အဖြစ် ပေါင်းစည်းဖို့ အခြေအနေ ဖန်တီးလာခဲ့တယ်။ မြန်မာနိုင်ငံ အရှေ့-အနောက်၊ တောင်-မြောက် တစ်နံတစ်လျား နယ်စပ်ဒေသတွေမှာ အများအားဖြင့် အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဒီမိုကရေစီအင်အားစုတွေက သွားရောက်ပေါင်းစည်းကြတာပါ။ ဖက်ဒရယ်အုပ်စုနဲ့ ဒီမိုကရေစီအုပ်စုပေါင်း စည်းခြင်းဖြစ်ပါတယ်။ အဲဒီလို ပေါင်းစည်းပြီးနောက် ဘုံတူညီတဲ့ နိုင်ငံရေးလုပ်ငန်း စဉ်တွေချမှတ် ဆောင်ရွက်ကြရာမှာ မြန်မာနိုင်ငံကို ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်တို့အပေါ်အခြေခံတဲ့ နိုင်ငံ အဖြစ် ဖွဲ့စည်းရေး လုပ်ငန်းစဉ်လည်း ပါဝင်ပါတယ်။

၁၉၈၈ နောက်ပိုင်း တပ်ပေါင်းစုများ

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ မဟာမိတ် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (National Democratic Front- NDF)ဆိုတာကို ၁၉၇၆ခုနှစ်၊ မေလ ၁ဝရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (Karen National Union- KNU)ဌာနချုပ် မာနယ်ပလောမှာ ရုံးစိုက်ထားပါတယ်။ NDf မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ဖွဲ့ပါဝင်ပြီး အဓိက ရည်မှန်းချက်ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဖြစ်ပါတယ်။ တချို့သော တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေက ခွဲထွက်ခွင့်ပါတဲ့ ဖက်ဒရယ်စနစ်အထိ တောင်းဆိုကြတယ်။

ရှစ်လေးလုံး အရေးတော်ပုံ ဖြိုခွင်းခံရ ပြီးနောက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဇောင်းပေးတောင်းဆိုတဲ့ ဒီမိုကရေစီ အင်အားစုတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်တဲ့ နယ်မြေတွေမှာ ဖွဲ့စည်းပေါ်ပေါက်လာကြတယ်။ တချို့ ကလည်း ပြည်ပအခြေစိုက် အဖွဲ့တွေဖြစ်တယ်။ အဲဒီအဖွဲ့တွေရဲ့ အဓိကနိုင်ငံရေးရည်မှန်းချက် ကတော့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အ ရေးဖြစ်တယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီမိုကရေစီအင်အားစုတွေပေါင်းပြီး မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ် (Democratic Alliance of Burma-DAB) တပ်ပေါင်းစုကို KNU နယ်မြေထဲ ၁၉၈၈ နိုဝင်ဘာလမှာ ဖွဲ့စည်းခဲ့တယ်။ ၂၁ ဖွဲ့နဲ့ စတင်ဖွဲ့စည်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့တစ်ဝမ်းကွဲ အစ်ကိုတော်သူ ဒေါက်တာစိန်ဝင်းဦးဆောင်ပြီး ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ အမတ်တွေက ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရ (National Coalition Government of Union of Burma- NCGUB) ကို ၁၉၉ဝ ဒီဇင်ဘာလမှာပဲ မာနယ်ပလောမှာဖွဲ့စည်းတယ်။ အဲဒီအချိန်မှာပဲ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်- လွတ်မြောက်နယ်မြေ (National League for Democracy- NLD-LA) လည်း မာနယ်ပလောမှာ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ NDF, NCUB, NLD-LA နဲ့ NCGUB လေးချောင်းထောက်၊ မြန်မာနိုင်ငံရဲ့ အကျယ်ပြန့်အကြီးမားဆုံး တော် လှန်ရေးတပ်ပေါင်းစုဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ကောင်စီ (National Council of Union of Burma- NCUB) ကို ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ဖွဲ့ စည်းခဲ့တယ်။

မာနယ်ပလော သဘောတူညီချက် (သို့မဟုတ်) NCUB ရဲ့ပင်လုံစာချုပ်

NDF, DAB, NCGUB နဲ့ NLD-LA တို့အကြား ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ပတ်သက်တဲ့ အပြန် အလှန်သဘော တူညီချက်တစ်ရပ်ကို ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ ၃၁ရက်နေ့ (NCUB တရားဝင်မဖွဲ့စည်းမီ လအနည်းငယ် အလို)မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒါကို မာနယ်ပလောသဘောတူညီချက်လို့ အမည်ပေးထားတယ်။ မာနယ်ပလော သဘောတူညီချက်ဟာ NCUB ရဲ့ ပင်လုံ စာချုပ်လို့လည်း တင်စားကြတယ်။ (မာနယ်ပလောစာချုပ်ကို နောက်ဆက်တွဲအနေ နဲ့ ဖော်ပြလိုက်တယ်။) မြန်မာနိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ်ဖွဲ့စည်းရာမှာ မဖြစ်မနေပါရမယ့်မူ principle ၆ ချက်ကို မာနယ်ပလော သဘောတူညီချက်မှာ ဖော်ပြ ထားတယ်။

DAB/ NCUB ရဲ့ ဖက်ဒရယ်အခြေခံ ဥပဒေလှုပ်ရှားမှု

မြန်မာနိုင်ငံနဲ့ သင့်တော်မယ့်ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ရေးဆွဲဖို့ ၁၉၉ဝပြည့်နှစ် ဇွန်လက KNU ဌာနချုပ် မာနယ်ပလောမှာ ကျင်းပတဲ့ DAB ဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပြီး အခြေခံဥပဒေ (မူကြမ်း)ရေးဆွဲရေး ကော်မတီတစ်ရပ်ကိုဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါတယ်။ ကော်မတီဥက္ကဋ္ဌကတော့ အဲဒီအချိန်က ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (Kachin Independent Organization- KIO))ရဲ့ ခေါင်းဆောင်လည်းဖြစ်၊ DAB ရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူးလည်း ဖြစ်သူ (ယခု ကချင်ပြည်နယ်ဒီမိုကရေစီပါတီ- Kachin State Democracy Party ဥက္ကဋ္ဌ) ဒေါက်တာတူးဂျာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေကတော့ ဗိုလ်မှူးကြီးခွန်ဥက္ကာ (ယခု ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင် နေသူ)၊ မွန်ပြည်သစ်ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိုင်ဖေသိန်းဇာ (သြစတြေးလျနိုင်ငံမှာ ၂ဝ၁၈ ဇူလိုင်လကကွယ်လွန်)၊ ရခိုင်ပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (National United Front of Arakan- NUFA) ခေါင်းဆောင် ခိုင်စောထွန်း (ကွယ်လွန်)၊ လက်ရှိ KNU ခေါင်းဆောင်တစ်ဦးဖြစ်သူ စောဒေးဗစ်တာကပေါ၊ အဲဒီအချိန်က ABSDF ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ဦးအောင်ထူး (ယခု Legal Aid Network ကို ဦးဆောင်နေသူ)နဲ့ ဦးခင်မောင်ဝင်း (စာရေး သူ)တို့ဖြစ်ပါတယ်။ ၁၉၉၄ နှစ်ကုန်ပိုင်းမှာ KIO က တပ်မတော်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့နောက် အဖွဲ့ခေါင်း ဆောင် ဒေါက်တာတူးဂျာနေရာကို KNU နိုင်ငံခြားရေးတာဝန်ခံ ဒေါက်တာမာတာနဲ့ အစားထိုးခဲ့တယ်။

DAB အခြေခံဥပဒေ(မူကြမ်း) ရေးဆွဲ ရေးကော်မတီဟာ မာနယ်ပလောမှာ အကြိမ်ကြိမ်တွေ့ဆုံပြီး ဖက်ဒရယ်စနစ် နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံထားတဲ့ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ(မူကြမ်း) တစ်ရပ်ကိုလအနည်းငယ်အတွင်း ရေးသားခဲ့တယ်။ DAB ဗဟိုကော်မတီအစည်းအဝေးမှာ ဆွေးနွေးပြီး ဆက်လက်ကောင်းမွန် အောင်ပြုပြင်မယ့် working draft အဖြစ် အတည်ပြုခဲ့တယ်။

DAB ရဲ့ working draftကိုအခြေခံပြီး ပထမဆုံးသော နိုင်ငံတကာ အခြေခံဥပဒေ နှီးနှောဖလှယ်ပွဲကို ပြည်ထောင်စု သမ္မတဂျာမနီနိုင်ငံ (အနောက်ဂျာမနီ)မှာ ၁၉၉ဝ ပြည့်နှစ် ဒီဇင်ဘာလမှာကျင်းပါခဲ့တယ်။ DAB အခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါက်တာတူးဂျာ၊ စောဒေးဗစ်တာကပေါ၊ ခွန်ဥက္ကာ၊ ခိုင်စောထွန်း၊ ဦးခင်မောင်ဝင်း တို့ ဂျာမနီနိုင်ငံမှာ တစ်ပတ်ကြာ ဖက်ဒရယ်နဲ့ အခြေခံဥပဒေအကြောင်းတွေ သွားရောက်လေ့လာခဲ့တယ်။ အဲဒီခရီးစဉ် ပြင်ဆင်နေချိန်မှာ NLD က ပြည်ပကို အစောဆုံးထွက်လာသူတွေထဲမှာ ဦးညိုအုန်းမြင့်လည်းပါဝင်တဲ့အတွက် DAB အဖွဲ့ဝင် မဟုတ်သော်ငြား NLD ကိုယ်စားလှယ်အဖြစ် ခရီးစဉ်မှာပါဝင်ခဲ့တယ်။ Coordinator အဖြစ် တာဝန်ယူခဲ့သူကတော့ အဲဒီအချိန်က KIO နိုင်ငံခြားရေးအရာရှိ ဒေါ်စိုင်းယော (ယခု မေတ္တာဖောင်ဒေးရှင်း) ဖြစ်ပါတယ်။ အခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်ကို အဓိက ကူညီပံ့ပိုးပေးတဲ့ အဖွဲ့ကတော့ ဂျာမနီနိုင်ငံက Fredrich Naumann Foundation, FNF ပဲဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်နောက်ပိုင်းမှာ DAB က ဦးဆောင်နေတဲ့ အခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးလုပ်ငန်းစဉ်ကို NCUB က လွှဲပြောင်း ယူခဲ့ပါတယ်။ အခြေခံဥပဒေရေး ဆွဲရေးကော်မတီကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့တယ်။ NCGUB၊ NLD-LA၊ မြန်မာ နိုင်ငံရှေ့နေများကောင်စီ (Burma Lawyers’ Council, BLC) ကိုယ်စားလှယ်တွေ ပါဝင်လာတယ်။ NCUB က လက်ခံ အတည်ပြုတဲ့ အခြေခံဥပဒေ(မူကြမ်း)ကို နယ်စပ်နဲ့ ပြည်ပမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ အများစု သဘောတူတဲ့ ဖက်ဒရယ်အခြေခံဥပဒေ(မူကြမ်း) အဖြစ် ဆုပ်ကိုင်ထားပါတယ်။

 

အနော်ဂျာမနီနိုင်ငံ FNF ဌာနချုပ် Konigswinter တွင် ဖက်ဒရယ်နှင့် အခြေခံဥပဒေ အကြောင်း သွားရောက်လေ့လာခဲ့သော DAB အခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေး ကော်မတီဝင်များ၊ ၁၉၉၀ ဒီဇင်ဘာလ။ (ဓါတ်ပုံမူပိုင်-စာရေးသူ)

ကမ္ဘာ့ဖက်ဒရယ်စနစ်တွေကိုလည်း လေ့လာ

အခုအခါ ကမ္ဘာမှာ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ နိုင်ငံ၎ဝကျော်ရှိတယ်။ အရင်က ကွန်မြူနစ်ဖက်ဒရယ်စနစ်နဲ့ ရပ်တည်ခဲ့တဲ့ နိုင်ငံကြီးတွေဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယားနဲ့ အရှေ့ဥရောပနိုင်ငံတွေ ပြိုကွဲပြီးတဲ့အခါ အဲဒီနိုင်ငံတွေက ခွဲထွက်လာ တဲ့ နိုင်ငံလေးတွေဟာ လည်း ဖက်ဒရယ်စနစ် တစ်မျိုးမျိုးနဲ့ ရပ်တည်လာကြလို့ ဖက်ဒရယ်နိုင်ငံ အရေအ တွက်များလာတာပါ။

ထူးခြားတာက ဖက်ဒရယ်နိုင်ငံကြီးတွေဟာ လူဦးရေအရရော၊ ပထဝီအနေအထားအရပါ အကြီးဆုံးနိုင်ငံတွေဖြစ် တယ်။ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဘရာဇီး၊ အိန္ဒိယ၊ ကနေဒါ၊ ဂျာမနီ၊ သြစတြေးလျ နိုင်ငံတွေဟာ ကြီးမားတဲ့ ဖက်ဒရယ်နိုင်ငံတွေပါ။ အဲဒီနိုင်ငံတွေမှာ ကျင့်သုံးတဲ့ ဖက်ဒရယ်စနစ်တွေဟာ ထပ်တူကျတာမျိုးမဟုတ်ဘဲ ခြားနားမှုလေး တွေရှိကြတယ်ဆိုပေမယ့် ဖက်ဒရယ်စနစ်တိုင်းမှာ ဘုံတူညီရမယ့် အခြေခံမူတွေကတော့ ရှိစမြဲပါ။

 

အစိမ်းရောင်နဲ့ ပြထားတဲ့ နိုင်ငံအရေအတွက်ဟာ ဖက်ဒရယ်နိုင်ငံတွေဖြစ်ပါတယ်။ အရေအတွက်အားဖြင့် နည်းသော်လည်း ကမ္ဘာ့ မြေဧရိယာ ထက်ဝက်ကျော်ပါတယ်။ အပြာရောင်နဲ့ ပြထားတဲ့ နိုင်ငံတွေကတော့ တပြည်ထောင်စနစ် နိုင်ငံတွေဖြစ်ပါတယ်။ ပြည် ထောင်စု (Union) လို့ နာမည်တပ်ခေါ်ထားသော်လည်း မြန်မာနိုင်ငံဟာ တပြည်ထောင်စနစ်သာဖြစ်တယ်။ (Source: Wikipedia)

DAB/ NCUB ဖက်ဒရယ် အခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးအဖွဲ့ဟာ အောင်မြင်နေတဲ့ ကမ္ဘာ့ဖက်ဒရယ်နိုင်ငံတွေရဲ့ အခြေခံ ဥပဒေတွေကို လေ့လာခဲ့ပါတယ်။ အခြေအနေပေးတဲ့အလျောက် DAB/ NCUB ဖက်ဒရယ် အခြေခံဥပဒေ (မူကြမ်း)ရေးဆွဲ ရေးကော်မတီ က ကမကထပြုကျင်းပတဲ့ ဖက်ဒရယ်မူနဲ့ အခြေခံဥပဒေရေးရာနှီးနှော ဖလှယ်ပွဲတွေကျင်းပပြီး တော်လှန်ရေးအင် အားစုတွေက ခေါင်း ဆောင်တွေ၊ နိုင်ငံတကာက ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ ကျွမ်းကျင်သူတွေ၊ မြန်မာ့နိုင်ငံရေးသမိုင်း ကျွမ်းကျင်သူပညာရှင်တွေ၊ နိုင်ငံတကာဥပ ဒေပညာရှင်တွေပါ တက်ရောက်ပြီး မြန်မာနိုင်ငံအတွက် လိုက်ဖက်မယ့် ဖက်ဒရယ်မူနဲ့ အခြေခံဥပဒေဆိုင်ရာ မူတွေကို အကြိတ်အ နယ်ဆွေးနွေးပြီး အရေးကြီးမူတွေနဲ့ပတ်သက်လို့ အများသဘောတူ (consensus) ရရှိအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဂျာမနီ နိုင်ငံမှာ ၁၉၉ဝပြည့်နှစ်၊ ထိုင်းနိုင်ငံချင်း မိုင်မြို့မှာ ၁၉၉၃ခုနှစ်နဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ၁၉၉၅ခုနှစ်တွေမှာ  DAB/NUCB အခြေခံ ဥပဒေနှီးနှောဖလှယ်ပွဲတွေ ကျင်းပကာ မြန်မာ့နိုင်ငံအတွက် သင့်တော်မယ့် ဖက်ဒရယ်အခြေခံမူတွေနဲ့ ဥပဒေမူတွေကို ဆွေးနွေးခဲ့ကြ တယ်။

ကြီးမားကျယ်ပြန့်တဲ့ အခြေခံဥပဒေ နှီးနှောဖလှယ်ပွဲကို ၁၉၉၄ခုနှစ် အောက်တိုဘာလမှာ NCUB က ဦးဆောင်ပြီး မာနယ် ပလောမှာ ကျင်းပခဲ့ပါတယ်။ တော်လှန်ရေးနယ်မြေ အခြေစိုက်အဖွဲ့အားလုံးနဲ့ ပြည်ပရောက် မြန်မာ့နိုင်ငံရေး အင်အားစုပေါင်းစုံက ကိုယ်စားလှယ်တွေ ရာချီတက်ရောက်ခဲ့ပါတယ်။

 

အခြေခံဥပဒေနှီးနှောဖလှယ်ပွဲအပြီး အမှတ်တရ၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ၊ ၁၉၉၃ ခုနှစ်၊ မေလ- NMSP ဥက္ကဌ နိုင်ရွှေကျင် (ကွယ်လွန်)၊ KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောဘသင် (ကွယ်လွန်)၊ DPNS ဥက္ကဌ ဦးမြင့်ဇော် (ကွယ်လွန်)၊ NCGUB ၀န်ကြီးများ၊ အပါအ၀င် တိုင်ရင်းသားနဲ့ ဒီမိုကရေစီအင်အားစုများ၊ မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ ဂျိုးလ်ဇက်-ဆေးဗားစတိုင်း၊ အမေရိကန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ကနေဒါ၊ ဖိလစ် ပိုင်၊ ထိုင်းနိုင်ငံတွေက နိုင်ငံရေးသိပ္ဗံနဲ့ ဥပဒေ ပညာရှင်များ၊ DAB/NCUB  အခြေခံဥပဒေရေးဆွဲရေး ကော်မတီဝင်များ စုံညီတက်ရောက်ခဲ့ကြတယ်။ စာရေးသူကတော့ နောက်ဆုံးတန်း ဘယ်အစွန်ဆုံး၊ (ဓါတ်ပုံမူပိုင်-စာရေးသူ)

အဓိကကျတဲ့ ဖက်ဒရယ်နဲ့ အခြေခံ ဥပဒေဆိုင်ရာမူများ

ဖက်ဒရယ်နဲ့ အခြေခံဥပဒေဆိုင်ရာ အရေးကြီးမူတွေနဲ့ပတ်သက်လို့ DAB/NCUB အခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေး ကော်မတီနဲ့ တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတာတွေကို ကောက်နုတ်ဖော်ပြပါ့မယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ နှီးနှောဖလှယ်ပွဲ အသီးသီးက ဆွေးနွေးချက်တွေ၊ မာနယ်ပလော သဘောတူညီချက်တွေကို ထင်ဟပ်ထားပါတယ်။

Federal လား၊ Union လား-  

Federal နဲ့ Union နှစ်မျိုးစလုံးကို မြန်မာဘာသာအားဖြင့် ‘ပြည်ထောင်စု’လို့ သာပြန်ဆိုတယ်။ ၁၉၄၇ အခြေခံ ဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံကို အင်္ဂလိပ်ဘာသာအားဖြင့် Union of Burma လို့ ခေါ်ထားတယ်။ အိန္ဒိယ ပြည်ထောင်စု Union of India စသဖြင့်ခေါ်ကြတယ်။ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံကိုတော့ အင်္ဂလိပ်ဘာသာ အားဖြင့် Federal Republic of Germany လို့ခေါ်တယ်။ ၁၉၄၇ အခြေခံဥပဒေအရ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေဟာ တစ်ဝက် တစ်ပျက် ဖက်ဒရယ်စနစ် (Quasi- federalism)လို့ သတ်မှတ်ကြတယ်။ တစ်နည်းအားဖြင့် Union လို့ နာမည်တပ်ရင် ဖက်ဒရယ်မစစ်ဘူး၊ ဖက်ဒရယ်စစ်ကို ရည်ညွှန်းချင်ရင် Federal ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရ သုံးရန်လိုကြောင်းတွေကို အကျေအလည် ဆွေးနွေးခဲ့ကြတယ်။ ဖက်ဒရယ်စစ်မှန်ဖို့ဆိုရင် Federal ဆိုတဲ့ ဝေါဟာရ ကိုပဲသုံးရမယ်။ DAB/NCUB က Federal ကိုသာ ရည်ညွှန်းပါတယ်။ (ဒီဆောင်းပါးမှာ ‘ပြည်ထောင်စု’ လို့ မြန်မာဘာသာ အားဖြင့် သုံးနှုန်းခြင်းဟာ Federal ကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။)

၂။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲထွက်ခွင့် ပြဿနာ

အောင်မြင်နေတဲ့ ကမ္ဘာ့ဖက်ဒရယ် နိုင်ငံတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination)၊ ခွဲထွက်ခွင့် (The right to secession) ဆိုတာတွေ မရှိကြောင်း နိုင်ငံရေးသိပ္ပံပညာရှင်တွေက ထောက်ပြကြတယ်။ နိုင်ငံတကာ ဥပဒေပညာရှင်တွေ က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ဖက်ဒရယ်မူနဲ့ မသက်ဆိုင်ကြောင်း၊ လူ့အခွင့်အရေးနဲ့သာ သက်ဆိုင်ကြောင်း ထောက်ပြကြ တယ်။ မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူတွေနဲ့ မြန်မာ့တော်လှန်ရေး ခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်တွေက ပင်လုံ စာချုပ်ပါ အချက်တွေနဲ့ ခွဲထွက်ခွင့်ကိုတောင် အသိအမှတ်ပြုထားတဲ့ ၁၉၄၇ အခြေခံဥပဒေတွေကို ကိုးကားပြီး မြန်မာပြည် မှာ တိုင်းရင်းသားတွေရဲ့ ခွဲထွက်ခွင့်ကို အစက နဦးကတည်းက အသိအမှတ်ပြုခဲ့တာလို့ ထောက်ပြကြတယ်။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်စနစ်တွဲဖက် ကျင့်သုံးခြင်းကို နိုင်ငံရေး၊ သမိုင်းရေး၊ ဥပဒေရေး၊ လူ့အခွင့်အရေး ရှုထောင့်စုံက ဆွေးနွေးခဲ့ကြတယ်။ တိုင်းရင်းသားလူမျိုးစု အားလုံးလိုလိုက ခွဲထွက်ခွင့်ကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အမြင့်ဆုံးအခွင့်အရေး အဖြစ် တင်ပြတောင်းဆိုခဲ့တယ်။ ဒါပေမယ့် ခွဲထွက်ခွင့်ဟာ မြန်မာ့ ဖက်ဒရယ်စနစ်အတွက် ဆိုးကျိုးဖြစ်စေလိမ့်မယ်လို့ နိုင်ငံခြားပညာရှင်တွေက အခိုင်အမာ ထောက်ပြကြတယ်။

 ၃။ တိုင်းရင်းသားလူမျိုးကို အခြေခံတဲ့ ပြည်နယ်-

အိန္ဒိယ၊ ဆိုဗီယက်တို့လို လူမျိုးကိုအခြေခံတဲ့ ပြည်နယ်နဲ့ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျတို့လို ပထဝီအနေ အထားကို အခြေခံတဲ့ ပြည်နယ်တွေရဲ့ ဆိုးကျိုးကောင်းကျိုး၊ ၁၉၄၇ ပင်လုံစာချုပ်အပါအဝင် မြန်မာ့နိုင်ငံရေးမှာ ဒီကိစ္စကို ဘယ်လိုသဘောထားခဲ့သလဲ၊ လက်ရှိ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ပြည်နယ်စနစ်ကဘာလဲ စတာတွေကို အကြိတ် အနယ် ဆွေးနွေးခဲ့ကြတယ်။ ပထဝီအနေအထားကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ဟာ မြန်မာနိုင်ငံနဲ့ မကိုက်ညီဘူးဖို့လို့ ယုံကြည်ကြတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့ ပြည်တွင်းစစ်ဟာ တိုင်းရင်းသားလူမျိုးတွေ နိုင်ငံရေးတန်းတူ အခွင့်အရေးအတွက် တိုက်ပွဲဝင် တောင်းဆိုရင်း ဖြစ်လာရတဲ့ စစ်ဖြစ်လေတော့ အဲဒါကို အဆုံးသတ်ဖို့ ဖော်ဆောင်ပေးရမယ့် ဖက်ဒရယ်စနစ်မှာ တိုင်းရင်းသားလူမျိုးအခြေခံ ပြည်နယ်တွေနဲ့စုဖွဲ့ထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရမယ်လို့ သဘောတူကြတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အခါ တိုင်းရင်းသား လူမျိုးတွေကို တန်းတူအခွင့်အရေးပေးမယ်လို့ လွတ်လပ်ရေးလှုပ်ရှားမှု ကာလကတည်းက ဗိုလ်ချုပ်အောင်ဆန်း အာမခံပြောကြားခဲ့တာကို လည်း တိုင်းရင်းသားတွေက ထောက်ပြတယ်။

၎။ လူမျိုးတစ်မျိုး ပြည်နယ်တစ်ခုမူ

တိုင်းရင်းသားလူမျိုး ၇မျိုးက ပြည်နယ် ၇ခုမှာ ခွဲပြီး ကိုယ်စားပြုနေချိန်မှာ မြန်မာတိုင်းရင်းသားတစ်မျိုးတည်းက တိုင်း၇ခုနဲ့ ကိုယ်စားပြုနေတာဟာ နိုင်ငံရေးကိုယ်စားပြုမှု ၇ဆကွာခြားခြင်းလို့ ထောက်ပြတယ်။ ထို့အတူ လူဦးရေးအားဖြင့် တစ်နိုင်လုံး ထက်ဝက်ကျော်တဲ့ မြန်မာတိုင်းရင်းသားတွေကို ပြည်နယ်တစ်ခုတည်း သတ်မှတ်တာဟာလည်း ဒီမိုကရေစီ စနစ်အရ ကိုယ်စားပြုမှုကို ပုံပျက်စေတယ်လို့ ပညာရှင်တွေ ထောက်ပြထားတာရှိတယ်။ ကြားအဆင့်  နိုင်ငံရေးကိုယ် စားပြုမှုပုံစံတွေ ဖော်ဆောင်ဖို့လိုနေတယ်လို့ ပြောသူတွေလည်းရှိတယ်။

၅။ ပြည်နယ်အဆင့်မမှီတဲ့ တိုင်းရင်း သားလူမျိုးများရဲ့ ကိုယ်စားပြုခွင့်-

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ၁၃၅မျိုးရှိတော့ အဲဒီလောက်များတဲ့ တိုင်းရင်းသားအားလုံးကို တန်းတူ ပြည်နယ် အဆင့်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အများကသဘောတူတယ်။ တစ်ဖက်ကလည်း လူမျိုးကိုအခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်မှာဆိုတော့ ပြည်နယ်အဆင့် ကိုယ်စားပြုခွင့်မရတဲ့ တိုင်းရင်းသားတွေအတွက် ဘယ်လို စီစဉ်ပေးမလဲဆိုတာ အလေးအနက်စဉ်းစားကြပါတယ်။ အလားတူ ပြဿနာမျိုးရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတွေကို လေ့လာတယ်။ ပြည်နယ်မရနိုင်တဲ့ တိုင်းရင်းသားလူမျိုးတွေအတွက် အများသဘောတူ လက်ခံတဲ့ နိုင်ငံရေးကိုယ်စားပြုမှု ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Autonomous region)၊ တိုင်းရင်သားအထူး ဒေသ (Special nationality areas) စသဖြင့် သင့်တော်သလို သတ်မှတ်ပေးရေးဆိုတာဖြစ်တယ်။

၆။ စစ်တပ် (army) နဲ့ ကာကွယ်ရေးအစီအမံ-

တိုင်းရင်းသားခေါင်းဆောင် အများစုက ပြည်နယ်တိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေတည်ထောင်ထားပြီး ပြည်နယ် အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိရမယ်လို့ ဆွေးနွေးကြတယ်။ တိုင်းရင်းသားတွေရဲ့ အဓိကစိုးရိမ်မှုက ပြည်ထောင်စု တပ်မတော်ဆိုတာကို ဖက်ဒရယ်အစိုးရ အောက်မှာသာထားရှိရင် သမိုင်းအတွေ့အကြုံတွေအရ ပြည်ထောင်စုအဆင့်အစိုးရ ကို မြန်မာတိုင်းရင်းသားတွေကသာ လွှမ်းမိုးထားတာကြောင့် မြန်မာတွေရဲ့ ထိမ်းချုပ်မှုအောက်မှာရှိနေမယ်ဆိုတဲ့ အချက်ဖြစ် တယ်။ တပ်ကို မြန်မာတိုင်းရင်းသား တစ်မျိုးတည်းက ထိန်းချုပ်မှာကို စိုးရိမ်ကြတယ်။ နိုင်ငံတကာပညာရှင်တွေက တိုင်းပြည်တစ်ခု စစ်တပ်တစ်ခုသာ ရှိသင့်ကြောင်း အကျိုးအကြောင်းမျိုးစုံနဲ့ရှင်းပြကြတယ်။ ပြည်နယ်တွေလက်အောက်မှာ ထားရှိရမယ့် လက်နက်ကိုင်တပ်တွေမှာ စစ်တပ်မဟုတ်တဲ့ လက်နက်ကိုင်တပ် (Coat of amr or militia) သို့မဟုတ် ရဲတပ်ဖွဲ့ဖြစ်ကြောင်း ထောက်ပြကြတယ်။ မြန်မာတိုင်းရင်းသား တစ်မျိုးတည်းက တပ်ကိုထိန်းချုပ်လို့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲကို စိုးရိမ်ရင်လုပ်သင့်တဲ့ ကာကွယ်ရေး၊ လုံခြုံရေးအစီအမံတစ်ခုက ဥရောပနိုင်ငံအတော်များများမှာ ကျင့်သုံး နေတဲ့ လူထုအခြေခံကာကွယ်ရေးစနစ် (Civilian based defence) ဆိုတာဖြစ်တယ်။ ဒီစနစ်အရ အရွယ်ရောက်တဲ့ နိုင်ငံ သားတိုင်း စစ်မှုမထမ်းမနေရ၊ အလှည့်ကျစစ်မှုထမ်းရတယ်။ ဒီစနစ်အရဆိုရင် အမြဲတမ်းတပ်မတော် (conventional army)  ဆိုတာကို အငယ်ဆုံးအဆင့်ထိ လျှော့ချထားတယ်။ ဒါကြောင့် ကြီးမားတဲ့ စစ်တပ်အားနဲ့ နိုင်ငံရေးအာဏာကို ထိပါးမယ့် အန္တရာယ်က ရှောင်ရှား နိုင်တယ်လို့ ထောက်ပြကြတယ်။ လက်ခံသူတွေ အများအပြားရှိကြတယ်။

၇။အာဏာခွဲဝေရေးပုံစံ-

ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြား အာဏာခွဲဝေရေးစနစ် အကြမ်းဖျင်း ၂မျိုးရှိတယ်။ ပထမတစ်မျိုးက ပြည်ထောင်စု အစိုးရရဲ့ အာဏာကိုကန့်သတ်ထားပြီး ကျန်အာဏာတွေကို ပြည်နယ်တွေကို ကျင့်သုံးခွင့်ပေးတဲ့ စနစ်ဖြစ် တယ်။ အမေရိကန်ပြည်ထောင်စုဟာ ဒီပုံစံအတွက် စံပြဖြစ်တယ်။ ဒုတိယတစ်မျိုးက ပြည်နယ်တွေရဲ့အာဏာကို ကန့်သတ်ပြီးကျန်အာဏာတွေကို ပြည်ထောင်စုကို ကျင့်သုံးခွင့်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်မှာ ပြည်နယ်တွေ ကျင့်သုံးနိုင် တဲ့ အာဏာစာရင်းအရှည်ကြီး ဖော်ပြလေ့ရှိတယ်။ ပြည်ထောင်စု သမ္မတဂျာမနီ နိုင်ငံဟာ ဒီအတွက် ဥပမာကောင်းပါ။ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပြည်နယ်တွေ သီးခြားသီကျင့်သုံးနိုင်တဲ့ အာဏာ (Exclusive power)  အပြင် နှစ်ဖက်စလုံး တစ်ပြိုင်နက် ကျင့်သုံးနိုင်တဲ့ အာဏာ (Concurrent power) ဆိုတာလည်းရှိတယ်။ အဲဒီအာဏာကို နှစ်ဖက်စလုံး ကျင့်သုံးတဲ့ အခါ ထိပ်တိုက်တွေ့မှုတွေဖြစ်လာရင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းတွေ ဖော်ပြထားရ တယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဂျာမနီဟာလည်း နမူနာကောင်းလို့ ပြောနိုင်ပါတယ်။ ပြည်နယ်တွေက Concurrent power ကို ကျင့်သုံးလို့ အခြားပြည်နယ် တစ်ခုခု ဒါမှမဟုတ် ပြည်ထောင်စုကြီး တစ်ခုလုံးကို ထိခိုက်နစ်နာမှု တစ်စုံတစ်ရာ မဖြစ်စေဘူးဆိုရင် ပြည်နယ်တွေကို ဦးစား ပေးကျင့်သုံးစေတယ်။ ထိခိုက်မှုရှိလာမှသာ Concurrent power ကို ဖက်ဒရယ် ပြည် ထောင်စုက ကျင့်သုံးခွင့်ရှိတယ်။

ဒါ့အပြင် Exclusive power နဲ့ Concurrent power စာရင်းမှာမပါဘဲ ခေတ်အခါအခြေအနေအရ နောက်မှပေါ် လာတဲ့ ကြွင်းကျန် အာဏာ (Residual power) ဆို တာလည်းရှိတယ်။ အဲဒီကြွင်းကျန် အာဏာကို ဘယ်သူ့ကို ကျင့်သုံးခွင့် ပေးမလဲဆိုတာကိုလည်း ကြိုတင်သတ်မှတ်ထားရတယ်။ ပြည်ထောင်စုရဲ့ အာဏာကိုကန့်သတ်တဲ့ အမေရိကန်ပြည်ထောင်စု လိုမျိုးဆိုရင် Residual powerကို ပြည်နယ်တွေကိုကျင့် သုံးခွင့်ပေးတယ်။ ဂျာမနီလို ပြည်နယ်တွေရဲ့ အာဏာကိုကန့် သတ်တဲ့ နိုင်ငံဆိုရင်တော့ Residual power ကို ဖက်ဒရယ်ပြည်ထောင်စုကို ကျင့်သုံးစေတယ်။ ဖက်ဒရယ်စနစ်တစ်ခုမှာ ပြည်နယ်တွေရတဲ့ အခွင့်အရေးကိုတိုင်းတာရာမှာ ပြည်နယ်တွေ ကျင့်သုံးခွင့်ရတဲ့ အာဏာနဲ့ တိုင်းတာလေ့ရှိတယ်။

ဖက်ဒရယ် အစိုးရက အာဏာများများ ပိုင်ဆိုင် ကျင့်သုံးရင် တစ်ပြည်ထောင်စနစ် (Unitary State) ဆန်သွားတယ်။ ပြည်နယ် တွေက အာဏာများလွန်းရင် ပြည်ထောင်များစုပေါင်းခြင်း (Confederation) ဆန်ပြီး အားကောင်းတဲ့ အချုပ်အခြာ အာဏာပိုင် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတစ်ခုအဖြစ် တည်ဆောက်ဖို့ အခက်အခဲဖြစ်စေတယ်။ ဒါကြောင့် ဖက်ဒရယ်ပြည် ထောင်စုနဲ့ ပြည်နယ်တွေအကြား သမမျှတတဲ့ အာဏာခွဲဝေမှုစနစ်ကျင့်သုံးရေးဟာ အရေးကြီးပါတယ်။ ပြည်နယ်တွေရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေးကဏ္ဍတွေမှာ ပြည်ထောင်စု စွက်ဖက်ချုပ်ကိုင်မှု လုံးဝကင်းလွတ်ရေးကို NCUB ရဲ့ ဖက်ဒရယ်နဲ့ အခြေခံပြဋ္ဌာန်းချက်တွေမှာ ဖော်ပြထားတယ်။

၈။ ပါတီစုံဒီမိုကရေစီစနစ် (Multi-party system)-

ဒီမူကတော့ အငြင်းပွားဖွယ်ရာမရှိတဲ့ မူပါ။ ဒီမိုကရေစီဟာ အာဏာကို ဗဟိုကချုပ်ကိုင်တာမဟုတ်ဘဲ အောက်ခြေ ထုကို ဖြန့်ကျက်ထားတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်သလို၊ ဖက်ဒရယ်ဆိုတာကလည်း ပြည်ထောင်စု (ဗဟို) အစိုးရတစ်ခုတည်းက အာဏာကို ချုပ်ကိုင်တာမဟုတ်ဘဲ ပြည်ထောင်စုအဖွဲ့ဝင် (ပြည်နယ်စသည်)တွေနဲ့ ခွဲဝေကျင့်သုံးရေးစနစ်ဖြစ်လို့ တစ်ခုနဲ့ တစ်ခု အပြန်အလှန် အထောက်အကူပြုနေတဲ့ စနစ်နှစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့အအောင်မြင်ဆုံး ဖက်ဒရယ်နိုင်ငံတွေဟာ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာစနစ်တကျ ကျင့်သုံးနေတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။ ထို့အတူ ဒီမိုကရေစီစနစ်ကျင့်သုံး ခြင်းမရှိတဲ့ ဖက်ဒရယ်နိုင်ငံတွေ (ဥပမာ- ယူဂိုဆလားဗီးယား၊ ဆိုဗီယက်ပြည်ထောင်စု) ကျဆုံးသွားရတာကိုလည်း မြင်တွေ့ခဲ့ ရပြီးဖြစ်တယ်။ ဒီမိုကရေစီစနစ်ကို အခြေမခံတဲ့ ဖက်ဒရယ်စနစ်ဟာ ရေရှည်မှာ မအောင်မြင်နိုင်ပါ။

၉။ လွှတ်တော်နှစ်ရပ်ဥပဒေပြစနစ် (Bicameral legislature)

လွှတ်တော်တစ်ရပ်က ပြည်သူလူထုကို ဒီမိုကရေစီနည်းအရ ကိုယ်စားပြုရန်နဲ့ အခြားတစ်ရပ်က ပြည်နယ်တွေကို တန်းတူ ကိုယ်စားပြုဖို့ဖြစ်တယ်။ ဒါ့အပြင် လွှတ်တော်နှစ်ရပ်စလုံး တန်းတူရည်တူ အဆင့်အတန်းရရှိနေစေဖို့ DAB/NUCB မူတွေက ဖော်ညွှန်းတယ်။ တစ်ပြည်ထောင်စနစ်နိုင်ငံတွေမှာ ဒီမိုကရေစီသဘောတရားအရ တစ်နိုင်ငံလုံးက ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်တစ်ရပ်တည်းသာ လိုအပ်တယ်။ ဒါကြောင့် လွှတ်တော်တစ်ရပ်စနစ်ရှိတဲ့ နိုင်ငံအများစုဟာ တစ်ပြည်ထောင်စနစ် နိုင်ငံတွေဖြစ်တယ်။ ဖက်ဒရယ်စနစ်မှာက တစ်နိုင်ငံလုံးက ပြည်သူတွေကို ကိုယ်စားပြုရတဲ့လွှတ်တော် အပြင်၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တွေအကြား တန်းတူညီမျှမှုကို ထိန်းပေးဖို့ လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ထား တယ်။ တစ်နိုင်ငံလုံး ပြည်သူတွေကို ကိုယ်စားပြုရတဲ့ လွှတ်တော်က ဒီမိုကရေစီလွှတ်တော်လို့ ခေါ်နိုင်ပြီး အောက်လွှတ် တော် (Lower House)လို့ နိုင်ငံရေး သိပ္ပံဘာသာမှာ အကြမ်းဖျင်းခေါ်ကြတယ်။ အခြား လွှတ်တ်ာတစ်ရပ်ကိုတော့ အထက် လွှတ်တော် (Upper House)လို့ ခေါ်တယ်။ နိုင်ငံအသီးသီးမှာ အထက်လွှတ်တော်နဲ့ အောက်လွှတ် တော်ကို အမည်အမျိုး မျိုးနဲ့ ခေါ်တတ်တယ်။

၁ဝ။ ဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရစနစ်-

DAB/NCUB ရဲ့ အခြေခံဥပဒေ (မူကြမ်း)မှာ ဝန်ကြီးချုပ်ဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီအစိုးရစနစ် (Parliamen tary type of government) ကို အဆိုပြုထားတယ်။ ပါလီမန်ဒီမိုရေစီ အစိုးရစနစ်ဟာ သမ္မတဦးဆောင်အစိုးရ စနစ် (Presi dential type of government)ထက် တိုင်းရင်းသား ပါတီငယ်တွေကို အခွင့်အရေးပိုရစေလို့ အဲဒီစနစ်ကို အဆို ပြုတာ ဖြစ်တယ်။ မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံတစ်ခုအဖို့ အသင့်တော်ဆုံး အစိုးရစနစ်ဟာ ကွန်ဆို ဆီရေးရှင်းဒီမိုကရေစီ (Consociation democracy)လို့ ပညာရှင်တွေက အကြံပြုကြတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်း သားကိုယ်စားလှယ်တွေ ညွန့်ပေါင်းအစိုးရသဏ္ဌာန်နဲ့ အစိုးရထဲပါဝင်ဖို့ အခွင့်အရေးပိုများလို့ ဖြစ်ပါတယ်။ ညွန့်ပေါင်းအစိုးရ (Coalition government) ဆိုတာ ပါတီကြီးတစ်ခုတည်းက အစိုးရကို လက်ဝါးကြီးအုပ်ထားတာမျိုး မဟုတ်ဘဲ လူနည်းစု ပါတီတွေကိုပါ ပါဝင်ခွင့်ပေးတာပါ။ သမ္မတဦးဆောင်အစိုးရစနစ်မှာ ညွန့်ပေါင်းအစိုးရဆိုတာမရှိပါ။ ညွန့်ပေါင်းအစိုးရအမျိုး အစားဟာ ဝန်ကြီးချုပ်ဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီအစိုးရစနစ်မှာသာရှိတာမို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို မျှော်ကိုးရင် အဲဒီစနစ်ကပိုကောင်းတယ်လို့  DAB/NCUB ခေါင်းဆောင်တွေက လက်ခံ ယုံကြည်ခဲ့ကြတယ်။

၁၁။ ပြည်နယ်အခြေခံဥပဒေ-

ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတိုင်းမှာ ပြည်နယ်အခြေခံဥပဒေ (State constitution) ဆိုတာရှိပါတယ်။ ဒါကတော့ ပြည်နယ် အစိုးရတွေဟာ ကိုယ့်ပြည်နယ်အရေးကိစ္စ တွေကို လွတ်လပ်စွာစီမံခန့်ခွဲ အုပ်ချုပ်စေနိုင်ဖို့ဖြစ်တယ်။ ဒီပြည်နယ် အခြေခံဥပဒေတွေရဲ့ ပြဋ္ဌာန်းချက်တွေကတော့ ဖက်ဒရယ် ပြည်ထောင်စု အခြေခံဥပဒေပြဋ္ဌာန်းချက်တွေနဲ့ ဆန့်ကျင်လို့ မရပါဘူး။

၁၂။ ဘာသာရေးနဲ့ နိုင်ငံရေးကို စည်းခြား ထားတဲ့ နိုင်ငံတော်စနစ်

ကမ္ဘာ့ နိုင်ငံအနည်းအကျဉ်းမှာ နိုင်ငံတော်ဘာသာ (State religion)ဆိုတာကို တရားဝင်သတ်မှတ်ထားတာ မျိုးရှိတယ်။ တိုင်းပြည် အုပ်ချုပ်ရေးရာ အဖြာဖြာမှာ ဘာသာရေးအဆုံးအမတွေ၊ ယုံကြည့်ချက်တွေကို ဦးစားပေးရတဲ့ စနစ်ပါ။ အဲဒီလိုမျိုး နိုင်ငံတွေကို ဘာသာရေးအခြေခံနိုင်ငံ (Theocracy)လို့ ခေါ်တယ်။ အရင်တုန်းက ကမ္ဘာ့နိုင်ငံအတော်များများဟာ ဘာသာရေးအခြေခံ နိုင်ငံတွေဖြစ်ခဲ့ကြတယ်။ လစ်ဘရယ် နိုင်ငံရေးအတွေးအခေါ် အားကောင်းလာခြင်း၊ လူ့အခွင့်အရေး အတွေးအခေါ် အယူအဆတွေ အားကောင်းလာခြင်းတွေက ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ပိုမိုအခြေခိုင်စေပြီး ဘာသာရေးနဲ့ နိုင်ငံရေးကို စည်းခြားထားတဲ့နိုင်ငံ (Secular state) ဖော်ဆောင်ရေးကို တွန်းအားပေးတယ်။ မြန်မာနိုင်ငံဟာလည်း ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ နိုင်ငံဖြစ်တာနဲ့အညီ ဘာသာရေးနဲ့ နိုင်ငံရေးကို စည်းခြားထားတဲ့ နိုင်ငံတော်စနစ်ကိုသာ ကျင့်သုံးဖို့ DAB/NCUB က အဆိုပြုတယ်။

၁၃။ ရွေးကောက်ပွဲ အခြေခံမူများ-

အရွယ်ရောက်သူ နိုင်ငံသာတိုင်းမဲပေးခွင့် (Universal suffrage) ကို DAB/ NCUB က ဖော်ညွှန်းတယ်။ ၂ဝရာစု အဆန်းပိုင်း အထိ ဆွစ်ဇာလန်အပါအဝင် ထိပ်တန်း ဒီမိုကရေစီ နိုင်ငံကြီးတွေမှာတောင် အမျိုးသမီးတွေ မဲပေးခွင့်မရခဲ့ပါဘူး။ Universal suffrage က အရွယ်ရောက်ပြီးသူ အားလုံးမဲပေးခွင့်ကို အာမခံပါတယ်။ မဲပြားတွေ တန်းတူတန်ဖိုးရှိရေး (Equality) ဟာလည်း အရေးကြီးပါတယ်။ ဆိုဗီယက်ပြည်ထောင်စု အပါအဝင် နိုင်ငံအနည်းအကျဉ်းမှာ လူတန်းစားအဆင့် အတန်းအပေါ် မူတည်ပြီး မဲပြားတွေကို တန်ဖိုးခွဲခြားသတ် မှတ်ခဲ့ကြတယ်။ အဲဒါကို အလေးကဲ မဲပေးစနစ် (Weighted voting system)လို့ ခေါ်တယ်။ အစိုးရဝန်ထမ်း၊ သာမန်အရပ်သား၊ ပညာတတ်သူ၊ ပညာမတတ်သူ၊ ချမ်းသာသူ၊ ဆင်းရဲသူ စသဖြင့် အဆင့်အတန်းခွဲပြီး ပေးခိုင်းတဲ့စနစ်ပါ။ လူတိုင်းတန်း တူညီမျှမှု ရှိစေဖို့ မဲပြားအားလုံး တန်းတူတန်ဖိုး တူညီဖို့လို့ပါတယ်။ တိုက်ရိုက်မဲပေးခြင်း (Direct) ဖြစ်ဖို့လည်းလိုတယ်။ တစ်နည်း အားဖြင့် ကိုယ်စားမဲပေး ခြင်း မရှိအောင် တားမြစ်တာပါ။ ဒါတွေကို DAB/NCUB မူတွေမှာ ထင်ဟပ်ထားတယ်။

ရှေ့ဆက်၍

ဖက်ဒရယ်စနစ်ကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားအင်အားစုအားလုံး၊ နိုင်ငံရေးပါတီအားလုံးက လက်ခံသဘော တူပြီးတဲ့ နောက်မှာ မြန်မာနိုင်ငံအတွက် အများစုသဘောတူလက်ခံနိုင်တဲ့ဖက်ဒရယ်မူတွေ ရရှိအောင်ဆွေးနွေးရဦးမှာပါ။ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးရရှိပြီး နောက်မှာလုပ်မယ်ဆိုတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အများစုသဘောတူ လက်ခံနိုင်မယ့် ဖက်ဒရယ်မူတွေရရှိအောင် အကျေအလည် ဆွေးနွေးကြရမှာပါ။ အများသဘောတူရရှိလာမယ့် ဖက်ဒရယ်မူ တွေ အပါအဝင် အခြားအရေးကြီးနိုင်ငံရေးမူ တွေကို နိုင်ငံရေးစနစ်အဖြစ်ပြောင်းလဲဖို့ အခြေခံဥပဒေထဲမှာ ထည့်သွင်းဖော်ပြ ရမှာပါ။ အဲဒီဖက်ဒရယ်မူ၊ နိုင်ငံရေးမူတွေနဲ့ ပေါင်းစပ်ပြီး ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်မလား၊ ဒါမှမဟုတ် အသစ်ရေး မလားဆိုတာ ဆွေးနွေးစရာဖြစ်လာနိုင်တယ်။

လွန်ခဲ့တဲ့ အနှစ်၃ဝနီးပါးလောက်ကတည်းက မာနယ်ပလောနဲ့ နယ်စပ်တစ်လျှောက်မှာ ကျယ်ကျယ်လောင်လောင်၊ လွတ် လွတ်လပ်ဆွေးနွေးငြင်းခုန်ခဲ့တဲ့ နိုင်ငံရေးသဘောတရားတွေ အခုတော့ ပြည်တွင်းနိုင်ငံရေး စင်မြင့်ဆီရောက်ရှိနေပါပြီ။ ဖက်ဒရယ်စနစ်ကို အစိုးရက တရားဝင်အသိအမှတ်ပြု လက်ခံလိုက်တာဟာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးမယ်လို့ ကတိပြုမှု တစ်ခုမျှသာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ လိုက်ဖက်မယ့် ဖက်ဒရယ်စနစ်တစ်ရပ် အောင်မြင်စွာဖော်ထုတ်ကျင့်သုံးနိုင်ဖို့ကတော့ နိုင်ငံရေးဇာတ်ကောင် အားလုံးရဲ့ သဘောထားကြီးမှု၊ တိုင်းရင်းသားလူမျိုးစုတွေ တိုက်ပွဲဝင်တောင်းဆိုလာတဲ့ ဖက်ဒရယ်မူ တွေကို လေးစားအသိအမှတ်ပြုမှု စတာတွေအပေါ်မှာ မူတည်ပါလိမ့်မယ်။ အထက်မှာ တင်ပြခဲ့တဲ့ DAB/NCUB ဖက်ဒရယ်မူ တွေဟာ အလေးအနက်ထည့် သွင်းစဉ်းစားရမယ့် မူတွေဖြစ်ပါလိမ့်မယ်။

ခင်မောင်ဝင်း

DAB/ NUCB အခြေခံဥပဒေနှီးနှောဖလှယ်ပွဲ မှတ်တမ်း ဓါတ်ပုံများ

ဂျာမနီနိုင်ငံမှာ ပြုလုပ်တဲ့ အခြေခံဥပဒေနှီးနှော ဖလှယ်ပွဲတက်ရောက်ခဲ့တဲ့ DAB အခြေခံ ဥပဒေရေးဆွဲရေး ကော်မတီဝင်များ၊

၁၉၉၀ ဒီဇင်ဘာ၊ ဂျာမနီ

နောက်တန်း ၀ဲမှဟာ- စာရေးသူ၊ ဒေးဗစ်တာကပေါ၊ ခိုင်စောထွန်း (ကွယ်လွန်)၊ FNF ကိုယ်စားလှယ်၊ ဒေါက်တာတူးဂျာ၊ ညိုအုံးမြင့် ရှေ့တန်း ဒေါ်စိုင်းရော်၊ (ခွန်ဥက္ကာ ဓါတ်ပုံရိုက်နေ)

 

DAB/ NCUB အခြေခံ ဥပဒေရေးဆွဲရေးကော်မတီ လုပ်ငန်းအစည်းအဝေး (၁၉၉၄ ဘန်ကောက်)

ဝဲမှယာ- ခွန်ဥက္ကာ၊ ဗိုလ်မှူးကြီးတူးတူးလေး (KNU) ၊ ဖိလစ်စမိုက် (BLC)၊ ဦးသိန်းဦး (NCGUB) ၊ ဦးဝင်းမောင် (BLC) ၊ ဦးမြင့်သိန်း (NLD-LA)၊ ဦးအောင်ထူး (ABSDF)၊ စာရေးသူက (ဓါတ်ပုံရိုက်နေ)

 

အခြေခံဥပဒေနှီးနှောဖလှယ်ပွဲ အလုပ်ရုံဆွေးနွေးပွဲအတွင်း၊ ၁၉၉၅ အောက်တိုဘာလ၊ မနီလာမြို့၊ ဖိလစ်ပိုင်နိုင်ငံ။ ထိုနှီးနှောဖလှယ်ပွဲသို့ ယခု NCCT အကြံပေး ဒေါက်တာ လျန်ဆခုန်း (ဆလိုင်းလျန်မုန်း) လည်းတက်ရောက်ခဲ့တယ်။

နောက်တန်း ၀ဲမှယာ- ထိုင်းပညာရှင်၊ နော်ဝေးပညာရှင်၊ စာရေးသူ၊ ဖိလစ်စမိုက် (BLC) ၊ ဗိုလ်မှူးကြီး တူးတူးလေး (KNU)

ရှေ့တန်း ၀ဲမှယာ- ဦးသာနိုး (NCGUB) ၊ ခွန်ဥက္ကာ၊ ဦးအောင်ထူး (ABSDF)

 

ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်ရေး သဘောတူညီချက်

(မယ်နာပလော သဘောတူညီချက်)

မြန်မာပြည်သည် လွန်ခဲ့သောနှစ် ထောင်ပေါင်းများစွာကပင် တိုင်းရင်းသားလူမျိုးအသီးသီးတို့ နယ်မြေချင်းဆက်စပ်လျက် အတူတကွ အခြေချနေထိုင်လာခဲ့သည့် တိုင်းပြည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးအားလုံး ပိုင်ဆိုင်သည့် တိုင်းပြည်လည်း ဖြစ်သည်။

မြန်မာပြည်သည် တိုင်းရင်းသားလူမျိုးအားလုံး၏ ဆန္ဒ ညီညွတ်မှုကိုအခြေခံသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှသာ စည်းလုံးခိုင်မာစွာ ရပ်တည်သွားနိုင်မည်ဖြစ်သည်။ ဤသို့ဖြစ်မြောက်ရန်အတွက် ဗိုလ်ချုပ်အောင် ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင် ကြီးများသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ သို့ရာတွင် ဤစာချုပ်သည် လက်တွေ့အကောင်အထည်မပေါ်ခဲ့ပေ။

ယခု မဆလ၊ န၀တ စသော မဟာလူမျိုးကြီးဝါဒကျင့်သုံးသည့် ဖက်ဆစ်အာဏာရှင်တို့၏ ကြီးစိုးမှုကြောင့် တိုင်းရင်းသား လူမျိုးစုများ၏ အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ ပြည်သူလူထုသည်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ဆုံးရှုံး နေကြရသည်။ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပျက်ပြားပြီး ပြည်တွင်းစစ်မီး တောက်လောင်လျက်ရှိသည်။

သို့ဖြစ်၍ မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးအားလုံး၊ ပြည်သူလူထုအားလုံးသည် စစ်အာဏာရှင်အား အပြုတ်တိုက်ပြီး နောက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးများရှိသည့် ဖက်ဒ ရယ်ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်လိုကြသည်။

တန်းတူမှု၊ လွတ်လပ်မှု၊ စည်းလုံးညီညွတ်မှု၊ လုံခြုံမှု၊ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှု၊ ဖွံဖြိုးတိုးတက်မှုရှိသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ စစ်အာဏာရှင်ကြီးစိုးမှုအား တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ပင်ဖြစ်သည်။ ဤသို့သောအခြေအနေတွင် –

(၁) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
(၃) မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်
(၄) အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု

အဖွဲ့အစည်း (၄) ဖွဲ့တို့သည် ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် မာနယ်ပလောဌာနချုပ်၌ အောက်ပါအတိုင်း အခိုင်အမာ သဘောတူညီကြသည်။

၁။ မဟာလူမျိုးကြီးဝါဒကိုလည်းကောင်း၊ စစ်အာဏာရှင်စနစ်ကိုလည်းကောင်း၊ မဟာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ် စစ် အာဏာရှင်စနစ်ကို ကျင့်သုံးသည့် န၀တအားလည်းကောင်း အဆုံးတိုင် အတူတကွ ဆန့်ကျင်တိုက်ဖျက်သွားမည်။`

၂။ န၀တစစ်အာဏာရှင်ကြီးစိုးမှု ချုပ်ငြိမ်းပြီးနောက် လွတ်လပ်ငြိမ်းချမ်းသည့် အခြေအနေ တွင်တိုင်းရင်းသား လူမျိုး ပေါင်းစုံ၊ နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံ တက်ရောက်နိုင်သည့် စစ်မှန်သောအမျိုးသားညီလာခံကြီးကို ခေါ်ယူသွားမည်။

၃။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု၏ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တိုင်းရင်းသားလူမျိုးအားလုံး၊ ပြည်သူလူထုတရပ်လုံး၏ ဆန္ဒညီညွတ်မှုကို အခြေခံ၍ ရေးဆွဲပြဋ္ဌာန်းသွားမည်။

၎။ မည်သည့်လူမျိုးကိုမျှ အခွင့်ထူးမပေးရေးနှင့် လူမျိုးစု၊ မျိုးနွယ်စုအားလုံး၏ အခြေခံအမျိုးသား အခွင့်အရေးများကို ချုပ်ချယ်ကန့်သတ်မှုမပြုရေးမူကို ကျင့်သုံးသွားမည်။

၅။ တိုင်းရင်းသားလူမျိုးအားလုံး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီနှင့် အခြေခံ လူ့အခွင့် အရေး အပြည့်အ၀ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားမည်။

ထိုသို့တည်ဆောက်ရာတွင်

(က) ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် ပြည်နယ်များဖြင့် စုပေါင်းဖွဲ့စည်း ထားသည့် အမျိုးသားပြည်နယ်ပေါင်းစု ပြည်ထောင်စုဖြစ်ရေး၊

(ခ) ပြည်နယ်များမှ ပြည်ထောင်စုသို့ လွှဲအပ်ထားသော အာဏာများမှအပ ကျန်သောအာဏာများကို ပြည်နယ် များတွင်ထားရှိ၍ ပြည်နယ်အသီးသီးတွင်လည်း ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာ များ ကျင့်သုံးပိုင်ခွင့်ရှိရေး၊

(ဂ) ပြည်ထောင်စုတွင် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော် (အောက်လွှတ် တော်) ဟူ၍ လွှတ်တော်နှစ်ရပ်ထားရှိရေး၊

(ဃ) ပြည်ထောင်စုနှင့် ပြည်နယ်များ၏ တပ်မတော်များကို လူမျိုးပေါင်းစုံ ပြည်သူလူထု၏ ကွပ်ကဲမှုအာဏာ အောက်တွင် တည်ရှိရေး၊

(င) ပြည်ထောင်စု၏ အချုပ်အခြာအာဏာဖြစ်သော ဥပဒေပြုအာဏာ၊ တရားစီရင်မှုအာဏာ နှင့် အုပ်ချုပ်ရေး အာဏာသုံးရပ်ကို အပြန်အလှန်ထိန်းညှိစနစ်ဖြင့်ထားရှိပြီး လွတ်လပ်သည့် တရားစီရင်မှုစနစ်ကို ကျင့်သုံးရေး၊

(စ) မဟာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ်စစ်အာဏာရှင်စနစ် ပြန်လည်၍ ပေါ်ပေါက်မလာနိုင်ရေးစသည့် အချက်များကို ပြည်ထောင်စုဖွဲ့စည်းရေးတွင် ကျင့်သုံးသွားမည်။

ဒေါက်တာစိန်ဝင်း                                                                  ဦးတင်အောင်
ဝန်ကြီးချုပ်                                                                         အတွင်းရေးမှူး
အမျိုးသားညွန့်ပေါင်းအစိုးရ                                     အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)

စောဘိုမြ                                                                              နိုင်ရွှေကျင်
ဥက္ကဋ္ဌ                                                                                     ဥက္ကဋ္ဌ
မြန်မာပြည်ဒီမိုကရက်တစ်                                               အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု
မဟာမိတ်အဖွဲ့ချုပ်

၁၃၅၄ခုနှစ်၊၀ါခေါင်လဆန်း(၂)ရက်
၁၉၉၂ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်